အစုန် အဆန်
-------------
ယခုလိုကာလတွင် လူတိုင်းကျပ်နေကြသည်။ ကျွန်တော့်မှာလည်း ရှိစုမဲ့စု ငွေလေးက ကိုဗစ်ဝေဒနာ သုံးလတာ ခံစားနေရချိန်၌ ငွေနှင့်အသက်ကို လဲလိုက်ရသလို ဖြစ်သွားသည်။ လူက ပြန်ပြီး ကျန်းမာကာ စားနိုင် သောက်နိုင်၊ စာရေးနိုင်သဖြင့် တော်တော့သည်။
မြို့ထဲတွင် ထုတ်ဝေသူတစ်ဦးနှင့် ချိန်းထားသဖြင့် တွေ့ဆုံကြသည်။ စာအုပ်လုပ်ငန်းကလည်း အားရစရာမရှိ။ ထုတ်ဝေသူတွေက မထုတ်နိုင်သေးဟုဆိုပါက၊ စာရေးခြင်းဖြင့် အသက်မွေးနေရသူတွေမှာ မျှော်လင့်ချက် ဝေးရပြီ။ သူနှင့်ကျွန်တော် စာအုပ်လောကအကြောင်း အတန်ကြာဆွေးနွေးဖြစ်ကြသည်။
ကျွန်တော် သူနှင့်စကားပြောဆိုပြီး ပြန်ရန်ထလိုက်သည့်အခါတွင်
“ဆရာ”
“ဘာလဲဗျ”
“ဆရာ့ကို သီတင်းကျွတ်မှာ မကန်တော့ရသေးဘူး … ကန်တော့တာပါ” ဟုဆိုကာ စာအိတ်လေးတစ်အိတ် လှမ်းပေးသည်။
“အို … ရပါတယ်ဗျာ … ဒီအချိန်မှာ အဆင်ပြေကြတာမဟုတ်ပါဘူး”
“မဟုတ်ပါဘူးဆရာ … ဒါက ဆရာ့ကို ကန်တော့တာပါ”
သူက ကျွန်တော့်လွယ်အိတ်ထဲကို စာအိတ်အား အတင်းထည့်ပေးလိုက်သည်။
အိမ်ပြန်ရန် ကားဂိတ်သို့အလာ မြို့ထဲတွင် မိတ်ဆွေတစ်ယောက်နှင့်တွေ့သည်။ သူက ပရုဖ် (proof) ဖတ်သူတစ်ဦးဖြစ်သည်။ ကျွန်တော့် စာအုပ်တစ်အုပ်ကိုလည်း သူက ပရုဖ်ဖတ်ပေးဖူးသည်။ နောက်ပိုင်း သူနှင့် မတွေ့သည်မှာ အတော်ကြာသွားပြီ။ ကျွန်တော် ဂျာနယ်ထုတ်စဉ်က စိစစ်ရေးနှင့် ပြဿနာတစ်ခုတက်ဖူးရာ သူက အကူအညီပေးသဖြင့် ပြေလည် သွားသည်။
“ဆရာရေ … တစ်အိမ်လုံး ကိုဗစ်ဖြစ်လိုက်တာ မသေလို့တွေ့ရတာပဲ”
“ခင်ဗျားလိုပါပဲဗျာ … ကျွန်တော်လည်း အတော်လေး ခံလိုက်ရတယ်”
ကျွန်တော်က သူ့ကိုကြည့်လိုက်ပြီး စိတ်မချမ်းသာဖြစ်မိသည်။ လွယ်ထားသည့် လွယ်အိတ်လေးက စုတ်ပြဲနေ သည်။ သူ့အသက်က ကျွန်တော့်ထက် ငယ်သော်လည်း အိုစာကျလွန်းသည်ဟု ထင်မိသည်။ နောက်ပြီး အသားတွေက ဝါတာတာ။ လူကလည်း ပိန်လွန်းလှသည်။
“ခုကော ပရုဖ်ဖတ်သေးလား”
“အလုပ်အပ်မယ့်သူ မရှိတော့ပါဘူးဆရာရယ်”
ကျွန်တော်က သူ့ကို တစ်ခုခု ကူညီချင်သည်။ သို့သော် စာပေသမားများသည် မာနလေးတွေရှိကြသည်။ ထို့ကြောင့် သူ့မာနကို ထိခိုက်သလို ဖြစ်သွားမည်လားလည်း စိုးရိမ်မိသည်။
“ကျွန်တော် ခင်ဗျားအိမ်မရောက်တာ ကြာပြီဗျာ … လိုက်လည်ဦးမယ်”
“ကျွန်တော်တို့ မြောက်ဒဂုံမှာ မဟုတ်တော့ဘူးဆရာ”
“ဘယ်ပြောင်းသွားပြီလဲ”
“သာကေတ”
“သာကေတက ကျွန်တော်နေခဲ့တာပဲ … ဘယ်နားလဲဗျ”
“ရှုခင်းသာနားမှာ”
“ရှုခင်းသာက ကျွန်တော် နေ့တိုင်းလမ်းလျှောက်တဲ့နေရာပဲဗျ … ဘယ်နားပါလိမ့်”
“ကန်နောက်က ရပ်ကွက်လေးမှာ နေတယ်ဆရာ”
“အရင် အိမ်က”
“ရောင်းလိုက်ပြီလေ”
ကျွန်တော်တို့ စကားမဆက်နိုင်တော့။ ကျွန်တော်နှင့်သူ ပြန်ရာလမ်းတူသည်။ ၃၁ ကားကို စီးခဲ့ကြပြီးနောက် သူနေသည့် ရပ်ကွက်ကို လိုက်လည်ချင်သဖြင့် ရှုခင်းသာတွင် ဆင်းကြသည်။ ထို့နောက် သူခေါ်သည့် ဘုန်းကြီး ကျောင်းလမ်းကတစ်ဆင့် ရပ်ကွက်တွေထဲကို ဖြတ်ခဲ့သည်။
ကျွန်တော်အမှန်အတိုင်း ဝန်ခံရလျှင် သာကေတနေရာအစုံလောက်ကို လမ်းလျှောက်သဖြင့် ရောက်ဖူးသည်။ သို့သော် သူနေသော ရပ်ကွက်ကိုတော့ ယခုမှရောက်ဖူးခြင်း ဖြစ်သည်။ အိမ်လေးတွေက အိမ်ဟု ဆိုနိုင်ရုံ သာသာဖြစ်သည်။ အလွန်ဆုံးရှိမှ ၁၀ ပေပတ်လည်။ အမိုးအကာတွေက အားလုံး ယာယီတွေဖြစ်သည်။ ကိုရီးယား မိုးကာဖျင်တွေကို မိုးထား၊ ကာထားသည့် အိမ်လေးတွေကို တွေ့ရသလို၊ အချို့အိမ်တွေဆိုလျှင် ကတ်ထူစက္ကူချပ်ကြီးတွေကို ကာထားသည်။
သူခေါ်ရာလမ်းသည် မိုးပြတ်ပြီဆိုသော်လည်း ရေအိုင်တွေကို ပတ်ရှောင်နေရသည်။ အချို့နေရာများတွင် သဲအိတ်တွေကို ချထားသည်။
“ခင်ဗျား ဒီရပ်ကွက်ထဲကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲဗျာ”
“စီးပွားရေးအဆင်မပြေ၊ ရောဂါတွေကဖြစ်၊ အလုပ်ကမရှိတော့ အိမ်ရောင်းပြီးတော့ ဒီမှာလာနေတာ”
“အိမ်ပိုင်လား”
“ဒါက ကျူးကျော်ကွက်တွေလေ … နားလည်မှုနဲ့ လာဆောက်နေကြတာ”
သူ့အိမ်လေးက ၁၀ ပေ၊ ၁၅ ပေလောက်သာရှိမည်။ အိမ်အောက်တွင် ရေဝပ်နေသည်။ အိမ်ကလည်း ခနော်နီ ခနော်နဲ့ဖြစ်သည်။
ကျွန်တော်တို့ရောက်ချိန်တွင် သူ့ဇနီးကားမရှိ
“သမီးအမေဘယ်သွားလဲ”
“ခုနှစ်ဈေးမှာ ဆန်ဝေမယ်ကြားလို့ ထွက်သွားတယ်အဖေ”
သူ့ သမီးငယ်ကလည်း ၁၀ နှစ်ကျော်လောက်ရှိမည်ထင်သည်။
“သမီးကျောင်းနေလား”
“နေတယ်”
“ဘယ်နှတန်းရောက်ပြီလဲ”
“၇ တန်း ဒါပေမဲ့ ကျောင်းမတက်ရတာကြာပြီ”
ကျွန်တော်က သူ့အိမ်အနေအထားကို ကြည့်ပြီးနောက် အခြေအနေအားလုံးကို သဘောပေါက် လိုက်သည်။ စိတ်မကောင်းသည့်အပြင် စကားဆိုစရာမရှိတော့သည့်အတွက်ကြောင့်ဖြစ်သည်။
“ကျွန်တော် ပြန်တော့မယ်ဗျာ”
ကျွန်တော်က သူတို့ကို နှုတ်ဆက်ကာ ပြန်ရန်ပြင်လိုက်သည်။
ကျွန်တော်က စိတ်မကောင်းစွာဖြင့် ပြန်ရန်ဟန်ပြင်လိုက်မှ အိမ်ထဲကို အမျိုးသမီးတစ်ယောက်က ပုဆိုး ထုပ်လေးခေါင်းပေါ်တွင်ရွက်ကာ ဝင်လာသည်။
“ဟာ ဆရာရောက်နေလား မတွေ့တာအတော်ကြာပြီနော်”
“အေးဗျာ … မြို့ထဲမှာ ခင်ဗျားယောက်ျားနဲ့တွေ့လို့ လိုက်လာတာ”
“ဘာတွေလဲ”
“ဆန်လေဆရာ … ခုနှစ်ဈေးမှာ ဆန်ဝေနေတာ အစောကြီးကတည်းက တန်းသွားစီနေလို့”
ကျွန်တော်က စိတ်မကောင်းဖြစ်နေမိသည်။ သူကဆက်ပြီး သမီးဖြစ်သူကို
“သမီးရေ … ကြီးကြီးမြရယ် … ခင်ချိုမြင့်ရယ် … ဒေါ်လှစိန်ရယ် သွားခေါ်ကွယ် … ထည့်စရာလည်း ယူလာလို့”
သူ့ယောက်ျားက
“ဘာလုပ်မလို့လဲ”
“ဆန်တွေ ပြန်မျှပေးမလို့ … သူတို့က မုဆိုးမတွေ၊ တစ်ခုလပ်တွေလေ … အလုပ်မလုပ်နိုင်လို့ ဒုက္ခရောက် နေကြတာ”
မကြာမီ အမျိုးသမီးသုံးယောက်ရောက်လာသည်။
“ယောင်းမရေ … ဆန်လေး ငါးပြည်ရဖို့အရေး တစ်နေကုန်တာပဲ … ညည်းတို့အတွက် တစ်ယောက် တစ်ပြည်ရမယ်”
သူက အိမ်ထဲက ပြည်တောင်းကို သွားယူလာပြီး တစ်ယောက်တစ်ပြည် ခြင်ထည့်ပေးလိုက်သည်။
“ခင်မြင့်ရယ် ဒီည ချက်စရာမရှိလို့ စိတ်ညစ်နေတာ အတော်ပဲ”
ကျွန်တော့်မိတ်ဆွေ၏ ဇနီးက ယခုမှ နဖူးပေါ်ကချွေးတွေကို သုတ်နိုင်တော့သည်။ ထို့နောက် သူ့ယောကျ်ား ဖြစ်သူကို
“ရခဲ့လား” ဟု မေးလိုက်သည်။
သူ့ယောကျ်ားက ခေါင်းခါသည်။
ကျွန်တော်က ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
“သမီးလာဦး”
ကျွန်တော်က လွယ်အိတ်ထဲ လက်နှိုက်ပြီး သမီးလက်ထဲကို စာအိတ်လေးထည့်လိုက်သည်။ ကလေးက မယူ။ လက်ကို နောက်ပစ်လိုက်သည်။ သူ့မိခင်က
“ယူလိုက်လေသမီး” ဟုဆိုမှ သမီးက ယူသည်။
ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကို တစ်ခုခုပြောမည်စိုးရိမ်သဖြင့် နောက်ကို လှည့်မကြည့်ဘဲ ထွက်ခဲ့သည်။
တင်ညွန့်
၁၂.၁၁.၂၀၂၁