ကျွန်တော့်ကိုအမေ ညာခဲ့သည်(စ/ဆုံး)
————————————
မိခင်ဘဝဆိုသည်မှာ တာဝန်ကြီးသလို အလွန်ကောင်းမြတ်သော ဘဝလည်းဖြစ်သည်။ နေ့စဉ် မိနစ်တိုင်း ကလေး ၂၅၅ ဦးခန့်မွေးဖွားနေသော ကမ္ဘာလောကကြီးဖြစ်သည်။ စက္ကန့်တိုင်း ကလေး ၄ ဒသမ ၃ ဦး လူ့လောကကို ရောက်နေသည်။
ဤစာလေးသည် လူ့လောကသို့ရောက်လာသည့် သားသမီးတိုင်းအတွက် မဖြစ်မနေ ညာလေ့ရှိသော မိခင်တစ်ယောက်၏ ရသစာစုလေးဖြစ်ပါသည်။
ဤစာသဘောရ ရေးသားသူသည် ချမ်းသာသူမဖြစ်နိုင်ပေ။ မစားနိုင်၊ မသောက်နိုင် ဆာလောင်နေရသော ဘဝတွေထဲက ထွက်ပေါ်လာခဲ့သည့် စာဟုလည်း ယူဆရပါသည်။
အမေ ပထမအကြိမ်ညာခဲ့ခြင်း
ကျွန်တော်ငယ်စဉ်က အမေသည် အလုပ်မှပြန်လာတိုင်း အိမ်အနီးရှိချောင်းလေးထဲတွင် ငါးသွားရှာတတ်သည်။ အမေငါးရှာကပြန်လာလျှင် ငါးအနည်းငယ်သာပါတတ်သည်။ အမေက ငါးတွေကို ဆန်နှင့်ရောပြုတ်သည်။ အရိုးတွေ မပါအောင် ဂရုစိုက်ပြီး နွှင်ပေးထားသည်။ ထို့နောက် ဆန်ပြုတ်ပန်းကန်ကို အေးအောင်မှုတ်ပေးပြီး
“သားရေ … ဆန်ပြုတ်သောက်ရအောင်” ဟု ကျွန်တော့်ကို ခေါ်သည်။ ဆန်ပြုတ်က တစ်ပန်းကန်တည်း
“အမေ … အမေ့ဖို့ရော”
“အမေ မဆာသေးလို့ပါသားရယ်”
အမေက ကျွန်တော့်ကို ဆန်ပြုတ်တစ်ဇွန်းပြီးတစ်ဇွန်း ပူမည်စိုးရိမ်သောကြောင့် နှုတ်ခမ်းလေးချွန်ကာ လေနှင့် မှုတ်မှုတ်ပြီး တိုက်သည်။
“အမေ သောက်ဦးလေ”
“အမေက ဆန်ပြုတ် ပြုတ်ရင်း ဟိုမြည်း သည်မြည်းနဲ့ ဗိုက်ပြည့်နေပြီ”
“ဟို ငါးဖတ်လေး အမေ စားလိုက်လေ”
“အမေမှ ငါးမကြိုက်တာသားရယ်”
အမေ ကျွန်တော့်ကို ညာခဲ့ပါသည်။
အမေဒုတိယအကြိမ် ညာခဲ့ခြင်း
ကျွန်တော် အလယ်တန်းရောက်သည့်အခါ အမေသည် ကုမ္ပဏီကြီးတစ်ခုတွင် သန့်ရှင်းရေး အလုပ်သမအဖြစ် ဝင်လုပ်ပါသည်။ အမေသည် ညမိုးချုပ် အိမ်ပြန်လာတိုင်း မီးခြစ်ဘူးခွံလေးတွေ အများကြီး ယူလာတတ်သည်။
“အမေဘာလုပ်မလို့လဲ”
“မီးခြစ်ဆံတွေကို စုပြီးတော့ တစ်ဘူးရအောင် ပြန်လုပ်နိုင်ရင် ရောင်းလို့ရတာပေါ့သားရယ်”
အမေသည် ညတိုင်း ကျွန်တော်အိပ်လျှင် ဖယောင်းတိုင်လေးထွန်းပြီး မီးခြစ်ဘူးခွံများကို မသုံးရသေးသည့် မီးခြစ်ဆံများ ဖြည့်သည့်အလုပ်ကို လုပ်တတ်သည်။ တစ်ည
“အမေ ညဉ့်နက်နေပြီလေ … မနက်လည်း အစောကြီး အလုပ်သွားရဦးမယ် …. အိပ်တော့လေ”
“သားပဲအိပ် … မနက် ကျောင်းတက်ရဦးမယ် … အမေ မအိပ်ချင်သေးဘူး”
အမေသည် တစ်နေ့လုံး ပင်ပန်းလာကာ နားချင်ရှာပါလိမ့်မည်။ သို့သော် အမေညာသည်။
အမေတတိယအကြိမ်ညာခဲ့ခြင်း
ဆယ်တန်းစာမေးပွဲဖြေသည့်နှစ်ကဖြစ်သည်။ အမေက စာမေးပွဲနောက်ဆုံးနေ့တွင်
“သားရေ … အမေ ဒီနေ့ အလုပ်ကခွင့်ယူထားတယ်”
“ဘာဖြစ်လို့လဲ အမေ”
“သားစာမေးပွဲ နောက်ဆုံးနေ့မှာ ကျောင်းအပြင်ကို ပျော်ပျော်ပါးပါး ထွက်လာတာကို မြင်ချင်လို့ပေါ့”
စာမေးပွဲနောက်ဆုံးနေ့တွင် အမေက ကျောင်းကို ပျော်ရွှင်စွာ လိုက်လာသည်။ အမေသည် ကျောင်းရှေ့တွင် နေပူခံပြီး စောင့်နေသည်။ ခေါင်းလောင်းထိုးပြီ။ ကျွန်တော်ဖြေနိုင်ခဲ့သည်။ ပျော်ရွှင်စွာ စာမေးပွဲခန်းထဲက ထွက်လာသည်။
အမေက ကျောင်းအပြင်ဘက်တွင် သံပုရာရည် အအေးခွက်လေးကို ကိုင်ကာ ကျွန်တော့်ကို စောင့်နေသည်
“သားလေး သောက်လိုက် … ရင်အေးသွားအောင် … ဖြေနိုင်ခဲ့ရဲ့လား”
“ဖြေနိုင်တယ်အမေ … ပူလိုက်တာ အမေရယ် … အမေလည်း သောက်လေ”
အမေက ဖန်ခွက်လေးကို ပြန်တွန်းပေးပြီး
“ကုန်အောင်သောက်လိုက်လေသား … အမေ ရေမငတ်ပါဘူး”
အရိပ်ထဲက ထွက်လာသော သားကို … နေပူထဲကစောင့်နေသော အမေက ရေမငတ်ဘူးဟု ညာခဲ့သည်။
အမေစတုတ္ထအကြိမ်ညာခဲ့ခြင်း
ကျွန်တော့်အဖေသည် မကျန်းမာသောကြောင့် ကွယ်လွန်ခဲ့ရပါသည်။ အမေက ကျွန်တော်တို့ ညီအစ်ကို မောင်နှမများကို တစ်ဦးတည်းရှာဖွေကျွေးမွေးခဲ့ရသည်။ သားသမီးအားလုံး၏ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးနိုင်အောင်လည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
အမှန်အတိုင်းပြောရလျှင် အမေ့တစ်ဦးတည်းလုပ်စာနှင့် ကျွန်တော်တို့ အဆင်မပြေပါ။ အမေ့အစ်ကို ကျွန်တော်တို့ ဦးလေးဖြစ်သူက တတ်စွမ်းသလောက် ဝိုင်းဝန်းထောက်ပံ့နေသောကြောင့် တော်သေးသည်ဟု ဆိုရမည်။
အမေ့ကို အိမ်နီးချင်းတွေက သနားသဖြင့် ဝိုင်းဝန်းတိုက်တွန်းကြသည်
“အရွယ်လေးရှိသေးတာပဲကွယ် … နောက်အိမ်ထောင် ပြုလိုက်ပါတော့လား” ဟုဝိုင်းပြောကြသည်။ အမေက
“ကျွန်မမှာ … ချစ်စရာ အချစ်တွေ ကုန်သွားပါပြီရှင် … အချစ်ကို မလိုတော့ပါဘူး” ဟုပြန်ပြောသည်။
ငယ်သေးတဲ့အမေ၊ အချစ်တွေ မလိုဘူးတဲ့လား၊ အချစ်တွေ ကုန်သွားပြီတဲ့လား။
အမေပဉ္စမအကြိမ်ညာခဲ့ခြင်း
ကျွန်တော်တက္ကသိုလ်ကျောင်းပြီးသည့်အခါ အလုပ်ရပါသည်။ ကျွန်တော့်အမေအို ခုမှ အနားရပြီ။ သို့သော် အမေက မနားချင်။ အမေက မနက်တိုင်းဈေးကိုသွားသည်။ ခြံထွက် ဟင်းသီးဟင်းရွက်လေးတွေကို ဆွတ်ခူးပြီး သွားရောင်းခြင်းဖြစ်သည်။
ကျွန်တော်က တာဝန်ဖြင့် အခြားတစ်မြို့တွင်နေရသည်။ အမေ့ထံ ပိုက်ဆံများပို့ပါသည်။ သို့သော် အမေက ပိုက်ဆံတွေမလိုပါဟု အမြဲပြောတတ်သည်။ ပိုက်ဆံတွေကို ကျွန်တော့်ထံပြန်ပို့ပြီး
“အမေ့မှာ ပိုက်ဆံတွေ ပိုလို့တောင်နေပါတယ်သားရယ်” ဟုအမြဲပြောသည်။
အမေဆဋ္ဌမအကြိမ်ညာခဲ့ခြင်း
ကျွန်တော်သည် ကုမ္ပဏီအထောက်အပံ့ဖြင့် သင်တန်းတစ်ခုဆက်လက်တက်ခွင့်ရခဲ့သည်။ ထို့ပြင် နိုင်ငံခြား တိုင်းပြည်တစ်ပြည်တွင် လစာကောင်းကောင်းဖြင့် ရာထူးကြီးတစ်နေရာ ခန့်အပ်ခြင်းလည်း ခံလိုက်ရပါသည်။ အမေ့ကို ဝမ်းသာအားရတွေ့ဆုံပြောပြသည့်အခါ အမေမျက်ရည်တွေ ဝဲပြီး
“တော်လိုက်တဲ့ အမေ့သားလေး” ဟု ချီးကျူးပါသည်။
“အေမ”
“ဘာလဲသား”
“နိုင်ငံခြားကို သားနဲ့အတူလိုက်နေရမယ်”
“သားရယ် … အမေ အသက်ကြီးပါပြီ … ဒီမှာပဲ အေးအေးချမ်းချမ်းနေပြီး ခေါင်းချပါရစေကွယ်”
“မဟုတ်ဘူးအမေ … သားနဲ့အတူ ဟိုမှာ ကောင်းကောင်းမွန်မွန်နေရမှာလေ”
“အမေက ခုရော ကောင်းကောင်းမွန်မွန် မနေရလို့လားကွယ် … သူ့နေရာနဲ့သူ တန်ရာ တန်ရာ နေတာပဲ ကောင်းပါတယ်ကွယ်”
အမေရယ် တန်ရာ တန်ရာတဲ့လား။
အမေသတ္တမအကြိမ်ညာခဲ့ခြင်း
ကျွန်တော်နိုင်ငံခြားတွင် အလုပ် လုပ်နေစဉ် အမေ့တွင် ကင်ဆာဖြစ်နေကြောင်း သိလိုက်ရသည်။ သိသိချင်း ကျွန်တော်ခွင့်ယူပြီး ပြန်လာသည်။
အမေကဆေးရုံတက်နေရသည်။ ခွဲစိတ်ထားသည်မှာ မကြာသေးသောကြောင့် ကုတင်ပေါ်မှ ယဲ့ယဲ့လေးသာ ပြုံးပြနိုင်သည်။
“အမေရယ် … ဒီလောက်တောင် ဖြစ်နေတာကို ဘာဖြစ်လို့ သားက နောက်ကျမှ သိရတာလဲ”
အမေက ကျွန်တော့်ခေါင်းကို ပွတ်ပေးရင်း
“သား … စိတ်ပူနေမှာ စိုးရိမ်လို့ပေါ့ကွယ်” ဟု တစ်လုံးချင်း ပြောပြသည်။
အမေ အတော်လေးအိုစာသွားသည်။ ငိုနေသော ကျွန်တော့်ကို မျက်ရည်တွေသုတ်ပေးနေသည်။
“အမေ … ခွဲစိတ်ထားတာ တော်တော်နာနေလားဟင်”
“အမေလား … မနာပါဘူးသားရယ်”
အမေက မျက်ရည်လေးဝဲကာ ပြောနေသည်။
အမေညာနေမှန်း ကျွန်တော်သိသည်။
အမေ၏ အဋ္ဌမမြောက် နောက်ဆုံးအကြိမ်ညာခဲ့ခြင်း
အမေသည် သူ၏ အဋ္ဌမမြောက်နှင့် နောက်ဆုံးအကြိမ် ညာသည့်စကား ပြောကြားအပြီးတွင် မျက်စိနှစ်လုံး ပိတ်ကာ ငြိမ်းချမ်းစွာ လူ့လောကကြီးမှ ထွက်ခွာသွားခဲ့ပါသည်။
အမေ ကျွန်တော့်ကို မညာနိုင်တော့ပြီ။
(My Mother is a Liar ကို မြန်မာမှုပြုပါသည်)
#တင်ညွန့်