နှလုံးသားထဲကဘုရား

နှလုံးသားထဲကဘုရား
-----------------------
အိုင်းစတိုင်းသည် အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ပေါင်းများစွာကို လှည့်လည်ပြီး သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့သင်ကြားပို့ချစဉ် ကျောင်းသားများ မေးလေ့ရှိသော မေးခွန်းများမှာ ပုံစံအတူတူ ဖြစ်သည်။
“အိုင်စတိုင်းခင်ဗျား … ဘုရားသခင်ကို ယုံကြည်ပါသလား”
အိုင်စတိုင်းကလည်း အဖြေကို တစ်ပုံစံတည်း ပြန်ဖြေလေ့ရှိသည်။
“ငါယုံကြည်တဲ့ ဘုရားက စပီနိုဇာရဲ့ ဘုရားပဲကွ”
စပီနိုဇာ၏ဘုရားသည် မည်သို့သောဘုရားဖြစ်သနည်း။
ဘဲရပ်ချ် စပီနိုဇာ (Baruch Spinoza) သည် ၁၇ ရာစုတွင် နာမည်ကျော်ထင်ရှားခဲ့သည့် ဒဿနိကဗေဒ ပညာရှင်ကြီးတစ်ဦးဖြစ်သည်။ သူ၏ ဘုရားသခင်ဆိုင်ရာ အယူအဆများမှာ ယနေ့ကာလအထိ တော်လှန်ပြီး ဆန်းသစ်သည့် အယူအဆတစ်ခုဖြစ်သည်။
စပီနိုဇာ၏ ဘုရားသည် မည်သို့သောဘုရားဖြစ်သနည်း။
သူက သဘာဝတရားကို ဘုရားသခင်ဖြစ်သည်ဟူ၍ လက်ခံသူတစ်ဦးဖြစ်သည်။ ဘုရားသခင်နှင့် သဘာဝတရား သည် အတူတူပင်ဖြစ်သည်ဟုသူကဆိုသည်။
သူက လောကတွင် အခြေခံအကျဆုံး ဒြပ် (Substance) သည် တစ်ခုတည်းရှိပြီး ထိုအရာမှာ ဘုရားသခင်ဟု ဆိုပါသည်။
လူအများစု လက်ခံယုံကြည်နေကြသည်က ဘုရားသခင်သည် လောကကြီးကို အပြင်ကနေ ဖန်တီးနေသည် ဟူ၍ဖြစ်သည်။ စပီနိုဇာက ထိုအယူအဆကို လက်မခံပေ။ သူက ဘုရားသခင်သည် လောကကြီး၏ အပြင်တွင် ရှိနေသည်မဟုတ်။ လောကကြီးတွင် ရှိရှိသမျှသော အရာအားလုံးသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည် ဟူ၍ လက်ခံထားသူဖြစ်သည်။
တွေ့မြင်နေရသည့် လူ၊ သစ်ပင်၊ ကြယ်တွေအားလုံးအပြင် လူတွေမတွေ့မြင်နိုင်သည့် အတွေးစိတ်ကူး အားလုံး သည်လည်း ဘုရားသခင်၏ ယာယီအသွင်သဏ္ဌန်များသာဖြစ်သည်။
သူဆိုလိုသည်မှာ သမုဒ္ဒရာကြီးကို ဘုရားသခင်ဟူ၍ သဘောထားလျှင် ကျွန်ုပ်တို့သည် ထိုသမုဒ္ဒရာထဲမှ လှိုင်းလုံးလေးတွေသာဖြစ်သည်။ လှိုင်းလုံးများနှင့် သမုဒ္ဒရာသည် ခွဲခြားမရဟုဆိုလိုခြင်းဖြစ်သည်။
စပီနိုဇာလက်ခံသည့် ဘုရားသခင်သည် လူတွေလို စိတ်ဆိုးခြင်း၊ ချစ်ခြင်း၊ ဆုပေးခြင်း၊ ဒဏ်ခတ်ခြင်း မလုပ်သူ ဖြစ်သည်။ သူ့ဘုရားသခင်သည် သဘာဝနိယာမ (Natural Laws) အတိုင်း မလွဲမသွေဖြစ်ပျက်နေသည့် ဖြစ်စဉ်ကြီးတစ်ခုသာဖြစ်သည်။
ထို့ကြောင့်သူက ဘုရားကို ဆုတောင်းနေလည်းအလကား၊ ဘာမျှထူးခြားမလာနိုင်ဟု ယူဆသည်။
ဘုရားသခင်ကိုသိချင်လျှင် သဘာဝနိယာမ (Natural Laws) ကိုသိအောင်ကြိုးစားရန်သာဖြစ်သည်။
စပီနိုဇာက ဘုရားသခင်သည် လွတ်လပ်သောဘုရားသခင် (God of Freedom) ဟုဆိုပါသည်။ သူဆိုလိုချင် သည်မှာ ဘုရားသခင်သည် “လူသားတွေကို ခွင့်လွှတ်မှုနှင့် ပြစ်ဒဏ်ပေးခြင်းအောက်တွင် မရှိသည့် ဘုရား သခင်” ဖြစ်သည်။ ထိုအတွေးအခေါ်သည် တော်လှန်သောအတွေးအခေါ်ဖြစ်သည်။
ရိုးရာအစဉ်အလာ လက်ခံနေကြသည်မှာ ဘာသာရေးခေါင်းဆောင်တွေ၏ ဂျင်းစကားတွေသာဖြစ်သည်။
“အဲဒါကို မလုပ်နဲ့ … အဲဒါကိုလုပ်ရင် ဘုရားသခင်က စိတ်ဆိုးမယ် … ငရဲကျမယ်” စသည်ဖြင့် လူတွေကို ကြောက်အောင်လုပ်ပြီး ထိန်းချုပ်လေ့ရှိသည်။
စပီနိုဇာက ဘုရားသခင်သည် လူတွေလို စိတ်ဆိုး၊ စိတ်ကောက်တတ်သည့် အတ္တရှိသူမဟုတ်ဟုဆိုသည်။
ဘုရားသခင်သည် သဘာဝနိယာမကြီးတစ်ခုဖြစ်သည့်အတွက် မည်သူ့ကိုမျှ မျက်နှာသာပေးလေ့မရှိသူလည်း ဖြစ်သည်။
သူဆိုလိုသည်မှာ လူကောင်းတစ်ယောက် တိုက်အမြင့်က ပြုတ်ကျလည်းသေမည်၊ လူဆိုးတစ်ယောက် တိုက်အမြင့်က ပြုတ်ကျလည်းသေမည်၊ ကမ္ဘာ့ဆွဲငင်အားကြောင့် ဖြစ်သည်။ ဘုရားသခင်က ဘက်မလိုက်။ သူ့သဘာဝနိယာမအတိုင်း ဖြစ်စေခြင်းမှာ ဘုရားသခင်၏ ဘက်လိုက်မှုကင်းသော လွတ်လပ်မှုဖြစ်သည်။
ဘုရားသခင်သည် လူသားတွေ၏ ကံကြမ္မာကို ကြိုးဆွဲနေသော ရုပ်သေးဆရာမဟုတ်။ ထို့ကြောင့် မိမိတို့ဘဝ၊ မိမိတို့၏ ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှုများသည် မိမိတို့၏ နားလည်နိုင်စွမ်းအပေါ်တွင်သာတည်သည်။
လူသားသည် မိမိအဖြစ်မှန်ကို နားလည်သွားလျှင် ကျွန်အဖြစ်က လွတ်မြောက်သွားနိုင်သည်။ မိမိကိုယ်မိမိ နားလည်အောင် သုံးသပ်ခြင်းဖြင့် ကိုယ့်ဘဝသည် ကိုယ့်လက်ထဲကို ပြန်ရောက်လာနိုင်သည်။
ထို့ကြောင့် စဉ်းစားပါ
ကယ်တင်ရှင်ဟန်ဆောင်ပြီး ပြည်သူတွေကို ဒူးထောက်ခိုင်းနေခြင်းသည် ဘုရားသခင်အလိုတော်အတိုင်း မဟုတ်။
စပီနိုဇာက
“သင်သည် ဓမ္မ သို့မဟုတ် အမှန်တရားဘက်က ရပ်တည်နေသရွေ့၊ သင်သည် လောကကြီး၏ အမြင့်ဆုံးသော နိယာမ (Natural Laws) နှင့် တစ်ထပ်တည်းကျနေသည်ဖြစ်၍ မည်သည့်လက်နက်၊ မည်သည့်အာဏာရှင်ကမှ သင့်အတွင်းစိတ်လွတ်လပ်မှု (Inner Freedom) ကို မဖျက်စီးနိုင်” ဟုဆိုခဲ့ပါသည်။
အိုင်စတိုင်းပြောသည့် စပီနိုဇာ၏ ဘုရားသခင်ဆိုသည်မှာ ကြောက်လန့်အောင် ခြောက်ထားသည့်သူမဟုတ်။ လေ့လာဆင်ခြင်စရာဖြစ်လာသည်။ သူ၏ ဘုရားသည် ဘဝကို ပုံသေနည်း၊ အမိန့်နှင့် ဂျင်းတွေအောက်တွင် ရှင်သန်နေရမည့်အစား ဉာဏ်ပညာနှင့် လွတ်လပ်မှုကို အခြေခံသည် ဘုရားဖြစ်သည်။
တစ်နည်းဆိုရလျှင်
စပီနိုဇာ၏ ဘုရားသည် လူသား၏ နှလုံးသားထဲတွင် တည်ထားသည့် ဘုရားဖြစ်သည်။
(Ref : Spinoza's God)
တင်ညွန့်

၂၉.၁၂.၂၀၂၅