အမေမဟုတ်သောယောက္ခမ(စ/ဆုံး)
(အပိုင်း၁)
(သီတာဦး)
“လှလှချစ်နဲ့ မခေါ်တာ ကြာပါပြီ ၊ အိမ်က သမီးကို သူ့သားက သူ့သူငယ်ချင်း လူရှုပ်လူပွေနဲ့ အောင်သွယ်တယ်လေ ၊ အန်တီဖြစ်စေချင်တာက အန်တီ့သမီးဆိုတာ သူ့သားရဲ့ညီမလေ ၊ ညီမဖြစ်သူကို လူရှုပ်လူပွေကောင်နဲ့အောင်သွယ်စရာလား ၊ တားရမှာလေ ၊ အဲ့လူရှုပ်လူပွေကောင်လာရင် အိမ်ကသမီးကို လှမ်းလှမ်းခေါ်တာ ၊ တစ်နေ့တော့ အန်တီလည်းသဘောမကျတာနဲ့ အိမ်ကသမီးကို လှမ်းအော်ခေါ်လိုက်တာ ၊ ဒါကို အဲ့လိုခေါ်ရပါ့မလားဆိုပြီး ၊ အန်တီ့အိမ်အရှေ့ထိလာပြီး လှလှချစ်က ဆဲဆိုသွားတယ် ၊ အန်တီက သူ့အစ်မပါ သမီးရယ် ၊ သူ အဲ့လောက်ထိ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဖို့လိုလို့လား ၊ အဲ့ကတည်းက မခေါ်တာပဲ ၊ အန်တီ့ယောက်ျားဆုံးတော့လည်း အသုဘကိုမလာဘူးလေ ၊ သူ့သားလေးကတော့ လိုတာ လာကူပေးပါတယ် ”
သီတာဦးသည် ဒေါ်နန်းသင်း ပြောတာကို နားထောင်လိုက်ရသည့်အခါ သူမ ချစ်သူ ကောင်းမြတ်၏ အမေေဒါ်လှလှချစ်ဟာ ပါးစပ်ကြမ်းသော စရို က်ဆန်သော အမျိုးသမီး များဖြစ်နေမလားဟု စိုးရိမ်သွားမိသည် ။ ဒေါ်နန်းသင်း၏ သမီး မေသူအောင် သည် သီတာဦး၏ သူငယ်ချင်းဖြစ်သည် ။ကောင်းမြတ်နှင့် မေသူအောင်သည် မောင်နှမဝမ်းကွဲတော်စပ်သည်။ မေသူအောင်တို့ အိမ်ကို လိုက်လည်ရင်းနှင့်မှ ကောင်းမြတ် နှင့် သီတာဦးတို့ ရင်းနှီးကျွမ်းဝင်ခဲ့ကြတာ ဖြစ်သည် ။
“သီတာ … မင်း အိမ်က ကိုယ်နဲ့ မင်းကို သဘောတူပါ့မလား ၊ ကိုယ့်ကို မင်းအိမ်က လက်ခံပေးနိုင်ပါ့မလား ”
ကောင်းမြတ်က ထိုသို့ ပူပန်ကြီးစွာ မေးလာခဲ့သည် ။ ကောင်းမြတ်သည် သူ၏အမေနှင့် ခဏခဏ စကားများရန်ဖြစ်သည့်အကြောင်းများကို သီတာဦးအား ပြောပြသည် ။
” အမေက သဘောကောင်းပါတယ် ၊ စိတ်ထားလည်း ကောင်းတယ် ၊ ဒါပေမဲ့ အမေကအပြောမတတ်ဘူး သီတာရယ် ၊ အပြောမတတ်ရင် ဆဲသလို ဆိုတဲ့အတိုင်း ကိုယ်နဲ့ခဏခဏ ပြသနာဖြစ်ရတယ် ၊ ကိုယ်တို့ယူပြီးရင် သီတာ့မိသားစုနဲ့ အဆင်ပြေပါ့မလား ကိုယ်စိုးရိမ်တယ် ”
ထိုအခါ သီတာဦးသည် အမေဖြစ်သူ ဒေါ်တင်မာဝေကို ပြောပြလိုက်လေသည် ။
” အမေ ကောင်းမြတ်ကပြောတယ် ၊ သူ့အမေနဲ့ သမီးတို့မိသားစုက အဆင်ပြေနိုင်ပါ့မလား တဲ့ ၊ သူစိုးရိမ်နေတယ် ”
ဒေါ်တင်မာဝေသည် မဂ္ဂဇင်းစာအုပ်လေး ဖတ်နေရင်းက သီတာဦးကို ကြည့်၍ အေးချမ်းစွာ ပြုံးလေသည် ။
” အဆင်မပြေစရာ ဘာအကြောင်းရှိမှာလဲ သမီး ၊ သူ့အမေဘက်ကသာ ကောင်းရင် အမေတို့ဘက်က နှစ်ဆ ပြန်ကောင်းပေးမှာပါ ၊ အမေတို့ က ဆိုးသွမ်းတဲ့မိသားစုမဟုတ်ဘူးဆိုတာ သမီးလည်း သိပါတယ် ”
သီတာဦးသည် ဒေါ်တင်မာဝေ၏ စကားကြောင့် စိတ်အေးစွာ ပြုံးရင်း ခေါင်းညိတ်လိုက်မိသည် ။ ဒေါ်တင်မာဝေသည် အလွန်အေးချမ်းသော အမျိုးသမီးဖြစ်ပါသည် ။ မောင်တွေအများကြီးရှိပြီး မောင်တွေ၏ မိန်းမ ယောင်းမဖြစ်သူများနှင့်လည်း သင့်လျော်စွာ နေတတ်သည် ။ ကြီးကျယ်သော အမျိုးသမီးမဟုတ် ၊ စိတ်ဓာတ်မှန်သော အမျိုးသမီးမို့ ယောင်းမများနှင့်လည်း အဆင်ပြေကြသည် ။
” မတင်မာဝေလို ယောင်းမမျိုးကတော့ ခပ်ရှားရှား ” ဟု အများက ပြောရလောက်သည်အထိ ဒေါ်တင်မာဝေဟာ စိတ်သဘောကောင်းမွန်လေသည် ။ ထိုအခါ သီတာဦးသည် သူမအမေနှင့် ဒေါ်လှလှချစ်တို့ အဆင်မပြေနိုင်စရာ မရှိလောက် ဟု ယုံကြည်မိလေသည် ။
“အန်တီရေ … ၊ အန်တီ … ”
သီတာဦးလှမ်းခေါ်လိုက်တော့ အိမ်ထဲကနေ ဒေါ်လှလှချစ်ပြေးထွက်လာသည် ။ အသားညိုညို ၊ နှာခေါင်းပြားပြား ၊ အရပ်ပုပု နှင့် အနည်းငယ်ဝသော အမျိုးသမီး ဖြစ်သည်။
” အယ် သမီးပါလား … ၊ လာလေ … ”
” ဒီမှာ အန်တီ့အတွက် ဆိတ်အကြောချက် ဝယ်လာတယ် ”
” အပိုကုန်အောင်လို့ သမီးရယ် ”
” ဖရဲသီးလည်း ဝယ်လာတယ် ၊ သမီး ပန်းကန်ထဲ ထည့်ပေးမယ်နော် ”
” အယ် မထည့်နဲ့ မထည့်နဲ့ ၊ နေ့ခင်းနေ့လယ်မှ စားမယ် ”
“ဪ ဟုတ် ၊ ဟုတ်ကဲ့ အန်တီ ”
ဒေါ်လှလှချစ်က မီးဖိုထဲမှာ ဟင်းချက်ေနရင်း စကားတွေပြောတော့ သီတာဦးက ထမင်းစားပွဲမှာ ထိုင်နေရင်း နားထောင်ရသည် ။
” အန်တီက သမီး ဒီဘက်ကို လာတာ ခဏခဏ တွေ့တယ် ၊ မေသူအောင် ဆီလာတာမလား ”
” ဟုတ်တယ် အန်တီရဲ့ ၊ မေသူအောင့် အမေ အန်တီနန်းသင်း ဆီမှာ အင်္ကျီလာအပ်တာလေ ”
” ဪ … ”
ဒေါ်လှလှချစ်သည် ဇွန်းေပါ်က ငပိချက်အနှစ်များကို လက်ညှိုးဖြင့် ယူ၍ လျှာပေါ် တင်ကာ မြည်းလိုက်ရင်း …
” အန်တီနန်းသင်းဆိုတာ အန်တီ့အစ်မအရင်းလေ … သိတယ်မလား ”
” ဟုတ် သိပါတယ် ”
” အန်တီနဲ့မခေါ်ပါဘူးကွယ် ၊ ဘာဖြစ်တာလဲဆိုတော့ ပြောပြဦးမယ် ၊ သား သူငယ်ချင်း နဲ့ မေသူအောင်က ကြိုက်တာလေ ၊ အဲ့ကောင်လေးလာရင် မေသူအောင်က ဒီကို လာလာတွေ့တယ် ၊ အန်တီကတော့ လူငယ်တွေကိစ္စမို့ တော်ရုံဝင်မပြောဖြစ်ဘူးပေါ့ ၊ တစ်နေ့ကျတော့ အဲ့ကလေးဒီအိမ်လာတဲ့အချိန် မေသူအောင် လာတွေ့တော့ နန်းသင်းက သူ့အိမ်ကနေ လှမ်းအော်ခေါ်တယ် ၊ ရိုးရိုးမခေါ်ဘူးနော် ၊ ဟဲ့ မေသူအောင် ညည်း အဲ့အိမ်ကို ဘာလို့ သွားနေတာလဲ ၊ ဘဝ ပျ က်သွားချင်လို့လား တဲ့ ၊ ကဲ … ၊ ဒီအိမ်က ဘာဖြစ်နေလို့လဲ ၊ အန်တီဆိုတာ မေသူအောင်ရဲ့အဒေါ် ၊ ကောင်းမြတ်ဆိုတာ အစ်ကိုဝမ်းကွဲ ၊ မကောင်းတဲ့လမ်းတော့ တွန်းမပို့ဘူး ၊ ဒါကို ဒီအိမ်သွားလို့ သူ့သမီးက ဘဝ ပျ က်ရမှာလား ၊ ဘာစကားကြီးတွေပြောမှန်းမသိဘူးနော် ၊ ကိုယ့်သမီးကို ဒီအိမ်သွားတာမကြိုက်ရင် ကောင်းကောင်းမွန်မွန်ပြန်ခေါ်ပြီး အိမ်ရောက်မှ တိုးတိုးတိတ်တိတ်အကျိုးအကြောင်းပြောလေ ၊ ဘဝပျ က်သွားချင်လားဆိုတော့ ”
သီတာဦးသည် ဒေါ်လှလှချစ်စကားကို နားထောင်မိတော့ ဒေါ်နန်းသင်းပြောတာကို ပြန်သတိရသွားသည် ။ ဒေါ်နန်းသင်းသည် သူမအမှားမရှိ ၊ ဒေါ်လှလှချစ် အမှားသာ သာလွန်ကြောင်း ရည်ရွယ်ကာ ပြောပြခဲ့တာ ဖြစ်သည်။ ဒေါ်လှလှချစ်သည် ငပိချက်အိုးထဲ ငါးဖယ်ဆုပ်လေးများ ရောထည့်လိုက်ပြီး မွှေနေရင်းက …
” အန်တီကလည်း အရင်က ဈေးသည်လုပ်ခဲ့တော့ ဈေးသည်စရို က်လို့ပဲဆိုရမလား ၊ နည်းနည်းေလး မဟုတ်မဟက် စကားကြားရရင် ဒေါသကထောင်းခနဲ ထွက်တာ ၊ သူ့အိမ်ရှေ့အထိ သွားပြီး ရန်တွေ့ပစ်လိုက်မိတယ် ၊ နန်းသင်း နင် ဘာစကားပြောတာလဲ ၊ နင့်သမီးက ငါ့အိမ်လာတာနဲ့ဘာလို့ ဘဝ ပျ က်ရမှာလဲ ၊ နင် လူကြီး စကားပြော ဘာညာနဲ့ သောင်းကျန်းသလို ဖြစ်သွားတာပေါ့ ၊ အဲ့ကတည်းက မခေါ်တော့တာ ၊ အစကတော့ အန်တီ့ဘက်က လျှော့ပြီး ပြန်ခေါ်မလို့ပါပဲ ၊ ဒါပေမဲ့ နောက်ကျတော့ သူက အစ်မအရင်းဆိုပြီး ဒီညီမတစ်ယောက်လေးရှိတာကို ချစ်ချင်ခင်ချင်စိတ် မရှိနေဘူးလေ ၊ အဲ့တော့ သူတောင်မခေါ်တာ ငါလည်းမခေါ်ဘူးဆိုပြီး နေလိုက်တယ် သမီးရယ် ”
သီတာဦးသည် ခေါင်းလေးညိတ်ရင်း သက်ပြင်းဖွဖွ ချလိုက်မိသည် ။ ဒေါ်နန်းသင်း၏ တစ်ဖက်တည်း စကားကိုသာ သိထားခဲ့တာမို့ သူမ ဒေါ်လှလှချစ်အပေါ် အထင်အမြင်လွဲခဲ့မိတာတော့ အမှန် ။ တကယ်တော့ ဒေါ်လှလှချစ် လွန်ရတာဟာ ဒေါ်နန်းသင်းက အကြီးလို မပြုမူတာေကြာင့် ဆိုတာ သိလိုက်ရေလသည်။
” သမီးရေ ထမင်းစားသွားနော် ၊ ငါးဖယ်ကြိုက်တယ်မလား ၊ ငရုပ်သီးလည်းကြော်တယ် ”
” ဟုတ် ကြိုက်တယ် ကြိုက်တယ် အန်တီ ”
ဒေါ်လှလှချစ်က ထမင်းခူးခပ်ပေးသည် ။
” သားမရှိတဲ့အချိန်လာလို့ သမီးနဲ့ခုလို စကားပြောရတာ ၊ မဟုတ်ရင် ပြောမရဘူး ၊ ကောင်းမြတ်က အန်တီ့ကို မှာထားတယ် သမီးက နားပူတာမကြိုက်ဘူး သမီးလာရင် စကားမများနဲ့တဲ့လေ ”
” မဟုတ်တာ … ”
ဒေါ်လှလှချစ်က ရယ်တော့ သီတာဦးက အားနာသွားမိသည်။ ဒေါ်လှလှချစ်က ဒံအိုးကြီးတစ်လုံးကို ဖွင့်ကာ ထိုအထဲမှ ကြွေပန်းကန်းပြားအသစ်များကို ထုတ်ပြသည်။
” သားနဲ့သမီး ရည်းစားဖြစ်ကတည်းက အန်တီ လတိုင်း ပန်းကန်လေးတွေစုထားတယ် ၊ တစ်ချိန်သားနဲ့သမီး ယူကြရင် မင်္ဂလာဦးပစ္စည်းလေးတွေအဖြစ် လက်ဖွဲ့မလို့လေ ၊ သားကို မပြောပြထားဘူး ၊ သမီးကိုကြုံလို့ပြောပြတာ ၊ သားကို သွားမပြောနဲ့ဦးနော် … ”
သီတာဦးသည် ရင်ထဲ ကြည်နူးစွာဖြင့် ပြုံးလိုက်မိေလသည် ။ သူမအထင် ယောက္ခမဖြစ်လာမည့်သူဟာ ဆိုးသွမ်းမည့်ပုံမပေါ်ပါ ။
+
ကောင်းမြတ်နှင့် သီတာဦးတို့ ချစ်သူ ဖြစ်စကတည်းက ကောင်းမြတ်သည် သူ၏ မိသားစုအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားခဲ့သည် ။ ကောင်းမြတ်၏ အဖေအရင်းသည် ကောင်းမြတ် ၃ တန်းနှစ်မှာ ဆုံးပါးသွားတာဖြစ်သည် ။ ကောင်းမြတ် ၄ တန်းနှစ်တွင် ဒေါ်လှလှချစ်သည် ဦးအောင်မောင်း နှင့် နောက်အိမ်ထောင်ထူခဲ့သည် ။ ဦးအောင်မောင်း၏ အကြောင်းကို ဒေါ်လှလှချစ်က သီတာဦးကို မကွယ်ဝှက်ဘဲ ပြောပြဖူးပါသည်။
” အန်တီ့ထက် ၁၀ နှစ်လောက်ငယ်တယ်လေ ၊ ပြီးတော့ သူက တစ်ခုလပ် ၊ အိမ်ထောင်ကွဲ … ၊ အရင်မိန်းမနဲ့ ကလေး ၃ ယောက်တောင် ရှိတယ် ”
+
(ဒေါ်လှလှချစ်)
ယောက်ျားဖြစ်သူ ဦးစန်းမြင့် ဆုံးတော့ ဒေါ်လှလှချစ်သည် သားငယ် ကောင်းမြတ်လေးနှင့် ဒုက္ခ ပေါင်းစုံ ကျော်ဖြ တ်ခဲ့ရသည် ။ မုဆိုးမတစ်ယောက်အနေဖြင့် မိန်းမသားခွန်အားနှင့် သားငယ်လေးကို ပြုစုပျိုးထောင်ဖို့ အသာထား ၊ ထမင်းနပ်မှန်အောင်ကျွေးနိုင်ဖို့ပင် ခက်ခဲခဲ့သည် ။ ဦးစန်းမြင့်ရှိစဉ်က ကုန်ထမ်းရင်း ရှာဖွေကျွေးခဲ့သည် ။ ဦးစန်းမြင့်မရှိတော့ ဒေါ်လှလှချစ်က အဝတ်လိုက်လျှော်ရင်း ၊ ဖရဲသီးရောင်းရင်းဖြင့် ထမင်းစားဖို့ ပိုက်ဆံရှာရသည်။ နောက်တော့ ဒေါ်လှလှချစ်သည် ကံထူးကာ ချဲတစ်ေထာင်ဖိုးပေါက်လေသည်။ ထိုအခါ အိမ်တွင် ကုန်စုံဆိုင်လေး တည်နိုင်လိုက်သည်။ အိမ်မှာနေရင်း ဈေးရောင်းရတာမို့ အိမ်အလုပ်လည်း လုပ်နိုင်၍ အဆင်ပြေလေသည် ။ အမြတ်များလာသည့်အခါ ရေခဲသေတ္တာလေးဝယ်၍ နွေရာသီဆို ရေခဲထုပ်လေးတွေ ကိုယ်တိုင်ထုပ်ကာ ဆိုင်မှာ ရေခဲပုံးချ၍ရောင်းလေသည် ။ ထိုသို့ ချောင်ချောင်လည်လည် ဖြစ်နေသည့်အချိန်တွင် ဦးအောင်မောင်းနှင့် တွေ့လေသည် ။ ဦးအောင်မောင်းသည် ရေသန့်ပို့သော သူဖြစ်သည် ။ ဒေါ်လှလှချစ်အိမ်ကို ရေသန့်လာလာပို့ရင်းက ရင်းနှီးကျွမ်းဝင်ရင်း ချစ်စကားဆိုခဲ့သည် ။ ထိုအချိန်က ဒေါ်လှလှချစ်အသက် ၄၀ ရှိလေကာ ၊ ဦးအောင်မောင်းအသက်သည် ၃၀ ကိုနည်းနည်းသာ စွန်းလေသည်။ ဒေါ်လှလှချစ်သည် တစ်ပင်လဲ၍ တစ်ပင်ထူမည် ဟူသော စိတ်ဆန္ဒတော့မရှိပေမဲ့ ကောင်းမြတ်လေးအတွက် အဖေတစ်ယောက်ရှိနေလျှင် ကောင်းမည် ဟူသော စိတ်ဖြင့် ဦးအောင်မောင်းကို လမ်းဖွင့်ပေးခဲ့မိသည်။
” ကျွန်ေတာ် မလှချစ်ကို ယူမှာပါ ၊ ကျွန်ေတာ့်အမေ ကို ဖွင့်မပြောရသေးလို့ သာ ကြန့်ကြာနေတာ ၊ မလှချစ် ကျွန်တော့်ကို ယုံတော့ ယုံတယ်မလား ”
ဒေါ်လှလှချစ်သည် ဦးအောင်မောင်းကို မချင့်မရဲဖြင့်သာ ခေါင်းညိတ်ပြမိသည် ။ မယုံလို့လည်း မဖြစ်ပါ ။ သူမမှာ ဦးအောင်မောင်းနှင့် ရသည့် ကိုယ်ဝန်ရှိနေလေပြီ ။ မုဆိုးမတစ်ယောက်မို့ အညှာလွယ်ကာ ခန္ဓာကို ပေးအပ်လိုက်ခြင်း တော့မဟုတ်ပါ ။ တစ်နေ့က ညဘက်ကြီး ဦးအောင်မောင်း မူး၍ အိမ်ကို ရောက်လာသည် ။ ပတ်ဝန်းကျင်က အိမ်တွေ တံခါးပိတ်ထားလေပြီ ။ ဒေါ်လှလှချစ်သည် ချစ်သူရည်းစားဘဝ မေတ္တာမျှရုံလောက်သာ ရှိသေးတာမို့ အိမ်ထဲမခေါ်ချင်သေးပါ ။ သို့ပေမဲ့ သူမ အိမ်ထဲမခေါ်လျှင် ဦးအောင်မောင်းက အပြင်မှာ အိပ်မည် ဟု ဆိုတာကြောင့် ခေါ်လိုက်မိလေသည် ။ ထိုအချိန် ကောင်းမြတ်လေးက အိပ်ပျော်နေေလပြီ။ဒေါ်လှလှချစ် က ဦးအောင်မောင်းကို ဘေးအခန်းထဲ တွဲခေါ်ကာ အိပ်ရာခင်းပေးပြီး အိပ်စေသည် ။ ဦးအောင်မောင်းသည် မူးနေတာကြောင့် ဒေါ်လှလှချစ်ကို အတင်းအဓမ္မဆွဲခေါ်ထားခဲ့လေသည်။
မနက်ရောက်တော့ ကောင်းမြတ်လေးမနိုးခင် ဒေါ်လှလှချစ်က ဦးအောင်မောင်းကို နှိုးကာပြန်ခိုင်းေလသည် ။ ဦးအောင်မောင်း အိမ်ထဲက ထွက်လာတာကို ပတ်ဝန်းကျင်မှာ မြင်သူကမြင်လေသည် ။ တချို့က ကဲ့ရဲ့ကြသည် ။ တချို့က နှာခေါင်းရှုံ့ကြသည် ။ တချို့ကျစောင်းမြောင်းပြောကြသည် ။
” အမယ်လေးဟယ် ကိုယ့်ဘာသာရှာနိုင်ဖွေနိုင်တာကို အေးဆေးမနေနိုင်ဘူး ၊ လ င်မရှိဘဲ မနေနိုင်တဲ့ မိန်းမပဲ နေမှာ … ”
ထိုစကားသံများကို ကြားသိရလျှင် ဒေါ်လှလှချစ် ကြိတ်ငိုကြွေးခဲ့ရသည် ။
” အမေ ရယ် အဖေ ရှိရင် ကောင်းမှာပဲ ၊ ကျောင်းမှာ သူငယ်ချင်းတွေက သားကို သူတို့အဖေတွေနဲ့ ဘယ်လိုကစားကြောင်း ၊ သူတို့အဖေတွေက ဘယ်ကိုလိုက်ပို့ကြောင်း အမြဲကြွားနေတာ ၊ သားမှာကျ ကြွားစရာမရှိဘူး ”
ကောင်းမြတ်လေး၏ ထိုစကားကြောင့် ဒေါ်လှလှချစ်သည် သူမအပေါ် စိတ်သဘောမရိုးသော ဦးအောင်မောင်းကို အခွင့်အရေးပေးဖို့ ဆုံးဖြ တ်မိခဲ့ခြင်းဖြစ်သည် ။ ခုတော့ဖြင့် …
” အောင်မောင်း နင်ပြောတော့ နင်က လူလွတ်ဆို ၊ ခု နင့်အကြောင်းတွေ သူများပြောလို့ ငါသိရတယ် ၊ နင်က မိန်းမလည်းရှိတယ် ကလေးလည်းသုံးယောက် ရှိတယ် တဲ့ ၊ နင် ဘာလို့ ငါ့ကို လာပတ်သက်ရတာလဲ ၊ နင် အော က်တန်းကျလှချည်လား အောင်မောင်း ”
ဒေါ်လှလှချစ်သည် အိမ်နေရင်း ဈေးရောင်းတာကလွဲ၍ ကောင်းမြတ်လေးကို ကျောင်းပို့ကျောင်းကြို လို့ အပြင်ထွက်တာသာ ရှိတာကြောင့် ဦးအောင်မောင်း အကြောင်းတွေ မစုံစမ်းဖြစ်ပါ ။ သူမ ဦးအောင်မောင်းနှင့်ရေအတူလာပို့သော ကိုမျိုး ဆိုသည့် သူမရပ်ကွက်ထဲမှာေနသည့် လူကိုတော့ ဦးအောင်မောင်းအကြောင်း အမြဲမေးဖြစ်သည် ။ ထိုလူကပါ ရောလိမ်ပေးတာကြောင့် ဒေါ်လှလှချစ် အထွေအထူး မစုံစမ်းဖြစ်ခဲ့တာ ဖြစ်သည်။
” အောင်မောင်းက လူပျိုကြီးက ခြင်မ ယင်မတောင် မသန်းဖူးတဲ့ လူပျို … ဟား ဟား ၊ နင် ယုံလိုက်စမ်းပါ လှချစ်ရယ် ၊ နင့်သား ကလည်း အဖေအသစ်လိုချင်နေတာကို …”
ကိုမျိုးဆိုသည့်လူက ဒေါ်လှလှချစ်နှင့် တစ်ရပ်ကွက်တည်းသားတွေ ဖြစ်သည် ။ ဦးအောင်မောင်းက တခြားရပ်ကွက်က ဖြစ်သည် ။ ထိုအခါ ဒေါ်လှလှချစ်သည် တစ်ရပ်ကွက်တည်းသားဖြစ်သူကို ယုံကြည်ခဲ့မိသည်။ ဦးအောင်မောင်း၏ အကြောင်းအမှန်ကိုသိရတော့ ဒေါ်လှလှချစ် ကိုမျိုးဆိုသည့်လူကို ရန်တွေ့ခဲ့မိသည် ။
” ကိုမျိုး ရှင် ပြောတော့ အောင်မောင်းက လူပျိုဆို ၊ ခု သူ့မှာ မိန်းမနဲ့ ကလေးသုံးယောက်တောင် ရှိတယ် တဲ့ ၊ ရှင် ဘာလို့ ကျွန်မကို လိမ်ပြောရတာလဲ ၊ အောင်မောင်းမှာ အိမ်ထောင်ရှိတာ ရှင် မသိဘူးလား … ”
ကိုမျိုးသည် အရူးကွက်နင်းကာ အူလည်လည် မျက်နှာအမူအယာ လုပ်ပြပြီး …
” သိတယ်လေ … ၊ ငါက ဒီလိုပဲ စ နေကျဟ ၊ နင် သိတယ်ထင်လို့ နင့်ကိုလည်း တမင်စလိုက်တာ ၊ နင်က တုံးတာကိုး လှချစ်ရယ် ၊ ကိုယ်နဲ့ပတ်သက်နေတဲ့သူ နောက်ကြောင်းကို နင်စုံစမ်းရမှာလေ ၊ ခုမှ ငါ့ကိုအပြစ်လာလုပ်နေလို့မရဘူး ၊ နင် လိုတာလေ … ”
ဒေါ်လှလှချစ်သည် ပြောစရာမဲ့ကာ ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ရသည် ။ နောက်ဆုံးတော့ သူမဟာ ငတုံးတစ်ယောက် ဖြစ်ခဲ့ရလေသည် ။ သူမ တုံးလို့၊ အလို့၊ ညံ့လို့ ၊ စုံစမ်းဖို့ လိုအပ်သွားလို့ ခံလိုက်ရတာ မျိုးသာ ဖြစ်သွားခဲ့ရသည်။
“အောင်မောင်း နင် ငါ့ကို မယူရင်လည်း ရတယ် ၊ ထားလိုက်တော့ ၊ ငါ ညံ့လို့ ငါတုံးလို့ ခံရတာ လို့သာ ငါသ တ်မှတ်မယ် ၊ နင် လည်း လာမပတ်သက်နဲ့တော့ ၊ ငါလည်း နင့်ကို စိတ်ထဲက ထုတ်လိုက်တော့မယ် ”
ဒေါ်လှလှချစ်သည် ဦးအောင်မောင်းဆီ ဖုန်းဆက်ကာ ထိုသို့ ပြောပစ်လိုက်ပြီး ဖုန်းကဒ်ကိုလည်း ဆွဲထုတ်ထားလိုက်သည်။ ကိုယ် ဝန် မရင့်သေးခင် သိရလို့ တော်သေးတာပဲ ဟု သူမ တွေးကာ သန္ဓေသား မဖြစ်ခင် အမြန် ဖျ က်ချပစ်လိုက်ရသည် ။ ခံစားရသမျှ နာကျင်မှုများကို ဖွင့်ထုတ်လို့လည်းမရ ၊ ရင်ဖွင့်ရမည့်သူလည်း မရှိသည့်အခါ သူမဘာသာ လူမသိသူမသိ ကြိတ်ခံစားခဲ့ရေလသည် ။
” ကျွန်တော် မလှချစ်ကို ပဲ ယူမှာ ၊ စုမွန်ကို မပေါင်းဘူး … ”
အမေမဟုတ်သောယောက္ခမ(အပိုင်း ၂)
+
” ကျွန်တော် မလှချစ်ကို ပဲ ယူမှာ ၊ စုမွန်ကို မပေါင်းဘူး … ”
ဒေါ်လှလှချစ်က အဆက်အသွယ်ဖြတ်ထားတော့ ဦးအောင်မောင်းက သူမဆီ ပြေးချလာသည်။ စုမွန်ကို မပေါင်းဘူးတဲ့လား။ သူတို့ဟာ ငယ်ချစ်တွေဖြစ်ကြသည်။ အသက် ၁၇ နှစ်မှာ ယူကြပြီး ကလေးသုံးယောက် မွေးထားသည် ။ နောက်ဆုံးကလေးဆို ခုမှ အသက် ၁ နှစ်တောင် ပြည့်ဦးမည် မထင်။
” နင်ဘာလို့ မပေါင်းတာလဲ အောင်မောင်း ၊ ဘာလဲ ငါ့ကို ငဲ့နေတာလား ၊ ငါ့ကို မငဲ့နဲ့နော် ၊ ငါ့ဘက်မကြည့်နဲ့ ၊ နင့်မှာ ကလေးငယ်လေးလည်း ရှိတယ် ၊ ငါ့ကြောင့်တော့ နင့်မိသားစုကို အပြိုပျက်မခံနဲ့ ၊ ငါက မိကောင်းဖခင် သားသမီး ၊ အိမ်ထောင်သည်ကို မသိလို့သာ ပတ်သက်ခဲ့မိတာ ၊ သိသိကြီးနဲ့တော့ ငါမပတ်သက်နိုင်ဘူး ”
“ဟာဗျာ ၊ စုမွန်နဲ့ လူချင်းမပေါင်းတော့တာ ၆ လကျော်နေပြီ ၊ ကျွန်တော် ပြန်မပေါင်းတော့ဘူး ၊ မလှချစ်ကိုပဲ ချစ်တယ် ၊ မလှချစ်ကိုပဲ ယူမယ် ”
ဒေါ်လှလှချစ်သည် ဒီလူဟာ ငါးစိမ်းကိုမြင်၍ ငါးကင်ကို ပစ်နေသလားဟု တွေးမိနေသည် ။ သို့ပေမဲ့ သူမတို့ဟာ ခန္ဓာချင်း လွန်ကျူး ခဲ့မိပြီ ။ ကိုယ့်ဘက်ပါနေချိန် ငြင်းဖို့မသင့်တာကြောင့် တွေဝေနေမိလေသည်။
” အေးလေ နင်က ငါ့ကိုပဲချစ်တယ် ၊ ငါ့ကိုပဲ ယူမယ် ဆိုရင်တော့လည်း ၊ နင့်မိန်းမကို ကွာရှင်းခဲ့ပေါ့ ၊ နင့်ဘက်ကဇယားအကုန်ရှင်းမှ ငါနင့်ကို ယူနိုင်မယ် ၊ အဲ့လိုမှမဟုတ်ရင်တော့ လာမပတ်သက်နဲ့ ငါမယားငယ် အဖြစ်မခံနိုင်ဘူး၊ ငါ့အသက်လည်း မငယ်တော့ဘူး ၊ ပတ်ဝန်းကျင်မှာ နံမည်တစ်လုံးနဲ့နေခဲ့တာ ၊ ငါက ဂုဏ်သိက္ခာ ကို တန်ဖိုးထားတယ် ”
ဦးအောင်မောင်းသည် ဒေါ်လှလှချစ်ထိုသို့ပြောလွှတ်လိုက်တော့ သူ့ရပ်ကွက်ကိုပြန်သွားကာ သူနှင့်ခင်မင်ရင်းနှီးသော ရပ်ကွက်လူကြီးကို အပူကပ်လေသည် ။ ထိုအခါ ရပ်ကွက်လူကြီးသည် စုမွန်ကို နားချရသည် ။
” စုမွန် ၊ နင့်ကို နင့်ယောက်ျားက သံယောဇဉ် ပြ တ်နေပြီ ၊ ချိန်ခွင်နှစ်ဘက်မှာ တစ်ဘက်ကို ပိုပိုသာသာ နဲ့အလေးသာနေပြီ ၊ နင် မကွာရှင်းပေးရင် စိတ်ဆင်းရဲရလိမ့်မယ် ၊ ဒီတော့ ကွာသာပေးလိုက်တော့ ၊ ကလေးေတွအတွက်တော့ သူထောက်ပံ့မှာပါ ”
ရပ်ကွက်လူကြီး၏ ကြားဝင်မှုကြောင့် ဦးအောင်မောင်းသည် စုမွန်နှင့် အသာတကြည် ကွာရှင်းနိုင်ခဲ့သည် ။ ဦးအောင်မောင်းက ကွာရှင်းစာချုပ်ကို ယူ၍ ဒေါ်လှလှချစ်ဆီ ရောက်လာသည် ။ ဒေါ်လှလှချစ်သည် ဦးအောင်မောင်းဟာ ဤ မျှလောက်အထိ အသည်းနှလုံးမာကြောလိမ့်မည်ဟု မထင်ခဲ့ပေ ။ ကလေးသုံးယောက် မျက်နှာကို ထောက်ထားပြီး စုမွန်နှင့်ကွာရှင်းမှာ မဟုတ် ဟု ထင်ခဲ့ေသာ်ငြားလည်း အမှန်တကယ်ကွာရှင်းလာလေတော့ အံ့အားသင့်ခဲ့ရသည် ။ ဒေါ်လှလှချစ်အိမ်ကို ဦးအောင်မောင်း ဝင်ထွက်နေတာတွေ ပတ်ဝန်းကျင်က မြင်ကြသည်။ ထိုအခါ ပတ်ဝန်းကျင်အပြောက လွတ်အောင် ဒေါ်လှလှချစ်သည် ဦးအောင်မောင်းနှင့် လူသိရှင်ကြား လက်ထပ်လိုက်သည်။ ဘုန်းကြီးကျောင်းမှာ မုန့်ဟင်းခါးကျွေးပြီး ရပ်ကွက်ထဲက လူတွေကို ဖိတ်ကာ မင်္ဂလာမြောက်ခဲ့သည် ။
ဦးအောင်မောင်း ရေသန့်စက်ရုံမှာ အလုပ်လုပ်သည့် လစာ တစ်လ ၁ သိန်း ၅ သောင်းမှာ ၆ သောင်းကို စုမွန်ဆီ ကလေးစရိတ်ထောက်ပံ့ရသည် ။ ဒေါ်လှလှချစ်က ၉ သောင်းရသည်။ ထို ၉ သောင်းသည် ဦးအောင်မောင်း၏ အရက်ဖိုး ကွမ်းဖိုး နှင့်တင် ကုန်နေကာ ဒေါ်လှလှချစ် မသုံးရပေ။
ကောင်းမြတ်လေးကတော့ ဦးအောင်မောင်းကို အဖေအရင်းကဲ့သို့ တွယ်တာသည် ။ အိမ်တစ်အိမ်မှာ ယောက်ျားသား ရှိခြင်းနှင့် မရှိခြင်းက ကွာဟမှုရှိသည်။ ယောက်ျားသား တစ်ယောက်ရှိတော့ အားကိုးလို့ရသည်ဆိုသော စိတ်ဖြင့် လုံခြုံသလို ခံစားရလေသည်။ ထို့အတွက်တော့ ဒေါ်လှလှချစ် ဦးအောင်မောင်းကို ဘဝထဲဆွဲသွင်းခဲ့မိတာ မှန်ကန်သည်ဟု ထင်ပါသည်။
သို့သော်ငြား ဦးအောင်မောင်းသည် အလုံးစုံအားကိုးရသူ မဖြစ်ခဲ့ ။ သူကပင်တဖန် ဒေါ်လှလှချစ်ကို ကုပ်ဖက်ကာ တွယ်ကပ်စားနေလေသည် ။ ဖုန်းလိုလျှင် ဖုန်း ၊ ဒေါ်လှလှချစ်ကဝယ်ပေးသည်။ ဝယ်ပေးပြီးမကြာ အပြင်ဆိုင်ရောက်နေသည်ဟု ပြောသည်။ အမှန်တော့ မဟုတ် ။ ရောင်းစားလိုက်တာ ဖြစ်သည်။ ဦးအောင်မောင်း အလုပ်သွားအလုပ်ပြန် စီးဖို့ ဆိုင်ကယ် ဝယ်တော့လည်း ဒေါ်လှလှချစ်က တစ်ဝက်စိုက်ပေးသည်။ ကြီးရင်မှီ ငယ်ရင်ချီ ဆိုသလို ဦးအောင်မောင်းက အငယ်ဖြစ်တာကြောင့် ဒေါ်လှလှချစ်ကို တေ သမှီလိုက်လေသည် ။ ရှေ့ကလည်း မသွား ၊ နောက်ကလည်း မလိုက် ၊ ဘေးက ကန့်လန့်တိုက်၍ မှီလိုက်တာမျိုး ဖြစ်သည် ။
“အောင်မောင်းရေ
နင် ရေသန့်ပို့တာထက် ကောင်းတဲ့ အလုပ်လေး ရှာပါလား ၊ ငါ့အိမ်ဈေးဆိုင်က လည်း အရောင်းမသွက်ဘူး ၊ တခြား ဘာလုပ်လို့ရမလဲ စဉ်းစားပါဦး … ”
ဦးအောင်မောင်းသည် ကောင်းမြတ်လေး စာရေးနေသည့် စားပွဲနှင့် မလှမ်းမကမ်းမှာ အရက်ပုလင်းထောင်နေလေသည် ။ ဒေါ်လှလှချစ်က စကားလှမ်းပြောလိုက်တော့ အမြည်းကို နှိုက်စားရင်း …
” ဒီထက်ကောင်းတဲ့အလုပ် ဘာအလုပ်လုပ်ရမလဲ ၊ ရသလောက်ရှာပြီး ပေးနေတာပဲ ၊ မင်းက ကို မလောက်ငှနေတာ ”
“အောင်မောင်းရယ် ငါလည်း ခြွေတာသင့်တာ ခြွေတာနေတာပဲ ၊ ငါ့မှာ ခြင်ဆေးဘူးဝယ်ချင်တာတောင် မဝယ်ပါဘူး ၊ နင့် ကလေးတွေကိုလည်း နင်ရတဲ့လစာထဲက ခွဲပေးရသေးတယ်လေ ၊ ကျန်တဲ့ နင့်လစာ ၉ သောင်းက နင့်ဆိုင်ကယ်ဆီထည့်ဖို့ပေးရတာနဲ့ ကွမ်းဖိုး ၊ အရက်ဖိုးနဲ့တင် ကုန်နေတာလေ ၊ အဲ့တာလည်း ထည့်ပြောဦးမှပေါ့ … ”
” ဟုတ်ပါပြီ ဟုတ်ပါပြီ ၊ ကျုပ် မနက်နဲ့ညနေ ရေသန့်လိုက်ပို့ပြီး နေ့ခင်းဘက် ဘူးခွံလိုက်ကောက်ေပးမယ် ၊ ဟုတ်ပြီလား ၊ကဲ သွားတော့ဗျာ သွား၊ အရက်သောက်ရတာ အာရုံနောက်တယ် ”
ဒေါ်လှလှချစ်သည် သက်ပြင်းအသာ ချရင်းက ထိုင်နေရာမှ ထလိုက်သည် ။ အိပ်ရာခင်းဖို့ ပြင်နေရင်းက ကောင်းမြတ်လေးကို ကြည့်မိသွားသည် ။ တဖန် ဦးအောင်မောင်းကိုကြည့်လိုက်တော့ မူးပေ နံစော်နေတာကြောင့် နှာခေါင်းရှုံ့ကာ …
” အောင်မောင်းရယ် နင်သောက်တာ နောက်ဖေးခန်း မီးဖိုချောင်ထဲက စားပွဲမှာ သွားသောက်ပါလားဟယ် ၊ ဒီမှာ ကလေးနား လာမသောက်ပါနဲ့ လား ”
” တော်တော် ပါးစိပါးစပ်များတဲ့ မိန်းမပဲ ”
ဦးအောင်မောင်းသည် မကျေမနပ်ညည်းတွားလိုက်ပေမဲ့ အရက်ပုလင်းကို ဆွဲကာ နောက်ဖေးခန်းထဲ ထထွက်သွားတာကြောင့် ဒေါ်လှလှချစ်ကျေနပ်သွားမိသည် ။
ဦးအောင်မောင်းသည် သူ့စကားအတိုင်း ဘူးခွံ ၊ ပုလင်းခွံတွေ လိုက်ကောက်ပြီး အပိုဝင်ငွေရှာပေးလေသည် ။ အိမ်ပြန်ရောက်လျှင် မဲတူးပေကျံလာသည် ။ ထိုအခါ ဒေါ်လှလှချစ် စိတ်မကောင်းရပြန် ။ ကောင်းနေတုန်းတော့ ဦးအောင်မောင်းက ဘာမှမပြောပေမဲ့ မူးလျှင် ပေါက်ကွဲလေသည် ။
” မင်းက ယောက်ျားဖြစ်သူ ဘူးခွံလိုက်ကောက်ပြီး ရှာကျွေးတာကို ထိုင်စားတဲ့မိန်းမ ၊ ကျုပ်မှာ ဘာအရှက်သိက္ခာမှမရှိတော့ဘူး ၊ ကျုပ်သိက္ခာတွေလည်း ရစရာမရှိတော့ဘူး ၊ မင်းတို့သားအမိကတော့ ကျုပ်အရှက်သိက္ခာတွေနဲ့လဲလာတဲ့ ငွေတွေနဲ့ စားသောက်နေနိုင်တယ် ၊ တော်တော်ကောင်းတဲ့ မိန်းမ … ”
ထိုသို့ အပြောခံရလေတော့ ဒေါ်လှလှချစ် မျက်ရည်ကျရသည် ။ မူးနေတုန်း ပြောတာပါလေ ဟု စိတ်ဖြေရသည် ။ တကယ်လည်း ဦးအောင်မောင်းက မူးတုန်းသာ ဆိုးပေမဲ့ မမူးနေလျှင် အကောင်းပင် ။ ကောင်းမြတ်လေးကိုလည်း ကျောင်းပို့ကျောင်းကြိုလုပ်ရင်း ကောင်းမြတ်လေး သူငယ်ချင်းများ၏ အဖေများနှင့်လည်း အဆင်ပြေအောင် ပြောဆိုပေါင်းသင်းတတ်သည်။ ထိုအခါ ကောင်းမြတ်လေးက ဦးအောင်မောင်းလိုက်ပို့မှပဲ ကျောင်းသွားချင်သည် ။
” အမေ ၊ မနက်ဖြန် သား ကို ကျောင်းလိုက်ပို့ဖို့ အဖေ့ကိုပြောပေးနော် ၊ သားသူငယ်ချင်း အဖေတွေက အဖေနဲ့ လက်ဖက်ရည်အတူသောက်မယ်လို့ ပြောခိုင်းလိုက်တယ် ”
ဒေါ်လှလှချစ်က ဦးအောင်မောင်းကို အဲ့လိုအဲ့အကြောင်း ပြောပြတော့ …
” မပို့ဘူး ၊ မင့်သား သူငယ်ချင်း တွေရဲ့အဖေတွေက လက်ဖက်ရည် အလကားသောက်ချင်တာ ၊ ကျုပ်ကပဲ တိုက်နေရတာ ၊ သားပေါင်းညာစားတွေ … ”
ကောင်းမြတ်လေးသည် ဦးအောင်မောင်း ကျောင်းလိုက်မပို့တော့ မျက်နှာလေး မကောင်းပေ ။ ထိုအခါ ဦးအောင်မောင်းက ကောင်းမြတ်လေးကို အနားခေါ်ကာ …
” သား …အဖေ သားသူငယ်ချင်းတွေရဲ့ အဖေတွေကို လက်ဖက်ရည်တိုက်ဖို့ ပိုက်ဆံမရှိဘူး ၊ အဲ့ဒီ့ဦးလေးကြီးတွေက အဖေ့ဆီက ကပ်စားနေကြတာ ၊ သားသိလား ၊ နောက် အဲ့ဒီ့ဦးလေးကြီးတွေက အဖေနဲ့လက်ဖက်ရည်သောက်မယ်လို့ ပြောရင် ၊ ဦးလေးတို့ တိုက်မယ်ဆိုမှ သားအဖေ လာ လိမ့်မယ်လို့ပြောလိုက် ၊ နော် ”
ကောင်းမြတ်လေးသည် ခေါင်းညိတ်၍ ကျောင်းကို စက်ဘီးလေးနှင့် သူ့ဘာသာ သွားလေသည် ။ ထို့နောက် ဦးအောင်မောင်းက ဒေါ်လှလှချစ်ကို ကြည့်ကာ …
” မလှချစ်တို့က သားကို အရမ်းအလိုမလိုက်နဲ့နော် ၊ နားလည်စရာရှိတာကို နားလည်အောင်ပြောပြထား ၊ ကျုပ်ကတော့ ပြောသင့်တာ ပြောရမှာပဲ ၊ ဒီအရွယ်တွေ မငယ်တော့ဘူး ၊လူတွေ အကြောင်း သိအောင်ပြောပြထားရမယ် ”
” ဟုတ်ပါပြီ အောင်မောင်းရယ် ” ဟု ဒေါ်လှလှချစ်က ရယ်သွမ်းသွေးလိုက်မိသည် ။ အမူးသမားက ခုကျတော့လည်း လူတော်လူကောင်းလိုလို တွေးခေါ်တတ်သား ။
+
ကောင်းမြတ်လေး ၁၀ တန်းနှစ်မှာ ဦးအောင်မောင်းက အလုပ်ပြောင်းဖို့ ပြင်သည် ။
” ရန်ကုန်မှာ နေစရိတ်စားစရိတ်ငြိမ်းကို တစ်လ ၂သိန်း ၁ သောင်း တဲ့ မလှချစ် ၊ ကျုပ် အဲ့ကိုသွားလုပ်မယ် ”
” အလုပ်ကတော့ ဟုတ်ပါပြီ ၊ ဒါပေမဲ့ နင် ဟိုမှာ ရှုပ်ရှုပ်ရှပ်ရှပ်တွေ မလုပ်နဲ့နော် အောင်မောင်း ၊ အရက်ချည်းပဲလည်း သောက်မနေနဲ့ ”
“လုပ်စရာရှိတာလုပ်ပြီး သောက်စရာရှိတာတော့ သောက်ရမှာပဲ ဘာတွေလာတားမြစ်နေတာလဲ ၊ ဘာမှလာ မပြောနဲ့ ”
ဒေါ်လှလှချစ် သက်ပြင်းသာ ချလိုက်ရသည်။ လစာပို့လျှင် ဦးအောင်မောင်းက ၄ သောင်းလောက် သူ ယူထားသည်။ တစ်ခါတစ်လေ ၄ သောင်း ယူထားသည့်အပြင် “၂ သောင်းလောက် ပြန်လွှဲပေးပါဦး “ဆိုတာမျိုးလည်း ရှိသည်။ ထိုအခါ ဒေါ်လှလှချစ်မှာ ပေးသလောက်နှင့်သာ လောက်ငှအောင် ဖန်ရကြံရသည်။ ကောင်းမြတ်လေးကို ဘော်ဒါထားပေးရင်း ကျန်သည့်ပိုက်ဆံနှင့် လောက်ငှအောင်ချက်ပြုတ်စားသည်။ ဦးအောင်မောင်းကတော့ လောက်ငှသလား မလောက်ငှသလား မေးမြန်းခြင်းမရှိပါ ။ သူ ပေးချင်သလောက်သာ ပေးလေသည် ။
ကောင်းမြတ်လေး ၁၀ တန်းအောင်တော့ ဒေါ်လှလှချစ်မှာ အိမ်ဈေးဆိုင်လေး ပြုတ်လေပြီ ။ ပြန်တည်ဖို့ကလည်း အရင်းအနှီးမရှိတာကြောင့် အလုပ်ရယ်လို့ လက်ဆုပ်လက်ကိုင်ပြစရာမရှိတော့ပေ။ ထိုအခါ …
” အမေ ၊ ကျွန်တော် တက္ကသိုလ်ဆက်မတက်တော့ဘူးဗျာ ၊ အဖေကလည်း အားကိုးလို့မရဘူး ၊ ကျေးဇူးကန်းတာတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ သူပေးချင်ပေးပြီး မပေးချင်မပေးဘဲ နေနေတော့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ ”
” သားရယ် အဝေးသင်လေးတော့ တက်ပါလား ၊ အမေ့သားကို ၁၀ တန်းအောင်အောင် အမေကြိုးစားပြီး ထားပေးခဲ့တာ ၊ ဘွဲ့လေးတစ်ခုတော့ ရစေချင်တယ် … ”
ကောင်းမြတ်လေးသည် အရွယ်ရောက်လာတော့ နားလည်သင့်သလောက်နားလည်လာသည်။ ဦးအောင်မောင်းကိုလည်း ငယ်စဉ်ကလို အရမ်းအားမကိုးတော့ဘဲ သူတို့မှာ သူနှင့်အမေဖြစ်သူ နှစ်ယောက်သာ ရှိသည် ဟူသော စိတ်မျိုးထားတတ်လာသည်။ အဝေးသင် တက်ဖို့ပြင်ဆင်ရင်း အပြင်အလုပ်လုပ်ခဲ့သည်။ ထိုအခါ ဒေါ်လှလှချစ်မှာ ဦးအောင်မောင်းဆီက လစာပုံမှန်မရလျှင်တောင် ကောင်းမြတ်လေး၏ လစာရှိတာကြောင့် အဆင်ပြေလာသည် ။
” ကျောင်းအပ်တာက ဘယ်လောက်ကုန်မလဲ မသိဘူး အမေရဲ့ ၊ ကျူရှင်လခ လည်းရှိသေးတယ် ၊ သား ဒီလက စပြီး စုမယ်နော် ၊ အမေ သုံးဖို့ ယူထားချင်သေးလား ”
” မယူပါဘူးသားရယ် ၊ အမေမီးဖိုေချာင်စရိတ်ကို ချွေချွေတာတာ သုံးပါတယ် ၊ အမေ သားရည်စာမုန့်တစ်ခုတောင် မစားသလို ၊ အမေ့သားလေးလည်း ၁၀၀ တောင်မသုံးဘဲ ရသမျှ အကုန်အမေ့ပေးတာ အမေသိတယ်နော် ၊ ခု ကျောင်းတက်ဖို့ သား စုတော့ ၊ အမေ သားအဖေပေးတာနဲ့ လောက်ငှအောင်ချက်မယ် ”
သားအမိနှစ်ယောက် ဆိုးတူကောင်းတူ အရာရာ တိုင်ပင် ဖြစ်လေသည် ။ ကောင်းမြတ် အလုပ်ကပြန်လာလျှင် အလုပ်က ဖြစ်ခဲ့သမျှ ကြုံခဲ့ရသမျှကို ဒေါ်လှလှချစ်ဆီ အရင်ပြောပြ ပြီးမှ ကျန်တာ ဆက်လုပ်သည်။ တစ်နေ့တော့ …
” ဗိုက်အောင့်တယ် တအားအောင့်တယ် အမေရာ ၊ အလုပ်လုပ်နေရင်း မနေနိုင်တော့လို့ သား ပြန်လာတာ ”
ဒေါ်လှလှချစ်သည် ကောင်းမြတ်နှင့်အတူ ဆိုက်ကားငှားကာ ဆေးခန်းကို ပြေးလေတော့ ဆေးခန်းက …
” အူယောင်နေတာ ၊ဒီအတိုင်းဆို ဆေးရုံတက်ရမယ် ၊ မြို့ထဲက ဆေးရုံကို တင်ပေးပါနော် …”
” ဆေးရုံကြီးကို ပဲ တင်လို့မရဘူးလားဟင် ဆရာမလေး ၊ကျွန်မတို့မှာ ငွေရေးကြေးရေးက အခက်အခဲရှိလို့ပါ ”
” ဆရာဝန်ကြီးက ဒီဆေးရုံမှာ ထိုင်တာမလို့ ဒီဆေးရုံကိုပဲ တင်ပေးပါ နော် အန်တီ ”
ဒေါ်လှလှချစ်သည် စိတ်ဆင်းရဲသွားမိရင်းက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေ ။ ဦးအောင်မောင်းကို ဖုန်းလှမ်းဆက်တော့ မကိုင်တာကြောင့် ပို၍ တစ်ပူပေါ်နှစ်ပူဆင့်သွားခဲ့လေသည်။
” မဖြစ်ဘူး ၊ ငါ့သားလေးကို ဒီအတိုင်းထားလို့တော့မဖြစ်ဘူး ၊ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆေးရုံတင်ရမှာပဲ … ”
ဒေါ်လှလှချစ်သည် ရပ်ကွက်ထဲက ငွေတိုးချေးသူများဆီက ပိုက်ဆံလှည့်ပြီး ကောင်းမြတ်လေးကို ဆေးရုံတင်လိုက်ရသည် ။
” ခွဲခန်းဝင်ရမယ် အန်တီ ၊ ခွဲမှ ရမယ် … ”
ဒေါ်လှလှချစ်သည် ကောင်းမြတ်လေး ပြန်ကောင်းဖို့အတွက်သာ အဓိကထားကာ ကျန်တာမတွေးနိုင်သေးပေ။ ခွဲစိတ်ပြီးသွားတော့ ကောင်းမြတ်လေးမှာ နာလွန်းတာကြောင့် အော်ဟစ်နေရသည်။ တော်တော်နှင့်အသားမကျဘဲ ဆေးရုံမှာ ရက်အတော်အတန်ကြာ နေခဲ့ရသည် ။ ထိုရက်တွေမှာ ဦးအောင်မောင်းဆီက ဖုန်းတစ်ကောဝင်မလာပေ။ ဆေးရုံဆင်းရမည့်ရက်မှာ အကုန်အပြီးအစီး ကုန်ကျစရိတ်ကို တွက်ကြည့်တော့ ၁၅ သိန်း လောက်ကျသည်။ ကောင်းမြတ်လေးလည်း တစ်လလောက် အလုပ်မလုပ်ရဘဲ နားနေရတာကြောင့် အကြွေးတင်သထက်တင်လာသည်။ ထို့အပြင် ကျောင်းအပ်ရက်ကျော်သွားတာကြောင့် ကျောင်းမတက်ရတော့ပေ ။
” တက်မနေတော့ပါဘူး အမေရာ ၊ ကျွန်တော့်ပညာရေးကံက ဒီလောက်ပဲ ထင်ပါတယ် ”
ဒေါ်လှလှချစ်သည် အကြွေး ၁၅ သိန်းကို ဆပ်ဖို့ ပူပန်တာကတစ်ကြောင်း ဦးအောင်မောင်းနှင့် အဆက်အသွယ်မရတာက တစ်ကြောင်းကြောင့် လွန်စွာ စိတ်ပင်ပန်းရလေသည်။ ဦးအောင်မောင်းဆီ ဖုန်းအတွင်တွင် ဆက်ကြည့်ပေမဲ့ စက်ပိတ်ထားသည် ဟုသာ ပြောနေသည် ။ကောင်းမြတ်လေး ဆေးရုံကဆင်းပြီး နှစ်ပတ်လောက်ကြာမှ ဦးအောင်မောင်းက ဖုန်းနံပါတ်အသစ်နှင့် ဖုန်းဆက်လာသည် ။
” နောင်နောင့်ကို ဒီတစ်နှစ်လောက် အဲ့မှာ ခေါ်ထားပေးပါ မလှချစ် ၊ စုမွန် ဆိုတဲ့မိန်းမ ဖော က်လာပြန်ပြီ ၊ လ င်နောက်လိုက်သွားတာ ကလေးတွေကို ဒီအတိုင်းထားခဲ့တယ်လေ ၊ ခု ကလေးတွေက စုမွန်ရဲ့အစ်မ ဆီမှာ နေနေရတယ် ၊ စုမွန်ရဲ့ အစ်မက ကျုပ်ကို တစ်ယောက်လောက် ခေါ်ထားပေးပါပြောနေတယ် ၊ သူတစ်ေယာက်တည်း ပါးစပ်သုံးပေါက်လံုး မကျွေးနိုင်ဘူး ဘာညာနဲ့ စကားများနေလို့ ”
နောင်နောင်ဆိုတာ ဦးအောင်မောင်းနှင့်စုမွန်တို့၏ အငယ်ဆုံးသားဖြစ်ပြီး ဒီနှစ် နှစ်တန်းတက်ရမှာ ဖြစ်သည် ။ ဦးအောင်မောင်းသည် အဆက်အသွယ်မလုပ်ဘဲ ပစ်ထားပြီး သူလိုတာရှိမှ ပြန်ဆက်သွယ်လာလေတာမို့ ဒေါ်လှလှချစ် ခါးခါးသီးသီးပြောပစ်ချင်မိသည်။ သို့သော် အကြွေးဆပ်ဖို့ နှင့်စားစရိတ်အတွက်က ဦးအောင်မောင်းဆီက လစာ ရမှ လောက်ငှမှာမို့ မငြင်းနိုင်ပေ။
” အင်းပါ ငါ နင့်သားကို သူ့အဒေါ်ဆီက သွားခေါ်လိုက်ပါ့မယ် ”
အမေမဟုတ်သောယောက္ခမ (အပိုင်း၃)
+
ဒေါ်လှလှချစ်က နောင်နောင့်ကို သွားခေါ်တော့ စုမွန်၏ အစ်မ အေးမွန် က စုမွန်အကြောင်း ဖောက်သည် ချလိုက်လေသည် ။
” အောင်မောင်း အဲ့ကော င်မကို မပေါင်းချင်တာလည်း အပြစ်ပြောလို့မရဘူး ၊ အဲ့ကော င်မက ကို ဖ င် ဂနာမငြိမ်တာ ၊ ကိုယ့်ညီမပါပဲ ၊ ဒါပေမဲ့ သူကကို မကောင်းတာ ၊ ခုလည်း ကလေးသုံးယောက်ကို ကျွန်မအိမ်ထားခဲ့ပြီး သူက လ င်နောက်လိုက်သွားတယ်လေ ၊ ကျွန်မမှာလည်း ပန်းသည်ဘဝနဲ့ ကိုယ့်ကလေးကိုယ်တောင် ရှာကျွေးရတာ အနိုင်နိုင် ၊ သူ့ကလေးတွေအကုန်လုံးကို ဘယ်လိုလုပ် အိမ်ပေါ်ခေါ်တင်ပြီး ကျွေးထားနိုင်မှာတုန်း ၊ အဲ့တာကြောင့် အောင်မောင်းကို လှမ်းပြောရတာ ”
အေးမွန်သည် ကလေးသုံးယောက်ထဲက အလုပ်လုပ်နိုင်သော အကြီးနှစ်ယောက်ကိုတော့ သူမနှင့်အတူ ခေါ်ထားပြီး အလုပ်မလုပ်နိုင်သေးသော ကျောင်းနေအရွယ် နောင်နောင့်ကို တော့ ခေါ်မထားချင်ပေ ။ ဒေါ်လှလှချစ်သည် နောင်နောင့်ကို ခေါ်လာပြီး ကျောင်းထားပေးရသည် ။ အိမ်မှာ ခေါ်ပြီးကျွေးမွေးထားရသည် ။ ဦးအောင်မောင်းသည် သူ့သားမျက်နှာကိုထောက်ပြီး လစာပုံမှန် ပြန်ပို့လေသည် ။ နောင်နောင်သည် ကောင်းမြတ် နီးပါးလောက် စားနိုင်သည် ။ ကောင်းမြတ်ရသည့် လစာ၁သိန်း ၁ သောင်းခွဲနှင့် စားရပြီး ဦးအောင်မောင်းပေးတာနှင့် အကြွေးဆပ် ၊လိုတာ ဝယ်ခြမ်းရသည့်အခါ တစ်ခါတစ်လေ အိမ်စရိတ်မလောက်ပေ ။ ထိုအခါ ဒေါ်လှလှချစ်သည် သူမအငတ်ခံ၍ ကလေးနှစ်ယောက်ကို အဝ ကျွေးလေသည်။ ကောင်းမြတ်က “အမေ စားပြီးပြီလား ” ဟု မေးတိုင်း မစားရသေးလည်း စားပြီးပြီသာ ဖြေသည် ။
နောင်နောင်သည် ကလေးပီပီ အဆော့မက်သည် ။ ချောင်းထဲကို ရေသွားသွားချိုးလျှင် ဒေါ်လှလှချစ်က အမြဲ ဆူရသည်။
” နောင်နောင် နင့်အရွယ်ဆို ချောင်းရေစီးသန်ရင် ပါသွားမှာ၊ ချောင်းထဲ ရေသွားမချိုးနဲ့ ”
ဒေါ်လှလှချစ် ပြောပြောသာရှိသည်။ နောင်နောင်က နားမထောင် ၊ နောက်တစ်နေ့သွားချိုးပြန်သည်။ ထိုအခါ ဒေါ်လှလှချစ်က ရိုက်၍ ဆုံးမရတော့သည် ။ ထိုအခါ …
” အေးပေါ့ နောင်နောင်က သူ့သားအရင်းမှမဟုတ်တာ ၊ လင်ပါသားလေ ရိုက်မှာပေါ့ ” ဟု ပတ်ဝန်းကျင်က မဟုတ်မမှန်သော စကားကို ပြောကြသည် ။ ထိုစကားကို ကြားသိလျှင် ဒေါ်လှလှချစ်က တည့်ပြောလိုက်သည် ။
” ကျွန်မ သားအရင်းမဟုတ်လို့ ပိုရို က်နေရတာ ၊ သူ တစ်ခုခု ဖြစ်သွားရင် ပတ်ဝန်းကျင်က ရော ၊သူ့အဖေကရော ၊သူ့အေမကေရာ ကျွန်မ ဂရုမစိုက်လို့ ဆိုပြီး အပြစ်ဝိုင်းပြောကြမှာလေ ၊ ဒီတော့ မဖြစ်သင့်တာမဖြစ်အောင် ရို က်ဆုံးမသင့် ဆုံးမရမှာပဲ ”
ဒေါ်လှလှချစ်သည် မနက်တိုင်း ကောင်းမြတ်နှင့်နောင်နောင့် အတွက် ထမင်းချိုင့် ပြင်ပေးရသည် ။ ကောင်းမြတ် အလုပ်သွားချိန်နှင့် နောင်နောင် ကျောင်းသွားချိန်က အတူလောက်မို့ ကောင်းမြတ်ကနောင်နောင့်ကို လိုက်ပို့ပေးသည်။ တစ်နေ့တော့ နောင်နောင်က ကျောင်းကနေ ပြန်လာပြီး ထမင်းချိုင့်ကို စားပွဲပေါ် ပစ်တင်ကာ …
” အမေချစ် သား ဗိုက်ဆာလိုက်တာဗျာ ၊ ထမင်းချိုင့်ထဲမှာ ထမင်းတွေ ဒီတိုင်းပဲ နေ့ခင်းက မစားရဘူး ”
ဒေါ်လှလှချစ်သည် စိတ်ပူပန်စွာဖြင့် နောင်နောင့်အနားရောက်လာကာ ….
” ဘာဖြစ်လို့လဲ ၊ ထမင်းသိုးလို့လား ”
“မဟုတ်ဘူး ၊အမေချစ်ထည့်ပေးလိုက်တာ ဇွန်း ပါမလာဘူးလေ ”
ဒေါ်လှလှချစ်သည် အံ့ဩမဆုံးဖြစ်ကာ ကိုယ့်နဖူးကိုယ် လက်ဝါးဖြင့် ရိုက်လိုက်မိသည်။
” အမယ်လေး ဖြစ်ရလေလေ နောင်နောင်ရယ် ၊ ဇွန်းမ ပါလာတာနဲ့ မစားဘဲနေရလား ၊ ဈေးဆိုင်က ဇွန်းငှားစားလည်းရတယ် ၊ သူငယ်ချင်းတစ်ယောက်ယောက် ၊ ဆရာမတစ်ယောက်ယောက်ဆီက ဇွန်းငှားလို့လည်းရတယ် ၊ ဒါမှမဟုတ်လည်း လက်နဲ့စားလိုက်လေ ၊ ညာဏ်တိမ်လိုက်တာဟယ် ”
ဒေါ်လှလှချစ်က စိတ်ဆင်းရဲစွာ ညည်းညူလိုက်တော့ နောင်နောင်က ဘာမှမပြောဘဲ ထမင်းချိုင့်ဖွင့်ကာ ဇွန်းယူ၍ အားရပါးရစားနေလေပြီ ။ ထိုကဲ့သို့ဖြင့် နောင်နောင်သည် တစ်နှစ်လုံး ဒေါ်လှလှချစ်အိမ်မှာ ရောက်နေကာ အမေအရင်းစုမွန်ကတော့ အဆက်အသွယ်ပင် မလုပ်ပေ ။ နွေရာသီကျောင်းပိတ်ရက်ရောက်တော့ ဦးအောင်မောင်းက ဒေါ်လှလှချစ်ဆီ ဖုန်းဆက်သည်။
” မလှချစ်ရေ နောင်နောင့်ကို စုမွန်လာခေါ်လိမ့်မယ်၊ အဲ့မိန်းမ သူ့လ င်နဲ့ကွဲသွားပြီ တဲ့ လေ ”
ဖြစ်ရလေလေ ။ ဒေါ်လှလှချစ်သည် မကြုံစဖူးမကြားစဖူးတွေ ဖြစ်ရသည် ။ သားသမီးသုံးယောက်ကို ပစ်ပြီး လ င်တစ်ယောက်နှင့် တစ်နှစ်လောက်သွားပေါင်းနေပြီး လ င်နှင့်ကွဲမှ သားသမီးဆီ ပြန်လာသောမိခင် ဟာ ဘယ်လို မိန်းမပါလိမ့်ဟု တွေးမိသွားသည် ။ သူ့လ င်နှင့်မကွဲခင်က သားသမီးကို သတိမှရပါေလစ ။
ဦးအောင်မောင်း က ထိုသို့ ဖုန်းဆက်ပြီးပြောတော့ နောင်နောင်သည် ခုန်ပေါက်ကာ ပျော်မြူးနေလေ၏ ။
” သားက အမေ့ကိုလွမ်းလှပြီ ၊ အမေနဲ့နေချင်လှပြီ ” ဟု ပြောနေလေသည် ။ ထိုအခါ ဒေါ်လှလှချစ် စိတ်မကောင်းဖြစ်မိသည် ။ အမေက သားသမီးကို မခင်တွယ်ပေမဲ့ သားသမီးကတော့ အမေကို သိပ်ခင်တွယ်လေသည်။ ညနေရောက်တော့ စုမွန်သည် ဒေါ်လှလှချစ် အိမ်ကိုရောက်လာပြီး အိမ်ထဲတောင်မဝင်ဘဲ အပေါက်ဝကနေ နောင်နောင့်ကို လက်ယက်ခေါ်ကာ တန်းပြန်သွားလေသည် ။ ဒေါ်လှလှချစ်သည် ထိုသို့သော မယဉ်ကျေးသည့် အပြုအမူအတွက် အသည်းပေါက်သွားမိသည် ။
” သူ့သားကို တစ်နှစ်လုံး ငါက ခေါ်ထားပေးတာလေ ၊ ကျေးဇူးမတင်ရင်တောင် မလှချစ်ရေ ၊ ကျွန်မတော့ သားကိုလာခေါ်တာ ၊ သွားလိုက်ပါဦးမယ် ဘာညာ ပြောရင် ကျေနပ်သေးတယ် ၊ ခုတော့ သူက အိမ်ထဲတောင်မဝင်ဘဲ အိမ်အပြင်ကနေ လက်ယက်ခေါ်သွားတယ် ”
ဦးအောင်မောင်းသည် ဒေါ်လှလှချစ်၏ မကျေမနပ်စကားများကို ဂရုစိုက်ပုံမရပေ ။ ဖုန်းထဲကနေ ငြိမ်သက်နေပြီး ဘာထောက်ခံသည့်စကားမှလည်း မပြောပါ ။ ဒေါ်လှလှချစ်စကားဆုံးတော့ …
” ကဲ ပြန်ပါသွားပြီပဲ၊ ထားလိုက်တော့ ၊ ကျုပ်လည်း အိပ်တော့မယ် ” ဟု ဆိုကာ ဖုန်းချသွားလေသည် ။
+
(သီတာဦး)
“ဒါဆို လေးလေးက အခုမှ ၄၀ ကျော်ပဲ ရှိသေးတာပေါ့ ”
” ဟုတ်တယ် သမီးရေ ၊ အဲ့တာကြောင့် အန်တီ့ကိုဆို သူကသိပ်စိတ်တိုင်းမကျဘူး ၊ အန်တီက ရိုးရိုးပဲနေတတ်တာလေ ၊ ဒါကို သူက အန်တီ့ကို ဖြစ်သလိုနေတယ်လို့ပြောတယ် ၊ အန်တီကလည်း ဆန်းဆန်းပြားပြားတွေ မလုပ်တတ်တော့ ခက်နေရော ၊ အရင်က လက်ထဲမှာ ပိုက်ဆံရှိတုန်းကလည်း ဘာမှမလုပ်ဘူး ၊ မျက်ခုံးမွေးတက်တူးတို့ ၊ မျက်နှာပေါင်းတင်တာတို့ ၊ အသားဖြူအောင်ဆေးထိုးတာတို့တွေလေ ၊ ကြားဖူးတယ် ၊ ဒါပေမဲ့ အန်တီမလုပ်ဘူး ၊ ဘာမှလည်း မစားပစ်မသောက်ပစ်ဘူး ၊ လက်ထဲပိုက်ဆံရှိရင် အာပူလျှာပူတော့ ဝယ်စားလိုက်တယ် ၊ အဲ့ထက်ပိုပြီး ဘာမှမလုပ်ဘူး ၊ ပိုက်ဆံရှိလေလေ မသုံးရက်တော့လေလေပဲ ၊ ယူခါစက သူက မုန့်စားမယ်ဆိုပြီး ခေါ်သွားတယ် ၊ ကျုပ်ဝယ်ကျွေးမှာပါ ၊ မလှချစ်ပိုက်ဆံမထုတ်ရပါဘူး ဆိုတာတောင် ဘာမှမစားဘူး ၊ ဘယ်လိုစိတ်မှန်းမသိဘူးနော် ၊ နို့သစ်ခွလေး တစ်ခွက် တစ်ထောင်တဲ့ အဲ့တုန်းက၊ အဲ့တာလေးပဲသောက်ပြီးပြန်လာခဲ့တယ် ၊ သမီးတို့လည်း ငွေအရမ်းမသုံးနဲ့ ၊ ငွေကိုစု ၊ ယူဖို့စဉ်းစားထားရင် စုလေ ၊ ခုတော့ ဘာတွေဝယ်ဝယ်ပို့မှန်းမသိဘူး ”
ဒေါ်လှလှချစ်က ထိုသို့ ပြောတော့ သီတာဦးအနည်းငယ် မျက်နှာပျ က်သွားမိသည် ။ သူမသည် ကောင်းမြတ်အတွက် ဖိနပ် ၊ ရေမွေး ၊ အင်္ကျီ အစရှိသဖြင့် ဝယ်ပို့တတ်သည် ။ အစားအသောက်ဆိုလျှင်လည်း တစ်မျိုးပြီးတစ်မျိုးပို့တတ်သည်။ ထိုသို့ပို့ရခြင်းကလည်း ကောင်းမြတ်မှာ အင်္ကျီရယ်လို့ တူတူတန်တန်မရှိ ၊ အပြင်သွားတိုင်း တစ်ထည်ပဲ အမြဲဝတ်တာကြောင့် ဝတ်စေချင်၍ ဖြစ်သည် ။ ဖိနပ်ဆိုလည်း သူများတန်းတူမစီးရ ။ သူစီးသောဖိနပ်မှာအရောင်မထွက်ကာ ဟောင်းနွမ်းနေပြီ မို့ စီးစေချင်၍ ဖြစ်သည် ။ အစားအသောက်ဆိုလျှင်လည်း ကောင်းမြတ်မှာ သူရသမျှ အိမ်သာတစ်ပြားတစ်ကျပ်မချန်ပေးရတာကြောင့် သူ့ဘာသာဆို မစားဖြစ်ပေ ။ လကုန်မှသာ မုန့်ဖိုးအနည်းငယ်လက်ထဲ ရှိတာမို့ သူမကိုတောင် ဘာမှမပေးဖူးပေ ။ သီတာဦးကလည်း မမျှော်လင့်ပါ ။ သူမဘက်ကသာ ကောင်းမြတ်ကို ဖြည့်ချင်တာဖြစ်ပြီး ကောင်းမြတ်ဆီက ဘာမှမမျှော်လင့်ထားသူဖြစ်သည်။ ကောင်းမြတ်သည် သီတာဦး ထိုသို့ ဝယ်ပို့ပေးတိုင်း အားနာစွာ ငြင်းသည် ။ သို့ပေမဲ့ သဘောကျသည့်စိတ်အား သီတာဦး ခံစားမိသည် ။ သူ့မှာလည်း အဝတ်အစားကောင်းဝတ်ချင်သော ဆန္ဒ ၊ အစားကောင်းစားချင်သော ဆန္ဒ ၊ ချစ်ရသူကို လိုအပ်တာ ဝယ်ပေးချင်သော ဆန္ဒ ရှိလောက်မည်ဟု သီတာဦးထင်သည်။ သူမတတ်နိုင်လို့သာ ထုတ်မပြောခြင်းဆိုတာ သီတာဦး နားလည်နေသည် ။ ဒေါ်လှလှချစ်ကတော့ နားလည်သလား ၊ မလည်သလား မပြောတတ်ပါ ။
ဒေါ်လှလှချစ်က ဆက်ပြောသည် ။
“အရင်က နားကပ်ဆို အဖူးလေး ဝတ်ဖူးတယ် ”
ဒေါ်လှလှချစ်က သီတာဦး၏ နားကို ကြည့်ကာ …
” သမီး ခုဝတ်ထားတာထက် ကြီးတယ် ၊ ဆွဲကြိုးလည်း နှစ်ကုံးလောက်ဝတ်ဖူးတယ် ၊ ကောင်းမြတ်ရဲ့ အဖေလေ ၊ ဟို အဖေအရင်းကို ပြောတာ သူမဆုံးခင်က ဆေးကုရတော့ အဲ့တာလေးတွေ ပြုတ်ကုန်တာ ခုထိ ပြန်မဝတ်ရတော့ပါဘူး ”
သီတာဦးသည် ေယာက္ခမ မတော်ရသေးဘဲနှင့်တောင် ဒေါ်လှလှချစ်ကို နားကပ်ဆင်ပေးချင်သည့်ဆန္ဒများ ပေါ်ပေါက်နေမိသည် ။ သူမသည် ဒေါ်လှလှချစ်ဆီ အလည်လာလျှင် လိုတာ ကို တစ်မျိုးပြီးတစ်မျိုး ဝယ်လာပေးလေ့ရှိသည်။ ဒေါ်လှလှချစ်အိမ်က အုပ်စောင်း မကောင်းတာမြင်တော့ အုပ်စောင်း အသစ်ဝယ်လာပေးသည် ။ ဒေါ်လှလှချစ်အတွက် ခေါင်းစည်းကြိုးဝယ်လာပေးသည် ။ ဆန်၊ဆီ ဝယ်လာပေးသည် ။ ဒေါ်လှလှချစ်အတွက် နေ့လည်နေ့ခင်းစားဖို့ တစ်ခုခု ဝယ်လာပေးသည် ။ သူမကတော့ လူတစ်ဦးတစ်ယောက်နှင့်ပတ်သက်လျှင် ရယူလိုစိတ်မရှိဘဲ ဖြည့်ဆည်းပေးချင်စိတ်သာ ရှိသူဖြစ်သည် ။
သီတာဦးသည် ကောင်းမြတ်ကို တွေ့ခါစက အနေအေးပြီး တည်ကြည်သော ၊ အလုပ်ကြိုးစားသော ယောက်ျားတစ်ယောက် အဖြစ် လေးစား ၊သဘောကျခဲ့မိသည်။ နောက်တော့ ခင်မင်ရင်း စကားပြောကောင်းသော ၊ စိတ်သဘောထား ရည်မွန်သော ယောက်ျားအဖြစ် စိတ်ဝင်စားခဲ့မိသည်။ ကောင်းမြတ်နှင့် ချစ်သူဖြစ်တော့ သူ့မိသားစုအကြောင်းစုံကို သီတာဦး မသိခဲ့ပါ။ ချစ်သူဖြစ်ပြီးမှ သိရတော့လည်း နောင်ဆုတ်ဖို့ အခွင့်အရေးတွေအများကြီး ရခဲ့သည် ။ သို့ပေမဲ့ သူမ နောက်ဆုတ်ဖို့ မကြိုးစားခဲ့ပေ ။ အပေါ်ယံ ချစ်ခြင်းမေတ္တာကနေ သနားကရုဏာ စိတ်ဖြင့် ဆက်လက်ချစ်ေပးခဲ့သည် ။ အားအင်ပေးခဲ့သည် ။ ခွန်အားဖြစ်ေပးခဲ့သည် ။ သူမ၏ချစ်ခြင်းမေတ္တာဟာ လူကိုမက်သော (သို့) ဂုဏ်ဒြပ်ကို မက်သော အပေါ်ယံ ချစ်ခြင်းမေတ္တာမဟုတ်ဘဲ အရာရာတိုင်း ၊ ဖြစ်တည်မှုတိုင်းကို နားလည်လက်ခံ၍ ထပ်တးထပ်မျှ ဝေမျှခံစားပေးနိုင်သော အစစ်အမှန် သာ ဖြစ်လေသည် ။
” သီတာရယ် ၊ မင်း ကျူရှင်ဂိုက် လုပ်တဲ့လစာနဲ့ အေးဆေးနေလို့ရရဲ့နဲ့ ၊ ဘာလို့ ကိုယ့်ဘဝထဲ ဝင်ချင်ရတာလဲ ”
ကောင်းမြတ်က မေးလာသည့်အခါ သီတာဦးသည် သူ့ကို ပြုံး၍သာ ကြည့်လိုက်သည်။
” သီတာရှိနေရင် ကို့ဘဝက ပိုပြီး ပြည့်စုံတယ်လို့ ခံစားရတယ်ဆို ၊ ဒါကြောင့် ကိုနဲ့ နှစ်ယောက် တစ်ဘဝ ဖြစ်ချင်တာပါ ၊ ကိုက သီတာ့ကို ဘဝထဲ အဝင်မခံချင်တာများလား ”
” မဟုတ်က ဟုတ်က သီတာ ရယ် ၊ ကိုယ် အဝင်ခံတာပေါ့ ၊ ကိုယ်လေ သီတာနဲ့ ချစ်သူဖြစ်မှသာ ပျော်ရွှင်မှုအစစ်အမှန်ကို ခံစားဖူးတာပါ ၊ သီတာသာ အနားမှာရှိနေပေး ၊ ကိုယ် ဘာမဆို လုပ်နိုင်တယ် ”
ထိုသို့ဖြင့် သီတာသည် အလင်းရောင်ဖျော့တော့နေသော ကောင်းမြတ်၏ ဘဝထဲကို မီးအိမ်ကိုင်၍ ဝင်ရောက်ဖို့ ကြိုးစားခဲ့သည်ဆိုလျှင် မမှားပေ ။ မီးအိမ်ဟာ သီးသန့်ထားလျှင်သာ အလင်းပေးနိုင်တာဖြစ်ပြီး ကျအက်ကွဲကြေသွားလျှင် မီးငြိမ်းသွားပြီး အမှောင်ဟာ အမှောင်ပဲ ဖြစ်နေလိမ့်မှာပင် ။ ကွဲကြေသွားသော အစိတ်အပိုင်း တစ်ခုကို ကောက်ယူမိလျှင်လည်း လက်အပူလောင်တတ်လေသည် ။ သီတာသည် ထိုသို့သော ရေရှည်ကိုမတွေး ၊ သူမဟာ သူမလက်ထဲက မီးအိမ်ကို အမြဲ ကိုင်ဆောင်ထားနိုင်မည်ဟုသာ ထင်ခဲ့မိလေသည် ။
+
တစ်နေ့သော မနက်ခင်းမှာ သီတာဦး ဒေါ်လှလှချစ်ဆီ အလည်သွားတော့ ဦးအောင်မောင်းသည် မီးသွေးတစ်အိတ်ကို ဆိုင်ကယ်နှင့်သယ်ကာ ရောက်ချလာသည် ။
” လေးလေး ပြန်ရောက်နေတာလား ”
သီတာဦးက နှုတ်ဆက်လိုက်သည် ။ ဦးအောင်မောင်းသည် ဒေါ်လှလှချစ်နှင့်ကောင်းမြတ်တို့ ပြောပြထားတာကြောင့် သီတာဦးကို သိနေလေသည် ။
” အေး ဟုတ်တယ်သမီးရေ ၊ သိပ်မကြာပါဘူး ၊ နောက်ရက်ဆို ပြန်သွားရမှာ ၊ ရန်ကုန်မှာခွင့်ရတုန်း အမြန်ပြန်လာခဲ့တာ ”
ဦးအောင်မောင်းသည် အိမ်ထဲမှာ မီးသွေးအိတ်ကို ချလိုက်ပြီး ဒေါ်လှလှချစ်ကို ကြည့်ကာ …
” မလှချစ် ၊ လုပ်လေဗျာ ၊ ဒီမှာ သမီးကို ရေနွေးလေးဘာလေး တိုက်လေ ”
ဒေါ်လှလှချစ်သည် ပျာယာခတ်နေရင်းက …
” ရေနွေးမရှိဘူး လေ၊ မတည်ဘူး ၊ သောက်မယ့်လူမှ မရှိတာ ”
“ဟာ မရှိလည်း တည်ထားရမယ်လေ ၊ အိမ်ကိုဧည့်သည်လာရင်း ရေနွေးကြမ်းတိုက်ရမှာ ထုံးစံပဲ ၊ ခု တည်လိုက် ၊ ကျုပ် လက်ဖက်ခြောက်သွားဝယ်ပေးမယ် ”
ဒေါ်လှလှချစ်သည် ကပျာကသီ ရေနွေးအိုးတည်ရသည် ။ ဦးအောင်မောင်းက သီတာဦးရှေ့ ရေနွေးအိုးလေးနှင့် ရေနွေးခွက်လေးများချကာ လက်ဖက်သုပ်လည်း ချပေးသည် ။
” သမီးရေ ၊ စိတ်မရှိနဲ့ ၊ လေးလေးက သမီးအန်တီကို ဒီလိုပဲ ပြောရတယ် ၊ သမီးအန်တီတို့က ဘာမှနားမလည်ဘူး ၊ သောက်ရေအိုး ထဲ ရေမရှိတာတို့ အိမ်သာထဲ ရေမရှိတာတို့ဆိုလည်း ပြောရတယ် ၊ လုပ် ရေနွေးငှဲ့ လက်ဖက်သုပ်စား ၊ နောက်ကျ အမျိုးတော်လာရမယ့် လူကို ခုကတည်းက တာဝန်ကျေထားရမှာပေါ့ ”
ဦးအောင်မောင်းက သီတာဦးကို ပြောနေရင်း ဒေါ်လှလှချစ်ကို လှမ်းကြည့်ကာ …
“တကယ်လို့ မင်း သာ သူ့ယောက္ခမဖြစ်သွားရင် မင်းရေနွေးကြမ်းသောက်ချင်တဲ့အခါ ခုလိုပဲ သောက်မယ့်သူမရှိဘူး မတည်ဘူးဆိုပြီး လုပ်ရင် ဘယ်နှယ့်လုပ်မလဲ ” ဟု စစနောက်နောက် ပြောလိုက်တော့ သီတာဦးကရယ်မိသည် ။ ဒေါ်လှလှချစ်က ခေါင်းအသာကုတ်ကာ …
” အဲ့လိုတော့ မလုပ်လောက်ပါဘူးတော် ” ဟု ပြန်ပြောလေသည်။
ဦးအောင်မောင်းက ကွမ်းယာတစ်ယာထုတ်စားရင်း ဒေါ်လှလှချစ်ကို မျက်စပစ်ကာ …
” သမီးတွေ့လား သမီးအန်တီက ရိုးရိုးကြီး ဘာသဘောတရားမှနားမလည်ဘူး ”
ဦးအောင်မောင်းသည် သီတာဦးခေါင်းလေးကို အသာကိုင်ကာ …
” ဒီသမီးက နောက်ကျ လေးလေးတို့ မိသားစုဝင်ဖြစ်လာမှာ ” ဟု ပြောလေတော့ သီတာဦးရင်ထဲ ကြည်နူးမှုဟာ အတိုင်းအဆမဲ့ ။ သူမကို ချွေးမတစ်ယောက်အဖြစ် ဦးအောင်မောင်းက အသိအမှတ်ပြုလိုက် တာမို့ ပျော်ရွှင်မိပါသည် ။ ဒီမိသားစုထဲ သူမရောက်လာလျှင် အဆင်မပြေနိုင်စရာ မရှိလောက် ဟုသာ သူမ တစ်ထစ်ချ ယုံကြည်လိုက်မိသည် ။ ကံကြမ္မာဟာ ကြိုမြင်နိုင်သော အရာမှမဟုတ် … ။
အမေမဟုတ်သောယောက္ခမ (အပိုင်း ၄)
+
“သီတာရေ ဒီနေ့ မြို့ထဲမှာ ဈေးပွဲတော်ရှိတယ် ၊ ကိုယ် လာခေါ်လှည့်မယ် ၊ အဆင်သင့်ပြင်ထားနော် ”
ကောင်းမြတ်က ဖုန်းဆက်၍ ထိုသို့ လှမ်းအသိပေးတာကြောင့် သီတာဦးက အမေဖြစ်သူ ဒေါ်တင်မာဝေကို ခွင့်တောင်းရသည် ။ အဖေဖြစ်သူ ဦးစည်သူ ကတော့ အမေပြီးလျှင် ပြီးသောလူဖြစ်သည်။
” အေး အေး သွားလေ သမီး ၊ သိပ်တော့ နောက်မကျစေနဲ့” ဟု ဒေါ်တင်မာဝေက မှာလိုက်သည်။ ကောင်းမြတ် လာခေါ်တော့ ၇ နာရီ ထိုးနေလေပြီ ။
” သီတာရယ် ကိုယ်နောက်ကျသွားတယ် ၊ ကိုယ့်သူငယ်ချင်းဆီက ဆိုင်ကယ်ငှားနေလို့လေ ကြာသွားတာ ”
သီတာသည် စိတ်မပျ က်နိုင်ဘဲ သက်ပြင်းသာ အသာချ၍ စိတ်လျှော့လိုက်ရသည် ။
” ကိုယ်လည်း သီတာနဲ့သွားဖို့လာဖို့ ဆိုင်ကယ် ကောင်းကောင်းလေး ဝယ်ဦးမှာပါ ၊ ကိုယ်ကြိုးစားနေပါတယ် ”
သီတာဦး သိပါသည် ။ ကောင်းမြတ်ရသမျှက အကြွေး ဆပ်ရတာနှင့် အိမ်စရိတ်နှင့် တင် ကုန်နေတာမို့ ဘာမှမဝယ်နိုင်တာမှန်း သူမနားလည်ပါသည် ။
” ကို ရေ ၊ သီတာ ၈ နာရီလောက်ပြန်မယ် နော် ၊ အမေက နောက်မကျစေနဲ့လို့ မှာလိုက်တယ် ”
” ဟာ သီတာကလည်း ခုတောင် ၇ နာရီခွဲနေပြီ ၊ နာရီဝက်နဲ့ ဘာလုပ်လို့ရမှာလဲ ၊ ကိုယ်တို့ နေရာအစုံတောင် မရောက်သေးဘူး ၊ ၉ နာရီလောက်မှ ပြန်လေကွာ … ”
သီတာဦးသည် အမေဖြစ်သူ စိတ်ဆိုးမှာလည်း စိုး ၊ ချစ်ရသူ အလိုမကျမှာလည်း စိုးကာ မျက်နှာလေး မသာမယာ ဖြစ်သွားသည်။
” အင်းပါ ၊ ၉ နာရီကျ ပြန်မယ်နော် ”
နှစ်ယောက် ပွဲဈေးကို ပတ်လျှောက်ရင်း ဟိုကြည့်ဒီကြည့် ကြည့်ကာ အချိန်တွေကုန်နေသည် ။ ဆိုင်တစ်ဆိုင်မှာ တစ်ခုခု ဝင်စားပြီးသွားတော့ ၉ နာရီ ထိုးနေလေပြီ … ။
” ကို ပြန်ရအောင်လေ … ”
” ဟာ သီတာကလည်း ခုမှစားသောက်ပြီးတာ ဗိုက်တင်းတုန်း ပွဲဈေး တစ်ပတ်လျှောက်ကြဦးမယ်လေ … ”
သီတာဦးဆီကို ဒေါ်တင်မာဝေက ဖုန်းတွေခေါ်နေလေပြီ ။ သီတာဦးသည် အရွယ်ရောက်ပြီးသားဖြစ်ပေမဲ့ စည်းကမ်းကြီးသော မိသားစုကြောင့် လွတ်လွတ်လပ်လပ် မသွားရပါ ။ ကောင်းမြတ် အိမ်ပြန်လိုက်ပို့တော့ သီတာဦးသည် မိဘများကို ရင်ဆိုင်ဖို့ ကြောက်နေလေပြီ ။ အချိန်မှာ ည ၁၀ နာရီ ။
အိမ်ပြန်ရောက်တော့ ဦးစည်သူနှင့် ဒေါ်တင်မာဝေတို့က စီးကြိုနေသည် ။ သီတာဦးသည် ကြောက်ကြောက်လန့်လန့် ဖြင့် ဆိုင်ကယ်ပေါ်က ဆင်းလေတော့ …
” မင်း နောက်တစ်ခါ ငါ့သမီးကို လာခေါ်စရာမလိုဘူး ”
ဦးစည်သူက စိတ်ဆိုးမာန်ဆိုးပြောသည် ။ ဒေါ်တင်မာဝေသည် ဦးစည်သူ ကို တားကာ …
” ကိုစည်သူ တော်အဲ့လိုမပြောနဲ့လေ ၊ သား ၊ သားလေးလေးကို စိတ်မဆိုးနဲ့ ၊ သားတို့က လည်း ဟုတ်တယ် လေ ၊ အချိန်မတော်ကြီးမှ ပြန်ပို့တော့ ပတ်ဝန်းကျင်ဆိုတာ ရှိတယ် ၊ အချိန်နဲ့အခါနဲ့ ပြန်မှပေါ့ ၊ ကဲ သွားသွား ၊ သားလည်း အိမ်ပြန်ဖို့ နောက်ကျနေပြီ ”
” ကျွန်တော် တောင်းပန်ပါတယ်နော် အန်တီ ၊ သီတာ့ကို မဆူပါနဲ့နော် ”
ကောင်းမြတ်က မျက်နှာငယ်ဖြင့်ပြောတော့ ဒေါ်တင်မာဝေက အေးအေးလူလူ ပြုံးပြလိုက်သည် ။ ကောင်းမြတ်က သီတာဦးကို စိတ်မချသော မျက်ဝန်းများဖြင့် ကြည့်သွားပြီးမှ ဆိုင်ကယ်ကိုလှည့်ကာ ထွက်သွားလေသည်။
ဒေါ်တင်မာဝေသည် အိမ်ထဲရောက်မှ သီတာဦးကို အခန်းထဲခေါ်ကာ စကားပြောသည် ။ ဦးစည်သူကတော့ ဘာမှထပ်မပြောဘဲ အိပ်ရာဝင်သွားလေပြီ ။
” သမီး ၊ သမီးတို့က ဘယ်နေ့ဘယ်ရက် ယူပါမယ်ဆိုပြီး သ တ်မှတ်ထားတာမဟုတ်ဘူး ၊ စေ့စပ်ထားကြတဲ့သူတွေလည်း မဟုတ်ဘူး ၊ သမီးတို့က လက်ထပ်ပြီးပြီဆိုရင်တော့ ဘယ်အချိန်မှပြန်ပြန် ကိစ္စ မရှိဘူးလေ ၊ အမေပြောတာ ဟုတ်တယ်မလား ၊ သမီးအသက်လည်း ၂၆၊ ၂၇ ဖြစ်နေပြီ ၊ အမေ ပြောချင်တဲ့အဓိပ္ပါယ်ကို သမီးနားလည်လောက်မှာပါ ၊ ခု ကောင်းမြတ်မှာ သမီးကို ယူနိုင်တဲ့ အရည်အချင်း မရှိသေးဘူး ၊ ဒီတော့ ပတ်ဝန်းကျင်မှာ လူပြောစရာ မဖြစ်အောင် သတိထားနေတာ အကောင်းဆုံးပဲ သမီး ”
သီတာဦးသည် ဒေါ်တင်မာဝေ၏ စကားကို နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ် လိုက်မိသည် ။ သူမ ကောင်းမြတ်ကို တွေးကြည့်လိုက်တော့ အမေဖြစ်သူပြောသလို တကယ်ပဲ သူမကို ယူဖို့ အဆင်သင့်မဖြစ်သေးတာ သိလိုက်ရသည် ။ အနေအထိုင်ဆင်ခြင်မှ ပဲ ဟု တွေးရင်း … ။
” မနေ့က သား အိမ်ပြန်လာတော့ မျက်ရည်လေး လည်လည် လည်လည်နဲ့ ၊ ဘာဖြစ်တာလဲ မေးကြည့်တော့ အိမ်ပြန်ပို့တာ နောက်ကျလို့ သူ့အဖေက ဆူလိုက်တယ်တဲ့ ”
ဒေါ်လှလှချစ်က ပြောပြတော့ သီတာဦးက ထိုင်ခုံလေးမှာထိုင်နေရင်း အားတုံ့အားနာဖြစ်သွားမိသည်။
” အေးလေ ၊ ယောက်ျားလေးအတွက် ည ၁၀ နာရီက စောချင်စောလိမ့်မယ် ၊ မိန်းကလေးအတွက်ကျ အတော်နောက်ကျတဲ့အချိန်ဖြစ်နေပြီလေ ၊ တစ်ဘက်က စိတ်ဆိုးတာလည်း ဆိုးသင့်ပါတယ် ”
ဒေါ်လှလှချစ်က သူမ မိဘတွေဘက်ကို နားလည်ပေးတာကြောင့် သီတာဦး အနည်းငယ်တော့ စိတ်အေးသွားရသည် ။
” ဒီနေ့ရော ဘယ်သွားကြမလို့တုန်း … ”
” ဝယ်စရာလေး ရှိလို့ပါ အန်တီ ၊ သမီးဘာသာသွားမယ်လို့ ပြောပါသေးတယ် ၊ ကောင်းမြတ်က သူနဲ့အတူသွားမယ် ၊ သူ့ဆီအရင်လာခဲ့ဆိုလို့ ပါ ”
ဒေါ်လှလှချစ်သည် အဝတ်တွေခေါက်နေရင်းက သက်ပြင်းချသည် ။
” သားလည်း အလုပ်ပိတ်ရက် အိမ်မှာကို မကပ်ဘူး ၊ ဘာမှလည်း မခိုင်းရဘူး ”
သီတာဦးသည် တဖန်အားနာမိသွားပြန်ကာ ကောင်းမြတ်ကိုမစောင့်ဘဲ ထထွက်သွားချင်စိတ်လည်း ပေါက်လာသည် ။ ထိုအချိန် ကောင်းမြတ်က သူ့အခန်းထဲမှ ထွက်လာပြီး …
” သွားမယ် သီတာရေ ၊ ကိုယ့် နာရီ ပျောက်နေလို့ ရှာနေတာနဲ့ ကြာသွားတာ ”
ကောင်းမြတ်က ဆိုင်ကယ်သော့ကို ယူကာ …
” အမေ သွားလိုက်ဦးမယ် ”
ဒေါ်လှလှချစ်ကို ကောင်းမြတ်က နှုတ်ဆက်တော့ သီတာဦးကလည်း နှုတ်မဆက်လို့ မကောင်းတာကြောင့် …
” သွားတော့မယ်နော် အန်တီ ”
“အေးအေး ”
ပြန်ဖြေသော ဒေါ်လှလှချစ်၏ မျက်နှာဟာ နှစ်နှစ်ကာကာမရှိပေ ။
+
“ကိုရယ် မနေ့ကမှ အပြောခံထားရတဲ့ဟာကို ၊ ဒီနေ့ မိဘတွေ အမြင်ကြည်အောင် ဘယ်မှမသွားဘဲ နေရမှာလေ ၊ ခုတော့ အတင်းလှမ်းခေါ်တယ် ၊ နေ့ခင်းဘက်မို့ အမေက ခွင့်ပြုပေးတာ ၊ မဟုတ်ရင် မနေ့ကလို အမြင်မကြည်စရာတွေ ဖြစ်နိုင်တယ် ”
ငြူငြူစူစူပြောနေသော သီတာဦး၏ မျက်နှာလေးကို ကြည့်ကာ ကောင်းမြတ်က သက်ပြင်းအသာ ချသည် ။ သူမ လက်ကလေးကို ဆုပ်ကိုင်ရင်း …
” သီတာရယ် ၊ ကိုယ်ကလည်း ဒီရက်ပိုင်းပဲ အလုပ်ပိတ်တာလေ ၊ ဒီရက်လေးပဲ တွေ့ရတာကို ၊ တွေ့ချင်တာပေါ့ ၊ ဖြစ်နိုင်ရင် သီတာနဲ့ အတူနေချင်ပြီကွာ … ”
” အတူနေချင်စိတ်သာ ရှိပြီး ကို့မှာ သီတာ့ကို ယူဖို့ အစွမ်းအစမရှိသေးဘူးလေ ၊ ဒီတော့ သည်းခံရမှာပေါ့ ၊ လူကြီးမိဘတွေကြည်ဖြူအောင် သူတို့မကြိုက်တာဆို ရှောင်ရမှာလေ ၊ ဒါမှ ရေရှည်အဆင်ပြေမှာ ”
ကောင်းမြတ်သည် ယူဖို့အစွမ်းအစမရှိ ဆိုသော စကားကို အနည်းငယ် နာသွားပုံရကာ သီတာဦး၏ လက်ကို လွှတ်ချသွားသည် ။
” ကိုယ်က သီတာ့ကို ခုယူမယ်ဆို ယူလို့ရတယ်နော် ၊ ယူဖို့ အစွမ်းအစမရှိဘူးလို့ မပြောနဲ့ ”
“တကယ်လား ကို ၊ ဒါဆို ကို ဘာလို့ ယူဖို့ မလုပ်သေးတာလဲ ၊ သီတာတို့ အသက်တွေလည်း မငယ်တော့ဘူးလေ ၊ မယူသေးတာ ၊ယူဖို့အစွမ်းအစ မရှိသေးတာ၊ အဆင်သင့်မဖြစ်သေးတာ၊ အတူတူပဲ ပေါ့ ၊ ကိုက ဘာကို နာနေတာလဲ ”
ကောင်းမြတ်သည် သီတာဦးကို စိုက်ကြည့်လိုက်ပြီး တစ်ခုခုပြောဖို့ ပြင်ပြီးမှ မပြောဘဲ မျက်နှာလွှဲသွားသည် ။ သီတာဦး စိတ်မကောင်းပေ ။ သူမဟာ သူ့ကို နှိမ်သလိုများဖြစ်သွားပြီလား ဟုတွေးရင်း နာကျင်သွားမိသည် ။
” ကို ၊ သီတာက ကို့ကို နှိမ်နေတာ မဟုတ်ဘူးနော် ၊ ကို အထင်မလွဲပါနဲ့ ၊ သီတာ ကို့ကိုပဲ ယူမှာ ၊ ဒီ့အတွက် ကိုနဲ့ သီတာ့မိဘတွေကို ရေရှည်အဆင်ပြေစေချင်တယ် ၊ ဒါကြောင့် မယူနိုင်ေသးခင် သူတို့ကြည်ဖြူအောင် နေကြရအောင် ၊ သူတို့ စိတ်ကွက်အောင် မလုပ်ကြရအောင် ၊ နော် ”
သီတာဦးက ပခုံးလေးကို မှီကာ ချော့ပြောလိုက်တော့ ကောင်းမြတ် ခေါင်းညိတ်ပါသည် ။
+
ဈေးပွဲတော် နောက်ဆုံးရက်မို့ ဒေါ်တင်မာဝေနှင့် သီတာဦးတို့ အတူသွားဖို့ပြင်ထားကြသည်။ ပွဲဈေးရောက်မှ ဒေါ်တင်မာဝေက သူမမိတ်တွေနှင့်ဆုံပြီး သီတာဦးက ကောင်းမြတ်နှင့် လည်ကြဖို့ စီစဉ်ထားသည် ။
” သမီး ၊ ကောင်းမြတ်က ဘယ်အချိန်လာမှာလဲ ၊ အမေက ဒီဆိုင်မှာ အမေ့သူငယ်ချင်းတွေနဲ့ချိန်းထားတာ ၊ အမေ ဒီမှာပဲ နေခဲ့တော့မယ် ၊ သမီးက ကောင်းမြတ်ကို သွားစောင့်ချင်စောင့်လေ ၊ အပြန် အတူပြန်မယ်နော် ၊ အမေ ပြန်မယ့်အချိန် ဖုန်းဆက်လိုက်မယ် ၊ အဲ့ကျ ဒီကိုပဲ ပြန်လာခဲ့ ”
” ဟုတ်ကဲ့အမေ ၊ ကောင်းမြတ်က ခဏနေ ရောက်မယ်လို့တော့ပြောတယ် ၊ ဝက်သားတုတ်ထိုးဆိုင်မှာ ချိန်းထားတာ ၊ ဒါဆို သမီးသွားလိုက်ဦးမယ်နော် ”
သီတာဦးက ဒေါ်တင်မာဝေကို အကျိုးအကြောင်း ပြော၍ ထွက်လာခဲ့သည် ။ ဝက်သားတုတ်ထိုးဆိုင်မှာ ထိုင်စောင့်နေတော့ နာရီဝက်လောက်အကြာမှာ ကောင်းမြတ် ရောက်လာသည်။
” ကို ရယ် နောက်ကျလိုက်တာ ၊ သီတာ ၇ နာရီခွဲကတည်းကရောက်နေတာ ခု ၈ နာရီတောင် ရှိပြီ ၊ အမေက ခဏနေပြန်မယ်တဲ့ ”
“သီတာ မပြန်နဲ့တော့ ”
” ဘယ်လို … ”
” ကိုယ် သီတာ့ကို ခိုးပြေးလိုက်မယ် ”
သီတာဦးသည် ရယ်မြူးရိပ်ဖြင့် …
” ကိုရယ် အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့ ၊ ကို့မှာ သီတာ့ကို ယူဖို့ အဆင်သင့်မဖြစ်သေးဘဲနဲ့ … ”
” အဆင်သင့်ဖြစ်ပြီ ၊ သီတာ့ကို ယူနိုင်တယ် ၊ သီတာ ကိုယ့်ကို ယူနိုင်လားပဲ ပြော ”
သီတာဦးသည် ကောင်းမြတ်ကို မယုံသင်ကာနှင့် ကြည့်ကာ
” ကို တကယ် သီတာ့ကို ယူနိုင်ပြီလား ၊ ကို တကယ် အဆင်သင့်ဖြစ်ပြီလား ၊ ေ သချာလား ”
” အင်း … ”
” ဒါဆို အမေတို့ဆီမှာလာတောင်းလေ ၊ ဘာလို့ ခိုးပြေးရမှာလဲ ”
” ပြီးရောလေ ဒါဆိုလည်း မနက်ဖြန် လာတောင်းလှည့်မယ် … ”
ကောင်းမြတ်သည် ထိုသို့ ပြောပြီး နောက်တစ်နေ့မှာ အိမ်ကို ရောက်လာကာ သီတာဦးကို ၁၅ သိန်းဖြင့် တင်တောင်းသည် ။
” သား ၊ တောင်းရမ်းတယ်ဆိုတာ မိဘအစုံအလင် ၊ ရပ်မိရပ်ဖ အစုံအလင်နဲ့ အုန်းပွဲ၊ငှက်ပျောပွဲ ပေးပြီး တောင်းရတာ ၊ ခု သားက တစ်ယောက်တည်းလာတောင်းတယ် ၊ ဘာဖြစ်လို့လဲ သားအမေက သဘောမတူလို့လား ”
” မဟုတ်ပါဘူး အန်တီ ၊ အမေ နေသိပ်မကောင်းလို့ပါ ၊ တခြားလူကြီးတွေ ခေါ်လာရင်လည်း အလုပ်ရှုပ်လို့ တစ်ယောက်တည်းလာခဲ့တာပါ ”
ထိုအခါ ဦးစည်သူက လက်မခံပေ ။
” ဒါထုံးစံမှမရှိတာ ၊ မင်းအမေ နေမကောင်းရင် နေကောင်းတဲ့နေ့မှ ပြန်လာတောင်းလှည့် ” ဟု ပြောလွှတ်လိုက်လေသည်။
+
နောက်ရက်ကျတော့ ကောင်းမြတ်သည် ဒေါ်လှလှချစ်နှင့်အတူ လူကြီးစုံရာများ ခေါ်လာပြီး ထပ်လာတောင်းလေသည်။ ဒေါ်လှလှချစ်၏ မျက်နှာသည် သိသိသာသာ ပျ က်ယွင်းနေလေ၏ ။ သီတာဦး သတိထားမိပေမဲ့ မမေးဖြစ်ခဲ့ပါ။ မင်္ဂလာရက်ကို နောက်တစ်ပတ် စနေ ဟု သ တ်မှတ်ပေးလိုက်သည် ။
လာတောင်းပြီး နောက်ရက်ကျ ကောင်းမြတ်သည် သီတာဦးနှင့် ဒေါ်တင်မာဝေကို ဖွင့်ဟ ဝန်ခံလာသည်။
” အန်တီ ၊ တကယ်တော့ အဲ့ တင်တောင်းတဲ့ ၁၅ သိန်းက သူများဆီက ချေးလာတာပါ … ”
” ဘယ်လို ”
” ကျွန်တော် နဲ့ သီတာတို့ ချစ်သူဖြစ်တာကြာပြီ ၊ ခုထိ မယူကြသေးတော့ ပတ်ဝန်းကျင်မှာ ပြောစရာဖြစ်နေလို့ ကျွန်တော် ဒီလိုလုပ်လိုက်မိတာပါ ”
သီတာသည် ဒေါသထွက်သွားမိကာ ရှက်လည်းရှက်ရွံ့သွားမိသည်။
” ကို ဘာလို့ မိုက်ရူးရဲဆန်ရတာလဲ ၊ အမှန်တော့ ကိုက သီတာပြောတာကို နာသွားတာမဟုတ်လား ၊ သီတာ့ကို ယူဖို့အစွမ်းအစမရှိသေးပါဘူး ဆိုတဲ့စကားကို ၊ ကို နာသွားတာ ဟုတ်တယ်မလား ၊ မဟုတ်တဲ့နေရာမှာ ဘာလို့ မခံချင်စိတ်ထားရတာလဲ ”
ဒေါ်တင်မာဝေသည် စိတ်ပျ က်ညစ်ညူးစွာဖြင့် မျက်နှာတစ်ခုလုံး သုန်မှုန်သွားလေသည် ။
” မင်္ဂလာရက်ကလည်း သ တ်မှတ်ပြီးပြီ ၊ ဖျ က်လိုက်မှ တကယ် အရှက်ရမှာ ၊ ဒီတော့ အန်တီတို့ဘက်ကတော့ တစ်ဦးတည်းသော သမီးမို့ ဖြစ်အောင် ဆောင်ပေးရမှာပဲ ၊ မင်း ချေးလာတဲ့ ငွေတွေ ပြန်ပေးလိုက်ပါ ၊ အန်တီ့သမီးကို မင်္ဂလာဆောင်ပြီးတာနဲ့ အကြွေးထိုင်ဆပ်နေရမယ့် အဖြစ်မျိုး အဖြစ်မခံနိုင်ဘူး ”
ဒေါ်တင်မာဝေသည် ကောင်းမြတ်ကို ၁၅ သိန်းလုံး ပြန်ပေးလိုက်သည် ။ သီတာဦးက ကောင်းမြတ်နှင့်အတူ လိုက်သွားပြီး ဒေါ်လှလှချစ်ကို တွေ့လိုက်သည် ။ သူမတို့မိဘဘက်က မင်္ဂလာဆောင်ပေးမည် ဆိုသည့်အကြောင်း ပြောပြလိုက်သည့်အခါ …
” အေးလေ ၊ တချို့ဆို မိန်းကလေးဘက်က တတ်နိုင်ရင် မိန်းကလေးဘက်က စိုက်ထုတ်ပြီး ဆောင်ပေးကြတာပဲ ၊ ကိုယ်တွေလည်း တကယ်ကို မရှိလို့ပါ ၊ သူတို့ကတော့ ရှိရဲ့သားနဲ့ မရှိဘူး ပြောတယ်များထင်နေလား မသိဘူး ”
” ၁၅ သိန်းလုံး ပြန်ယူလို့တော့ မကောင်းဘူးအမေ ၊ ကျွန်တော် ရှုပ်လိုက်တဲ့ပြသနာမို့ ကျွန်တော် တတ်နိုင်သလောက်တော့ ပေးချင်တယ် ”
” ၅ သိန်းေလာက် ပေးလိုက်ပေါ့ ၊ ကိုယ့်မရှိဘဲ ပေးချင်နေတာပဲ ကောင်းမြတ်ရယ် ၊ နင်ကို မှားတာ ၊ မယူနိုင်သေးဘဲနဲ့များ လျှာရှည်ရတယ်လို့ ”
ကောင်းမြတ်က သီတာဦးအရှေ့မှာ အပြောခံရတာမို့ အနည်းငယ် မျက်နှာပူပုံရသည် ။ သီတာဦးသည် စိတ်ဆင်းရဲစွာဖြင့်သာ ငြိမ်နားထောင်နေမိလေသည်။
” မတတ်နိုင်တော့ဘူး သမီး ၊ ဖြစ်လာတဲ့အတိုင်း လုပ်ရတော့မှာပေါ့ ၊ သူတို့ပေးတဲ့ ၅ သိန်းက မိတ်ကပ်ပြင်ဖို့နဲ့ မင်္ဂလာဝတ်စုံ ငှားရတာနဲ့ တင်ကုန်မှာပဲ ၊ အမေ့သမီး မင်္ဂလာဆောင်ပြီးသွားရင် စိတ်ချမ်းသာပါစေလို့ပဲ အမေဆုတောင်းတယ် ”
ဒေါ်တင်မာဝေသည် သီတာဦးလက်ကလေးကို ဆုပ်ရင်း ရင်လေးစွာ ပြောလေသည် ။ ခုကတည်းက သီတာဦး စိတ်ဆင်းရဲနေရတာကို အမေတစ်ယောက်အနေနှင့်ဘေးက မြင်နေရတာမို့ စိတ်မချမ်းသာပေ ။
” သမီး သမီးယောက္ခမအပေါ် တတ်နိုင်သမျှသာ သည်းခံနော် ”
ဒေါ်တင်မာဝေက ထိုသို့မှာတော့ သီတာဦး ခေါင်းညိတ်လိုက်သည် ။ သူမဟာ တော်ရုံမကောင်းမြင်တတ်သူမဟုတ် ။အမေဖြစ်သူကဲ့သို့ လူတိုင်းအပေါ် စာနာနားလည်ကာ စေတနာထားတတ်သူဖြစ်သည် ။ သို့ပေမဲ့ …
” သူ့အမေက တော်တော် ပါးစိပါးစပ်များတယ် အမေရာ ၊ တော်တော် စိတ်ကုန်တယ် ၊ သမီးလောက် အကောင်းမြတ်တတ်တဲ့သူတောင် စိတ်ကုန်မိတယ် ”
သီတာဦးသည် မင်္ဂလာမဆောင်ခင် ၂ ရက်အလိုမှာ ဒေါ်တင်မာဝေဆီသို့ ငိုယို ၍ ရောက်လာလေသည် ။
အမေမဟုတ်သောယောက္ခမ (အပိုင်း ၅)
+
မင်္ဂလာဆောင်မှာဝတ်ဖို့အတွက် အင်္ကျီချုပ်ဖို့ ဒေါ်လှလှချစ်ကို ပိတ်စရွေးရန် ပိုးထည်ဆိုင်ကို ခေါ်သွားကြသည်။ ပိုးထည်ဆိုင်ကို ဒေါ်တင်မာဝေနှင့် ဦးစည်သူတို့က ရောက်နှင့်ပြီးဖြစ်သည်။ သီတာဦးက ဒေါ်လှလှချစ်ကို အနေခက်မှာစိုးတာကြောင့် လက်ဆွဲခေါ်ကာ …
” အမေ ဒီပိတ်စလေးလှတယ် ၊ ဒါလေးလည်း လှတယ် ၊ လာ … ကိုယ်မှာ ကပ်ကြည့်ပြီး မှန်ကို ကြည့်လိုက် … ”
ကောင်းမြတ်က သူမတို့ကို အပြုံးမျက်နှာဖြင့် ငေးကြည့်နေသည် ။ ဒေါ်လှလှချစ်ကြိုက်သည့် ပိတ်စ နှင့် အရောင်တူကို ဒေါ်တင်မာဝေက ရွေးယူလိုက်သည် ။
” မင်္ဂလာဆောင်ကျ အရောင်တူလေး ဝတ်ရတာပေါ့ ” ဟု ဒေါ်တင်မာဝေက သူမကို ပြောပြတော့ သီတာဦး ကြည်နူးမိသွားသည်။ ပိုးထည်ဆိုင်က အပြန် ဖိနပ်ဆိုင်မှာ ဖိနပ် ဝယ်ပေးတော့ ဒေါ်တင်မာဝေက လူကြီးဆန်သော အပါးလေးကို ရွေးယူပြီး ဒေါ်လှလှချစ်က ဒေါက်ပါသော အနည်းငယ်မြင့်သည့် ဖိနပ်ကို ယူသည် ။
ဒေါ်လှလှချစ်က အသက် ၅၀ သာရှိသေးပြီး ဒေါ်တင်မာဝေက အသက် ၅၇ နှစ်မို့ အကြိုက်မတူကြပါ။
” သမီးရေ မနက်ဖြန် အင်္ကျီချုပ်မယ် ၊ သမီး ယောက္ခမကို ကိုယ်တိုင်လာနိုင်လာ ၊မဟုတ်ရင်လည်း ချုပ်ချင်တဲ့ ပုံစံတူ အင်္ကျီလေး ပေးပါ လို့ ပြောလိုက်နော် ”
ဒေါ်တင်မာဝေက ဖုန်းဆက်ပြောသည် ။ သီတာဦးက ဒေါ်လှလှချစ်ကို ပြန်ပြောပြသည့်အခါ …
” အမေရေ မနက်ဖြန် အင်္ကျီချုပ်မှာ အမေ ကိုယ်တိုင် သွားနိုင်မလား ”
” မသွားတော့ဘူးလေ ၊ အင်္ကျီပဲ ပေးလိုက်မယ် ၊ ရလား ”
” ဟုတ် အမေ အဲ့လိုလည်း ရတယ် ”
ဒေါ်လှလှချစ်က သူချုပ်ချင်သော အင်္ကျီပုံစံနှင့်ထဘီကို ထုတ်ပေးသည် ။
” လက်ကတော့ တံတောင်နားလောက်ထိ ပေါ့ ၊ အင်္ကျီကို ဒီလိုပုံစံလေး ၊ ထဘီကိုလည်း ဒီထဘီနဲ့ အတူတူလောက်ဆို ရတယ် ၊ ဒီထဘီ အရှည်လောက်ဆို အန်တီနဲ့တန်တယ် ”
” အန်တီ မဟုတ်ဘူး ၊ အမေ အမေ ၊ ဒီမှာ အမေလို့ ခေါ်နေတာကို အမေက ဘာလို့ အန်တီအန်တီ လုပ်နေတာလဲ ”
ကောင်းမြတ်က စကားဝင်ထောက်တော့ ဒေါ်လှလှချစ်က …
” အေး အမေအမေ ၊ ငါလည်း နှုတ်ကျိုးနေတာ ကောင်းမြတ်ရေ ”
သီတာဦးက ပြုံးလိုက်ပြီး အတိုင်းပေးသော အင်္ကျီနှင့်ထဘီကို ဒေါ်တင်မာဝေဆီ ယူသွားပေးလိုက်သည်။
” အမေရေ ၊ ဟိုဘက်ကအမေက ဒီအင်္ကျီပုံစံတဲ့ ထဘီကိုလည်း ဒီထဘီ အရှည်လောက်တဲ့ … ”
” အေးအေး ၊ ရက်ကလည်း နီးနေပြီဆိုတော့ အမေ စက်သမားကို အမြန်ကြေးပေးပြီး ချုပ်ခိုင်းမှ ရတော့မယ် ၊ မနက်ဖြန် မနက်လောက် ရလောက်မယ်ထင်တယ် ၊ ရရင် အမေ ဖုန်းဆက်လိုက်မယ် ၊ သမီးတို့က ဖိတ်စာ ဝေဖို့လုပ်ကြ ”
သီတာဦးနှင့်ကောင်းမြတ်တို့ ဖိတ်စာလိုက်ဝယ်ပြီး ညနေရောက်တော့ ဒေါ်တင်မာဝေက ဖုန်းဆက်လာသည်။
” သမီးရေ ၊ စက်သမားက မြန်တယ် ၊ ရပြီလို့ပြောတယ် သမီးယောက္ခမအင်္ကျီ လာယူလို့ရပြီ ”
သီတာဦးက သွားယူပြီး အိမ်ပြန်တော့ ဒေါ်လှလှချစ် ကို ဝတ်ကြည့်ခိုင်းသည် ။
” ဟယ် မတန်ဘူး ၊ ကြယ်သီးတောင် တပ်မရဘူး ”
” ဟင် ဟုတ်လား ”
သီတာဦးသည် အင်္ကျီကို ကြည့်လိုက်တော့ ကြယ်သီးက အရမ်းအနောက်တိုးတပ်ထားတာ တွေ့ရသည် ။ အရှေ့တိုးပြီး ပြန်တပ်လိုက်လျှင်တော့ ဝတ်လို့ရမည်။
” သမီး မနက်ဖြန် သမီးအမေဆီ ပြန်သွားပြီး စက်သမားကို ကြယ်သီး ပြန်ရွှေ့ခိုင်းပေးမယ်နော် ”
သီတာဦးက ညကတည်းက ဒေါ်တင်မာဝေကို အကျိုးအကြောင်း ဖုန်းဆက်လှမ်းပြောပြတော့ …
” အမေ့အင်္ကျီလည်း အတူတူပဲ သီတာရေ ၊ ကြယ်သီး နေရာမှားတပ်ထားလို့ ဝတ်မရဘူး ”
ဒေါ်တင်မာဝေက ပြောပြသည် ။ ဒေါ်လှလှချစ်သည် ထဘီကို ဝတ်ကြည့်နေ၏ ။ ဒေါ်လှလှချစ်၏ အသိ ဒေါ်အေးလေး က ထဘီကို ကြည့်ကာ …
” ဟယ် ထဘီကလည်း ဒေါက်လည်း မပါဘူး ၊ ဒေါက်လေးနဲ့ဆို ပို ဝတ်ရ အဆင်ပြေမှာပေါ့ ” ဟု ပြောသည့်အခါ ဒေါ်လှလှချစ်သည်
” အေး ၊ ဒေါက်လေးနဲ့ဆို ပို အဆင်ပြေသွားမှာနော် ” ဟု ထောက်ခံနေေလသည် ။
” နန်းသင်းကို ဒေါက်ထည့်ခိုင်းရင် ကောင်းမလား မသိဘူး ” ဟု ဒေါ်လှလှချစ်က ပြောပြီးမှ ” သူနဲ့မခေါ်တော့ လုပ်ပေးချင်ပါ့မလားတောင် မသိဘူး ” ဟု ပြောပြန်သည်။ သီတာဦးက ဒေါ်လှလှချစ်ကို ကြည့်ကာ …
” အမေရေ ဟိုဘက်က အမေရဲ့အင်္ကျီကလည်း ကြယ်သီးနေရာမမှန်ဘူးတဲ့ ၊ ဟိုဘက်ကအမေလည်း ပြန်ပြင်ရမှာ ၊ သမီး အမေ့အင်္ကျီလည်း ပြန်ပြင်ခိုင်းပေးမယ်နော် ” ဟု ပြောလိုက်သည် ။ သို့သော် ဒေါ်လှလှချစ်သည် ထိုမှာတင်မပြီး ။ ဒေါ်အေးလေးကိုလည်း အင်္ကျီပြန်ဝတ်ပြကာ ကြယ်သီးတပ်မရတာက ဘယ်လိုဖြစ်တာ ဘာညာနှင့် ထပ်ပြောပြန်သည် ။ တစ်ခါ ဘေးအိမ်က ဒေါ်ဆွေရီ လာတော့လည်း အင်္ကျီကို ထပ်ဝတ်ပြပြီး ကြယ်သီး တပ်မရကြောင်း ထပ်ပြောပြန်သည်။ ထဘီကိုလည်း ဒေါက်မပါလို့ ဟု ဆိုကာ ပေါက်ပေါက် ဖောက်နေပြန်သည်။ မနက်ရောက်တော့လည်း တစ်ခါ အင်္ကျီကြယ်သီးတပ်မရတာကို ထပ်ပြောပြန်သည် ။ ထိုအခါ သီတာဦးသည် သည်းမခံနိုင်တော့ဘဲ ဒေါသထွက်သွားမိကာ ဒေါ်တင်မာဝေဆီဖုန်းဆက်လိုက်သည် ။
” အမေရေ အင်္ကျီကို ပြန်ပြင်လို့မရရင် ၊ ဒီနေ့ ပိတ်စအသစ်ဝယ်ပြီး အသစ်ပြန်ချုပ်မယ်လို့ စက်သမားကို ပြောလိုက် ” ဟု ဒေါ်လှလှချစ်အရှေ့မှာ လေသံမာမာနှင့်ပြောပစ်လိုက်သည်။ ဒေါ်လှလှချစ်သည် သီတာဦး ဒေါသထွက်သွားတာကို ရိပ်မိပုံရသည်။ သို့သော်လည်း ပါးစပ်မပိတ်သေးပေ။
“ရပါတယ် ၊ အမေ့အင်္ကျီကို ပြန်ပြင်လို့ မရရင်လည်း ဒီမှာပဲ နန်းသင်းကို ပြန်ပြင်ခိုင်းရမှာပေါ့ ၊ ကြယ်သီး လေး အရှေ့တိုးတပ်ပေးရင် ဝတ်လို့ရပါပြီ ၊ ခုက လုံးဝတပ်မရဘူးလေ ” ဟု ထပ်ပြောလေကာ သီတာဦးသည် စိတ်ထပ်တိုသွားပြီး အင်္ကျီကို အိတ်ထဲထည့်ကာ ဒေါ်တင်မာဝေဆီ ယူသွားလိုက်သည် ။ ကောင်းမြတ်သည် အမေနှင့်မိန်းမကြား စိတ်ဆင်းရဲနေလေသည် ။ ဒေါ်လှလှချစ်ကို ဒေါသထွက်လာသမျှ ကောင်းမြတ်အပေါ် ပုံချကာ သီတာဦးသည် ကောင်းမြတ်ကို တစ်လမ်းလုံးစကားမပြောပေ။ ဒေါ်တင်မာဝေ၏ အိမ်ကို ရောက်တော့ သီတာဦး ငိုတော့သည်။
” အမေရယ် စဉ်းစားကြည့် ဒီကြယ်သီး တပ်မရတာကို ပဲ စကားလုပ်ပြီး ခဏခဏ ပြောနေတယ် ၊ အမေရေ ဟိုဘက်က သမီးအမေရဲ့ အင်္ကျီလည်း အဲ့လိုပဲလို့ပြောတယ် ၊ သမီးပြန်ပြင်ပေးမယ်ဆိုပြီး ပြောလိုက်တယ် ၊ အဲ့တာကိုပဲ သူ့မှာ ပါးစပ်မပိတ်နိုင်ဘူး ၊ စိတ်ကုန်တယ် အရမ်းပဲ ၊ ထဘီကိုလည်း ဒေါက်မပါလို့တဲ့ ”
ဒေါ်တင်မာဝေ၏ အခန်းထဲမှာ သီတာဦးက ငိုယိုပြီး ပြောပြသည် ။ ကောင်းမြတ်က လိုက်မလာရဲပေ။ သီတာဦး သူ့ကိုမကြည်နေတာ သိ၍ ဧည့်ခန်းမှာသာ ထိုင်နေသည်။ ဒေါ်တင်မာဝေသည် မင်္ဂလာမဆောင်ရသေးခင် ယောက္ခမကြောင့် စိတ်ညစ်နေရပြီဖြစ်သော သီတာဦးကိုကြည့်ကာ ရင်လေးစွာ သက်ပြင်းချမိလေသည်။
” သူပေးလိုက်တဲ့ထဘီမှာကို ဒေါက်မပါဘူးလေ ၊ အဲ့တော့ စက်သမားက ဒေါက်မထည့်ဘူး ထင်ပြီး မထည့်ပေးတာနေမှာပေါ့ ၊ သူအစကတည်းက ဒေါက်ပါတဲ့ ထဘီကို ပေးပါလား ၊ သူ အတိုင်းပေးတာကကို အဟုတ်မဟုတ်တာ ”
ဒေါ်တင်မာဝေကလည်း အနည်းငယ် စိတ်ညစ်ဟန်ဖြင့် ပြောလေသည် ။
” ကဲပါ မငိုနဲ့တော့ သမီး ၊ စိတ်မညစ်နဲ့ ၊ အမေ သူ့အင်္ကျီကို ပြန်ပြင်ပေးမယ် ၊ ပြန်ပြင်ပေးတာကိုမှ သူစိတ်တိုင်းမကျသေးရင် အဲ့ပိတ်စနဲ့အရောင်တူတာ ပြန်ရွေးပြီး အသစ်ထပ်ချုပ်ပေးမယ် ဟုတ်ပြီလား ”
သီတာဦးသည် ဒေါ်လှလှချစ် အိမ်မှာ စိတ်တိုဒေါသထွက်ခဲ့ရသမျှ ဒေါ်တင်မာဝေဆီရောက်မှပဲ စိတ်အေးကာ စိတ်ညစ်မှုေတွလျော့သွားရလေသည် ။
အင်္ကျီကို ပြန်ပြင်ပေးပြီးလို့ ဝတ်ရသွားတော့လည်း ဒေါ်ဆွေရီ၏ ပြောစကားကို ဒေါ်လှလှချစ်က နားဝင်သွားပြန်သည် ။
” သားရေ ဆွေရီကတောင်ပြောနေတာ၊ သတို့သားအမေအင်္ကျီအရောင်က မှိန်တယ်တဲ့ ၊ တောက်ရမှာလေ တဲ့ ”
သီတာဦး သက်ပြင်းသာချမိသည် ။ သားအမိနှစ်ယောက် ပြောချင်တာ ပြောပါစေတော့ဟု ထားလိုက်ကာ ဘာမှဝင်မပြောဘဲ နေလိုက်သည် ။ မင်္ဂလာဆောင်ရန် တစ်ရက်အလိုနေ့မှာ ဒေါ်လှလှချစ်သည် စိမ်းဝါရောင် အရောင်တောက်တောက် ပိတ်စဖြင့် ချုပ်ထားသော ဝမ်းဆက်ကို သီတာဦးဆီထုတ်ပြလာသည်။
” ဒီမှာ အမေ အသစ်ပြင်ဆင်ထားသည် ၊ သတို့သားအမေအင်္ကျီအရောင်က မှိန်တယ်လို့ပြောကြလို့လေ ”
သီတာဦးသည် လုပ်ချင်တာသာ လုပ်တော့ ဟု စိတ်ထဲသဘောထားလိုက်ကာ ဘာမှမဝေဖန်လိုက်တော့ပေ။ မင်္ဂလာဆောင်နေ့မှာ သီတာဦးကို သတို့သမီးမို့ လက်သည်းနီခြေသည်းနီဆိုးပေးတော့ ဒေါ်လှလှချစ်က ဆိုးချင်သည် ။ သီတာဦးသည် လက်သည်းဆိုးနီဘူးကို ဒေါ်လှလှချစ်အတွက် ယူပေးလိုက်သည်။ ဒေါ်လှလှချစ်ကို မိတ်ကပ်ပြင်ပေးပြီးသွားတော့ အင်္ကျီလဲသည့်အခါ ဒေါ်တင်မာဝေနှင့်အရောင်ဆင်တူမဟုတ်ဘဲ အသစ်ထပ်ချုပ်သော အင်္ကျီကို ဝတ်လေသည် ။ ထိုအခါ မိတ်ကပ်သမားကို လက်ဝတ်လက်စားဆင်ဖို့ အင်္ကျီနှင့်အလိုက်ပြောထားတာတွေ အကုန် အလွဲလွဲအချော်ချော်ဖြစ်ကုန်သည်။ နောက်ဆုံးကျ မိတ်ကပ်သမားမှာပါလာသည့် လက်ဝတ်လက်စားထဲက အဆင်ပြေတာကို ဒေါ်လှလှချစ်ဆီ ပေးဝတ်လိုက်ရကာ ဒေါ်တင်မာဝေကေတာ့ သူမမှာရှိတာလေးနှင့်ပဲ ဖြစ်သလို ဝတ်လိုက်ရသည်။ ထိုအခါ မိတ်ကပ်သမားက …
” သတို့သားအမေရဲ့ အင်္ကျီအရောင်က ခရမ်းဆို ၊ အဲ့တာကြောင့် လက်ဝတ်လက်စားကို ခရမ်းရောင် ကျောက် ဆွဲသီးလေးတွေ ထည့်ယူလာပေးတာလေ ”
ဒေါ်တင်မာဝေသည် သက်ပြင်းအသာချကာ …
” မသိတော့ပါဘူး ၊ ရပါတယ် အန်တီ့အတွက် ယူလာတဲ့ ပုလဲလေးတွေ ကို သူ့ဆင်ပေးလိုက်ပါ ၊ အန်တီ က အန်တီ့မှာ ရှိတာပဲ ဝတ်လိုက်တော့မယ် ”
” သူ့အတွက်ယူလာတဲ့ ဟာတွေ အန်တီ့ ဝတ်ပေးရင်လည်း အန်တီ့ဆံပင်ပုံစံတို့ မိတ်ကပ်အရောင်တို့နဲ့ မလိုက်တော့ဘူး ”
” အေးအေး ရပါတယ် ၊ အန်တီ… အန်တီ့ရှိတာနဲ့ပဲ အဆင်ပြေသလို ဝတ်လိုက်ပါတော့မယ် ”
မင်္ဂလာဆောင်မှာ လည်း ဒေါ်လှလှချစ်တစ်ယောက် ရေခဲမုန့်ထိုင်စားလိုက် ကိတ်မုန့်ထိုင်စားလိုက်နှင့် အိန္ဒြေမရပေ။ သတို့သား ဘယ်မှာလဲလို့ ဧည့်သည်က မေးလျှင် ကောင်းမြတ်နှင့်သီတာဦးက သွားခေါ်ရပြန်သည် ။ သီတာဦးသည် အလိုမကျမှုများစွာကို အတော်လေး သည်းခံလိုက်ရသည်။
+
မင်္ဂလာဆောင်ပြီး တစ်လ လောက်ကြာတော့ ဒေါ်လှလှချစ်သည် အကြွေးကိစ္စအတွက် ညည်းညူလာသည် ။ မင်္ဂလာဆောင်ဖို့ ပေးသော ၅ သိန်းဟာ ဒေါ်ဆွေရီဆီက ချေးထားတာဖြစ်ပြီး တစ်လကို ၁၀ ကျပ်တိုးပေးရတာဟု သိရသည် ။ ထိုအခါ တစ်လကြာသွားချိန်မှာ အရင်းမပေးနိုင်သေး၍ အတိုး ၅ သောင်း ပေးရတော့ ဒေါ်လှလှချစ်က စိတ်မချမ်းမြေ့ဖွယ် ပြောဆိုလာသည် ။
” အတိုးကမသက်သာဘူး အရင်းမပေးနိုင်သေးသ၍ အတိုးပေးနေရမှာ ၊ အဲ့အကြွေးအတွက် ပူနေရတယ် ” ဟု ဆိုကာ ကောင်းမြတ်ကို ဖိအားပေးလာသည်။ ကောင်းမြတ်သည် စိတ်ညစ်၍ သက်ပြင်းသာ ချလေသည်။ ထိုအခါ သီတာဦးက မနေနိုင်၍ ကောင်းမြတ် အလုပ်သွားချိန် ဒေါ်လှလှချစ်နှင့် တိုင်ပင်လေသည် ။
” အမေရေ ၊ သမီးမှာ စာသင်တဲ့လစာ ၃ သိန်းခွဲ ရှိတယ် ၊ အဲ့တာကို အရင်း ၃ သိန်းဆပ်ပြီး အတိုး ၅ သောင်းပေးလိုက်လေ ၊ ဒါဆို အကြွေး က ၂ သိန်းပဲ ကျန်တော့မယ် ၊ အတိုးပေးရတာ သက်သာ သွားမယ် ”
” အေး အဲ့လို ပေးရင်တော့ ကောင်းတာပေါ့ ၊ ခုတော့ သူများဆီ အတိုး ၅ သောင်း ၅ သောင်းပေးနေရတာ မသက်သာ လှဘူးလေ ”
သီတာဦးသည် ထိုသို့ပြောပြီး နေ့လည်ပဲ ဒေါ်လှလှချစ်ကို ၃ သိန်းခွဲ၊ ပေးလိုက်သည်။ ကျန်သည့် ၂ သိန်းကိုတော့ သူတို့ဘာသာ ဆပ်မှာပါဟု ထင်ခဲ့မိသည် ။ သို့သော်လည်း … ။
” ကို ရေ သီတာတို့ နေတဲ့ အခန်းထဲကို ဖယောင်းပုဆိုးလေး ခင်းချင်တာ ၊ အခင်းမရှိတော့ တံမြက်စည်းလှည်းရတာ လည်း အဆင်မပြေဘူး ၊ တမံတလင်းဆိုတော့ အေးလည်းအေးတယ် ”
” မခင်းပါနဲ့ဦး သီတာရယ် ၊ ကို တို့ ဆိုင်ကယ်ဝယ်ဖို့ အရင်စုရအောင် ” ဟု ဆိုကာ ကောင်းမြတ်က တားလေသည်
ကောင်းမြတ်မှာ ဘယ်လောက်ရှိသလဲ ၊ ဒေါ်လှလှချစ်မှာ ဘယ်လောက်ရှိသလဲ ဟု ကြည့်လိုက်တော့ သားအမိနှစ်ယောက် ပေါင်းမှ သုံးသိန်းလောက် ရှိသည်။ သီတာဦးသည် သက်ပြင်းအသာချကာ ကျူရှင်သင်သည့်အချိန်တွေကို ပိုတိုးလိုက်သည်။ ဆိုင်ကယ်ဝယ်ဖို့ ကောင်းမြတ်မှာ ရှိသည့် ပိုက်ဆံကို တောင်းလိုက်တော့ သုံးသိန်းပေးသည် ။ သီတာဦးသည် ၁၃ သိန်း စိုက်ကာ ၁၆ သိန်းတန် ဆိုင်ကယ်တစ်စီး ဝယ်လိုက်သည်။ အသစ်မရပါ။ second ထဲက ပေမဲ့ အတော်လေး သန့်ပါသည်။ လိုင်စင်ပါသည် ။ သို့သော် start မရ ၊ ဒေါက်လည်း ကျိုးနေ၍ ပြန်ပြင်ရမည်။
” ဆိုင်ကယ်ကို start ရအောင်လုပ်ဦး ၊ ဒေါက် လည်းလုပ်ဦး၊ ဒေါက်က မခိုင်လို့ လဲရင် ဘယ်လိုလုပ်မလဲ ”
ဒေါ်လှလှချစ်သည် ကောင်းမြတ်ကို ဆိုင်ကယ်၏ မကောင်းသောအချက်များကိုပင် ပြောဆိုကာ နားပူနေလေသည် ။ ထိုအခါ ဝယ်လာသော သီတာဦးက စိတ်ဆင်းရဲရလေသည် ။ စိတ်လည်း တိုမိလေသည် ။
” ဖြစ်နိုင်ရင် သူတို့ ပိုက်ဆံ ၃ သိန်းကို ပြန်ပေးပြီး အဲ့ဆိုင်ကယ် မီးသာ ပုံရှို့ချင်တယ် ” ဟု သီတာဦးက ဒေါ်တင်မာဝေကို ပြောပြတော့ ဒေါ်တင်မာဝေလည်း စိတ်မကောင်းပေ။
” သမီးရယ် နင့်ယောက္ခမက ပါးစိပါးစပ်အတော်များတာပဲ ၊ သူတို့ကြည့်တော့ အသစ်ဝယ်စီးနိုင်တာ မဟုတ်ဘူး ၊ တစ်သက်လုံး ဆိုင်ကယ်အစု တ်နဲ့သွားလာနေရတာကို ၊ ဒီဆိုင်ကယ်လေးက ကာဗာတွေလည်း original ၊ အင်ဂျင်လည်း ခွဲထားတာ မရှိဘူး ၊ လိုင်စင်လည်း ပါပြီးသား ၊ second ကတော့ အလုံးစုံ ပြီးပြည့်စုံနေမှာမဟုတ်ဘူးလေ ၊ ဒီလောက်လေးရတာပဲ ကျေးဇူးတင်မှပေါ့ ၊ ဒါတောင် ရောင်းတဲ့သူက သမီးအဖေရဲ့သူငယ်ချင်း ၊ သူ့ဘာသာပြင်ပြီး စီးမှာ ဆိုပြီး ရောင်းချင်တာမဟုတ်ဘူး ၊ သမီးအဖေက ဆိုင်ကယ်လေး သန့်တော့ မနည်းပြောဆိုပြီး ဝယ်ထားရတာ ၊ သမီးယောက္ခမက သူလည်း မစိုက်ထုတ်နိုင်ဘဲ အပစ်ပဲ ပြောတာတော့ မကောင်းဘူးပေါ့ ”
သီတာဦးသည် ဒေါ်လှလှချစ်နှင့်ပတ်သက်ပြီး တစ်မျိုးပြီးတစ်မျိုး စိတ်ညစ်ရတာမို့ တွေးရင်း ရင်သာပူနေတော့သည်။ မတတ်နိုင်ပေ။ သူမဝယ်လာတာမို့ မကောင်းတာရှိလည်း သူမဘာသာ ပြင်ရမှာပဲဟု တွေးကာ လိုအပ်တာအကုန် ဆိုင်ကယ်အပြင်ဆိုင်မှာ သူမဘာသာစိုက်ထုတ်ပြီး ပြင်လိုက်သည်။
” သီတာရေ ၊ ကိုယ့် ဆိုင်ကယ် အဟောင်းလေးကို ဝယ်မယ့်သူရှိတယ် ၊ ကိုယ် ၃ သိန်းနဲ့ ရောင်းဖို့စဥ်းစားထားတယ် ၊ ဆိုင်ကယ်လေးက ကြာပြီဆိုပေမဲ့ ၃ သိန်းနဲ့တော့ အကြိုက်စီးလို့ရပါသေးတယ် ၊ ကိုယ့် သူငယ်ချင်းက လ ကုန်ကျ ဝယ်မယ် လို့ ပြောတယ် ”
” ဖြစ်နိုင်ရင် မရောင်းပါနဲ့လား ကို ရယ် ၊ အမေ ဟိုသွားဒီသွား စီးလို့ရတာပေါ့ ” ဟု သီတာဦး တားမြစ်ခဲ့သည်။ သို့သော် သားအမိနှစ်ယောက် တိုင်ပင်ကာ ရောင်းလိုက်ကြသည်။ ဆိုင်ကယ် ရောင်းသည့်ငွေ ၃ သိန်းကို သီတာဦးက မတောင်းပါ။ ဒေါ်လှလှချစ်က …
” ဆိုင်ကယ် ရောင်းတဲ့ပိုက်ဆံ သမီးတို့ယူထား ၊ သုံးချင်တာသုံး လို့ရတာပေါ့ ” ဟု ဆိုကာ ပေးလေသည်။ သို့သော် ထို ၃ သိန်းကို သီတာဦး မသုံးရပါ။ နောက်ရက်တွင် ဒေါ်လှလှချစ်သည် မကောင်းတော့သော တီဗွီကို ပြင်သုံးမည် လုပ်နေသည်။တီဗွီတွင် ရီမုတ်ပင် မရှိပေ ။ ထိုအခါ သီတာဦးက မကြည့်ရက်တာကြောင့် တီဗွီအသစ်တစ်လုံးဝယ်ပေးခဲ့သည်။ ထိုအခါ …
” ဟယ် ပိုက်ဆံတွေကုန်တာပေါ့ သမီးရယ် ၊ မတိုင်ပင်ဘဲ ဝယ်လာရတယ် လို့ ” ဟု ဆိုကာ ပြောသေးသည်။ သို့သော် တီဗွီကိုအချိန်ပြည့် ဖွင့်ကြည့်လေ့ရှိ၏။ တစ်ညမှာ ကောင်းမြတ်နှင့် သီတာဦးတို့ ထမင်းစားနေတုန်း ဒေါ်လှလှချစ်ကအနားရောက်လာပြန်ကာ …
” ဟိုလေ အမေနဲ့နင်တို့နဲ့ တစ်ယောက်တစ်ဝက်စိုက်ပြီး ရေခဲသေတ္တာဝယ်ရအောင် ၊ ရှေ့လျှောက် နွေရာသီ ဆိုတော့ သူများဆီက ရေခဲရေဝယ်သောက်ရရင်မတန်ဘူး ” ဟု ဆိုလာသည် ။ နွေရာသီထဲပင်ဝင်လာေသာ်လည်း ရေခဲသေတ္တာဝယ်ဖို့ တစ်ခွန်းမှထပ်မဟတော့ပေ။ ထိုအခါ သီတာဦးပဲ စိုက်ထုတ်၍ ဝယ်ရလေသည်။
” ရေခဲသေတ္တာက တံခါးမှာဖွင့်ဖို့ကိုင်းတောင်မပါဘူး ” ဟု ဒေါ်လှလှချစ်က အပြစ်တော့ ပြောတတ်သည် ။ အစကတစ်ယောက်တစ်ဝက်ဟု ပြောပေမဲ့ သီတာဦး ဝယ်လာပြီးသွားတော့ တစ်ပြားတစ်ချပ်တောင်ပြန်မပေးတော့ပါ။ သီတာဦးသည် ဒေါ်လှလှချစ် ပါးစပ်က ပြောလိုက်သမျှ အကုန်ရအောင် ဖြည့်ပေးချင်စိတ်ရှိလေသည် ။ သို့သော် ဒေါ်လှလှချစ်ကတော့ သီတာဦး တစ်ခုခု လုပ်ချင်လျှင် အမြဲတားမြစ်တတ်လေသည်။
” အမေရေ ကို့ မွေးနေ့ကျ တစ်ခုခု လုပ်ရအောင် ”
မနက်စာ စားနေရင်း ကောင်းမြတ်၏ မွေးနေ့အတွက် သီတာဦးက ဒေါ်လှလှချစ်ကို တိုင်ပင်သည် ။ ဒေါ်လှလှချစ်သည် တီဗွီကြည့်ရင်းက …
” ဒံပေါက်စားချင်တယ်လို့တော့ သားက ပြောနေတာကြာပြီ ”
” ဟုတ်လား ၊ ဒါဆို ဒံပေါက် လုပ်ကြမယ်လေ … ”
” ပိုက်ဆံကုန်ပါတယ် ”
” ပိုက်ဆံက ကုန်ကုန်ပါ အမေရယ် ၊ သူ့မွေးနေ့လေး သူစားချင်တာ လုပ်ပေးချင်တယ် ”
ဒေါ်လှလှချစ်သည် အလိုမကျစွာဖြင့် မျက်နှာက ညိုသွားပြီး …
” ဆွေရီ့ကို ၂ သိန်းဆပ်ဖို့ ကျန်တာ ကို ခေါင်းထဲထည့်ကြဦး ” ဟု ပြောလာလေသည် ။
သီတာဦးသည် ချက်ချင်း မျက်နှာပျ က်သွားကာ စိတ်ထဲမှာလည်း အောင့်သက်သက် ဖြစ်သွားရသည် ။ သူမ ၃ သိန်းဆပ်ပေးပြီးပြီ ၊ ဒါကို ကျန် ၂ သိန်းပါ ထပ်ဆပ်ပေးဖို့ ခေါင်းထဲ ထည့်ရဦးမတဲ့လား ။ သီတာဦး စိတ်လည်းတို ၊ ဝမ်းလည်း ဝမ်းနည်းကာ ကောင်းမြတ်မွေးနေ့အတွက် စိတ်ကူးထားသည့် အပျော်တွေပါ ပျ က်စီးကုန်လေသည် ။
အမေမဟုတ်သောယောက္ခမ (အပိုင်း ၆)
+
ကောင်းမြတ်အလုပ်က ပြန်လာတော့ သီတာဦးသည် ရေမိုးချိုးကာ အဝတ်အစားလဲ၍ ခေါင်းဖီးနေလေသည် ။ သီတာဦး မျက်နှာမကောင်းတာကို ကောင်းမြတ်က မြင်တော့ အနားမှာ လာထိုင်ကာ …
” သီတာ ၊ ဘာဖြစ်လို့လဲ … မျက်နှာမကောင်းပါလား ”
သီတာဦးသည် ကောင်းမြတ်ကိုကြည့်လိုက်ပြီး …
” အပြင်ခဏ သွားရအောင် … ”
ကောင်းမြတ်က” သွားမယ်လေ “ဟု ဆိုကာ ဆိုင်ကယ်ထုတ်သည်။ သူတို့နှစ်ယောက် လူရှင်းသော ဘုရားရင်ပြင်ပေါ်မှာ ထိုင်ခဲ့ကြသည် ။ သီတာဦးသည် ရင်ထဲမှာ တနုတ်နုတ်နှင့်ခံစားနေရတာမို့ စကားလုံးများဖြင့် ဖော်ပြဖို့ရာ ခဲရင်းနေသည် ။ သူမ ကောင်းမြတ်ကို စကားတစ်ခွန်းမှ မပြောရသေးပါ။ ကောင်းမြတ်သည် သူမမျက်နှာကိုကြည့်ရင်း ရင်ပူနေသည်။
” သီတာရယ် ၊ ဘာဖြစ်လို့လဲ ၊ ကိုယ့်ကို ပြောပါ ”
သီတာဦးသည် ပြောမည် ဟု စိတ်ပိုင်းဖြတ်လိုက်ပြီး ကောင်းမြတ်၏ မျက်နှာကို သေချာကြည့်လိုက်သည်။
” ဒီနေ့ ကို့ မွေးနေ့အတွက် တစ်ခုခု လုပ်ပေးချင်တယ်ဆိုပြီး ကို့အမေနဲ့ တိုင်ပင်ခဲ့တယ် ၊ သူဘာပြောလဲ သိလား ၊ ပိုက်ဆံကုန်တယ် ၊ ဒေါ်ဆွေရီ့ကို ၂ သိန်းဆပ်ဖို့ ကျန်ေနတာကို ခေါင်းထဲထည့်ဦးတဲ့ ”
သီတာဦးသည် ပြောနေရင်း အားပါလာကာ ဒေါသသံနှင့်ငိုသံစွက်လေသည် ။
” အဲ့ချေးတဲ့ ၅ သိန်းက သီတာ့ကို တင်တောင်းတဲ့ေငွ ၊ မင်္ဂလာဆောင်ဖို့ ကိုတို့ဘက်က ပေးတာဆိုလို့ အဲ့ဒီ့ ၅ သိန်းပဲရှိတာ နော် ၊ဒါကို သီတာ ၃ သိန်း ဆပ်ပေးပြီးပြီလေ ၊ ကျန် ၂ သိန်းကို ပါ ထပ်ဆပ်ပေးရဦးမှာလား ၊ မသိရင် သီတာကယောက်ျားတစ်ယောက်ကို ကိုယ့်စရိတ်နဲ့ကိုယ် ယူခဲ့ရသလိုပဲ ”
သီတာဦးသည် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလာလေသည်။ ကောင်းမြတ်သည်လည်း မျက်ရည်ကျကာ မျက်နှာလွှဲသွားလေသည်။
” ပထမတစ်ခေါက် ဖယောင်းပုဆိုးခင်းချင်တယ်လို့ပြောတော့ ဆိုင်ကယ်ဝယ်ဖို့ စုမယ်တဲ့ ၊ ဆိုင်ကယ်ဝယ်ပေးလိုက်တယ် ၊ တီဗွီဆိုလို့ တီဗွီ ၊ ရေခဲသေတ္တာဆိုလို့ ရေခဲသေတ္တာ၊ ဖြစ်ချင်တာ အကုန်ဖြည့်ဆည်းပေးတယ် ၊ခု မွေးနေ့လေး လုပ်ချင်တာကျတော့ ၂ သိန်းဆပ်ဖို့ ခေါင်းထဲထည့်ဦးလို့ အပြောခံရတယ် ၊ သီတာက ဘယ်တော့မှ ကိုယ်လုပ်ချင်တာ လုပ်ရမှာလဲ ၊ ကို့ လိုဘက် ကို့အမေ လိုဘက်ကို ဘယ်အချိန်ထိ ဖြည့်ရမှာလဲ ၊ သီတာကလည်းလေ ကိုယ်လုပ်ချင်တာမှ မလုပ်ရရင် လုံးဝမကျေနပ်ဘူး ၊ ကိုယ်လုပ်ချင်တာ မလုပ်ရတဲ့နေရာမှာမှာလည်း မနေချင်ဘူး ”
” သီတာရယ် ”
ကောင်းမြတ်သည် သီတာဦး၏ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ရင်း မျက်ရည်များစီးဆင်းနေသော မျက်ဝန်းများဖြင့် ကြည့်လာလေသည် ။
” မနေချင်ဘူးလို့တော့ မပြောပါနဲ့ကွာ ၊ အဲ့ ၂ သိန်း သီတာ မဆပ်ပေးပါနဲ့ ၊ ကိုယ် ဆပ်မှာပါ ၊ ကိုယ် အမေ့ကို ပြောမယ်ကွာ ၊ သီတာ လုပ်ချင်တာလုပ် ၊ နော် ၊ ကိုယ် နဲ့မနေချင်ဘူးလို့တော့ မပြောပါနဲ့ သီတာရယ် ”
ကောင်းမြတ်သည် သီတာဦးကို တင်းနေအောင်ဖက်ရင်း ငိုလေတော့ သီတာဦးသည် မျက်ရည်များ ကမ်းပြိုသကဲ့သို့စီးဆင်းလာတော့သည် ။
” ကိုယ် အသုံးမကျတာကွာ ၊ ကိုယ် မရှာနိုင်လို့ ၊ အိမ်ရဲ့လိုတာမှန်သမျှ သီတာက ဖြည့်ပေးနေရတာ ၊ ကိုယ် အသုံးမကျလို့ ၊ ကိုယ် သောက်သုံးမကျလို့ ”
ကောင်းမြတ်သည် သူ့ခေါင်းသူ လက်တွေဖြင့် ဖျတ်ရိုက်လေတော့ သီတာဦးသည် မနေနိုင်၍ အတင်းတားလိုက်ရသည်။
” ကို လည်း တတ်နိုင်သမျှ အလုပ်လုပ်နေတာ သီတာ သိပါတယ် ၊ ခုလို ပြောတာက ကို့ကို အပြစ်တင်ချင်လို့ မဟုတ်ပါဘူး ”
သီတာဦးက ငို၍ ပြောတော့ ကောင်းမြတ်သူမကို ဖက်ထားလေသည် ။
” ကိုယ် သိပါတယ် ၊ ကိုယ် သိပါတယ် သီတာရယ် ၊ ကိုယ့်မွေးနေ့အတွက် သီတာ လုပ်ချင်တာ လုပ်ပါ ၊ အဲ့ ၂ သိန်း မဆပ်နဲ့ကွာ ၊ ကိုယ် အမေ့ကို ပြောမယ် ”
” ဟင့်အင်း မပြောနဲ့ ၊ အဲ့ ၂ သိန်း ဆပ်လိုက်ပါ ၊ ဆိုင်ကယ်ရောင်းထားတဲ့ ၃ သိန်းထဲက ပေးလိုက် ”
” သီတာရယ် ၊ အဲ့ ၃ သိန်းက သီတာသုံးဖို့လေ ”
” မသုံးပါဘူး ၊ ဘာမှလည်း သုံးဖို့မရှိဘူး ၊ ဆပ်ပြီးတော့ ပြီးတာပဲ ၊ ဆပ်လိုက်ပါ ၊ ကို့အမေလည်း ဘာမှပြောမနေနဲ့တော့ ၊ သီတာ စကားလည်း မများချင်ဘူး ၊ ကို့အမေကို ကိုပြောလိုက်လို့ သီတာ့ကို မကောင်းမြင်သွားတာလည်း မလိုချင်ဘူး ၊ သီတာ အေးအေးဆေးဆေးပဲ နေချင်တယ် ၊ သီတာ ပြောချင်တာ အကုန် ကို့ကို ပြောပြီးပြီ ၊ ကို ပိုကြိုးစားဖို့ပဲ လိုတယ် ”
ကောင်းမြတ်သည် သီတာ၏ လက်ကလေးကို ဆုပ်ကိုင်ကာ ကတိပေးသည် ။
” ကိုယ် ကတိပေးပါတယ် ၊ ကိုယ် ကြိုးစားပါ့မယ် ”
+
သီတာဦးသည် ကျူရှင် လိုက်သင်ရ၍ မအားပေမဲ့ အားလျှင် အားသလို ၊ ကြုံလျှင် ကြုံသလို အိမ်အလုပ်တွေ လုပ်ပေးလေသည် ။ ချက်ပြတ်ထားသည့် အိုးခွက်ပန်းကန်တွေကို ဒေါ်လှလှချစ်က မဆေးဘဲ ထားလျှင် သီတာဦးက မနက်ထတိုင်း ဆေးပေးသည် ။ အဝတ်တွေဆိုလျှင်လည်း ဒေါ်လှလှချစ်က မနက်ကတည်းကတိုင် စိမ်ထားပြီး ညနေအထိမလျှော်ပေ ။ သီတာဦးက ကျူရှင်သင်ပြီး ပြန်လာသည့်အချိန်ကျမှ လျှော်ပေးရသည် ။ ထိုအခါ …
” အိမ်အလုပ်က ပြစရာကိုမရှိဘူး ၊ ကိုယ့်လက်ကိုယ်ခြေချည်းပဲ နားကိုမနားရဘူး ” ဟု ဒေါ်လှလှချစ်က ညည်းတတ်သည်။ သီတာဦးသည် နားလည်ပေးလိုက်ပြီး ဘာမှမပြောပေ။ သူမအဝတ်တွေကိုတော့ ဒေါ်လှလှချစ်လျှော်မပေးရပါ။ ကောင်းမြတ်အဝတ်တွေကိုသာ သီတာဦး မလျှော်အားတာကြောင့် ရံဖန်ရံခါ ဒေါ်လှလှချစ်က လျှော်ပေးရသည် ။ မီးပူလည်း သီတာဦးက တိုက်ပေးသည်။ ဒေါ်လှလှချစ်သည် မီးပူတိုက်လျှင် အဝတ်ကို ကောင်းကောင်းမခေါက်တတ်ပေ ။ မညီမညာတွေ ခေါက်ထားတတ်တာမို့ သီတာဦးကသာ အမြဲ တိုက်ပေးလေ့ရှိသည် ။
ကောင်းမြတ် အားသည့်တစ်နေ့မှာ ဘုရားကျောင်းဆောင်ကို သီတာဦး က ရှင်းလင်းပေးသည် ။ ဦးအောင်မောင်း၏ အဝတ်တွေကို အိမ်ထောင့်မှာ ပြန့်ကျဲနေအောင် ပစ်ထားတာမြင်တော့ သီတာဦးကပဲ ပုဆိုးနှင့် ထုပ်၍ သိမ်းပေးလိုက်ရသည်။ ကောင်းမြတ်နေသော အခန်းသည် သီတာဦးရောက်လာမှပဲ သေသေသပ်သပ် ဖြစ်သွားလေသည်။
” သားရေ ၊ မင်း ဆေးရုံ တက်ရတုန်းက ချေးထားတဲ့ ပိုက်ဆံက ၁၀ သိန်းကျန်နေသေးတာလေ ၊ အဲ့တာကို အကြွေးသမား မိန်းမက ချက်ချင်းတစ်ပုံတည်း လိုချင်တယ်ဆိုပြီး လူကြီးအိမ်မှာ ခေါ်ပြောတယ် ၊ စောင့်ရတဲ့နှစ်မနည်းတော့ဘူး တဲ့ ၊ ဒီလကုန်မှမပေးရင် တရားစွဲမယ် လုပ်နေတယ် ”
ထမင်းစားနေရင်း လာပြောပြတော့ ကောင်းမြတ် စိတ်ညစ်သွားသည် ။
” ကျွန်တော်လည်း ရသမျှအမေ့ပေးနေတာပဲ အမေရာ ”
” ဟယ် အဲ့တာဟုတ်တယ်လေ ၊ မင်းလည်း မင်းရသမျှ တစ်ပြားမကျန် အကုန်ပေးသလို ၊ မင်းအဖေ အောင်မောင်းကလည်း သူရသလောက် ပေးတာပဲ ၊ အမေလည်း တစ်ပြားမှမသုံးဘူးလေ ၊ အိမ်စရိတ်နဲ့ အကြွေးဆပ်နေတာပဲ ၊ မင်းတို့ကိုလည်း အပြစ်မပြောသလို အမေ့မှာလည်း အပြစ်မရှိဘူး ၊ ခုကလည်း အမေက ပြောပြတာ ၊ ဆပ်ရမယ်ဆိုတာ သိအောင်လို့ ၊ မင်းတို့ ပေါ့ပေါ့ နေ ၊ ပေါ့ပေါ့စားလို့မဖြစ်ဘူး ဆိုတာ သိဖို့ ”
ကောင်းမြတ်သည် ချက်ချင်း မျက်နှာပျက်ကာ ဒေါ်လှလှချစ်ကို လှမ်းကြည့်သည် ။
” ကျွန်တော်တို့က ဘယ်မှာပေါ့ပေါ့နေ ပေါ့ပေါ့စားနေလို့လဲ ၊ အမေ စကားပြောတာ ကြည့်ပြော ”
သီတာဦးသည် သက်ပြင်းချကာ ထမင်းစားခြင်းကို လက်စသတ်လိုက်ရသည် ။ ဒေါ်လှလှချစ်သည် ကောင်းမြတ်ကိုအံ့ဩသလို ကြည့်ကာ …
” ဟယ် ကောင်းမြတ် မင်းက ဘာလို့ ငါ့ကို လာအော်နေတာလဲ ”
” အမေ ပြောတာ အဟုတ်မဟုတ်လို့လေ ၊ ပေါ့ပေါ့နေပေါ့ပေါ့စားလို့ မဖြစ်ဘူး ဆိုတာ သိဖို့ လို့ပြောရအောင် ကျွန်တော်တို့က ဘယ်မှာ ပေါ့ပေါ့နေပေါ့ပေါ့စားနေလို့လဲ ၊ အကုန် အမေတို့ကိစ္စချည်း လိုက်လုပ်ပေးနေတာလေ ”
ဒေါ်လှလှချစ်သည် အိပ်ရာခင်းနေရင်းကနေ ထမင်းစားနေသော ကောင်းမြတ်ကို စူးစူးဝါးဝါးကြည့်ကာ …
” ငါ့ကိုဘာမှမတိုင်ပင်ဘဲ လုပ်တဲ့ကိစ္စတွေလေ ၊ မလုပ်ပေးလည်း ဘာမှမဖြစ်ဘူး ကောင်းမြတ် ၊ ငါ့ကိုအဲ့လို လာမပြောနဲ့ ”
” ဟင်း ”
ကောင်းမြတ်က ခပ်ချဉ်ချဉ်မဲ့သည်။
” တိုင်ပင်တော့ရော အကုန်လိုက်ပြီးဖျက်လုပ်ဖျက်စီးပြောတာလေ ၊ ဒီတော့ ဘယ်သူက တိုင်ပင်ချင်မှာလဲ ၊ မလုပ်ပေးလည်း ဘာမှမဖြစ်ဘူးတဲ့ ၊ လုပ်ပေးတော့လည်း အကုန်ကျေနပ်နေတာပဲ မဟုတ်ဘူးလား ၊ တီဗွီဆို ပိတ်ကိုမပိတ်ဘူး ”
” ကောင်းမြတ် ၊ မင်းငါ့ကို အဲ့စကားတွေပြောနေတာ မဟုတ်တော့ဘူးနော် ၊ ကောင်းမြတ်တို့က ပုံမလာတော့ဘူး ၊ ခုမှ အိမ်ေထာင်ကျတာ တစ်နှစ်လောက်ရှိသေးတာကို သောက်ချိုးတွေက မဟုတ်တော့ဘူး ၊ အိုးခွဲချင်တာလား ”
” ဟာဗျာ ၊ အမေ မဆီမဆိုင်တွေ ထည့်မပြောစမ်းပါနဲ့ ၊ ဘယ်သူက အိုးခွဲချင်တယ်ပြောနေလို့လဲ ”
“မင်းအချိုးက အဲ့အချိုးဖြစ်နေတာလေ ”
” စိတ်ပျက်တယ် အရမ်းပဲ ”
ကောင်းမြတ်သည် ထမင်းဝိုင်းက ထထွက်သွားလေ၏ ။ သီတာဦးသည် သက်ပြင်းချကာ ထမင်းဝိုင်းကို သိမ်းလိုက်ရသည်။ ဒေါ်လှလှချစ်သည် ကောင်းမြတ် အခန်းထဲဝင်သွားတဲ့အထိ မရပ်မနား တဖျစ်တောက်တောက်နှင့် ပြောနေလေသည်။ သီတာဦး အခန်းထဲကို လိုက်သွားတော့ ကောင်းမြတ်သည် မျက်ရည်လည်လည်ဖြင့် အိပ်ရာပေါ်မှာ ထိုင်နေလေသည်။
” ကို …
ထမင်းရော ဝလို့လား ”
” မဝလည်း စားချင်စိတ်မရှိတော့ဘူး သီတာရယ် ”
သီတာဦးသည် လေးပင်စွာ သက်ပြင်းချလိုက်မိသည်။
” ငါလည်း ငါ့ကိုယ်ပိုင်ဝင်ငွေမရှိလို့သာပါ ၊ မဟုတ်ရင် အိုးခွဲပေးလိုက်ပြီ ၊ မင်းတို့ လုပ်စာ စားရတာ ကျီးလန့်စာ စားရသလိုပဲ ”
ဒေါ်လှလှချစ် အသံထက်ထွက်လာတော့ ကောင်းမြတ် စိတ်ဆင်းရဲသွားလေသည် ။
” အမေက ကျီးလန့်စာလို့ ပြောရအောင် ၊ ကျွန်တော်တို့က အမေ့ကို မသထာရေစာကျွေးနေလို့လား ၊ အမေ ပြောတာတွေ မဟုတ်တော့ဘူးဗျာ ”
ကောင်းမြတ်သည် ငိုသံကြီးနှင့် လှမ်းအော်လိုက်၏။ ထိုအခါ သီတာဦး မနေနိုင်တော့ဘဲ …
” အမေရယ် အမေလည်း မပြောပါနဲ့တော့ ၊ ကို လည်း တော်ပြီ မပြောနဲ့တော့ ၊ အမေနဲ့ အိုးခွဲချင်လို့ ပြောနေတဲ့စကားတွေလည်း မဟုတ်ဘူး ၊ အမေ့ကိုလည်းနားလည်တယ် ၊ ကို့ ကိုလည်း နားလည်တယ် ၊ ညဘက်ကြီး ပတ်ဝန်းကျင်မှာ တိတ်နေကြပြီ ၊ စကားမများကြပါနဲ့တော့ ”
သီတာဦးက ဝင်ပြောလိုက်တော့ ကောင်းမြတ်က ငြိမ်သွားသည် ။ ဒေါ်လှလှချစ်ကတော့ မကျေမနပ် ဖြင့် ငြိမ်လိုက်ရပုံ ။
” ကို ၊ အမေလည်း ငြိမ်သွားပြီ ၊ ကို ဗိုက်ဆာရင် သွားစားဦးလေ ”
ကောင်းမြတ်သည် အပြင်ထွက်၍ ထမင်းပြန်စားဖို့ပြင်သည် ။ အုပ်စောင်းကို ဘေးကိုချလိုက်သည့်အသံက ကျယ်သွားတာကို ဒေါ်လှလှချစ်က ဆောင့်ချသည်ဟု စွပ်စွဲလေရာ ကောင်းမြတ်သည် စိတ်ညစ်ညူး၍ အခန်းထဲ ပြန်ဝင်လာလေသည် ။
” သီတာတွေ့လား ၊ အမေ ဘယ်လောက်ဆိုးတယ်ဆိုတာ ၊ ချစ်သူဘဝတုန်းက သီတာ့ကို ကိုယ်ပြောပြခဲ့တာတွေ လွန်လား ၊ ခုလည်း အကုန်ပြီးနေပြီ၊ ကိုယ်အခန်းထဲဝင်လာချိန် မပြောဘဲနေလိုက်ပါတော့လား ၊ ဆက်ပြောနေတယ် ၊ တစ်ခါတစ်လေ အရမ်းစိတ်ညစ်ဖို့ကောင်းတယ် ”
ချစ်သူဘဝတုန်းက ကောင်းမြတ်သည် အိမ်ပေါ်က ဆင်းမည် ဟု ခဏခဏ သူမကို ပြောဖူးတာ သီတာဦး သတိရသွားသည်။ ထိုအချိန်တုန်းက ” ကို ရယ် ကို့အမေမှာ ကိုပဲရှိတာ ၊ ကို အဲ့လို လုပ်လို့မရဘူးလေ ၊ မိဘနဲ့သားသမီးမှာ ကိုက စိတ်လျှော့လိုက်ပါ ၊ သည်းခံလိုက်ပါ ” ဟု ပြောခဲ့ဖူးသည် ။
” သီတာရယ် ၊ သားသမီးနဲ့ မိဘမှာ ၊ ငါမိဘ ငါပြောတာ အကုန်မှန်တယ် ဆိုတာကြီးကတော့ မဟုတ်သေးပါဘူး ကွာ ” ဆိုပြီး ကောင်းမြတ်ပြောတာတွေ သီတာဦး အမှတ်ရမိသည် ။ “လူအကြောင်း ပေါင်းကြည့်မှသိ “ဆိုသလို ဘေးက ကြည့်ပြီး သူမအကောင်းမြင် စောခဲ့တာတွေအတွက် သီတာဦး နောင်တ ရမိေလသည် ။
+
မနက်ရောက်တော့ သီတာဦးသည် မနက်စာ စားနေရင်း ဒေါ်လှလှချစ်ကို ကြည့်လိုက်သည်။ ဒေါ်လှလှချစ်သည် ထမင်းအိုးတည်ဖို့ ပြင်နေ၏ ။
” အမေ ၊ အမေ့အကြွေးသမားကို ကြောက်မနေနဲ့နော် ၊ သူ တရားစွဲလို့မရပါဘူး ၊ သူက တရားဝင် လိုင်စင်နဲ့ချေးပေးနေတာမှမဟုတ်တာ ၊ ပြီးတော့ အတိုးပေးလာတာပဲ ကြာနေပြီမဟုတ်လား ”
ဒေါ်လှလှချစ်သည် ထမင်းအိုးမွှေနေရင်းက …
” အေးလေ ကြာနေပြီ ၊ အဲ့ကောင်မက တရားရုံးရောက်ရင် မဟုတ်မမှန်တွေပြောမှာစိုးတာ၊ အဲ့ကျ အလုပ်တွေရှုပ်နေမှာလေ ”
” ကြောက်စရာမလိုပါဘူး အမေရယ် ၊ အမေ သူ့ကိုပေးနေတာ သက်သေတွေ ရှိတယ်မဟုတ်လား ”
” အဲ့ကောင်မနဲ့ပတ် ကိုမပတ်သက်ချင်တော့တာ ”
သီတာဦးသည် သက်ပြင်းအသာချရင်း …
” အင်းလေ ကို့ကျန်းမာရေးနဲ့ပတ်သက်ပြီး တင်တဲ့အကြွေးဆိုတော့လည်း သမီးဆပ်ပေးပါ့မယ် ၊ သမီး လတိုင်း ၁ သိန်း ၊ ၁ သိန်းစုထားတာ ရှိတယ် ၊ ဒီလကုန်ဆို ၁၀ သိန်းပြည့်ပြီ ၊ အမေ့ကိုပေးမယ်လေ ၊ ဆပ်လိုက်ပေါ့ ”
ဒေါ်လှလှချစ်သည် မျက်လုံးများအရောင်လက်လာကာ သီတာဦးကို အားကိုးတကြီးကြည့်လေသည် ။
” အေးပါ သမီးရယ် ၊ ကျေးဇူးတင်ပါတယ် ၊ အမေတို့လည်း သမီးရောက်လာမှပဲ လူတန်းစေ့နေရတာပါ ၊ သမီးအရင်းလေးတစ်ယောက် ရသလိုပါပဲ ”
စိတ်ထဲက ပါသည်ရှိ၊မပါသည် ရှိ ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုသို့ပြောတာနှင့်တင် သီတာဦးကျေနပ်ရပါသည်။ ယောက္ခမနှင့်ချွေးမ တည့်တာ ရှားသည်မို့ သူမ အတတ်နိုင်ဆုံး ပြေလည်အောင် နေချင်သည့် ဆန္ဒရှိလေသည်။
သီတာဦးသည် ဒေါ်လှလှချစ် စိတ်အေးပါစေတော့ ၊ ကောင်းမြတ်လည်း အပူလျော့ပါစေတော့ဟု ရည်ရွယ်ကာ အကြွေး ၁၀ သိန်းဆပ်ပေးလိုက်သည်။ ကောင်းမြတ်၏ မွေးနေ့မှာ ဒံေပါက်ကျွေးသည်။ ဒေါ်တင်မာဝေနှင့် ဦးစည်သူတို့ကို ဒံပေါက်တစ်ပြည်ပို့ပေးပြီး ကျန်သည့် နှစ်ပြည်ကို ဒေါ်လှလှချစ် တို့ဘက်မှာ ကျွေးလိုက်သည်။
” ကိုယ် ဒံပေါက်စားချင်တယ်လို့ မပြောဖူးပါဘူး ၊ အမေက တော့ ကြိုက်တယ်၊ အရင်က အဖေပြန်လာလို့ ဆိုင်မှာသွားစားရင် အမေက ဒံပေါက် ၁၀ ဘူးလောက်တောင် စားနိုင်တယ်လို့ပြောဖူးတယ် ” ဟု ဆိုကာ ကောင်းမြတ်က ရယ်ရယ်မောမော ပြောပြသည် ။
ဒေါ်အေးလေးကတော့ ဒံပေါက် သိပ်မကြိုက်ပါဘူး ဟု ဆိုကာ ခဏခဏ အိုးကြီးဖွင့်၍ ထည့်စားနေလေသည် ။ ထိုအခါ ကောင်းမြတ်က ခပ်ချဉ်ချဉ် ကြည့်နေသည်။ သီတာဦးက …
” ကိုရယ် ထားလိုက်ပါ ၊ အလှူ လုပ်နေချိန် စေတနာအပြည့်အဝထားပေးလိုက်ပါ ” ဟု နားချရသည်။ ကောင်းမြတ်က …
” စားတာကစားပါ ကိုယ် စေတနာရှိပါတယ် ၊ သိပ်မကြိုက်ပါဘူး သိပ်မကြိုက်ပါဘူးနဲ့ပြောစရာလိုလို့လား၊ မကြိုက်လို့သာဘဲ သူတို့ပဲ ထိုင်စားနေတာလေ ”
သီတာဦးက ရယ်လိုက်သည် ။ “သူ့အထာနဲ့သူပေါ့ “ဟု ရှင်းပြရင်းသာ ။
+
” အမေတို့ကွာရှင်းတော့မယ် … ”
အိမ်ပြန်ရောက်ရောက်ချင်း ကြားလိုက်ရသည့်စကားကြောင့် ကောင်းမြတ်ရော သီတာဦးရော မျက်စိမျက်နှာပျက်သွားကြသည် ။
ဒေါ်လှလှချစ်သည် ငိုထားသော မျက်လုံးများ ဖြင့် မျက်နှာတစ်ခုလုံး ညိုနေေလသည် ။ ဦးအောင်မောင်း တစ်ေယာက်က ဘာအပူတွေ ပေးပြန်ပြီလဲ ။
အမေမဟုတ်သောယောက္ခမ (အပိုင်း ၇)
*
“ကိုရေ သီတာလေ ကို့အမေ့ကို နားကပ်လေး လုပ်ပေးချင်တယ်”
သီတာဦး၏ စကားကို ကြားတော့ ကောင်းမြတ်က ဝမ်းသာသွားသည်။ သို့ပေမဲ့ သီတာဦးက သူမကိုယ်တိုင်အတွက်ဘာမှမသုံးဘဲ သူ့အိမ်အတွက်သာ ဖြည့်ပေးနေတာကြောင့် အားနာနေမိသည်။
” သီတာရယ် ၊ မင်းပဲ လက်စွပ်ကလေး လုပ်ဝတ်ပါလား ”
” သီတာက လက်စွပ် လုပ်ဝတ်ရင် ကိုနဲ့ အတူလုပ်ဝတ်ချင်တာ ၊ ခု လက်ထဲမှာက လက်စွပ်နှစ်ကွင်းစာဖိုး မရှိဘူး ၊ ကို့အမေနားပေါက်က ဟောင်းလောင်းဖြစ်နေတာ ၊ အမေလည်း ဝတ်ချင်မှာပဲလေ ကိုရယ် ၊ သီတာ နားကပ်လေး လုပ်ပေးချင်တယ် ”
ကောင်းမြတ်က ပြုံးလိုက်မိသည်။ သီတာဦး၏ ပခုံးလေးကို အသာဖက်ရင်း …
” ကိုယ့်အမေအပေါ် စေတနာထားပေးလို့ကျေးဇူးပါ သီတာရယ် ”
ထိုညနေပဲ သူတို့ ရွှေဆိုင်ကိုဝင်ပြီး နားကပ်ကလေး ဝယ်ခဲ့သည်။ ငွေသားအားဖြင့် ၅ သိန်းကျော် ကျလေသည်။ သီတာဦး၏ နားမှာ ဝတ်ထားသော အဖူးလေးထက်ပင် ပို၍ ကြီးသေးသည်။
” ကိုယ့်အမေတော့ ဝမ်းသာနေတော့မှာ ” ဟု ကောင်းမြတ်က ပြောသည့်အခါ သီတာဦးသည် အံ့သြဝမ်းသာ သွားမည့် ဒေါ်လှလှချစ်၏ မျက်နှာကို မြင်ယောင်ကြည့်ရင်းကြိုတင်ကြည်နူးနေမိလေသည်။ အိမ်ကိုပြန်ရောက်တော့ ဒေါ်လှလှချစ်က မျက်နှာမကောင်းပါ ။ ရေချိုးထားပုံလည်း မရကာ မျက်နှာတွင်လည်း သနပ်ခါး မရှိပေ။ ထိုအခါ ကောင်းမြတ်က …
” အမေ အမေကလည်း ရေမချိုးရသေးဘူးလား ၊ ညစ်ပတ်ပါ့ ” ဟု ရယ်မြူးရိပ်ဖြင့် စနောက်လိုက်သည် ။ သီတာဦးကလည်း ပြုံးလိုက်မိ၏ ။ သူမတို့ရင်ထဲမှာ နားကပ်ပေးဖို့ ရည်ရွယ်ရင်း ကြည်နူးနေမိတာမို့ အပျော်တွေသာ ရှိသည်။ သို့သော် ဒေါ်လှလှချစ်က စနောက်တာကို မနှစ်ခြိုက်သော မျက်နှာအမူအယာဖြင့် …
” ကောင်းမြတ် ၊ မင်း အေးဆေးနေ ၊ ငါ့ခံစားချက်နဲ့ငါ ” ဟု ပြန်ပြောလေရာ ကောင်းမြတ်ရော သီတာဦးရော မျက်နှာတည်သွားရလေသည် ။ ကောင်းမြတ်သည် ဒေါ်လှလှချစ်စကားကြောင့် သီတာဦးကို အားနာသွားမိသည်။
” အမေကလည်း ဘာဖြစ်လို့လဲ ”
” မဖြစ်ဘူး ၊ မဖြစ်ဘူး စားကြ ထမင်း ၊ ခူးပေးထားတယ် ”
သီတာဦးသည် ဒေါ်လှလှချစ်ကိုပဲ တကြည့်ကြည့် လုပ်နေမိသည် ။ နားကပ်ပေးဖို့ရာ ဒေါ်လှလှချစ်က စိတ်မပျော်နေတော့ ဘယ်ကနေဘယ်လို စပေးရမှန်း မသိ ဖြစ်သွားေလသည်။ ထမင်းဝိုင်းမှာ ဝင်ထိုင်ပြီးတော့ ကောင်းမြတ်က ဒေါ်လှလှချစ်ကို လှမ်းကြည့်သည် ။
” ဘာဖြစ်လို့လဲ အမေရာ ၊ ကျွန်တော်တို့လည်း ပြောပြလေ ၊ ဒီ သုံးယောက်လေးပဲ ရှိတာ ၊ ကျွန်တော် တို့ မပြောလို့ ဘယ်သူ့ပြောမှာလဲ ”
” ဟုတ်သားပဲ အမေရဲ့ ၊ သမီးတို့ကို ပြောပြလေ ၊ သမီးတို့လည်း မျှဝေခံစားပေးမှာပေါ့ … ”
ကောင်းမြတ်နှင့် သီတာဦးတို့က ထိုသို့ ချော့ပြောလိုက်တော့မှ ဒေါ်လှလှချစ်သည် မျက်နှာမကောင်းစွာနှင့် …
” အောင်မောင်းနဲ့ အဆင်မပြေဘူး
အမေတို့ ကွာရှင်းတော့မယ် ”
” ဘယ်လို … ”
ကောင်းမြတ်က အံ့ဩသွားသည်။ ဒေါ်လှလှချစ်က မျက်ရည်လည်နေရင်းက မျက်ရည်ကျလာသည်။
” သူ အိမ်ကိုလည်း မပြန်ရဘူး ၊ လစာကျတော့ ပေးရတယ်တဲ့ ၊ မတရားဘူး တဲ့ ၊ ကွာရှင်းပေးတော့တဲ့လေ … ”
” ဟာဗျာ ၊ သူ့ဘာသာ တခြားမြို့သွားပြီး အလုပ်လုပ်နေတာလေ ၊ ကျွန်တော်တို့က လုပ်ခိုင်းတာမှမဟုတ်တာ ”
” နောက်တစ်ယောက်ရလို့လား ဆိုတော့လည်း မဟုတ်ဘူးတဲ့ ၊ သူ့ဘာသာ နေချင်လို့တဲ့ ၊ ဘာအနှောင်အဖွဲ့မှ မရှိချင်တော့ဘူး တဲ့ ”
ကောင်းမြတ်က မဲ့ပစ်သည် ။
” နောက်တစ်ယောက်ရှိချင်လည်းရှိမှာပေါ့ ၊ သူ့အသက် ခုမှ ၄၀ ရှိသေးတာလေ ”
” အမေ အဲ့လိုတွေလည်း မစွပ်စွဲချင်ပါဘူး သားရယ် ၊ အမေကတော့လေ ၁၀ နှစ်ကျော်ကျော် ပေါင်းလာတဲ့ သူမလို့ သံယောဇဉ်တော့ ရှိတာပေါ့ ၊ အိမ်ထောင်ဆိုတာ တစ်ဆက်ကနေ နှစ်ဆက် ၊ နှစ်ဆက်ကနေ သုံးဆက်ဆို မကောင်းတော့ဘူး ၊ တစ်ပင်လဲလို့ ဒီတစ်ပင်ကိုထူလိုက်တာ ဆိုပေမဲ့ ဒီတစ်ယောက်ကို သေတဖန်သက်တစ်ဆုံး ပေါင်းဖို့ပဲ ရည်ရွယ်ထားတာ အမေ့စိတ်ရင်းအမှန်ကတော့လေ ၊ သူကတော့ ဘယ်လိုတွေ တွေးတယ်မသိဘူး ”
ကောင်းမြတ်က သက်ပြင်းချတော့ သီတာဦးလည်း ရင်ပူသွားမိသည် ။
” နေ့လည်က ဖုန်းပြောတော့ ကွာမယ်လုပ်တာနဲ့ နင်မူးနေတာလား လို့ မေးတော့ ၊ ကျုပ်မမူးဘူး တဲ့ ၊ ဟုတ်ပါတယ် ၊ အသံက ကြည်ကြည်လင်လင်ပဲ ၊ အတည်ပေါ့ ဆိုတော့ ဟုတ်တယ် တဲ့ ၊ နေပါစေ သားရယ် ၊ ကွာရှင်းပေးလိုက်တော့မယ် ”
ဒေါ်လှလှချစ်သည် ထမင်းပန်းကန်ယူကာ တီဗွီအရှေ့မှာ စားနေရင်းက ကျလာသော မျက်ရည်တွေကို လက်ခုံနှင့် ပွတ်သပ်ပစ်သည် ။
” မင်းက လကုန်မှ လူကို ဂရုစိုက်တာ ၊ လူကို ခင်တာမဟုတ်ဘူး လစာကို ခင်တာ ၊ မငွေခင် တဲ့ ၊ မူးနေတုန်း ဖုန်းဆက်ရင်လည်း အမေ့မှာ ဪ သူမူးနေတာပဲ မူးလို့ပြောတာ ပြောပါစေ လို့ ဆိုပြီး စိတ်ထဲမှာ ဘာမှမထားဘူး ၊ ဒါက တမင်ဖြည့်တွေးပေးတာပါ ၊ အမူးသမား ချေးကျွေးလို့မစားဘူး ၊ အမေ့မှာ လကုန်ရင် ပေးစရာလေးတွေက သူ့လစာရမှ ပေးရတာမို့ သူ့ကို အတတ်နိုင်ဆုံး သည်းခံတယ် ၊ ခု သူက ကွာရှင်းတော့မယ်ဆိုတော့ လစာမပေးချင်တဲ့သဘော မှာ ရှိတယ် ၊ အဓိကကတော့ လစာပေးနေရလို့ လစာမပေးချင်လို့ ပြသနာရှာနေတာပါ ”
” စယူကတည်းက အမေ့ကို သာလို့ ယူခဲ့တာပဲလေ ”
” ထားထား သား အဲ့တာတွေ မပြောနဲ့ ၊ သူမကောင်းပေမဲ့ ကောင်းတာနဲ့ဖြည့်တွေး ၊ သူအရင်က ဘူးခွံတွေ ကောက်ပြီး ကျွေးခဲ့တဲ့ ကျေးဇူးရှိတယ် ၊ အဆိုးချည်းပဲလည်း မဟုတ်ဘူးပေါ့ ၊ ကောင်းခဲ့တာလေးတွေလည်း တွေးပေး ၊ ငရဲမယူနဲ့ ”
သီတာဦးသည် မှေးမှိုင် ညိုရီနေသော ဒေါ်လှလှချစ်၏ မျက်နှာကို ကြည့်ရင်း စိတ်မကောင်းပေ ။ ထမင်းစားပြီးသွားလို့ အခန်းထဲ ဝင်တော့ ကောင်းမြတ်က မျက်နှာမကောင်းပေ ။
” သီတာရယ် ပျော်ရမယ့်နေ့ကျမှပဲ ”
သီတာဦးသည် ကောင်းမြတ်၏ ကျောလေးကို အသာပွတ်သပ်ရင်း …
” ပျော်ရမယ့်နေ့မှာ ပျော်ရမှာပဲပေါ့ ကိုရဲ့ ၊ ဘာလို့ တခြား အနှောက်အယှက်ဝင်လာတာနဲ့ မပျော်ဘဲ နေရမှာလဲ ၊ လာ အမေ့ကို နားကပ်သွားပေးကြမယ် … ”
သီတာဦးက နားကပ်ဘူးလေးနှင့်ေဘာင်ချာထည့်ထားသည့် အိတ်ကို ယူကာ ကောင်းမြတ်ကို အတင်းဆွဲခေါ်လိုက်တော့ ကောင်းမြတ်က အားတက်စွာ ရယ်ပြုံးလေသည် ။ နှစ်ယောက်သား ဒေါ်လှလှချစ်အနားကိုသွားလိုက်ပြီး ကောင်းမြတ်က …
” အမေ ၊ ဒီမှာ အမေ့အတွက် ဘာလဲ ကြည့်ပါဦး ”
သီတာဦးက အိတ်ကလေးကို ဒေါ်လှလှချစ်ဆီပေးတော့ ဒေါ်လှလှချစ်က ကြောင်စီစီလေး ယူလိုက်လေသည်။
” ဘာတုန်း ”
“ဖွင့်ကြည့်လေ ”
ကောင်းမြတ်က တိုက်တွန်းတော့ ဒေါ်လှလှချစ်က အိတ်ထဲကို နှိုက်လိုက်သည် ။ သူမလက်ထဲ ဘူးလေး ပါလာတော့ ဖွင့်ကြည့်သည့်အခါ နားကပ်လေးတွေကို မြင်သွားသည် ။
” ဟယ် နားကပ် ”
” အမေ့အတွက် ”
သီတာဦးက ဝမ်းသာအားရပြောလိုက်သည့်အခါ ဒေါ်လှလှချစ်သည် မျက်ရည်ဝဲလျက် …
” ဟင့်အင်း မယူပါဘူး သမီးရယ် မယူဘူး အမေမယူဘူး ”
” ယူပါ အမေရဲ့ ၊ အမေ့အတွက် ဝယ်လာတာ ၊ အမေဝတ်ဖို့ ”
သီတာဦးက ထိုသို့ ထပ်ပြောရင်း ဒေါ်လှလှချစ်ကို ဖက်လိုက်တော့ ဒေါ်လှလှချစ်ငိုတော့သည်။
” ကျေးဇူးပါ သမီးရယ် ၊ သမီးလေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ ၊ သားနဲ့လည်း သေတဖန်သက်တစ်ဆုံး ပေါင်းရပါစေကွယ် ၊ သမီး …အမေ့ကို အမေအရင်းလို သဘောထားနော် ”
ဒေါ်လှလှချစ်က မျက်ရည်တွေနှင့်ပြောတော့ သီတာဦးက ခေါင်းကို တအားညိတ်ပြလိုက်သည် ။
” လာ သမီးဝတ်ပေးမယ် ”
သီတာဦးက ဒေါ်လှလှချစ်၏ နားကို သေချာဝတ်ပေးသည် ။ ပြီးတော့ မှန်ပြသည့်အခါ ဒေါ်လှလှချစ်မျက်နှာမှာ နဂိုကထက် ပင် ပို၍ ကျက်သရေရှိသွားသည်ဟု ထင်ရလေသည် ။
” အမေ ဒီနားကပ်လေးကို ဘယ်တော့မှမချွတ်နဲ့နော် ၊ သမီးကို သမီးရဲ့အမေ နားကပ်ဝယ်ပေးတုန်းကလည်း ဒီလိုပဲပြောတယ် ၊သမီး ဒီ နားကပ်ကိုဘယ်တော့မှမချွတ်နဲ့ ၊ အမေလည်း သမီးနားကပ်ကို ဘယ်တော့မှမချွတ်ခိုင်းဘူး တဲ့ ၊ ခုဆို သမီး သမီးနားကပ်လေးကို အဲ့ကတည်းကေနခုထိ တစ်ခါမှမချွတ်ရဘူး ”
” အတိတ် နိမိတ်နဲ့ပြောတာပေါ့ ၊ ဒါဆို အမေလည်း ဘယ်တော့မှ မချွတ်ဘူး ၊ဘယ်တော့မှမချွတ်ဘူး ”
ဒေါ်လှလှချစ်က နားနှစ်ဘက်ကို လက်နှစ်ဘက်နှင့် ကိုင်၍ ရေရွတ်လိုက်တော့ ကောင်းမြတ်နှင့်သီတာဉီးတို့ ပျော်ရွှင်ကြည်နူးစွာ ရယ်မောမိလေသည် ။
” အမေ့မှာ အမေ့သားနဲ့သမီး နှစ်ယောက်လုံး ရှိသေးတယ် ၊ အမေ့အကြွေးတွေလည်း သမီးတို့ဆပ်ပေးမယ် ၊ မပူနဲ့ ၊ နော် … ”
သီတာဦးက ထိုသို့ပြောလိုက်တော့ ဒေါ်လှလှချစ်က အားတက်စွာပြုံးလေသည် ။
” အေးပါ သမီးရယ် … ”
+
“အောင်မောင်း နင်ငါ့ကို ၁၀ လပိုင်းကုန် အထိတော့ လစာပေးဟာ ၊ အဲ့လကျမှ အကြွေးကကျေမှာ ၊ ၁၀ လပိုင်း ပြီးရင် ငါ နင့်ကို ကွာရှင်းပေးမယ် ”
” အဲ့မှာ မင်း သားနဲ့ မင်းချွေးမ ရှိတာပဲ ၊ သူတို့ ဆပ်ခိုင်းပေါ့ ”
” ဟဲ့ သူတို့ ဆပ်ခိုင်းရအောင် ဒီအကြွေးက သူတို့ယူထားတာ မဟုတ်ဘူးလေ ၊ နင့် ဆိုင်ကယ် ပြင်ဖို့ ချေးပေးပါ ဆိုလို့ ချေးထားတဲ့ အကြွေး ”
” ဒါကျ ကျုပ် ယူခိုင်းလို့တင်တာ ၊ ကျုပ်ဆပ်ပေးရမယ်ပေါ့ ၊ အရင်က အကြွေးတွေကျ ကျုပ်မယူဘဲ ကျုပ်လစာနဲ့ပဲ ဆပ်နေရတာ မဟုတ်ဘူးလား ”
” ဟို ၁၀ သိန်းက မပူရတော့ပါဘူး အောင်မောင်းရယ်၊ သမီးက ဆပ်ပေးပြီးသွားပါပြီ ၊ ရှေ့လျှောက် အကြွေးကင်းပါပြီဟာ ၊ ၁၀ လပိုင်းကုန်ရင်ကို အကြွေးမရှိတော့ပါဘူး ”
” ဒါ မင်းကိစ္စ ၊ ရတယ် ၁၀ လပိုင်းအထိ ကျုပ်ပေးမယ် ၊ ဒါပေမဲ့ ဒီလ ကျုပ်ပြန်လာတာနဲ့ ကျုပ်ကို တန်းကွာရှင်းပေး ”
” အဲ့လိုတော့ ကွာရှင်းမပေးနိုင်ဘူး အောင်မောင်း ၊ နင်က ကွာရှင်းပေးလိုက်ပြီးမှ လစာမပေးတော့ဘဲ ကိုယ်ဖျောက်သွားရင် ငါတိုင်ပတ်မှာ ”
” ကျုပ်ယောက်ျား ၊ ကျုပ်ပေးမယ်လို့ပြောပြီးပြီ ”
သီတာဦးသည် ဒေါ်လှလှချစ်နှင့် ဦးအောင်မောင်းတို့ ဖုန်းပြောနေတာကို ဖုန်းစပီကာ ဖွင့်ပြောနေတာကြောင့် အကုန်ကြားနေရသည် ။
” ယောက်ျားရယ် မိန်းမကို ဘာလို့ ကွာရှင်းချင်ရတာလဲ ၊ ယောက်ျားတို့က အသဲနှလုံး မာကြောတယ်နော် ၊ ကွာရှင်းမယ်ဆိုပြီး လွယ်လွယ်ကူကူပဲ ပြောထွက်တယ် ၊ အင်းပေါ့ ယောက်ျားတို့က စင်ပေါ်ကလူပဲ ”
” မင်းအပိုတွေ မပြောနဲ့ ၊ ကျုပ် မင်းချက်ကျွေးတာ မစားရတာ ၅ လ ရှိပြီ ၊ မင်းနဲ့လည်း မပေါင်းတာ ၅ လရှိပြီ ၊ ဒါပေမဲ့ အဲ့ ၅ လလုံး မင်းကို ကျုပ်လစာ ပေးတယ် ၊ ကျုပ်ကတော့ ဒီမှာ ဖြစ်သလိုစား ၊ အလုပ်တွေလုပ်ပြီး ၊ မင်းတို့က လကုန်ရင်လစာ ကိုအေးဆေး ဒူးနန့် ယူရုံပဲ ၊ ကျုပ်ဘက်က နစ်နာတယ် ”
” ဪ ဒူးနန့် ယူတယ်တော့ ဘယ်ဟုတ်မလဲ ယောက်ျားရယ် ၊ လင်နဲ့မယားကို နစ်နာတယ်လို့ တွေးနေမှန်း မသိခဲ့လို့ပေါ့ ၊ လင်နဲ့မယား မလို့ ပေးတဲ့လစာကို ယူနေမိတာပေါ့ ၊ ခုတော့ မပေးချင်တော့တာ မှန်း သိလိုက်ရပါပြီ ”
ဖုန်းပြောပြီးသွားတော့ ဒေါ်လှလှချစ် မျက်နှာမကောင်းပေ။ သီတာဦးသည် စိတ်မကောင်းဖြစ်ရုံမှလွဲ၍ မတတ်နိုင်တာကြောင့် သက်ပြင်းလေးလေးသာ ချမိလေသည် ။ သူမ ကျူရှင်သင်ရမည့် အိမ်ကို ရောက်မှ ဦးအောင်မောင်းကို ဖုန်းလှမ်းဆက်ကြည့်လိုက်သည် ။
” အေး သမီး ပြော … ”
” အဖေ တို့ တကယ်ပဲ ကွာရှင်းတော့မှာလား ”
” တကယ်ပေါ့ သမီးရယ် ”
” ဘာလို့လဲ ဟင် ”
” သမီးအမေက နှုတ်၏ စောင်မခြင်းလည်း မရှိ ၊ အဖေ့ကို လကုန်ခါနီးပဲ လစာလိုချင်လို့ ဖုန်းဆက်တာ ၊ တခြားအချိန်ဆို ဆက်ပါဆိုရင်တောင်မဆက်ဘူး ၊ ယောက်ျား နေကောင်းလား ၊ ယောက်ျား ဘာနဲ့စားရလဲ ၊ မိန်းမ ဘာချက်ပို့ပေးရမလဲ ၊ ဘာတစ်ခွန်းမှမေးဖော်မရဘူး ၊ တကယ်လည်း ပို့ပေးစရာမလိုပါဘူး ၊ စကားလုံးလေးနဲ့တင် အဖေဗိုက်ဝပါတယ် ”
” အဖေလည်း သိသားပဲ အမေက ရိုးရိုးပဲ နေတတ်တာလေ ၊ သူ အဖေ့ကို မနက်ဘုရားရှိခိုးတိုင်းတော့ ဆုတောင်းမေတ္တာ အမြဲ ပို့ပေးပါတယ်၊ အဖေ့အတွက် ယတြာတွေလည်းချေပေးတယ် ”
“တော်ပါပြီ သမီးရယ် ”
” အဖေက သမီးကို ဒီမိသားစုဝင်ဖြစ်လာမှာဆိုပြီး အရင်ဆုံး အသိအမှတ်ပြုပေးခဲ့တယ်နော် ၊ တကယ် သမီး ဒီမိသားစုဝင်ဖြစ်လာတော့ အဖေက ဒီမိသားစုကနေ ထွက်သွားတော့မလို့လား”
” ဒေါ်လှလှချစ်နဲ့ပဲ မသက်ဆိုင်တော့တာပါ ၊ ကောင်းမြတ်ရော သမီးရော နှစ်ယောက်လုံးက အဖေ့သားသမီးတွေပါပဲ ”
သီတာဦးသည် ဖုန်းချပြီးသွားတော့ စိတ်တွေလေးပင်သွားသည်။ နေ့တိုင်းလိုလို မျက်နှာမကောင်းတော့သည့် ဒေါ်လှလှချစ် မျက်နှာကို မြင်ယောင်ကြည့်ရင်း ဆုတောင်းမိသည် ။
” ကို့အဖေနဲ့အမေ ပြန်လည်အဆင်ပြေကြပါစေ ”
+
” သီတာရေ ကိုယ် ဝမ်းသာ စရာ ပြောစရာရှိတယ် … ”
ကောင်းမြတ်က အလုပ်က ပြန်ရောက်ရောက်ချင်း ထိုသို့ ပြောလေသည်။ ထိုစဉ် ဒေါ်လှလှချစ်ကအနားရောက်လာကာ …
” အမေ ပြောစရာရှိတယ် ” ဟု ဆိုတာကြောင့် ကောင်းမြတ်သည် သူပြောစရာရှိတာကို ခဏထားကာ …
” အမေ ဘာပြောမလို့လဲ ပြောလေ … ”
ဒေါ်လှလှချစ်သည် ထိုင်ခုံလေးမှာ ထိုင်လိုက်ပြီး …
” အမေ အလုပ်ထွက်လုပ်မလို့ ၊ အဲ့တာလေ သမီးကို အိမ်အလုပ်တွေ လုပ်လို့ အဆင်ပြေမလား မေးချင်တာ ”
ကောင်းမြတ်က အလိုမကျစွာ အရင်သက်ပြင်းချသည်။ သီတာဦးကတော့ ဒေါ်လှလှချစ် စိတ်အေးအောင် ပြေပါတယ် ဟုသာ ဖြေလေသည် ။ ထိုအခါ …
” ဘယ်လိုလုပ်ပြေမှာလဲ သီတာ ၊ မင်း မနက်ကနေ ညနေအထိ ကျူရှင်လိုက်သင်နေရတာ ၊ နားရတာမဟုတ်ဘူး ၊ ကျောင်းဖွင့်ရက်ဆိုရင်လည်း မနက်အစောကြီး သွားရ ၊ ကျောင်းပိတ်ရက်ဆိုရင်လည်း တစ်နေ့လုံးမနားရနဲ့ ၊ ဒီအိမ် အလုပ် ဘယ်လိုလုပ်မလဲ ”
” ပြေပါတယ် ကိုရယ် ၊ ပြေအောင်လုပ်ရမှာပေါ့ ၊ ကျောင်းဖွင့်ရက်က မနက် ၆ ကနေ ၈ အထိ သင်ရတာလေ ၊ ပြီးရင် အိမ်ပြန်လာပြီး အိမ်အလုပ်လုပ်လို့ရပါတယ် ၊ ညနေမှ ထပ်သွားသင်ရတာ ၊ အဆင်ပြေပါတယ် ”
” မင်း နားချိန် ဘယ်ရမလဲ သီတာရယ် ”
ကောင်းမြတ်နှင့် သီတာဦးတို့ငြင်းခုန်နေတာကို ကြည့်ပြီး ဒေါ်လှလှချစ်က ကြားကနေ …
” ဪ သားကလည်း သမီးက အဆင်ပြေပါတယ် ပြောနေတာကို ”
ထိုအခါ ကောင်းမြတ်က ဒေါ်လှလှချစ်ကို ကြည့်ကာ …
” ပြေမလား အမေရယ် ၊ အမေစဉ်းစားကြည့်ပါဦး ၊ အမေ့ကို အားနာလို့ သူမငြင်းတာလေ ၊ မနက်အစောကြီး သွားသင်ပြီး သူနားချင်မှာပေါ့ ”
” ရပါတယ် ကိုရယ် သီတာ မနားလည်းရတယ် ”
ဒေါ်လှလှချစ်သည် စိတ်ပျက်ညစ်ညူးစွာဖြင့် …
” ကောင်းမြတ်တို့ကလေ ဘယ်တော့မှ ပြေလည်ရာပြေလည် ကြောင်းမရှိဘူး ၊အခက်အခဲတစ်ခုရှိလို့ အကူအညီတောင်းတဲ့ဟာကိုပဲ ၊ နင့်အဖေ က လစာမပေးရင် ဘေးအကြွေး ဆပ်ဖို့ တိုင်ပတ်မှာ ၊ အဲ့တာကြောင့် ငါအလုပ်ထွက်လုပ်မှရမှာလေ ၊ ငါထွက်လုပ်ရင် အိမ်အလုပ် သမီးလုပ်ပေးမှရမှာပေါ့ ”
” အမေတို့က အမေတို့ဘက်ပဲ ကြည့်တယ် ၊ သီတာက မနက်လည်း ၆ ကနေ ၈ အထိကျူရှင်သင်ရ ၊ ၈ ခွဲကေန ၁၁ ခွဲအထိ တစ်ချိန် နေ့လည် ၁ ကနေ ၄ အထိ တစ်ချိန် ကွန်ပျူတာ သင်တန်းမှာ သွားသင်ရ၊ ၄ ခွဲကနေ ၆ ခွဲအထိက ကျူရှင်ထပ်ပြရနဲ့ ၊ ဘယ်မှာလဲ နားချိန် ၊ ဘယ်မှာလဲ အိမ်အလုပ်လုပ်ချိန် ၊ သူ့ဟာသူတောင် မအားတာကို ၊ အမေ နည်းနည်းပါးပါး ဖြစ်မလား မဖြစ်မလားဆိုတာ စဉ်းစားလေ ”
” ဪ ၁၁ ခွဲ အိမ်ခဏပြန်ပြီး အိမ်အလုပ် လုပ်မရဘူးလား ”
ဒေါ်လှလှချစ်က ထပ်ပြောတော့ သီတာဦးသက်ပြင်းသာ ချမိတော့သည်။
” ရတယ် ရတယ် ကို ၊ အဆင်ပြေအောင် သီတာ လုပ်ပေးမယ် ”
ထိုအခါ ဒေါ်လှလှချစ်က …
” မင်းတို့နှစ်ယောက်တည်း အိမ်ခွဲနေရ ရင် ဘယ်လိုလုပ်မလဲ ၊ ဒီလိုပဲ အဆင်ပြေအောင် လုပ်ရမှာပဲ မဟုတ်ဘူးလား ”
သီတာဦးက ထပ်မံသက်ပြင်းချမိသည်။ ဒေါ်လှလှချစ်က တီဗွီအရှေ့သွားကာ မကျေနပ်ချက်များကို တဖျစ်တောက်တောက် ပြောနေသေးသည် ။ ကောင်းမြတ်က သီတာဦးကို အိမ်ကနေ ခေါ်ထုတ်လာလေသည်။
” သီတာ ရယ် စိတ်ညစ်နေပြီလား ”
” မညစ်ပါဘူး ၊ အမေပြောတာလည်း ဟုတ်ပါတယ် ၊ အမေမရှိတော့လို့ သီတာတို့ပဲ နေရရင်လည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ချက်ပြတ်စားရမှာ ပဲလေ … ”
” သီတာရယ် ကိုယ်တို့နှစ်ယောက်ပဲ နေရတဲ့အခါကျ သက်သာတဲ့ဆိုင်ကနေ ချိုင့်ဆွဲစားမယ်ကွာ ၊ ခုလည်း သီတာ ထမင်းဟင်း မချက်အားရင် အဲ့လိုပဲ လုပ်ကြမလား ”
သီတာဦးက ခေါင်အသာယမ်းလိုက်သည်။
” ခုနက အမေစိတ်အေးအောင်သာ အိမ်အလုပ်လုပ်ပေးဖို့ အဆင်ပြေတယ်လို့ ပြောလိုက်တာပါ ၊ သီတာ့မှာ တခြားစဉ်းစားထားတာ ရှိတယ် ”
” ဘာများလဲ … ”
သီတာဦးက ကောင်းမြတ်ကိုကြည့်ကာ ပြုံးလိုက်သည် ။
” ကို ဝမ်းသာစရာ ပြောစရာရှိတယ်ဆို ဘာလဲဟင် ”
” ဪ … ”
ကောင်းမြတ်က ခုမှသတိရသွားဟန်ဖြင့် …
” ဟုတ်တယ် ပြောမလို့ ၊ အမေ ကြားဝင်သွားတာနဲ့ ဝမ်းသာစရာတောင် မေ့သွားတယ် ၊ ကိုယ် အလုပ်မှာ ရာထူးတိုးတယ် သီတာရဲ့ ၊ ကိုယ်တို့ပြီးရင် ဘောစိပဲ ၊ ကိုယ်တို့အထက်မှာ ဘောစိပဲ ရှိတော့တာ ၊ လူမပင်ပန်းတော့ဘူး ၊ ကွန်ပျူတာလေးနဲ့ ပန်ကာလေးနဲ့ စတိုင်တောင်ကျသေး ”
သီတာဦးက ကောင်းမြတ်၏ လက်မောင်းလေးကို အသာဖိညှစ်ကာ …
” ကို အလုပ်မှာ အစစအရာရာ မမှားယွင်းအောင် သတိထားလုပ်နော် ”
” အင်းပါ သီတာရဲ့ ၊ ကိုယ် ဘယ်တော့မှ ပေါ့ပေါ့ မနေပါဘူး ၊ အကောင်းဆုံး လုပ်ပေးပါတယ် ”
သီတာဦးသည် ကျေနပ်စွာပြုံးရင်း လမ်းမီးတိုင်ဖျော့ဖျော့သာလင်းသော လမ်းကလေးကို လှမ်းကြည့်လိုက်မိသည်။ ဟိုးအရှေ့မှာ အမှောင်ဟာ အတိကျလျက်။
” ကို့ အမေရဲ့ ဘေးအကြွေးကို သီတာ ဆပ်ပေးမယ် ၊ ဒါဆို အမေ အပြင်အလုပ်ထွက်လုပ်စရာ မလိုတော့ဘူး ”
အမေမဟုတ်သောယောက္ခမ (အပိုင်း ၈)
+
“ကို ရေ သီတာ ဒီနေ့ပဲ ကို့အမေမသိအောင် ကို့အမေရဲ့ဘေးအကြွေးတွေကို ဆပ်ပေးလိုက်ပြီ ၊ အိမ်ရောက်မှ အမေ့ကို ဝမ်းသာ သွားအောင် ပြောပြကြမယ် ”
” သီတာရယ် အမေကတော့ တအား ဝမ်းသာသွားမှာ သိလား ”
နှစ်ယောက်သား ဖုန်းထဲမှာ ဝမ်းသာအားရပြောဆိုနေကြသည်။ ညနေ ကောင်းမြတ် အလုပ်ကပြန်လာတော့ သီတာဦးက ဒေါ်တင်မာဝေ၏ အိမ်မှာ ရောက်နေတာမို့ သွားေခါ်ရသည် ။ အိမ်အပြန်လမ်းမှာ နှစ်ယောက်သား ဒေါ်လှလှချစ်ကို သတင်းကောင်းပြောဖို့ အားတက်သရော ဖြစ်နေကြသည်။
” အမေရေ … ဒီကိုခဏ လာပါဦး ၊ အမေ့ကို ပြောစရာ ရှိလို့ … ၊ အမေ တအား ဝမ်းသာသွားစေရမယ် ”
ကောင်းမြတ်က အားပါးတရပြောရင်း လှမ်းခေါ်သည် ။ သီတာဦး၏ မျက်နှာမှာလည်း ပြုံးရိပ်သမ်းနေ၏။ ဒေါ်လှလှချစ်က အနားရောက်လာကာ …
” ဘာများလဲ သားရဲ့ ”
ထိုအခါ ကောင်းမြတ်က သီတာဦးကို ပြုံးရယ်ကာ ကြည့်ပြီးမှ …
” အမေ့ဘေးအကြွေးတွေ သီတာက အကုန်ဆပ်ပေးလိုက်ပြီ ”
ကောင်းမြတ်က ဝမ်းသာတကြီးပြောသော်လည်း ဒေါ်လှလှချစ်က နှစ်နှစ်ကာကာ မရှိပေ။
” ဪ … ” ဟု ဆိုကာ …
” ဘာများလဲလို့သားရယ် ၊ ထီပေါက်တာဆို တစ်မျိုးပေါ့ ၊ အမယ်ေလ တအားဝမ်းသာသွားစေရမယ်လေး ဘာလေး နဲ့ ”
ဒေါ်လှလှချစ်၏ စကားကြောင့် ကောင်းမြတ်ရော သီတာဦးရော မျက်စိမျက်နှာ ပျက်သွားမိကြသည်။
” အမေကလည်း အမေအဲ့အကြွေးအတွက် ပူနေရတာ မဟုတ်ဘူးလား ၊ ဒါကြောင့် အမေ့သမီးက ဆပ်ပေးတာလေ ၊ အမေ ဝမ်းမသာဘူးလား ၊ အမေ စိတ်ချမ်းသာမသွားဘူးလား”
” ဝမ်းေတာ့သာပါတယ် ၊ ဒါပေမဲ့ ၊အဲ့လောက်လည်းမဟုတ်ပါဘူး၊ သမီးအရည်အချင်းကြောင့် ဆပ်နိုင်တာလေ ၊ သမီးကိုတော့ အမေ တတ်နိုင်သလောက် ပြန်ပေးဦးမယ် ”
ကောင်းမြတ်က သက်ပြင်းချသည်။သူ အပြည့်အဝမပျော်တော့ပေ။ ဒေါ်လှလှချစ်က ဆက်ပြီး …
” အမေ ကုမ္ပဏီတွေကနေ ချေးငွေ ပြန်ထုတ်ဦးမှာ ”
သီတာဦးက ဒေါ်လှလှချစ်ကို အလိုမကျစွာ ကြည့်မိသည်။
” အမေရယ် ဘာလို့ ပြန်ထုတ်ဦးမှာလဲ ၊ ပြီးရင် အဲ့ချေးငွေဆပ်ဖို့ တစ်ခါ ပူရဦးမယ် … ”
” ဟယ် မပူရပါဘူး ၊ ကောင်းမြတ်ကတော့ နည်းနည်းပူရမှာပေါ့ ”
” ဪ အမေရယ် ၊ ကောင်းမြတ်ကို အပူပေးတာက သမီးကို အပူပေးတာနဲ့ မကွာခြားဘူးလေ ”
ထိုအခါ ဒေါ်လှလှချစ်က သက်ပြင်းအသာ ချသည်။
” ချေးငွေ ထုတ်တော့ ထုတ်ဦးမယ်လေ ၊ ခြံစည်းရိုးလေး ပြင်ချင်လို့ ” ဟု ဆိုတာကြောင့် သီတာဦးက ဘာမှဆက်မပြောတော့ပေ။ နောက်တစ်နေ့ ချေးငွေထုတ်တော့ သီတာဦးက အာမခံ လိုက်ပေးရသည်။ ဒေါ်လှလှချစ် မဆပ်နိုင်လျှင် သီတာဦး ဆပ်ပါမည်ဟု ခံဝန်လက်မှတ်ထိုးပေးရသည်။
” မလှလှချစ်တို့က ချေးငွေ ဘယ်လောက်ထုတ်ချင်တာလဲ ” ဟု မေးတော့ ဒေါ်လှလှချစ်က ” ၁၀ သိန်း ” ဟု ပြောတာကြောင့် သီတာဦး စိတ်ဆင်းရဲသွားမိသည်။ ကိုယ်ပိုင်ဝင်ငွေ မရှိဘဲ ချေးငွေ ၁၀ သိန်းထုတ်ချင်နေမှုအား သီတာဦး ဘယ်လို ဝေဖန်သုံးသပ်ရမှန်း မသိတော့ပေ။ ပြောလိုက်မိလျှင်လည်း မကောင်းမြင်သွားမှာ စိုးတာကြောင့် ဆိတ်ဆိတ်သာ နေလိုက်ရသည်။ အမေအရင်းသာဆိုလျှင်တော့ ဘာကိုမှထောက်ဘဲ မေးမိမှာအမှန် ၊ ယောက္ခမဆိုတော့ ကိုယ် တစ်ခွန်းလေး စကားမှားမိတာနှင့် မကောင်းမြင်သွားတတ်တာ ထုံးစံပင်။ ထို့ကြောင့် သီတာဦး ဘာမှကြားဝင်ပြောမနေတော့ပါ။ ကောင်းမြတ်ကိုတော့ အနည်းငယ် ပြောပြလိုက်မိသည်။
” ကိုရေ ၊ ကို့အမေက ချေးငွေကို ၁၀ သိန်းတောင် ထုတ်မှာတဲ့နော် ၊ ခြံစည်းရိုးပြင်တာကလည်း အဲ့လောက်မကုန်ဘူး ၊ နည်းနည်းပဲ ပြင်ရမှာ ၊ ကျန်တဲ့ငွေကို ဘာလုပ်ဦးမှာလဲ မသိဘူး ၊ သီတာ ကို့အမေကို အကြွေး ကင်းစေချင်ပြီ ”
သီတာဦးက ထိုသို့ ပြောလိုက်တော့ ကောင်းမြတ်လည်း စိတ်ညစ်သွား သည် ။
” အမေက ၁၀ သိန်းတောင် ဘာလုပ်ဖို့လဲ ကွာ ၊ ပြန်ဆပ်ခါနီးဆို ပူရဦးမယ် ”
သီတာဦးသည် သက်ပြင်းသာ ချလိုက်မိ၏။ ဒေါ်လှလှချစ်သည် ချေးငွေထုတ်တော့ သီတာဦးကို ၃ သိန်းပေးသည်။ သူမဘေးအကြွေးတွေကို သီတာဦးက ဆပ်ပေးထားတာမို့ တတ်နိုင်သလောက်ပြန်ပေးဦးမည် ဟု ဆိုသည်။
” အမေရယ် ၊ သမီးကို ပြန်မဆပ်လည်း ဘာမှမဖြစ်ဘူး ၊ အမေ တခြား အကြွေးတွေ ကင်းအောင် နေပါတော့ ” ဟု သီတာဦးက ပြောလိုက်သည်။ ဒေါ်လှလှချစ်သည် ခြံစည်းရိုးပြင်ဖို့ ချေးငွေ ထုတ်သည် ဟု အကြောင်းပြသော်လည်း တစ်ပတ်ကြာလည်း မပြင် ၊ ဆယ်ရက် ကြာလည်း မပြင် ပေ။
ထိုသို့ဖြင့် ဒေါ်လှလှချစ်အပေါ် အလိုမကျ မှုများစွာ ရှိနေရင်း ပြသနာတစ်ခု ထပ်ပေါ်လာလေသည်။ ထိုကိစ္စမှာ ကိစ္စကြီးမဟုတ်။ ထမင်းမစားသည့် ပြသနာသာဖြစ်လေသည်။ သီတာဦးသည် ယောက္ခမအိမ်မှာ လိုတာကို တတ်နိုင်သလောက်ဖြည့်ပေးပြီးသွားတော့ မိဘကိုလည်း ပြန်ကြည့်ချင်သေးသည်။ ဒေါ်တင်မာေဝကို တစ်သိန်းတိုင်သည် နှစ်သိန်းတိုင်သည် လတိုင်းထောက်ပံ့သည်။ ဦးစည်သူ နေမကောင်းတော့လည်း ဆေးဖိုး ၇ သောင်း ပေးသည်။ ကျူရှင်သင်ပြီးလျှင် ယောက္ခမအိမ်မပြန်တော့ဘဲ မိဘအိမ်ဝင်ကာ လိုအပ်တာ ကူပေးသည်။ ဒေါ်တင်မာဝေမှာ သူမမရှိကတည်းက တိုင်ပင် ပြောဆိုရမည့် သူ မရှိတော့တာကြောင့် သူမသွားတိုင်း ဒေါ်တင်မာဝေ၏ အဆင်ပြေမှုမပြေမှုများကို နားထောင်ပေးသည်။ ထိုအခါ နေ့လည်စာဆို ဒေါ်လှလှချစ်ဆီမှာ မစားဖြစ်တော့ပေ။ ဒေါ်တင်မာဝေဆီမှာသာ စားဖြစ်သည်။ နောက်ပိုင်း Online class သင်ရတော့ ဒေါ်တင်မာဝေ၏အိမ်မှာက Wifi ရတာကြောင့် မိဘအိမ်မှာပဲ အနေများသွားသည်။ညနေပြန်လျှင် ကောင်းမြတ်က လာကြိုသည် ။ ထို အခါ ဒေါ်တင်မာဝေက ထမင်းကျွေးတော့ စားမိကြသည်။ ဒေါ်လှလှချစ်ဆီ ပြန်ရောက်လျှင် …
” ကျွန်တော်တို့ ဟိုဘက်အိမ်မှာ စားခဲ့တယ် ” ဟု လွယ်လွယ်ပဲ ပြောမိကြသည်။ ထိုအခါ ဒေါ်လှလှချစ်က မကြိုက်ပေ။ ညဘက်ချက်ထားသော ထမင်းတွေကို သီတာဦးနှင့်ကောင်းမြတ်တို့ မစားတာနှင့်ပဲ မနက်ဆို အကုန်သွန်ပစ်တတ်သည်။
” အမေရယ် ကျွန်တော်တို့ ညဘက်မစားတာနဲ့ပဲ အကုန်သွန်ပစ်စရာ လိုလို့လား ၊ မနက် ထမင်းချမ်း စားလို့ရတာပေါ့ ၊ ဒါမှမဟုတ်လည်း ထမင်းကြော် ကြော်လိုက်ရင် အဆင်မပြေဘူးလား ”
ကောင်းမြတ်က ထိုသို့ အကြံပြုသော်လည်း ဒေါ်လှလှချစ်က လက်မခံ။ ဒေါ်လှလှချစ် ဟင်းချက်လျှင် ငံတာကြောင့် သီတာဦးက မစားနိုင်ပေ။ သီတာဦးမပြောလေနှင့် ။ တစ်သက်လုံး စားလာရသည့် ကောင်းမြတ်ပင် မစားနိုင်။ ထိုအခါ တစ်ခါတစ်လေ အပြင်မှာ စားခဲ့မိကြသည်။ ထိုသို့ အပြင်မှာ စားခဲ့မိလို့ ဒေါ်လှလှချစ်ဆီ ပြန်လျှင် မစားဘဲ နေလို့မရ။ ဒေါ်လှလှချစ် စိတ်ချမ်းသာအောင် အမြဲ စားပေးကြရသည်။ ဒေါ်တင်မာဝေက …
” သားနဲ့သမီး ထမင်းစားပြီးမှပြန် ” ဟု ပြောလျှင်တောင် သီတာဦးက …
” ဒီမှာ စားသွားရင် ဟိုဘက်မှာ မစားနိုင်လောက်တော့ဘူးအမေရဲ့ ၊ ဟိုဘက်က အမေက သူချက်ထားတာမစားရင် စိတ်မကောင်းဖြစ်မှာ ” ဟု ပြောရသည်။ စင်စစ်သော်လည်း ဒေါ်လှလှချစ်သည် စိတ်မကောင်းဖြစ်တာက နည်းနည်း ရန်ရှာတာက များများဖြစ်သည်။
” နင်တို့က ငါချက်တာကို မစားတော့ အိုးခွဲချင်နေတာလား ၊ ငါချက်ထားတာတွေက သွန်ပစ်ရမှာလား ” ဟု ဒေါသတကြီးနှင့် ပြောတတ်သည် ။ အလုပ်ပင်ပန်းတာကတစ်မျိုး စိတ်ပါမပင်ပန်းချင်တာကြောင့် ဒေါ်လှလှချစ် စိတ်ချမ်းသာအောင် စားပေးကြရသည် ။ တစ်နေ့ သီတာဦး နေမကောင်း၍ တစ်နေ့လုံး အစားအသောက်ပျက်နေသည်။ ညကျတော့လည်း သူမထမင်းမစားချင်ပေ။ ခေါက်ဆွဲပြုတ်လေး စားချင်၍ ကောင်းမြတ်ကို ပြုတ်ခိုင်းလိုက်သည်။ ခံတွင်း သိပ်မကောင်းတာကြောင့် အများကြီး မစားနိုင်ဘဲ နည်းနည်းပဲစားပြီး အခန်းထဲ ပြန်ကာ နားလိုက်မိသည် ။
” မစားေတာ့ဘူးလား ၊ဘာလို့မစားတာလဲ … ” ဟု ဒေါ်လှလှချစ်က ကောင်းမြတ်ကို မေးနေသည် ။ ကောင်းမြတ်သည် သီတာဦး နေမကောင်းတာကြောင့် စိတ်ညစ်တာကတစ်ကြောင်း ဒေါ်လှလှချစ် က အမေးအမြန်ထူတာကတစ်ကြောင်းကြောင့် အလွန်စိတ်ဆင်းရဲသွားမိသည်။
” နေမကောင်းလို့ မစားတာ အမေ ၊ အမေ မမေးပါနဲ့တော့ ”
” ငါက မေးလို့မရဘူးလား ၊ ကောင်းမြတ်တို့က သော က်ပုံမလာဘူးနော် ၊ မစားလို့ ဘာလို့မစားလဲ လို့ အကျိုးအကြောင်းမေးတာ ငါ့မှာ မေးလို့ မရဘူးလား ”
” ဟာဗျာ အမေဘာလို့ အသံကျယ်နေတာလဲ ၊ နေမကောင်းလို့ မစားတာလို့ပြောနေတယ်လေ ”
” အမြဲ နေမကောင်းနေတာလား ”
” အမေ တော်တော့လို့ ”
ကောင်းမြတ်သည် ဒေါ်လှလှချစ်ဆူပူနေတာကြောင့် သီတာဦး ကို အားနာနေသည်။ ဒေါ်လှလှချစ်က ရပ်မသွားဘဲ အသံပို၍ ကျယ်လာသည် ။
” ငါ့မှာလည်း ငါ့ခံစားချက်နဲ့ငါနော် ၊ နင်တို့တော်တော် တရားလွန်နေပြီ ၊ ငါချက်တာကို မစားဘူး ၊ ဟိုဘက်အိမ်မှာစားမယ်ဆို ဟိုဘက်အိမ်မှာ နင်လိုက်နေ ၊ ငါနင်တို့အတွက် ထမင်းထည့်မချက်ဘူး ၊ နင်တို့ဘာသာ အိုးခွဲစားချင်လည်းစား ”
” အမေ ဘာဖြစ်နေတာလဲဗျာ ၊ အမေ့ကို ဘယ်သူက အိုးခွဲစားမယ်ပြောနေလို့လဲ ”
ဆူညံသံများကြောင့် သီတာဦးသည် နေမကောင်းနေသည့်ကြားက အခန်းပြင်ပြန်ထွက်လာရသည် ။
” တော်ပါတော့ ၊ သမီးနေမကောင်းလို့ မစားတာပါ ”
” ဆယ့်နှစ်ရာသီ နေမကောင်းနေတာလား ၊ မစားတဲ့နေ့တိုင်း နေမကောင်းနေတာပေါ့ ”
သီတာဦးသည် နေမကောင်းနေသော အရှိန်နှင့် မူးမိုက်လဲချင်လာသည်။
” ရော့ ဒီမှာ နင်တို့ နားကပ် ယူသွား ၊ ဟိုဘက်အိမ်မှာ သွားနေ ၊ ငါနဲ့မနေကြနဲ့ ၊ ငါချက်ကျွေးတာလည်း မစားကြနဲ့ ”
သီတာဦးသည်ဒေါ်လှလှချစ်က သူမဆင်ပေးထားသော နားကပ်ကိုချွတ်ပေးလေတော့ စေတနာစော်ကားခံရလေခြင်းဟု ရင်နာသွားမိသည်။ နားကပ်ကလေးပေးစဉ်က “ဒီနားကပ်လေးကို ဘယ်တော့မှမချွတ်နဲ့နော် ” ဟု သူမပြောခဲ့ဖူးသည် ။ ဒေါ်လှလှချစ် မေ့လေရော့သလား ။
လူဟာ ရပ်နေရာက ခွေခနဲ လဲကျ၏။ ကောင်းမြတ်သည် အပြေးရောက်လာကာ သီတာဦးကို ရင်ခွင်ထဲ ဆွဲပွေ့သည်။
” အဲ့မှာ ဖြစ် ၊ တစ်ခုခုဆို မေ့လဲနေတာနဲ့ပဲ ”
ဒေါ်လှလှချစ်က ထိုသို့ ထပြောတော့ ကောင်းမြတ်စိတ်တိုသွားသည်။
” အမေ တော်တော့ဗျာ ၊တော်တော့ ၊ ဒီမှာ ကျန်းမာရေးမကောင်းဘူး ၊ အမေတော်ပါတော့ ”
” အေးဟေ့အေး ၊ နင့်မိန်းမ တစ်ခုခုဖြစ်ရင် ငါ့ကိုလာသ တ်ကောင်းမြတ်ရေ ငါ့ကိုလာသ တ် ”
” အမေဗျာ … ”
ကောင်းမြတ်သည် စိတ်တိုလွန်း၍ အသားတွေတုန်လာသည် ။ ဘာမဟုတ်တာလေးနှင့် ပုံကြီးချဲ့နေလေသော ဒေါ်လှလှချစ်ကို ဒေါသလည်းထွက်ရ ၊ သီတာဉီးအတွက်လည်း စိတ်မကောင်းဖြစ်ရနှင့် ငိုမိလေသည်။ ထိုအခါ ဒေါ်ဆွေရီက ပြေးဝင်လာသည်။
” ဟယ် ကောင်းမြတ် ၊ ဘယ်လို ဖြစ်တာလဲ … ၊ မလှချစ် လည်း တော်တော့လေ ”
” မတော်နိုင်ဘူး ၊ ရင်ထဲမှာ ကြိတ်ခံစားနေရတာများပြီ ”
” အမေ့ကို ကျွန်တော်တို့က ဘာတွေများမတော်မတရား လုပ်နေလို့လဲ အမေရာ ၊ ထမင်းမစား တာလေးကို အမေဒီလောက် ဖြစ်ဖို့လိုလို့လား ”
ဒေါ်ဆွေရီသည် ကောင်းမြတ်ကို လက်တို့ကာ …
” ကောင်းမြတ် ၊ မင်း …မင်းအမေနဲ့ ဖက်ပြောမနေနဲ့တော့ ၊ ထ… သမီးကို အခန်းထဲ ပို့ဖို့လုပ် … ”
သီတာဦးကို အခန်းထဲ ရွှေ့ပြီးသည်အထိ ဒေါ်လှလှချစ်က မရပ်မနား မကျေနပ်ချက်တွေကို ရေရွတ်နေလေသည်။
” ထမင်းချက်ထားလည်း မစားဘူး ၊ ငါက ချက်ထားရင် စားမှကြိုက်တာ ၊ အဲ့နေမကောင်းနေတာတွေကလည်း ထမင်းမစားလို့ပဲ ဖြစ်မှာပေါ့ ”
” ထမင်းစားရုံနဲ့ ကျန်းမာရေးအကုန်ကောင်းသွားမယ်ထင်နေတာလား အမေရာ ”
” အေး အဲ့တာဆို နင်တို့ ဘယ်လိုလုပ်ချင်လဲ၊ အိုးခွဲ စားချင်လား ၊နင့်လစာ ငါ့ကို မပေးနဲ့၊ နင်တို့ဘာသာ ဟိုဘက်အိမ်မှာ လိုက်နေ ၊ ဟိုဘက်အိမ်ကို ပိုက်ဆံပေးပြီး ချက်ခိုင်း ”
ကောင်းမြတ်သည် သူ့ပါးသူ အချက်ပေါင်းများစွာ ချပစ်မိသည်။ ဒေါသဟာ ဘယ်သူ့အပေါ်မှ ပေါက်ကွဲလို့မရတာကြောင့် ကိုယ့်ကိုယ်ကိုအပေါ် သာ ပုံချလိုက်ရသည်။ ထိုအခါ ဒေါ်ဆွေရီသည် စိတ်ညစ်စွာဖြင့် …
” ကောင်းမြတ် စိတ်လိုက်မာန်ပါမလုပ်နဲ့ ၊ မင်း အသားနာရုံပဲရှိမှာပေါ့ ၊ မလှချစ် လည်း တော်လိုက်တော့ ၊ ဒီမှာ နေမကောင်းတဲ့သူရှိနေတယ်လေ ”
” အေးလေ ၊ အဲ့ကောင်မလေးတစ်ခုခုဖြစ်ရင် ငါ့ကို လာ သ တ်လို့ ကောင်းမြတ်ကိုပြောထားတယ် ”
ဒေါ်လှလှချစ်၏ စကားအဆုံးမှာ ကောင်းမြတ်သည် ေ သချင်စိတ်ပင်ပေါက်သွား၏။
” အမေ မတော်သေးဘူးလားဗျာ ၊ သူ အမေ့အပေါ် ကောင်းတယ်လေ ဗျာ ”
” ဟယ် ငါမကောင်းဘူးလို့ မပြောဘူး ၊ သူကောင်းတာ ငါပြောစရာမလိုဘဲ ပတ်ဝန်းကျင်လည်း သိတယ် ”
” အဲ့တာဆို အမေဘာဖြစ်လို့ ဒီလိုစကားတွေ ပြောနေရတာလဲဗျာ ၊ အမေ့သမီး ဒီမှာ သတိလစ်နေတယ် ၊ အမေ လာကြည့်ပါဦးဗျာ ”
” မကြည့်ဘူး ”
ဒေါ်လှလှချစ်သည် သူတို့ထမင်းမစားသည့် ကိစ္စလေးတစ်ခုနှင့် ဘာကြောင့်များ အဆမတန်အောင် ခါးခါးသီးသီး ဖြစ်နေရတာလဲဆိုတာကို ကောင်းမြတ်မစဉ်းစားတတ်ပေ။ အိမ်မှာ လိုတာမှန်သမျှ ဖြည့်ဆည်းပေးနေသည့် သီတာဦးကို ထမင်းမစားမိတာလေး တစ်ခုနှင့် ဒီလောက်ပစ်ပစ်ခါခါ လုပ်တာကိုလည်း အံ့ဩမိသည်။ ကောင်းမြတ်သည် သီတာဦးကို စိတ်ပူတာကြောင့် ဒေါ်တင်မာဝေကို လှမ်းခေါ်ရသည် ။ ဒေါ်တင်မာဝေနှင့် ဦးစည်သူတို့ အတူရောက်လာကြသည်။ ဒေါ်တင်မာဝေသည် ကောင်းမြတ်ကို အကျိုးအကြောင်းမေးလေသည်။ ကောင်းမြတ်က …
” ထမင်းမစားလို့တဲ့ အမေရာ ၊ ဖြစ်တာက ကျွန်တော်နဲ့ဖြစ်တာ ၊ သီတာနဲ့ဖြစ်တာမဟုတ်ဘူး ”
ဒေါ်တင်မာဝေက သက်ပြင်းချသည်။ ဒေါ်လှလှချစ်သည် ဦးစည်သူနှင့်ဒေါ်တင်မာဝေတို့လာတာတောင် နှုတ်ဆက်ဖော်မရပေ ။ အကျိုးအေကြာင်းေပြာပြေဖာ်မရေပ ။ဦးစည်သူက ဒေါ်လှလှချစ်၏ အချိုးကို စိတ်တိုနေသည်။
” လာ ကိုယ့်သမီးကိုယ်အိမ်ခေါ်ခဲ့ ၊ ဒီမှာမထားနဲ့ ” ဟု ဦးစည်သူက ပြောတော့ ဒေါ်တင်မာဝေက ဦးစည်သူ၏ လက်ကို အသာဆိတ်ကာ …
” အဲ့လို လုပ်လို့ရမလား ကိုစည်သူရဲ့ ”
ထိုအခါ ကောင်းမြတ်က ဦးစည်သူကိုရော ဒေါ်တင်မာဝေကိုရော ပျာပျာသလဲ ကြည့်ကာ …
” ကျွန်တော့်အမေအစား ကျွန်တော်ကြားက တောင်းပန်ပါတယ် အဖေနဲ့အမေရယ် ၊ နောက် သီတာ ဒီလိုထပ်မဖြစ်စေရပါဘူး ၊ ကျွန်တော်နဲ့ ကျွန်တော့်အမေနဲ့ ရန်ဖြစ်လို့ သူ နေမကောင်းနေတော့ စိတ်ပင်ပန်းပြီး မေ့လဲသွားတာ ”
ကောင်းမြတ်ကို ဒေါ်တင်မာဝေက သနားနေသည်။ ဦးစည်သူက သက်ပြင်းချကာ စိတ်လျှော့သွား၏။ ထိုစဉ် …
” သွားကြ ၊ လိုက်သွားကြ ၊ ဟိုဘက်အိမ်မှာလိုက်ေန ၊မိန်းမရပြီးကတည်းက ကောင်းမြတ်တို့က ငါ့စကားလည်း နားမထောင်တော့ဘူး ၊ အရင်ကမှ ငါ့စကားကို နားထောင်သေးတယ် ၊ အချိုးတွေက မိန်းမရပြီးတော့ ပြောင်းနေပြီ ၊ သူစိမ်းကို မပြောလိုပါဘူး ၊ ကိုယ့်သားကကို မကောင်းနေတာ ၊ စိမ်းသူဖက်လာရင် ဒီလိုပဲ ဖြစ်လာမယ်ဆိုတာ ကြိုေတွးပြီးသား ”
ကောင်းမြတ်သည် ဒေါ်တင်မာဝေနှင့်ဦးစည်သူတို့ကို အားနာရပြန်လေသည်။ ဒီမှာသူက အဆင်ပြေအောင် ဖြန်ဖြေနေသည်။ ဒေါ်လှလှချစ်က အပြင်မှာ ထပ်ပြောနေသည် ။ ကောင်းမြတ် လဲသာ ေ သချင်မိသည် ။
” သား …အမေဖြစ်သူနဲ့ မိန်းမဖြစ်သူ နှစ်ယောက်မှာ ဘယ်သူ့ဘက်မှ မပါနဲ့ ၊ အမေလွန်ရင်လည်း အမေဖြစ်သူကို ကိုယ့်မိန်းမအပြစ်မမြင်အောင် ကာပြော ၊ မိန်းမဖြစ်သူလွန်ရင်လည်း ကိုယ့်အမေက ကိုယ့်မိန်းမကို အပြစ်မမြင်အောင် ကာပြော ၊ ရေရှည် ဆက်ဆံရမှာလေ ၊ ဟုတ်တယ်မလား ”
ဒေါ်တင်မာဝေက ဆုံးမတော့ ကောင်းမြတ်သည် မျက်ရည်လည်လည်ဖြင့် ခေါင်းညိတ်မိသည်။
” ဟုတ်ကဲ့ပါ အမေရယ် ၊ ကျွန်တော့်အမေကို အပြစ်မမြင်လို့လည်း ကျေးဇူးတင်ပါတယ် ၊ ကျွန်တော့်အမေသာ အမေ့တစ်ဝက်လောက် နားလည်ပေးတတ်ရင် ကောင်းမှာ ”
ဒေါ်တင်မာဝေသည် သက်ပြင်းသာချရင်း ကောင်းမြတ်ကျောလေးကို အသာပွတ်သပ်ပေးလေသည်။ ပြန်ခါနီး ဒေါ်လှလှချစ်ကို နှုတ်ဆက်တော့ ဒေါ်လှလှချစ်က ပြန်မနှုတ်ဆက်ပေ။ မသိချင်ယောင်ဆောင်နေသည်။ ဒေါ်တင်မာဝေသည် ဒေါ်လှလှချစ်ထက် အသက် ၇ နှစ်ကျော်လောက်ကြီးတာမို့ အပြစ်မမြင်ဘဲ သက်ပြင်းတစ်ခုချရင်းသာ နားလည်ပေးလိုက်ပါသည်။
” သီတာ ကိုယ်တို့ ဟိုဘက်အိမ် သွားနေကြမလား ”
” ကိုရယ် ကို့အမေ့ကို တစ်ယောက်တည်း ထားခဲ့လို့ဘယ်ဖြစ်မလဲ ”
အမေမဟုတ်သောယောက္ခမ (အပိုင်း ၉)
+
“သား သားမှာက သားအမေတစ်ယောက်ပဲ ရှိတာ ၊ အမေ ရှိနေတုန်း တန်ဖိုးထားပါ သား ၊ အဆင်ပြေအောင် နေကြပါ ၊ အိမ်ခွဲ နေဖို့ မစဉ်းစားပါနဲ့ ”
ဒေါ်တင်မာဝေက နားချတော့ ကောင်းမြတ်သည် မျက်နှာငယ်ငယ်ဖြင့် ငြိမ်သက်နေလေသည် ။ ထိုအခါ ဦးစည်သူက ကောင်းမြတ်ပခုံးကို အသာကိုင်ကာ …
” သား …အဖေ့ဆန္ဒကလည်း အဲ့ဒီ့အတိုင်းပဲ … ၊ အဖေ့သမီး ရောက်လာလို့ မင်းနဲ့ မင်းအမေ ကွဲကွာ သွားရတာမျိုး မဖြစ်စေချင်ဘူး ၊ သမီးကိုယ်တိုင်ကလည်း လက်ခံမယ်မထင်ဘူး ”
ကောင်းမြတ်က ခေါင်းညိတ်သည်။
” ဟုတ်ပါတယ် အဖေ … သီတာက အိမ်ခွဲမနေဘူးလို့ ပြောပါတယ် ”
” ဒီလိုပဲ ဖြစ်ရမှာပေါ့ … ၊ နှစ်ယောက်ကနေ သုံးယောက် ပဲ တိုးစေချင်တယ် ၊ တစ်ယောက်တည်းပဲ ကျန်ခဲ့ရတာမျိုး မဖြစ်စေချင်ဘူး ၊ မိဘဆိုတာ အစားထိုးမရဘူးလေ ”
ကောင်းမြတ်က ခေါင်းလေးညိတ်ရင်း မျက်ရည်ဝဲစွာ ကြည့်သည်။
” ကျေးဇူးပါ အဖေနဲ့အမေရယ် … ”
ဒေါ်တင်မာဝေနှင့် ဦးစည်သူတို့က နားလည်စွာဖြင့် ပြိုင်တူ ခေါင်းညိတ်ပြလိုက်ကြသည်။ တစ်ပတ်လောက်နေတော့ ဦးအောင်မောင်း အိမ်ပြန်ရောက်လာသည်။ အလုပ်ရှင်က ဒီမြို့မှာ ဆိုင်ခွဲဖွင့်တာမို့ ဒီမြို့မှာပဲ အလုပ်လုပ်ရတော့မည်ဟု ဆိုသည်။ ဦးအောင်မောင်း ပြန်ရောက်လာတော့ ကောင်းမြတ်က ပြသနာတွေကို ပြောပြသည် ။ ထိုအခါ ဦးအောင်မောင်းက ဒေါ်လှလှချစ်ကို နားချသည် ။
” မင်းကို အဲ့တာကြောင့်ကျုပ်က မပေါင်းချင်တာ ၊ မင်း ဟာလေ ပါးစိပါးစပ် သိပ်များတယ် ၊ သားသမီးတွေကလျှော့နေရင် မိဘဖြစ်တဲ့ မင်းကလည်း လျှော့လိုက်တော့လေ ၊ သမီး ဆင်ပေးထားတဲ့နားကပ်လည်း ပြန်ဝတ်ထား ၊ သမီးကို စိတ်ဆင်းရဲမှု တွေ မပေးပါနဲ့ ကွာ ”
ဒေါ်လှလှချစ်က မျက်နှာကြီး စူထားသည်။ ဦးအောင်မောင်းက အဝေးရောက်နေတုန်းကသာ ကွာဖို့ ပြောနေပေမဲ့ အိမ်ပြန်ရောက်လာတော့ သီတာဦး၏ စကားတွေကြောင့် ဒေါ်လှလှချစ်နှင့် အဆင်ပြေအောင်နေလေသည်။
” သမီး သီတာ ၊ အဖေက သမီးကြောင့် ဒီမိသားစုထဲကနေ မထွက်သွားတာနော် ၊ ငါ့သမီးက အဖေ ဒီမိသားစုအနားမှာ မရှိခင် ဒီမိသားစုအပေါ် အများကြီး ကောင်းပေးထားတာ အဖေ သိတယ် ၊ ဒီတော့ အဖေပြန်လာတာက မိသားစုတွေ နွေးနွေး ထွေးထွေး ရှိစေချင်လို့ ၊ သမီးအမေ နားကိုကြည့်လိုက် ၊ သမီးဆင်ပေးထားတဲ့နားကပ် ပြန်ဝတ်ထားပြီ ၊ သမီး စိတ်ထဲ ဘာမှမဖြစ်နဲ့တော့နော် ”
သီတာဦးက ကျေနပ်စွာပြုံးရင်း ခေါင်းညိတ်လိုက်ပါသည် ။ ဦးအောင်မောင်း ပြန်ရောက်လာသည့် နောက်ပိုင်းမှာ မိသားစုတွေ ထမင်းလက်စုံစားရင်း ၊ စကားစမြည်းပြောရတာမို့ ထမင်းဝိုင်းက ပိုမို အသက်ဝင်လာသည် ။ ထိုအခါ သီတာဦးရော ကောင်းမြတ်ရော ပျော်ရွှင်ရပါသည်။ ဦးအောင်မောင်းသည် ထမင်းစားနေရင်းနှင့်လည်း သားသမီးတွေကို ပျော်အောင်စနောက်တတ်သလို ၊ အရက်သောက်နေရင်းနှင့်လည်း ရယ်စရာတွေ ပြောတတ်တာမို့ သီတာဦး မပျင်းရပါ။
” သားရေ ၊ အိမ်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ် ၊ တွေ့တယ်မလား ၊ သွား ၊သမီးကို ခေါ်ပြီး မြို့တစ်ပတ်လောက် ပတ်လိုက် ၊ ကြိုက်သလောက်စီး ကြည့်လိုက်ကွာ ”
” ဘာလို့လဲ အဖေရ ၊ ဘယ်သူ့ဆိုင်ကယ်လဲ ”
” ကဲပါ ၊ သွား ၊ အဖေပြောသလိုလုပ် ”
ကောင်းမြတ်က သီတာဦးနှင့်အတူ ထိုဆိုင်ကယ်ကိုယူကာ ထွက်လာခဲ့သည်။ မြို့တစ်ပတ်မပတ်ခဲ့ပါ။ ရပ်ကွက်တစ်ပတ်လောက် ပတ်ပြီးဘဲ ပြန်လာခဲ့သည် ။
” သား ဘယ်လိုလဲ ”
” မမိုက်ဘူး အဖေရာ ၊ ဘရိတ်လည်း သိပ်မမိဘူး ၊ မီးကလည်း သိပ်မလင်းဘူး ၊ စီးလို့ မကောင်းဘူး ၊ ဘယ်သူ့ဆိုင်ကယ်လဲ ”
” မင်းအမေကို အဖေ ဝယ်ပေးတာလေ ၊ ၄ သိန်းနဲ့ ”
” ၄ သိန်း ”
ကောင်းမြတ်က မချင့်မရဲ ဖြစ်သွားပြီး သီတာဦးကို ကြည့်လိုက်သည် ။ သီတာဦးကလည်း ဆိုင်ကယ်ကို သဘောမကျတာ ကြောင့် ပိုက်ဆံ ၄ သိန်းကိုပင် နှမျော မိသွား၏။
” မင်းအမေ ဈေးသွား ၊ ဘာသွား ဟိုနားဒီနား စီးလို့ရတာပေါ့ကွာ ၊ လိုင်စင်တော့ မပါဘူး ”
” ထင်ပါတယ် ၄ သိန်းနဲ့တော့ ဘယ်လိုင်စင် ပါမလဲ ”
” ဘယ်လိုလဲ အဖေ ဝယ်လိုက်ရမလား ”
” ဒါကတော့ အမေ့သဘောပါ ၊ အဖေ အမေ့ကို မေးလေ ”
ကောင်းမြတ်က ဒေါ်လှလှချစ်ကို လှမ်းကြည့်တော့ ဒေါ်လှလှချစ်က ဝယ်စေချင်ပုံရသည် ။
” အင်းလေ ၊ အဖေ ဝယ်ပေးမှာ ဆိုတော့လည်း ဝယ်ပေးလိုက်ပေါ့ ” ဟု ကောင်းမြတ်က ပြောလိုက်သည်။ အခန်းထဲကို ရောက်မှ ကောင်းမြတ်က …
” သီတာရယ် ခုဆိုင်ကယ်ကြီးက ကိုယ်တို့ ၃ သိန်းနဲ့ ရောင်းလိုက်တဲ့ ဆိုင်ကယ်လေးလောက်တောင် စီးမကောင်းဘူး ၊ အဲ့ဆိုင်ကယ်လေးတုန်းကဆို ကာဗာတွေကသာ စု တ်နေတာ ၊ ကျန်တာ အကုန်အကောင်း ၊ အင်ဂျင်ကလည်း ခွဲတော့ ခွဲထားပေမဲ့ ကိုယ်က ရိုရိုသေသေစီးတော့ စီးပျော်တယ် ”
သီတာဦးက သက်ပြင်းဖွဖွချလိုက်သည် ။
” အဲ့တုန်းက အဲ့ဆိုင်ကယ်လေးကို မရောင်းဖို့ သီတာပြောခဲ့သားပဲ ”
ဦးအောင်မောင်းဝယ်ပေး တာဟု ထင်လိုက်ပေမဲ့ နောက်မှ သီတာဦးသိလိုက်ရတာက ဒေါ်လှလှချစ်သည် ချေးငွေ ထုတ်ထားသော ကျန်သည့်ပိုက်ဆံ ၃ သိန်းကို ဦးအောင်မောင်းအားပေးကာ ဆိုင်ကယ် ဝယ်ခိုင်းခြင်းဖြစ်သည်။
” ယောက်ျား ၊ မိန်းမမှာ ကျန်တဲ့ပိုက်ဆံက ဒါအကုန်ပဲနော် ၊ တစ်သိန်း ယောက်ျားစိုက်မှာလို့ ပြောတာနော် ”
” အေးပါ ကျုပ် ကြည့်လုပ်ပါ့မယ် ၊ ဆိုင်ကယ် ရရင်ပြီးရော မဟုတ်လား ”
ထိုသို့ နှစ်ယောက်သား တိုးတိုးတိတ်တိတ် ပြောဆိုနေကြတာတွေ ၊ ဒေါ်လှလှချစ်က ပိုက်ဆံ ၃ သိန်းထုတ်ပေးတာတွေကို သီတာဦး မြင်ခဲ့သည်။ ခြံစည်းရိုးပြင်ဖို့ ချေးငွေ ထုတ်တာ ဟု အကြောင်းပြခဲ့ပေမဲ့ ချေးငွေနှင့် ခြံစည်းရိုး မပြင်ဖြစ်လိုက်ပေ။
” သီတာရေ ၊ အမေ ရယ် မူးနေလို့တဲ့ ၊ မထနိုင်ဘူး ”
” ဟုတ်လား ၊ ဒါဆို သီတာ ဒီတစ်ရက် ကျူရှင် ပိတ်လိုက်မယ်လေ ၊ အမေ လိုတာ လုပ်ပေးဖို့ အိမ်မှာနေလိုက်မယ် ”
” အင်းပါ ၊ ဒါဆို ကိုယ် အလုပ်သွားတော့မယ်နော် ၊ အမေ့ကို သီတာ ကြည့်လိုက်ဦး ”
ကောင်းမြတ် အလုပ်ကို ထွက်သွားတော့ သီတာဦးက ကျူရှင် ပိတ်ကျောင်း ဖုန်းဆက်၍ လှမ်းအသိပေးရသည်။ ထို့နောက် လုပ်စရာ ရှိတာတွေ လုပ်ဖို့ အခန်းထဲက ထွက်လာခဲ့သည်။ ဦးအောင်မောင်းက ဒေါ်လှလှချစ်အတွက် လက်ဖက်ရည်လာပို့သွားပြီး အလုပ် ကို ပြန်သွားလေသည်။ သူ့အလုပ်ရှင်၏ အဝတ်တွေကိုလည်း လျှော်ဖို့ ယူလာသည်။
” အမေ ၊ သက်သာရဲ့လား ၊ ဆေးခန်းပြကြမယ်လေ ”
ဒေါ်လှလှချစ်သည် လှဲနေရင်းက ခေါင်းအသာယမ်းသည်။
” ဒီရောဂါက ဆေးခန်းပြလို့မရဘူး ၊ သောက်နေကျ ဆေး မသောက်တာ ကြာလို့ ဖြစ်တာ ”
” ဘာဆေးလဲ အမေ ၊ သမီး သွားဝယ်ပေးမယ်လေ ”
” နေနေ ရတယ် ၊ အမေ အေးလေး ကို သွားဝယ်ခိုင်းလိုက်မယ် ”
သီတာဦးသည် ဒေါ်လှလှချစ်စကားကို လက်ခံခေါင်းညိတ်ကာ အိမ်က လျှော်ဖို့အဝတ်တွေကို သွားယူလိုက်သည်။ ထိုစဉ် ဒေါ်အေးလေး ရောက်လာသည် ။ ဒေါ်အေးလေးသည် ဦးအောင်မောင်းယူလာသော အဝတ်တွေကို စိမ်ခဲ့ပြီး သူမအိမ်ဆီ ပြန်သွားလေသည် ။ သီတာဦးက အိမ်ကအဝတ်တွေကို စိမ်ပြီးသွားတော့ …
” အမေ ထမင်းမချက်ရသေးဘူးမလား ၊ သမီး ချက်လိုက်မယ် ၊ ဆန် ၃ လုံးမလား ”
” မချက်နဲ့ မချက်နဲ့ အေးလေး ချက်လိမ့်မယ် ”
“အန်တီအေးလေးက သူ့အိမ်အလုပ်နဲ့သူ မအားဘူးလေ အမေရယ် ၊ သမီးလုပ်ပါ့မယ် ”
သီတာဦးက ဆန်အိုးထဲ ဆန်သုံးလုံး ထည့်ယူကာ ဆေးဖို့လုပ်စဉ် ပန်းကန်ဆေးသည့် နေရာမှာ အိတ်မည်းမည်းကြီး တွေ့သည်။
” ဒါဘာတွေပါလိမ့် ” ဟု ဆိုကာ ဖွင့်ကြည့်တော့ ထမင်းကျန်ဟင်းကျန်တွေ ထည့်ထားထာ ဖြစ်သည် ။ မစွန့်ဘဲ ထားတာ အတော် ကြာနေလောက်ပြီ ။ အိတ်ထဲတွင် လော က်တွေပင် တက်နေ၏။ သီတာဦးသည် ရှုံ့မဲ့သွားကာ ရင်ဘက်ကိုဖိ၍ စိတ်ထိန်းလိုက်ရသည်။ သူမ သက်ပြင်းအသာချကာ ထိုအိတ်ကြီးကို အမှိုက်အိတ်ထဲ သွားပစ်လိုက်ရသည်။ ထို့နောက် သက်ပြင်း ချမိ၏ ။ ထိုအိတ်မည်းမည်းကြီးကို မနက်တိုင်း သီတာဦး မြင်နေတာ လေး၊ငါးရက် ရှိလေပြီ ။ သို့ပေမဲ့ မနက်ဆို ကျူရှင်သင်ဖို့ လောနေတာကြောင့် ထိုအိတ်ကြီးကို အမှုမဲ့အမှတ်မဲ့ပဲထားကာ မျက်နှာဘဲသစ်လိုက်မိသည် ။ ညဘက်ဆိုလျှင်လည်း သူမနှင့်ကောင်းမြတ်က ထမင်းမကုန်တာတွေ၊ ကျန်တာတွေ မရှိတာကြောင့် ပန်းကန်ပဲဆေးလိုက်ပြီး ထိုအိတ်မည်းမည်းကြီးကို ဖွင့်မကြည့်မိခဲ့ပေ။ ခုတော့ဖြင့် … ။ သီတာဦးသည် တဖန် သက်ပြင်း ထပ်ချကာ ထမင်းအိုးတည်လိုက်သည်။ ထို့နောက် ကျက်လွယ်သည့် ဟင်းကိုချက်ကာ ကောင်းမြတ်ကို ထမင်းပို့ဖို့ ပြင်ရသည်။
” အမေ သမီး ကောင်းမြတ်ကို ထမင်းသွားပို့မလို့ ”
” ဟယ် ရတယ် ရတယ် အေးလေး ပို့လိမ့်မယ် ”
တအေးလေးတည်း အေးလေးနေတော့ သီတာဦး နားကြား အမြင်ကပ်လာသည် ။
” အမေရယ် အေးလေးကို ချွေးမတော်ထားတာ မဟုတ်ဘူးလေ ၊ သီတာဦးကို ချွေးမတော်ထားတာလေ ” ဟု သီတာဦးက ပြောလိုက်မိသည် ။ ထိုအခါ ဒေါ်လှလှချစ်က …
” ရတယ် ၊ အဲ့တာ သိတာပေါ့ ၊ သမီးဘာသာ နေပါ ၊ အေးလေးကို ၂ထောင်လောက် ပေးလိုက်ရင် ရတယ် ၊ သူလုပ်ပေးလိမ့်မယ် ”
သီတာဦး ဆက်မပြောတော့ဘဲ အဝတ်သာ လျှော်နေလိုက်သည် ။ ခဏကြာတော့ ဒေါ်အေးလေးက ကောင်းမြတ်ကို ထမင်းပို့ပေးသည် ။ သီတာဦးသည် ဦးအောင်မောင်းယူလာသောအဝတ်တွေရော၊ အိမ်ကအဝတ်တွေရော အကုန်လျှော်ဖွပ်ပြီးကာမှ ဒေါ်အေးလေးက …
” ဟယ် အန်တီလျှော်မှာပေါ့ ၊ သမီး ဘာသာနေတာ မဟုတ်ဘူး ” ဟု လာပြောလေသည်။ သီတာဦးသည် ဘာမှပြောမနေတော့ဘဲ လုပ်စရာရှိတာ လုပ်၍ စားစရာ ရှိတာစားပြီး Online class သင်နေလိုက်သည် ။ ခဏနေတော့ ဆရာဝန်ကို ဖုန်းဆက်ခေါ်သံ ကြားလိုက်ရသည်။ ထိုအခါ သီတာဦးက အခန်းထဲက ထွက်၍ …
” အမေ သမီး ဆေးခန်းလိုက်ပို့ပေးမယ်လေ ”
” ရတယ် ရတယ် ၊ နေ့လည်လောက် ဆရာဝန်လာလိမ့်မယ် ” ဟု ဒေါ်လှလှချစ်က ပြောတာကြောင့် သီတာဦးက အခန်းထဲသာ ပြန်ဝင်နေလိုက်ရသည်။ ညနေ ကောင်းမြတ် ပြန်လာတော့ …
” အမေ ဆရာဝန်ပြသေးလား ”
” ပြတယ်လေ … ”
” ဘယ်လို ပြလဲ ၊ သီတာလိုက်ပို့တာလား ”
” မဟုတ်ပါဘူး ၊ ဆရာဝန်ကိုပဲ အိမ်ခေါ်လိုက်ရတာပေါ့ ”
ဒေါ်လှလှချစ်၏ စကားကြောင့် သီတာဦး အနည်းငယ် စိတ်ခုသွားမိသည် ။ သူမက လိုက်မပို့လို့ ဆရာဝန်ကို အိမ်ခေါ်ပြရသလိုလို ဒေါ်လှလှချစ်ကပြောလိုက်တာမို့ စိတ်ဆင်းရဲသွားမိသည် ။ သို့ပေမဲ့ ဘာမှ ရှင်းပြချင်စိတ်မရှိတာကြောင့် နှုတ်ဆိတ်နေလိုက်ပါသည်။
ဒေါ်လှလှချစ်သည် သူမ နေမကောင်းလျှင်လည်း သီတာဦးကို အပြုစုမခံသလို သီတာဦးနေမကောင်းလျှင်လည်း သူမက မပြုစုပေးပေ ။
” အမေက ဘာမှမလုပ်ပေးတတ်ဘူး ၊ သားပဲ အလုပ်နားလိုက် ” ဟု ကောင်းမြတ်ကို ပြောတတ်သည်။ ထိုအခါ တစ်ချိန်က စကားတွေနှင့် မကိုက်ညီပေ။ တစ်ချိန်က …
” အမေ နေမကောင်းရင် သားနဲ့သမီးက ပြုစု ၊ သားနဲ့ သမီးနေမကောင်းရင် အမေက ပြုစုပေးချင်တယ်” ဟု ဒေါ်လှလှချစ် ပြောခဲ့ ဖူးသည် ။ သီတာဦးသည် တစ်ခါတစ်လေ ထိုစကားတွေကို ကြားယောင်လိုက် သက်ပြင်းချလိုက်နှင့် စိတ်ဆင်းရဲရဖူးသည်။ သူမမေ့လဲသည့် နေ့ကလည်း မှေးနေပေမဲ့ ဒေါ်လှလှချစ်စကားတွေကို တစ်ချက်တစ်ချက်ကြားနေခဲ့သည်။
” သူစိမ်းကို မပြောလိုပါဘူး ၊ ကိုယ့်သားကကို မကောင်းနေတာ ၊ စိမ်းသူဖက်လာရင် ဒီလိုပဲ ဖြစ်လာမယ်ဆိုတာ ကြိုေတွးပြီးသား ” ဟူသည့်စကားက သီတာဦးကို ရင်နာေစသည်။ သမီးအရင်းလေး ရောက်လာသလိုပါပဲ ဟု ဒေါ်လှလှချစ်ပြောခဲ့ဖူးေပမဲ့ စိတ်အရင်းထဲမှာတော့ သူမဟာ ချွေးမပဲဖြစ်နေသည် ဆိုတာ သီတာဦး သိလိုက်ရသည် ။ ကောင်းမြတ်ကသာ ဒေါ်လှလှချစ်ကို စကားပြောလျှင် “အမေ့သမီး ” ၊”အမေ့သမီး ” ဟု သုံးနှုန်းပေမဲ့ ဒေါ်လှလှချစ်ကတော့ ကောင်းမြတ်ကို … ” နင့်မိန်းမက ဘယ်လိုဘယ်ညာ ” ဟု သာ ပြောတတ်ပြီး ” သမီး ” ဟူ သော အသုံးအနှုန်းကို သုံးတာ ခပ်ရှားရှားဖြစ်သည်။ သီတာဦးသည် ဒေါ်လှလှချစ် ကို သူများနည်းတူ သုံးစေချင်လို့ ဖုန်း လည်း ဝယ်ပေးထားခဲ့သည်။ သားအရင်းက မဆင်နိုင်တာ ၊ မဖြည့်နိုင်တာတွေကိုပင် ဆင်ခဲ့ဖြည့်ခဲ့သည် ။ သို့သော် သူမသည် ဒေါ်လှလှချစ်စိတ်ထဲမှာ ချွေးမဟာ ချွေးမ ပဲ ဖြစ်နေသေးသည်။ သီတာဦး မျက်ရည် ကျမိပါသည် ။
” သီတာ ၊ ထနိုင်ရဲ့လား ၊ သီတာ ကိုယ်တွေလည်း ပူနေတယ် ၊ ကိုယ် အလုပ်နားပြီး သီတာ့ဘေးမှာ နေပေးမယ်နော် ”
သီတာဦး မထနိုင်၍ ကောင်းမြတ်က အလုပ်နားကာ ဘေးမှာ ပြုစုပေးနေလေသည်။ ဒေါ်လှလှချစ်သည် ဈေးသွားဖို့ပြင်နေ၏ ။ ဈေးမသွားခင် …
” ကောင်းမြတ်ရေ ၊ အုန်းနို့ခေါက်ဆွဲ ဝယ်ထားတယ် ၊ စားလိုက်နော် ” ဟု မှာသွားေလသည် ။ ထိုစဉ် ဒေါ်တင်မာဝေက သီတာဦးဆီ ဖုန်းဆက်လာသည်။ ကောင်းမြတ်က ကိုင်လိုက်ပြီး …
” ဟယ်လို ၊ ကျွန်တော် ဒီနေ့ အလုပ်နားတယ် အမေ ၊သီတာ နေမကောင်းလို့ ”
” ဟုတ်လား သား ၊ ဘယ်လို ဖြစ်တာလဲ ၊ ဒီနေ့ သူ့ဦးလေးဆီ အလည်သွားဖို့ အမေက လာခေါ်မယ်လို့ ပြောထားတာ ၊ ခု လာခေါ်ရတော့မလားလို့ မေးမလို့ ဖုန်းဆက်လိုက်တာ ”
” ဒီမှာ ထကို မထနိုင်ဘူးအမေရေ ၊ အသံတောင် မထွက်ဘူး ”
ကောင်းမြတ်က ထိုသို့ ပြောလိုက်တော့ ဒေါ်တင်မာဝေက ဦးစည်သူနှင့်အတူ ရောက်ချလာသည်။ ဦးစည်သူကတော့ အိမ်ရှေ့ကနေပဲ စောင့်နေသည်။ ဒေါ်တင်မာဝေကပဲ သီတာဦးကို လာကြည့်သည် ။
” ဆေးခန်းသွားလိုက်မယ်လေ အမေ ၊ သားလည်း အတူလိုက်ခဲ့မယ် ”
ကောင်းမြတ်က အခန်းအပြင်ကို အရင်ထွက်သွားသည် ။ နောက်မှာ ဒေါ်တင်မာဝေက သီတာဦးကို တွဲ၍ အခန်းထဲက ထွက်ဖို့ပြင်နေ၏။ ထိုအချိန် ဒေါ်လှလှချစ်က ပြန်ရောက်နေလေပြီ ။ ဦးအောင်မောင်းကလည်း ဦးစည်သူနှင့် အိမ်ရှေ့မှာ စကားပြောနေသည် ။
” ကောင်းမြတ် ၊ မင်းက ဘာလို့ မစားတာလဲ ”
” ကျွန်တော် သီတာ့ဘေးမှာ နေပေးနေရလို့ပါ အမေ ၊ မစားဖြစ်သွားတာ ”
” အေး အဲ့လို ကြပ်ကြပ်လုပ် ၊ တစ်ယောက်ကနေ နှစ်ယောက်လုံး ဖြစ်နေမယ် ၊ ဟိုက ဖြစ်ပြီးရင် ပြန်ကောင်းသွားရော ၊ ကြာရင် နင် ေ သလိမ့်မယ် ”
” ဟာ ဗျာ ၊ အမေကလည်း ဘာတွေပြောနေတာလဲ ”
ထိုအခါ ဦးအောင်မောင်းက ဦးစည်သူကို အားနာသွားသည် ။ ဦးစည်သူဘေးကနေ ထလာပြီး …
” မလှချစ် မင်း ဘာတွေ ပြောနေတာလဲကွာ ၊ မင်း ပါးစပ်လေး ၁၀ မိနစ်လောက် ပိတ်ထားပါလား ”
” ငါ့စကားတွေထဲမှာ မှားတာပါလို့လား ၊ စားလို့ ပြောရင် စားလေ ၊ ဘာလို့ မစားလဲ ”
” မဆာလို့ နေမှာပေါ့ကွာ ”
” အစားကို အချိန်မှန်စားရတယ်လေ ၊ ခုဖြစ်နေတာတွေကလည်း အဲ့လို အချိန်မှန်မစားလို့ ဖြစ်နေတာ ”
” မင်းက ဆရာဝန်လား ၊ စားတိုင်း ကျန်းမာရေး ကောင်းတယ်လို့ ဘယ်သူပြောလဲ ”
ဒေါ်တင်မာဝေသည် မျက်နှာပျက်ကာ သီတာဦးကို တွဲလျက် အိမ်အပြင် ထွက်လာသည် ။ ဦးစည်သူက …
” သွားကြမယ် ဟာ ” ဟုဆိုကာ ကားပေါ်တက်သွားသည်။ သီတာဦးက …
” အမေတို့ အရင်သွားနှင့်ပါ ၊ သမီး ကောင်းမြတ်နဲ့မှ အတူလိုက်ခဲ့မယ် ”
ထိုအခါ ဒေါ်တင်မာဝေက သက်ပြင်းချ၍ ကားပေါ်တက်သွားလေသည် ။ ဦးစည်သူနှင့် ဒေါ်တင်မာဝေတို့ ထွက်သွားကြတော့ ဦးအောင်မောင်းက …
” မင်း အသိတရားမရှိဘူးလား ၊ တစ်ဖက်မိဘတွေ ရှိနေတယ်လေကွာ ”
” ငါက ပြောချင်တာတွေ မပြောရတော့ဘူးလား အောင်မောင်း ၊ ငါ့စကားတွေထဲ မှားတာတွေ ပါနေလားလို့ ”
” မင်းပါးစပ် ပိတ်လိုက်တော့ကွာ ”
ဦးအောင်မောင်းက ရေခွက်နဲ့ လှမ်းပစ်လိုက်သည်။ ဒေါ်လှလှချစ်ကို မထိပါ။ ဘေးကို ကျ၍ ဂွမ်းခနဲ အသံမြည်သွားသည်။
” အောင်မောင်း နင် ငါ့ကို လုပ်စရာ အကြောင်းမရှိဘူးနော် ”
ကောင်းမြတ်သည် စိတ်ညစ်ညူးစွာဖြင့် …
” အမေရာ ကျွန်တော် မနက်စာလေး မစားမိတာ ဒီလောက် ပြသနာ ကြီးသွားလား ၊ ဟိုမှာ နေမကောင်းဘူး ”
” နေမကောင်းတာနဲ့ပဲ ငါက ဘာမှမပြောရတော့ဘူးလား ၊ ငါ့ရင်ထဲမှာလည်း ငါ့ခံစားချက် ရှိတယ်လေ ၊ တစ်ယောက်က မကောင်းလို့ မစားတာထား ၊ နင်ကစားလေ ၊ သူက ဖြစ်ပြီးရင် ကောင်းသွားရော ”
သီတာဦးသည် ကိုယ်အပူရှိန်ကြောင့် မျက်လုံးတွေပြာလာသည်။ စိတ်ကလည်း တိုလာကာ …
” ဖြစ်ပြီးရင် ပြန်မကောင်းလို့ ေ သသွားရမှာလား ” ဟု ပိတ်အော်ပစ်လိုက်မိသည် ။ ထိုအခါ ကောင်းမြတ်က မျက်ရည်လည်လည်နှင့် ကြည့်လာသည်။ သီတာဦးသည် သူမအိတ်နှင့်ဖုန်းကို ယူကာ ထွက်သွားလေသည် ။ ကောင်းမြတ်သည် စိတ်လည်းညစ် ၊ ဒေါသလည်းထွက်ကာ သူ့ခေါင်းသူ ရိုက်ပစ်လိုက်မိသည်။ ဦးအောင်မောင်းက ခါးထောက်လျက် …
” အေး မလှချစ်ရေ မင်းပဲခံစားတတ်တာ ဟုတ်တယ် ၊ မင်းပဲ ပြောတော့ ၊ မင်း ကြောင့် ဒီလင်မယားလည်း ကွဲမှာပဲ ” ဟု ပြောလိုက်တော့ သည်။
အမေမဟုတ်သောယောက္ခမ (အပိုင်း ၁၀)
+
သီတာဦးသည် လမ်းတောက်လျှောက် ငိုလာခဲ့လေသည်။ လူဟာ အဖျားရှိန်ကြောင့် မျက်ရည် လွယ်ကာ ပို၍ ဝမ်းနည်းနေလေသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း စိတ်ဟာ တစ်မျိုးပြီးတစ်မျိုး ပြောင်းနေလေသည်။
” ငါ ကွာရှင်းလိုက်တော့မယ် ၊ ငါ မပေါင်းဘူးလို့ ပြောမယ် ၊ ငါ့အိမ် ငါ ပြန်နေမယ် … ”
တဖန် ခြေတစ်လှမ်း ထပ်လှမ်းမိပြန်တော့ …
” ငါ စိတ်လိုက်မာန်ပါ လုပ်လို့ ဖြစ်ပါ့မလား ၊ ငါ့မိဘတွေ ငါ့ကြောင့် မျက်နှာ ပျက်သွားမလား ၊ ငါရော တစ်ခုလပ် အဖြစ် နံမည်ပျက်ခံနိုင်ပါ့မလား ၊ ပြီးတော့ … ”
ပြီးတော့ သူမ ကောင်းမြတ်ကို ပြတ်နိုင်ပါ့မလား ဆိုသည့် အတွေးပေါင်းများစွာဟာ ခေါင်းထဲ ဝင်ရောက်လာလေသည်။ သူမ ခြေထောက်တွေလည်း ညောင်းလာပြီ ။ လမ်းမှာတွေ့သည့် Taxi ကို ငှားစီးပြီး ဆေးခန်းသွားလိုက်သည်။ ဆေးခန်းပြပြီးသွားတော့ သူငယ်ချင်းတစ်ယောက် အိမ်မှာ ဝင်နေနေလိုက်သည်။ ခဏကြာတော့ ဒေါ်တင်မာဝေက ဖုန်းဆက်လာသည်။
” သီတာ ၊ သမီး ဘယ်မှာလဲ ”
” သမီးသူငယ်ချင်း အိမ်မှာအမေ ”
” ဆေးခန်းပြရဦးမယ်လေ ၊ အမေ လာခေါ်ရမလား ”
” သမီး ပြပြီးပြီအမေ လာမခေါ်ပါနဲ့ … ”
” ကောင်းမြတ် အိမ်ရောက်နေတယ် ၊ သူ့ကို သမီးဆီ လွှတ်လိုက်မယ်လေ ”
” မလွှတ်ပါနဲ့ အမေ ၊ သမီး သူ့ကို မတွေ့ချင်သေးဘူး … ”
သီတာဦး ဖုန်းချလိုက်သည်။ သူငယ်ချင်း ကျွေးသည့် မနက်စာ ကို စားနေရင်း သူမအတွေး တွေ များစွာ ဝင်နေသည်။
” သီတာ ၊ နင် ဘာဖြစ်လာတာလဲ … ၊ နင့်ယောက်ျား အိမ်ရှေ့ရောက်နေတယ် လေ ၊ နင်ထွက်မတွေ့ဘူးလား ”
သူငယ်ချင်းက ပြောတော့ သီတာဦး ခြံရှေ့ကို လှမ်းကြည့်လိုက်သည် ။ ပြီးတော့ သက်ပြင်းချကာ ခေါင်ယမ်းပြလိုက်၏။
” ဟယ် ထွက်မတွေ့လို့ရမလား ၊ ဟိုမှာ စောင့်နေတယ်လေ ၊ ငါ အိမ်ထဲ ခေါ်လိုက်မယ် ”
” မခေါ်ပါနဲ့ ၊ ပြန်လွှတ်လိုက် ”
” ဟယ် အားနာစရာကြီး သီတာရယ် ”
” သွားပါ ၊ ပြန်တော့လို့ပဲ နင်ထွက်ပြောလိုက် ”
သီတာဦး၏ သူငယ်ချင်းက မျက်နှာမကောင်းစွာနှင့် ခြံရှေ့ကို ထွက်သွားသည်။ ကောင်းမြတ်သည် မျက်နှာငယ်ဖြင့် အိမ်ထဲကို လှမ်းမျှော်ကြည့်နေ၏ ။
” ဟို သီတာက ထွက်မတွေ့ဘူး ပြောတယ် ၊ ခဏနေမှ လာခေါ်လိုက်ပါနော် ”
ကောင်းမြတ်သည် မျက်နှာလေး ညိုညိုဖြင့် ခေါင်းလေးညိတ်ကာ ဆိုင်ကယ်ကို ကွေ့၍ မောင်းထွက်သွားလေသည်။
” သီတာရယ် ၊ သနားပါတယ် ၊ သူ့ကြည့်ရတာ နင့်ကို အတော်ချစ်ပုံပါ ၊ သူ့မျက်လုံးကနေ အရိပ်အယောင်တွေ ငါမြင်နေရတယ် ”
သီတာဦးသည် သက်ပြင်းသာချမိပြီး ဘာမှပြန်မပြောဖြစ်ပေ ။ ဘယ်လောက်ပဲ ချစ်ချစ် သူ့အမေနှင့်မှ အဆင်မပြေလေတော့ ခက်သည်။
” နင်က သူ့အမေနဲ့ ရန်ဖြစ်လာတာလား ”
” မဟုတ်ပါဘူးဟာ ၊ အရမ်း အိမ်ကို ဆူအောင်လုပ်လို့ စိတ်ညစ်တာပါ ”
သီတာဦးက ပြောပြီးတော့ ရင်မောစွာ သက်ပြင်းထပ်ချလိုက်မိသည်။
” မယူခင်ကတည်းက သူ့အမေရဲ့အကြောင်းတွေ ငါကြားခဲ့ဖူးပါတယ် ၊ ဒါပေမဲ့လေ ၊ ငါက အတတ်နိုင်ဆုံး သည်းခံပေါင်းမယ်လို့ စိတ်ကူးထားခဲ့တာ ၊ ယောက္ခမနဲ့ချွေးမ မတည့်တဲ့ဇာတ်လမ်းတွေကို ပြောင်းပြန်လှန်ပစ်ချင်ခဲ့တာ ၊ ဒါကြောင့် သူ့အမေမှာ ဘာမှမပြည့်စုံလို့ ပြည့်စုံအောင် ငါ အကောင်းဆုံးဖြည့်ဆည်းခဲ့တယ် ၊ ငါ့အမေနဲ့ယှဉ်ရင်တောင် သူ့အမေကို ပိုပြီး ဖြည့်ဖြစ်တယ် ၊ ဘာဖြစ်လို့ဆို ငါ့အမေမှာက ငါမပေးလည်း ပြည့်စုံနေတာလေ ၊ ဒါကြောင့် တစ်ခါတစ်ရံလောက်ပဲ အမေလိုအပ်တာကို မေးပြီး ဖြည့်ဆည်းပေးတယ် ၊ သူ့အမေကိုတော့ ငါမမေးဘဲ လိုမယ်ထင်တာ အကုန်ဖြည့်ဆည်းပေးခဲ့တယ် ၊ ဒါပေမဲ့ ငါ မေတ္တာတွေ ပြန်မရဘူးဟာ ၊ အမြဲ နားပူတယ် ၊ ကိစ္စ သေးသေးလေးကို အကြီးကြီးချဲ့တယ် ၊ ငါလေ နေကောင်းနေရင်တော့ သည်းခံပါတယ် ၊ နေမကောင်းနေရင် တော့ လူက စိတ်ခံစားချက်ပြင်းနေချိန် စိတ်ထိန်းမရဘူး ”
သီတာဦး၏ သူငယ်ချင်းက စိတ်မကောင်းစွာ ဖြင့် သီတာဦး၏ လက်ကလေးကို ဖိညှစ်လိုက်သည် ။
” တစ်နေ့တော့ နင်ေပးတဲ့ မေတ္တာတွေ နင့်ဆီပြန်လာမှာပါ ”
” အေး ငါလည်း အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ် ၊ ခုထိတော့ ငါ့စေတနာတွေ ရောင်ပြန်မဟပ်သေးဘူး ၊ ငါလေ ငါရွေးချယ်ခဲ့တဲ့လမ်းမလို့ အကောင်းဆုံး လျှောက်မှာပါ ၊ တချို့ကပြောကြတယ် ၊ မယူခင်ကတည်းက အကြောင်းသိပြီးသားမဟုတ်လားတဲ့ ၊ ဒါကို သိသိရက်နဲ့ယူတာ ခံလိုက်ပေါ့ တဲ့ ၊ မှန်ပါတယ် ၊ ငါရွေးတဲ့လမ်း ၊ ငါကောင်းကောင်းဆိုးဆိုး ခံရမှာပါပဲ ၊ ငါက ငါ့ဘဝမှာပိုင်ဆိုင်ထားတဲ့ အလင်းရောင်ကို သူများဘဝတွေလည်း လင်းပါစေတော့ဆိုပြီး မျှဝေချင်ခဲ့တဲ့သူလေ ၊ ဆက်ဆံရေးတစ်ခုမှာ တစ်ဖက်လူကို ဖြည့်ပဲ ဖြည့်ချင်တဲ့သူ ၊ တစ်ခါတစ်လေ ငါထားတဲ့စေတနာတွေက ငါစိတ်ဆင်းရဲနေရတာတွေအတွက် မတန်ဘူး ”
သီတာဦးသည် ရင်ဖွင့်နေရင်း မျက်ရည်ကျမိလေသည်။ ထိုစဉ် ဒေါ်တင်မာဝေက ဖုန်းဆက်လာသည် ။
” သီတာ ၊ သမီးက ဘာလို့ ကောင်းမြတ်လာခေါ်တာကို ထွက်မတွေ့ရတာလဲ ၊ ဒီမှာ သမီးဆီကပြန်လာကတည်းက မျက်နှာမကောင်းဘူး ၊ ခုတော့ အိပ်ပျော်နေတယ် ၊ သားနဲ့လည်း မဆိုင်ဘဲ သားကို ထွက်တောင်မတွေ့ဘူး တဲ့ ၊ မျက်ရည်လေး လည်လည် လည်လည်နဲ့ ၊ သူ့အမေကို မကြည်တာ ၊ သူ့သားကို မဲလို့မရဘူးလေ သမီး ”
ထိုသို့ကြားရတော့ သီတာဦး စိတ်မကောင်းပါ ။ ချစ်လွန်းလို့ အခက်အခဲပေါင်းစုံ ပြသနာပေါင်းစုံကြားက ယူခဲ့ရတာမို့ မပြတ်သားနိုင်သည့်စိတ်က ခိုင်မာနေသည် ။
” အင်းပါ အမေ ၊ ခုသမီးကို လာခေါ်လှည့်လို့ ပြောလိုက်ပါ ”
ခဏကြာတော့ ဒေါ်တင်မာဝေက နောက်တစ်ကြိမ် ဖုန်းထပ်ဆက်သည်။
” သမီး ရေ ၊ ခုပဲ နှိုးလိုက်လို့ သူ ထပြီး ထွက်သွားပြီနော် ”
၁၀ မိနစ်လောက်ကြာတော့ ဆိုင်ကယ်သံလေး ကြားရသည် ။ သီတာဦး ထွက်ကြည့်လိုက်တော့ အိပ်ချင်မူးတူး မျက်နှာမှာ မျက်ရည်လေး လည်နေတာ မြင်ရသည်။ သီတာဦးက သူငယ်ချင်းကို နှုတ်ဆက်၍ ကောင်းမြတ်နှင့် လိုက်လာခဲ့သည်။ ကောင်းမြတ်က ဆိုင်ကယ်မောင်းနေရင်း ဘေးတစောင်းထိုင်နေသည့် သီတာဦး၏ လက်ကလေးကို လှမ်းကိုင်သည်။
” ကိုယ့်ကို ဘာလို့ ထွက်မတွေ့ရတာလဲ သီတာရယ် ”
သီတာဦးက ပြန်မဖြေဘဲ နှုတ်ဆိတ်နေတော့ ကောင်းမြတ်က လူရှင်းသည့် လမ်းဘေးလေးမှာ ဆိုင်ကယ်ကို ရပ်လိုက်သည် ။
” မနက်က ကိုယ့်အမေနဲ့ စကားတွေ အများကြီး ပြောခဲ့တယ် ၊ သူက ကိုယ့်လစာ သူ့မပေးနဲ့တဲ့ ၊ ကိုယ်တို့ဘာသာ အိုးခွဲစား လို့ပြောတယ် ၊ ကိုယ်ဆုံးဖြတ်ပြီးပြီ ၊ ကိုယ် သီတာတို့ဘက်ပဲ လိုက်နေေတာ့ မယ် ၊ အရင်ကကျ ညဘက်ထမင်းမစားလို့ ဆူတယ် ၊ ခုညဘက် ထမင်းစားပြန်တော့ မနက်ဘက် ထမင်းမစားဖြစ်တာကို ဆူပြန်တယ် ၊ ကိုယ့်အမေက သက်သက်ကြီး လိုက်ပြောနေသလိုပဲကွာ ၊ ကိုယ်တော့ မနေချင်တော့ဘူး ”
သူမက ဘာမှမပြောရသေးခင် ကောင်းမြတ်ဘက်ကအရင် စကားစလာတော့ သီတာဦးသည် ဒေါ်လှလှချစ်ဘက်ကနေ တွေးရင်း ဒေါ်လှလှချစ်အတွက် စိတ်မကောင်း ဖြစ်ရပြန်သည် ။ ငါ့မှာသာ သားတစ်ယောက်ပဲရှိပြီး အဲ့ဒီ့သားက ငါနဲ့မနေချင်လို့ ငါ့ကိုခွဲသွားတယ် ဆိုရင် ဆိုပြီး တွေးမိတော့ သီတာဦးရင်ထဲ ကြေကွဲမိသွားသည်။
” ကိုရယ် ၊ ကို့ အမေမှာ ကို တစ်ယောက်ပဲရှိတာ လေ ၊ သီတာရောက်လာလို့ ကို့အမေနဲ့ ကို ဝေးကွာ သွားရရင် သီတာ မကောင်းဖြစ်မှာပေါ့”
” ဒါပေမဲ့ အမေက တစ်နေ့ပြီးတစ်နေ့ ကိုယ်တို့ကို အမျိုးမျိုး စိတ်ညစ်အောင် လုပ်နေတယ်လေကွာ ၊ ကိုယ် သီတာနဲ့မယူခင်ကလည်း အဲ့လိုပဲ ၊ ကိုယ် လူပျိုတုန်းကဆို အလုပ်ကပြန် ၊ လုပ်စရာရှိတာ လုပ်ပြီး အခန်းထဲ ဝင်နေတာ ၊ အမေနဲ့ ဘာဆိုဘာမှကို မပြောဘူး ၊ ဒါကိုတောင် တစ်ခါတစ်လေ အကြီးအကျယ်ထဖြစ်သေးတာလေ ၊ စကားမပြောဘဲနေရင်အကောင်း ၊ ပြောမိတာနဲ့ တန်းပြီး ဖြစ်တော့တာပဲ ၊ ကိုယ်အရင်က ဆို အမေနဲ့ စကားကြာကြာ ပြောလို့မရဘူး ၊ ပြီးတော့ အရင်ကဆို ကိုယ်ရသမျှ အမေ့ကိုပဲ ပေးရလို့ ကိုယ်ဘာမှမသုံးရဘူး မစားရဘူး မသွားရဘူး ၊ သီတာ ရောက်လာမှသာ သီတာ ခေါ်လို့ သီတာ လိုက်ကျွေးလို့ ရောက်ဖူး စားဖူးတာ ၊ ကိုယ် တစ်ခါတစ်လေ သီတာ့ကို အရမ်းအားနာတယ် ၊ ကိုယ့်လစာ သီတာ ခုထိ မသုံးရဘူး ၊ သီတာ နားလည်ပေးထားလို့ ကိုယ် ကျေးဇူးအရမ်းတင်တယ် ၊ ချွေးမ ဆိုးဆိုးမရတာ ကိုယ့်အမေ သိပ်ကံကောင်းတယ်သိလား ၊ ဒါကိုတောင် သူ ဘာလို့ အေးဆေးမနေဘဲ ပြသနာမဟုတ်တာ ပြသနာလုပ်ချင်ရတာလဲ မသိဘူးကွာ ”
သီတာဦးသည် ပုစ္ဆာမှန်သမျှကို အဖြေရအောင် ဖြေရှင်းနိုင်ခဲ့ပေမဲ့ မိသားစုပြသနာအတွက်တော့ အကောင်းဆုံး ဖြေရှင်းဖို့ နည်းလမ်းရှာမတွေ့ဖြစ်နေလေသည် ။
” ကိုယ်ဆို အလုပ်မှာ အခက်အခဲတွေ ရှိတယ် ၊ စိတ်ညစ်စရာတွေရှိတယ် ၊ ဒါပေမဲ့ အိမ်ပြန်လာရင် ဘယ်သူ့မှဒုက္ခမပေးဘူး ၊ အလုပ်မှာပဲ ထားခဲ့တယ် ၊ အိမ်ရောက်ရင် ကိုယ့်မိန်းမ ကိုယ့်မိသားစုအတွက်ပဲ တွေးတော့တယ် ၊ သီတာဆိုရင်လည်း စာသင်ရတာ စိတ်ညစ်တဲ့အခါ ရှိမှာပဲ ၊ ဒါပေမဲ့ သီတာ ဘယ်တော့မှကိုယ်စိတ်ညစ်အောင် ညည်းမပြဘူး ၊ကိုယ့်အမေကတော့ အဲ့လိုမဟုတ်ဘူး ၊ သူ့ခံစားချက်ကပဲအဓိက ၊ကိုယ်တို့မှာလည်း ကိုယ်တို့ခံစားချက်ရှိတာပဲလေ ကွာ ၊ ကိုယ်တို့လည်း အတတ်နိုင်ဆုံး သူအဆင်ပြေအောင် ညှိနေပေးနေကြတာပဲလေ ၊ဟူး … ဒီည အဲ့ဘက်အိမ်မပြန်တော့ဘူးကွာ ၊ သီတာတို့အိမ်မှာပဲ အိပ်ကြမယ် ”
” ဟာ …”
သီတာဦးသည် လက်သင့်မခံစွာဖြင့် ခေါင်းယမ်းလိုက်လေသည်။
” ပြန်မှရမှာပေါ့ ကိုရယ် ၊ ပြသနာဖြစ်လို့ အိမ်ပြန်မလာဘူးဆိုရင် ဆက်ဆံရေးက ပိုပြီး တင်းမာသွားလိမ့်မယ် ”
ကောင်းမြတ်က စိတ်ညစ်စွာဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားလေသည်။
” ကိုယ်တော့ စိတ်ညစ်တယ် သီတာရယ် ၊အလုပ်မှာအဆင်မပြေတာထက် မိသားစုနဲ့အဆင်မပြေတာက ပိုဆိုးတယ် သိလား ၊ အလုပ်မှာ အဆင်မပြေတာက အိမ်ပြန်ရောက်ရင် ပျောက်သွားရော၊မိသားစုနဲ့အဆင်မပြေတာက အလုပ်မှာလည်း အဆင်မပြေဘူး ”
သီတာဦးက ကောင်းမြတ်၏ လက်ကို အသာဖိညှစ်လိုက်သည်။
” သီတာတို့ အကောင်းဆုံး အဖြေရှာကြတာပေါ့ ကိုရယ် … ၊ မိသားစုတွေ မကွဲကွာဖို့ ၊ ဆက်ဆံရေးတွေ ပြတ်စဲမသွားဖို့ နည်းလမ်းတစ်ခုတော့ ရှိမှာပါ … ”
ထိုနေ့ညက အိမ်ပြန်တော့ ဒေါ်လှလှချစ်က ထမင်းချက်ထားသည် ။ ဦးအောင်မောင်းက မိသားစုတွေအတူစားဖို့ဆိုပြီး အကင်တွေဝယ်ခြမ်းလာသည်။ စားသောက်ပြီးလို့ ညအိပ်ရာဝင်ခါနီးတော့ ဒေါ်လှလှချစ်က ဦးအောင်မောင်းကို တိုးတိုး ကပ်ပြောနေသံကြားသည်။
” ယောက်ျား ၊ သမီးကို ယောက်ျားအနေနဲ့ လှမ်းမေးပေးစမ်းပါ ၊ မနက်က ကျွန်မ ဆူပူလိုက်တာ ၊ သမီးမိဘတွေ ဘာပြောသေးလဲလို့ ”
သီတာဦးက ကြားတော့ ပြုံးလိုက်မိပါသည်။ ခဏကြာတော့ ဦးအောင်မာင်းက လှမ်းမေးသည်။
” သမီးရေ ၊ မနက်ကကိစ္စ သမီးမိဘတွေ ဘာပြောသေးလဲ ”
“မပြောပါဘူး အဖေ ”
” အေးကွယ် ၊ အဖေလည်း သမီးအမေမလှချစ်အစား တောင်းပန်ပါတယ် ၊အဖေက အားနာနေတာ ”
ဦးအောင်မောင်းက ထိုစကားတွေပြောနေချိန် ဒေါ်လှလှချစ်က မျက်နှာငယ်နှင့် ငြိမ်နေတာမို့ ထိုစကားေတွဟာ ဒေါ်လှလှချစ် ပြောချင်သည့်စကားတွေဟု သီတာဦး သ တ်မှတ်လိုက်မိပါသည်။
” ရပါတယ် အဖေရဲ့ သမီးမိဘတွေက နားလည်ပါတယ် ၊ ဘာမှမပြောကြပါ ဘူး ၊ အဆင်ပြေအောင် နေကြလို့ပဲ ပြောပါတယ် ”
သူမ ထိုသို့ပြောလိုက်တော့ ဝမ်းသာသွားသည့်အရိပ်အယောင်တွေကို ဒေါ်လှလှချစ်မျက်နှာမှာ သီတာဦးမြင်လိုက်ရသည်။ ထိုအခါ သီတာဦးသည် သက်ပြင်းဖွဖွချ၍သာ သူမဆုံးဖြတ်ချက်ကို ကောင်းမြတ် အားပြောပြလိုက်လေသည် ။
” သီတာတို့ ကို့အမေနဲ့ အတတ်နိုင်ဆုံး ညှိပြီး နေကြရအောင် ”
အလုပ်နားသည့်ရက်မှာ ကောင်းမြတ်နှင့် သီတာဦးတို့ ဒေါ်တင်မာဝေတို့ဆီ သွားအိပ်ဖို့စီစဥ်ကြသည်။မသွားခင် ကောင်းမြတ်က …
” အမေ တစ်ယောက်တည်း ဖြစ်မှာလား ၊ဒီည အဖေက ညေစာင့်ရမှာမလို့ ပြန်မလာဘူးဆို ၊ အမေ မဖြစ်ရင် ကျွန်တော်တို့ မသွားဘူး ” ဟု ပြောလေသည် ။ ထိုအခါ ဒေါ်လှလှချစ်က …
” ဟယ် ဖြစ်ပါတယ် ၊ သွားသွား ၊ မဖြစ်စရာ ဘာအကြောင်းရှိလို့လဲ ” ဟု ပြောတာနှင့် ကောင်းမြတ်နှင့်သီတာဦး လည်း ဒေါ်လှလှချစ်ကို ထားခဲ့လိုက်သည်။
နောက်တစ်နေ့ည ရောက်တော့ …
” အမေရယ် မနေ့ညက ကြောက်လိုက်တာ သားနဲ့သမီးရယ် ၊ အမေ သားနဲ့သမီးတို့ အပေါ် စကားတွေ လွန်ခဲ့ရင်လည်း ခွင့်လွှတ်နော် ၊ အမေ စိတ်အပြောင်းအလဲ တွေ ဖြစ်နေလို့ပါ ၊ အမေ့အထင်တော့ သွေးဆုံးခါ နီးလို့ ထင်တယ် … ”
+
(ဒေါ်လှလှချစ်)
” မလှချစ်ရေ ၊ မလှချစ် ”
ကောင်းမြတ်နှင့်သီတာဦးတို့ ဟိုဘက်အိမ်ထွက်သွားပြီး မကြာခင် ဦးအောင်မောင်း ရောက်လာသည် ။ လက်မှာ ကြက်ေ သတစ်ကောင်ဆွဲလာ၏။
” ဟယ် ကြက်ကြီးပါလား ”
” ဟုတ်တယ် ၊ အလုပ်ရှင် ပေးလိုက်တာ ၊ အိမ်မှာ ချက်စားဖို့တဲ့၊ မနက်ကျ ဟင်းတစ်ခွက်တော့ သူတို့ကိုပေးရမှာပေါ့ ”
” ဟာ ငါမကိုင်ရဲဘူးနော် အောင်မောင်း ”
ဦးအောင်မောင်းက အလိုမကျစွာ ကြည့်ရင်း …
” ကျုပ်က ခဏနေ ညစောင့်ဖို့ ပြန်သွားရမှာ ၊ ပြန်မသွားခင် နည်းနည်း ကိုင်ပေးခဲ့မယ် ”
ဦးအောင်မောင်းသည် ကြက်ကို ဇကောပေါ်တင်ကာ အကြမ်းဖျင်းအမွှေးနှုတ်၍ ဇလုံထဲထည့်၊ ရင်ခွဲပြီး ဆေးကြောလေသည်။
” ကဲ မလှချစ်ရေ ၊ ကျုပ်ပြန်သွားတော့မယ် ၊ အကြမ်းဖျင်းတော့ လုပ်ပေးခဲ့တယ် ၊ ကျန်တာ ဆက်လုပ်လိုက်ပေါ့ ၊ ” ဟု ဆိုကာ ထားခဲ့လေသည်။
ဒေါ်လှလှချစ်သည် ဦးအောင်မောင်း အကြမ်းဖျင်းကိုင်ခဲ့သော ကြက်ကို သူမက အမွှေးအပြောင်ရှင်း ၊ လှီး ၊ ဖြတ်၍ အိမ်ထဲမှာပဲ ဆေးကြောလိုက်သည် ။ ထို့နောက် အိပ်ရာခင်း၏ ။ ဆေးကြောထားသည့် ဇလုံကြီးက သွေးတွေ ရဲနေသည်။ ဒေါ်လှလှချစ်သည် ဇလုံကြီးကိုကြည့်၍ စိတ်ထဲ မသိုးမသန့် ဖြစ်လာ၏။ အပြင်ကို သွန်ဖို့ကလည်း ည ၁၁ နာရီပင် ထိုးနေပြီမို့ မသွန်ရဲတော့ပေ။ ထိုအခါ ထိုဇလုံကြီးကို ထိုအတိုင်းထား၍ အိပ်ရာဝင်လိုက်ရသည်။ မနက် တစ်နာရီလောက် ရှိတော့ ဂျိုးဂျိုးဂျွတ်ဂျွတ် ဝါးနေသံတွေ ကြားရလေသည်။ ဒေါ်လှလှချစ်သည် ဆတ်ခနဲလန့်နိုးကာ ငုတ်တုတ် ထထိုင်လိုက်၏။ ခြင်ထောင်အပြင်ကို မထွက်ရဲသလို အသံကြားနေသည့် နေရာကို ဓာတ်မီးနှင့်လည်း မထိုးရဲပါ။ သွေးဇလုံကြီးကို သတိရသွားတော့ ကြက်သီးများ ဖြန်းခနဲ ထသွားသည် ။ ထိုအချိန်တွင် “သားနဲ့သမီးသာ ရှိရင် ကောင်းမှာပဲ” ဟု ဒေါ်လှလှချစ်တွေးလိုက်မိသည်။
” အမယ်လေးလေး သွေးအနံ့ကြောင့် မကောင်းဆိုးဝါးများ ဝင်လာတာလား မသိဘူး ”
ကိုယ့်အတွေးနှင့်ကိုယ် ချွေးသီးချွေးပေါက် တွေ ကျနေလေကာ လူတစ်ကိုယ်လုံး မူးပြာလာလေသည် ။
” ဘာလို့ကြောက်ရမှာလဲ ၊ အရင်က ညဘက်ကြီးလည်း အိမ်သာ ထသွားရဲတာပဲ ၊ကိုယ့်အိမ် ကိုယ်နေတာဘာေကြာက်စရာရှိလဲ ” ဟု ကြောက်စိတ်ကို စကားလုံးတွေဖြင့် ဖျောက်ကြည့်ပေမဲ့ ဒူးပင်တုန်ချင်လာသည် ။
ထိုစဉ် “ညောင် ” ဟူသော ကြောင်အသံကြားတော့မှ ကြက်အရိုးတွေ ပုံထားတာကို ကြောင်ဝင်စားနေတာမှန်း သိလိုက်ရသည် ။ ထိုသို့ အေတွးပေါက်သွားမှ လူက နေသာထိုင်သာ ရှိသွား၏ ။ သို့သော် နှစ်ချက်ထိုးအထိ အိပ်မပျော်တော့ပေ။
” သားနဲ့သမီးသာရှိရင် လှမ်းအော်လိုက်တာနဲ့ ပြေးလာကြမှာ ၊ ငါ ဒီနေ့လို ကြောက်နေစရာ မလိုဘူး … ”
ဖုန်းလေးကို လက်ထဲမှာဆုပ်ရင်း ကောင်းမြတ်နှင့်သီတာဦးတို့ကို ဖုန်းခေါ်ကြည့်ရကောင်းနိုးဟု အကြိမ်ကြိမ် တွေးနေမိသည်။ သို့သော် ဘာကြောင့်မှန်းမသိ ဝန်လေးနေကာမနက်မိုးလင်းသည်အထိ မခေါ်ဖြစ်ပေ။
အမေမဟုတ်သောယောက္ခမ (အပိုင်း ၁၁) ဇာတ်သိမ်း
+
ဒေါ်လှလှချစ် က သရဲကြောက်သည်ဟု ပြန်ပြောပြတော့ ကောင်းမြတ်နှင့် သီတာဦးတို့က ရယ်မိကြသည် ။
” အမေ အရင်က ဒီလိုမဟုတ်ပါဘူး ၊ သွေးဆုံးခါနီးလို့ဆိုတာ ဖြစ်နိုင်တယ် ” ဟု ကောင်းမြတ်က သုံးသပ်တော့ ဒေါ်လှလှချစ်က လက်ခံသည်။
” သားသမီး များများမွေးထားတဲ့သူက သွေးဆုံးရင် သိပ်မခံစားရဘူးတဲ့ ၊ သားသမီး တစ်ယောက် နှစ်ယောက်ပဲ မွေးတဲ့သူက ပိုခံစားရတယ်လို့ အမေက ပြောဖူးတယ် ”
သီတာဦးက ဒေါ်တင်မာဝေဆီက သိထားရတာကို ပြောပြတော့ ဒေါ်လှလှချစ်က စိတ်ဝင်တစား နားထောင်နေသည်။
” ဟုတ်မယ်နော် သမီးအမေတုန်းကရော အဲ့လိုပဲလား ”
သီတာဦးက ဒေါ်လှလှချစ်အမေးကို ခေါင်းညိတ်ပြီးဖြေလိုက်သည် ။
” အမေလေ တစ်ခါတစ်လေ တစ်ယောက်တည်း ဝမ်းနည်းပြီး ငိုချင် ထိုင်ငိုနေမိတာ ၊ စိတ်ကလည်း အတက်အကျ မြန်နေတယ် ၊ အားငယ် စိတ်တွေလည်း ဝင်ဝင်နေတယ် ၊ သားနဲ့ သမီးက အမေ့ကို နားလည်ပေးပါနော် … ”
ကောင်းမြတ်ရော သီတာဦးရော ဒေါ်လှလှချစ်ကို ပြုံးလျက်ကြည့်ရင်း ခေါင်းညိတ်လိုက်ကြသည်။ ခုလို တရင်းတနှီးနှင့် ပွင့်လင်းစွာ စကားပြောတာဟာ ပထမဆုံးမို့ ဆက်ဆံရေးဟာ နွေးထွေးသွားသည်ဟု ထင်ရပါသည်။ သီတာဦးရင်ထဲမှာ အမျိုးအမည်မသိသော ကြည်နူးမှုတစ်မျိုး ဝင်ရောက်နေပါပြီ။
“အမေရေ ဒီအာလူးကြော်က နည်းနည်းငံနေတယ် ”
ထမင်းစားနေရင်း သီတာဦးက ပြောလိုက်တော့ ကောင်းမြတ်က အာလူးကြော်ကို မြည်းကြည့်ရင်း …
” နည်းနည်းငံတာ မဟုတ်ဘူး အမေ ၊ တော်တော်ငံတာ ၊ အမေ အငံလျှော့ဦးဗျ ”
ထိုအခါ ဒေါ်လှလှချစ်က အာလူးကြော်ကို မြည်းကြည့်သည်။
” ဟယ် ဟုတ်တယ်နော် ငံသွားတယ် ၊ အမေရယ် ဆားနှစ်ခါ မှားထည့်မိတာ ထင်တယ် ” ဟု ဝန်ခံလေတော့ သီတာဦးရော ကောင်းမြတ်ရော ရယ်မိကြသည်။
” နောက် ပေါ့ပေါ့ ချက်မယ်နော် ” ဟု ဒေါ်လှလှချစ်က ပြောလိုက်တော့ သီတာဦးက ကျေနပ်စွာပြုံးသည်။
” အမေရယ် ပိုက်ဆံလေး လက်ထဲ နည်းနည်းစုမိလို့ အတိုးချေးထားတယ် ၊ အဲ့ဒီ့ပိုက်ဆံလေး ပွားလာရင် ၊ သားနဲ့သမီး လိုတဲ့အခါ အမေ ပေးလို့ ရတယ်လေ ”
ဒေါ်လှလှချစ်စကားက ကောင်းမြတ်ကို အားတက်သွားစေသည်။ ထိုအခါ သီတာဦးရင်ထဲလည်း ကြည်နူး မိသွား၏။ ဒေါ်လှလှချစ်က သူမတို့ကို ဆက်ဆံပုံနွေးထွေးလာလေတော့ သီတာဦးကလည်း ပြန်လည်နွေးထွေးပေးလေသည် ။ သွေးဆုံးကိုင်ရောဂါ သက်သာအောင် ဆေးဝယ်ပေးသည်။ နွားနို့ဆိုေတာ့လည်း နွားနို့ဝယ်တိုက်သည်။ ကြက်ဥပုပ် စားရတယ် ဟု ဆိုပြန်တော့လည်း ကြက်ဥပုပ်ရှာပေးလေသည်။ ဆောင်ရန်ရှောင်ရန်လေးတွေကိုလည်း ဖုန်းထဲကနေ တကူးတကရှာဖတ်ပြီး ဒေါ်လှလှချစ်ကို ပြန်ပြောပြလေသည်။ ထိုအခါ နှစ်ဦးကြားဆက်ဆံရေးက ခိုင်မာစွာ နွေးထွေးလာသည် ။ သီတာဦးနှင့် ဒေါ်လှလှချစ်တို့ အဆင်ပြေကြတော့ ကောင်းမြတ်လည်း စိတ်ချမ်းသာရပါသည်။
” မလှချစ်ရယ် သမီးက သူ့အပေါ် ကောင်းရင် ပြန်ကောင်းပေးဖို့ ဝန်မလေးတဲ့ သူမျိုးပါ ၊ မင်း သူ့အပေါ် သမီးအရင်းလိုသာ ဆက်ဆံ ၊ မင်းလည်း ကျိန်းေ သေပါက်အမေအရင်းလို ပြန်ဆက်ဆံခံရလိမ့်မယ် ” ဟု ဦးအောင်မောင်းက ဒေါ်လှလှချစ်ကို ပြောလေသည်။
နောက်ပိုင်းတော့ သီတာဦးသည် ဒေါ်လှလှချစ်နှင့် ဆက်ဆံရာမှာ အားနာတာတွေ ၊ရှိန်တာတွေ မရှိတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံနိုင်လာသည်။ အမေရေ သမီးကတော့ ဘာကို မကြိုက်ဘူး ၊ ဘယ်လို ဘယ်အကြောင်း ဟု ဖွင့်ထုတ်လာသည့်အခါ ဒေါ်လှလှချစ်ကလည်း အဆင်ပြေအောင် ညှိပေးသည်။ တစ်ခါတစ်လေ ဒေါ်လှလှချစ်ကို မကြိုက်သည့် ကိစ္စတွေ ရှိလျှင် သီတာဦးက ကောင်းမြတ်ကနေ တဆင့် ပြောပြသည်။ ဥပမာ …
” ကို ရေ ၊ အမေက မုန့်စားပြီးရင် အမှိုက်ကို တန်းလွှင့်မပစ်ဘူး ၊ အမှိုက်ခွံကို ကြမ်းပြင်မှာ ဖြစ်သလို ချထားတယ် ” ဟု သီတာဦးက ကောင်းမြတ်ကို ပြောသည် ။ ထိုအခါ ကောင်းမြတ်က ကြားကနေ ပါးနပ်စွာဖြင့် …
” အမေရေ ၊ အမေကလည်း ကလေးကျနေတာပဲ ၊ ဒီမှာကြည့်ဦး မုန့်ခွံကို လွှင့်မပစ်ဘူး ၊ သားတို့ မွေးလာတဲ့ကလေးက အမေနဲ့တူရင်တော့ ဒုက္ခပါပဲ ” ဟု ပြောလိုက်သည်။ ဒေါ်လှလှချစ်သည် မြေးဟာ သူမနှင့်တူပြီး သူမလို စည်းကမ်းမရှိသူ ဖြစ်မှာ စိုးရိမ်ကြောင်း ပြောချင်သည့် ကောင်းမြတ်၏စကားကို နားလည်သွားသည် ။ ထိုအခါ သားဖြစ်သူ မကြိုက်တာကို ပြင်လာလေသည်။
တစ်ခါ ဒေါ်လှလှချစ်က …
” သားရေ ၊ သမီးက အပြင်စာ တွေပဲ စားနေတယ် ၊ အိမ်ထမင်းအိမ်ဟင်း သိပ်မစားဘူး ၊ အပိုတွေ ကုန်တာပေါ့ ” ဟု ပြောလျှင် ကောင်းမြတ်က သီတာဦးကို တဖန် နားချသည့်အခါ …
” သီတာရေ ၊ ကိုယ်တို့ နောက်ကျ အပြင်မှာစားတာတွေ လျှော့ရအောင် ၊ ကိုယ်တို့ ကလေးရလာရင် စုဆောင်းဖို့လိုတယ်လေ ၊ အမေက ဒီည သီတာ ကြိုက်တဲ့ ပုစွန် ချက်ထားမယ်လို့ပြောတယ် ” ဟု ပြောလိုက်သည်။ ထိုအခါ သီတာဦးလည်း ချွေတာဖို့ သတိရသွားသည်။ ထိုသို့ဖြင့် ကောင်းမြတ်က လိမ္မာပါးနပ်စွာဖြင့် အမေဖြစ်သူနှင့် မိန်းမဖြစ်သူကြား ကြားဝင်ပေးရသည်။ ထိုသို့ အဆင်ပြေအောင် ကြားကနေ စွမ်းဆောင်ပေးနိုင်တာကလည်း အရည်အချင်းဖြစ်ေလသည်။
” အမေရေ ၊ ဒီမှာ အမေသုံးဖို့ ၅ သိန်း ”
ဒေါ်တင်မာဝေက ၅ထောင်တန် ပိုက်ဆံအုပ် လေးကို ကြည့်ရင်း …
” သမီး ယောက္ခမ ကိုရော ပေးရဲ့လား ”
သီတာဦးက ပြုံးလိုက်သည်။
” ဟိုဘက်က အမေက ငွေတိုးချေးတဲ့ပိုက်ဆံနဲ့ အလုပ်ဖြစ်နေတယ်အမေရဲ့ ၊ ဟိုးအရင်လ တုန်းက ငွေထပ်ချပေးချင်လို့ ဆိုလို့ သမီး ၃ သိန်းပေးလိုက်တာ အဲ့ကတည်းက ထပ်မတောင်းတော့ဘူး ၊ ခုဆို အိမ်မှာလိုတာလည်း သူ့ဘာသာ ဝယ်ပြီး ဖြည့်တယ် ၊ တစ်ခါတစ်လေ သမီးတို့စားချင်တာတောင် ဝယ်ကျွေးသေးတာ ”
ထိုသို့ပြောလိုက်တော့ ဒေါ်တင်မာဝေက ပြုံးရင်း ခေါင်းလေးညိတ်နေလေသည် ။
” ကောင်းတာပေါ့ ၊ ခုမှပဲ အမေလည်း စိတ်ချမ်းသာတော့တယ် ”
” ဟုတ်တယ် အမေရဲ့ ၊ ခုဆို အိမ်မှာ ဘာလိုလဲ သမီးမပူရတော့ဘူး ၊ ခုနွေရာသီ အိမ်မှာရေခဲသေတ္တာရှိတော့ ရေခဲရေလည်း ရောင်းရတာ တွေ့တယ် ၊ အဲ့တော့ အိမ်စရိတ်က လည်ပတ်နေပြီလေ ၊ သမီးလည်း တစ်လ ၅ သိန်းလောက် စုဖြစ်နေပြီ ”
” ကောင်းတယ် ကောင်းတယ် ၊ စုထားကြ ၊ ရွှေလေး ဘာလေး လုပ်ဝတ် ၊ ဒီ့ထက်ပိုစုဆောင်းမိရင် မြေကွက်လေး ဘာလေးဝယ်ထားကြ ၊ ဒါနဲ့ ကိုအောင်မောင်းရော ဒီမှာပဲလား ”
သီတာဦးသည် ငါးထောင်တန်ပိုက်ဆံအုပ်လေးကို ဒေါ်တင်မာဝေအရှေ့က ပြန် ယူလိုက်ရင်း …
” ဟိုဘက်က အဖေက ရန်ကုန်တက်လိုက် ၊ ဒီပြန်ရောက်လာလိုက်နဲ့ပါပဲ ၊ အရင်လို အရက်တော့ အရမ်းမသောက်တော့ဘူး ၊ သမီးတို့ကို ကလေးယူတော့တဲ့လေ ၊ မြေးချီချင်ပြီတဲ့ ”
သီတာဦးက ပိုက်ဆံငါးသိန်းကို ဒေါ်တင်မာဝေ၏ လက်ထဲ တရိုတသေပြန် ပေးကာ ဦးချ ကန်တော့်လိုက်လေသည်။
” မိဘကို ပိုက်ဆံပေးရင် ရော့အင့်ဆိုပြီး ပေးတာထက် ကန်တော့်ပြီး ပေးရတယ်လို့ သမီးကြားဖူးတယ် ”
ဒေါ်တင်မာဝေက ပီတိအပြုံးလေး ပြုံးလေသည်။
” ငါ့သမီးလေး ဘေးအန္တရာယ်ကင်းပါစေ ၊ ကျန်းမာပါစေ ၊ လ င်သားနဲ့လည်း ေ သတဖန်သက်တဆုံး ပေါင်းဖက်ရပါစေ ၊ အလုပ်အကိုင်တွေလည်း အဆင်ပြေပါစေ ကွယ် ”
သီတာဦးသည် ဒေါ်တင်မာဝေ၏ အိမ်ကအပြန် သူငယ်ချင်းဖြစ်သူကို ဖုန်းလှမ်းဆက်လိုက်ေသးသည်။
” ငါ့မေတ္တာတွေ ရောင်ပြန်ဟပ်နေပြီ သိလား ” ဟု အားရဝမ်းသာ ပြောပြတော့ သူငယ်ချင်း ဖြစ်သူက သဘောတကျ ရယ်လေသည်။
” အေးပါ သီတာရယ် ၊ မေတ္တာ အစစ် မှန်ရင် အသွားအပြန် ရှိပါတယ်ဟ ၊ အချိန်တစ်ခုတော့ ပေးရတာပေါ့ ”
” အင်းလေ ၊ ငါနားလည်သွားပါပြီ ၊ ယောက္ခမဆိုတာ အမေအရင်းမဟုတ်လို့ ကိုယ့်အမေလောက်တော့ မေတ္တာ အပြည့်အဝမပေးပေမယ့် ကိုယ်ပေးသလောက် ပြန်ရရင်ပဲ ငါကျေနပ်ပါတယ် ”
သီတာဦးသည် အရင်အချိန်တွေကလို ယောက္ခမအိမ်ပြန်ဖို့ ဝန်မလေးမိတော့ပေ။ တစ်ခုခုဆို ဒေါ်လှလှချစ်ဆီ ဖုန်းဆက်ပြောဖို့လည်း မတွေဝေမိတော့ပေ။ ထိုအခါ နေရတာ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်လာလေသည်။
” သမီးရေ ၊ တားဆေးတွေ ဖျ က်တော့လေ ၊ အမေလည်း အသက် ၅၄ နှစ်ရှိပြီ ၊ အမေ မြေးချီနိုင်တုန်း ထိန်းနိုင်တုန်းလေး ကလေးယူကြပါတော့လား ”
ဒေါ်လှလှချစ်က ထိုသို့ ဆော်ဩတော့ ကောင်းမြတ်နှင့် သီတာဦးတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ပြုံးမိလိုက်ကြသည် ။
” ယူမှာပေါ့ အမေရဲ့ ၊ အမေ ကျွန်တော်တို့ကလေးကို အကြာကြီး ထိန်းပေးရဦးမှာ ၊ နှစ်ယောက် မွေးမှာနော် ၊ အမေ တစ်ယောက်တည်း နိုင်ပါ့မလား ”
” အမယ်လေး မွေးသာမွေးစမ်းပါ ဟယ် ၊ နိုင်အောင် ထိန်းစမ်းပါ့မယ် ”
ကောင်းမြတ်နှင့်သီတာဦးတို့က အားပါးတရရယ်မိကြလေသည် ။ ခုဆိုလျှင်ဖြင့် အိမ်ကလေးဟာ သာယာပျော်ရွှင်မှုအတိ။ အမေမဟုတ်သောယောက္ခမ၏ အိမ်မှာလည်း စစ်မှန်သောမေတ္တာပေးလျှင် စစ်မှန်သော မေတ္တာ ပြန်ရနိုင်ပါသည်။ ဘယ်လောက်ပဲ ဆိုးသွမ်းသည့်သူပင် ဆိုစေကာမူ မေတ္တာပေးလျှင် အေးချမ်းလာပါလိမ့်မည်။ မေတ္တာပေးလျက်နှင့်မှ အေးချမ်းမလာလျှင်တော့ ကိုယ့်အပြစ်မဟုတ်တော့ပါ။အဆိပ်အတောက်ဖြစ်ေစေသာ ထိုနေရာကနေ ကိုယ်တိုင်ပဲရုန်းထွက်လာခဲ့ဖို့သာ ရှိပါတော့သည်။
” ချွေးမနဲ့ယောက္ခမတည့်တယ် ဆိုတာ ခပ်ရှားရှား ၊ နင်တို့ ဘယ်လိုလုပ်ပြီး တည့်ကြသလဲ ” ဟု အကြောင်းမသိသူများက သီတာဦးကို မေးလာကြလျှင် သီတာဦးသည် ပြုံးလျက်သာ …
” ယောက္ခမဆိုတာ အမေမှမဟုတ်ဘဲ ၊ အမေအရင်းနဲ့တောင် အမြဲတည့်လို့လား ၊ ဒီတော့ သူ့အကြိုက် ကိုယ့်အကြိုက် ညှိနေရင် မတည့်နိုင်တာ မရှိပါဘူး ” ဟုသာ အကြံညာဏ်ပေးမိလေသည်။ ထိုသို့ဖြင့် ချွေးမနှင့်ယောက္ခမတို့၏ ဇာတ်လမ်း ဤနေရာ၌ တစ်ခန်းရပ်လေသည်။
၂၅.၆.၂၀၂၅
၁၂:၅၂
+
#JoJo
စောင့်မျှော် သည်းခံဖတ်ရှုပေးသူများအားလုံး ကျန်းမာလို့ စိတ်ချမ်းသာကြပါစေ ။