" ခိုင်မြဲတဲ့ လက်တစ်စုံ ''
သူက ဧည့်ခန်းထဲမှာ ရပ်နေရင်း ဆိုဖာခေါင်းအုံးလေးကို အကာအကွယ်တစ်ခုလိုမျိုး ရင်ဘတ်မှာ ပိုက်ထားပါတယ်။
ပြီးတော့ ကျွန်မကို တည့်တည့်ကြည့်ပြီး ယဉ်ယဉ်ကျေးကျေးပဲ ပြောပါတယ်။
"ခင်ဗျား ထွက်သွားပေးဖို့ လိုမယ် အစ်မရေ ။ ကျွန်တော်က..... ကျွန်တော့်ရဲ့ဇနီး ''အယ်လင်'' _Ellen ကို စောင့်နေတာ။ သူ အပြင်ကနေ ပြန်လာတော့မှာ...." တဲ့။
ကျွန်မနာမည်က ''မာသာ'' _ Martha ပါ။
ကျွန်မက သူ့ရဲ့ ဇနီးပါ။
ပြီးတော့ အယ်လင် ဆိုတာက....?
အယ်လင်ဆိုတာ သူ့ရဲ့ အထက်တန်းကျောင်းတုန်းက ရည်းစားဦးပါ။ ၁၉၇၂ ခုနှစ်တုန်းက တက္ကဆက်ပြည်နယ်ကို ပြောင်းသွားပါတယ်။
ကျွန်မ မီးဖိုချောင်ထဲကို ဝင်လာခဲ့ပါတယ်။ ကျွန်မရဲ့ တုန်ယင်နေတဲ့လက်တွေ သူ မမြင်အောင်လို့ပါ။
အဲ့ဒီအချိန်မှာပဲ ဖုန်းဝင်လာပါတယ်။
အာမခံကုမ္ပဏီက တာဝန်ခံပါ.....
"မစ္စက် ''ကောလင်း'' လား ....ရှင်...''
တဖက်က အသံက ရှိသင့်တာထက်ကို ပိုပြီး တက်ကြွနေသလိုပါပဲ။
"ကျွန်မတို့ဘက်က.... အိမ်တိုင်ရာရောက်၊ မှတ်ဉာဏ်ချို့ယွင်းမှု စောင့်ရှောက်ရေး အကူအညီအတွက်..... ရှင့်ရဲ့တောင်းဆိုမှုကို စစ်ဆေးပြီး ပါပြီ....''
" အခုလောလောဆယ် ရှင့်ရဲ့ခင်ပွန်းက လမ်းလျှောက်နိုင်သေးတယ်ဆိုတော့... အကူအညီပေးဖို့ သတ်မှတ်ချက်ရဲ့ ပထမအဆင့်ကို မပြည့်မီသေးပါဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပုဂ္ဂလိက စောင့်ရှောက်ရေးဝန်ဆောင်မှုတွေကိုပဲ စဥ်းစားကြည့်ဖို့ အကြံပြုချင်ပါတယ်"
ကျွန်မ အော်ဟစ်ပစ်လိုက် ချင်တာပါ။
လက်ထဲက ဖုန်းကို နံရံနဲ့သာ ပစ်ပေါက်လိုက်ချင်ပါတော့တယ်။
ကျွန်မ ပြောလိုက်ချင်ပါတယ်....
"အဲ့ဒီ ပုဂ္ဂလိကဝန်ဆောင်မှုက ဘယ်လောက်ကုန်လဲ ဆိုတာ ရှင်တို့သိလား.....? အဲ့ဒီကိုသွားရင် ကျွန်မတို့ နှစ်ပေါင်း ၄၀ လုံးလုံး စုဆောင်းခဲ့တဲ့ အငြိမ်းစားပင်စင်တွေ ကုန်သွားလိမ့်မယ်.....''
" လွန်ခဲ့တဲ့ ဆယ်စုနှစ်ကမှ အကြွေးကျေသွားတဲ့ ကျွန်မတို့ရဲ့ အိမ်လေး ဆုံးရှုံးသွားလိမ့်မယ်...''
ဒါပေမဲ့ ကျွန်မတကယ်ပြောဖြစ်တာက...
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်" လို့ပဲ ပြောပြီး ဖုန်းချလိုက်ပါတယ်။
ဘာလို့လဲဆိုတော့ ဒါက ကျွန်မတို့ ရှေ့ဆက်ရမယ့်ခရီးလေ။ ကျွန်မတို့ အံကြိတ်ခံရုံပဲရှိတာပေါ့။
''ဘေးလ်'' _ Bill နဲ့ ကျွန်မက ၁၉၇၆ ခုနှစ် ဆောင်းဦးပေါက်မှာ စတင်တွေ့ခဲ့တာပါ။
''ပင်ဆယ်ဗေးနီးယား'' က စားသောက်ဆိုင်လေးတစ်ခုမှာ ကျွန်မ အလုပ်လုပ်နေတုန်းအချိန်ကပေါ့။
သူက အင်္ကျီအဟောင်းလေး ဝတ်ထားပါတယ်။ စတီးစက်ရုံမှာ အလုပ်လာရှာရင်း ဆိုင်ထဲကို ဝင်လာခဲ့တာပါ။
ကျွန်မ မမေ့ပါဘူး။ အဲ့ဒီနေ့က ကော်ဖီခါးခါးတစ်ခွက်နဲ့ ပန်းသီးကိတ် တစ်ခု ကို သူ မှာခဲ့တယ်။
သူက ကြွားဝါတတ်သူ မဟုတ်သလို စကားလည်း အများကြီး မပြောပါဘူး။သူ့ပုံစံက တည်ငြိမ်ပါတယ်။ တစ်ခုခုဖြစ်ရင် စကားနဲ့ ပြောတာထက် လက်တွေ လုပ်တတ်တဲ့သူမျိုးပါ။
ကျွန်မတို့နှစ်ယောက် ဒုတိယမြောက် ချိန်းတွေ့ချိန်မှာ ကျွန်မရဲ့ ''ချက်ဗရို'' ကားအိုကြီးက မိုးသည်းသည်းထဲမှာ ပျက်သွားခဲ့ပါတယ်။
ဘေးလ်က တခြားသူတွေကို အကူအညီမတောင်းပါဘူး။ ကားစက်ဖုံးကို ဖွင့်လိုက်ပြီး ကားထဲမှာ အမြဲဆောင်ထားတဲ့ ဂွ တစ်ချောင်း နဲ့ အားလုံးကို ပြင်ပေးခဲ့တာပါ။
ပြီးသွားတဲ့အချိန် သူ့ဂျင်းဘောင်းဘီကို လက်နဲ့ သုတ်ရင်း ပြောပါတယ် ။
"မင်းကို ဘယ်တော့မှ တစ်ယောက်ထဲ မထားခဲ့ဘူး...မာသာ " တဲ့။
တကယ်လည်း သူ ဘယ်တော့မှ ပစ်မထားခဲ့ပါဘူး။
စက်ရုံကြီး ပိတ်သွားတုန်းကလည်း ပစ်မထားခဲ့ပါဘူး။
စီးပွားရေးကျဆင်းမှုကြောင့် ကျွန်မတို့ စုဆောင်းသမျှတွေ ကုန်သွားတုန်းကလည်း ပစ်မထားခဲ့ပါဘူး။
ကျွန်မတို့ မိသားစု အသက်ဆက်နိုင်ဖို့ အလုပ်မရွေးဘဲ၊ သူ လုပ်ခဲ့ပါတယ်။ ပစ္စည်းပို့တာ၊ ပစ္စည်းပြင်တာ၊ ညနက်တဲ့အထိ လုပ်ရတဲ့ အလုပ်တွေလည်း လုပ်ခဲ့ပါတယိ။
သူဟာ ကျွန်မသိခဲ့သမျှထဲမှာ အားအကိုးရဆုံး အမျိုးသားပါ။
ဒါပေမဲ့ ခွန်အားက အချိန်ရဲ့ တိုက်စားမှုကိုတော့ မကာကွယ်နိုင်ခဲ့ပါဘူး။
စကားတစ်ခွန်းကို ပြောပြီး ခဏအကြာမှာ မေ့သွားပါတယ်။
သွားနေကြ နေရတွေလည်း သူ လမ်းပျောက်နေပါတယ်။ တစ်ခါတလေ တစ်ယောက်ထဲ ပြုံးပြီးထိုင်နေတတ်ပါတယ်။
ကျွန်မတို့သူ့ကို ဆေးရုံပြကြည့်တဲ့အခါ ရောဂါရဲ့ အဖြေ ထွက်လာခဲ့ပါတယ်။
" မှတ်ဉာဏ်ချို့ယွင်းမှု" တဲ့။ အဲ့ဒီရောဂါက ရုတ်တရက်ကြီး ရောက်လာတာတော့ မဟုတ်ပါဘူး။ တိတ်တဆိတ်ပဲ ဝင်လာတာပါ။ ခြေသံလုံပါတယ်။
ပထမတော့ ပစ္စည်းတွေ မှားထားတတ်လာတယ်။ နောက်တော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မေ့လာတယ်။
အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေ တစ်စစီ ပျောက်ဆုံးလာခဲ့ပါတယ်။
အခြေအနေတွေက တဖြေးဖြေးပိုဆိုးလာနေချိန်မှာ ဘေးလူတွေက ကျွန်မကို...
"အနားယူဦးလေ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးလေ...'' လို့ ပြောနေတာတွေဟာ ကျွန်မအတွက်တော့ လက်တွေ့မကျတဲ့ အပေါ်ယံစကားတွေ လို့ ခံစားရပါတယ်။
ကိုယ်ချစ်ရတဲ့သူ တစ်ယောက် မျက်စိရှေ့မှာတင် တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ကြည့်နေရတဲ့ ဝေဒနာဟာ ခါးသည်းလွန်းလှပါတယ်။
အချစ်ဆိုတာ ဒဏ္ဍာရီပုံပြင် မဟုတ်ပါဘူး။
အချစ်ဆိုတာ တစ်ချိန်က ကိုယ့်ကို ကာကွယ်ပေးခဲ့တဲ့ အမျိုးသားက အခုတော့ သူကိုယ်တိုင် အားလုံးကို မေ့သွားတဲ့အခါ သူ့ကို ပြန်ပြီး လမ်းပြပေးနေရတာမျိုးပါ။
အချစ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အလုပ်ပြုတ်သွားတာကို မေ့ပြီး အလုပ်သွားဖို့ ကြိုးစားနေတဲ့အတွက် ကားသော့ကို ဖွက်ထားရတာမျိုးပါ။
အချစ်ဆိုတာ ကိုယ့်ရှေ့က အခန်းထဲမှာ ထိုင်နေဆဲ လူတစ်ယောက်အတွက် ကြိုတင်ပြီး ဝမ်းနည်းပူဆွေးနေရတာမျိုးပါ။
ပြီးခဲ့တဲ့ အပတ်က ကျွန်မတို့ရဲ့သား '' ဒေးဗစ် '' က.... အတ္တလန်တာကနေ လာလည်ပါတယ်။ သူက သူ့အဖေကို စကားပြောဖို့ ကြိုးစားပါတယ်။
"ဘေးလ်' က သားရဲ့ မျက်နှာကို စိုက်ကြည့်ပြီး မေးတယ် -
"မင်းက တစ်ခုခု လာပြင်ပေးတာလား...? " တဲ့။
ကျွန်မ သားလေးရဲ့ စိတ်ထိခိုက်သွားတာကို ကျွန်မ သတိထားလိုက်မိပါတယ်။
သားက ဝမ်းနည်းမှုကို မျိုသိပ်ပြီး ပြုံးလိုက်တယ်...
"ဟုတ်တယ် အဖေ၊ အားလုံး အဆင်ပြေရဲ့လားလို့ လာစစ်တာပါ" တဲ့။
အဲ့ဒီညက ကျွန်မ အပြင်မှာ အေးအေးစက်စက် ထိုင်နေရင်း ဒေါသထွက်မိပါတယ်။
ဆေးကုသမှုအတွက် အကုန်အကျများတဲ့ စနစ်ဆိုးကြီးကို ဒေါသထွက်တယ်၊ ကိုယ့်ဘဝမှာ အားအကိုးရဆုံး လူတစ်ယောက်က ကြောက်စိတ်ဝင်သွားတာကို ကြည့်နေရတဲ့ ကံကြမ္မာကို ဒေါသထွက်မိပါတယ်။
ခဏတာလောက်တော့ ကျွန်မ ထွက်ပြေးသွားဖို့ တွေးမိခဲ့တယ်။
ဘယ်ကို ရောက်ရောက်ဆိုပြီး လမ်းဆုံးတဲ့အထိ ကားမောင်းထွက်သွားချင်မိတယ်။
ဒါပေမဲ့ ကျွန်မ မလုပ်ခဲ့ပါဘူး။
ကျွန်မ အိမ်ထဲကို ပြန်ဝင်သွားခဲ့တယ်။ တံခါးတွေကို စစ်ဆေးတယ်။ သူ ဘေးကင်းရဲ့လားဆိုတာ သေချာအောင် လုပ်ခဲ့ပါတယ်။
မနေ့က ကျွန်မတို့ရဲ့ ၄၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်ပါ။
ကျွန်မ အဲ့ဒီအကြောင်းကို မပြောဖြစ်ဘူး။ သူက စိတ်မငြိမ်ဖြစ်နေတဲ့ နေ့တစ်နေ့ပေါ့။ တစ်ယောက်ယောက်က သူ့ပစ္စည်းတွေကို ယူသွားတယ်လို့ ထင်နေတာ။
ကျွန်မ ပန်းကန်ဆေးနေရင်း မျက်ရည်တွေ ကျလာတဲ့အချိန်မှာ လူတစ်ယောက် ပခုံးကို လာကိုင်တာ ခံစားလိုက်ရပါတယ်။
"မာသာ..."
ကျွန်မ လှည့်ကြည့်လိုက်တယ်။
ခဏတာလေးပဲ၊ ဒါပေမဲ့ အရမ်းကို တန်ဖိုးရှိတဲ့ အခိုက်အတန့်လေးပါ။ သူ့မျက်လုံးတွေက ကြည်လင်နေတယ်။ ပျောက်ဆုံးသွားတဲ့ ''ဘေးလ်'' ကို ပြန်တွေ့လိုက်ရသလိုပါပဲ။
သူက ဟောင်းနွမ်းနေတဲ့ စာအိတ်အသေးလေးတစ်ခုကို ကမ်းပေးပါတယ်။
"ဒါကို ငါ သိမ်းထားတာ..." လို့ သူက တိုးတိုးလေး ပြောပါတယ်။
"အခြေအနေတွေ မဆိုးခင်ကတည်းကပေါ့။ ဒီနေ့အတွက်ပါ ''
သူ့အသံက တုန်ရီနေပါတယ်။
"ဒါက မလွယ်ဘူးဆိုတာ ငါသိပါတယ်။ ငါဟာ အရင်ကလူ မဟုတ်တော့ဘူးဆိုတာလည်း သိပါတယ်။ တောင်းပန်ပါတယ်ကွာ" တဲ့။
သူ ကျွန်မကို ဖက်လိုက်တယ် - တကယ်ကို နွေးနွေးထွေးထွေး ဖက်လိုက်တာပါ။ ကျွန်မတို့ အတူရှိခဲ့စဉ်က ဘယ်လိုလူတွေဖြစ်ခဲ့လဲဆိုတာကို ပြန်အမှတ်ရစေတဲ့ ပွေ့ဖက်မှုမျိုးပါ။
ပြီးတော့ ခဏအကြာမှာပဲ အဲ့ဒီအချိန်လေးက ပျောက်ကွယ်သွားပါတယ်။ ပြတင်းပေါက်နားကို ပြန်သွားပြီး အိမ်နီးနားချင်း ခွေးလေးတွေကို သူ ငေးကြည့်နေပါတယ်။
စာအိတ်ထဲမှာတော့ ငွေရောင် ဆွဲသီးလေး တစ်ခုရယ်၊ သူကိုယ်တိုင် ရေးထားတဲ့ စာတိုလေး တစ်စောင်ရယ် ပါပါတယ်။
"ထွက်ပြေးချင်စိတ် ပေါက်ခဲ့ပေမဲ့ အနားမှာ ရှိနေပေးခဲ့တဲ့ နေ့ရက်တိုင်းအတွက်..." လို့ရေးထားပါတယ်။
ကျွန်မ ငိုရုံတင် မဟုတ်ပါဘူး။ ကြမ်းပြင်ပေါ်ကို ပုံလျက်သား လဲကျသွားခဲ့ပါတယ်။
ဒါဟာ သာမန်ဝမ်းနည်းတာမျိုး မဟုတ်ပါဘူး။ လူတစ်ယောက် ခံနိုင်ရည်အရှိန်ကုန်ပြီး ခြေမခိုင်တော့တဲ့အထိ အားအင်ကုန်ခမ်းသွားတာမျိုးပါ။
ကျွန်မ အားကိုးရတဲ့ အရင်က '' ဘီလ်" (Bill) ကို ဆုံးရှုံးလိုက်ရလို့ပါ။
ကျွန်မအရင်က ''ဘီလ်'' ရဲ့ အရိပ်အောက်မှာ အကာအကွယ်ယူခဲ့ရတဲ့ ဇနီးသည်ပါ။ ဒါပေမဲ့ အခုတော့ သူက....
ကျွန်မကို "အစ်မ " လို့ ခေါ်ပြီး အိမ်ကနှင်ထုတ်တာကို ခံရသူ၊
ခင်ပွန်းအတွက် ကားသော့တွေ ဝှက်ပေးရတဲ့သူ၊
ခင်ပွန်းဖြစ်သူ ဆေးကုသဖို့ အာမခံကုမ္ပဏီနဲ့ ငြင်းခုံနေရတဲ့သူ၊
ကိုယ့်ဝေဒနာကို မြိုသိပ်ပြီး သူတစ်ပါးကို ပြုစုနေရသူ...
အခုဆို ကျွန်မဟာ "နုနယ်ခွင့်မရှိတော့ပဲ... ဦးဆောင်ရုန်းကန်နေရတဲ့ မိန်းမကြီးတစ်ယောက်" ဘဝကို မလိုချင်ဘဲ ရောက်ခဲ့ရတာပါ။ အပြောင်းအလဲဖြစ်သွားတဲ့ ဘဝကို တွေးမိပြီး ငိုချလိုက်တာ ဖြစ်ပါတယ်။
ကျွန်မတို့တွေဟာ ချစ်သူစဖြစ်တဲ့ အချိန်တွေ၊ လက်ထပ်ခွင့်တောင်းတဲ့ အချိန်တွေ၊ မင်္ဂလာဆောင်တွေနဲ့ တောက်ပတဲ့ အခိုက်အတန့်တွေကိုပဲ ဂုဏ်ပြုတတ်ကြပါတယ်။
ဒါပေမဲ့ အဲ့ဒါတွေက ချစ်ခြင်းမေတ္တာရဲ့ အစပိုင်းပဲ ရှိပါသေးတယ်။
ဘဝ ခရီးရှည်ကြီးကို အတူလျှောက်တာ၊ တိတ်တဆိတ် ပေးဆပ်ရတာတွေနဲ့ အတူရှိနေပေးတာတွေကမှ တကယ့် အချစ်ပါ။
အချစ်ဆိုတာ အတူတူ အိုမင်းသွားဖို့တင် မဟုတ်ပါဘူး။ 'အိုမင်းရင့်ရော်မှုတွေနဲ့အတူ၊ ခက်ခဲလာချိန်မှာတောင် အနားမှာရှိနေပေးဖို့' ရွေးချယ်တာပါ။
အချစ်ကို စိတ်လှုပ်ရှားစရာတွေ၊ ရိုမန်တစ်ဆန်တာတွေနဲ့ တိုင်းတာလို့ မရပါဘူး။
ပင်ပန်းနွမ်းနယ်နေရင်တောင်၊ မလွှတ်တမ်း ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံနဲ့ပဲ တိုင်းတာလို့ ရနိုင်ပါတယ်။
Saya U Khin Zaw ( ဘာသာပြန် )