“အိမ်အကူ လိုရင်ခေါ်ပါ”(စ/ဆုံး)

 “အိမ်အကူ လိုရင်ခေါ်ပါ”(စ/ဆုံး)

———————–
သမီးနံမည်ကခင်တင့်ပါ၊ သမီးတို့ကဖျာပုံ-ဘိုကလေးလမ်းမှာရှိတဲ့ရွာလေးတရွာကပါ၊ သမီးတို့အဖေ အမေတို့ကတော့တောင်သူလယ်သမားတွေပါ၊ လယ်ဧကလေးနည်းနည်းရှိလို့စပါးစိုက်တောင်သူတွေပေါ့၊
သမီးတို့မှာမောင်နှမ ၄ ယောက်ရှိပါတယ်၊ အကိုကြီးကတော့အသက် ၂၀ ကျော်၊ ၇ တန်းနဲ့ကျောင်းထွက်ပြီးဖျာပုံ-ရန်ကုန်ကားတွေမှာယာဥ်နောက်လိုက်လုပ်ပါတယ်၊ အကိုကြီးအောက်ကသမီးပါ၊ သမီးကတော့ ၈ တန်းအောင်ထိကျောင်းနေဘူးပါတယ်၊ ၉ တန်းစာတွေမလိုက်နိုင်တော့တာနဲ့ကျောင်းထွက်ထားပါတယ်၊
ညီမလေးကလည်း ၈ တန်းရောက်တဲ့နှစ်မှာကျောင်းမတက်ချင်တော့တာနဲ့ကျောင်းထွက်ပြီး၊ အဖေတို့အမေတို့နဲ့လယ်လုပ်ပါတယ်၊ မောင်အငယ်ဆုံးကတော့ ၄ တန်းကျောင်းသားပါ၊ အဖေတို့အမေတို့ကပညာတတ်တွေဖြစ်စေချင်လို့ကျောင်းထားပေးပေမဲ့၊ သမီးတို့မောင်နှမတွေကတော့ ၈ တန်းနဲ့ကျောင်းထွက်ကြတာချည်းပါဘဲ၊
သမီးကအသက် ၁၈ နှစ်ပြည့်ပါပြီ၊ ဒါပေမဲ့ အဖေတို့အမေတို့ကအရပ်ခပ်ပြတ်ပြတ်ကလေးတွေမို့ သမီးကသူတို့နဲ့တူပြီး ပုပုသေးသေးလေးဖြစ်နေလို့ ၁၈ နှစ်သမီးလို့ပြောရင်ယုံစရာမရှိ၊ ၁၄ နှစ်သမီးလောက်ဘဲထင်ကြပါတယ်၊ သမီးညီမကတော့ အသက် ၁၆ နှစ်ပေမဲ့၊ လယ်လုပ်သူမို့လားမသိပါဘူး၊ ယောကျားကြီးတယောက်လိုသန်မာထွားကျိုးင်းပါတယ်၊
သမီးတို့မိသားစုထဲမှာသူတယောက်ဘဲ ဒေါင်းတည် မောင်းတည်ရှိတာပါ၊ ကျန်တဲ့မောင်နှမ ၃ ယောက်စလုံးက ပုပုသေးသေးလေးတွေပါ၊ အဲဒီထဲမှာသမီးကအသေးကွေးဆုံးပေါ့၊
ငယ်ငယ်ကတည်းကလယ်အလုပ်လည်းမလုပ်ခဲ့သူမို့အပင်ပမ်းလည်းမခံနိုင်ပါဘူး၊ ဒါကြောင့်ကျောင်းကထွက်ကတည်းကဘာအလုပ်မှလည်းလုပ်စရာမရှိတော့ အိမ်မှာဘဲ အမေ့ကိုဝိုင်းကူလုပ်ပေးရင်းနဲ့ အငြိမ်းစားနေ နေတာပေါ့၊
အဲဒီအချ်န်မှာရွာကိုအိမ်အကူလိုခြင်လို့ဆိုပြီး၊ ရန်ကုန်မှာပွဲစားလုပ်နေတဲ့ ဒေါ်ကြီးမမြိုင်ရောက်ချလာပြီး၊ သမီးကိုရန်ကုန်ကပိုးထည်တိုက်ပိုင်ရှင်အိမ်မှာအိမ်ဖော်အဖြစ်ထားပေးမယ်ဆိုပြီးလာခေါ်ပါတယ်၊
နေ၊ စား၊ ငြိမ်းတလကိုတသိန်းရမယ်ဆိုတော့အဖေကအဲဒီအချိန်ကငွေတသိန်းဆိုတာမနည်းဘူးလေ၊ သမီးကိုဒေါ်ကြီးမမြိုင်နဲ့ထည့်လိုက်ပါတယ်၊ မြောက်ဒဂုံကပိုးထည်တိုက်မှာခြံကြီး၊ ဝင်းကြွးနဲ့ ရုပ်ရှင်ထဲကသူဌေးအိမ်ရောက်သွားရသလိုပါဘဲ၊ အဲဒီအချိန်ကသမီးအသက် ၁၅ နှစ်ဘဲရှိပါသေးတယ်၊
အဲဒီအိမ်မှာထမင်းဟင်းချက်စရာမလိုဘဲအိမ်သန့်ရှင်းရေးလုပ်၊ မမကြီးတို့အခန်းတွေရှင်း၊ အဝတ်တွေလျှော်ဖွတ်၊ မီးပူတိုက်၊ ဆိုင်မှာကူလုပ်၊ ဒီလောက်ပါဘဲ၊
အိမ်မှာထမင်းချက်တဲ့ဒေါ်ကြီး မအေးနဲ့တခန်းထဲအိပ်ရပြီး၊ အိပ်ခန်းထဲမှာရေချ်ုးခန်း၊ အိမ်သာပါပြီးညဆို Air con နဲ့အိပ်ရတာ၊ ထမင်း၊ ဟင်းဆိုလည်းကောင်းကောင်းစားရတယ်၊ ဆိုင်မှာကူလုပ်ရလို့အဝတ်အစားကအစ မမကြီးတို့ကဝယ်ပေးတယ်၊
အဖေကတော့တလတခါလစာလာယူရင်းလာကြည့်တတ်ပါတယ်၊ သမီးကအဲဒီအိမ်မှာကောင်းကောင်းမေ၊ ကောင်းကောင်းစားရတော့အရမ်းပျှော်တာဘဲ၊ ေဒီလိုနဲ့တနှစ်လောက်နေပြီးတော့ အဖေကလယ်လုပ်စရာရှိလို့ဆိုပြီး အကြောင်းပြပြီး၊ လာခေါ်ပါတယ်၊ တကယ်လည်းသမီးကလယ်လုပ်တာမှမဟုတ်တာကို၊
..အဖေကလိမ်ခေါ်မှန်းသိပေမဲ့ အဖေ့ကိုကြောက်ရတော့မပြောရဲပါဘူး၊ ဒီအိမ်ကမမကြီးတို့ကဆိုသမီးကလိမ္မာလို့ဆိုပြီး မွေးစားမယ်ဆိုပြီးအဖေ့ကိုတောင်ပြောပါသေးတယ်၊ အဖေကမပေးပါဘူး၊
ဒီလိုနဲ့သမီးတောကိုပြန်ရောက်သွားတာပေါ့၊ ရွာမှာကမီးမရှိ ၊ ညဆိုမှောင်မှောင်မည်းမည်း၊ ထမင်းဟင်းကျတော့လည်းတောဟင်းဘဲစားရတာဆိုတော့သမီးမစားနိုင်ပါဘူး၊
ရန်ကုန်မှာတနှစ်လောက်ကောင်းကောင်းစား၊ကောင်းကောင်းနေ နေရတော့အကျင့်ပါပြီး၊ တောမှာမနေတတ်တော့ပါဘူး၊
ဒီလိုနဲ့တပါတ်လောက်နေတော့အကိုကြီးအသိအန်တီတယောက်က သူ့တူမကမွေးဖွားခါနီး၊ အိမ်အကူလို လို့ရှာခိုင်းလို့ပြောတာနဲ့၊ အဖေကရန်ကုန်ကိုထည့်ပေးလိုက်ပါတယ်၊( လစာကလည်း တသိန်းခွဲရတာကိုး)၊
ရန်ကုန်ကဦးဦးတို့၊ မမစိုးတို့အိမ်ကြီးကလည်းခြံဝင်းကျယ်ကြီးနဲ့ နှစ်ထပ်တိုက်ကြီးပါ၊ အိမ်မှာလည်းအိမ်သားများများစားစားမရှ်ဘဲ ဦးဦးရယ်၊ မမစိုးရယ်၊ မမစိုးယောက်ခမအန်တီရယ်၊ ခွေးတကောင်ဘဲရှ်တာပါ၊
..မမစိုးကနော့မွေးဖွားခါနီးကိုယ်ဝန်သည်ဆိုတော့မမစိုးကိစ္စဝိစ္စတွေဘဲလုပ်ပေးရပါတယ်၊ ထမင်းဟင်းကိုတော့အန်တီကချက်ပြီး၊ အိမ်သန့်ရှင်းရေး၊ ခြံထဲမှာတံမျက်စည်းလှည်း၊ ဒီလောက်ဘဲလုပ်ရပါတယ်၊
မမစိုးကဆရာဝန်မလို့မနက်ဆိုဆေးရုံသွား၊ ညနေ ၃ နာရီလောက်မှာပြန်လာ၊ ဦးဦးကလည်းကုမ္ပဏီပိုင်ရှင်ဆိုတော့မိုးလင်း၊ မိုးချုပ်မအားကြပါဘူး၊
သမီးကမမစိုးဆေးရုံမသွားခင်ကူလုပ်၊ အိမ်ကခွေးကိုထမင်းကျွေး၊ နေ့လည်ဆိုအားရင်ခဏအိပ်၊ ညနေထမင်းစားပြီးရင်တော့အန်တီနဲ့အတူ TV ကြည့်ကြ၊
အဲဒီအိမ်မှာလည်းအိမ်အပေါ်ထပ်၊ အောက်ထပ်တွေမှာအခန်းတွေရှိလို့တယောက်တခန်းနေရပါတယ်၊ အန်တီကတော့အတက်အဆင်းသိပ်မလုပ်နိုင်လို့အောက်ထပ်မှာဘဲအိပ်ပါတယ်၊ ဘုရားရှိခိုးမှသာအပေါ်ထပ်တက်တာပါ၊
သမီးအခန်းမှာရေချိုးခန်း၊ အိမ်သာတွဲရက်ပါပြီး ညအိပ်ရင်လည်း Air con ဖွင့်အိပ်ရတာမို့ဇိမ်ကျနေတာပေါ့၊
ဒီလိုနဲ့ ၂ လလောက်နေတော့မမစိုးကလေးမွေးပါတယ်၊ ကလေးလေးကချစ်စရာကောင်းလွန်းလို့သမီးလက်ကမချနိုင်လောက်အောင်ချစ်ပါတယ်၊ သားလေးကဂျီမကျဘဲအေးဆေးသူမို့မပင်ပမ်းပါဘူး၊ အချိန်တန်နို့ဗူးလေးဖျော်တိုက်လိုက်ရင်အိပ်တော့တာပါဘဲ၊
သားလေးကတဖြေးဖြေးနဲ့ကြီးလာတာနဲ့အမျှ တလပြီးတလကြီးထွားလာလိုက်တာ၊ သမီးကလည်းကလေးကိစ္စနဲ့မအားရပါဘူး၊ ဒါပေမဲ့သမီးပျှော်ပါတယ်၊ အန်တီကအဝတ်အစားတွေခဏ ခဏဝယ်ပေးတယ်၊ မမစိုးကလည်းဘိနပ်လှလှလေးတွေဝယ်ပေးပါတယ်၊
လာတုန်းကသမီးမှာကျောပိုးအိတ်လေးထဲမှာအဝတ်အစား ၂ စုံလောက်ဘဲပါလာတာ၊ အခုဆိုအန်တီဝယ်ပေးထားတဲ့အဝတ်တွေနဲ့အိတ်တလုံးအပြည့်ဖြစ်နေပါပြီ၊ သနပ်ခါးလိမ်းဖို့ သနပ်ခါးတုံးကအစ၊ ကျောက်ပျဥ်၊ မှန်၊ ဘီး၊ မျက်နှာသုတ်ပုဝါ အကုန်ပေးထားပါတယ်၊
အဖေကဒီအိမ်ကိုတော့ခဏခဏမလာပါဘူး၊ အန်တီ့ကိုကြောက်တယ်နဲ့တူပါရဲ့၊ ဒီအိမ်မှာဖုံးသုံးခွင့်ပေးလို့ ရွာမှာထားခဲ့တဲ့သမီးဖုံးလေးကို မှာလိုက်တော့ အကိုကြီးကလာပို့ပေးပါတယ်၊
သမ၎င်းးက fb တော့မသုံးပါဘူး၊ရွာကညီမလေးနဲ့တော့ v-call ခေါ်ပြီးခဏခဏပြောဖြစ်တယ်၊ ဒီအိမ်မှာ wifi နဲ့သုံးရတော့အဆင်ပြေတာပေါ့နော်၊
ဒီလိုနဲ့ဒီအိမ်ရောက်တာတနှစ်ရှိသွားပါပြီ၊ သားသားလေးလည်း ၁၀ လပြည့်လို့ထမင်းတောင်ချေပြီးကျွေးလို့ရနေပါပြီ၊ သားသားကလည်းမွေးကတည်းကသမီးလက်ပေါ်ကြီးလာရလို့၊ သမီးကိုမျက်စိအောက်ကအပျောက်မခံပါဘူး၊
တညမှာတော့အဖေကဖုံးဆက်ပြောပါတယ်၊ လယ်လုပ်စရာရှိတယ်လို့အကြောင်းပြပြီးသမီးကိုပြန်လာခေါ်မယ်တဲ့၊ သမီးလည်းမမစိုးကိုပြောလိုက်တော့ မမစိုးကစိတ်ဆိုးတာပေါ့၊သမီးပြန်သွားရင်သားသားကိုဘယ်သူထိန်းမလည်းတဲ့၊ အန်တီကလည်းချက်ရေး ပြုပ်ရေးနဲ့မအားဘူးလေ၊
အဖေနဲ့မမစိုးတို့စကားများကြတာပေါ့၊ မမစိုးကလယ်လုပ်စရာရှိရင်လူငှားခေါ်ပါလားတဲ့၊ သမီးကလုပ်နိုင်တာမှမဟုတ်တာတဲ့၊ အဖေကလည်းရွာမှာလူငှားလို့မရလို့ပါဆိုပြီးအကြောင်းပြတာဘဲ၊
..နောက်နေ့မနက်စောစော ၇ နာရီလောက်အဖေရောက်လာတော့ အဖေ့ကိုအန်တီကလည်းစကားမပြောဘူး၊ မအစိုးကလည်းခဏဘဲပြောပြီး၊ အိမ်ထဲပြန်ဝင်သွားတယ်၊
သမီးလည်းအန်တီ့ကိုရော၊ မမစိုးကိုပါနှုတ်မဆက်နိုင်ဘဲ အဖေ့နောက်လိုက်ခဲ့ရပါတယ်၊ လာတုန်းကကျောပိုးအိတ်တလုံးဘဲပါတဲ့ကျွန်မ၊ ပြန်တော့အိတ်ကြီးတလုံးနဲ့အပြည့်ပါဘဲ၊ အဖေကလည်းကားငှားလာရလို့ဆိုပြီးမြန်မြန်ထွက်သွားလို့၊ နောက်ကအပြေးအလွှားလိုက်ခဲ့ရပါတယ်၊
အခုတော့ရွာပြန်ရောက်ပါပြီ၊ ရွာနဲ့တနှစ်ကျော်လောက်ကင်းကွာပြီးမှပြန်ရောက်လာရတော့နေသားလည်းမကျ၊ ညဆိုမှောင်မှောင်မည်းမည်းထဲမှာခြင်ဿိုက်နဲ့၊ မနေတတ်ပါဘူးနော်၊ ရွာကလူတွေကလည်းမိုးချုပ်နေဝင်ဆိုစားသောက်ပြီးတာနဲ့ အိပ်ကြတာပါဘဲ၊
ရန်ကုန်မှာဒီအချိန်ဆိုအန်တီနဲ့ TV ကြည့်ရင်းစကားတပြောပြောနဲ့ရယ်မောနေရတာကိုလည်းသတိရ၊ သားသားလေးလည်းသမီးမရှိတော့ထိန်းမဲ့သူမရှိလို့ငိုနေမှာလား၊ အဲသလိုစဥ်းစားမိပြီး ခြင်ကိုက်တဲ့မှောင်မည်းကြီးထဲမှာသမီးအိပ်မပျှော်နိုင်ဘဲ၊ ထိုင်နေမိပါတယ်၊
ရန်ကုန်ကဘယ်လိုလူတွေကများ၊ သမီးကိုထပ်လာခေါ်ကြအုန်းမှာလည်း၊ မမစိုးတို့အိမ်ထက်လစာပိုပေးတဲ့ အိမ်ဆိုအဖေကထည့်မှာပါဘဲ၊ အမြန်လာခေါ်ကြပါတော့၊ သမီးတောမှာမနေချင်လို့ပါ၊ နေ့တိုင်းမျှော်နေမိပါတယ်၊
မေသင်းလှိုင် ( ရွှေဘို)