သူ့အကြောင်းနှင့်သူ(စ/ဆုံး)
———————-
ကျွန်တော် ဇလပ်ဖြူရွာရောက်သည့်အခါ မိုးချုပ်နေပြီ။ မနက် ၄ နာရီခွဲလောက်ကတည်းက ကားစီးလာခဲ့သည်။ လမ်းတွင်ကားပျက်သဖြင့် ထမင်းတွေလည်းဆာသည်။ ကုန်းကြောင်းခရီးကလည်း ပူလွန်းလှသဖြင့် ခရီးသည်တွေ အားလုံး တောရိပ်ခိုကာ ကားပြင်အပြီးကိုစောင့်နေကြသည်။ ကားကလည်း နောက်ဆုံးတွင် မရတော့ဟုဆိုလိုက်မှ ကျွန်တော်တို့ ခရီးဆက်ခဲ့ကြသည်။ အနီးဆုံး ဇလပ်ဖြူရွာသို့ရောက်ရန်ပင် အနည်းဆုံး ၂ နာရီလောက်လျှောက်ကြရသည်။
ကျွန်တော့်မှာ အသိအကျွမ်းမရှိသဖြင့် ဘုန်းကြီးကျောင်းကို မေးမြန်းပြီး လာခဲ့ရသည်။ မမှောင်မီလေးတွင် ဘုန်းကြီးကျောင်းရောက်၍တော်တော့သည်။ ကျွန်တော်က ဆရာတော်ကိုမေးပြီး သီတင်းသုံးရာ ကျောင်းပေါ်ကို တက်ခဲ့သည်။
ဆရာတော်က ရေနွေးကြမ်းသောက်နေရာမှ
“ဘယ်သူလဲ” ဟု မေးလိုက်သည်။
“ကျောင်းဆရာပါဘုရား။ ကညင်ကုန်းရွာကပါ”
“ဘယ်သွားမလို့လဲ”
“မြို့တက်ပြီး လစာထုတ်မလို့ပါဘုရား။ ဆင်ချောင်းမှာ ကားပျက်နေလို့ ရွာကိုရောက်လာတာပါဘုရား”
“ထမင်းများ စားခဲ့ပြီးပြီလား”
“တစ်နေ့လုံးဘာမျှ မစားရသေးပါဘုရား”
“ဆာနေရောပေါ့ … ဟဲ့ ကိုရင်စန္ဒိမာ လာစမ်း”
ကိုရင်လေးတစ်ပါးရောက်လာသည်။
“ဒကာကြီးအတွက် မီးဖိုခန်းထဲက ငှက်ပျောသီးတစ်ဖီးယူပေးလိုက်။ ဒကာကြီးရေ ညဆိုတော့ ဘာမှမရှိဘူး။ ငှက်ပျောသီးလေးပဲစားတော့”
“ရပါတယ်ဘုရား”
ကိုရင်လေးက နံသာပုငှက်ပျောသီးတစ်ဖီးယူလာပေးသည်။ ကျွန်တော်လည်း ဆာဆာနှင့် ၅ လုံးလောက် စားလိုက်သည်။
ထို့နောက် ဆရာတော်နှင့်အတူ ရေနွေးကြမ်းသောက်နေမိသည်။
“ဆရာတော်နဲ့ ကိုရင်လေးနှစ်ပါးတည်းလားဘုရား”
“ကျုပ်က ဆရာတော်မဟုတ်ဘူး။ ဘုန်းကြီးဝတ်တာ မကြာသေးဘူး။ ဆရာတော်က ဒီနားကရွာ ဆွမ်းသွပ်ကို ကြွသွားတယ်။ မနက်ဖြန်မှ ပြန်လာလိမ့်မယ်။ ဒကာကြီး ဒီနားမှာပဲအိပ်ပေါ့။ ကိုရင်လေးကို ခေါင်းအုံး၊ ဖျာနဲ့ စောင်တွေပို့ခိုင်းလိုက်မယ်။ အိပ်ချင်ပြီလား”
“မအိပ်ချင်သေးပါဘူးဘုရား”
“ဒါဆိုလည်း စကားလေးဘာလေးပြောကြတာပေါ့”
ကျွန်တော်နှင့်စကားပြောနေသော ဦးဇင်းမှာ ဘုန်းကြီးပုံစံနှင့် လုံးဝမတူသည်ကတော့ အမှန်ပင်ဖြစ်သည်။ အသားမည်းမည်းနှင့် သွားတွေမှာ ကွမ်းချေးတွေအထပ်ထပ်ကပ်နေသည်။ ခေါင်းတုံးထားသော်လည်း ဦးခေါင်း ပေါ်တွင် အမာရွတ်တွေပြည့်နေသည်။ ပုံစံကဂင်တိုတိုနှင့် စကားပြောလည်း အသံကျယ်သည်။ မျက်နှာတွင် ကျောက်ပေါက်မာတွေနှင့်ဖြစ်သည်။
“ဒကာကြီးက ကျုပ်ကို အကဲခတ်နေပုံရတယ်”
“မဟုတ်ပါဘူးဘုရား”
“ကျုပ်က ဘုန်းကြီးမဝတ်ခင်က နွားသတ်သမားလေ”
ကျွန်တော်ဘာမျှ မမေးရသေးမီ ဦးဇင်းကပြောနေခြင်းဖြစ်သည်။ ကျွန်တော်ကလည်း စိတ်ဝင်စားသွားပြီး
“အရှင်ဘုရား ရဟန်းဘောင်ကို အပြီးဝင်တာလားဘုရား။ သားတွေ သမီးတွေရော ရှိပါသလား”
“သမီးတစ်ယောက်ရှိတယ်။ မြို့မှာ အိမ်ထောင်ကျနေတယ်။ မိန်းမကတော့ ဆုံးသွားတာ ၈ နှစ်လောက်ရှိပြီ”
“အရှင်ဘုရားစောစောကပြောတဲ့အထဲမှာ နွားသတ်တယ်လို့ ကြားမိပါတယ်”
“ဟုတ်တယ် ကျုပ်ကနွားပေါ်တယ်။ အမဲသားရောင်းတယ်။ ဒါကြောင့်လည်း သမီးက ကျုပ်နဲ့မနေတာပေါ့။ ခုတော့ ရဟန်းဘောင်မှာပဲ အပြီးနေတော့မယ်လို့ ဆုံးဖြတ်ထားတယ်”
“ဘာဖြစ်လို့ ဆုံးဖြတ်လိုက်တယ်ဆိုတာ သိခွင့်ရှိမလားဘုရား”
“အင်း ဒကာကြီးကို ပြောရင် ယုံမှာမဟုတ်ဘူး”
“အရှင်ဘုရား ပြောရင်တော့ နားထောင်ချင်ပါတယ်ဘုရား”
“တစ်နေ့ပေါ့ … အဲဒီနေ့က ကျုပ်ရဲ့ လူ့ဘဝနောက်ဆုံးနေ့လို့လည်း ပြောနိုင်တယ်။ မနက် ၃ နာရီလောက်မှာ ကျုပ်နွားသတ်ဖို့ အိပ်ရာကထတယ်။ ရေနွေးတွေဘာတွေတည်ပေါ့။ ရေနွေးဆူတော့ ကျုပ်နွားကို ထိပ်ထုဖို့ ပေါင်တူကြီးကို ယူပြီးတော့ ညက ချည်တိုင်မှာချည်ထားတဲ့ နွားမကြီးဆီကို လာခဲ့တယ်”
ဦးဇင်းက စကားဖြတ်လိုက်ပြီး ရေနွေးကြမ်းတစ်ခွက်ကိုသောက်လိုက်သည်။ ကျွန်တော်က သိချင်သဖြင့် သူ့စကား အဆက်ကို စောင့်နေသည်။
“ပြောသာပြောရမယ်။ ကျုပ်ဘဝမှာ ဒီစကားကို ကျောင်းဆရာနဲ့ ဆရာတော်ကိုပဲ ပြောဖူးတယ်။ ကျောင်းဆရာ လည်း ယုံချင်မှယုံပေါ့”
“တပည့်တော် နားထောင်နေပါတယ်ဘုရား”
“ကျုပ်လည်း နွားနားကိုကပ်သွားတာပေါ့။ သူ့ခေါင်းကိုထုဖို့ ချက်ကောင်းကို ရှာနေချိန်မှာ ဟဲ့ ဘိုးနီ … နင်က ငါ့ကို သတ်မလို့ပေါ့လေလို့ပြော သံကြားလိုက်ရတာ။ ကျုပ်ကို ဘိုးနီလို့ခေါ်တာ ကျုပ်မိန်းမပဲရှိတာ။ ဒါကြောင့် ကျုပ်မိန်းမက ကျုပ်ကို လာချောက်နေတယ်ထင်ပြီး လျှောက်ရှာတာပေါ့။ မတွေ့ပါဘူး။ ဒါနဲ့ နွားကို ခေါင်းထုဖို့ ပြန်ပြင်တယ်။ ဒီတစ်ခါတော့ အသေအချာပဲ။ နွားမကြီးက ခေါင်းမော့ပြီး ကျုပ်ကို ဘိုးနီ နင်ငါ့ကို သတ်တော့မယ်ပေါ့လေလို့ကိုပြောတာ။ အဲဒီမှာ ကျုပ်လက်ထဲကတူကို လွှတ်ချလိုက်မိတယ်”
ဦးဇင်းကြီးက စကားဆက်မပြောဘဲ ရေနွေးကြမ်းသောက်နေသည်။
“နွားက စကားပြောတယ်လို့ ဆိုလိုတာလား”
“ဟုတ်တယ်။ ကျုပ်သတ်မယ့်နွားက ကျုပ်ကို ဘိုးနီလို့ခေါ်ပြီးတော့ကို စကားပြောတာ။ ဒကာကြီး မယုံတော့ဘူး မဟုတ်လား”
ကျွန်တော်ဦးဇင်းကြီးကို စကားပြန်မပြောနိုင်လောက်အောင်ဖြစ်နေသည်။
“ကျုပ်လည်း အိမ်ကထွက်ပြေးခဲ့တာ”
“နွားကို မသတ်ဖြစ်တော့ဘူးပေါ့”
“ဘယ်သတ်ဖြစ်မှာလဲ။ မီးဖိုကမီးရောင်တွေမှာ နွားမကြီးကကျလာတဲ့မျက်ရည်တွေကို ကျုပ်ရင်မဆိုင် ရဲတော့ဘူး။ ဒါနဲ့ပြေးမိပြေးရာပြေးရင်း ဘုန်းကြီးကျောင်းရောက်လာတာ။ အဲဒီမှာ ဘုန်းကြီးဝတ်လိုက်တာ”
“ဘာဖြစ်လို့ နွားကြီးကို ဦးဇင်းမိန်းမလို့ ပြောရတာလဲဘုရား”
“ကျုပ်ကို ဘိုးနီလို့ခေါ်တာ ကျုပ်မိန်းမတစ်ယောက်ပဲရှိလို့ပေါ့”
“သူကသေသွားပြီနော်”
“ဟုတ်တယ်”
“ဘာဖြစ်လို့လဲ”
ဦးဇင်းကြီးက ကျွန်တော်မေးသည်ကို မဖြေပါ။
“ဒကာကြီးအိပ်တော့။ ဦးဇင်းလည်း သွားကျိန်းတော့မယ်” ဟုပြောကာ ကျွန်တော့်အနားမှထသွားသည်။
ကျွန်တော့်မှာ ဦးဇင်းကြီးပြောသွားသည့်စကားကို တွေးရင်း မိုးလင်းသွားသည်။ မိုးလင်းသော် ကားကြုံကို ရွာထိပ်က ထွက်စောင့်နေသည်။ ကျွန်တော် မြို့ကို ခရီးဆက်ခဲ့သည်။ သို့သော်အတွေးတွေနှင့်ဖြစ်သည်။
တင်ညွန့်
၃၁.၁၀.၂၀၂၅