လက်ထပ်ပန်းတွေပွင့်ခဲ့ပါပြီနော် (ဝတ္ထုတို)
------------------------------------------------
“ ဘယ်တော့လောက် လက်ထပ်မယ်လို့ မောင်မှန်းထားသလဲဟင် ”
ရန်ကင်းကောလိပ်ပရ၀ဏ်မှအထွက်တွင် နွဲ့က ကျွန်တော့်ကို မေးသည်။ ကားလမ်း ဖြတ်ကူးရန်စောင့်နေစဉ် နွဲ့သည် ကျွန်တော့်အဖြေကို စောင့်နေ၏။ လမ်းတစ်ဖက်သို့ ကူးပြီးတော့မှ…
“ ဘွဲ့ရပြီးရင် လက်ထပ်ကြတာပေါ့ နွဲ့ရယ်၊ မောင်လည်း အလုပ်အကိုင်လေး ကြိုပြီးရှာထားမယ်လေ ”
ကျောက်ကုန်းဘက်သို့တက်ရာ လမ်းသွယ်ပေါ်သို့ အတူတူခြေဦးတည်ကြသည်။ မြေနီလမ်းသည် ပြေပြေမြင့်တက်သွားသည်။ လမ်းဘေးနှစ်ဖက်ရှိ ဝါးရုံတို့သည် ကိုင်းနေကြသည်။ ဆောင်းရွက်များ ရင့်နေကြသည်။ ကြွေမည့်အရောင် ရှိနေကြသည်။ သစ်ပင်သစ်ရွက်တွေမှာ ဖုန်မှုန့်တွေ တင်နေကြသည်။
“ အိမ်ထောင်ရေးဆိုတာ အတော်မလွယ်တာပဲနော် မောင် ”
လှမ်းမြင်နေရသော လက်ဖက်ရည်ဆိုင်ကို နွဲ့ကကြည့်ပြီး သက်ပြင်းချသည်။ နွဲ့ကို ကျွန်တော်ကြည့်သည်။ ငွေရိုးတပ်ပုသိမ်ထီးကြီးကို ဘယ်လက်တွင် ပြောင်း၍ကိုင်သည်။ ထီးရိပ်သည် နှစ်ယောက်အတွက် မလုံ့တလုံ။ နွဲ့သည် ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြုံးသည်။ နွဲ့၏အပြုံးသည် နွဲ့၀တ်ထားသော ရိုဘီယာရှံသားကဲ့သို့ ဖြူစင်နေသည်။ သူ့အပြုံးတွင် သူ၏အချစ်ကို မြင်ရလေသည်။
“ အခုရုံးတက်လက်ထပ်၊ အခုအကြင်လင်မယား ဖြစ်တော့ဖြစ်တာပေါ့၊ အိမ်ထောင်ရေးဒုက္ခတွေ မရှိတဲ့သူရယ်တော့ ရှိမှမရှိတာ။ အိမ်ထောင်ဒုက္ခ အနည်းဆုံးဖြစ်အောင် မောင်တို့ကြိုးစားချင်တယ် ”
လက်ဖက်ရည်ဆိုင်တွင် ရှေ့ရေးကိုဆွေးနွေးကြသည်။ တစ်နာရီကျော်မျှ ဆွေးနွေးကြသောအဖြေသည် နှစ်ဦးစလုံးပညာကြိုးစားရန်၊ တစ်နှစ်မကျ အောင်ရန်၊ နောက်ဆက်တွဲ ဇွန်စာမေးပွဲဖြေရသည်အထိ အချိန်မကုန်ရန်၊ ဘွဲ့ရလျှင် နှစ်ဦးစလုံး အလုပ်အကိုင်အမြန်ရှာဖွေရန်။
ကျွန်တော်တို့ စကားပြောရင်း ကြည်နူးကြသည်။
(၂)
အလုပ်ရကြသောနှစ်တွင် စီမံကိန်းတွေ အသေအချာရေးဆွဲရသည်။ နွဲ့၏မောင်၊ ညီမ လေးယောက်ကို ပညာလက်လွှတ်ရမည့်အချိန်၊ ကျွန်တော့်ညီနှစ်ယောက် ဘွဲ့ရမည့်အချိန်တွေကိုပါ ထည့်တွက်ကြရသည်။ ကျွန်တော်၏ ညီအငယ်ဆုံးနှင့် နွဲ့၏ညီမအငယ်ဆုံးတို့က အလယ်တန်းသို့တက်စသာ ရှိသေး၍ အားနည်းနည်းလျော့သည်။
“ မောင်ရော နွဲ့ရော တစ်ရာနှစ်ဆယ့် ခြောက်ကျပ်ဆိုတော့ တစ်လ နှစ်ဆယ်စီစုရင် တစ်လလေးဆယ်၊ တစ်နှစ် လေးရာ့ရှစ်ဆယ်၊ အခု အချိန်ယူထားတာ ခြောက်နှစ်၊ နှစ်ထောင့်ရှစ်ရာကျော်၊ ဖြစ်နိုင်ပါတယ် မောင်ရယ် ”
ကျွန်တော် ခေါင်းညိတ်လိုက်သည်။ ထို့နောက်…
“ မောင် အလွတ်ပညာသင်ကျောင်းတစ်ကျောင်းမှာ ညဘက်စာပြဖို့ စီစဉ်ထားတယ် ”
နွဲ့ အံ့အားသင့်သွားသည်။
“ မောင် သိပ်ပင်ပန်းမှာနော် ”
“ ခေါင်းလိမ်းဆီလည်း မလိမ်းနိုင်တော့ဘူး၊ ဟေဇလင်စနိုးလည်း မျက်နှာပေါ်မတင်နိုင်တော့ဘူး။ ဒါပေမဲ့ မျှော်လင့်ချက်နဲ့ မောင်ပျော်ပါတယ် ”
(၃)
အဖေ အငြိမ်းစားယူလိုက်သောကြောင့် ၀င်ငွေလျော့သွားသည်။ နောင်သုံးနှစ်နေလျှင် အမေသည်လည်း အငြိမ်းစားယူတော့မည်။ ညီအငယ်သည် အကြိုတက္ကသိုလ်၀င်တန်းသို့ တက်လာသည်။ ညီအကြီးသည် စက်မှုသိပ္ပံကျောင်းသို့ တက်နေသည်။ အထိုက်အလျောက် တာ၀န်ပေါ့ရာပေါ့ကြောင်းလမ်းသို့ နီးလာသည်။
သို့သော် ကျောင်းသားကြီးတွေ ဖြစ်လာလေလေ စရိတ်ကုန်ကျလေလေ။ ရုံးမှရသောလခက နှုတ်စရာတွေ နှုတ်ပြီးသောအခါ တစ်ရာ့တစ်ဆယ်ပင်မပြည့်။ အလွတ်ပညာသင်ကျောင်းမှ ရသောလခက တစ်ရာ့ငါးဆယ်။ ကျွန်တော့်၀င်ငွေနှင့် အမေ့၀င်ငွေ၊ အဖေ့အငြိမ်းစားလခ ပေါင်းသောအခါ ခြောက်ရာကျော်သည်။
အိမ်လခက လေးဆယ်၊ ရေဖိုး၊ မီးဖိုး လူမှုစရိတ်တို့နှုတ်သော် ငါးရာကျော်သည်။ စားစရိတ်၊ အ၀တ်အစားစရိတ်၊ လမ်းစရိတ်တို့ နှုတ်သောအခါ မကျန်သလောက်ရှိနေ၏။ ကျွန်တော် စုနေကျနှစ်ဆယ်ကို စာတိုက်တွင် စုတော့စုနိုင်ခဲ့သည်။
ကျွန်တော့်တာ၀န်နည်းတူ နွဲ့တွင်လည်း တာ၀န်ပို၍ကြီးနေသည်။ နွဲ့၏ဖခင်သည် အငြိမ်းစား မယူသေးသော်လည်း မိခင်သည် မှီခို၊ အိမ်ထိုင်။ နွဲ့တို့သားအဖ၀င်ငွေသည် ခြောက်ရာနီးပါးရှိသည်။ သို့သော် မိသားစုတွင် မိခင်ဘက်မှ ညီမတစ်ယောက်ပါအတူနေ၍ စားအိုးကြီးသည်။ မိသားစုရှစ်ယောက်။
နွဲ့၏မိခင်သည် ကျန်းမာရေးမကောင်း။ ဆေးဖိုးဝါးခ ကုန်တတ်သည်။ နွဲ့၏ မောင်၊ ညီမတို့သည် ကျောင်းသူကျောင်းသားတွေချည်း။ မိန်းကလေးသုံးယောက် ဖြစ်နေသောကြောင့် အ၀တ်အစားစရိတ်က ပိုကုန်သည်။ နွဲ့သည် တစ်လလျှင် နှစ်ဆယ်စုတော့စုသည်။ သို့သော် နွဲ့၏ထမင်းချိုင့်တွင် ဆီပြန်ဟင်း ပါလာခဲသည်။
“ သူငယ်ချင်းတွေရဲ့အိမ်ကို နှစ်ယောက်အတူတူသွားလည်တိုင်း နွဲ့ကို ရယ်ကြတယ်နော် ”
“ သူတို့က သားသမီးတွေ နှစ်ယောက်ရကြတဲ့သူနဲ့ သုံးယောက်ရတဲ့သူနဲ့ ”
“ မောင်တို့က လက်ထပ်ပြီးရင် သူတို့ထက်ပိုပြီး စိတ်ချမ်းသာမှာတော့ သာမှာပါ၊ မောင်တော့ အဲသလိုပဲ ယုံကြည်တယ် ”
“ နှစ်နှစ်၊ သုံးနှစ်ကာလကို စောင့်ရတာ မောလိုက်တာ ”
နွဲ့ကို ကျွန်တော်သနားသည်။
(၄)
အမေကွယ်လွန်သွားသောကြောင့် စာတိုက်တွင်စုထားသမျှ ငွေတစ်ထောင့်ခြောက်ရာရှစ်ဆယ်ကို ထုတ်လိုက်ရသည်။ ရုံးမှ ငွေငါးရာနီးပါးချေးခဲ့ရသည်။ ကျွန်တော့်စုငွေမရှိတော့သလို နွဲ့၏စုငွေသည်လည်း သူ့မိခင် ဆေးရုံတင်လိုက်ရ၍ ကုန်သလောက် ရှိသွားသည်။
“ ငယ်ငယ်တုန်းက အင်္ဂလိပ်ဖတ်စာထဲမှာ သင်ခဲ့ရတဲ့ ဘုရင်ဘရုစ်နဲ့ ပင့်ကူလိုပေါ့ နွဲ့ရာ။ စစ်ရှုံးလို့ ကျောက်ဂူထဲမှာလှဲနေရင်း မျက်နှာကြက်ကိုတက်နေတဲ့ ပင့်ကူလေးပြုတ်ကျတယ်၊ ပြန်တက်တယ်၊ ကိုးကြိမ် ဆယ်ကြိမ်ရောက်မှ မျက်နှာကြက်ကိုတက်လို့ရတဲ့ အော်မြင်မှုလိုပေါ့၊ မောင်တို့ပြန်ပြီး ကြိုးစားကြတာပေါ့ ”
နွဲ့သည် ငေး၍နေ၏။ နွဲ့၏ကျောင်းသူဘ၀၊ ရုံး၀င်စဘ၀ကို ကျွန်တော်ပြန်မြင်သည်။ ပြေပြေမောက်သော အမောက်မရှိတော့။ မျက်ခုံးမဆွဲနိုင်တော့။ နှုတ်ခမ်းနီ ပါးနီ မဆိုးနိုင်တော့။ အင်္ကျီ ထဘီတို့သည် ဆယ်ရက်လျှင် တစ်ပတ်လည်နေသည်။ အများသူငါ ၀တ်နေကြသော လှိုင်းကြီး လှိုင်းလေးတွေ၏အနားသို့ မသီနိုင်။ နွဲ့ကိုကြည့်ကာ ကျွန်တော် ၀မ်းနည်းသည်။
“ သူများချစ်သူတွေကျတော့ ကိုယ်တိုင်သစ္စာမခိုင်လို့ ကွဲရတယ်။ ဟိုဘက်၊ ဒီဘက်ကဖျက်လို့ လွဲကြတယ်။ နွဲ့တို့ကတော့ အတူပေါင်းခွင့် ဝေးလိုက်တာမောင်ရယ် ”
“ ကွဲမသွားကြတာကိုပဲ မောင်တော့ တွေးပြီးကျေနပ်နေရသေးတယ် ”
သူငယ်ချင်းတစ်ယောက်၏သမီး ဆယ်တန်းတွင် ဂုဏ်ထူးလေးဘာသာဖြင့် အောင်သောကြောင့် စားပွဲသောက်ပွဲ ဖိတ်သည်။ ကျွန်တော်နှင့် နွဲ့တို့ သွားကြသည်။ သူငယ်ချင်းတွေ၏ သားသမီးတွေက ကျွန်တော်နှင့် နွဲ့ကို ‘ ဦးလေး ’ ‘ ဒေါ်ဒေါ် ’ ဟု ခေါ်ကြသည်။
ညနေတွင် ကျွန်တော်က နွဲ့ကို အိမ်တိုင်ရာရောက် လိုက်ပို့သည်။ နွဲ့တို့အိမ်နှင့် ကျွန်တော့်အိမ်သည် နှစ်အိမ့်တစ်အိမ် ဖြစ်နေကြသည်။
နွဲ့တို့အိမ်ရှေ့တွင် ထိုင်စကားပြောနေစဉ် ကျွန်တော်သတိပြုမိသည်။ နွဲ့၏ဆံပင်တွင် ဆံဖြူတွေမြင်သာနေ၏။ ကျွန်တော့်နည်းတူ ဖြစ်နေပြီ။
“ မောင် ပြန်တော့မယ်နော် ”
မှောင်ရီတရိုးအချိန်တွင် ပြန်ရန်နှုတ်ဆက်လိုက်သည်။ နွဲ့သည် ခြံထောင့်ရှိ ကတ္တီပါပင်ဆီသို့ ကြည့်နေ၏။ အပင်ကြီးတွင် နွယ်တွေရစ်ကာ တက်နေ၏။ အရွက်ဝေဝေအဖူးတဝေဝေ။
“ နွဲ့….မောင်ပြန်တော့မယ်။ ဘာငေးနေတာလဲ ”
နွဲ့ ကျွန်တော့်ကို လှည့်ကြည့်သည်။ မပီ့တပီပြုံးကာ…
“ ဘာမှမငေးပါဘူး၊ လက်ထပ်ပန်းတွေ ဖူးနေတာကြည့်တာပါ။ ပွင့်တော့မယ်နော် ”
အဓိပ္ပါယ်ကို ကျွန်တော်သိသည်။
“ ရှေ့နှစ်ခါကျရင် လက်ထပ်ကြတာပေါ့ ”
ဟူသောစကားမျိုး ကျွန်တော်ပြောဖို့ခက်နေသည်။ မသေချာလျက် ပြောဖန်များခဲ့ပြီ။
ငြိမ်းကျော်