ဖက်ဆွဲ(စ/ဆုံး)

 ဖက်ဆွဲ(စ/ဆုံး)


လမ်းထိပ်က ခေါက်ဆွဲဆိုင်ထဲခြေအချမှာ


“ကြက် ဆွဲ တစ် ရပြီ´´လို့ စားပွဲထိုးကောင်လေးတစ်ယောက်ရဲ့ အော်သံကိုကြားလိုက်ရတယ်။လမ်းနဲ့အနီးဆုံး စားပွဲမှာ ကျမထိုင်လိုက်ပေမဲ့ ကျမမျက်လုံးတွေက ဆိုင်ထဲကို ရောက်နေပါတယ်။


တိတိကျကျပြောရရင် ဆိုင်ထဲက တိုင်တစ်လုံးကို ကျောမှီရပ်နေတဲ့ ဦးလေးကြီးတစ်ယောက်ဆီ ကျမမျက်လုံးတွေသွားဆုံနေပါတယ်။အဲဒီ ဦးလေးက ပခုံးပေါ် မျက်နှာသုတ်ပဝါအသေးလေးတစ်ထည်တင်ပြီး ဦးခေါင်းမှာ ထန်းဖူးဦးထုပ်လေးခပ်ငိုက်ငိုက်ဆောင်းထားသလို ဘေးတိုက်အနေထားမို့ မျက်နှာတော့ သိပ်မမြင်ရပါဘူး။ဒါပေမဲ့ ဦးလေးကြီးနာမည်မသိပေမဲ့ ဦးလေးကြီးကိုတော့ ကျမသိပါတယ်။


“ဒီနေ့ ကျုပ်သမီးကြီးဘွဲ့ယူတာမို့ မနက်ကကျုပ်မလာနိုင်တာ….မခင်သိန်းရဲ့။ ကျုပ်ကဘွဲ့ယူမလိုက်တော့ဘူးပြောတာကို သမီးကြီးက အဖေမပါရင် သူလည်းမသွားတော့ဘူးလုပ်လို့။ခန်းမထဲမှာ ကမ္ဘာမကြေတီးလုံးသံနဲ့

ဘွဲ့ဝတ်စုံတွေ ဝတ်ထားတဲ့ ဆရာဆရာမကြီးတွေလမ်းလျှောက်လာတာများ သိပ်ကြည့်ကောင်းဗျာ။ကျုပ်တစ်သက် အဲဒီခန်းမကြီးထဲ ဝင်ရလိမ့်မယ်လို့ စိတ်ကူးမယဥ်ရဲခဲ့ဘူး။ဒီနေ့မနက်က မခင်သိန်း မြင်လိုက်တယ်မဟုတ်လား။ဘွဲ့ဝတ်စုံနဲ့ ကျုပ်သမီးကြီးလေ အချောဗျ။ကျုပ်လို လေးတန်းအောင် ဆိုက်ကားသမားတစ်ယောက်ရဲ့ သမီးလို့မထင်ရဘူးမဟုတ်လား။ ဪ…နောက်နေ့ ကျုပ်ပဲ မီးသွေးလာပို့မှာနော်´´


ဦးလေးကြီးက အာပေါင်အာရင်းသန်သန်နဲ့ အပြောကို ငွေရှင်းကောင်တာမှာထိုင်နေတဲ့ ဆိုင်ပိုင်ရှင်အစ်မကြီးဒေါ်ခင်သိန်းက ပြုံးပြီးနားထောင်နေတယ်။ ဝတ်ရုံတော်ကြိုးသီချင်းနဲ့ ခန်းမထဲဖြည်းညင်းစွာဝင်လာတဲ့ ပါမောက္ခချုပ်နဲ့ ဆရာကြီးဆရာမကြီးတွေထက် ဘေးတိုက်အတန်းမှာရှိနေတဲ့ ကျမဆီဘဲ ပြုံးကြည့်နေတဲ့အဖေ့မျက်လုံးတွေရှိနေခဲ့တာ ကျမတွေ့ခဲ့ရတယ်။အဲဒီအချိန်တုန်းက အဖေ့ခံစားချက် ဦးလေးကြီးလိုပဲ ဖြစ်ခဲ့မှာပါ။လူပုံစံထက် အဲ့ဒီဦးလေးကြီးနှုတ်ကထွက်ကျလာတဲ့ စကားသံတွေကြောင့်လည်း ကျမ မျက်လုံးအကြည့်က ဦးလေးကြီးဆီမှာရှိနေခဲ့တာပါ။


ဦးလေးကြီးက ဈေးနားက မီးသွေးဆိုင်ဘေးမှာ သူ့ဆိုက်ကားကိုဂိတ်ထိုးထားတယ်။ တစ်ခါတစ်ရံ မီးသွေးအရိုင်းအိတ်ကြီးတွေကို တစ်ယောက်တည်း မနိုင်မနင်းမပြီး သူ့ဆိုက်ကားနဲ့နဲ့လေးပေါ်တင်ကာ ရပ်ကွက်အနီးအနားကဝယ်သူတွေဆီ လိုက်ပို့ပေးတဲ့ delivery service လည်းလုပ်တယ်။အများအားဖြင့်တော့ ဈေးဝယ်သူ အန်တီကြီးတွေကို လိုရာခရီးပို့ဆောင်ပေးတာပေါ့။ ဦးလေးကြီးဆိုက်ကားကို တစ်ခါမှ မစီးဖူးပေမဲ့ အမေ့ကိုဈေးလိုက်ပို့ရင် ဦးလေးကြီးနဲ့မလှမ်းမကမ်းက နေရာလွတ်မှာ ကျမက ဆိုင်ကယ်စောင့်ရင်းကျန်ရစ်တတ်တာလေ။ဒါကြောင့် ဦးလေးကြီးကို ကျမသိတယ်။


တစ်ခါက ပိဿာ၃၀ကြက်သွန်နီအိတ်ကြီးကို ပခုံးမှနောက်ကျောပြင်ထိ ခပ်လျောလျောထမ်းပြီး ဆိုက်ကားဆီလာတဲ့ဦးလေးကြီးပုံစံက အဖေ့ကိုသတိရသွားစေတယ်။လက်တစ်ဖက် ခါးထောက်အနေအထားနဲ့ တရွေ့ရွေ့လျှောက်လာတဲ့ပုံစံက ကားကြီးတွေပေါ်ကနေ မြေပြင်ထိ လျှောစောက်ပုံစံ တံတားထိုးထားတဲ့သစ်သားပြားကနေ ဆန်အိတ်ထမ်းချလာတဲ့အဖေ့ပုံစံမျိုးပါပဲ။အဲဒီကတည်းက ဦးလေးကြီးကို ကျမသတိထားဖြစ်သွားတာပါ။


ကျမတို့အဖေလည်း ကျမတို့ ဘွဲ့ရတဲ့အထိ ကုန်ထမ်းပြီး ပံ့ပိုးပေးခဲ့တာ။ ကျမတို့တစ်လှည့်လုပ်ကျွေးတော့မယ်လို့အားခဲခဲ့ပေမဲ့ အဖေမရှိတော့ဘူး။


ဦးလေးကြီးက ခေါက်ဆွဲထုတ်လေးကို လက်ကဆွဲပြီး လေလေးတချွန်ချွန်နဲ့ ကျမတို့ဘေးက ထွက်သွားတယ်။

ဪ …အဲ့လိုပဲ လေလေးချွန်ပြီး အဖေအိမ်ကိုပြန်လာ

တဲ့နေ့ကလည်း လက်ထဲမှာ ဖက်နဲ့ထုတ်ထားတဲ့ခေါက်ဆွဲကြော်လေးပါလာခဲ့တာပဲ။ ဖက်ရွက်နံ့လေး စိမ့်ဝင်နေတဲ့ ခေါက်ဆွဲကြော်ပူပူလေးကို သယ်လာပေးတဲ့ အဖေရဲ့ပုံစံကို ကျမမျက်လုံးထဲက မထွက်ဘူး။အဲဒီနေ့က ကျမတို့မိသားစုရဲ့ နောက်ဆုံးထမင်းဝိုင်းလေးဖြစ်ခဲ့တယ်။


အဖေဝယ်ကျွေးတဲ့ ဖက်ထုပ် ခေါက်ဆွဲ ကြော်လေးမှာ မေ့မရတဲ့ အနံ့အရသာရှိပါတယ် ။ အဲဒီတစ်နေ့က မိုးရွာနေတာလား၊ နေပူနေတာလား… ၊ပြီးတော့ ခေါက်ဆွဲရဲ့အရသာထက် အဖေ ရဲ့ဂရုစိုက်မှုကို ပိုခံစားရတဲ့ အရသာကို မမေ့နိုင်တာပါ။ ကျေးဇူးပါ အဖေ… အမှတ်တရလေးတွေကို ပြန်သတိရခိုက်မှာ ပျော်ရွှင်ရပါတယ်။


အဖေမရှိတော့တဲ့အချိန်ဟာ ဘယ်လောက် ကြာကြာပဲ ဖြစ်ဖြစ်၊ ဒီနာကျင်မှုက နက်ရှိုင်းစွာ ခံစား ရပါတယ်။

အဖေရဲ့အမှတ်တရတွေကို သတိရနေတဲ့အချိန် မှာ အဖေရဲ့ပျော်ရွှင်တဲ့မျက်နှာ၊ ဂရုစိုက်တဲ့အပြုံး၊ ကျမတို့နဲ့အတူရှိခဲ့တဲ့အချိန်တွေက စိတ်ထဲအသက်ဝင်နေတုန်းပါပဲ။ “ပူတုန်းလေး စားမယ်ဟေ့´´လို့ သားသမီးတွေကြားအောင် အော်သံပေးရင်းဖက်ထဲကခေါက်ဆွဲကြော်ကို ပန်းကန်ထဲပြောင်းထည့်လိုက်တဲ့ အဖေရဲ့လက်က ကျမတို့အတွက် ချစ်ခြင်းမေတ္တာကို ဖော်ပြနေတယ်ဆိုတာ ကျမသိပါတယ်။


ဒီနေ့ဆိုင်ကနေ ခေါက်ဆွဲကြော်ဝယ်စားဖြစ်တယ်။ အဖေ ဝယ်နေကျ ဆိုင်ဖြစ်ပေမဲ့ အဖေဝယ်ကျွေးတဲ့ အရသာနဲ့ မတူသလိုပါပဲ။ဘယ်ဆိုင် ကခေါက်ဆွဲကြော်ပဲဖြစ်ဖြစ်၊ အဖေဝယ်လာပေး တဲ့ ဖက်ထုပ်လေးရဲ့အရသာကို တစ်ထပ်တည်းကျ လာနိုင်မှာ မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီခေါက်ဆွဲထဲမှာ ထည့်ထားတဲ့ ပါဝင်ပစ္စည်းတွေ ထက်. “အဖေရဲ့ ဂရုစိုက်မှု” ဆိုတဲ့ ထပ်မရနိုင် တော့တဲ့ မပါဝင်ပစ္စည်းလေးက ပါဝင်နေလို့ပါပဲ။


မိသားစု ဆိုတဲ့ အရာဟာ တစ်ယောက်နဲ့တစ်ယောက် ဆက် သွယ်နေတဲ့ ချိတ်ဆက်မှုတွေ၊ အတူရှိနေတဲ့ အချိန် တွေနဲ့ ဖြစ်တာမို့လား။ တစ်ယောက်ယောက် မရှိတော့ တဲ့အခါ၊ ကျန်ရစ်ခဲ့တဲ့လူတွေမှာ ချို့ယွင်းသွားသလို ခံစားရတတ်ပါတယ်။လစ်ဟာသွားသလိုခံစားရတတ်ပါတယ်။


အိမ်ထဲက ရယ်သံတွေ လျော့သွားတာ၊ စကားသံတွေ နည်းသွားတာဟာ စည်းလုံးမှုရဲ့ နွေးထွေးမှုကို ဆုံးရှုံး သွားသလို ခံစားရစေတယ်။ ဒါပေမယ့်… မိသားစု ဆိုတာ အတူတူရှိနေခဲ့တဲ့အချိန်နဲ့ချည်းတော့ ဖွဲ့စည်းထားတာမှ မဟုတ်တာ။ အနားနားမရှိတော့ရင်တောင် အမှတ်တရတွေထဲမှာ ပါနေဆဲ၊ ချစ်ခြင်းမေတ္တာတွေထဲမှာ ဆက်လက်ရှိနေဆဲ ပါ။


အမှတ်တရတွေကို ကျမတို့သိမ်းထားသရွေ့၊ ရယ်သံတွေဟာ လုံးဝပျောက်ကွယ်သွားတာ မဟုတ်ဘဲ… ကျမတို့ရင်ထဲမှာ ရှင်သန်နေတုန်းပါ။


အချိန်တွေ ဘယ်လောက်ပဲကြာကြာ… အဖေချန်ရစ်ခဲ့တဲ့ နွေးထွေးမှုတွေက ကျမတို့ဘဝထဲမှာ အသက်ဝင်နေမှာတော့ အသေချာပါပဲ…။


ခင်ဦ