တံခါး (ဝတ္ထုတို) 

----------------------------


အဲ့ဒီအိပ်မက်ကိုပဲ မက်ပြန်ပြီ...
အဲ့ဒီအိပ်မက်ကိုပဲ အခါခါ မက်နေမိသည့်အဖြစ်ကို အံ့သြလို့မဆုံးနိုင်အောင် ဖြစ်မိ၏။ ကျွန်တော်က နိုးနိုးချင်း အိပ်ရာထဲမှ ဗြန်းခနဲထသည်။ ပြီးတော့ ကျွန်တော့်လက်ချောင်းတွေကို ထောင်ဖြန့်ကြည့်လိုက်တော့လည်း ကျွန်တော့်ရဲ့ စေ့စပ်လက်စွပ်လေးက လက်သူကြွယ်မှာ ဒီအတိုင်းလည်း ရှိနေသည်။ အိပ်မက်တွေထဲမှာတော့ အဲ့ဒီ လက်စွပ်ဟာ ခဏခဏပျောက်ခဲ့၏။ ကျွန်တော့်မှာ လက်စွပ်ပျောက်ကို အိပ်မက်ထဲမှာ ပင်ပန်းတကြီးရှာဖွေခဲ့ရသည်။ သို့သော်... ဘယ်တော့မှလည်း ရှာမတွေ့။ ရှာမတွေ့မီပဲ အမြဲလန့်နိုးခဲ့ရမြဲဖြစ်၏။
အိပ်မက်တွေထဲမှာ လက်စွပ်ပျောက်ပုံချင်းကတော့မတူချေ။ တစ်ခါတစ်ရံ ရေချိုးကန်ထဲပြုတ်ကျသွား၏။ ကျွန်တော့်မှာ ထိုရေကန်ထဲ ဇောက်ထိုးခေါင်းနှစ်၍ ရှာလည်း မစမ်းမိနိုင်ဘဲ ရေမွန်းသည့်ခံစားချက်ဖြင့်သာ နိုးလာရမြဲပင်။ တစ်ခါတစ်ရံကျတော့ ခုတင်အောက် ပြုတ်ကျသွားတတ်ပြီး
အမှောင်ထဲမှာ ဘယ်လိုစမ်းစမ်း ဖမ်းလို့မမိတော့။ ပျောက်လို့ရှာရသည့် နေရာတိုင်းဟာ မှောင်နေတာတစ်မျိုး၊ လက်လှမ်းမမီနိုင်တာက တစ်နည်းဖြင့်
ရှာမတွေ့နိုင်ဘဲ ဖြစ်ရသည်သာ များလေသည်။ တစ်ခါတော့ ကျွန်တော်က ခြေတံရှည်အိမ်အမြင့်ကြီးပေါ် ရောက်နေပြီး လက်စွပ်က သူ့အလိုလို ကျွတ်ထွက်သွားကာ ကြမ်းပြင်ပေါ်
တတောက်တောက်လိမ့်သွားပြီး အိမ်အောက်သို့ပြုတ်ကျသွားသည်။ ပြုတ်ကျနေပုံဟာ မဆုံးနိုင်၊ အောက်ကို တော်တော်နဲ့မရောက်နိုင်၊ မိုးကောင်းကင်ကနေ အဝီစိကို ပြုတ်ကျနေသလိုမျိုး တစ်ရှိန်ထိုး ပြုတ်ကျနေတာကို ဘာမှမတတ်နိုင်ဘဲ လှမ်းကြည့်ရင်း နိုးလာခဲ့ရ၏။
အိပ်မက်တွေရဲ့ ဂယောက်ဂယက်ဖြစ်ပုံက တော်တော်တော့ ရယ်စရာကောင်းလေသည်။ အကြောင်းအကျိုးမခိုင်လုံ၊ အဆက်အစပ်လည်းမရှိသည့် အိပ်မက်တွေက ဒဏ္ဍာရီဆန်သယောင်ရှိ၏။ တစ်ခါတစ်ရံ ကျွန်တော့်လက်စွပ်ကလေးသည် မှော်ဆရာရဲ့စေစားချက်ကြောင့် အတောင်ပေါက်လာသလိုမျိုး... တောင်ပံဖြန့်ပျံဝဲကာ တိမ်တွေကြားထဲ ဝင်ရောက်ပျောက်ကွယ်သွားတတ်သေးသည်။ သို့သော် အိပ်မက်တွေရဲ့ ဇာတ်လမ်းဆင်ပုံဟာ ဘယ်လိုပဲကွဲကွဲ လိုရင်းအနှစ်ချုပ်ကတော့ လက်စွပ်ပျောက်တာရယ်၊ မတွေ့နိုင်တာရယ်ပဲဖြစ်သည်။
အဲဒီလို အိပ်မက်မျိုးတွေကို သူမနှင့်စေ့စပ်ပြီးကတည်းက ဆက်တိုက်လိုလို မက်နေခဲ့တာဖြစ်သည်။ ဘာကြောင့် မက်သလဲ ဆိုတာတော့လည်း ကျွန်တော် မစဉ်းစားတတ်ချေ...။

(၂)
အိပ်မက်တွေရဲ့ အပြင်ဘက်မှာတော့ ကျွန်တော်က ထိုစေ့စပ်လက်စွပ်ကလေးကို အဆုံးရှုံးခံဖို့စိတ်ကူးမရှိချေ။ ဒီလက်စွပ်ကလေးဟာ အလုံးစုံ လှပသာယာလာတော့မယ့် ကျွန်တော့်ဘဝရဲ့ Trademark (အမှတ်အသား) တစ်ခုဖြစ်သည်။
ကျွန်တော်သည် အင်မတန်ချစ်ခင်မက်မောစရာကောင်းလှသည့် မိန်းမတစ်ယောက်ကို
မကြာခင် လက်ထပ်ရတော့မည့်
"ကံကောင်းလှသည့် သတိုးသား" ဖြစ်လေသည်။ ကျွန်တော့်ရဲ့ ကံကောင်းမှုကို သူငယ်ချင်းတွေကပင် ချီးကျူးထောပနာပြုရသည်။
"မင်းတော့ ဒီတစ်သက် ခိုင်သွားပြီ" ဟု ပြောကြသေး၏။
တကယ်ဆို ကျွန်တော်က တောသားတစ်ယောက်သာ ဖြစ်ခဲ့ပါသည်။ နယ်ကတက်လာကာ ကုမ္ပဏီတစ်ခုမှာ ပုံမှန်ဝန်ထမ်းအလုပ်ကလေးတစ်ခု ရဖို့ပင် ခက်ခက်ခဲခဲကြိုးစားခဲ့ရသည်။ ကျွန်တော်အလုပ်ဝင်ခဲ့သည့် ကုမ္ပဏီမှာ အလွန်ကြီးမားပြီး နိုင်ငံအနှံ့ စျေးကွက်ကွန်ရက်တွေ ဖြန့်ကျက်ထားနိုင်သည့် စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ကုမ္ပဏီပိုင်ရှင်က အလွန်ချမ်းသာကာ စက်ရုံပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားသူဖြစ်၏။ ထိုသူဌေးဟာ နည်းနည်းလေးတော့ အရုပ်ဆိုးပါသည်။ နည်းနည်းလေးဆိုတာက ကိုယ့် Bossမို့ လျှော့ပေါ့ပြောမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ကျွန်တော်ငယ်ငယ်က သိထားခဲ့တာနဲ့ အခုကြုံနေရတာက နည်းနည်းတော့ကွာခြားသည်။ ငယ်ငယ်ကဆို အိမ်က အဖေတို့က ဥပဓိရုပ်ကောင်းကောင်းနဲ့လူကိုမြင်လျှင် 'ဒီလူ သူဌေးဥပဓိ' ဟု ပြောကြ၏။ ကလေးလေးတွေ ချစ်စရာကောင်းပြီး ချောမောလှပနေလျှင် "ကောင်းစားမယ့် ကောင်လေး၊ သူဌေးဖြစ်မယ့် ကောင်လေး" ဟု အတိတ်စိမ်းတွေ ပေးတတ်ကြသေးသည်။ ခုတော့ အင်မတန်ချစ်စရာကောင်းသည့် ဥပဓိကို ပိုင်ဆိုင်ခဲ့သော ကျွန်တော်က သာမန်ဝန်ထမ်းကလေးဖြစ်ခဲ့ပြီး အင်မတန်ရုပ်ဆိုးသည့် ကျွန်တော့် Boss ကတော့ သူဌေးကြီးနေရာမှာ ခေါင်းမော့နေခဲ့တာ ဘယ်လိုလွဲမှားမှုမျိုးနည်း...
တစ်ခုကံကောင်းတာက သူဌေးရဲ့မိန်းမဟာ အင်မတန်ချောမောလှပနေခြင်းဖြစ်ပြီး တစ်ခုကံဆိုးတာက သူဌေးရဲ့သားသမီးများဟာ သူဌေးနဲ့သာ ချွတ်စွပ်နီးပါးကြီး တူကြကာ တက်ညီလက်ညီအရုပ်ဆိုးနေကြခြင်းဖြစ်သည်။
အဲဒီ့ သားသမီးတွေထဲက သမီးတစ်ယောက်ကတော့ မျက်လှည့်ပြတတ်သော ကံကြမ္မာကြောင့် ကျွန်တော့်ချစ်သူဖြစ်ခဲ့ရပါသည်။ အင်း... သူမကလေးက အရုပ်မဆိုးရှာပါဘူး...။ ပြင်တတ် ဆင်တတ်၊ ဝတ်စားတတ်၊ စိန်တွေလည်း ဖျပ်ဖျပ်ခါနေတာဆိုတော့ ကြည့်လို့ကတော့ အရမ်းကြီးမဆိုး...။
သူမက...သူ့အဖေဆီ လိုက်လိုက်လာရင်း ကျွန်တော်နဲ့တွေ့ခဲ့ရတာဖြစ်သည်။ ကျွန်တော်က သိပ်တော့ မော်ကြည့်ရဲခဲ့တာမဟုတ်ပါ။ သို့သော် သူမကတော့ ကျွန်တော့်ဝန်းကျင်မှာ ဟိုဒီဝဲပျံကာ ချိုသာစကားတွေပြောကာ ဆိုကာ...ကျွန်တော့်ကိုယဉ်ပါးစေခဲ့တာပင်။ ကျွန်တော့်မှာက ပိုက်ဆံမချမ်းသာပေမယ့် အမေက သူဌေးဥပဓိရုပ်ကလေးကို အမွေပေးထားခဲ့တာမို့ သူမမျက်စိထဲမှာ မျက်နှာပန်းလှနေခဲ့တာ ဖြစ်လိမ့်မည်။
နောက်ဆုံးတော့ ကျွန်တော်လည်း ဘာသားနဲ့ထုထားတာမို့လို့လဲ။ သူမရဲ့ချစ်သူဘဝကို ရဲရဲဝံ့ဝံ့ ခံယူလိုက်ပြီးနောက်မှာတော့ နယ်မှာကျန်ရစ်ခဲ့သည့် ရုပ်လှတာကလွဲပြီး ဘာမှအားသာချက်မရှိသည့် ငယ်ရည်းစားကို အဆက်ဖြတ်ခဲ့ကာ ကံကြမ္မာနဲ့စီးချင်းထိုးဖို့ ထိုင်စောင့်နေလိုက်သည်။
ကျွန်တော် စောင့်ရကျိုးနပ်ခဲ့ပါသည်။ ကံကြမ္မာက ကျွန်တော့်ဘက်မှာမို့ သမီးကိုအလွန်ချစ်သော သူဌေးက သူ့သမီးကညာနှင့် ကျွန်တော့်ကို သဘောတူကြည်ဖြူခဲ့ပါသည်။
သူဌေးရဲ့သမီးကလေးဟာ အသံစွာတာစွာတာ မောက်မာချင်တာကလေးရယ်...။နည်းနည်း ဝဖိုင့်နေတာလေးရယ်၊ အသားအရေ ဖြူစင်ကြည်လင်ခြင်းမရှိဘဲ နည်းနည်းညိုခြောက်ခြောက်ကလေးမှာမှ ပါးမို့လေးနှစ်ဘက်မှာအမည်းစက်ကလေး နည်းနည်းပါးပါး ရှိတာရယ်က လွဲရင် ကျွန်တော့်အတွက် အများကြီး အဆင်ပြေပါသည်။ ပိုက်ဆံရှိတာမို့ တစ်နေ့တော့ ပလတ်စတစ်ဆာဂျရီ လုပ်လို့ပဲဖြစ်ဖြစ်၊ တစ်နည်းနည်းနဲ့ ပိန်အောင် ဝိတ်ချလို့ပဲဖြစ်ဖြစ် Skin Care တွေလုပ်လို့ပဲဖြစ်ဖြစ် အလှအပကို ဖိတ်ခေါ်ယူလို့ရနိုင်သည်။ အိုဗျာ... မလှလည်း ဘာအရေးလဲ...အရေပြားတစ်ထောက်ပဲဥစ္စာ။
သို့သော် အဲဒီလို ကျွန်တော့်ချစ်သူကလေးကို အထင်တော့ မသေးလိုက်ပါနှင့်၊ သူမက အင်မတန် စွံခဲ့သူဟု ဆိုပါသည်။ ဟိုက ဒီက ကြားရသည့်သတင်းစကားတွေက သိပ်တော့ မမွှေးလှပါ။ သူမတွေ့ခဲ့သမျှဟာလည်း ပိုက်ဆံမရှိတာကလွဲရင် ငယ်ရွယ်ချောမောသူတွေချည်းသာတဲ့။ ပြီးတော့ သိုးသိုးသန့်သန့်လိုလို ကြားမိတာက သူမဟာ တစ်ခါတော့ ခိုးရာလိုက်ခဲ့ဖူးတယ်ဆိုလား။
အင်းလေ ထားပါတော့ အပုပ်ကောင် ရုပ်ဆောင်နေတဲ့ ဒီခန္ဓာကိုယ်ကို ဘာလို့ဒီလောက် စစ်ကြောမက်မောနေမလဲ။ ခုခေတ်မှာ ခေတ်မီတဲ့ယောက်ျားတော်တော်များများဟာ သူတို့ယူမယ့်မိန်းမတွေကို အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်လက်ထက်မှာ အကောင်းနေရင်ပြီးရော သဘောထားကြီးကုန်ကြပြီတဲ့၊ ဒါကြောင့် ကျွန်တော်လည်း သဘောထားကြီးသူ ခေတ်မီသူအဖြစ် ခံယူထားလိုက်ရုံပင်...။
အခု... ကျွန်တော် ပျော်ပါသည်။ ကျွန်တော်တို့လျှောက်ရမည့် လမ်းကို ယောက္ခမက လိုလေသေးမရှိအောင် ခင်းပေးထားသည်။ မင်္ဂလာဆောင်ဖို့၊ နေစရာအိမ်ဝယ်ဖို့၊ အလုပ်အကိုင်အဆင်ပြေဖို့ ဆိုတာတွေလည်း ကျွန်တော့်ခေါင်းပေါ် ပုံပိကျမလာခဲ့ပါ...။ ကျွန်တော့်ဘဝဟာ အင်မတန် ငြိမ်းနေခဲ့ပါပြီ...။
တစ်ခါတစ်ခါတော့...ကျွန်တော့်ငယ်ရည်းစားကို သတိရမိသေးသည်...။ ကျွန်တော့်ဇနီးလောင်းရဲ့ပါးကလေးပေါ်က အမည်းစက်တွေကိုမြင်ရတိုင်း ကျွန်တော့် ငယ်ရည်းစားရဲ့ နုပါးပြင်ဝင်းဖန့်ဖန့်ကလေးကို သတိရသည်။ ကျွန်တော့်ဇနီးလောင်းရဲ့ အသံစွာတာတာကို ကြားရတိုင်း ကျွန်တော့်ငယ်ရည်းစားရဲ့ နုညက်ညက်အသံကလေးကို ကြားခွင့်ရဖို့တမ်းတချင်သေးသည်။ သို့သော်... ဘဝဆိုတာ စိတ်ကူးယဉ်ရုံနှင့်မပြီးသေးပါ...။
ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာတော့ ကျွန်တော်သည် ပျော်ရွှင်မှုတွေအများကြီး စားသုံးထားသည့် ဝံ့ဝံ့ကြွားကြွား သတို့သားလောင်းဖြစ်ခဲ့ပြီ။
ကျွန်တော့်ဇနီးလောင်းနှင့် လက်ထပ်ခွင့်ဆိုတာ ကျွန်တော် အင်မတန်မက်မောပြီး လုံးဝမစွန့်လွှတ်နိုင်သည့် အခွင့်အရေးတစ်ခုဖြစ်သည်...။
အဲဒီလိုအချိန်မှာမှ ဒီအိပ်မက်ကိုအထပ်ထပ် မက်နေရတာ ဘယ်လို အကြောင်းတရားနည်း...။

(၃)
ထိုအိပ်မက်မျိုးကိုပဲ အခါခါမက်ကာ အိပ်မက်ကလန့်နိုးတိုင်း အိပ်မပျော်သောညတွေ များလာသောအခါ
ကျွန်တော်က စိတ်ရောဂါကုဆရာဝန်ဆီသို့. သွားခဲ့ပါသည်။
ကျွန်တော်က ဆောက်တည်ရာမရဖြစ်စွာ ရင်ဖွင့်မိသည်။
"ကျွန်တော်ဗျာ အဓိပ္ပါယ်မရှိတဲ့ ဒီအိပ်မက်မျိုးပဲ ထပ်ထပ်မက်နေတာ အဲဒါ ဘာဖြစ်လို့မှန်းမသိဘူးဗျာ..."
ကျွန်တော်က ကျွန်တော့်အိပ်မက်တွေအကြောင်း၊ ကျွန်တော့်ဘဝအကြောင်း ပြောပြဖြစ်တော့ ဆရာဝန်ကသေသေချာချာနားထောင်ပြီး ကျွန်တော်မမျှော်လင့်သော မေးခွန်းတစ်ခုကို
မေးလိုက်သည်။
"ခင်ဗျား အခုလက်ထပ်မယ့် မိန်းကလေးကို တကယ်လက်ထပ်ချင်ရဲ့လား"
"ဟာ ဘယ်လိုမေးလိုက်တာလဲဗျာ။ အဲ့ဒါ ကျွန်တော့်ချစ်သူ ဗျ...
ငယ်ရည်းစားထက်တောင် ပိုချစ်ရလို့... ငယ်ရည်းစားကိုထားခဲ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တဲ့သူ။
ကျွန်တော့်အပေါ် လိုလေသေးမရှိအောင် အရမ်းကောင်းတဲ့ချစ်သူ၊ ကျွန်တော့်မျက်နှာ မညှိုးအောင် အရိပ်ကြည့်နေတဲ့သူ။ ကျွန်တော့်ဘဝကို ဝန်မပိစေတဲ့သူ။ သူ့အဖေကအစ ကျွန်တော့်ကို သားအရင်းလိုချစ်တာ သူ့လုပ်ငန်းတွေကို ဆက်ခံနိုင်ဖို့တောင် ရည်ရွယ်ထားတာ။ သူတို့တစ်မိသားစုလုံးက ကျွန်တော့်အပေါ်သိပ်ကောင်းတာ။ ဒီလို မိန်းမမျိုးကိုမှ တကယ်လက်မထပ်ချင်ဘူး ဆိုရင် ကျွန်တော့်အပြင် မိုက်မဲတဲ့သူ ရှိဦးမလား"
ဆရာဝန်က ကျွန်တော့်စကား ဆုံးတော့ အနည်းငယ်ပြုံးကာ...
"အိပ်မက်ဆိုတာ တံခါးပဲဗျ"
"တံခါး..."
"ဟုတ်တယ်... တံခါးပဲ၊ ခင်ဗျား ဇွတ်အတင်းပိတ်ထားတဲ့ အရာတစ်ခုကို ဖွင့်ပေးတဲ့ တံခါးပဲ..."
"ဆရာပြောတာ ကျွန်တော် နားမလည်ဘူး"
"ခင်ဗျား မသိစိတ်ထဲမှာ လှောင်ပိတ်ထားတဲ့အရာတစ်ခုကို အိပ်မက်က ဖွင့်ပေးတာလေ...။ ခင်ဗျား မသိစိတ်က. သူ့အလိုလိုပွင့်ထွက်သွားတဲ့ တစ်နေ့ကျ ခင်ဗျား အဲဒီအိပ်မက်မျိုးကို မက်ချင်လို့တောင် မမက်တော့ဘူး"
ကျွန်တော် ခဏငိုင်တွေသွားမိပါသည်။
"အဲဒီတော့ ကျွန်တော် ဘာလုပ်ရမလဲ ဆရာ"
"စဉ်းစားပါ၊ ခင်ဗျား သူ့ကို တကယ်လက်ထပ်ချင်ရဲ့လားဆိုတာ စဉ်းစားပါ"
"အို ဒါတော့ Sure ဗျာ၊ သေချာတယ်၊ စဉ်းစားစရာကိုမလိုဘူး ကျွန်တော် သူ့ကို အရမ်းလက်ထပ်ချင်တယ်"
ကျွန်တော်က ပြတ်ပြတ်သားသား ပြောခဲ့ပြီး...အဲ့ဒီ ဆရာဝန်ဆီ နောက်ထပ်သွားဖို့ မစဉ်းစားတော့ချေ...။ ဆရာဝန် စဉ်းစားခိုင်းတာကိုလည်း ကျွန်တော် စဉ်းစားနေဖို့မလိုအပ်ဘူး ထင်လို့ပင်။
ကျွန်တော်က အဲဒီ့ဆရာဝန်ကို "အူကြောင်ကြောင်နဲ့ကွာ" ဟု တောင် တွေးမိခဲ့သေး၏။ ကျွန်တော့်ချစ်သူက ကျွန်တော့်အပေါ် အင်မတန်ကောင်းပြီး လိုလေသေးမရှိအောင် ဂရုတစိုက်ဖြည့်ဆည်းပေးတန်သူမို့ ကျွန်တော့်ဘဝရဲ့ အဖော်မွန်သဖွယ်လည်းဖြစ်သည်။ ငယ်ငယ်တုန်းက ဆင်းရဲခဲ့တာမို့ ဘာဆိုဘာမှမပြည့်စုံခဲ့ရသော ကျွန်တော့်ဘဝကို အလွန်ပြည့်စုံစေခဲ့သော ကျေးဇူးတင်ထိုက်သည့် ဇနီးလောင်းလည်းဖြစ်သည်။ ကျွန်တော့်လို အသိုင်းအဝိုင်းမရှိ၊ ငွေမရှိ၊ ဂုဏ်ဒြပ်မရှိသူတစ်ယောက်ကို လက်ကမ်းကြိုဆိုသည့် သူမ၏မိဘအသိုင်းအဝိုင်းရဲ့ကျေးဇူးတရားကလည်း ဆပ်မကုန်အောင်များပြားလှပါသည်။ ဒီလိုမိန်းမမျိုးကိုမှ လက်မထပ်လျှင် ဘယ်လိုမိန်းမမျိုးကို သွားလက်ထပ်ရမည်နည်း။
ဤသို့ဖြင့် ကျွန်တော်သည် ထိုအိပ်မက်ကိုပင် ညတိုင်းနီးပါ သယ်ဆောင်ရင်း သူမနှင့်လက်ထပ်ရမည့်ရက်ကို စောင့်မျှော်၍ နေခဲ့လေသည်။

(၄)
"လက်ထပ်ချင်တာပေါ့၊ ဘာလို့လက်မထပ်ချင်ရမှာလဲ၊ သူ့ကို ငါသိပ်လက်ထပ်ချင်ခဲ့တာ"
မကြာခဏဆိုသလို ကျွန်တော်က ထိုသို့ တစ်ယောက်တည်း ရေရွတ်နေမိတတ်ပြီး ကျွန်တော့်စိတ်ကို ကျွန်တော်အတည်ပြုမိလေသည်။
"ပြီးတော့ ငါသူ့ကို သိပ်ချစ်တာ..."
ကျွန်တော်က ထိုသို့လည်း ကျွန်တော့်ကိုယ်ကျွန်တော် သတိပေးကာ သူမကို အလွန်အမင်းချစ်ခင်ယုယမိလေသည်။ တကယ်ဆို ကျွန်တော်က ယောက်ျားပိုင်းလုံးမှ မဟုတ်ဘဲ၊ ငွေမက်လို့ လက်ထပ်ချင်တာမှ မဟုတ်ဘဲ။ မေတ္တာစစ်နှင့် ချစ်မိလို့သာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်သည်။ မိန်းမတစ်ယောက်ရဲ့ စည်းစိမ်ဥစ္စာတွေကို မက်မောလို့ အရကြံခဲ့သောယောက်ျား အမျိုးအစားတွေကိုလည်း ကျွန်တော် အလွန်မုန်းတီးအထင်သေးခဲ့ဖူးသည်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုယုတ်မာသောအကြံဖြင့် မိန်းမတစ်ယောက်ကို လက်ထပ်ဖို့ ဆုံးဖြတ်မှာ မဟုတ်ပါ။ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် လေးစားချင်သူလည်း ဖြစ်သေးသည်။
ကျွန်တော်သည် အင်မတန်ချစ်ခင်ယုယစွာပင် သူမရဲ့ဆံပင် မွမွကြမ်းကြမ်းတွေကိုလည်း အသာအယာပွတ်သပ်ပေးမိ၏။
သူမရဲ့ အနည်းငယ်ချောက်သွေ့ပြီး အမည်းစက်ကလေးများရှိသော ပါးပြင်ခပ်ပြားပြားကိုလည်း ဖွဖွကလေး မွှေးမိ၏။ သူမရဲ့ အဆီအထစ်ထစ်ထနေသော ခါးကလေးကိုလည်း ထွေးကာပွေ့ကာ နေခဲ့၏။ ထိုအခါများတွင် ကျွန်တော့်ငယ်ရည်းစားထံမှ ရခဲ့ဖူးသော သနပ်ခါးနံ့သင်းပျံ့ပျံ့ကလေးကို အာရုံထဲမှ ဆွဲထုတ်ဖျောက်ဖျက်ရလေသည်။
တစ်ခါတစ်ရံမှာ သူမရဲ့မျက်ဝန်းတွေကို အနီးကပ်မြင်ရလျှင် လန့်ဖျပ်ကာ ကျွန်တော့်ရင်ထဲ ဒိတ်ခနဲ့ ဖြစ်သွားတတ်၏။ ဆေးအမည်းများဖြင့် ခပ်တောင့်တောင့် စေးတွဲနေသော မျက်တောင်မွေးခပ်တိုတိုရဲ့နောက်က မျက်ဝန်းများသည်ညှိုမြူသလို အရိပ်အယောင်များလည်း ရှိကာ နည်းနည်းလန့်စရာကောင်းတယ်လို့လည်း ထင်မိ၏။
ကျွန်တော့်ငယ်ရည်းစားရဲ့ မျက်ဝန်းတွေလိုတော့ ရိုးသားဖြူစင်မှုမရှိတာ အမှန်ဖြစ်၏။ အင်းလေ ကျွန်တော့်ရင်ထဲက 'ဒိတ်' ဆိုတဲ့အသံဟာ ချစ်လို့ရင်ခုန်ပြီး မြည်တဲ့အသံပါပဲဟု သူကဇွတ်ပင် အတည်ပြုလိုက်ပြီး၊ သူ့ငယ်ရည်းစားတောသူမရဲ့ မျက်ဝန်းတွေကိုတော့ "အူကြောင်ကြောင် မျက်လုံးတွေပါ" ဟု ထပ်မံအတည်ပြုလိုက်လေသည်။

(၅)
တစ်နေ့တော့ လက်ထပ်မည့်ရက်ကို စောင့်မျှော်နေသော ကျွန်တော့်ထံသို့ ကျွန်တော်မစောင့်မျှော်ခဲ့သော ကျွန်တော့်ရဲ့ငယ်ရည်းစားက ရောက်ရှိလာခဲ့ပါသည်။ အပြစ်ကင်းသော မျက်လုံးကလေးတွေထဲတွင် မျက်ရည်များဝဲလျက်...ပါးမို့ပေါ်မှာ ပါးကွက်ကျားကလေး တင်ထားသော ကျွန်တော့်ငယ်ရည်းစားက သနားစဖွယ် ပြောသည်မှာ...
"အစ်ကိုရယ် အစ်ကို ကျွန်မကိုသိပ်ချစ်တာ ကျွန်မသိပါတယ်။ ဘာကြောင့် ကျွန်မကိုထားပြီး သူ့ကိုလက်ထပ်မယ်ဆိုတာလည်း ကျွန်မသိပါတယ်။ ကျွန်မ အစ်ကို့ကို နားလည်ပါတယ်။ ကျွန်မကတော့ အစ်ကို့ကိုပဲ အမြဲချစ်နေမှာပါ..."
ကျွန်တော်က...သင်းပျံ့လာသည့် သနပ်ခါးနံ့ကလေးကို အမှတ်တမဲ့ရှိုတ်ရှုလိုက်မိသည့် ကိုယ့်နှာခေါင်းကိုယ်ပိတ်ရင်း တစ်ဖက်သို့ လှည့်ကာ...
"မင်း ငါ့ကို ဘာမှ လျှောက်မထင်နဲ့နော်။
ငါ သူ့ကို သိပ်ချစ်လို့ လက်ထပ်ချင်တာ။ မင်းထက်ပိုချစ်သွားလို့ လက်ထပ်ဖို့ ဆုံးဖြတ်တာ၊ မင်းငါ့ကို မေ့လိုက်ပါကွာ..."
"အစ်ကို ညာတာ"
"မညာဘူးနော်၊ လုံးဝမညာဘူး။ ငါသူ့ကိုတကယ်ချစ်ပြီး တကယ်လက်ထပ်ချင်နေတာကွ"
ကျွန်တော်က ခေါင်းကို သွပ်သွပ်ခါအောင် ယမ်းပြီးပြောတော့ ကျွန်တော့ငယ်ရည်းစားက ခွင့်လွှတ်ပြုံးကလေးပြုံးကာ ကျွန်တော့်ရှေ့မှ ထွက်ခွာသွားခဲ့ပါသည်။
အဲဒီ့ညမှာလည်း...ကျွန်တော့်ရဲ့လက်စွပ်က အိပ်မက်ထဲမှာ ပျောက်ပြန်သည်။

(၆)
တစ်နေ့တော့ ကံကြမ္မာက ကျွန်တော့်ဘဝကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် ဆွဲလှန်ပစ်လိုက်သည်။ လက်ထပ်ပွဲကျင်းပရန် တစ်ပတ်အလို ဒီဇင်ဘာလရဲ့ New Year ည သန်းခေါင်ယံမှာ
ကျွန်တော့်သတို့သမီးလောင်းက အပျော်လွန်ကာ ကားကိုအပြင်းမောင်းရင်း ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားခဲ့လေသည်။ ကျွန်တော်သည် ကျွန်တော့်ချစ်သူရဲ့အလောင်းကို ပွေ့ပိုက်ထားရင်းက ဝမ်းနည်းပက်လက် ဖြစ်မနေသော ကိုယ့်ကိုကိုယ် ပြန်အံ့သြသွားသည်။ ထိုခဏမှာကျွန်တော့်ပခုံးပေါ်သို့ မတော်လိုက်ရသောယောက္ခမရဲ့ လက်တစ်ဖက်က အားပေးသယောင်ဆုပ်ညှစ်လာခဲ့ပြီး...
"စိတ်ကို ဖြေပါကွာ မင်းစိတ်ကို တင်းမထားပါနဲ့ ဖြေလွှတ်ပြီးငိုချလိုက်ပါ"
ဟူသော ဆို့နစ်ကြေကွဲသံကြီးကို ကြားရလေသည်။ ထိုအခါကျမှ ကျွန်တော်က ဝမ်းနည်းစိတ်ကို အတင်းခေါ်ယူငိုကြွေးခဲ့ရသည်။ ကျွန်တော်က သူမကို မေတ္တာစစ်စစ်ဖြင့် အင်မတန်ချစ်ခဲ့ရသူမို့ မငိုလို့တော့ မဖြစ်ချေ။

(၇)
နောက်လ အနည်းငယ်အကြာတွင် ကျွန်တော်သည် ကျွန်တော့်ကိုခွင့်လွှတ်နားလည်ပေးနိုင်သော ကျွန်တော်ရဲ့ငယ်ရည်းစားနှင့် လက်ထပ်ခဲ့ပါသည်။ မိန်းမတစ်ယောက်ကို လက်ထပ်ခြင်းကြောင့် ကျွန်တော့်ဘဝဟာ အထွေအထူးမြင့်မားသွားခြင်းတော့ မရှိခဲ့ပါ။ သို့သော် ကျွန်တော် ပျော်ရွှင်ခဲ့ပါသည်။
တစ်ခုထူးဆန်းတာကတော့ ကျွန်တော့်ရဲ့ လက်စွပ်ပျောက်အိပ်မက်သည် ကျွန်တော့်သတို့သမီးလောင်း သေဆုံးသွားချိန်မှစကာ
ကျွန်တော့်ရဲ့ညတွေသို့ လုံးဝ ရောက်ရှိမလာတော့ဘဲ အပြီးတိုင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်လေသည်။
🔸🔸🔸

ပုညခင်
ကလျာမဂ္ဂဇင်း၊ ဧပြီ၊ ၂၀၀၇