ကလေးကအစ သိကြသည်

ကလေးကအစ သိကြသည်

------------------------------

တစ်နေကုန် ဇယ်စက်သလို မနားမနေအလုပ်တွေ လုပ်ပြီးနောက် မလေးငယ်တစ်ယောက် မောလွန်းသဖြင့် ခေတ္တထိုင်နားနေသည်။ မျက်စိလေးကိုမှိတ်ကာ ပြတင်းပေါက်မှဝင်လာသော လေညှင်းလေး၏အရသာကို ခံနေစဉ်မှာပင်

“မေမေ … မေမေ” ဟု သူမ ပခုံးလေးကို လှုပ်နှိုးလိုက်သဖြင့် မျက်လုံးဖွင့်ကြည့်လိုက်မိသည်။

“သမီးလေး ဘာလဲကွယ်”

“သမီးကို ပုံပြင်ဖတ်ပြ”

“ဪ သမီးလေးရယ် မေမေ မောလွန်းလို့ ခဏလောက် နားပါရစေနော်။ ညအိပ်ရာဝင်ရင် မေမေ ဖတ်ပြမှာပေါ့”

“ဟင့်အင်း သမီးခုပဲနားထောင်ချင်တယ် … ဖတ်ပြပါနော်မေမေ”

မလေးငယ်က သက်ပြင်းကြီးမှုတ်ထုတ်ကာ

“မေမေ တော်တော်လေးပင်ပန်းနေပြီကွယ်။ အဝတ်တွေလည်း မီးပူတိုက်ရဦးမယ်”

“မရဘူး သမီးခုပဲနားထောင်ချင်တယ်”

မလေးငယ်က ဘေးနားတွင်ချထားသည့် ဂျာနယ်တစ်စောင်ကို ယူလိုက်သည်။ မျက်နှာဖုံးစာမျက်နှာကို ဆွဲဖြဲ လိုက်ပြီးနောက် ထိုစာမျက်နှာကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်စေရန် တစ်စစီထပ်ဖြဲလိုက်ပြန်သည်။

သူလုပ်နေသည်ကို သမီးလေးက စိတ်ဝင်စားစွာကြည့်နေသည်။

“မေမေ ဘာလုပ်တာလဲဟင်”

“ကဲ သမီး မေမေပြောမယ်နားထောင်။ ဟောဒီ ဂျာနယ်စာမျက်နှာ မျက်နှာဖုံးကပုံကို အကောင်းအတိုင်း ပြန်ဆက်နိုင်ရင် မေမေ သမီးကို ပုံပြင်ဖတ်ပြမယ်။ ကြားပြီလား။ ဒီမှာ တိတ်၊ ဟောဒီမှာ ကပ်ကြေး။ ပုံကို သေသေချာချာ မူလအတိုင်းဖြစ်အောင် ပြန်ကပ်ရမှာနော် ကြားလား”

“စိန်လိုက်”

မလေးငယ်က ဘာရယ်မဟုတ်။ သမီးဖြစ်သူကို အလုပ်ပေးပြီး သူခေတ္တနားချင်သောကြောင့်ဖြစ်သည်။ ထိုပုံကို တစ်စစီမှ ပြန်ပြီး အကောင်းပကတိပုံအတိုင်းဖြစ်ရန် ဆိုသည်မှာ အချိန်များစွာ ကြာနိုင်သည် မဟုတ်ပါလား။

သူကမျက်စိကိုမှိတ်ပြီး အနားယူနေစဉ်မှာပင်

“မေမေ … မေမေ” ဟု ခေါ်သံကြားလိုက်ရပြန်သည်။

“ဘာဖြစ်လို့လဲသမီး”

“သမီးဆက်ပြီးသွားပြီ”

“အလိုတော် … ဟုတ်ရဲ့လား”

“ကြည့်လေ … ဒီမှာ သမီးဆက်ထားတာ မှန်သလား”

မလေးငယ်က သမီးလက်ထဲမှ ဆက်ထားသည့်ပုံကိုကြည့်လိုက်သည်။ သူလည်း ယခုမှ သတိထားလိုက်မိသည်။ အမျိုးသမီးတစ်ဦး၏ပုံဖြစ်နေသည်။

“ဟယ်မှန်သားပဲ … သမီးလေးဆက်ထားတာ မှန်လိုက်တာ … ဘယ်လိုများဆက်လိုက်တာလဲကွယ်”

“အို မေမေရယ် လွယ်လွယ်လေးပါ”

“မေမေဆိုရင်တောင် အဲဒီလောက်မြန်မှာ မဟုတ်ဘူး။ သမီးလေးက တော်လိုက်တာ”

“ဘာခက်တာလိုက်လို့မေမေရယ် … အဲဒီစာမျက်နှာ နောက်ကြောမှာက မြန်မာပြည် မြေပုံကြီး ရှိနေတာပဲ။ တစ်စစီ ဖြစ်နေတဲ့ မြန်မာပြည်ကြီးကို သူ့အတိုင်းပြန်ဆက်လိုက်ရင် မျက်နှာဖုံးကအမျိုးသမီးလည်း ပြန်ပြီးတော့ ပုံပေါ်လာတာပေါ့”

“အိုကွယ် တော်လိုက်တဲ့သမီးလေးရယ်”

(Get Yourself Together ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)

တင်ညွန့်

၂၀.၁၂.၂၀၂၅