ကြားလိုက်ရသောကြောင့် (ဝတ္ထုတို)
-------------------------------------------
“ဘုရားစူး”
“စူး”
“မိုးကြိုးပစ်”
“ပစ်”
“ကျားကိုက်သေ”
“သေ”
အဘွားရွှေက သူ မယုံကြည်သော ကိစ္စဆိုလျှင် တစ်ဖက်သားကို ထိုသို့ပင် အားမနာ ပါးမနာ ကျိန်တွယ်ခိုင်းလေ့ ရှိသည်။
အဘွားရွှေက ကုသိုလ် အင်မတန် ကောင်းသည်။ အသက်ရှစ်ဆယ် ကျော်နေပြီ ဖြစ်သော်လည်း ခါးမကုန်းပေ။ ထို့ပြင် ဆံပင်လည်း သိပ်မဖြူ။ သူ၏ သမက်ဖြစ်သူ ညိုညိုတို့ဖခင် ဦးအေးဆောင်က တစ်ခေါင်းလုံးနီးပါး ဖြူနေသော်လည်း ဘွားရွှေ၏ ခေါင်းတွင် ဆံပင်အမည်းတွေ အများကြီး ကျန်နေသေးသည်။ ထို့ပြင် မျက်စိလည်း သိပ်မမှုန်ပေ။ သတင်းစာကို ကောင်းကောင်းကြည့် နိုင်သေးသည်။ သို့သော် ဖတ်တော့ မဖတ်နိုင်။ စာလုံးများကို သဲသဲကွဲကွဲ မမြင်ရ သောကြောင့်တော့ မဟုတ်။ စာမဖတ်တတ် သောကြောင့်သာ ဖြစ်သည်။ သို့သော် အဘွားရွှေက သူ စာမဖတ် တတ်သည်ကို မည်သူမျှ မသိစေရ။ လူထူလျှင် သတင်းစာကို ကောက်ကိုင်ကာ ဟိုလှန်သည်လှန် လှန်လှောပြီး ဓာတ်ပုံတွေကို ကြည့်မြဲဖြစ်သည်။
ဘွားရွှေ ကုသိုလ် ကောင်းပုံမှာ ခါးမကုန်းရုံ ဆံပင်မဖြူရုံ မျက်စိမမှုန်ရုံ သာမကသေးပါ။ သတိကလည်း အင်မတန် ကောင်းနေပါသေးသည်။ ကြီးမှဖြစ်သော အဖြစ်အပျက်တွေကို သာမက ငယ်စဉ်က အကြောင်းတွေကိုပါ မှတ်မိသည်။ သူ၏မွေးနေ့၊ ကွယ်လွန်သူ ညိုညိုတို့အဘိုး သူ့ခင်ပွန်း၏ မွေးနေ့၊ သူ့သားသမီး ငါးဦးလုံး၏ မွေးနေ့၊ အတူနေ အထွေးဆုံးသမီး ဖြစ်သူ (?) ညိုညိုတို့ ညီအစ်မ သုံးဦး၏ မွေးနေ့ စသည်တို့ကိုပါ အလွတ်ရသည်။ ဒိုးခနဲ ဒေါက်ခနဲ လက်တန်း ပြောနိုင်သည်။
“ငါသာ အဘွားလောက် မှတ်ဥာဏ်ကောင်းရင် သိပ်ဟန်ကျမှာ”
သမိုင်းဆရာမ ဖြစ်သူ ညိုညိုက မကြာခဏ ပြောမိတတ်သည်။ သူ့ခမျာ ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းထဲမှ သက္ကရာဇ်များဖြင့် လုံးလည်ချာလည် လိုက်နေတတ်သဖြင့် သူ၏မွေးနေ့ကိုပင် သူ့ဟာသူ သတိမရဘဲ မကြာခဏ မေ့နေတတ်သောကြောင့် ဖြစ်သည်။
“ဒါကတော့ အဘွားက မှတ်စရာ ဒါပဲ ရှိတာကိုး။ ပိုပိုတို့ မိုမိုတို့လို အီကွေးရှင်းတွေ သီအိုရီတွေ ဒသမကိန်းတွေ စာရင်းဇယားတွေ ရှုပ်လာရင် မှတ်မိချင်မှ မှတ်မိမှာပါ”
သိပံ္ပသမားများ ဖြစ်ကြသော ပိုပိုနှင့် မိုမိုကတော့ သူတို့တစ်တွေထက် အဘွားက ပိုပြီ းမှတ်ဥာဏ် ကောင်းသည်ဟု တထစ်ချ လက်မခံချင်ပေ။ အဘွား၏ ဦးနှောက်တွင် အကန့်ပေါင်း များစွာသည် ရှင်းနေသည်။ ဒီတော့လည်း သူမှတ်ချင်သော အရာကို စနစ်တကျ မှတ်ထားနိုင်သည်ဟု ယူဆချင်ကြသည်။
သို့သော် ရှစ်ဆယ်ကျော် ဟူသော အသက်နှင့် တိုင်းတာလျှင် အဘွား၏ မှတ်ဥာဏ်သည် ရှာမှရှားအောင် ကောင်းလှသည်ကိုတော့ ဝိဇ္ဇာသမားရော သိပံ္ပသမားပါ ခြွင်းချက်မရှိ လက်ခံရသည်။
သို့သော်လည်း ကုသိုလ်ကံက သူ့ဘက်တွင် အစအဆုံး ဖေးကူသည်တော့ မဟုတ်ပေ။ သူ့ခမျာ သူများပြောသော စကားကိုတော့ တော်ရုံနှင့် မကြားနိုင်။ အတော်ကြီးကို နားလေးရှာသောကြောင့် ဖြစ်သည်။ နားလေးသူများ စကားပြောလျှင် အကျယ်ကြီးသော်လည်း ဖြစ်တတ်သည်။ သို့တည်းမဟုတ် အလွန်လျှင်လည်း တိုးတတ်သည်ဟု ဆိုကြသည်။ အဘွားရွှေက ဒုတိယ အမျိုးအစားတွင် ပါသည်။ သူက တိုးတိတ်ညင်သာစွာ ရွေ့လျား သွားတတ်သော သူ၏ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနှင့် လျော်ညီစွာ စကားကိုလည်း တိုးတိုးလေးပင် ပြောတတ်သည်။
သူ့ကို နားလေးသည်ဟု အကျယ်ကြီး အော်ပြောလျှင်လည်း မကြိုက်။ သို့သော် အချို့ နားလေးသူများလိုလည်း အကင်းမပါးချေ။ အချို့သူများက နှုတ်ခမ်းလှုပ်သည်ကို ကြည့်ပြီး ဘာပြောသနည်း မှန်းဆ၍ ကြည့်တတ်ကြသည်။ ဘွားရွှေကတော့ ထိုသို့မဟုတ်။ သူက မေးချင်ရာမေးပြီး ဖြေသူက ဖြေချင်သလိုဖြေ၊ ကြားချင်သလို ပြန်ကြားပစ် လိုက်သည်သာ ဖြစ်သည်။
ဥပမာ-ညိုညိုတို့အမေ ဒေါ်အေးခင် မနက်ဈေးမှ ပြန်လာတိုင်း အဘွားရွှေနှင့် အချီအချ ပြောကြသည်ကို တစ်ခါလောက် နားထောင်ကြည့်လျှင် သိနိုင်သည်။
“ဈေးထဲမှာ ငါးမြင်းလေးများ မတွေ့ခဲ့ဘူးလားအေ”
“မတွေ့ဘူး အမေ၊ ငါးတန်တွေချည်းပဲ”
“ဗိုက်သား မရရင် မဝယ်တာ ကောင်းပါတယ်။ ငါးမြင်းဆိုရင် ခေါင်းနဲ့ ဗိုက်သားပဲ ကောင်းတာ”
“အမေ ငါးမြင်းကြိုက်မှန်း သိပါတယ် အမေရယ်၊ ဒါပေမဲ့ ဈေးထဲမှာက ငါးမြင်းအစစ် မရှိဘူး၊ ငါးတန်ကို ငါးမြင်းလုပ်ပြီး ရောင်းကြတာ”
“အို- ငါးကြင်းတော့ သိပ်မကြိုက်ပါဘူး”
“အင်း- ငါးကြင်းကြိုက်ရင် အကောင်းသား။ ငါးကြင်း အကောင်ကြီးတွေတော့ တွေ့တယ်”
“ဟုတ်လား။ ဒါပေမဲ့ ငါးရံ့ခြောက်က ဆားပေါ့မှ ကောင်းတာ”
“ဆားပေါ့တဲ့ ငါးရံ့ခြောက်ကတော့ ရွှေထက်တောင် ရှားဦးမယ် အမေရေ့၊ ရွှေကမှ ပိုက်ဆံရှိရင် ဝယ်လို့ရသေးတယ်”
“ငါးရွှေတွေတော့ ဝယ်မလာနဲ့နော်။ ငါးရွှေနံ့က သိပ်ညှီတာပဲ”
“ငါးရွှေက ငါးဆုပ်လုပ်ရင်တော့ မဆိုးပါဘူး အမေရယ်၊ ငါးဖယ်ဆုပ်ထက် တွက်ခြေကိုက်တယ်”
“ဘာရယ် ... ပုစွန်ခြောက် တစ်ပိဿာ ငါးဆယ်တောင် ပေးရတယ် ဟုတ်လား”
အမေနှင့် အဘွားသည် မနက်တိုင်း ဈေးမှပြန်လာတိုင်း ထိုသို့ပင် အချီအချ ပြောလေ့ရှိကြသည်။ ထိုသို့ ပြောကြတိုင်းလည်း ညိုညိုတို့ ညီအစ်မတစ်တွေ ကျိတ်ပြီး ပြုံးကြ ရယ်ကြရသည်။ ဘွားရွှေက အမှတ်သညာ ကောင်းလှသောကြောင့် လွန်ခဲ့သော ဆယ့်လေးငါးနှစ်က ဈေးနှုန်းကို စွဲစွဲမြဲမြဲ မှတ်မိနေသည်။ နားကလည်း မကြား၊ အော်ပြောလျှင်လည်း မကြိုက်။ မကြိုက်မှန်းသိတော့ အဘွား ကြားလောက်အောင် မည်သူကမျှလည်း အငြိုအငြင်ခံပြီး မအော်။ ဒီတော့လည်း အဘွားရွှေသည် သူ့စိတ်ကူးကမ္ဘာထဲတွင် သူ့ကုန်ဈေးနှုန်းနှင့် သူ့ဟာသူ တလိမ့်လိမ့်နှင့် လိမ့်နေတတ်လေသည်။
“ကြက်တစ်ပိဿာ လေးဆယ့်ခြောက်ကျပ်တဲ့၊ ကြီးလိုက်တဲ့ ဈေး၊ ဝယ်စားရတဲ့သူတွေ မွဲရောပေါ့”
တစ်ခါတစ်ရံလည်း ကွမ်းယာထဲထည့်ရန် ကွမ်းသီးစိတ်ကလေးများကို သံဆုံထဲ ထည့်ထောင်းရင်း တစ်ဦးတည်း ညည်းညူ နေတတ်၏။
“ဝက်ကရော တစ်ပိဿာ သုံးဆယ်ဆိုတာ နည်းတဲ့ဈေးလား။ ဒီလို ငွေခဲကိုက်ပြီး စားနေရရင် ဒုက္ခပါပဲ။ လူလုပ်ရတာလဲ မလွယ်ပါဘူးအေ။ စိတ်ညစ်စရာ”
အဘွားသည် အင်္ဂလိပ် ကျွန်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေး ရပြီးစ ရောင်စုံ သောင်းကျန်းသူခေတ်၊ ဖဆပလခေတ်၊ တော်လှန်ရေး ကောင်စီခေတ် စသည့် ခေတ်အဆက်ဆက်ကို ဖြတ်သန်းကျော်လွှားခဲ့ရသော လူသားတစ်ဦး ဖြစ်သော်လည်း သူသည် မြန်မာပြည်၏ အခြေအနေများကို လုံးဝ စိတ်ဝင်စားခြင်း မရှိပေ။ စာကလည်း မတတ်တော့ ဘာစာကိုမှလည်း မဖတ်။ သူစိတ်ဝင်စားသည်မှာ ဆန် ဆီ ဆား ငရုတ် ကြက်သွန်နှင့် ကြက်သား ဝက်သား ငါး ပုစွန် ဈေးသာ ဖြစ်သည်။ အမျိုးသမီး သဘာဝမို့ စိန်တွေ ရွှေတွေကို အတန်အသင့် မက်မောသော်လည်း သူက စိန်အကြောင်း ရွှေအကြောင်း သိပ်မပြောတတ်ပေ။
“အဘွားက တကယ့်ကို မိန်းမအစစ်၊ မီးဖိုချောင်မှာနေ မီးဖိုချောင်မှာပျော် မီးဖိုချောင်ကို တကယ် စိတ်ဝင်စားတဲ့ တကယ့် မိန်းမပီသတဲ့ မိန်းမအစစ်”
ညိုညိုက သူ၏အဘွားကို ချီးမွမ်းသလိုလို ရှုတ်ချသလိုလို ပြောတတ်သည်။
“မမညို ပြောပုံက ပိုပိုတို့က မိန်းမအတုတွေ ကျနေတာပဲ”
“အတုတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဘွားလောက် မစစ်တာတော့ အမှန်ပဲ”
ညိုညိုတို့ ညီအစ်မတစ်တွေက ထမင်းဟင်းချက်ရန်ထက် ဘွဲ့လွန်သင်တန်း တက်ရန် ပိုပြီး စိတ်ဝင်စားကြသည်။ နိုင်ငံခြားဘာသာ သင်သူက သင်၊ ဘွဲ့လွန်တက်သူက တက်၊ ကွန်ပျူတာ တွက်သူက တွက်နှင့် မဆုံးနိုင်သော ပညာများကို မမောနိုင် မပန်းနိုင် ကြိုးစားပြီး သင်ယူ နေကြသူများ ဖြစ်သည်။
ပညာတတ်သော ပညာတော်သော မိန်းမတို့၏ သဘာဝအတိုင်း မီးဖိုချောင်ထဲမှ အမျိုးသမီးများကို အထင်သေးသည်ဟု မဆိုသာသော်လည်း အထင်အမြင် မကြီးလှသည်ကတော့ အမှန်ပင်။ သို့သော် အဘွားကို သူတို့အားလုံး ချစ်ကြသည်။ ဆီဘယ်ဈေး ဆန်ဘယ်ဈေး ကြက်ဘယ်ဈေး ဝက်ဘယ်ဈေးနှင့် လွန်ခဲ့သော ဆယ့်လေးငါးနှစ်က ဈေးတွေကို တတွတ်တွတ် ရေရွတ်ပြီး ညည်းညူနေလျှင် သူတို့အားလုံး အဘွားကို ချစ်ခင်ကြင်နာစွာ ကြည့်ပြီး ရယ်ကြရသည်။
“ငါ့အမေက သိပ်ကုသိုလ် ကောင်းတာ။ နားလေးတာလဲ သူ့အတွက်တော့ ကုသိုလ် တစ်မျိုးပဲ”
ညိုညိုတို့ မိခင်က ထိုသို့ ပြောတတ်သည်။
“သဘာဝတရားကြီးက အင်မတန်ကို သဘာဝကျတာ အမေရဲ့။ လူတွေဟာ ငယ်ငယ်တုန်းက လှုပ်နိုင်ရှားနိုင် သွားနိုင်လာနိုင် ရှာနိုင်ဖွေနိုင် စားနိုင်သောက်နိုင် ကြတယ်။ သူတို့အတွက် ခြေထောက်တွေ လက်တွေ သန်ဖို့ နားကောင်းဖို့ သွားကောင်းဖို့ လိုတယ်။ ဒါပေမဲ့လဲ အသက်တွေကြီးလာတဲ့ အခါကျတော့ အစာအိမ်က တော်ရုံတန်ရုံကို ကြေအောင် မခြေနိုင်တော့ဘူး။ ဒါ့ကြောင့် အစာမာမာတွေ ဝမ်းထဲ သိပ်မရောက်အောင် အဘိုးကြီး အဘွားကြီးတွေကို သွားကျိုးပေးတာတဲ့။ နောက်ပြီး လူကြီးဆိုတော့ စိတ်အနှောင့်အယှက် ဖြစ်တာတွေကိုလည်း မခံနိုင်တော့ဘူးတဲ့။ ဒါ့ကြောင့် ခုလို မကြားသင့်တာ မကြားရအောင် တော်ရုံဆိုလဲ မမြင်ရအောင် နားလေးတာ မျက်စိမှုန်တာတွေကို ဖန်တီးပေးထားတာတဲ့”
ပိုပိုက ရယ်ရယ်မောမောနှင့် ပြောသည်။
“ဒီတော့ အဘွား အသက်ရှည်အောင် နင့်ထဘီကို နည်းနည်း ရှည်ရှည် ပြင်ဝတ်လိုက်ပါ မိပိုပိုရယ်။ ငါတို့အဘွားက နားလေးပေမယ့် မျက်စိက သိပ်ကောင်းတာ။ နင့်ထဘီ ဒူးဆစ်လောက်ကို မြင်ရင် စိတ်အနှောင့်အယှက် ဖြစ်မှာ ဧကန်ပဲ”
“ဟာ ... မမညိုကလည်း ထဘီတိုတာများ ဘာဆန်းလို့လဲ။ မြန်မာအမျိုးသမီး လောကမှာ ဖက်ရှင်ထွင်စရာ ဆိုလို့ ထဘီတိုလိုက် ရှည်လိုက်ပဲ လုပ်စရာရှိတာ။ အမေကပြောတယ် ခင်ယုမေ ငယ်ငယ်တုန်းကလည်း ထဘီတိုတိုခေတ် တစ်ခါထခဲ့ဘူးတယ်တဲ့၊ အဲဒီတုန်းက ပိုပိုတို့ထက်တောင် တိုချင်တိုခဲ့ဦးမှာ”
ပိုပိုက စကားနိုင်လု၍ ပြောသော်လည်း ထဘီကိုတော့ ပြန်ပြင်ဝတ်သည်။ အဘွားမကြိုက်မှာ စိုးသောကြောင့်တော့ မဟုတ်။ ထဘီတိုက အတန်ငယ် ခေတ်ကုန်သွားပြီဟု ယူဆသောကြောင့် ဖြစ်သည်။
“အဘွား မျက်စိနောက်လို့လား၊ မှားခေါ်တာလား မသိဘူး၊ တစ်နေ့တုန်းက ပိုပို့ကို ‘ဟဲ့ မိတိုတဲ့၊ ငါ့ကွမ်းအစ် ယူပေးစမ်း’ တဲ့”
ပိုပို၏စကားကို ကြားတော့ တစ်အိမ်သားလုံး ဝါးခနဲ ရယ်မိကြသည်။
“အဘွား ဘယ်တော့မှ မှားမခေါ်ဘူး၊ မျက်စိနောက်တာပဲ ဖြစ်ရမယ်” ညိုညိုက မှတ်ချက်ချသည်။
နေရာတကာတွင် အစအနောက် သန်ချင်သော ပိုပိုကမူ “နေဦး၊ အဘွားကို မျက်စိတင်မကဘူး၊ နားပါနောက်သွားအောင်လို့ လောကကြီးနဲ့ ဆက်သွယ်ပေး လိုက်ဦးမယ်။ အဟမ်း ...အဘွား မကြား ကြားအောင် တအားအော်နိုင်သော အသံစွမ်းအားကို ပေးသနားတော်မူပါဘုရား” ဟူ၍လည်း လက်အုပ်ချီကာ ဆုတောင်းလိုက်သေးသည်။
နောက်တစ်နေ့ကျတော့ သူ၏ရွှေဘီးကြီးကို သံသေတ္တာထဲမှ ထုတ်ကြည့်နေသော အဘွားနားသို့ ပိုပို ရောက်သွားသည်။ အဘွားရှေ့တွင် လက်ဖြန့်ခံရင်း ရွှေဘီးကြီးကို တောင်းသည်။
“ပေးနိုင်ပါဘူးအေ၊ ကျုပ်မှာ ဒီရွှေဘီး တစ်ချောင်းပဲ ရှိတော့တာ”
အဘွားက လေအေးအေးနှင့် ပြောသည်။
“ဒီရွှေဘီးက ညည်းတို့ အဘိုး လက်ဆောင်ပေးတာ၊ တစ်ကျပ်ခွဲသားတောင် ရှိတာ အေရဲ့၊ အခုလောက်ဆိုရင် သုံးထောင်လောက် တန်နေပြီ”
“သုံးထောင် မဟုတ်ဘူး၊ သုံးသောင်း သုံးသောင်း”
“အေးလေ။ သုံးထောင်ဆိုပါမှ ငါသိပါတယ်၊ ရွှေဈေးတွေက တက်လာလိုက်တာ တစ်ကျပ်သားကို နှစ်ထောင်လေ”
အဘွားကို စချင်နေသော မိပိုပိုက အဘွား နားအနားသို့ ပါးစပ်တေ့ကာ တအားအော်သည်။
“တစ်ကျပ်သားကို နှစ်သောင်း နှစ်သောင်း”
“ဘာရယ်အေ”
“နှစ်သောင်း”
“ဘုရား ... ဘုရား နင်ဘာပြောတယ်”
“တစ်ကျပ်သားကို နှစ်သောင်း”
“နှစ်သောင်း ဟုတ်လား”
အဘွားက မဝံ့မရဲ မေးသည်။ ပိုပိုက ခေါင်းကို တအားညိတ်ပြသည်။
“အဘွားဘီးက သုံးသောင်းတန်တယ်၊ သုံးသောင်း”
“ဘုရား ... ဘုရား သုံးသောင်း”
“ဟုတ်တယ်။ သုံးသောင်း၊ သုံးသောင်း”
“ဘုရားရေ၊ ငါ့ရွှေဘီးက သုံးသောင်းတောင် တန်တယ်တဲ့၊ ဘာပြောတယ် မိပိုပို၊ ရွှေတစ်ကျပ်သားကို နှစ်သောင်း ဟုတ်လား”
မျက်လုံးမျက်ဆန် ပြူးနေသော အဘွားကိုကြည့်ကာ တစ်အိမ်သားလုံး ပွဲကျနေကြသည်။ အဘွားကြားအောင် တစ်ယောက်တစ်လှည့် ဝိုင်းအော်ကြသည်။
“တစ်ကျပ်သားကို နှစ်သောင်း”
“အဘွားဘီးက သုံးသောင်း”
အဘွားက သူ့ရွှေဘီးကိုတစ်လှည့် ပိုပိုကိုတစ်လှည့် ကြည့်ရင်း မယုံနိုင်အောင် ဖြစ်နေရှာသည်။
“နင် ကျားကိုက်သေ”
“သေ သေ တကယ်သေ”
အဘွားက အားမနာပါးမနာ ကျိန်တွယ်ခိုင်းတော့ ပိုပိုသည် ခေါင်းတညိတ်ညိတ်နှင့် စိတ်ပါလက်ပါ လိုက်လံကျိန်တွယ်ရင်း ရယ်မဆုံးနိုင်အောင် ဖြစ်နေသည်။
အဘွားခမျာမှာတော့ ထိုနေ့တစ်နေ့လုံး ဂနာမငြိမ်နိုင် ရှာတော့ချေ။ သူ့ရွှေဘီးကို ထုတ်ကြည့်လိုက် သေတ္တာထဲ ပြန်ထည့်လိုက်နှင့် ဖြစ်နေသည်။
“မိအေးခင်- ညည်းကလဲ ရွှေတွေ ဒီလောက် ဈေးတက်နေတာ ငါ့ကို မပြောဘူး၊ ဒီလိုမှန်းသိရင် ငါ့ဆွဲကြိုးတွေ လက်ကောက်တွေ ရောင်းမပစ်ဘဲ သိမ်းထားခဲ့ရရင် ဘယ်လောက် ကောင်းမလဲ”
လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်လောက်က ရောင်းခဲ့ရသော ဆွဲကြိုးတွေ လက်ကောက်တွေကိုပင် ပြန်တွေးပြီး နှမြောနေသော အဘွားကို ကြည့်ရင်း ညိုညိုတို့အဖေပင် တဟားဟား ဖြစ်နေသည်။ ထို့နောက် ‘ခေတ်ဟောင်းက အဘွားကို ခေတ်သစ်ရောက်အောင် ရွှေကြိုးနဲ့ ဆက်ပေးလိုက်တာလား သမီးရဲ့’ ဟု ပိုပို့ကို ပြောသည်။
“အရင်တုန်းက ဆွဲကြိုးရော လက်ကောက်ရော ကြယ်သီးနှစ်စုံရော ရောင်းတာတောင် ဒီလောက်မရဘူး။ အခုတော့ ဒီဘီးတစ်ချောင်းတည်းတောင် သုံးသောင်းတန်နေသတဲ့၊ အံ့ရော”
အဘွားက လေအေးအေးနှင့် တပြုံးပြုံး ပြောနေသည်။ သူ့လက်ထဲရှိ ပစ္စည်းက တန်ဖိုးတက်နေသည် ဆိုတော့လည်း မိန်းမတို့ ဓမ္မတာအတိုင်း စိတ်ချမ်းသာနေပုံ ရလေသည်။
ထို့နောက် သူ စွဲစွဲမြဲမြဲ မှတ်မိနေသော ကုန်ဈေးနှုန်းများကို သတိရသွားသည်။ ရွှေတွေ ဈေးတက်နေသည် ဆိုတော့ ကျန်ပစ္စည်းများလည်း သူမှတ်မိသော ဈေးနှုန်းတွင် တည်ငြိမ်စွာ ရပ်တန့်နေလိမ့်မည် မဟုတ် ဆိုသည်ကို သူ ပထမဦးဆုံးအကြိမ် အနေနှင့် စဉ်းစားမိခဲ့ဟန် တူလေသည်။
နံနက်စောစောစီးစီး ပထမဆုံးမေးသည်က ပဲပြုတ်ဈေးဖြစ်သည်။ ပဲပြုတ်သည်ဆီမှ ပဲဝယ်ပြီး ပန်းကန်လေးကိုင်ကာ အိမ်ထဲလှည့်ဝင်လာသော ညိုညိုတို့မိခင်အား ခပ်စူးစူး လှမ်းကြည့်နေရင်း ကောက်ကာငင်ကာ မေးသည်။
“မိအေးခင်၊ အခု ပဲပြုတ်ဘယ်ဈေးလဲ”
“ငါးကျပ် အမေ”
“ဘာရယ် ...”
“ငါးကျပ် ငါးကျပ်”
ဒေါ်အေးခင်က သူ့မိခင်၏ နားအနားသို့ကပ်ကာ တအားအော်သည်။
“တစ်ပိဿာလား”
“မဟုတ်ဘူး။ တစ်ဆယ်သား”
“ဘုရား ... ဘုရား”
အဘွားသည် ထိုနေ့အတွက် ပထမဦးဆုံးအကြိမ် ဘုရားတ သွားလေသည်။ ပထမဦးဆုံးအကြိမ်ဟု ပြောရသည်မှာ နောက်ပိုင်းတွင် အကြိမ်ကြိမ် ဘုရားတရသောကြောင့် ဖြစ်လေသည်။
“ကြက်ဥကရော ဘယ်လောက်ပေးရလဲ”
“လေးကျပ်ခွဲ”
“ဆယ်လုံးလား”
“မဟုတ်ဘူး။ တစ်လုံး၊ တစ်လုံး၊ တစ်လုံးကို လေးကျပ်ခွဲ”
“ဘုရား ... ဘုရား”
အဘွားသည် သူ့အတွက် မကျက်တကျက် ပြုတ်ပေးထားသော ကြက်ဥပြုတ်လေးကို မစားရက်တော့သလို ငေးကြည့်နေသည်။
“ပဲဆီက တစ်ရာ့ခြောက်ဆယ်”
“တစ်ပုံးလား”
“မဟုတ်ဘူး၊ တစ်ပိဿာ”
“တစ်ပိဿာကို တစ်ရာ့ခြောက်ဆယ်၊ ဟုတ်လား သမီး”
“ဟုတ်တယ် အမေ၊ တစ်ပိဿာကို တစ်ရာ့ခြောက်ဆယ်၊ တစ်ပုံးကို ထောင့်ခြောက်ရာ ပေးရတယ်”
“ဘုရား ... ဘုရား၊ ဆီမထည့်ဘဲ ပြုတ်စားလဲ ဖြစ်ပါတယ်ကွယ်”
အဘွားက သူ့ရှေ့မှ ကြက်သားပြုတ်ကြော် ပန်းကန်လေးကို ငေးကြည့်ရင်း သက်ပြင်းချသည်။
ထို့နောက် မရဲတရဲ ဆက်မေးသည်။
“ကြက်သားကရော”
“ဆယ့်ခုနစ်ကျပ် အမေ”
“တစ်ပိဿာလား”
“မဟုတ်ဘူး အမေ”
“အစိတ်သားလား”
“ဟင့်အင်း၊ တစ်ဆယ်သား”
“တစ်ဆယ်သားကို ဆယ့်ခုနစ်ကျပ် ဟုတ်လား၊ ဒီလိုဆို တစ်ပိဿာကို တစ်ရာ့ခုနစ်ဆယ်ပေါ့”
အဘွားက အသံတုန်တုန်လေးနှင့် တွက်ချက်နေသည်။
“ဘုရား ... ဘုရား၊ ဒီလိုဆို ကြက်သား မချက်ပါနဲ့တော့ သမီးရယ်၊ ဝက်သားလေး ဘာလေးပဲ ချက်ပါတော့။ ဒါနဲ့ ဝက်ကရော”
“တစ်ရာ့သုံးဆယ်”
“ဘုရားရေ ... ဝက်တောင် တစ်ရာကျော်တယ်”
အဘွားက ဘုရားတလိုက် ညိုညိုတို့က ဝါးခနဲ ရယ်လိုက်ကြနှင့် တစ်အိမ်လုံး ဆူညံစိုပြည်နေသည်။ တစ်ယောက်တစ်လှည့်စီ အော်နေကြရသဖြင့် လည်ချောင်းတွေပင် နာနေသော်လည်း မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေသော အဘွားကိုကြည့်ကာ သူတို့အားလုံး အူမြူး နေကြရလေသည်။
“ဟေ့ ... အဘွားကို မျက်ဖြူ ဆိုက်သွားအောင် ဆန်ဈေး ပြောပြလိုက် ကြရအောင်”
ပိုပိုက မိုမို့အား လက်တို့သည်။
“အဘွားရေ- ဟောဒီဆန် ဘယ်ဈေးလဲ သိချင်လား”
အဘွား၏ ထမင်းပန်းကန်ထဲမှ ပုသိမ်ပေါ်ဆန်းမွှေး ထမင်း ဖြူဖြူဖွေးဖွေး ကလေးများကို ပြပြီး ပိုပိုက ပြောသည်။ အဘွားက သူ့ကို မော့ကြည့်ကာ ပြောပါဦးဟူသော အမူအရာနှင့် မေးငေါ့သည်။
“တစ်ပြည်ကို တစ်ပြည်ကို နော်”
“အေး တစ်ပြည်ကို ဘယ်လောက်လဲ”
“ခုနစ်ဆယ်နဲ့ နှစ်ကျပ်”
“ဘာပြောတယ်၊ ဆန်တစ်ပြည်ကို ခုနစ်ဆယ့်နှစ်ကျပ် ဟုတ်လား၊ မိပိုပို နင်ရူးနေသလား”
“မရူးဘူး အဘွား၊ အကောင်း အကောင်း”
“ဟုတ်ရဲ့လား မိအေးခင်၊ ဆန်တစ်ပြည် ခုနစ်ဆယ့်နှစ်ကျပ်တဲ့”
ဒေါ်အေးခင်က ခေါင်းညိတ်သော်လည်း ဒီတစ်ခါတော့ အဘွားက ယုံကြည်ဟန် မတူတော့ပေ။ ထုံးစံအတိုင်း နင် ဘုရားစူးတွေ မိုးကြိုးပစ်တွေ ကျားကိုက်သေတွေနှင့် လုံးလည်ချာလည် လိုက်ကုန်လေသည်။
“တော်ကြပါတော့ဟယ်၊ အော်ရလွန်းလို့ လည်ချောင်းတွေလဲ နာနေပြီ၊ ရယ်ရလွန်းလို့ အာတွေလဲ နာနေပြီ”
နောက်ဆုံးတော့ ညိုညိုတို့အဖေက တားယူရသည်။
“ငါ့အမေ ထမင်းစားနေတာ အေးအေးဆေးဆေး စားပါစေ၊ ဘာဈေး ညာဈေးတွေ ဘယ်သူမှ လာမပြောကြနဲ့တော့၊ သွားကြ”
သို့သော်လည်း အဘွားကတော့ ထမင်းကို ကောင်းစွာ မစားနိုင်ရှာတော့ပေ။ ဆန်ကြည့်လိုက် ဆီကြည့်လိုက် အသားလုံးလေး ကိုင်ကြည့်လိုက်နှင့် သက်ပြင်းတချချ ဖြစ်နေရှာသည်။
ထမင်းစားအပြီး ဖီးကြမ်းငှက်ပျောသီးဈေး မေးတော့ “တစ်ဖီးကို ငါးကျပ်” ဟု အော်ပြောသည်။
“ဟင်- အမေကလဲ တစ်ဖီးကို အစိတ်တောင် ပေးခဲ့ရတာ၊ လက်ရင်းဖီးကြီး လေ”
“အေး- ဒါပေမဲ့ အမေ စိတ်ချမ်းသာအောင် ငါးကျပ်လို့ ပြောတာဟေ့၊ နောက်ကို ငါ့အမေမေးရင် ဈေးအမှန် ဘယ်တော့မှ မပြောကြနဲ့တော့၊ လေးပုံတစ်ပုံလောက်ပဲပြော၊ ကြားကြလား”
မျက်နှာ မသာမယာ ဖြစ်နေသော သူ့မိခင်ကို ကြည့်ရင်း ဒေါ်အေးခင် သနားနေသည်။
“တော်ကြာ ငါတို့လုပ်တာနဲ့ အမေလဲ နှလုံးရောဂါ ဖြစ်နေဦးမယ်”
အဘွားက အသက်ရှစ်ဆယ်ကျော်ပြီ ဖြစ်သော်လည်း နှလုံးရောဂါတို့ သွေးတိုးရောဂါတို့ မရှိခဲ့ဖူးပေ။ သူ၏သမီးဖြစ်သူ ဒေါ်အေးခင်က ဆီးချိုရောဂါ ရှိနေသော်လည်း၊ သမက်ဖြစ်သူ ဦးအေးဆောင်က သွေးတွေ တရိပ်ရိပ်တက်နေသော်လည်း အဘွားက ဘာဆိုဘာမျှ မဖြစ်ဖူးပေ။ ထို့ကြောင့် ထမင်းလည်း လျော့ရန်မလို အချိုတို့ အငန်တို့ကိုလည်း ရှောင်ရန်မလိုခဲ့ပေ။
“အဘွားက သိပ်ကုသိုလ်ကောင်းတာ။ အဲဒီလိုလူမျိုးက သေရင်လဲ ဝေဒနာ မခံရဘူး။ တိတ်တိတ်ဆိတ်ဆိတ်ကလေး သေသွားတတ်တယ်”
တစ်အိမ်ကျော်မှ ဘဘကြီးဦးဘမောင်က မကြာခဏ ပြောတတ်သည်။
“အမေ မသေသေးပါဘူး။ အမေက အသက်ကြီးပေမယ့် ဇရာရဲ့ဖိစီးမှုကို သိပ်မခံရဘူး။ ဘာရောဂါ ဘာဝေဒနာမှလဲ မရှိဘူး၊ သေချင်းသေရင် ကျွန်မကသာ အရင်သေမှာ”
ဒေါ်အေးခင်ကလည်း ပြောတတ်သည်။ အဘွားကို ရုတ်တရက် သေဆုံးသွားလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ခဲ့ပေ။
သို့သော် အဘွားသည် ရုတ်တရက် သေဆုံးသွားခဲ့လေသည်။
နောက်တစ်နေ့ မနက်ကျတော့ အဘွား အိပ်ရာထ နောက်ကျနေသည်။ တစ်အိမ်လုံးတွင် နောက်ဆုံးမှ ထလေ့ရှိသော မိုမို နိုးလာသည်အထိ အဘွားက
ထမလာသေးချေ။
“အဘွား ညက အိပ်မပျော်ဘူး ထင်တယ်ဟ။ ဒီနေ့တော့ ဆန်ဈေး ဆီဈေးတွေ အဘွားကို မပြောကြနဲ့တော့”
ညိုညိုက ရယ်ရယ်မောမော ပြောရင်း အဘွားကို သွားနှိုးသည်။
ခုတင်ပေါ်တွင် ညာဘက်စောင်းရင်း ကွေးကွေးလေး အိပ်ပျော်နေဟန်ရှိသော အဘွားကတော့ နိုးမလာတော့ချေ။ ညိုညိုက ထိတ်လန့်တကြားနှင့် “အဘွား ... အဘွား ထတော့လေ” ဟု ပြောရင်း တအားလှုပ်နှိုးတော့ လက်ထဲမှ စိပ်ပုတီးလေးက လွတ်ကျသွားသည်။ ‘အဘွား သတိမေ့နေတာပါ၊ အသက်ရှူလာမှာပါ’ ညိုညိုက ထင်နေသော်လည်း အဘွားသည် ဘဘကြီးဦးဘမောင် ပြောသလို ရုတ်တရက် သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
* * *
“အိပ်နေရင်း ဦးနှောက်သွေးကြော ပြတ်သွားတာ ထင်တယ်”
“နှလုံးက ပုံမှန်လည်ပတ် နေရာက ရုတ်တရက် ဖောက်ပြန်ပြီး အသက်ပါ ပါသွားတာပါ၊ ဒါမျိုးက ဖြစ်တတ်ပါတယ်”
“လေဖြတ် သွားတာပါရှင်”
“အသက်က ရှစ်ဆယ်နဲ့ သုံးနှစ်တဲ့၊ ဒီအရွယ်သေတာ ဘာမှ စဉ်းစား မနေနဲ့၊ အိုလို့ သေတာပါ၊ ရှင်းနေတာပဲ”
အဘွားသေရခြင်း အကြောင်းကို တစ်ယောက်တစ်မျိုး အမျိုးမျိုး ပြောကြသည်။ အဘွား၏ ရုပ်အလောင်းကို ခွဲစိတ်ပြီး မကြည့်ခဲ့သည့်အတွက် ဘာကြောင့် သေဆုံးရသနည်း တပ်အပ် သေချာတော့ မည်သူမျှ မပြောနိုင်။
ပိုပိုကတော့ အေးစက်နေသော အဘွား၏ ခန္ဓာကိုယ်လေးကို တအားဖက်ကာ ငိုသည်။ ထို့နောက် “ပိုပိုတို့က ကျားကိုက်လို့ မသေပေမယ့် အဘွားကတော့ ကြားလိုက်လို့ သေသွားတာလား ပြောပါဦး အဘွားရဲ့” ဟု မချိတင်ကဲ ပြောရှာလေသည်။