အချစ်ကြီးသူ

 🖌️🖌️အချစ်ကြီးသူ🖌️🖌️


ထိုနေ့က ဒေါ်အေးကြည် အသုဘချသည့်နေ့ဖြစ်သည်။


အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဒေါ်အေးကြည်သည် လူကြီးရောဂါဖြင့် သေဆုံးခြင်းဖြစ်သည်။ သူသည် ကျွန်တော့် ကျောင်းက ဆရာမလေး မအေးပုံ၏ မိခင်လည်းဖြစ်သည်။


ရွာအသုဘထုံးစံတိုင်း အလောင်းကို သင်္ချိုင်းတွင်ထားသည်။ ၇ ရက်ပြည့်မှ ရွာ ထဲကလူတွေ အသုဘလိုက်ပို့မည် ဆိုကာ ရွာပြင်သုသာန်ကို သွားကြသည်။ သုသာန်ဇရပ်တွင် သရဏဂုံတင်သည်။ ထို့နောက် အလောင်းကို ရွာထုံးစံအရ မြေမြှုပ်လိုက်ကြသည်။


ကျွန်တော် အသုဘပို့ပြီးအပြန် ရွာထဲကဈေးဆိုင်ကိုဝင်ပြီး ဘဲဥနှစ်လုံးဝယ်သည်။ ညစာကို ဘဲဥချက်မည်။ တစ်လုံးက ညစာ၊ တစ်လုံးက နောက်တစ်နေ့ နံနက်စာ။ မန်ကျည်းရည်လေးနှင့် အစပ်ချက်မည်ဖြစ်ရာ မဆလာတစ်ထုပ်ပါဝယ်ပြီး အိမ်ကိုပြန်လာခဲ့သည်။


ကျွန်တော့်အိမ်ဆိုသည်မှာ အမှန်တော့ ကျောင်းထဲကတဲသာဖြစ်ပါသည်။ ဆရာအတွက်ဆိုကာ ရွာက ဆောက်ပေးထားသည့် တဲလေးတွင် ကျွန်တော်နေသည်။ ကျွန်တော့်တစ်ယောက်တည်းအတွက်တော့ အတော်လေးကျယ်သည်။


ကျွန်တော့်ကျောင်းအိမ်သည် တံခါးမရှိပါ။ ဘာမျှပျောက်စရာလည်း မရှိ။ ကျွန်တော် အိမ်နားကိုရောက်သည့် အခါတွင် အိမ်ထဲက အိုးခွက်သံတွေကြားရသဖြင့်


“ဟာ ခွေးတက်ပြန်ပြီ” ဆိုကာ တုတ်တစ်ချောင်းကောက်ပြီး တဲပေါ်ကို ပြေးတက်သွားသည်။


ကျွန်တော်မီးဖိုချောင်ထဲကို ဝင်သွားသည့် အခါတွင် လန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် မီးဖိုချောင်ထဲတွင် လူတစ်ယောက်ကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည်။ မီးဖိုခန်းက အနည်းငယ်မှောင်သဖြင့်


“ဘယ်သူလဲ” ဟု မေးလိုက်မိသည်။


“ဆရာလေးကျွန်တော်ပါဗျ”


ကျွန်တော် အသံမှတ်မိသည်။


“ဟာ ဦးလေးအောင် … ဘယ်လိုဖြစ်တာလဲ … ဘယ်ကနေ ဘယ်လို ဒီကိုရောက်လာတာလဲ။ မီးဖိုထဲမှာ ဘာတွေ လုပ်နေတာလဲ”


“ဆရာလေးရာ စကားများလိုက်တာ ထမင်းဆာလို့ … ထမင်းလိုက်ရှာနေတာ”


“ထမင်းမချက်ရသေးဘူးဗျ”


“ဒါဆိုလည်း မြန်မြန်ချက်ဗျာ ဗိုက်ဆာတယ်”


“ဦးလေးအောင် ဘယ်လိုဖြစ်လို့ …”


“ဆရာကလည်း စကားများလိုက်တာ ထမင်းချက်မှာ ချက်တာမဟုတ်ဘူး”


ကျွန်တော် ဆန်ဆေးကာ ထမင်းချက်ဖို့ပြင်ရတော့သည်။


“ဦးလေးအောင် အပြင်မှာ အေးအေးဆေးဆေးနေ”


“ကျုပ်အိပ်ချင်တယ်ဗျာ … အိပ်ဦးမယ် … ထမင်းကျက်ရင်နှိုးလိုက်”


ကျွန်တော့်မှာ ထမင်းအိုးတည်ပြီး နောက်ဖေးမှဆင်းကာ အသုဘအိမ်ကို ပြေးရတော့သည်။


“အေးပုံ … ဟဲ့ အေးပုံ”


“ဆရာလေး … ဆရာလေး … အဖေပျောက်သွားလို့ လုပ်ပါဦး”


“အေး … အဲဒါပြောဖို့လာတာ … နင့်အဖေ ငါ့အိမ်ကို ရောက်နေတယ်”


“ဟင်ဟုတ်လား … ဘယ်လိုဖြစ်ပြီး ဆရာလေးအိမ်ကို ရောက်သွားတာလဲ”


“အေး … ငါလည်း အသုဘပို့ပြီး အိမ်ပေါ်တက်တော့ သူ့ကိုတွေ့လိုက်တာ။ ဘယ်လိုဖြစ်ပြီး ငါ့ဆီ ရောက်လာတယ်မသိဘူး။ ငါ့ကိုတွေ့တွေ့ချင်း ထမင်းဆာလို့တဲ့ ထမင်းကျွေးဆိုလို့ ငါထမင်းချက်ပြီး နင်တို့ အိမ်ကို ပြေးလာတာ။


ဦးလေးအောင်သည် ဒေါ်အေးကြည်၏ ခင်ပွန်းဖြစ်သည်။ လွန်ခဲ့သော တစ်လလောက်က ချော်လဲသည်။ မေ့သလိုဖြစ်ကာ အိပ်ရာထဲလဲနေသူဖြစ်သည်။ ယခု အသုဘသွားပို့ကြတော့လည်း သူ့ကို အိမ်တွင် ထားခဲ့ကြ ရသည်။ အိပ်ရာထဲလဲနေသူကို အဘယ်မှာလျှင် သင်္ချိုင်းခေါ်ကြမည်နည်း။ အိမ်တွင်အစောင့်အဖြစ် လူတွေ ကျန်ခဲ့သည့်ကြားက လူမမာသည် အိပ်ရာကထလာပြီး ကျွန်တော့်ကျောင်းကို ဘယ်ပုံဘယ်နည်း ရောက်လာ သနည်းဆိုခြင်းကို နားမလည်နိုင်လောက်အောင်ဖြစ်နေသည်။ ဦးလေးအောင်သည် ကျန်းမာစဉ်ကလည်း ကျောင်းကိုမကြာခဏ ရောက်လာပြီး ကျွန်တော်နှင့် စကားပြောလေ့ရှိသည်။


ကျွန်တော်နှင့်အတူ မအေးပုံ၊ သူ့အစ်ကို ဖိုးသာထူးနှင့် ဆွေမျိုးသုံးလေးယောက် လိုက်လာကြသည်။ ကျွန်တော့် တဲကို ပြန်ရောက်သည့် အခါတွင် ဦးလေးအောင်သည် ကျွန်တော့်အိပ်ရာထဲတွင် ကွေးကွေးလေး အိပ်နေသည်။


ကျွန်တော်ကထမင်းအိုးကိုပြေးပြီးကြည့်ရသည်။ မအေးပုံက သူ့အဖေကို နှိုးလိုက်သည်။


“အဖေ … အဖေ”


“ဟေ”


ဦးလေးအောင်က ဆတ်ခနဲထထိုင်လိုက်သည်။


“အဖေ ဘယ်လိုဖြစ်ပြီး ဆရာ့ဆီရောက်လာတာလဲ”


“ဒီလိုပဲ လမ်းလျှောက်လာတာပေါ့”


“လာပါ အိမ်ပြန်ကြရအောင်”


“မပြန်သေးဘူး ဆရာနဲ့ ထမင်းစားဦးမယ်”


“ဆရာက ဘာမှ မချက်ရသေးဘူး။ အိမ်မှာ ချက်ထားပြီးသားတွေရှိတယ်”


“ငါဆာနေပြီ”


“လာပါအဖေရာ အိမ်ရောက်မှ စားကြမယ်။ ဆရာလည်း အိမ်လိုက်ခဲ့ပါ။ အိမ်မှာပဲ စားတာပေါ့”


ကျွန်တော်က ထမင်းအိုးလည်း ကျက်ပြီဖြစ်သဖြင့် အသုဘအိမ်ကိုလိုက်ခဲ့သည်။


ဦးလေးအောင်သည် တစ်လခန့် အိပ်ရာထဲတွင် လဲနေသည်ဟု ပြောရခက်သည်။ သားတွေ သမီးတွေ မြေးတွေနှင့် ရယ်ရယ်မောမော ထမင်းတွေစားနေသည်။ သူ့အသက်က ၇၈ နှစ်ရှိပြီဖြစ်သည်။


သူကထမင်းစားပြီးနောက်


“ဟဲ့ အေးကြည်ရော … အေးကြည်ဘယ်ရောက်နေလဲ မတွေ့ပါလား” ဟုမေးသည်။


ကျွန်တော်တို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ အေးပုံက


“ဆရာပဲပြောလိုက်ပါ” ဟု ကျွန်တော့်အပေါ်ပုံချလိုက်သည်။


“ဦးလေးအောင် … ဒီနေ့ပဲ ဒေါ်အေးကြည် အသုဘချတယ်”


“ဟာ မဖြစ်နိုင်တာ မနေ့ကတောင် အေးကြည်နဲ့ ရွာတောင်ပိုင်းမှာအကြွေးသွားတောင်းသေးတာ”


“ဦးလေးအောင် ချော်လဲပြီးတော့ မေ့သလိုဖြစ်နေတာ တစ်လလောက်ရှိနေပြီ”


“ဟာမဖြစ်နိုင်တာ … ကျွန်တော် ဆရာ့ဆီရောက်ခဲ့သေးတယ်လေ”


“ဟုတ်တယ် ကျွန်တော် အသုဘပို့ပြီး ပြန်လာတော့ ဦးလေးအောင်ကို အိမ်ပေါ်မှာတွေ့တာ”


“မဖြစ်နိုင်ပါဘူး … အေးကြည် မသေပါဘူး။ သေချင်းသေ ကျွန်တော်ကအရင်သေရမှာ”


“ဦးလေးအောင်ရယ် တကယ်ပြောတာပါ … ဒေါ်အေးကြည် အသုဘကို ဒီနေ့ပဲချလိုက်ရတာပါ”


“ကျုပ်မယုံဘူး … မယုံဘူး … ဘယ်မှာလဲ ကျုပ်ကိုယ်တိုင်သွားကြည့်မယ် တွေ့ပြီးမှ ယုံမယ်”


“မြေမြှုပ်လိုက်ပြီးပြီ ဦးလေးအောင်ရယ်”


“ဟာ … ဘယ်လိုဖြစ်နိုင်မှာလဲ … အေးကြည် … အေးကြည်”


ဦးလေးအောင် အိမ်ပေါ်ကဆင်းပြေးသည်။ သူ့ကိုဝိုင်းဆွဲကြသည်။ အသက် ၇၈ နှစ်အရွယ် အဘိုးကြီးကို မည်သူမျှ မဆွဲနိုင်အောင်ဖြစ်နေကြသည်။ ကျွန်တော်က


“တော်ပြီ … တော်ပြီ … မဆွဲကြနဲ့တော့ မောနေပြီ။ ဦးလေးအောင် ဒေါ်အေးကြည်တကယ်သေတယ်ဆိုတာ တွေ့ရင် ယုံမလား”


“ကျုပ်တွေ့မှယုံမယ်ဗျ”


“ကဲ ဒါဆိုလည်းလာဗျာ”


“ဆရာမိုးချုပ်နေပြီလေ”


“မိုးချုပ်လည်းဘာဖြစ်သလဲ သင်္ချိုင်းကိုသွားကြတာပေါ့ … ဖိုးသာထူး မီးတုတ်တွေလုပ်”


ကျွန်တော်တို့ ဦးလေးအောင်အပါအဝင် ငါးယောက်ခန့် သင်္ချိုင်းကို မီးတုတ်တွေနှင့် လာကြသည်။


ကျွန်တော်တို့က ဒေါ်အေးကြည်ကို မြေမြှုပ်ခဲ့သည့် မြေပုံဆီသို့ ဦးလေးအောင်ကို ခေါ်သွားကြသည်။


“ဒေါ်အေးကြည် ၇၂ နှစ်” ဆိုသည့် မှတ်တိုင်ကိုစိုက်ထားသည်မှာလည်း အထင်အရှားပင်။ သစ်သားပြားပေါ်တွင် ထုံးနှင့်ရေးသားထားခြင်းဖြစ်သည်။


ဦးလေးအောင်သည် တွေတွေကြီး မြေပုံကို ရပ်ကြည့်နေသည်။


“ဒါ အေးကြည်မြေပုံ ဟုတ်လား”


“ဟုတ်တယ်အဖေ”


“ဆရာလေး ဒါ အေးကြည်ဟုတ်ပါတယ်နော်”


“ဟုတ်ပါတယ်ဗျာ”


“အမလေး အေးကြည်ရေ နင်က ငါ့ကို စိတ်မချတာ ခုတော့ နင်က အရင်ထွက်သွားပါလားဟ … ဟီး … ဟီး … ဟီး”


ဦးလေးအောင် ယောက်ျားတန်မဲ့ကြီးနှင့် ဟီးချကာငိုပြီး သူ့ဇနီးမြေပုံပေါ် မှောက်ချကာ ဖက်ထားသည်။


တသိမ့်သိမ့်ရှိုက်ကာ ရှိုက်ကာနှင့် နောက်ဆုံးတွင် ငြိမ်သွားသည်။


“ဦးလေးအောင် … ဦးလေးအောင် … ပြန်ကြရအောင်”


သူကမလှုပ်သဖြင့် ကျွန်တော်က သူ့ကိုဆွဲကာ လှန်လိုက်သည်။ သူငြိမ်နေသည်။ သူ့နှာခေါင်းကို လက်နှင့် လေတိုးမတိုးစမ်းသည်။ အသက်မရှူတော့။ သူ့လက်ကောက်ဝတ်ကိုစမ်းကြည့်သည် သွေးမခုန်။ သူ့နှလုံးနေရာ ကို နားဖြင့်ကပ်ကာ နားထောင်ကြည့်သည် နှလုံးမခုန်တော့။


ဦးလေးအောင်ထိုနေရာမှာပင်ဆုံးသွားသည်။


ဆရာကြီးတင်ညွန့်