မူးမူးရူးရူးနဲ့ အိပ်ပျော်နေတဲ့ ဒီကောင့်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ပေါ် ခေါင်းအုံးဖိပြီး သတ်လိုက်ဖို့ ကျွန်မ တွေးမိလိုက်တယ်။ အတွေးနဲ့ အတူ တွန့်ကြေနေတဲ့ ကုတင်ခြေရင်းက ထဘီကို ကုန်းကောက်ပြီး ဝတ်ရတယ်။ နောက်ပြီး ဒီကောင့်ဘေးက ခေါင်းအုံးကို ကောက် ကိုင်လိုက်တယ်။
"ခူး ခူး ..."
မီးပိတ်ထားလို့ အခန်းထဲမှာ မှောင်မည်းနေပေမယ့် လပြည့်ညရဲ့ အလင်းရောင်ကြောင့် ကုတင်ပေါ်မှာ တခူးခူး အိပ်ပျော်နေတဲ့ ဒီကောင့်ကို ကျွန်မ မြင်နေရတယ်။အသက်ရှူသွင်းသံ၊ရှူမှုတ်သံ တခူးခူးကြားမှာ လှုပ်စိလှုပ်စိ ဖြစ်နေတဲ့ ဒီကောင့်ရဲ့ လည်စိ အတက်အကျကိုပါ ကျွန်မ မြင်နေရတယ်။ကျွန်မ အတွေးထဲမှာ သတ်နည်းမျိုးစုံနဲ့ သူ့ကို သတ်ခဲ့ပြီးပါပြီ။သူစားမယ့် ထမင်းထဲမှာ အဆိပ်ထည့်ကျွေးဖို့ လည်း ကျွန်မစဉ်းစားခဲ့သေးတယ်။ချွန်မြနေတဲ့ ဓားနဲ့ သူ့ နှလုံးသားနေရာကို ထိုးပြီး သတ်ဖို့လည်း ကျွန်မ ဓားသွေးခဲ့ဖူးတယ်။သူစီးတဲ့ ဆိုင်ကယ်က ဘရိတ်ကြိုးကို ဖြတ်ထားလိုက်ဖို့လည်း တွေးတောခဲ့မိတယ်။ဒီကောင်ဟာ ကျွန်မရဲ့ အတွေးထဲမှာ အကြိမ်ကြိမ် သေဆုံးနေခဲ့တာ ကြာပါပြီလေ။
ကျွန်မရဲ့ ဆုတောင်းတွေသာ ပြည့်ခဲ့ရင် သူ ဒါမှမဟုတ် ကျွန်မ သေဆုံးသွားတာလည်း ကြာပါပြီ။
ကျွန်မနဲ့ ဒီကောင့် အကြောင်းကို ရှင်တို့ သိချင်နေကြပြီ မဟုတ်လား။ရှင်တို့သိချင်ရင် ကျွန်မ ပြောပြမှာပေါ့။ကျွန်မလည်း တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်နေတာ။ ကျွန်မ နာမည်က အေးမြ။ နာမည်က တင်စီးနေလို့လား မသိပါဘူး။ ငယ်ကတည်းက မအေးမြခဲ့တာ အခုအချိန် ထိပါပဲ။ ကျွန်မရဲ့ ငယ်ဘဝကို ပြန်စဉ်းစား ကြည့်ရင် ချောင်းရယ်၊ဘဲတွေရယ်၊ နောက် အမေ ရယ်၊အမြဲတမ်းမူးရူးပြီး အမေ့ကို နှိပ်စက်နေတဲ့ အဖေ ရယ်ကိုပဲ မြင်မိတယ်။ အဖေ့ရဲ့ မျက်နှာကို ကျွန်မ ခပ်ရေးရေးပဲ မှတ်မိတော့တယ်။အမေ လှော်တဲ့ လှေပေါ်မှာ ထိုင်လိုက်ပြီး ချောင်းထဲမှာ ဘဲကျောင်းတာ၊ ဘဲဥ ကောက်တာတွေကိုတော့ ကျွန်မ မှတ်မိနေပါသေးတယ်။ အဖေနဲ့ အမေ အကြီးအကျယ် ရန်ဖြစ်ပြီး အမေက အိမ်ပေါ်ကနေ ဆင်းခဲ့တယ်။ ဘာကြောင့်ရန်ဖြစ်တာလည်း ဆိုတော့ အဖေက ဘေးအိမ်က မမ ကို အိမ်ပေါ် ခေါ်တင်လာလို့။
ကျွန်မ နှစ်တန်းကို တက်ရချိန်မှာတော့ အမေ့ဇာတိရွာ က ကျောင်းကို တက်ခဲ့ရတယ်။ ချောင်းရယ်၊ဘဲတွေရယ်နဲ့ မူးနေတဲ့ အဖေ့ကို ကျွန်မ သိပ်မလွမ်းတော့ပါဘူး။ ဒီရွာမှာ ကျွန်မ ပျော်နေခဲ့ပါပြီ။ဒီပြဿနာတွေရဲ့ မြစ်ဖျား ခံရာက အမေ့ ဇာတိရွာမှာ စခဲ့ရတာ။ တိတိကျကျပြောရရင် ကျွန်မ ကျောင်း ပိတ်ရက်မှာ အမေ ပေါင်းနှုတ်နေတဲ့ တောထဲ လိုက်သွားခဲ့တယ်။
"ဟာ မြမြ သမီးလေးပါ ခေါ်လာတာလား"
"ဟုတ် ကြီးတော်ပု။ ကျောင်းပိတ်ရက် အိမ်မှာ တစ်ယောက်ထဲ မထားခဲ့ချင်တာနဲ့ ခေါ်ခဲ့တာ"
အဲဒီအချိန်က မသိခဲ့ပေမယ့် ဒီ အချိန်ပြန်တွေးကြည့်တော့ အဲဒီ ကြီးတော်ကြီးက အမေတို့ ပေါင်းနှုတ်နေတဲ့ တောက လယ်ပိုင်ရှင် ဦးတုတ်ကြီးရဲ့ မိန်းမပဲ။
"လာလာ သမီးလေးလာ။ ငြုတ်ခင်းထဲက နေပူတယ်။ ကြီးတော်ပုနဲ့ တဲခုံ လိုက်ခဲ့"
ကျွန်မ အမေ့ကို ကြည့်တော့ အမေက ခေါင်းညိတ်ပြတယ်။ အမေ တို့ ပေါင်း နှုတ်နေတဲ့ လယ်နဲ့ နည်းနည်းဝေးတဲ့ တဲကြီးဆီကို ကြီးတော်ပုက ခေါ်သွားခဲ့တယ်။
"ရော့ သမီးလေးစား"
ကြီးတော်ပု ချကျွေးတဲ့ ပဲပြုတ်တွေကို ကျွန်မ စားနေတုန်း လူကြီး တစ်ယောက် ဝင်လာတယ်။
"ဟ ဒီ ကလေးလေးက ဘယ်သူလဲဟ"
"မြမြ သမီးလေးပါတော်။ ကလေး သနားပါတယ်။
အဖေက နောက်မိန်းမယူ၊ အမေက မလုပ်တတ် မကိုင်တတ်နဲ့"
"ဪ
လာ မြေးလေးလာ။ ဘိုးဘိုးဆီလာ"
ဘိုးဘိုးက အေးမြကို ထန်းလျက်တွေ ကျွေးတယ်။ ကြီးတော်ပုနဲ့ ဘိုးဘိုးကို အဲဒီအချိန်က အေးမြ ချစ်လိုက်တာ။
"ကို တုတ်ကြီး ကျွန်မ ပေါင်းနှုတ်တဲ့ ဘက် သွားကြည့်လိုက်ဦးမယ်။ မြေးလေး ဘိုးဘိုး နဲ့ နေခဲ့ဦးနော်"
ကြီးတော်ပု ထွက်သွားတာနဲ့ ဘိုးဘိုးက အေးမြကို သူ့ရင်ဘတ်ပေါ် အိပ်ခိုင်းတယ်။
"မြေးလေး ဒါလေးကို ကြည့်"
ဘိုးဘိုးက အေးမြကို သူ့ပေါင်ကြားထဲကို ကိုင်ခိုင်းတယ်။
"တောက်"
ကျွန်မရဲ့ တက်ခေါက်သံကြောင့် ထင်ရဲ့ အိပ်ရာပေါ်က ကောင်က တစ်ချက်တွန့်သွားတယ်။ ကျွန်မရဲ့ ငယ်ဘဝကို ရှင်တို့ ဆက်ပြီး သိချင်သေးရဲ့လား။သိချင်ရင်တော့ ရင်နာနာနဲ့ ဆက်ပြောပြပါ့မယ်။
"အီး ဟီး ဟီး နာတယ်။ ဒီနားက နာတယ်။
ဒါ ဘိုးဘိုး လုပ်လို့"
"မြေးလေး မငိုနဲ့ ရော့ မုန့်တွေ ယူ။ မငိုတော့နဲ့ ဘိုးဘိုးက မုန့်တွေ အများကြီး ကျွေးမှာ မငိုတော့နဲ့"
အေးမြ မုန့်လည်း မစားချင်တော့ဘူး။ အေးမြ ပေါင်ကြယးက နာနေတာပဲ သိတယ်။ အေးမြ ပေါင်ကြားမှာ သွေးတွေ စီးကျနေတယ်။
"မြေးလေး ဘာလို့ ငိုနေတာလဲ"
ကြီးတော်ပု ပြန်ရောက်လာလို့ တော်သေးတယ်။
"ကွပ်ပျစ်ပေါ်က ပြုတ်ကျလို့ဟ"
"မဟုတ်ဘူး။ အေးမြကို ဘိုးဘိုး လုပ်တာ။ အီးဟီးဟီး"
ကြီးတော်ပုက အေးမြပေါင်ကြားက သွေးတွေကို တွေ့သွားတယ်။ကြီးတော်ပုနဲ့ ဘိုးဘိုး ရန်ဖြစ်ကြတယ်။
အမေ ရောက်လာတယ်။ အေးမြ ငိုတော့ အမေက ငိုတယ်။အေးမြ ပေါင်ကြားက သွေးတွေကို ကြည့်ရင်း အမေက ငိုတယ်။
"ရဲ တိုင်မယ်။ ရဲတိုင်မယ်"
အမေက ပြောရင်း ငိုတယ်။ကြီးတော်ပုနဲ့ အမေ စကားတွေ အများကြီး ပြောကြတယ်။ ကျွန်မ ပြန်စဉ်းစားကြည့်တဲ့အခါ ရပ်ကွက်လူကြီး တွေ အရှေ့မှာ အမေကကြီးတော်ပု ပေးတဲ့ ရွှေနဲ့ငွေထုပ်ကြီးကို ယူခဲ့တယ်။ နောက်ပြီး ကျွန်မတို့ မန္တလေးမြို့နားက ရွာကို ပြောင်းခဲ့ကြတယ်။
#######
မောင်နဲ့ ကျွန်မ တက္ကသိုလ်တက်ရင်း တွေ့ခဲ့ကြတာ။ချစ်သူသက်တမ်း ခြောက်လအကြာမှာ
ကျွန်မရဲ့ ခန္ဓာကိုယ်ကို မောင်ကတောင်းတော့
ကျွန်မကို မောင်က သစ္စာရှိရှိနဲ့ လက်ထပ်မှာလားလို့ မေးလိုက်တယ်။မောင့် မျက်ဝန်းတွေက တဖျတ်ဖျတ်လက်နေတယ်။ မောင့်လက်တွေက ကျွန်မ ဆံပင်တွေကို ဆော့ကစားနေခဲ့တယ်။
"လက်ထပ်မှာပေါ့ မြရဲ့။ မြက မောင့်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး မိန်းကလေးပဲ။ ဘယ်အကြောင်းကြောင်းကမှ မောင့် အချစ်တွေကို မပျက်စီးနိုင်ပါဘူး"
ကျွန်မက ကျွန်မ ဘဝကို ရိုးရိုးသားသားပဲ ရှင်သန်ချင်တာမို့ ငယ်စဉ်က အရိပ်မည်းကို မောင့်ကို ပြောပြလိုက်တယ်။
"မြ ရယ်။မြကို မောင် သနားလိုက်တာ၊ ဒီလိုတွေ ပြောပြလို့ မြကို မောင် အထင်မသေးပါဘူး။ ပိုလို့ တန်ဖိုးထားပြီး ချစ်ပြပါ့မယ်"
မောင်နဲ့ ကျွန်မ အာဒံနဲ့ဧဝဆီ ခရီးဆက်ခဲ့ကြတယ်။ သောက်လေ သောက်လေ ငတ်မပြေတဲ့ ဆားငန်ရေတွေကို နှစ်နှစ်ခြိုက်ခြိုက်ကို သောက်ခဲ့ကြတာ။ ကျောင်းနောက်ဆုံးနှစ် ပြီးတဲ့ အချိန်ထိကို တရှိုက်ရှိုက်မက်မက် ခရီးဆက်ခဲ့ကြတာ။ကျွန်မ လက်ထပ်မယ့် အမျိုးသားက အဖေ့လို အရက်သမား မဖြစ်ရဘူးလို့ ကျွန်မ သံဓိဌာန် ချခဲ့မိတဲ့ ဆန္ဒက အခု ထပ်တူကျပါတယ်။ မောင်က အရက်၊ဆေးလိပ်၊ကွမ်း အကုန် ကင်းရှင်းပါတယ်။
"မြ ရယ်။ အိမ်က မြနဲ့ သဘောမတူကြဘူး။ သူတို့ သဘောတူတဲ့ လူနဲ့ မောင် လက်ထပ်ရလိမ့်မယ်။ မြကို မောင် တကယ်ချစ်ခဲ့တာပါ"
"မောင်နဲ့ မြ တို့ အဝေးကို ထွက်ပြေးရအောင်လေ"
မောင်က ခေါင်းခါတယ်။မောင်နဲ့နီးဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတွေကို ကျွန်မ ပြောပြပေမယ့် အဆင်မပြေခဲ့ဘူး။နောက်ဆုံးမှ မောင့်ရင်ထဲက ဆန္ဒ အမှန်ကို ကျွန်မ သိခွင့်ရလိုက်တယ်။
"ပြောလက်စနဲ့ တစ်စပ်ထဲ ပြောရရင် မြရဲ့ အရိပ်ဆိုးကို မောင် ခွင့်မလွှတ်နိုင်ဘူး။ အရင်က ခွင့်လွှတ်နိုင်တယ် ထင်ခဲ့ပေမယ့် အဲဒီအတွေးကြီးက မောင့်စိတ်ကို သတ်တယ်"
ကျွန်မဘဝရဲ့ ကယ်တင်ရှင်လို့ ထင်ခဲ့တဲ့ လူက တကယ်တမ်းတော့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို လိုချင်လို့ ခပ်ရိုင်းရိုင်းပြောရရင် အခမဲ့ သွေးသားတွေ ဝါးမြိုနေရလို့ ကျွန်မနဲ့ အတူနေခဲ့တာလို့ သိလိုက်ရချိန် ကျွန်မကိုယ် ကျွန်မ သတ်သေဖို့ စဉ်းစားခဲ့သေးတယ်။ ဒီလိုနဲ့ ကျွန်မ အသည်းတွေကွဲ၊ဘွဲ့တစ်ခုပိုက်ပြီး မန္တလေးက ရုံးတစ်ခုမှာ အလုပ်ဝင်ခဲ့တာ။ ဒဏ်ရာ ရဖူးတဲ့ စာသူငယ်လို ယောက်ျားတွေကို မြင်တိုင်း ကြောက်နေခဲ့မိတာ။ အယုံလွယ်မိ၊အညှာလွယ်မိတဲ့ ကိုယ့်ကိုယ့်ကိုယ် ခွင့်မလွှတ်ခြင်းညတွေနဲ့ ကုန်ဆုံးနေခဲ့ရတာ ကျွန်မ ပင်ပန်းလွန်းပါတယ်။
######
ဘာလဲ။ ရှင်တို့ သိချင်တာက ကျွန်မ သတ်ချင်နေတဲ့ လူရဲ့ အကြောင်းမို့လား။ဒီကောင့် အကြောင်းကို မပြောပြဘဲ တခြား လူတွေ အကြောင်းကို ပြောပြနေလို့ ရှင်တို့က ဇဝေဇဝါ ဖြစ်နေကြပြီလား။ ကျွန်မ ပြောပြပါတော့မယ်။ ရှင်တို့ သိချင်နေတဲ့ ဒီကုတင်ပေါ် အိပ်မောကျနေတဲ့ လူအကြောင်းပေါ့။
ကျွန်မက ဒဏ်ရာရထားတဲ့ ကျားနာမလိုပဲ ဘယ်ယောက်ျားကိုမှ မယုံကြည်တော့တာ ရှင်တို့ သိပြီးပြီနော်။
ဒီလိုနဲ့ မောင်နဲ့ လမ်းခွဲပြီး နှစ်နှစ်အကြာမှာ သူ့ကို စတွေ့ခဲ့တာ။ကျွန်မ အလုပ်လုပ်တဲ့ ရုံးနဲ့ ကပ်ရပ်က ကုမ္ပဏီ ဝန်ထမ်း တစ်ယောက်က ကျွန်မကို ကျားမ သဘာဝ အရ ချဉ်းကပ်ခဲ့တယ်။အဲဒီအချိန် ကျွန်မ အသက် ၂၉နှစ်။ သူရဲ့ အသက်က ၂၄နှစ်။ ကျွန်မ ဘယ်ယောက်ျားကို မှ မယုံကြည်တော့တာမို့ သူ့ကိုလည်း ခပ်တင်းတင်း၊ခပ်တည်တည်ပဲ ဆက်ဆံ ခဲ့ပါတယ်။ ကျွန်မရဲ့ ဖုန်းနံပါတ်၊ ဖေ့ဖွတ်ခ် အကောင့်တွေကို သူက ဘယ်လို စုံစမ်းခဲ့ သလဲ မသိပေမယ့် သူ့ရဲ့ ဇွဲ ရှိမှုကိုတော့ ကျွန်မ အသိမှတ် ပြုရပါတယ်။
"ဟယ်လို မအေးမြလား မသိဘူး။ ကျွန်တော်ပါ"
အဲဒီ အသံ ကြားတာနဲ့ ကျွန်မ ဖုန်းပိတ်လိုက်တယ်။ ဒါပေမဲ့ ဖုန်းနံပါတ်အသစ်တွေနဲ့ နေ့စဉ် ခေါ်ခဲ့တာ ခြောက်လ မကဘူး။ ကျွန်မ လုပ်ငန်းလုပ်နေတဲ့ နေရာကို အကြောင်းမရှိ အကြောင်းရှာလာတယ်။ ကျွန်မနေတဲ့ အဆောင်ကို အကြောင်းမရှိ အကြောင်းရှာလာတယ်။ ခပ်တိုတိုပြောရရင် ကျွန်မက ဘာအသားနဲ့ ထုထားတာမို့လို့လဲ။ တွန်းတိုက်ပါများရင် ကျောက်ဆောင်တွေတောင် နဲ့နဲ့ လာတာပဲလေ။နောက်ပိုင်းကျတော့ သူရဲ့ ဇွဲဆုကို ကျွန်မ အသိအမှတ်ပြုပြီး သူနဲ့ စကားတွေ ပြောဖြစ်ကြတယ်။ သူက ဆယ်တန်းနှစ်ခါကျ။ အမေပဲ ရှိတော့တဲ့ တစ်ဦးထဲသောသား။ အခု ကုမ္ပဏီမှာ အထွေထွေ လုပ်သားလို့ သိရတယ်။ သူက ကျွန်မကို ချစ်ခွင့် ပန်တယ်။ ကျွန်မလည်း သူ့ကို ချစ်မိခဲ့ပါတယ်။ကျွန်မ အဖြေ မပေးသေးခင် ကျွန်မ ဘဝရဲ့ အရိပ်မည်းတွေကို ပြောပြခဲ့တယ်။ တကယ်ခွင့်လွှတ်နိုင်မှ ဆက်ချစ်ဖို့ကိုပါ ပြောခဲ့တယ်။ချစ်ပြီးရင်လည်း ဒီကိစ္စတွေနဲ့ နောင်တစ်ချိန်မှာ
ပြဿနာမရှာဖို့ ကတိတောင်းခဲ့တယ်။ သူက ခွင့်လွှတ် နိုင်တယ်လို့ပြောတယ်။ သူလည်း အပျော်အပါး သုံးကြိမ်လောက် သွားခဲ့ဖူးကြောင်း ဝန်ခံတယ်။
"တကယ်ချစ်လို့ပါ မရာ။ မနဲ့ အရင်းနှီးဆုံး ဖြစ်ချင်ပြီ"
ယောက်ျား အများစုက လက်မထပ်ရသေးခင်
လိင်ကိစ္စကို တောင်းဆိုကြတာ ထုံးစံထင်ရဲ့။ သူက ကျွန်မ ခန္ဓာကိုယ် ကို တောင်းဆိုခဲ့တယ်။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလို ဒီတစ်ခါမှာတော့ လက်မထပ်ရသေးဘဲ ကျွန်မ ခန္ဓာကိုယ်ကို ပုံ မအပ်တော့ဘူး။
သူနဲ့ ကျွန်မ လက်ထပ်ခဲ့ကြတယ်။ သူက ကျွန်မ ဘဝကို နားလည်ပေးပြီး ချစ်ကြင်စမှာ တကယ်ကို ပျော်ခဲ့ရပါတယ်။ သူ့လစာလည်း ကျွန်မကို အပ်တယ်။သူ့အမေကိုလည်း ကျွန်မ အမေလို သဘောထားပြီး ပြုစုခဲ့ပါတယ်။
သူ အရက် မသောက်ခင် အချိန်ထိ ကျွန်မတို့ အိမ်ထောင်ရေးက သိပ်ကို သာယာခဲ့ပါတယ်။သူ့အမေ ဆုံးပြီး သိပ်မကြာခင် သူ အရက်တွေ နေ့တိုင်း သောက်တော့တာပဲ။ ကျွန်မ သည်းခံပြီး နေတော့ သူက ပိုပို ဆိုးလာတယ်။ အရက်မသောက်ဖို့ ပြောရင် ပိုသောက်ပြတယ်။
"သူ့လင်တွေကို လက်မထပ်ခင် ပုံပေးပြီး ငါ့ကျမှ ကန့်သတ်ထားခဲ့တာ။သူ့ကိုယ်သူ တန်ဖိုးထား ပြနေတာ
ဟား ဟား ဟား"
ကျွန်မ ကိုယ်ဝန်ဆောင်တာ ခြောက်လမှာ မှာ သူကမူးမူးနဲ့ ဒီစကားကို စပြောပြီး ကျွန်မ နှလုံးသားက အနာဖေးတွေကို ခွာခဲ့တာ။အဲဒီနောက်ပိုင်း
သူက စကားတွေနဲ့ ကျွန်မ စိတ်ကို အကြိမ် ကြိမ် သတ်ခဲ့တော့တာပဲ။
"နွားမရွံ ပိတ်ပြီး ငါ့ကို ပေးခဲ့တာ"
"ငါက နှား၊ နှား ကခြံခဲ့ရတာ"
"ငါ့ကို ဂျင်းထည့်ုပြီး ယူခဲ့တဲ့ မိန်းမလည် "
သူနဲ့ ချစ်သူ ဖြစ်ကတည်းကနေ အခုချိန်ထိ ကျွန်မ လူကော၊စိတ်ကော၊ကိုယ်ရော ဘာတစ်ခုမှ မဖောက်ပြန်ခဲ့တာမို့ ကျွန်မ ခံပြင်းတယ်။
ဝမ်းလည်းနည်းတယ်။ ကျွန်မစိတ်ကို နေ့စဉ် သတ်နေတဲ့ သူ့ကို မပေါင်းချင်တော့ဘူး။သားလေးအတွက် မိစုံဖစုံ ဆိုတဲ့ အတွေးနဲ့စိတ်ကို အောက်ဆုံးထိ ထားပြီး ဖြေလျော့ပေမယ့်သူက စကားတွေနဲ့ ကျွန်မကို အကြိမ်ကြိမ် သတ်တယ်။ကျွန်မက အတွေးတွေနဲ့ သူ့ကို အကြိမ်ကြိမ် သတ်မိတယ်။ကျွန်မ တဖြည်းဖြည်းအထီးကျန်လာတယ်။ရုံးမှာ အလုပ်လုပ်ရတာ စိတ်မပါတော့ အမှားတွေ မကြာခဏ လုပ်မိတယ်။သူ့အလိုလို မျက်ရည်တွေ ကျကျလာတယ်။မျက်ရည်တွေနဲ့ သားလေးက ကျွန်မ အဖော်ပဲ။ သူက ဘာကြောင့် ကတိ မတည်ရတာလဲ။ ရိုးသားပွင့်လင်းစွာ ပြောပြခဲ့တဲ့ ကျွန်မကပဲ မှားတာလား။ သူပဲ ခွင့်လွှတ်တယ်ပြောပြီး လက်ထပ်ခဲ့တာပဲလေ။ ကတိတွေပေးခဲ့တာပဲလေ။အခုနောက်ပိုင်း သူ့လစာဆိုတာ သူ့အရက်ဖိုးနဲ့ ကုန်တာပဲ။ ကျွန်မမှာ ကလေး တစ်ဖက်နဲ့ ရုံးအလုပ်တွေနဲ့ ရုန်းကန် နေရတာ။ကျွန်မ တစ်ခါတလေ ငိုချင်တယ်။ သူ့ကို ချွဲ ချင်တယ်။စိတ် ကောက်ချင်တယ်။အဲဒါတွေ လုပ်မရဘဲ သူ့ပြဿနာတွေချည်း လိုက်ရှင်းနေရတာ မော လာပြီ။ သူ ယူတဲ့ အကြွေးတွေပါ လိုက်ဆပ်ရတယ်။ ကျွန်မက အပျိုမစစ်ခဲ့တာနဲ့ဘဲ သူ့ကို တချိန်လုံး သည်းခံနေရတော့မှာလား။ကျွန်မ သူ့ကို ကွာရှင်းခွင့် တောင်းပေမယ့် သူက မကွာပေးခဲ့ဘူး။ ဘာလဲ။ အမျိုးသမီးရေးရာမှာ သွားပြောပြပြီး အကူညီတောင်းလို့ အကြံပေးမလို့လား။
အမျိုးသမီးရေးရာမှာ အကူညီတောင်းတာပေါ့။အဆင်မပြေခဲ့ဘူး။ ရိုက်လား၊နှိပ်စက်လားတဲ့။ဖောက်ပြန်နေသလားတဲ့။သူက မဖောက်ပြန်ဘူး။ မရိုက်ဘူး။ဒါပေမဲ့ သူက ကျွန်မ စိတ်နှလုံးသားကို အကြိမ်ကြိမ် ရိုက်နေတာသူတို့မှ မသိကြဘဲ။သူနဲ့ လက်ထပ်ကတည်းက ကျွန်မက အပြစ်ရှိခဲ့သူလို နေထိုင်ခဲ့ရတာ။ အစစအရာရာ သူ့အလိုလိုက်ပြီးပဲ နေခဲ့ရတာ၊ အပြစ်သားတစ်ယောက်လို ပေးဆပ်နေခဲ့ရတာ သားလေးအသက် လေးနှစ်ပြည့်တဲ့ အထိပဲ။အဝေးတစ်နေရာရာကို သားလေးနဲ့အတူ ထွက်ပြေးချင်တယ်။ ထွက်ပြေးလို့ မရတဲ့ ကျွန်မ ဘဝ ကိုကျွန်မ စိတ်ကုန် လာတယ် ။
ခုနက သူမူးပြီး ပြန်လာတယ်။ မျိုးချုပ်နေပြီမို့ သားလေးက အိပ်ပျော်နေပြီ။ ကျွန်မလည်း အိပ်ပျော် နေခဲ့တာ။ လင်နဲ့ မယားကြားက လိင်ကိစ္စဆိုတာ နှစ်ဦးသဘောတူမှ ကာမသုခတဲ့။ အိပ်ပျော်နေတဲ့ ကျွန်မကို သူက လင်မယားကိစ္စ လာလုပ်တယ်။ ကျွန်မက လက်မခံတော့ "နင့် အရင်လင် မဟုတ်လို့လား""ငါ့မိန်းမ ငါကြိုက်တာလုပ်မယ် ဘယ်သူ့ဂရုစိုက်ရမှာလဲ"လို့ ပြောပြီး ဇွတ်ကြိုးစားတယ်။ ကျွန်မအတွက် ကာမ သုခ မဟုတ်ဘူး။ ဒါက ကာမ ငရဲပဲ။ သူက လုပ်ချင်တာလုပ်ပြီး တရှူးရှူးနဲ့ အိပ်ပျော်သွားတယ်။ ကျွန်မကသာ မျက်ရည်တွေကျပြီး စိတ်ဒဏ်ရာတွေနဲ့ ကျန်ခဲ့တာ။ဘဝ က ဒီလိုပဲ ဆိုးနေတော့မယ်ဆိုရင် သူမသေသေးရင်လည်း ကျွန်မ သေချင်ပြီ။ငြိမ်းချမ်းချင်ပြီ။လွတ်မြောက်ခြင်းကို ကျွန်မ လိုချင်လာတယ်။
ကျွန်မ လက်က ခေါင်းအုံးကို ကိုင်ထားတယ်။ သူကတော့ အိပ်မောကျနေတယ်။ခေါင်းအုံးကို ဒီကောင့်မျက်နှာပေါ် ဖိပြီး သတ်လိုက်ရင် ကျွန်မ စိတ်ချမ်းသာမယ်ထင်တယ်။
"အမေ"
သားလေးဆီက ကျွန်မကို တမ်းတသံကြားရတယ်။ သားလေးက တရေးနိုးတဲ့အခါတိုင်း ကျွန်မကို
ယောင်ယောင်ပြီး တမ်းတနေကြလေ။ကျွန်မ နှလုံးသားက အနာဖေးတွေကွာကျပီး ဘယ်ဘတ်ရင်အုံက တဆစ်ဆစ်နာကျင်နေတယ်။ကျွန်မလက်က ခေါင်းအုံးကို ကိုင်ထားမိနေမြဲ။ သားလေးက ပြန်ပြီး အိပ်ပျော်သွားတယ်။ကျွန်မ ဘာဆက်လုပ်ရမလဲ။ ရှင်တို့ ပြောပြကြပါဦး။
#ဟမ်စိုင်း(ဆေး-မန်း)