စေတနာအကျိုးပေး

------------------------
ကျွန်တော် ကိုသန်းကိုသိသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်လောက်ကတည်းကဖြစ်သည်။
ကျွန်တော် ဆိုက်ကားနင်းစဉ်အခါကတည်းက ကိုသန်းနှင့်ရင်းနှီးသည်။ သူနှင့်ကျွန်တော် ဆိုက်ကား တစ်ဂိတ်တည်း အတူတူထိုးကြသည်။ ကိုသန်းသည် ပေါင်းရသင်းရခက်သည်ဟု အများက သိထားသော်လည်း ကျွန်တော်နှင့်မူ အကြောင်းအပေါင်းသင့်သည်။ အမှန်တော့ ကိုသန်းသည် စနစ်ရှိပြီး သူ့ဘာသာသူ စည်းကမ်းနှင့် နေလေ့ရှိသူ။ ထို့ကြောင့်တော်ရုံနှင့်မသင့်။ ကျွန်တော်ကလည်း သူ့လိုလူဖြစ်နေသောကြောင့် ဖြစ်မည်။
ကျွန်တော် ရန်ကုန်တွင် အလုပ် လုပ်စဉ်ကလည်း ပဲခူးကိုမကြာခဏပြန်တတ်သည်။ ပြန်တိုင်း ကိုသန်းကို တွေ့လျှင် သူ့ကိုခေါ်ပြီး လက်ဖက်ရည် ဆိုင်ထိုင်ကာ ရထားစောင့်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြ သည်။
“မင်းကတော့ ဝဋ်ကျွတ်သွားပြီပေါ့ကွာ”
သူက ကျွန်တော်ဆိုက်ကားနင်းသည့်ဘဝမှ ကျွတ်လွတ်ပြီး ကျောင်းဆရာဖြစ်၊ နောက်ပိုင်းရန်ကုန်တွင် အယ်ဒီတာဖြစ်နေခြင်းကို ဆိုလိုသည်။
“ဒါနဲ့ကိုသန်း … အကြီးမလေးရော”
“အကြီးမလေးက ဒီနှစ် ၁၀ တန်းကွ”
“ကလေးတွေ စာကြိုးစားရဲ့လား”
“စာတော်တယ်ဟေ့ကောင်ရေ … ရှာဖွေကျွေးရကျိုးနပ်တယ်”
ကိုသန်းတွင် သားနှစ်ယောက်ရှိသည်။ သားအကြီးက မီးရထားစက်ပြင်ဌာနတွင် အလုပ်သမားဖြစ်သည်။ တစ်နေ့တွင် အလုပ်ကအပြန်သူ့ကို ချောင်းရိုက်ခံရသည်။ ဦးခေါင်းဒဏ်ရာဖြင့် ပွဲချင်းပြီးသည်။ မည်သူရိုက်မှန်း လည်းမသိ။ အမှုလည်းမပေါ်။ သားအကြီးဇနီး ကိုသန်း၏ ချွေးမဖြစ်သူက ၁၀ နှစ်အရွယ် သမီးကို သူ့အဘိုး ကိုသန်းနှင့် ထားခဲ့ပြီး ပျောက်သွားသည်။ ကိုသန်းပဲ ထိုကလေးကို ရှာကျွေးရသည်။
သားအကြီးကောင်သေပြီး ၇ နှစ်ခန့် အကြာတွင် နောက်သားတစ်ယောက်ကလည်း ရထားလမ်းပေါ်လှဲချပြီး သတ်သေသည်။ ထိုကောင်က အရက်ကြောင်နေသူဖြစ်သည်။ သူ့မိန်းမကလည်း မကျန်းမမာနှင့် နောက် တစ်နှစ်အကြာတွင် ဆုံးပြန်သည်။ ကလေးနှစ်ယောက်မှာ ကိုသန်းထံရောက်လာပြန်သည်။ ယောက်ျားလေး တစ်ယောက် မိန်းကလေးတစ်ယောက်ဖြစ်သည်။ ကိုသန်းမှာ ကလေးသုံးယောက်နှင့် ပတ်ချာလည်နေသည်။
ကိုသန်းအမျိုးသမီးမှာ ကွယ်လွန်သွားကြောင်း သိရသည်။ ကလေးတွေနှင့်လုံးလည်ချာလည်လိုက်ရင်း သူလည်း အိမ်ထောင်ရေး မစဉ်းစားနိုင်။
“မြေးအကြီးလေးက သူကျောင်းထွက်ပြီး ဈေးရောင်းမယ်တဲ့။ ဘယ်ဖြစ်ပါ့မလဲကွာ။ စာမတတ်လို့ ငါတို့ဘဝတွေ နိမ့်ကျနေရတာ။ ငါက စာတတ်အောင်သင်ရမယ်ဆိုပြီး ကလေးသုံးယောက်စလုံးကို ကျောင်းထားခဲ့တာ။ ကလေးတွေကလည်း လိမ္မာကြပါတယ်ကွာ”
ကျွန်တော်နှင့်ကိုသန်းမဆုံဖြစ်သည်မှာကြာသွားပြီ။ ကျွန်တော်ပဲခူးရောက်သည့်တစ်နေ့တွင် သူငယ်ချင်း တစ်ယောက်နှင့် လက်ဖက်ရည်ဆိုင်တွင်ချိန်းထားသဖြင့် ထိုင်စောင့်နေစဉ် ကျွန်တော့်အနားကို လူတစ်ယောက်ကလာရပ်ပြီး
“ဟေ့ မင်း … ကောင်လေးမဟုတ်လား”
ကျွန်တော်ဆိုက်ကားနင်းစဉ်က ကျွန်တော့်ကို ကောင်လေးဟုသာ သိကြသည်။
“ဟာ … ကိုသန်း … ကိုသန်းနော် … အသားတွေဖြူပြီး ဝလို့ပါလား”
“မင်းလည်း အတူတူပဲ”
“ထိုင်လေဗျာ”
သူက သူထိုင်သည့်ဝိုင်းမှ လက်ဖက်ရည်ခွက်နှင့် မုန့်ပန်းကန်ကို ယူလာပြီး ကျွန်တော့်ဝိုင်းကို လာထိုင်သည်။
“ကျွန်တော်အရင်မေးမယ် … ခင်ဗျား မြေးသုံးယောက်”
“အေး … ငါကလည်း အဲဒါပြောချင်နေတာ”
“ပြောစမ်းပါဦး”
“မြေးအကြီးလေးက ဆရာဝန်မကြီးဖြစ်နေပြီကွ”
“ဗျာ … ဟုတ်လား … ဝမ်းသာလိုက်တာ”
“မြေးအလတ်ကောင်က နိုင်ငံခြားမှာ ကိုရီးယားမှာဆိုပါတော့။ မြေးအငယ်မလေးက ကျောင်းဆရာမဖြစ်နေပြီ”
“ဟာ ကိုသန်းရယ် ကြားရတာကောင်းလိုက်တာဗျာ”
“မကောင်းနဲ့ ကိုယ့်လူရေ … မြေးကြီး ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့အောင်တော့ ငါ့မှာ ဘာလုပ်ရမှန်းကို မသိဘူး။ သူက ဆရာဝန်လိုင်းဆက်တက်ချင်တယ်။ ဆရာတွေကလည်း တိုက်တွန်းတယ်။ ဆရာဝန် တစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်မှတ်လို့။ ငါကွာ ပြောရရင် ငါ့အိမ်ဝိုင်းလေးကို ရောင်းလိုက်ရတယ်ကွ။ အဲဒီငွေနဲ့ မြေးတွေကို ကျောင်းဆက်ထားရတာ။ အလတ်ကောင်တော်တယ်ကွာ။ ဆယ်တန်းအောင်တော့ ဝပ်ရှော့မှာ ဝင်လုပ်တယ်။ စာပေးစာယူနဲ့ ဘွဲ့ရတယ်။ သူ့ သူဌေးကချစ်လို့ ကိုရီးယားပို့ပေးလိုက်တာ။ အငယ်ဆုံးမလေး ကတော့ ဘွဲတော့ရတယ်။ ဒါပေမဲ့ ကျောင်းဆရာမပဲလုပ်မယ်ဆိုပြီး လုပ်နေတာ”
“ကိုသန်းရယ် ခင်ဗျားမြေးတွေ လိမ္မာလိုက်ကြတာ။ ခင်ဗျားတာဝန်ကျေပါတယ်။ ဒါနဲ့ ခင်ဗျားအိမ်ဝိုင်း ရောင်းလိုက်တယ်ဆိုတော့ ဘယ်မှာ ခု နေသလဲ”
“ငါအိမ်ဝိုင်းရောင်းပြီးတော့ ကလေးတွေနဲ့ မြို့သစ်မှာ ငှားနေရတာပေါ့ကွာ။ အတော်လေးရုန်းလိုက်ရတယ်။ ဒါပေမဲ့ ငါခုဘယ်လိုနေရသလဲဆိုတာ မင်းကိုပြချင်တယ်။ လာ ငါနဲ့လိုက်ခဲ့”
“ကျွန်တော် တစ်ယောက်နဲ့ချိန်းထားတယ်။ သူကိုစောင့်နေတာ”
“ဒီနားလေးတင်ပါကွ။ လိုက်ခဲ့စမ်းပါ။ ငါပြန်လိုက်ပို့ပေးပါ့မယ်”
ကျွန်တော်လည်းချိန်းထားသူထံ ဖုန်းဆက်ပြီး ခေတ္တစောင့်ရန်ပြော၍ သူနှင့်လိုက်ခဲ့သည်။ သူကဆိုင်ကယ် လေးနှင့် ဖြစ်သည်။ မြို့သစ်တစ်နေရာတွင် အိမ်နှင့် ဝင်းနှင့် တိုက်သစ်လေးတစ်လုံးရှေ့ရောက်သောအခါ သူက
“ဒါ ငါ့တိုက်ပဲ” ဟု သူကကြွားကြွားကြီးပြောသည်။
ကျွန်တော့်ကို တိုက်ထဲခေါ်ပြသည်။
“ကလေးတွေရော”
“မြေးကြီးက ရန်ကုန်ကဆေးရုံတစ်ရုံမှာ … မြေးငယ်က ကျောင်းသွားတယ်”
“ကိုသန်းရေ ခင်ဗျားတွေ့ရတာ ဝမ်းသာလိုက်တာဗျာ။ ခုလိုနေထိုင်နိုင်တာ ဘာကြောင့်လဲဗျ”
“ကိုရီးယားကမြေးက ပိုက်ဆံပို့တယ်။ သူ့အစ်မတွေနဲ့ ငါနေဖို့ တိုက်ဆောက်ပါတဲ့။ မြေးကြီးကလည်း ခုထိ အိမ်ထောင်မပြုသေးဘူး။ ကလေးတွေတော်ကြပါတယ်ကွာ”
“ကိုသန်းရေ ခင်ဗျားဘဝကတော့ စိတ်ချသွားရပါပြီဗျာ။ ခင်ဗျား ကလေးတွေကိုမွေးရကျိုး နပ်ပါတယ်”
“ငါ့ကောင်ရေ … ငါလည်း ဘာမှ မျှော်လင့်တာမဟုတ်ဘူးကွ။ သူ့ဘာသာသူ ဖြစ်သွားတာပဲ”
“သူ့ဘာသာသူ ဖြစ်သွားတာပဲဆိုတဲ့စကားတော့ ကျွန်တော်မကြိုက်ဘူးဗျာ”
“အေးပါကွာ … ကိုယ်စိုက်တဲ့အသီး ကိုယ်ပြန်စားရတာပါ။ ငါက သူတို့ကို ငယ်ငယ်လေးကတည်းက အပြောနဲ့ မဟုတ်ဘူး အလုပ်နဲ့ လက်တွေ့ပြတယ်။ သူတို့ကို ချစ်ပြ ကြင်နာပြတာထက် သူတို့ဘဝတွေကိုဘာမှ လိုလေ သေးမရှိ ကျွေးမွေးစောင့်ရှောက်ပေးရင်းနဲ့ နောက်ဆုံးတော့ စေတနာအကျိုးပေးတယ်လို့ ထင်ပါတယ်ကွာ။ ခုဆိုရင် သူတို့အဘိုးငါ့ကို ဘာမှလိုလေသေးမရှိအောင် ဂရုစိုက်ကြပါတယ်ကွာ”
ကိုသန်းကပြောရင်း မျက်ရည်တွေဝဲနေသည်။
“အေးပါဗျာ … အဲဒီလောက်ဆိုရင် ကျွန်တော်လက်ခံပါတယ်။ ကဲ ကျွန်တော့်ကို ပြန်လိုက်ပို့ဦး။ ခင်ဗျားစကား လေး တော့ကြိုက်သွားပြီ။ ကိုယ်စိုက်တဲ့အသီး ကိုယ်ပြန်စားရတယ်ဟုတ်လား ”
“အမှန်ပါကွာ”
လောကတွင် ကိုယ်စိုက်သည့်အသီး ကိုယ်ပြန်မစားရသူတွေများစွာရှိသည့်အထဲက ကိုသန်းအဖြစ်မှာ အလွန် ထူးလှပေတော့သည်။ အချို့စိုက်တော့ စိုက်လိုက်သည် ပဒိုင်းသီးတွေဖြစ်နေလျှင်တော့ ကိုယ်စိုက်သော်လည်း ပြန်မစားနိုင်သည့်ဘဝတွေလည်း ရှိပေလိမ့်မည်။
တင်ညွန့်
၁၃.၁၁.၂၀၂၅