အတက်ကြူး၍ဘီလုးဖြစ်ရသူ

 အတတ်ကြူး၍ ဘီလူးဖြစ်ရသူ #ကိုပိုက်


°°°


မုဆိုး “ဖိုးကြွယ်" တစ်ယောက် နေဝင်ပြီ ဆိုသည်နှင့် လေချဉ် တက်လာပြီ ဖြစ်သည်။ ဝါးခုတ်တဲများ ရှိရာသို့ ပြန်ဖြစ်အောင်ပြန်ခဲ့တော့၏။ သား

ကောင် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဝါးခုတ်သမား အုပ်စုနှင့် နေ့စဉ် အချိန်မှန် သောက်တတ်၏။ နို့မဟုတ်ပါမူ သူ့လက်တို့သည် အိမ်မြှောင် အမြီးပြတ်နှယ် တဆတ်ဆတ် တုန်နေတော့၏။


ဝါးခုတ်သမား တို့ကလည်း သူ့ကို မျှော်ကြ၏။ မငြီးမငြင် မညည်းမညူ ကျွေးကြ မွေးကြ၏။ တကယ်တော့ မုဆိုးကြီးကို ဖားကြခြင်း ဖြစ်၏၊ အသားလို၍ အရိုးတောင်း ဆိုသလို..အသားလို၍ အရက်တိုက် ကျွေးမွေး ဖားကြ ခြင်း ဖြစ်၏။


“သည်မြိုင်သာယာတောမှာတော့ မုဆိုးကြီးကို မီမယ့်သူ ရှိမယ်

မထင်ဘူး"


“ဟိုနေ့က မုဆိုးကြီး... ယုန်ပစ်တာ မိုက်သဗျာ... ငြိမ်နေတဲ့ ယုန်လေးကို ခြောက်လှန့်ပြေးထွက်စေပြီးမှ ပစ်တာဗျာ.. လက်မှန်း တည့်မှတည့်"


“ ဘာဟုတ်သေးလဲဗျာ... တောကြီးမြွေဟောက်လို အဆိပ် ပြင်းတဲ့မြွေကိုတောင် ကျည်တစ်တောင့် အကုန်မခံဘဲ လျှပ်တစ်ပြက် အမြီးကို ဆွဲပြီး မွေ့ရမ်းလိုက်တာပဲ... ဒီတော့ မြွေက အဆစ်တွေပြုတ် ထွက် သေသွားတော့တာပေါ့.. ရဲမှရဲဗျာ.. သတ္တိကလည်း ကောင်းကိုး "


သို့ အရက်ဝိုင်းတွင် ပြောသည့် စကားများကို သူပိုသဘောကျ ပုံ ပေါ်၏၊ နှစ်သက်နေပုံရ၏။ သာယာနေဟန် တူ၏၊


တကယ်တော့ ဝါးခုတ်သမားတွေသည် သူတို့ အသားရလို အတွက် မြှောက်ပင့် ပြောနေကြခြင်း ဖြစ်၏။ . ကြာလာတော့ ဝါးခုတ်သမားတစ်စုကို သူ့တပည့်သားမြေးများ လို ထင်မှတ်လာတော့၏၊


အောက်ခြေ လွတ်လာ၏၊ ဘဝင်တွေ တက်လာ၏။ ဝါးခုတ် သမားတွေကလည်း ဘာနစ်နာမှာ မှတ်လို့... မုဆိုး ဖိုးကြွယ် ပစ်ရသမျှ သားကောင်မှန်သမျှ သူတို့ စားနေရသည်ပဲ။ 


နောင်တော့ကာ သူသည် မြိုင်သာယာတောတွင် ဆရာတစ်ဆူ ဖြစ်လိုသည်ကြောင့် ဝါးခုတ်သမားတွေကို အမဲလိုက်စေ၏၊ သူ့ ရည်ရွယ်ချက်သည် မြိုင်သာယာတောတွင်းရှိ သားကောင်အားလုံး သူသာလျှင် ရရှိနိုင်ရန် ဖြစ်၏။

အခြား မုဆိုးများကို စားကျက် မပေးလို၍ ဖြစ်သည်။


အခြား မုဆိုးများနှင့် ယှဉ်လျှင် သူသည် ပြိုင်ဘက် မဟုတ်မှန်း သူ့ကိုယ်သူလည်း သိသည်။ 


မြိုင်သာယာတောတွင် ကျက်စားသည့် မုဆိုး အတော်များများ သည် သူ့လို မဟုတ်၊ တစ်ခုကောင်းသာလျှင် လက်ကိုင်ထားတတ်ကြသည်။ ဆိုပါစို့

 ကျားပစ်မုဆိုးဆိုလျှင် ကျားကိုသာ အဓိကထား ပစ်ကြ၏။ ဆင်ပစ်မုဆိုးဆိုလျှင်လည်း သို့အတူ ဖြစ်၏၊

ယုန်လိုက်မုဆိုး ဆိုလျှင်လည်း သူ၏ အမဲလိုက်ခွေးကို ယုန် အနံ့ခံကောင်းအောင် လေ့ကျင့်ပေးလျက် ယုန်ကိုသာ အဓိကထား လိုက် ကြ၏။ 


ဖိုးကြွယ်ကတော့ သို့နှယ်မဟုတ်၊ သူသိ၊ သူတတ်၊ သူတော် ဆိုပြီး အကုန်လုပ်တော့၏။ သို့ကြောင့် သူ့တွင် တစ်ခုကောင်းမရှိ။ သို့

ကြောင့်လည်း “ဖိုးကြွယ်လား.. မဆိုးပါဘူး” ဆိုသည့် အသိအမှတ်ပြုသံ သာလျှင် သူ ကြားရသည်ဖြစ်၏။


“ဆရာ ဖိုးကြွယ်က ကျားမုဆိုးထက် သာတာပေါ့ဗျာ .. အဲဒီ လူက ကျားသာနိုင်တာ၊ ဆရာဖိုးကြွယ်က ယုန်ဆိုယုန် စိုင်ဆိုစိုင်၊ ပြောင် ဆို ပြောင် ဟုတ်တယ်မို့လား”


“ဆရာရေ... နက်ဖြန်ခါ ယုန်သားလေး အမြည်းလုပ်ရလျှင် ကောင်းမယ်” 

ဟု ပြောလိုက်ကြလျှင် နောက်တစ်နေ့ တွင် သူသည် ယုန် သားကို ရအောင် ပစ်ခတ်လာတော့၏။ ရံခါဆိုလျှင် အကြောင်းမဟုတ်၊ နောင်တော့ကာ သူ ဘယ်လောက် လက်မှန်းတည့်တည့် သားကောင် တွေ့လျှင် ဘယ်လိုလုပ် ပစ်ရပါတော့မည်နည်း။


“ဆရာဖိုးကြွယ် ခုတလော စိတ်တွေ ထွေပြားနေလို့ ထင်တယ်။ ဂျီသားပစ်ခဲ့မယ်ဆိုပြီး ဖွတ်သားပဲ ပါလာပါကလား”


သည်သို့မျိုး မကြာခဏဖြစ်လာသည်တွင် သူသည် သူ့နောက် ပါ အခြွေအရံများ သူ့ကို ခွာထွက်သွားမည် ကြောက်လာသဖြင့် အကြံ အဖန် လုပ်လာတော့၏။


“ကျားသားလေး စားဖူးချင်လိုက်တာ ဆရာရယ်” 

သို့ ဆိုလာတော့ သူသည် ကျားမုဆိုးထံ သွားတော့၏။

“ကိုကြီးရယ်.... ကျွန်တော် ကျားမပစ်ဖူးတော့ကာ အလိုလို နေရင်း သွေးလန့်နေတယ်.... ကျားသားလည်း စားချင်လိုက်တာ”

သို့ ညည်းပြသည်တွင် “ကျားမုဆိုး" က သူ့အား မုဆိုးချင်း သဘောထား လေးစား ခင်မင်မှုဖြင့် ကျားသားလေး ပေးလိုက်သည်တွင် သူသည် ဝါးခုတ်သမားတို့ဝိုင်းတွင် “ရော့ဗျာ... ဒါ ကျုပ် ပစ်ရလာတာ၊ ကျုပ်လည်း ကျားပစ်တတ်ပါသဗျ၊ ဟိုပေး သည်ပေးနဲ့ မိတ်ဆွေတို့အတွက် မနည်းချန်လာရတယ်” ဟုဆိုကာ ကျားမုဆိုး ပေးလိုက်သည့် ကျားသား ကို သူပစ်ရလေဟန်ဖြင့် ကြွားဝါတတ်လေတော့၏။


သို့နည်းဖြင့် လိုအပ်လာလျှင် လုပ်တတ်လာတော့၏၊ ဝါးခုတ် သမားတို့သည် မိရိုးဖလာ ဝါးခုတ် အသက်မွေးဝမ်းကြောင်းကို မလုပ်လေ

တော့ဘဲ ဖိုးကြွယ်ထံတွင် တပည့်ခံကာ မုဆိုးအလုပ်ကို လုပ်လာကြတော့ ၏။ အကုသိုလ် အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုလာကြတော့၏။ သည်တော့ မြိုင်သာယာတောတွင်းရှိ သားကောင်ကြီးငယ်တို့ သည် ဒုက္ခဆိုးကြီးနှင့် ရင်ဆိုင်ကြရတော့၏။


သေနတ်ပစ် ကျွမ်းကျင်ခြင်း မရှိကြသည်ကြောင့် သားကောင် တို့သည် အသက်ဘေးမှ ကင်းလွတ်ကြငြား ဒဏ်ရာ အနာတရကြောင့် ခန္ဓာကိုယ် ပျက်စီးကြရတော့၏။


တစ်ချက်တည်းဖြင့် အသေ သတ်နိုင်ကြလျှင် အကြောင်း မဟုတ်။ ယခုတော့ မျက်လုံးကန်းသွားခြင်း၊ ခြေလက် ကျိုးသွားခြင်း စသည့် ဒုက္ခဆိုးကြီးများနှင့် နေထိုင်သွားကြရတော့၏၊


သည်တော့ ဘာဖြစ်လာလဲ... “တစ်နွယ်ငင် တစ်စင်ပါ" ဆို သလို ကျားပျိုသည် ကျားနာ ဖြစ်သွားသည်တွင် အားအင်တို့ ချိနဲ့သွား သည်ထို့ကြောင့် ယခင်ကလို ဖျတ်လတ်သန်မာခြင်း မရှိလေသဖြင့် ရွာနား တစ်ဝိုက်တွင် လာရောက် စားကျက်ချတတ်တော့၏။ သည်အခါ အိမ် မွေးနွား၊ ကျွဲတို့အပြင် လူတို့သည်ပင် ဒုက္ခဆိုးနှင့် ကြုံရတော့၏။


မုဆိုးတွေ မှိုလိုပေါက်လာတော့ တောမှောက်ခံရခြင်းကြောင့် လည်းကောင်း၊ လက်မှန်း မတည့်ခြင်းကြောင့် လည်းကောင်း၊ လူသားချင်း မှားယွင်း ပစ်ခတ်မိသည့် အဖြစ်မျိုး မကြာခဏ ဆိုသလိုဖြစ်လာရ တော့၏။


သည်သို့ဖြင့် မုဆိုးဖိုးကြွယ်တစ်ယောက် အလှမ်းကျယ် အလယ် လတ် ဖြစ်ခဲ့ရတော့၏။ ကိုယ့်အတတ် ကိုယ်စူးခဲ့ရတော့၏။


မုဆိုးတစ်ဖြစ်လဲ ဝါးခုတ်သမားလေး စိန်ကုလားသည် သူ့ ကိုယ်သူ ဝါရင့် မုဆိုးကြီး တစ်ယောက်နှယ် သဘောပိုတ်ကာ ဖိုးကြွယ်၏ သနတ်ကို ပုခုံးထက် ထမ်းကာ မြိုင်သာယာတောအတွင်း ဝင်ခဲ့လေ၏။ သူ့ဆရာ ဖိုးကြွယ် သင်ပေးထားသည့် အမဲပစ်ပညာဖြင့် ဂျီတစ်ကောင်

တော့ဖြင့် မတော်တဆ ပစ်ခတ်ရဖူးသည်ကြောင့် ဆောင့်ကြွားကြွား ဖြစ်နေတော့၏။ 


တစ်နေကုန် မြိုင်သာယာတောအတွင်း လျှောက်ခဲ့ငြား မည် သည့်သားကောင်မှ မတွေ့လေသည်ကြောင့် ပစ်ခွင့် မကြုံခဲ့ချေ။ သူ ဆာလောင်နေပြီလည်း ဖြစ်သည်ကြောင့် စိတ်တိုနေသည်လည်း ဖြစ်၏။

“ကျွိ ကျိ.. . . ကျလိ.. ကျလိ" 

“ကွစ်... ကွစ်... ကွစ်”

မမျှော်လင့်လေဘဲ ရေအိုင်လေးတစ်ခုတွင် တောဝက် လေးကောင်ခန့်ကို တွေ့လိုက်သည်ကြောင့် စိန်ကုလား ပျော်သွားမိသည်။ ဟုတ်ပြီ... သုံးကောင်ပြူးရှိရာသို့ မုဆိုးဒူးထောက် ထိုင်ကာ

သေနတ်ပြောင်းကို ထိုးချိန်လိုက်၏။ ဝက်ပျိုလေးတွေ ဖြစ်၍ ခပ်သေးသေး ဖြစ်ကြငြား ကော့ထောင် နေသည့် ဝက်စွယ်တို့သည် ချွန်မြနေကြတော့၏၊


“ချောက်" 

သေနတ် မောင်းတင်လိုက်သံကြောင့် ဝက်ပျိုတို့သည် သူ့ လှည့်ကြည့်လာကြတော့၏။


ထိုအချိန်မှာပင် သူသည် သေနတ်မောင်းထိန်း ခလုတ်ကို ဆွဲ ညှစ်လိုက်တော့၏၊


ဒိန်း

ကွီ. . ကျွိ... ကွစ်... ကျွိ... ကျလိ. 

“ကွစ်"

သေနတ်ကိုင်ထားသော သူ့လက် ခါသွားတော့၏။ ပြောင်းဝ မှ ပြေးထွက်သွားသော ကျည်ဖူးသည် ပစ်မှတ်ကို လွဲချော်သွားတော့၏၊

တောဝက်တို့သည် ပြင်းထန်သော ယမ်းအား ပေါက်ကွဲသံ ကြောင့် ဆူညံစွာ အော်ဟစ် ပြေးထွက်သွားတော့သည်။


“ဟာ... " 

စိန်ကုလား အတော် စိတ်ပျက်သွားသည်။

စိတ်ပျက်စွာဖြင့် ရိုင်ဖယ်ကို ထမ်း၍ ဆက်လျှောက် ခဲ့တော့ သည်။ ဝက်ကောင်တို့ ရေသောက်နေသည့် အိုင်လေးနား အရောက်တွင်

“အား”... “အား”...“အား..” 

ရယ်လို့ လူတစ်ယောက် ညည်းညူသံကြောင့် မျက်လုံး ပြူးသွားတော့၏။


အသံလာရာသို့ စူးစိုက်ကြည့်လိုက်သည်။ 

“ဟင် "

ကြိမ်နွယ်အုံပင် နောက်ကွယ်မှ ဖြစ်သည်။ သို့ကြောင့် သူသည် ကဗျာကသီ ကြိမ်နွယ်အုံပင်နောက် သွားလိုက်သည်။


“ဟာ"

မုဆိုးတစ်ယောက် ဖြစ်နေတော့၏။ ထိုသူ့နံဘေးတွင် နှစ်လုံး ပြူး သေနတ်တစ်လက် ရှိနေ၏။

သူ ပစ်လိုက်သော ကျည်သည် တောဝက်ကို မထိလေဘဲ ကျော် ထွက်သွားကာ ကြိမ်ပင်အုံနောက်ဘက်ရှိ နှစ်လုံးပြူးကိုင် မုဆိုးအား လွဲ

ချော် မှန်သွားခြင်း ဖြစ်သည်။


“သွားပြီ... ငါတော့ သွားပြီ... ငါတော့ ထောင်ကျတော့ မယ်၊ လူသတ်မှု ဖြစ်သွားပြီ” ဟု စိတ်မှ ရေရွတ် ညည်းညူကာ ထိုနေရာ တစ်ဝိုက် လှည့်ပတ် ကြည့်ရှုလိုက်ပြီး ဘယ်သူမှ မမြင်ဟု တွက်လိုက်ကာ ထိုနေရာလေးမှ လှည့်ကာ ပြေးထွက်ခဲ့တော့သည်။


စိန်ကုလားတစ်ယောက် ထိုဖြစ်ရပ်ဆိုးကြောင့် လွန်မင်းစွာ ကြောက်ရွံ့တုန်လှုပ်နေတော့၏။

ငါ ရွာပြန်လို့ မဖြစ်ဘူး၊ ငါ တစ်နေရာသွားမှ ဖြစ်မယ် ဆိုပြီး လက်တွင်းရှိ သေနတ်ကို သူ့ အပြန်လမ်းပေါ်တွင်ရှိ ဆူးချုံတစ်ခုတွင်း ပြစ်ထည့်ကာ ရွာလမ်းနှင့် ဆန့်ကျင်ဘက် အရပ်သို့ ပြေးထွက်သွားလေ တော့သည်။


ထိုညတွင် ဝါးခုတ်သမားတို့ တဲစုတွင် ရှိနေသည့် ဖိုးကြွယ်သည် တပည့်လေး စိန်ကုလားကို တမျှော်မျှော် ဖြစ်နေတော့၏။


“ဆရာ.. ဒီကနေ့ စကားနည်းပါကလား... ဘယ်လို ဖြစ်တာလဲ နေမကောင်းဘူးလား...” 

သို့ မေးလာသည်ကြောင့်- 

“အော်... ဟုတ်ပါဘူး... သူကြီးကတော်က ကျုပ်ကို မျောက်ချေးခါး လိုချင်တယ်ဆိုလို့ နက်ဖြန် ဘယ်တောဘက် သွားလျှင် ဖြင့် ကောင်းလိမ့်မလဲ စဉ်းစားနေလို့ပါ” 

ဟု ပြောလိုက်၏၊

တကယ်တော့ သူ့တပည့်လေးကို သေနတ် ပေးလိုက်သည့်ကိစ္စကြောင့် ယခုထိတိုင်ပြန်မလာသေးသည်ကို စိုးရိမ်ကြောင့်ကြ နေခြင်းကို ခွင့်ပြောရန် ဝန်လေးနေခြင်း ဖြစ်၏၊


သို့ပြောလိုက်လျှင် အကယ်၍ တောတောင်အတွင်း စိန်ကုလား တစ်ယောက် တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် သူ့တာဝန် ဖြစ်မည်စိုး၍ မပြောလေခြင်း ဖြစ်တော့၏၊


သို့ဖြစ်၍ နောက်တစ်နေ့ စောစော သူသည် မြိုင်သာယာအတွင်း ဝင်ခဲ့လေတော့၏၊

တောအတွင်း စိုးရိမ်ပူပန်စွာဖြင့် 

“ဝူး" “ဝူး" “ဝူး” ရယ်လို့ အသံ ပေး လျှောက်ခဲ့ရာမှ ခြုံနွယ်တစ်ခုပေါ်တွင် တင်နေသည့် သူ့သေနတ်ကို တွေ့လိုက်သည်တွင် ရင်ထိတ်သွားတော့၏။ သို့ဆိုပါလျှင် စိန်ကုလား တစ်ယောက် ကျားဆွဲခံရလေပြီလား မသိဟု ထင်လိုက်မိ သည်တွင် ပို၍ စိတ်ဆင်းရဲ ရပြန်တော့၏၊


ရင်တထိတ်ထိတ်ဖြင့် သူ့သေနတ်ကို ယူကာ ခရီးဆက်ခဲ့ ပြန်၏။

သူ့သေနတ်ကို လမ်းသွားရင်း သေချာ စစ်ဆေးလိုက်သည်တွင် ကျည်တစ်တောင့် မရှိတော့သည်မှလွဲ၍ အကောင်းပတိ ရှိနေခြင်းကြောင့် အနည်းငယ်တော့ဖြင့် စိတ်အေးခဲ့ရသည် ဆို ငြား ကြိမ်နွယ် ဘုံ နောက်ဘက် ရှိ လူသေအလောင်း တွေ့လိုက်သည်တွင် ခေါင်းနားပန်း ကြီးသွားလေ တော့သည်။ 


သူ သိလိုက်ပြီး စိန်ကုလား သူ့ကို ဒုက္ခလှလှကြီး ပေးသွားလေပြီပဲ။

မဟုတ်မှလွဲ၊ သူ့သေနတ်တွင်းမှ လျှော့နေသည့် ကျည်တစ် တောင်သည် ထိုလူသေ၏ ရင်ညွန့်ထဲတွင် ရှိနေပေလိမ့်မည်။ . သူ ဘယ်လိုလုပ်ရမည် မသိတော့။

သို့ကြောင့်... ။


********

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် မြိုင်သာယာတောမှ မုဆိုး ဖိုးကြွယ် ပြောပြခဲ့သည့် သူ့ဇာတ်လမ်းဆိုးကြီးကို နားထောင်ပြီးသည်နှင့်

“ကဲ... လာဗျာ... ဒီကိစ္စ လက်တလော ကိုဖိုးကြွယ်လုပ် ရမှာ ရဲစခန်း အကြောင်းသွားကြားဖို့ပဲ... လောလောဆယ်တော့ ခင် ဗျား အချုပ်ထဲမှာ ခဏနေရမှာ သေချာတယ်... ခင်ဗျား ပြောတာတွေ အမှန်သေချာတယ် ဆိုလျှင်ဖြင့် ကျွန်တော်တို့နှစ်ယောက် တောထဲမှာ စိန်ကုလားကို တွေ့အောင် လိုက်ရှာပေးနိုင်ပါတယ်”


သို့နှယ် ပြောလိုက်သည်တွင်

“ဘယ်တတ်နိုင်တော့မှာလဲဗျာ... ကိုပိုက်တို့ ပြောသလိုပဲ လိုက်နာရတော့မှာပေါ့..."


သို့ဖြင့် ဖိုးကြွယ်ကို ကျွန်တော်တို့သည် ဥက္ကံရဲစခန်းသို့ လိုက် ပို့ပေးခဲ့ကြ၏ ဖိုးကြွယ်အား အမှုဖွင့်စေခဲ့၏။


အားချင်း ဆိုသလို ရဲစခန်းမှ သေသူ အလောင်းကို သွား ကောက်ခဲ့ကြတော့၏ ။


“ကျွန်တော့်ကို ကူညီကြပါဦးဗျာ... တရားခံ စိန်ကုလားကို လိုက်ရှာပေးကြပါ... ဒါမှ ကျွန်တော် အချုပ်က ထွက်ရမှာ”


ယောက်ျားရင့်မာကြီးဖြစ်ငြား ငိုကြွေးနေသည့် ဖိုးကြွယ်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရသည်။ သူ ပြောသည်မှာ အမှန်ဖြစ်နိုင်၏ ဟုတွက်ကာ ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် မြိုင်သာယာတောအတွင်း တရားခံ စိန်ကုလားကို ရှာဖွေရန် ထွက်ခဲ့ကြတော့၏ ။


“ကိုလင်းရေ... တောထဲသာ ထွက်လာရတယ်... စိန် ကုလားကို ဘယ်လိုက်ရှာရမှန်း မသိဘူးဗျာ... ကျွန်တော်တို့က တော ထဲ လိုက်ရှာနေပေမင့် သူက မြို့ထဲ ရွာထဲမှာ ပုန်းအောင်းနေလျှင် ဘယ့် နှယ် လုပ်ပါ့မလဲ” 


“ဒါများ ကိုပိုက်ရယ် မပူစမ်းပါနဲ့... တရားခံဆိုတာ အမြဲ တမ်း သွေးလန့်နေတာ... လူကြား သူကြား ပိုတောင် ရှောင်ကြသေး တယ်။စိန်ကုလားက ဝါးခုတ်သမား ဆိုတော့ တောတောင်ထဲမှာပဲ ရှိဖို့များ တယ်။ ပြီးတော့ အခင်းဖြစ်နေရာကို ရောက်လာမှာ သေချာတယ်ဗျ”


“ဘာကြောင့်များတုန်း ကိုလင်းရဲ့” 


“ဘယ်လို အမှုအခင်းဖြစ်ဖြစ် သဲလွန်စ ဆိုတာ ရှိတာချည်းလေ "


ကျွန်တော် သဘောပေါက်သွားပြီ ဖြစ်၏၊ သို့ကြောင့် ကျွန် တော်နှင့် လင်းမြင့်လှိုင်သည် အခင်းဖြစ်နေရာသို့ လာခဲ့ကြ၏။


ကျွန်တော်တို့နှင့်အတူ မြိုင်သာယာ သူကြီး ဦးငြိမ်းသူ ပါလာ ၏၊ နေ့လယ်ခင်းလောက်တွင် အခင်းဖြစ်နေရာသို့ ရောက်လာကြသည်။

အလောင်း တွေ့ရှိသည့် ကြိမ်နွယ်အုံပင် ပတ်ဝန်းကျင်တွင် မည်သည့် သဲလွန်စမျှ မတွေ့ရချေ။ ရဲစခန်းမှ အလောင်းလာကောက် စဉ်က ရရှိကောင်း ရရှိသွားကြပေလိမ့်မည် ။


သေနတ် ပြန်တွေ့သည့် ချုံနွယ်ပင်အတွင်းတွင် စေ့စေ့စပ်စပ် ရှာလိုက်သည်တွင် ဆင်မြီးလက်စွပ်လေး တစ်ကွင်း ရလိုက်တော့၏။


“သူကြီး စိန်ကုလားကို ကောင်းကောင်း သိတာပေါ့နော်...”

ကျွန်တော်က ထိုလက်စွပ်လေးကို သူကြီးအား မပြသေးဘဲ မေးလိုက်ခြင်း ဖြစ်၏။

“သိတာပေါ့ကွယ်... ငါ့အိမ် အမြဲ ဝင်ထွက်သွားလာနေတာ "

“ဟုတ်ပြီ... စိန်ကုလားက ဆင်ဦးစီး လုပ်ဖူးလား”

 မေးလိုက် ၏၊

“ဟင့်အင်း" 

“နို့ဖြင့် ဆင်သမားတွေနဲ့ကော ပတ်သက်မှု ရှိသလား” 

သူကြီးသည် အတန်ကြာ စဉ်းစားလိုက်ပြီး..

“အင်း သူ့သူငယ်ချင်းလေး တစ်ယောက်ကို အိမ်ခေါ်လာပြီး ဧည့်စာရင်း တိုင်ဖူးတယ်၊ လှည်းကူးဘက်က ဆင်ဦးစီးလေးတဲ့.. ငါ့ သမီးလေးအတွက်တောင် ဆင်မြီးအစစ်နဲ့ လုပ်ထားတဲ့ လက်စွပ်တစ်ကွင်း တောင် ပေးသွားသေးတယ်"

သူကြီး စကားကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။ ပြီးမှ

“ဟုတ်ပြီ... သူကြီးရဲ့ သမီးလေးကို ဘယ်သူက ပေးတာလဲ”

“စိန်ကုလားက သူ့လက်မယ် စွပ်ထားတဲ့ ဆင်မြီးလက်စွပ်ကို ချွတ်ပေးတာပေါ့... သူ့လက်သန်းမှာ စွပ်ထားတာကို ချွတ်ပေးတာ၊ သူ့မယ် တစ်ကွင်း ကျန်နေသေးတာ ငါသတိထားမိတယ်” 

“ဟုတ်ပြီ... နို့ဖြင့် ဒီလတ်စွပ်က ဆင်မြီးအစစ်နဲ့ လုပ်ထား တာ ဟုတ်မဟုတ် ကြည့်ပေးစမ်းပါ” ရယ်လို့ ပြောပြီး ကျွန်တော်က လက် တွင် ဖွက်ကိုင်ထားသည့် ဆင်မြီးလက်စွပ်လေးကို ပေးလိုက်၏။

သူကြီးက ကျွန်တော် ပေးလိုက်သည့် ဆင်မြီးလက်စွပ်လေးကို သေချာ ကိုယ်တွယ်ကြည့်ပြီး “ဒါ ဆင်မြီးအစစ်နဲ့ လုပ်ထားတာ” ဟု ပြော လာတော့၏။

သည်တော့မှ ကျွန်တော် ဘယ်က ရလိုက်သည်ကို ဖွင့်ပြော လိုက်သည်။ 

“ဟေ... နို့ဆိုလျှင်ဖြင့် တရားခံအစစ်က စိန်ကုလား ဖြစ်နေ ပြီပေါ့..." 

“အင်း စိန်ကုလားတော့ စိန်ကုလားပဲ... နို့ပေမင့် သူ့ကို ရှာတွေ့မှ တရားခံအစစ် ဘယ်သူဆိုတာ သိနိုင်မှာ”

“သူ့ကို ဘယ်လိုက်ရှာမလဲ...”  

“ဘယ်မှ လိုက်ရှာစရာ မလိုဘူး... ဒီနားကို သူပြန်လာမှာ သေချာတယ်” 


သို့နှယ်ပြောပြီး ကျွန်တော်သည် သေနတ် ပြန်တွေ့သည့်နေရာ ကို လှမ်းမြင်လောက်သည့် ပုန်းကွယ်နေစရာ နေရာတစ်ခုကို ရှာလိုက် သည်။ ဟုတ်ပြီ .. တွေ့ပြီ... တစ်ဘက်တောင်ကြောလေး အစပ်တွင် ပေါက်နေသည့် ကျွန်းပင်ကြီးတစ်ပင် အောက်ခြေကို ရှင်းလင်းကာ နေရာ

သတ်မှတ်လိုက်၏။ ထိုကျွန်းပင် နောက်ကွယ်မှ နေ၍ ကြည့်လိုက်မည် ဆိုလျှင် ထိုချုံနွယ်ပင်ကို မိုး၍ မြင်ရ၏။


“ဒီနေရာလေး ဘယ်လိုလဲ ကိုလင်း” 

“ကောင်းတယ်”

သည်သို့ဖြင့် ကျွန်တော်တို့သည် တောင်ကြောလေးပေါ်ရှိ ကျွန်း ပင်ကြီးနောက်ကွယ်တွင် ဝါးကြမ်းလေး ခင်းလိုက်၏။ သုံးယောက်စာ လဲလျောင်းနိုင်သည့် အကျယ်အထိ မြေပေါ်တွင် ခင်းလိုက်ခြင်း ဖြစ်၏။


“မီးဖိုလို့ ဖြစ်ပါ့မလား” 

သူကြီးက မေးလာ၏၊

“ဖြစ်ပါတယ်... သူလာလျှင် နေ့ပဲလာမှာ ည လာမှာမှ မဟုတ်တာချည်း၊ တဲထိုးလို့သာ မဖြစ်တာ”

သို့ ကျွန်တော်က ပြောလိုက်သည်တွင် သူကြီးသည် နီးစပ်ရာ မှ ထင်းခြောက်တုံးများကို ရှာဖွေစုဆောင်းလေတော့၏။


“ကဲ... ကိုလင်းရေ အချိန်လေးရှိတုန်း ရေချိုးဆင်းရင်း သားကောင်လေး ဘာလေး ရှာကြတာပေါ့...”

. သို့ဖြင့် ကျွန်တော်တို့သည် ချောင်းရှိရာဘက်သို့ ဆင်းခဲ့ကြ သည်။ လမ်းတစ်လျှောက် မည်သည့် သားကောင်မျှ မတွေ့ပါချေ။ သို့ ဖြစ်၍ ချောင်းတွင်း ရေဆင်းမစိမ်မီ ချောင်းတစ်ဘက်ကမ်းပေါ် တက်၍ ဟိုနားသည်နား လျှောက်ခဲ့ကြ၏ ။

ကံအားလျော်စွာဖြင့် တောင်လိပ် တစ်တောင်တော့ဖြင့် သေ နတ် တစ်ချက် မဖောက်ရလေဘဲ ရလိုက်၏၊


ရေချိုးပြီးအပြန် မြောင်လေးတစ်ခု အတွင်းရှိ ကျောက်အိုင်လေး မှ နှစ်ချို့ ငါးရဲ့ ခေါင်းတိုကြီးများလည်း ရလိုက်သည် ဖြစ်၍ လိပ်သား မစားသော သူကြီး ဦးငြိမ်းသူအတွက် အဆင်ပြေသွားတော့၏။


ထိုည ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် လိပ်သားမီးကင်၊ ငါးကင်တို့ကို အမြည်းလုပ် အေးဆေးစွာ သောက်စားလိုက်ကြ၏၊ ဦးငြိမ်းသူ သည် တစ်ခွက်တစ်ဖလားတော့ဖြင့် ဝင်အားပေးလေ၏။

ကျွန်တော်တို့ သောက်စားနေစဉ် ပတ်ဝန်းကျင်သည် ပုရစ်သံ၊ ပုစဉ်းရင်ကွဲသံတို့ဖြင့် ဆူညံနေပေ၏။ ထိုသည်ကြားမှ ညဉ့်သန်းခေါင်ယံ ရောက်လုတွင်မှ အိပ်ရာဝင်ခဲ့ရတော့၏။


မည်မျှကြာကြာ အိပ်ပျော်သွားသည် မသိ “ဂျွတ်” ရယ်လို့ ဝါး ကြမ်းခင်း လှုပ်သွားခြင်းကြောင့် လန့်နိုးခဲ့ရတော့၏၊ အိပ်လျက် မျက်လုံး ဖွင့်ကြည့်လိုက်သည်။


သူကြီး “ဦးငြိမ်းသူ” သူ၏ နှစ်လုံးပြူး သေနတ်ကို ကောက်ကိုင်၍ ကျွန်တော်တို့ ပစ်မှတ်ထားသည့် စိန်ကုလား ရောက်လာနိုင်သည်ဟု တွက်ထားကြသော ချုံပုတ် ရှိရာသို့ ထိုးချိန်လိုက်သည် ဖြစ်၍


“ဘာတွေ့လို့လဲ သူကြီး” . 

အိပ်လျက်မှ မေးလိုက်သည်။ 

“ချုံပုတ်နားမယ် မည်းမည်းသဏ္ဌာန်တစ်ခု တွေ့လို့”

သို့သာ ပြောလာသဖြင့် ကျွန်တော်က ကပျာကသီ လဲလျောင်း နေရာမှ ထလိုက်သည်။

သုကြီး ပစ်မှတ် ချိန်ထားရာသို့ လှမ်းကြည့်လိုက်၏။ ဘာမျှ မတွေ့ပါကလား။

" ဒိန်း "

သူကြီး ဘာလို့ ပစ်လိုက်ပါလိမ့်။ ဘာမှလည်း မရှိလေဘဲနှင့်၊ 

“ထိသွားတယ်.. ထိသွားတယ်” 

သို့နှယ် အော်ရင်း သူကြီးသည် ထိုနေရာလေးသို့ ဆင်းသွားလေ သည်ကြောင့် ကပျာကသီ လှမ်းဆွဲထားလိုက်ရ၏။

“ထိသွားတယ် ဆိုလျှင်ဖြင့်လည်း မနက် လင်းလင်းရှင်းရှင်းမှ သွားပါ သူကြီးရယ်... ခု မှောင်နဲ့မည်းမည်းဆိုတော့ အန္တရာယ် ရှိနိုင်တာပေါ့"

ဟု ပြောလိုက်လေမှ သူကြီးသည် 

“ဘာကောင်လဲတော့ မသိဘူး၊ ပုံလဲကျနေတာပဲ” ဟု ပြောလာသဖြင့် ကျွန်တော်ပင် မျက်လုံး အား မကောင်း၍လား မှတ်လိုက်ကာ ထိုနေရာသို့ အသေအချာ စူးစိုက်ကြည့် လိုက်ပြန်၏။

ကျွန်တော် ပြုံးလိုက်မိသည်။ သူကြီး ဦးငြိမ်းသူတစ်ယောက် တောတောင် အတွေ့အကြုံ၊ သည်တစ်ကြိမ်သာလျှင် ရှိလိမ့်မည်ဟု တွက် ဆလိုက်ပြီး ဖြစ်တော့၏။

သူ တောခြောက်ခံ နေရခြင်းသာလျှင် ဖြစ်တော့သည်။ 

“ကဲ.. သူကြီး ကျွန်တော်လည်း တွေ့တယ်... သူကြီး သိပ်တော်တယ်” 

ဟု ပြောကာ ပြန် အိပ်စေလိုက်တော့၏။ 


နံနက် မိုးလင်းသည်တွင် သူကြီး ဦးငြိမ်းသူတစ်ယောက် အသံ တစာစာဖြင့် မကျေမနပ် ဖြစ်နေတော့၏၊

“ညက အသေအချာ မြင်လိုက်ရတာပဲ... ငါ ပစ်လိုက်တဲ့ သားကောင်ကို တစ်ယောက်ယောက် ယုသွားတာ ဖြစ်လိမ့်မယ်.. မယုံ လျှင်ဖြင့် ဆရာပိုက်ကို မေးဗျာ”


ဟု ပြောနေလေသဖြင့် ကျွန်တော် ကြိတ်ပြုံးမိတော့၏။ တကယ် တော့ ညကတည်းက ဘာကောင်မှ ရှိမနေပါချေ။


ကျွန်တော်တို့သည် မနေ့ညနေက ရထားသည့် လိပ်သားနှင့် ငါးကင်တို့ကိုသာ စားသောက်ကြပြီးလျှင် စခန်းနေရာလေးမှာပင် ငြိမ် သက်စွာ ချောင်းမြောင်း နေလိုက်တော့သည်။ 


နေမွန်းတည့်သည့်တိုင် ထူးခြားခြင်း အလျဉ်းမရှိ။ နေမွန်းလွဲ လောက်တွင်မတော့ ထိုချုံပုတ်လေး ရှိရာသို့ ပိန်ပိန်ပါးပါး အသားမည်း မည်း အသက်အားဖြင့် လေးဆယ်ဝန်းကျင်ခန့်ရှိမည့် လူတစ်ယောက် ရောက်လာသည်ကို တွေ့ရ၏။ 


“စိန်ကုလားဆိုတာ သုလား” 

သူကြီးကို မေးလိုက်၏။

“ဟုတ်တယ်”

စိန်ကုလား ဆိုတာ သိလိုက်သည်နှင့် ကျွန်တော်သည် သေနတ်ပြောင်းကို ထိုးချိန်လိုက်၏။


စိန်ကုလားသည် ကျွန်တော်တို့ စောင့်ကြည့်နေသည်ကို လုံးဝ သိပုံမပေါ်၊ သူလာရာလမ်း နောက်ဘက် လှည့်ကြည့်ပြီး ဘေးဘီဝဲယာ

သို့ မလုံမလဲဟန်ဖြင့် ကြည့်လိုက်ပြီး သူ့အား ခြေရာခံ လိုက်လာသူ မရှိ ဟု သတ်မှတ်လိုက်ပြီး ချုံပုတ်အတွင်း စေ့စေ့စပ်စပ် တစ်စုံတစ်ရာကို ရှာနေလေ၏။ ကျွန်တော် ပြုံးလိုက်မိသည် ။

အတန်ကြာတွင် ချုံပုတ်ကြားမှ တစ်စုံတစ်ရာကို ကုန်းကောက် လိုက်တော့၏၊


သူ့ မျက်နှာ ပြုံးသွား၏၊

သူ ကျွန်တော် ထား... ထားလေသည့် ဆင်မြီး လက်စွပ်လေးကို သူ၏ ဘယ်လက်သူကြွယ်တွင် စွပ်လိုက်ပြီး အားရ ကျေနပ်စွာဖြင့် ထိုနေရာလေးမှ လှည့်ထွက်လိုက်သည်နှင့် 


" ဒိန်း "

ကျွန်တော် ပစ်လိုက်သော သေနတ်သံကြောင့် စိန်ကုလား တစ် ယောက် လန့်ဖျပ်သွားကာ ကြောင်နေလေ၏။


“ဟိတ်ကောင်... စိန်ကုလား မင်း အဲဒီမှာတင် ရပ်နေပါ" 

သူကြီးက လှမ်းအော်ပြီး သူ့ထံသို့ ဆင်းသွားလေသည်။


ကျွန်တော်နှင့် လင်းမြင့်လှိုင်သည်လည်း စိန်ကုလားထံ သွား လိုက်၏၊ စိန်ကုလားကို သူကြီးက လက်နှစ်ဖက် နောက်ပစ်ခိုင်းပြီး တုပ် နှောင်ချည်လိုက်တော့၏။ ပြီးတော့... 


“မင်း... ငါတို့နဲ့ လိုက်ခဲ့ရမယ်... မင်းအပြစ်ကို မင်း ဝန်မခံတော့ကာ မင်းဆရာက မင်းကိုယ်စား အချုပ်အနှောင် ခံနေရပြီ၊ ဘယ်လို လုပ်မလဲ... မင်းဆရာကို မင်း ငဲ့ညှာသင့်ပါကယ်ကွာ”


 ''သူကြီးက သို့ပြောလိုက်ပေမင့် စိန်ကုလားသည် ငြင်းလည်း မငြင်း၊ ဝန်ခံခြင်းလည်းမပြု။


“ယောက်ျားဆိုတာ ကိုယ့်အပြစ် ကိုယ်ဝန်ခံရတယ်ကွ.. ကိုယ့် မိဘ ကိုယ့်ဆရာသမား၊ ကိုယ့်သားမယား အပေါ် သိတတ် နားလည်ရ တယ်။ ခုတော့ ကြည့်စမ်း၊ မင်းဆရာက မင်းအတွက် အဖမ်းခံနေရပြီ။ သူ့မယ် သားနဲ့ မယားနဲ့ပါကွာ... မင်းက လူလွတ်ပဲ.. ကိုယ့်အပြစ် ကို သူများအပေါ် ပုံမချချင် ပါနဲ့ကွာ... ကိုယ့်ဆရာသမား ဆိုတော့ ပိုလို့ မလုပ်ကောင်းပါဘူး”


ကျွန်တော်က သို့နှယ် ရေပက်မဝင် ပြောလိုက်ပေမင့် စိန်ကုလားက အင်းမလှုပ် အဲမလှုပ် တစ်စုံတစ်ဦးအပေါ် နာကျည်းနေပုံ ဖြစ်သည်။

 တကယ်လည်း မုဆိုးဖိုးကြွယ်တစ်ယောက် သူ့သေနတ်၊ သူ့ ကျည်ဆန် ဖြစ်နေခြင်းကြောင့် အလျှောက်ကောင်းလျှင်တောင်မှ လူသေ မှုဖြင့် ထောင်နန်းစံရမှာ သေချာသည်။ တရားခံ အစစ်အမှန်သာလျှင် သူ့ကို ကယ်နိုင်မယ် ဖြစ်၏၊

ကျွန်တော်သည် လမ်းတစ်လျှောက် စိန်ကုလားကို နားလည် အောင် သဘောပေါက်အောင် ပြောနေရ၏။ 


“ကျွန်တော့်ဖာသာ ဝါးခုတ်နေတာ အကောင်းဗျာ... ဆရာ ဖိုးကြွယ်က မုဆိုးပညာ သင်စေပြီး မုဆိုးအလုပ် လုပ်ခိုင်းတော့ မဖြစ်သင့် တာတွေ ဖြစ်သွားရတာပေါ့ဗျာ... သမာအာဇီဝ လုပ်ကိုင်စားနေတာ

ကောင်းလျက် ဒေဝဒတ်လို ဆရာကို ချည်းကပ်မိတော့ကာ အကုသိုလ် အလုပ်နဲ့ လုပ်ကိုင်စားခဲ့မိလို့ ခုလို ဖြစ်ရတာပဲဗျာ... အဲဒီတော့ ကျွန်

တော် လုပ်ရမှာ တစ်လမ်းပဲ ရှိတယ်” 


ဟုပြောကာ ကျွန်တော်တို့အပါးမှ ပြေးထွက်သွားကာ မြင့်မားသော ချောက်ကမ်းပါးပေါ်မှ ခုန်ချကာ သေကြောင်း ကြံသွားလေတော့သည်။


“ဟာ!" .

“ဟင်" 

“အလိုလေးဗျာ”

မထင်မှတ်သော လုပ်ရပ်ကို ရုတ်ခြည်း လုပ်သွားသည်ကြောင့် တားဆီးခွင့် မရလိုက်ချေ။


အတော် မိုက်လုံးကြီးတဲ့ သူပေပဲ။ 

တကယ်တော့ စိန်ကုလားသည် အသက်နှင့် ရင်း၍ သူ့ ဆရာသမားကို ဒုက္ခပေးသွားခြင်း ဖြစ်တော့သည်။


“အဲဒါပေါ့ ကိုပိုက်ရယ်... ကိုယ်ပျက်စီးရတာ အလိုလိုက် လွန်းတဲ့ အမေကြောင့် ဆိုပြီး အမေ့နားရွက်ကို ကိုက်ဖြတ်လိုက်တဲ့ သား ဦးမျိုးထဲမှာ စိန်ကုလား ပါတာပေါ့”

သို့ လင်းမြင့်လှိုင်က ပြောလာသည်ကြောင့် ကျွန်တော်သည်

ခြောက်ကမ်းပါးအောက်ဘက် ရေခမ်းနေသည့် ချောင်းအတွင်းရှိ ကျောက်တုံးကျောက်ခဲတို့ကြားမှ မှောက်လျက် သွေးသံရဲရဲ ကြားမှ သေဆုံးသွား ဖြစ်သည့် စိန်ကုလားကို တစ်ချက် ကြည့်လိုက်ပြီး ထိုနေရာလေးမှလှည့် ထွက်ခဲ့တော့သည် ။ 


အဓိက တရားခံအစစ် သေဆုံးသွားပြီ ဆိုတော့ မုဆိုးဖိုးကြွယ် ၏ ရှေ့ရေးသည် မကောင်းချေပြီ မနည်း ရှင်းရပေတော့မည်။


ဘယ်တတ်နိုင်ပါ့မလဲလေ။ ဖိုးကြွယ်သည် တကယ်တော့ သူ့ ကြမ္မာ သူဖန်တီးခြင်းသာ ဖြစ်ပေတော့သည်။


၁၂-၇-၂၀၀၃


°°°


#အတတ်ကြူး၍ဘီလူးဖြစ်ရသူ

#ကိုပိုက်


#after_tessa 🐿️