မြေမမြှုပ်ကြပါနှင့်

 မြေမမြှုပ်ကြပါနှင့်

-----------------

ဇာတ်လမ်းများထဲတွင် ဇာတ်နာအောင် လူကြမ်းက ရှေ့ပိုင်းတွင် မီးကုန် ယမ်းကုန် ကြမ်းပြ ရမ်းပြသည်။ မည်သို့ဆိုစေ နောက်ဆုံးတွင် ထိုလူကြမ်းမှာ အသေဆိုးနှင့် သေကြရသည်သာဖြစ်သည်။ အဓမ္မကို မည်သူမျှ လက်မခံ မနှစ်သက်သည့်သဘော။ အကယ်၍ လူကြမ်းကသာ အနိုင်ရသည်ဆိုငြားအံ့ ထိုဇာတ်လမ်းကို လူမကြိုက်။


ငယ်စဉ်က ရုပ်ရှင်မင်းသားကြီး ရွှေဘကားတွေကို အလွန်ကြိုက်သည်။ တစ်ကားမျှ မလွတ်အောင်ကြည့် သည်။ ကျွန်တော်မှတ်မိနေသည်မှာ ရွှေဘက မိန်းမလျာအသွင်ဖြင့် သရုပ်ဆောင်သောကားဖြစ်သည်။ ထိုဇာတ်ကားအမည်တော့ မမှတ်မိ။ ရွှေဘဆိုသော သီချင်းလေးကိုတော့ မှတ်မိနေသည်


“စက်လည်း ချုပ်တတ်တယ် … ဇာလည်း ထိုးတတ်တယ် … ပန်းလည်း ထိုးတတ်တယ်”


ရှေ့ပိုင်းတွင် ရွှေဘက အတော်လေး နှိပ်စက်ခံရသည်။ ပြည်သူချစ်သော ရွှေဘဖြစ်သောကြောင့် ရုပ်ရှင်ကြည့် ပရိသတ်တွေက အော်ကြသည်။ ပိတ်ကားကို ခဲတွေနှင့်ပေါက်ကြသည်။ ရုပ်ရှင်ရုံ မန်နေဂျာက ထွက်လာပြီး


“ရွှေဘ နောက်ပိုင်းမှာ ဆော်ပါလိမ့်မယ်ဗျာ … သည်းခံကြည့်ကြပါ … မကြာတော့ပါဘူး … ဆော်တော့မှာပါ” ဟု ထွက်ပြောရသည်။ 


နောက်ပိုင်းတွင် ရွှေဘက တကယ်ဆော်သည်။ ပရိသတ်တွေ မတ်တတ်ထကာ လက်ခုပ်တီးပြီး အားပေးကြသည်အထိ ဖြစ်ကုန်သည်။ 


“ထိုင်ကြပါ … ထိုင်ကြပါ” ဟု အော်ကြရပြန်သည်။ တစ်ခေတ်က ရုပ်ရှင်ကြည့်ရသည်ကို အမှတ်ရမိတော့ သည်။


ယုတ်မာမှု၊ ရိုင်းစိုင်းမှုတွေကို မည်သူမျှ မနှစ်သက်။

 

မိုက်ရိုင်း ယုတ်မာ ရက်စက်ကြမ်းတမ်းမှုသည် “အဓမ္မ” သာဖြစ်သည်။


“အဓမ္မ” ဆိုသည်မှာ အဘယ်နည်း


အဓမ္မဆိုသည်မှာ “မကောင်းသောတရား၊ မတရားခြင်း၊ တရားမဲ့ပြုခြင်း” များဖြစ်သည်။ “အတင်းဗလက္ကာရ ပြုခြင်း” မှာလည်း အဓမ္မသာဖြစ်သည်။

 

ဓမ္မသည် အဓမ္မနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။


ဆရာကြီး ဦးရွှေအောင်က 


“ဤလောက၌ အားချင်းပြိုင်ရာတွင် “အဓမ္မ” က နိုင်သည့် အခါလည်းရှိ၏။ “ဓမ္မ” က နိုင်သည့်အခါလည်း ရှိ၏။ “အဓမ္မ” က “ဓမ္မ” အပေါ် နိုင်ရခြင်းသည် ယာယီ အနိုင်ရခြင်းသာဖြစ်၏။ ထာဝစဉ် အနိုင်ရခြင်း မဟုတ်။ “အဓမ္မ” က ဓမ္မအပေါ် ထာဝစဉ် အနိုင်ရရိုး ဓမ္မတာလည်းမရှိ။ “ဓမ္မ” က “အဓမ္မ” အပေါ် အနိုင်ရခြင်းသည်သာ ထာဝစဉ် အနိုင်ရခြင်းဖြစ်၏။ “ဓမ္မ” ကသာ “အဓမ္မ” အပေါ် ထာဝစဉ် အနိုင်ရရိုး ဓမ္မတာရှိလေ၏” ဟု ဖွင့်ဆိုပြထားချက်မှာ မှတ်သားစရာဖြစ်ပါသည်။ (ဓမ္မပဒ၊ ဦးရွှေအောင်)


အမှားတွေကို အထပ်ထပ်ကျူးလွန်နေသည်။ မိမိမှားမှန်းလည်း မသိ။ မိမိပြုသမျှ လုပ်သမျှကို မှန်သည်ဟု ထင်နေသည်။ ထိုသူကား လူမိုက်စစ်စစ်ဖြစ်ကြောင်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း ဟောကြားခဲ့ ပါသည်။ (ဓမ္မပဒ၊ အပ္ပာမာဒဝဂ်)


လူတစ်ယောက်သည် အကျဘက်ကို ရောက်လာလျှင် ပိုပြီးဆိုးမိုက်၊ ပိုပြီး ယုတ်မာလာတတ်သည်။ နောက်ဆုံး အဝီစိသို့ ဆင်းရသည်ဆိုစေ အယုတ်မာဆုံးအလုပ်ကို ကျေနပ်စွာ လုပ်ပြီးမှ ဆင်းတတ်ကြ သည်။ သူတို့ အတွက် လမ်းကဆုံးနေပြီဖြစ်သောကြောင့် မထူးဇာတ်ခင်းသည့် သဘောဖြစ်သည်။ 


ဓမ္မနှင့် အဓမ္မတိုက်ပွဲတွင် အဓမ္မကိုထောက်ခံကာ ဓမ္မကိုဆန့်ကျင်သောသူများမှာ လူနည်းစုသာဖြစ်သည်။ 


အဘယ်ကြောင့်နည်း


သူတို့တွင် အခြားရွေးချယ်စရာ နည်းလမ်းမရှိ။ သူတို့လမ်းကို သူတို့ ပိတ်ထားပြီးဖြစ်သောကြောင့်ပင်။ ထို့ကြောင့် နောက်ပြန်လှည့်၍မရတော့။ အဓမ္မကိုလက်ခံလိုက်ပြီး အဓမ္မလမ်းစဉ်နောက်ကို လိုက်သည်နှင့် ပြန်လမ်းမရှိသူများ ဖြစ်သွားသည်။ အဓမ္မကို မနိုင်၊ နိုင်အောင် လုပ်မှ သူတို့အတွက် ထွက်ပေါက်တစ်ခုခုကို ရလိမ့်မည်ထင်ကာ ထိုအဓမ္မကိုပင် ဆက်လက်ထောက်ခံပြီး မိုက်တွင်းနက်နက် ဆက်တူးနေကြသည်။ 


ကျွန်တော်တို့သည် အဓမ္မကို မထုတ်ဖော်၊ ငြိမ်နေလျှင် ထိုအဓမ္မကို လက်ခံနေသလို ဖြစ်တတ်သည်။ ထို့ကြောင့် မည်သည့် အဓမ္မလုပ်ရပ်မဆို လက်မခံနိုင်ကြောင်း၊ မကျေနပ်ကြောင်း၊ မဟုတ်ကြောင်း၊ မမှန် ကြောင်း ထုတ်ဖော်နေရန် အရေးကြီးသည်။


အဓမ္မကို အချို့ကလည်း မြေမြှုပ်သင်္ဂြိုဟ်လိုက်လျှင် ကိစ္စပြီးပြီဟု ထင်ကြသည်။

မထင်ပါနှင့်


မြေမြှုပ်လိုက်တိုင်း အဓမ္မသည် မသေသွား၊ မကွယ်ပျောက်သွားပါ။ မြေကြီးထဲတွင် ကိန်းဝပ်နေသည့် ထိုအဓမ္မသည် အချိန်မရွေး အပင်တစ်ပင်၊ နွယ်တစ်ပင်အဖြစ် ထွက်လာပြီး ဖျက်ဆီးဝါးမျိုလိုက်နိုင်သည်။ တစ်နွယ်ငင်၊ တစ်စင်ပါဆိုသလို ဖြစ်လာတတ်သည်။ ထို့ကြောင့် အဓမ္မကို မပေါက်နိုင်စေရန် ချေမှုန်း ဖျက်ဆီးနိုင်အောင် ကြိုးစားရမည်သာဖြစ်သည်။ 


အဓမ္မတွေကို တိုက်ဖျက် ချေမှုန်းရန် ဓမ္မတွေစည်းလုံး ညီညွတ်ရမည်။ 


အဘယ်ကြောင့်နည်း


“အနာဂတ်မျိုးဆက်သစ်တို့အတွက်” ဖြစ်သည်။


အနာဂတ်တွင် အဓမ္မတို့ မလွှမ်းမိုးမှ ဓမ္မ၏ ချိုမြိန်သော အရသာကို နောင်လာနောက်သားတွေ သောက်သုံး ခံစားနိုင်မည်။ 


ကလေးတွေသည် ကျွန်တော်တို့ အနာဂတ်ဖြစ်သည်။ မျိုးဆက်သစ်တို့သည် ကျွန်တော်တို့၏ မျှော်လင့်ချက်ဖြစ်သည်။ 


ကျောင်းတွေသည် အနာဂတ်၏ ရေခံမြေခံကောင်းများကို ပျိုးထောင်မွေးထုတ်ရာ နေရာဖြစ်ရမည်။


အဓမ္မတရားတွေ ပတ်လည်ဝိုင်းနေသော လူ့ဘောင်တွင် “ဓမ္မ” နှင့် “အဓမ္မ” တို့ကို ကိုယ်ကျင့်တရား စံတစ်ခု အနေဖြင့် ကလေးတွေကို နှိုင်းယှဉ်ကာ ပြနိုင်၊ ပြောနိုင်ရမည်၊ သင်နိုင်ရမည်။ အဓမ္မ၏ မကောင်းပုံ များကို ကွက်ကွက်ကွင်းကွင်း ထောက်ပြနိုင်ရမည်။


ဆရာတွေ ဆရာမတွေ ကိုယ်တိုင်က “အဓမ္မဘက်တော်သား” တွေဖြစ်နေလျှင် ကျွန်တော်တို့ အနာဂတ် အရေးမှာ တွေးစရာပင်မရှိ။


အာနက်စ်တို ချေဂွေဗားရား၏ စကားတစ်ခွန်းကို ကိုးကားချင်သည်


“အဓမ္မလုပ်ရပ်တိုင်းအပေါ်တွင် နာကျည်းဒေါသထွက်ကာ၊ တုန်လှုပ်သူမှန်လျှင် သင်သည် ကျွန်ုပ်၏ ရဲဘော်ရဲဘက်ဖြစ်သည်”


တင်ညွန့်


၁၅.၁၂.၂၀၂၁