သူ့ရွာနဲ့ သူ့အထာ

 သူ့ရွာနဲ့ သူ့အထာ

--------------------
လေယာဉ်ကို ယခုမှပထမဆုံးအကြိမ် စီးဖူးသည့် လူကြီးတစ်ယောက်သည် လေယာဉ်ပေါ်တက်လာသည်။ ထိုလေယာဉ်သည် ရန်ကုန်မှ မြစ်ကြီးနားခရီးစဉ်ဖြစ်ပြီး မန္တလေးတွင်တစ်ထောက်နားမည်ဖြစ်သည်။
ထိုလူကြီးက လေယာဉ်ပေါ်တက်လာပြီးနောက် ခုံတစ်ခုံတွင် ခပ်တည်တည်နှင့် ဝင်ထိုင်နေသည်။
ထိုစဉ် ခရီးသည်တစ်ဦးက လက်မှတ်လေးကိုင်လာပြီး ထိုလူကြီးဘေးတွင် ရပ်ကာ
“ဒီမှာခင်ဗျာ … ဦးလေးထိုင်နေတာ ကျွန်တော့်နေရာပါခင်ဗျာ” ဟု ရိုသေစွာပြောလိုက်သည်။
လူကြီးက
“မင်းဘယ်သူလဲ”
“ကျွန်တော် ခရီးသည်ပါခင်ဗျာ”
“ငါလည်း ခရီးသည်ပဲကွ။ ငါလည်း ပိုက်ဆံပေးစီးတာ။ မင်းလည်း ခရီးသည်၊ ငါလည်း ခရီးသည် ကိုယ်ထိုင် ချင်တဲ့နေရာထိုင်လို့မရဘူးလား”
“ဦးလေးခင်ဗျာ … ထိုင်ချင်ရာထိုင်ရအောင် ဒါ မီးရထားမှ မဟုတ်တာ”
“အေးလေ … ထိုင်ခုံတွေ ရှိနေတာပဲ ဘယ်နေရာထိုင်ထိုင်ပေါ့ကွ”
နောက်တက်လာသည့် ခရီးသည်က ထိုလူကြီးကို စကားမပြောတော့ဘဲ လေယာဉ်မယ်ထံ အကြောင်း သွားကြားသည်။ လေယာဉ်မယ်က ရောက်လာပြီး
“ဦး ရှင့် … ဒါက ဦးထိုင်ရမယ့်ထိုင်ခုံနေရာမဟုတ်ပါဘူး။ လက်မှတ်လေးတစ်ချက်လောက်ပြပေးပါရှင်”
“အလိုကွယ် … မင်းကရောဘယ်သူလဲ … လက်မှတ်စစ်လား”
“လက်မှတ်စစ်မဟုတ်ပါဘူးရှင် … လေယာဉ်မယ်ပါ”
“လေယာဉ်မယ်ဆိုတာဘာလဲ”
“ဒီလေယာဉ်ပေါ်က ခရီးသည်တွေကို ကူညီပေးဖို့ပါရှင်”
“ဪ … ငါတို့ခရီးသွားတွေ ခိုင်းဖို့ဆိုပါတော့”
“အကူအညီပေးဖို့ပါရှင်”
“အေးကွယ် သမီးကို ခိုင်းစရာမရှိသေးဘူး”
“ဦး လက်မှတ်ပြပါရှင်”
“ဒီမှာ”
“ဦးထိုင်ခုံက အနောက်မှာပါရှင်။ ဟိုအနောက်ဘက်ကို ပြောင်းပေးပါ။ သမီးလိုက်ပြပေးပါ့မယ်”
“အောင်မာ မပြောင်းပေးနိုင်ပါဘူး … ငါအရင်ဦးတာ ငါထိုင်ချင်တဲ့နေရာထိုင်မှာပေါ့”
လေယာဉ်မယ်လည်း ပြောမရသဖြင့် လေယာဉ်မောင်တစ်ဦးကို သွားခေါ်လာသည်။ လေယာဉ်မောင်က လိုက်လာပြီး
“ဦးလေးခင်ဗျား … ဦးလေးထိုင်ခုံနံပါတ်နေရာကို ပြောင်းထိုင်ပေးဖို့ တောင်းပန်ပါတယ်”
“အလိုကွယ် လာပြန်ပြီတစ်ယောက် … မောင်ရင်ကရော ဘယ်သူလဲ”
“ကျွန်တော်က လေယာဉ်မောင်ပါခင်ဗျာ”
“လေယာဉ်မောင်ဆိုတာဘာလဲ”
“ဒီလေယာဉ်ကို မောင်းရမယ့်သူပါခင်ဗျာ”
“ဪ ဒရိုင်ဘာပဲ။ ဒရိုင်ဘာက ကိုယ့်လေယာဉ်ကိုယ်မောင်းပေါ့ … ငါ့ကိုဘာဖြစ်လို့ ဟိုပြောင်း … သည်ပြောင်း ခိုင်းနေရတာလဲ”
ထိုအချိန်တွင် လူတစ်ယောက်က ထလာပြီး လေယာဉ်မယ်ကိုရော၊ လေယာဉ်မောင်ကိုပါ ဘေးခဏဖယ်ပေးရန် အရိပ်အခြေပြလိုက်သည်။ သူတို့ဘေးကို ဖယ်လိုက်သည့်အခါတွင် ထိုလူက အဘိုးကြီး၏နားကိုကပ်ပြီး ခါးကိုကုန်းကာ တိုးတိုးလေးပြောလိုက်သည်။ သူပြောပြီးသည်နှင့်
“အဲဒီလို စောစောကပြောပါတော့လား” ဆိုကာ ဒေါနှင့်မောနှင့်ထပြီး သူ့အိတ်ကိုဆွဲကာ
“ဘယ်မှာလဲ … ဘယ်မှာထိုင်ရမှာလဲ လိုက်ပြ” ဟုဆိုလိုက်သည်။
လေယာဉ်မယ်လေးက သူထိုင်ရမည့် နေရာကို လိုက်ပြသည်။
လေယာဉ်မောင်က သူတို့ကိုကယ်တင်လိုက်သည့် ကယ်တင်ရှင်ကို တိုးတိုးလေး မေးလိုက်သည်။
“အစ်ကို … အစ်ကိုဘာပြောလိုက်လို့လဲ … ဟိုလူကြီးထပြေးတာပဲ”
“အထွေအထူး မဟုတ်ပါဘူးကွာ … ဒီတွဲက မန္တလေးကိုမရောက်ဘူး … သာစည်မှာတင်ဖြုတ်ခဲ့မှာ ဆိုပြီး ကပ်ပြောလိုက်တာ”
(Business Class Passenger ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)
တင်ညွန့်
၁၈.၁၁.၂၀၂၅