မီးနေသည်မ(စ/ဆုံး)

 မီးနေသည်မ(စ/ဆုံး)

——————–


သာယာလှတဲ့မြိုင်သာယာရွာလေးမှာ ရွာသူရွာသားများသည် ရိုးသားအေးဆေးစွာ

ဘာသာတရားကိုင်းရှိုင်းမှုနဲ့အတူ အေးချမ်းစွာနေထိုင်နေကြလျှက်ရှိလေသည်။

တစ်ကောင်ကြွက် မိမရှိ ဖမရှိ ကိုသာဝတစ်ယောက် ဘုန်းကြီးကျောင်းမှာကပ်နေရင်းနဲ့

အရွယ်ရောက်လာသဖြင့် ရွာထဲမှ လယ်ရှင်ကြေးရှင်းတွေရဲ့လယ်တွေမှာ

သူရင်းငှားအဖြစ်ဆရာတော်ရဲ့အကူညီနဲ့ အလုပ်ပင်လုပ်နေရသော

လူငယ်တစ်ယောက်ပင်ဖြစ်လာချေပြီ။

” ဟေ့ကောင် သာဝငေးလှချည်လားဟ ”

” ဟာ ချက်စူရာမင်းကလဲ ”

” မင်းကြည့်နေတာ ငါသိပါတယ်ကွာ “ဟုပြောပြောဆိုဆို ချက်စူရဲ့မျက်လုံးက

ကောက်စိုက်နေကြသော လယ်သူမလေးများဆီသို့ရောက်ရှိသွားလေသည်။

ထိုအထဲမှ အသားညိုညို ပါးကွက်ကြားလေးနဲ့ မိန်းကလေးတစ်ယောက်ကို

သာဝကြည့်နေခြင်းကို အသိပေးလိုက်လေသည်။

အသားညိုညို အသက် ၂၀ ကျော်အရွယ်မိန်းခလေးတစ်ယောက်မှာ

မည်သူကိုမျှ မကြည့်အားပဲ ကောက်စိုက်လျှက်ရှိနေသည်။

” ဟဲ့ ဂျမ်းဘုံ နင့်ကို ကိုသာဝကြည့်နေတာ မျက်စိကျွတ်ကျမတတ်နော် ”

” ဟွန်း မအေးမြနော် ”

” အံမာ ညည်းကရော စိတ်မဝင်စားလို့လားအေ့ ”

” အမလေး အစ်မရယ် ဂျမ်းဘုံတို့က တစ်နေ့လုပ်မှတစ်နေ့စားရတာပါနော်

အာ့မျိုးတွေစိတ်မစားပေါင်တော် ”

” ညည်းလဲ မိဘ ရှိတာမဟုတ် ဟိုကလဲမိဘရှိတာမဟုတ်တော့ ငါတို့ကသဘောတူတယ်အေ ”

” အစ်မနော် ဟွန်းး ”

” အစ်မနော်မနေနဲ့အေ့ အလံမရှိတဲ့ ရထား

တံခွန်မရှိတဲ့ဘုရား ၊ လင်မရှိတဲ့မိန်းမ မတင့်တယ်ဘူးတဲ့နော် ”

” ကဲပါ အစ်မရယ် စိုက်စိုက် နေပူလာပြီနော် ”

” အေးပါအေ အေးပါ ”

နေလဲအတော်မြင့်တော့ ကောက်စိုက်သမများထမင်းစားနားကြလေပြီ။

သူတို့ထမင်းစားနားနေတဲ့နေရာနား မယောင်မလည်နဲ့ ကိုသာဝတစ်ယောက်

ရစ်သီရစ်သီလုပ်နေလေရာ

” ကိုသာဝ ထမင်းစားပါဦးလားတော့ ”

” စားပါဗျာ စားပါ ”

” ဒါဖြင့် ဘာလာလုပ်နေတာတုန်း ”

” ဟိုလေ ဟို ပေါက်တူးဘယ်နားထားမိမှန်မသ်ိလို့ပါ ”

” ဟားဟား ဟားး ဟီးဟီးး ”

လယ်သူမတစ်အုပ်လုံးဝိုင်းရီကြသဖြင့် ကိုသာဝလဲ ရှက်ရှက်ဖြင့်ထွက်သွားလေတော့သည်။

ဒီလိုနဲ့ အပျိုတစ်သိုက်နဲ့ကာလသားတစ်သိုက်၏စောင်မ ပံ့ပိုးမှုကြောင့်

ကိုသာဝနဲ့ဂျမ်းဘုံတို့လူငယ်သဘာဝချစ်ကြိုက်မိလေကြတော့သည်။

ထိုအကြောင်းကိုရွာလူကြီးများသိသွားသောအခါ သူတို့၂ယောက်အား မေးစမ်း၍

ဆရာတော်ကျောင်းတွင်မင်္ဂလာဆွမ်းကပ်ပီးပေးစားလိုက်ကာ မွေးစားသားကို

ဆရာတော်မှ လယ်၂ကွက်ဝယ်၍လုပ်ကိုင်စားသောက်ရန်စွန့်ကြဲလေသည်။

ရွာလူကြီးမှလည်း တမာပင်တန်းနားက နေရာလေးမှာသာဝတို့လင်မယားနေထိုင်နိူင်ရန်

ရွာကာလသားများကိုတာဝန်ပေး၍ တဲအိမ်လေးဆောက်ကာပေးလေသည်။

လင်မယား၂ယောက် ညားကာစမို့ပျော်၍မဆုံးတပြုံးပြုံးပင်။

ကိုသာဝတစ်ယောက် ကိုယ်ပိုင်လယ်လေးနဲ့

ဆိုပေမဲ့ အားရင် ဖားရှာ ငါးရှာလုပ်သဖြင့်ပြေလည်ကြလေသည်။


ရက်တွေ လပြောင်း

လတွေ ကြာလာတော့ ဂျမ်းဘုံတစ်ယောက်

သားဦးကိုယ်ဝန်လေးပင်ရလာလေတော့သည်။

“ညီမ ရေတွေဆွဲမနေနဲ့လေ အစ်ကိုလုပ်ပါ့မယ် ”

” ရပါသေးတယ် အစ်ကိုရယ် ”

” ဟာ မလုပ်နဲ့မလုပ်နဲ့ အစ်ကိုပဲလုပ်မယ် ”

” ဒါဆိုလဲ ပီးရောတော် ”

ကိုယ်ဝန်ရခါစထဲက မိန်းမကိုဘာမှမလုပ်ခိုင်းတော့ပေ။

၉ လ လွယ်ဆယ် ၁၀ လဖွားပေမို့ တစ်လပီးတစ်လ ကုန်လွန်လာရာ မွေးဖို့အချိန်ပင်

သိပ်မလိုတော့ပြီ။

တန်ဆောင်မုန်းလပြည့်နေ့ည ၁၀ နာရီ

” အမေ အမေ အားးးးးဗိုက်နာလိုက်တာ ”

” အစ်ကို အစ်ကို အရီးဒွေးလှကိုခေါ်ပေးပါ ”

” အေးညီမ အစ်ကိုအခုသွားခေါ်ပေးမယ်

အားတင်းထားနော် ”

ကိုသာဝရွာထဲသို့ပြေးအသွား ဘေးနားမှလူရ်ိပ်တစ်ရိပ်ဖြတ်ခနဲ့ ဝင်တိုက်လိုက်သလိုမျိုး

လှည့်ကြည့်တော့လဲ ဘာမှမရှိ။ ဒါနဲ့ဆက်ပြေးလေသည်။

” အရီး အရီး ”

” ဟဲ့ ဘယ်သူတုန်း ညကြီးမင်းကြီး ”

” ကျွန်တော်ပါ အရီးဒွေးလှ သာဝပါဗျ ”

” ဟဲ့အေး ဘာတုန်း နင့်မိန်းမ ဗိုက်နာနေပြီလား ”

” ဟုတ်ကဲ့ အရီးအာ့လာခေါ်တာ မြန်မြန်လေးလုပ်ပါအရီးရယ် ”

” ဟဲ့အကောင် ငါမွေးပေးလာတာအံတိုနေပြီ

အားလုံးနင့်လိုတွေချည်းပဲ ”

ပြောပြောဆိုဆိုအရီးဒွေးလှ လိုက်လာလေတော့သည်။

” အားးး အမေ အမေရေ ”

” ညှစ်ထားသမီး ညှစ်ထား အားမလျှော့နဲ့ ”

” မရဘူး အရီးရယ် မရဘူးထင်တယ် နော် အီးဟီးဟီး ”

” ဒီလိုပဲကွဲ့ စိတ်မလျှော့နဲ့သမီးလေး ညှစ် ညှစ် ”

” ဟုတ်ပီး ဟုတ်ပီ ထွက်တော့မယ် အားတင်းထား ”

” အီးးအင်းအင်းးးးးအမလေးနော် ”

” အူဝဲ အူဝဲ ”

” မွေးပြီဟေ့ မွေးပြီ ”

” ဘာလေးလဲ အရီး ဘာလေးလဲဟင် ”

” ယောကျာင်္းလေးဟေ့ ယောကျာင်္းလေး ”

” ဟဲ့အကောင်ဝင်မလာနဲ့ဦး သွားသွား တယ်ခက်တာပဲ ”

” အရီး သားလေးကချောလားဟင် ”

” အေးကွဲ့ သမီးရဲ့ ”

” အင်းးးအင်းးး ”

” ဟဲ့ ဂျမ်းဘုံ ဂျမ်းဘုံ ”

” သတိထားလေ သမီး သတိထား ”

” ဟင် ကိုယ်ကျိုးတော့နည်းပြီထင်ပါရဲ့ ”

” သမီး သမီး “

“ဟဲ့ လာကြပါဦး လာကြပဦးဟဲ့ ”

” အရီး အရီး ဘာဖြစ်လို့လဲဗျ ”

ဝရုန်းသုန်းကား အိမ်ပေါ်ပြေးတက်လာတဲ့ ကိုသာဝရဲ့မေးသံနဲ့အတူ

” မောင်သာဝရေ မင့်မိန်းမ ဆုံးဘီကွယ် ”

“ဗျာ ”

” ဂျမ်းဘုံ ဂျမ်းဘုံ ညီမရယ် အစ်ကို့ကိုပစ်ထားခဲ့ပြီလားကွာ အီးဟီးဟီးးးး ”

” ကဲ မောင်သာဝရေ တရားနဲ့သာဖြေပါ လူလေးရယ် ”

” ဟိုမှာ ရွာလူကြီးတွေလဲလာနေပြီ ”

” ကျွန်တော်ဘယ်လိုဖြေရမှာလဲ အရီးရယ် ”

ထိုစဉ်ရွာလူကြီးမှ

” မောင်သာဝရေ ယောကျာင်္းဖောင်စီး မိန်းမ မီးနေတဲ့ကွ ”

” တို့များ ဘယ်တတ်နိူင်တော့မလဲကွာ ”

” လုပ်ဆောင်ဖွယ်ကိစ္စတွေကိုပဲ ဆက်လုပ်ကြစို့ ငါ့တူရီး ”

သေသည့်ညမှစ၍ ဂျမ်းဘုံအလောင်းနားမှ ကိုသာဝမခွာတော့ပါလေ။

ရွာရှိလူငယ်များအားလုံး နာရေးကိုဝိုင်းဝန်းလုပ်ဆောင်နေကြပါသော်လည်း

ကိုသာဝတစ်ချက်လေးမျှပင်စောင်းငဲ့မကြည်ချေ။

၃ ရက်မြောက်နေ့

” ကဲ ဂျမ်းဘုံနဲ့ကလေးကိုလိပ်ပြာခွဲမယ် ”

” မြရင်တို့ ထွေးညိုတို့ လာကြဟေ့ ”

ရွာမှအသက်ကြီးဆုံးအဖွားစော စကားကြောင့်

ဘေးလူများပါစိတ်ဝင်တစား လာကြည့်ကြလေသည်။

ဂျမ်းဘုံနဲ့ မမြရင်တို့ ၂ယောက်ကြား ချိန်ခွင်လေးတစ်ခုချထားသည်က

လူအများကိုပို၍စိတ်ဝင်စားစေသည်ထင်။

တိတ်ဆိတ်ငြိမ်သက်နေသည် အိမ်လေးထဲမှာ

ငြိမ်သက်မှုကိုဖြိုခွင်းလိုက်သည်က မမြရင်

” ကဲ ဂျမ်းဘုံ ညီမလေး ညီမလေးရဲ့သားလေးကို အစ်မထိန်းသိမ်းစောင့်ရှောက်ပါ့မယ် ”

” ဒါကြောင့် အစ်မကိုပေးဖို့သဘောတူတယ်ဆိုရင် အစ်မဖက်ကိုချိန်ခွင်အလေးသာပေးနော် ”

မမြရင် စကားသံအဆုံး၌ ချိန်ခွင်လျှာသည် မမြရင်ဖက်ကို နဲနဲလေးအစွန်းထွက်လာကာ

ဆတ်ခနဲ အလောင်းဖက်သို့ စောင်းကျသွားလေသည်။

” ဟာ ”

လူအုပ်ကြီးမှဝိုင်း၍အော်လိုက်သောအသံကြောင့် လာကြည့်နေသော ကလေးများပင်

မိဘဆီသို့ကြောက်လန့်တကြားပြေးသွားကြလေတော့သည်။

” အမလေး ဂျမ်းပုံရယ်အစ်မနဲ့တောင် စိတ်မချဘူးလားညီမရယ် အီးဟီးဟီးးးးးး ”

“ကဲ သမီးမြရင် နောက်ဆုတ်တော့ ”

” သမီးထွေးညို ရှေ့တို့ကွဲ့ ”

ထွေးညိရှေ့ရောက်လာပီး တောင်းရာ အလောင်းဖက်သို့ပင် ချိန်ခွင်စောင်းလေသည်။

” ကဲ နောက်ဆုံး မောင်သာဝလာဟေ့ ”

ကိုသာဝလဲ ဂျမ်းဘုံအနားကိုလာပီး

” ညီမရယ် သားလေးကို အစ်ကိုနဲ့စိတ်ချနော် ”

” အစ်ကိုပြုစုပျိုးထောင်ပါ့မယ် ”

” ညီမလဲစိတ်ဖြောင့်ဖြောင့်နဲ့သွားတော့နော် ”

” အစ်ကို့ကို ယုံတယ်မဟုတ်လားဟင် ”

ကိုသာဝ ကလေးတောင်းနေသည်မှာ လွန်စွာဝမ်းနည်းစရာကောင်းလှသဖြင့်

ဝိုင်းကြည့်နေကြသော ရွာသူရွာသားများမှာ မျက်ရည် မဆည်နိူင်ဖြစ်နေရပေသည်။

ချိန်ခွင်လျှာမှာစောနကလိုမဟုတ် လှုပ်ရမ်းနေသဖြင့်

” အစ်ကို့ဖက်သာ အလေးသာလိုက်ပါတော့ညီမရယ် ”

ချိန်ခွင်လျှာမှာ ကိုသာဝဖက်ကိုရောက်မလို ရောက်မလိုနဲ့ နောက်ဆုံးဂျမ်းဘုံအလောင်းဆီသို့သာ စောင်းကျသွားသဖြင့်

အဖွားစောသည် ထိုင်ရာမှထကာ

” သတ္တဝါတစ်ခု ကံတစ်ခုပေါ့လေ ”

ဆိုပီးအိမ်ပေါ်မှ မျက်ရည်ဝဲကာဆင်းသွားလေတော့သည်။

” ဟင် လုပ်ကြပါဦး လုပ်ကြပါဦး ”

ကလေးချီလိုက်သောထွေးညိုအသံကြောင့်

” ဘာဖြစ်တာလဲဟ အလန့်တကြား ”

” ဒီမှာ ကလေးကပြာနှမ်းလာပီး အသားတွေအေးစက်နေလို့တော့ ”

” သား သားလေး သားလေး ”

ကိုသာဝမှာ ထွေးညိုဆီမှ ကလေးကိုလှမ်းပွေ့လိုက်သော်လည်း ကလေးမှာငြိမ်သက်လျှက် ခဏတာရောက်လာသော လောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားလေပြီ။

ကိုသာဝတစ်ယောက်မှာလဲ အရူးမီးဝိုင်းသည့်နှယ် မယားရော သားပါဆုံးပါးသဖြင့်

ဘေးလူများဆွဲမနိူင်အောင် မဏ္ဏပ်စင်ကို ခေါင်းနဲ့ပြေးဆောင့်နေလေသည်။

အံကိုကြိတ်လျှက် လက်သီးဆုပ်ကာ ရင်ဖတ်ကြီးက ဖားဖိုသဖွယ် နိမ့်လိုက်မြင့်လိုက်ဖြင့်

မြင်ရသူအပေါင်း ရဲ့စိတ်ဝယ် ကိုသာဝတစ်ယောက် ဘီလူးစီးနေသည့်နှယ်ပင်။

ရွာရဲ့ထုံးစံအတိုင်း မိခင်ရောကလေးအလောင်းပါရော၍ မီးသဂြုင်္ိလ်ပြီးနောက်

လူကြီးများက ကိုသာဝကိုဝိုင်းဝန်းဖြောင်းဖြပြောဆိုနေကြလေသည်။

ထိုမှအစဉ်အတိုင်းရေသော် ( ၇ )ရက်မြောက် ရက်လည်လေသည်။


ရက်လည်ပြီးသည့်ညနေ၌ပင် လူကြီးများတားသည့်ကြားက ကိုသာဝတစ်ယောက်

မိန်းမမရှိသည့်ရွာတွင်မနေလိုတော့ဟုဆိုကာ အဝတ်စားများယူ၍

ရွာမှထွက်ခွာသွားလေတော့သည်။

ရက်လည်ပီး ၂ ပါတ်ခန့်ကြာသော် ညနေညီကိုမသိတသ်အချိန်

” အူဝဲ အူဝဲ အူဝဲ ”

” ဟဲ့ မောင်တင်လှ ကလေးငိုသံကြားတယ် သွားကြည့်စမ်း ”

” ဟုတ်ကဲ့အမေ ”

ကိုတင်လှ ကလးငိုသံကြားရသဖြင့်လိုက်ရှာရာ ကိုသာဝတို့အိမ်နား သို့ရောက်လေသည်။

” အူဝဲ အူဝဲ ”

” ဟင် အသံက တမာပင်တန်းတွေနားကပဲ ”

” အူဝဲ အူဝဲ ”

တမာပင်တန်းနားရောက်သော် ကလေးအသံက အပေါ်မှလာနေ၍ မော့ကြည့်လိုက်ရာ

” ဟမ် ဂျမ်း ဂျမ်း ဂျမ်းပုံ ”

စကားတွေအထစ်ထစ် အငေါ့ငေါ့ဖြင့် အပင်ပေါ်မှ ကလေးချီကာ မိမိကိုစိုက်ကြည့်နေသော

ဂျမ်းပုံကိုတော့သဖြင့် ကြောက်လန့်တကြားထွက်းပြေးလေသည်။

” အမေ အမေ အစ် အစ် ”

” ဟဲ့အကောင် ဘာဖြစ်လာတာလဲ ”

” အမေ အမေ ဂျမ်းပုံ သ သ သရဲ သရဲ ”

” ဟဲ့ ဘယ်ကသရဲတုန်း ”

အမေကိုပြန်မဖြေအားပဲ ဘုရားစင်မှ ဘုရားသောက်တော်ရေကို ဂွတ်ခနဲမော့ချလိုက်ပီး

နောက်တစ်ခွက်ကို ခေါင်းပေါ်ကလောင်းချလိုက်ပြီးနောက် အတန်ငယ်တည်ငြိမ်သွားဟန်ဖြင့်

” အမေ ဂျမ်းပုံ မကျွတ်ဘူး ”

” သူ့ကလေးချီပီး ကျွန်တော့်ကိုစိုက်ကြည့်နေတာများ အမေရယ် လိပ်ပြာလွင့်မတတ်ပဲ ”

” အခုထိမျက်လုံးထဲပြန်မြင်ယောင်နေသေးတယ် ဘုရား ဘုရား ”

” ဟုတ်ရော ဟုတ်ရဲ့လား သားရယ် ”

” အာ အမေ့ကိုလိမ်စရာလားဗျ ”

ထိုသတင်းကနောက်နေ့ တစ်ရွာလုံးပြန့်သွားတော့သည်။


♬ ♪ ညနေ နေရီ နေရီ ရေခပ်ချိန်လေးနီးလာပြီ ♪ ♬ ♬

ကိုအောင်သူတို့ သူငယ်ချင်း ၂ယောက် ကိစ္စဖြင့်ဒီရွာရောက်ပီး ရွာခံတွေက

ပြုစုသဖြင့်ရွာသို့ပြန်ရန်အချိန်အတော်ပင်လင့်သွားသောကြောင့် မူးမူးဖြင့်

တမာပင်တန်းက ဖြတ်ပြန်လာကြသည်။လက်ထဲတွင်လဲ ကန်ဖော်လို့ပေးလိုက်သော

ငါးရံ့ ၃ ကောင်ကိုဆွဲလာကြစဉ်

” အောင်သူ ငါ့နှာခေါင်းထဲ ဆနွင်းနံ့ရသလိုပဲ ”

” ငါမရပါဘူးကွာ မင်းကလဲ ဒီချိန်ကြီး ဘယ်က ဆနွင်းကရှိမှာလဲဟ ”

တမင်ပင်တန်းကိုကျော်လာစဉ် ငါးတွဲကိုဆတ်ခနဲဆွဲလိုက်သဖြင့် နောက်ပြန်လှည့်ကြည့်ရာ

ကလေးချီထားသောမိန်းမတစ်ယောက် လက်တစ်ဖက်ဖြင့် ငါးတွေကို

အစိမ်းလိုက်စားနေလေရာ

” ဘာလုပ်တာလဲ ကောင်မ ပြန်ပေးစမ်း ”

” ဟီး ဟီးး ဟီးးးး ”

ခြောက်ခြားဖွယ်ရာရီသံကြီးနဲ့အတူ ထိုမိန်းမသည် တမာပင်ပေါ်သို့ မတ်တတ်ကြီး

လမ်းလျှောက်တက်သွားသဖြင့်

” ဟေ့ရောင် ပြေးပြေး သရဲကွ သရဲ ”

ဟုဆိုကာသောက်ထားသောအရက်ရှိန်တွေပင် ဘယ်ပျောက်ကုန်သည်မသိ

ခွေးပြေးဝက်ပြေး ပြေးတော့သည်။


ထိုအချိန်မှစ၍ တမာပင်းတန်းဆီသို့ နေ့ရော ညပါ မည်သူမျှ ယောင်လို့ပင်မသွားကြတော့ချေ။

တစ်နေ့ မြို့ကဧည့်သည်တွေရွာမှာ ရဟန်းခံရှင်ပြု အလှူလာလုပ်ကြလေရာ

တစ်ရွာလုံးပျော်မဆုံး မီးခိုးတိတ် အလှူမှာကြိတ်ကြတော့သည်။

” အောက် အီး အီးအွတ် ”

မြို့ကရဟန်းလာဝတ်သော ကိုယ်တော် ၃ ပါး

ကိုရင်ငယ် ၂ ပါးတို့သည် ကျောင်းသားနဲ့အတူ

အာရုံဆွမ်းခံကြွကြသဖြင့် အရီးဒေါ်မယ်မြက ကြက်သားဟင်းလောင်းလိုက်လေသည်။

ဦးဇင်းတို့ဆွမ်းတန် း တမာပင်တန်းနားမရောက်တစ်ယောက်တွင် ရှေ့မှကလေးချီထားသော

မိန်းမတစ်ယောက်ရပ်နေသဖြင့် ဆွမ်းလောင်းမည်အထင်နဲ့ ဆက်သွားရာ

အနားသို့အရောက်တွင်

” ဟင်းပေးးး ”

” ဒကာမကြီးက ဆွမ်းဟင်းလောင်းမလို့ထင်တယ် ”

” ကျောင်းသား ကျောင်းသား ရှေ့ကိုလာကွဲ့ ”

ဆွမ်းဟင်းချိုင့်သယ်သောကျောင်းသားလဲ နောက်ဆုံးမှရှေ့သို့ တက်လာရာ

အနားအရောက်တွင်

” အမေရေ ကယ်ကြပါဦး ”

ဟုအော်ကာ ဟင်းချိုင့်ကိုပစ်ချလျှက် ထွက်ပြေးလေတော့သည်။

မြေကြီးပေါ်ပစ်ချသွားသော ဟင်းချိုင့်မှ ကြက်သားများကို ကောက်စားနေသော

မိန်းမအားကြည့်ကာ ကိုယ်တော်များအံ့သြနေစဉ်

ကောက်စားနေသော မိန်းမက မော့ကြည့်သဖြင့်

” အားးးးးး လာကှပါဦး လာကှပါဦး ”

” သရဲ သရဲ “ဟုအော်ကာ အာဂန္တုကိုယ်တော်တို့လဲ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်

အလားးး။

မိုးလင်းသော် မြို့မှာပြန်သီတင်းသုံးမယ်ဟုဆိုကာဆွေမျိုးများကိုခေါ်၍

ပြန်ကြွကြလေတော့သည်။

အကြောင်းရင်းကို သိသွားသောဆရာတော်ကြီးသည် နောက်တစ်နေ့နံနက်ပိုင်း

တစ်ပါးထဲတမာပင်တန်းဖက်သို့ ဆွမ်းခံကြွလေသည်။

အကျင့်သီလ နှင့်ပြည့်စုံပီး သုဿာန်ဓူတင် ကျင့်ဆောင်အပ်ဖူးသောဆရာတော်ကြီး၏

ခြေလှမ်းများကတည်ငြိမ်စွာ တမာပင်တန်းဆီသို့ တစ်လှမ်းချင်းလှမ်းလျှက် ———– ။

” ဟင်းပေးပါ ”

အသံနဲ့အတူ ထွက်ပေါ်လာသော ဂျမ်းဘုံ

” ဟင်းပေးပါ ”

ထပ်မံတောင်းဆိုသံနဲ့အတူ

” ဒကာမလေး အလိုရှိအပ်သရွေ့ ယူပါလေ ”

ဆရာတော်ရဲ့စကားအဆုံး

သရဲမလဲ သပိတ်ထဲလက်နှိုက်ရာ နှိုက်မရချေ။

” ဟင်းးးဟင်းးးးး ”

နှိုက်မရ၍ ဒေါသထွက်နေသော သရဲမအားကြည့်ကာ ဆရာတော်မှ

” ကဲ ဒကာမလေးစားပါလေ ဘုန်းဘုန်းစွန့်ပါတယ် ”

ဟုဆိုကာ ဟင်းများကိုပေးလေသည်။

” အီိးးးဟီးးးးးဟီးးးးး တပည့်တော်မကို ကယ်တင်ပါဘုရားးးးးအီးးးး ”

” အိမ်းးးးးးကောင်းပြီ ဒကာမလေး ”

” တပည့်တော်မ တပည့်တော်မရဲ့ အိမ်အိမ်အောက်ခြေက ဝါးလုံးထဲမှာ ကလေးမီးဖွားဖို့

ပိုက်ဆံစုထားပါတယ် အဲ့ဒါကိုထုတ်ပီး လှူတန်းအမျှဝေပေးပါ ဆရာတော်ဘုရား ”

” ဖြစ်ရပါစေ့မယ် သာဓုခေါ်ဆိုရန်သာ အာရုံပြ၍ နေရစ်ပေတော့ ”

တည်ငြိမ်စွာ ကြွလှမ်းသွားသော ဆရာတော်ဘုရား၏နောက်ဝယ် သံသရာခရီးသည်

တစ်ယောက်ဖြစ်သော ဂျမ်းဘုံသရဲမသည် တွေဝေငေးမောစွာ – – – – – –။

အာရုံကျင်းအလင်းရောက်သော် ရွာရှိလူကြီးများကိုခေါ်ကာ ဆရာတော်မှ

ဂျမ်းပုံပြောပြသောအကြောင်းရာများကို မိန့်မှာလေသည်။

ရွာသားများမှာ တမာပင်တန်းသို့ မသွားရဲကြချေ။

အုပ်စုလိုက်သွား၍ရှာရာ ဆရာတော်မိန့်ကြားသည့်အတိုင်း ဝါးလုံးထဲမှ

ပိုက်ဆံများကိုတွေ့ကြရလေတောသည်။

၎င်းပိုက်ဆံဖြင့် လိုအပ်သည်များဝယ်ဆောင်ကာ ဘုရားအမှူးရှိသော သံဃာတော်

အရှင်သူမြတ်များအား လှူဒါန်းဆက်ကပ်ကြပြီးနောက် ရေစက်သွန်းချအမျှဝေလေရာ


” ဂျမ်းပုံနှင့်တစ်ကွ ၃၁ ဘုံကျင်လည်ကုန်ကြသော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါများ

အပေါင်း အားလုံး ကြားကြားသမျှ

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ”

” သာဓု သာဓု သာဓု ”


” ဂျမ်းပုံနှင့်တစ်ကွ ၃၁ ဘုံကျင်လည်ကုန်ကြသော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါများ

အပေါင်း အားလုံး ကြားကြားသမျှ

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ”

” သာဓု သာဓု သာဓု ”


” ဂျမ်းပုံနှင့်တစ်ကွ ၃၁ ဘုံကျင်လည်ကုန်ကြသော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါများ

အပေါင်း အားလုံး ကြားကြားသမျှ

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ”

” သာဓု သာဓု သာဓု ”


ပြီးပါပြီ

ရွှင်လန်းချမ်းမြေ့ကြပါစေ။


pageလေးကိုlike&followလုပ်ပေးချင်းဖြင့်ကူညီပါ