ရုန်းမထွက်နိုင်သူ
-----------------
တစ်နေ့တွင် အိန္ဒိယလူမျိုးတစ်ဦးသည် ကျွန်ုပ်၏ကျောင်းပေါ်က တက်လာပြီးနောက်
“ဆရာကြီးခင်ဗျား … ကျောင်းလွှတ်ရင် ကျောင်းရှေ့ကွင်းထဲမှာ မျက်လှည့်ပြခွင့်ပြုပါခင်ဗျား” ဟု လာပြော သည်။
သူ့ပုံစံက ထူးခြားလှသည်။ ပိတ်နီစ ညစ်နွမ်းနွမ်းကို ခါးတောင်းကျိုက်ထားသလို ခါးတွင်ပတ်ထားပြီး၊ ကိုယ်ပေါ်တွင် မည်သည့် အဝတ်အစားမျှ ဝတ်မထား။ ထို့ပြင် နဖူးတွင်လည်း ဆေးလိုလို ထုံးလိုလို အဖြူတွေကို ဖွေးနေအောင် လိမ်းချယ်ထားသေးသည်။ ဆံပင်ကတော့ ရှည်သည်ဟု ဆိုနိုင်သော်လည်း မည်မျှ ရှည်မည်မသိ။ ဆံပင်ကို အထုံးတွေများစွာဖြင့်ကျစ်ကာ ခေါင်းပေါ်တွင် ရစ်ပတ်ထားသည်။ အလွန်ပိန်ပြီး နံရိုး ပြိုင်းပြိုင်းထနေ သောကြောင့်လည်း ကြည့်ရသည်မှာ ရုပ်ဆိုးလှသည်။
“ရွာထဲ တစ်နေရာရာမှာ သွားပြပါကွယ် … ကျောင်းထဲမှာ လာမရှုပ်ပါနဲ့” ဟု ကျွန်ုပ်ကပြောလိုက်ရာ
“သနားပါဆရာကြီး … ရွာထဲမှာ ကွင်းကျယ်ကျယ် မရှိပါဘူး။ ဗွက်ကလည်းထူပါတယ်။ ဒါကြောင့် ကျောင်းဝင်းထဲမှာပဲ ပွဲလုပ်ပါရစေခင်ဗျာ” ဟု သနားဖွယ် ဆိုရှာသဖြင့်
“နေဦး … မင်းမျက်လှည့်က ကလေးတွေကို အန္တရာယ် ဖြစ်စေမယ့် မြွေတွေဘာတွေ ပါသလား”
“မြွေကတော့ ပါတယ်ဆရာကြီး … ဒါပေမဲ့ အန္တရာယ် မရှိပါဘူး”
“မင်းတာဝန်ယူသလား”
“ယူပါတယ်ခင်ဗျာ”
“အေး ဒါဆိုလည်း ကျောင်းလွှတ်မှလုပ်”
“ကျေးဇူးပါဆရာကြီး”
သူက ဆလံပေးကာ ကျောင်းပေါ်မှဆင်းသွားသည်။
အိန္ဒိယသားမှာ ရုပ်ရှင်တွေထဲကပုံပေါက်နေသော်လည်း မြန်မာစကားကိုတော့ ရေလည်စွာ ပြောတတ်သည်။ သူက ကျောင်းဝင်းထဲတွင် မျက်လှည့်ပွဲ လုပ်ချင်သည်ကို ခွင့်ပြုရခြင်းမှာ အကြောင်းရှိသည်။ ရွာက ကလေး များသည် ပွဲလမ်းသဘင် ငတ်ကြသည်။ ရွာနှင့် ၇ မိုင်ခန့်ဝေးသည့် ဘုရားပွဲကိုပင် ခြေကျင်လျှောက်ကာ သွားကြည့်ကြသူများဖြစ်သည်။ ထို့ကြောင့် ကလေးများ ပျော်ပါစေဆိုကာ ခွင့်ပြုခြင်း ဖြစ်သော်လည်း ကျွန်ုပ်မှာ တာဝန်ရှိသူ ဖြစ်သည့်အတိုင်း မျက်လှည့်ပွဲပြီးသည်အထိ ကျောင်းတွင်နေကာ စောင့်ရှောက်ပေးရန်သာ ရှိတော့ သည်။
ရွာထဲတွင် မျက်လှည့်ပြမည်ဟု သူ့အဖွဲ့ကလိုက်ပြီး အော်ထားသဖြင့် ကျောင်းကုန်းအောက်တွင် ကျောင်း မလွှတ်မီ ရွာသားတွေ စုရုံးစုရုံးဖြစ်နေကြသည်။ ကျောင်းသားတွေကလည်း စာတွင်အာရုံမရှိကြတော့။ သို့ဖြစ်ရာ ထိုနေ့က ကျောင်းကို နာရီဝက်စောပြီး ဆင်းပေးလိုက်သည်။
ကျွန်ုပ်က ကျောင်းရုံးခန်းပေါ်က လှမ်းကြည့်နေရသည်။ တစ်ခုခုဖြစ်လျှင် ကိုယ့်မှာ တာဝန်မကင်းသောကြောင့် လည်းဖြစ်သည်။
“ချမ်း … ချမ်း … ဒုံး … ဒုံး … ဒုံးချမ်းချမ်း … ဒုံးချမ်းချမ်း”
ဘင်နှင့် လင်းကွင်းချမ်းကို ကုလားလေး တစ်ယောက်က ထုသည်။ အိန္ဒိယသားကြီးက ခေါင်းပေါင်းကြီးကို ပေါင်းလိုက်ပြီး ဘူးသီးခြောက် ပလွေကိုထုတ်ကာ မှုတ်သည်။ ရွာထဲရှိ ကလေးလူကြီး အပြေးအလွှား ရောက်လာကြသည်။ အိန္ဒိယသားကြီးက စည်းဝိုင်းကြီးကို လိုက်ဝိုင်းသည်။
“စည်းဝိုင်းထဲကို မဝင်ကြပါနဲ့ ခင်ဗျား … ကျွန်တော်တို့မှာ အန္တရာယ်ရှိတဲ့မြွေ ပါလာပါတယ် … ပြီးတော့ စည်းဝိုင်းထဲကို ဝင်လိုက်တဲ့သူဟာ ကျွန်တော်တို့ရဲ့ အစောင့်အရှောက်တွေနဲ့ ရင်ဆိုင်မိရင် အန္တရာယ် အလွန်ရှိ ပါတယ်”
သူက ရွာသားတွေကို စကားနှင့်ဟန့်သည်။
“ဒုံး … ဒုံး … ချမ်း”
သူစကားပြောလိုက်တိုင်း ကောင်လေးက ဘင်နှင့်လင်းကွင်းကို စည်းချက်ကျကျ လိုက်တီးပေးနေသည်။
ကျွန်ုပ်ကား သူ့ပြကွက်တွေကို စိတ်မဝင်စားသော်လည်း မြွေတွေဘာတွေထုတ်လာလျှင် ကလေးတွေ အန္တရာယ် ဖြစ်လာမည် စိုးရိမ်သောကြောင့် ကျောင်းအောက်ကို ဆင်းလာကာ ကလေးထိန်း ဖြစ်နေရတော့ သည်။
အိန္ဒိယသားကြီးသည် လက်လှည့်နည်းမျိုးစုံကို ကျွမ်းကျင်စွာ ပြနေသော်လည်း ကျွန်ုပ်အတွက်ကတော့ သိပ်မထူး ဆန်းလှပေ။ အဘယ်ကြောင့်ဆိုသော် ငယ်စဉ်က ပဲခူး ဘုရားပွဲတွင် စက္ကောမ၊ မစ္စတာရှင်းလင်းစသည့် မျက်လှည့် ဆရာတွေ၏ ပြကွက်မျိုးစုံကို ကြည့်ဖူးထားသောကြောင့်ဖြစ်သည်။ ရွာကလူတွေကား တစ်ခါဖူးမျှ မကြည့်ဘူးလေရာ ဟာခနဲ၊ ဟင်ခနဲ ဖြစ်နေကြသည့် အပြင် လက်ခုပ်သံတွေကလည်း ညံနေသည်။
နောက်ဆုံး သူက မြွေပြကွက်ကို ပြတော့မည်ဖြစ်သည်။ လက်တစ်ဝိုင်းစာလောက်ရှိသည့် ကြိမ်ပခြုပ်ခြင်းကြီး ပေါ်တွင် အုပ်ထားသည့် အဝတ်ပိုင်းကို ဖယ်လိုက်ပြီး
“စည်းဝိုင်းထဲကို မဝင်ကြပါနဲ့ခင်ဗျာ … အန္တရာယ်ရှိလို့ပါ” ဟု သူက အော်သည်။
ကျွန်ုပ်ကလည်း ကြိမ်လုံးတစ်လုံးဖြင့် ကလေးတွေကို ဟန့်နေရတော့သည်။ အိန္ဒိယသားကြီးက ဘူးသီးခြောက် ပလွေကို စတင်ကာမှုတ်တော့သည်။
ပခြုပ်ထဲမှ မြွေက ခေါင်းထောင်လိုက်သည်နှင့် လူတွေက ဟာခနဲဖြစ်ကာ နောက်ကို အလိုလို ဆုတ်ကုန်ကြ တော့သည်။ မြွေက တောကြီးမြွေဟောက်ဖြစ်ပြီး အသွင်ကတော့ ကြောက်စရာပင်။ သို့သော် အစွယ်ချိုးထားပြီး အဆိပ်ထုတ်ထားသောမြွေ ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျွန်ုပ်အထင်ဖြစ်သည်။
အိန္ဒိယသားကြီး၏ ပလွေအလိုက်နှင့် သူ၏လှုပ်ရှားရာဘက်ကို မြွေက ခေါင်းလိုက်လှည့်ကာ ယိမ်းထိုးနေသည်။ မြွေဆိုးကြီးကို ထိန်းထားနိုင်သည့်အပြင် အနီးကို တဖြည်းဖြည်းကပ်သွားရာ မြွေက ပေါက်လိုက်၊ သူက နောက်ကို ခုန်ရှောင်လိုက် ပြကွက်ကတော့ သူ့ကို အထင်ကြီးစရာပင်။ နောက်ဆုံးတွင် မြွေကြီးအနီးကို ကပ်နိုင် သမျှ ကပ်လိုက်၊ ဟိုကပေါက်လိုက်၊ ဒိုင်ဗင်ထိုးကာ ရှောင်လိုက် ပြကွက်ကား လက်ခုပ်သံတွေ အရဆုံး ဖြစ်သည်။
“သမီး … သမီး … သမီးလေး”
သူက ပလွေကိုခါးတွင်ထိုးကာ မြွေအနီး ချဉ်းကပ်ရင်းက မြွေ၏ ဦးခေါင်းကို သူ့လက်လေးနှင့် အုပ်မိုးနိုင်ရန် ကြိုးစားသည်။ မြွေက သူ့ကို လှည့်ပတ်ကြည့်ရင်းက နောက်ဆုံးတွင် ခေါင်းကို အကိုင်ခံလိုက်သည်။ သူက လည်ပင်းကို အသာလေး ကိုင်ကာ မြွေကြီးကို ဆွဲထုတ်လိုက်သည်။ မြွေကား လူတစ်ရပ်ကျော်ကျော်လောက်ရှိ မည်။ မြွေ၏ ခါးလည်လောက်ကို ကိုင်ရင်းက ရွာသားတွေဘက်ကို ပစ်လိုက်မည့်ပုံစံ လုပ်လိုက်ရာ အားလုံး ကုန်းပေါ်က ဆင်းပြေးကြသည်။ သူက ဟာသလည်း ဖြစ်အောင် လုပ်တတ်သည်။
မြွေပြကွက်ကို သူက သိမ်းလိုက်သည်။
“မြွေကိုပြရင် လူတွေက ဆေးရောင်းမယ် ထင်ကြတယ်။ ကျွန်တော် ဆေးမရောင်းပါဘူး။ ရောင်းစရာ ဆေးလည်း မပါဘူး။ မြွေကိုက်ခံရရင် လိမ်းရုံနဲ့ ပျောက်တဲ့ဆေးလည်း မရှိပါဘူး။ နီးရာ ဆေးရုံကို ပြေးကြပါ။ ကျွန်တော်ပြောတာ သစ္စာပါ”
အတော်လာသည့် အိန္ဒိယသားဖြစ်သည်။ သူ့စကားတွေက စိတ်ဝင်စားစရာဖြစ်လာသည်။
“ဒါပေမဲ့ ကျွန်တော့် သမီးလေးနဲ့ ကျွန်တော်တို့ စားဖို့တော့ တတ်နိုင်သလောက်လေး ထောက်ပံ့ပေးကြပါ ခင်ဗျာ”
ကုလားလေးက ခွက်တစ်ခွက်ကိုယူကာ လူတွေကြားထဲတွင် လှည့်လည်နေသည်။ ရွာသူရွာသားတွေကလည်း ဆင်းရဲသည်ဖြစ်ရာ အဘယ်မှာလျှင် များများစားစား ရနိုင်အံ့နည်း။
“ကိုင်း နောက်ဆုံးပြကွက်ပါ …”
အိန္ဒိယသားကြီးက အနီရောင် တုတ်ချောင်းလေးတစ်ချောင်းကို ကိုင်လာသည်။ သူ့တုတ်က တစ်ကိုက်ခန့် ရှည်မည်။ ကြိမ်လုံးကို ဆေးနီသုတ်ထားခြင်း ဖြစ်မည်။
သူက မြေပြင်ပေါ်တွင် စည်းဝိုင်း တစ်ဝိုင်း ဝိုင်းလိုက်သည်။
“ကဲ … ကျွန်တော့ပညာကို မယုံတဲ့သူတွေနဲ့ အလောင်းအစားတစ်ခု လုပ်ချင်ပါတယ်”
“ဒုံး … ဒုံး … ချမ်း”
“ကျွန်တော် ခုဝိုင်းထားတဲ့ စည်းထဲကို ကြိုက်တဲ့သူဝင်လာလို့ရပါတယ်။ ဟောဒီ စည်းဝိုင်းလေးထဲကနေ အပြင်ကို ထွက်နိုင်တဲ့သူတွေကို ကျွန်တော်က တစ်ဆယ် ပေးပါ့မယ်။ မထွက်နိုင်ရင် မထွက်နိုင်သူက ငါးကျပ် ပေးရမယ်။ သဘောတူရင် ဝင်လာနိုင်ပါတယ်”
“ဒုံး … ဒုံး … ချမ်း”
သူ့စိန်ခေါ်မှုက ကျွန်ုပ်အတွက် ထူးဆန်းလှသည်။ စည်းဝိုင်းလေးထဲမှ မထွက်နိုင်ရအောင် သူဘာလုပ်မည်နည်း။ ကျွန်ုပ်က
“ခင်ဗျား ဝင်လာရင် ကြိုးနဲ့ တုပ်မှာလား”
“ဘာကြိုးနဲ့မှ မတုပ်ပါဘူး ဆရာကြီး … ဆရာကြီး မယုံကြည်ရင် ဝင်လာပြီး စမ်းသပ်နိုင်ပါတယ်”
ကျွန်ုပ်မှာ ဘာမျှမရှိသည့် ဟာလာဟင်းလင်းပြင်ထဲ၌ အလင်းရောင်ကောင်းစွာ ရနေချိန်တွင် သူ့လှည့်ကွက်က မည်သို့ ဖြစ်လာမည်နည်းဟု သိချင်စိတ် ပြင်းထန်နေသည်။
“ကဲ … ကျုပ်ကိုယ်တိုင်စမ်းမယ်”
ကျွန်ုပ်က ပြောလိုက်ကာ သူဝိုင်းထားသည့် စည်းဝိုင်းထဲကို ဝင်ရပ်လိုက်သည်။ ကျောင်းသားတွေရော၊ ရွာသား တွေကပါ လက်ခုပ်တီးကြသည်။
အိန္ဒိယသားကြီးက ကျွန်ုပ်အနီးကို လာရပ်သည်။
“ဆရာကြီး မျက်လှည့်ပညာကို ယုံပါသလား”
“မယုံပါဘူး”
“ကောင်းပါပြီ … စိတ်စွမ်းအား ရှိတယ်ဆိုတာနဲ့ ကိုယ်လိုသလို ထိန်းချုပ်နိုင်တယ်ဆိုတာရော ဆရာကြီး ယုံပါသလား”
“မယုံပါဘူး”
“ဟုတ်ပါပြီ”
အိန္ဒိယသားကြီးက ထန်းခေါက်ဖာလေးထဲမှ မျက်နှာပြင် နှစ်ဖက်ပါ ဗုံလေးတစ်လုံးကို ထုတ်လာသည်။ ခါးသိမ်သော ထိုဗုံလေး၏ ဘေးတွင် ကြိမ်သီးတပ်ထားသည့် ကြိုးလေးပါကာ သူက လက်ကိုလှုပ်လိုက်တိုင်း “တုံ … တုံ … တုံ” ဟု မြည်လေသည်။
သူက လက်ထဲမှ တုတ်နီလေးဖြင့်လည်း နေရာအနှံ့ညွှန်ကာ လေထဲတွင် အဝိုင်းပုံစံလုပ်နေသည်။ သူ့ပြကွက်ကို အရှိန်မြှင့်နေခြင်းဖြစ်မည်။
အိန္ဒိယသားကြီးသည် ကျွန်ုပ်ရှေ့တည့်တည့်မှ ထို ဗုံလေးကို လာတီးနေပြီး ပါးစပ်ကလည်း ကျွန်ုပ် နားမလည်သော ဘာသာစကားဖြင့် တစ်ခုခုရွတ်ဖတ်နေသည်။ ကျွန်ုပ်ကား ထိုအကွက်တွေကို မြင်ဖူးပေါင်း များနေသောကြောင့် မထူးဆန်း။ သူ ကျွန်ုပ်ကို ဘယ်လို မထွက်နိုင်အောင် လုပ်မည်နည်း ဆိုခြင်းကိုသာ စိတ်ဝင်စားနေသည်။
“ကိုင်း … ဆရာကြီး … စည်းဝိုင်းအပြင်ကို ထွက်နိုင်ပါပြီ”
ကျွန်ုပ်က ပြုံးလိုက်သည်။ ခြေထောက်ကို အသာလေး မကာ အပြင်ကို ထွက်ရန်လုပ်လိုက်သည်။
“ကျုပ်ထွက်ပြီနော်”
“ထွက်လေ ဆရာကြီး”
အိန္ဒိယသားကြီးက ဗုံလေးကို အဆက်မပြတ်တီးရင်း ပြောလိုက်သည်။
ကျွန်ုပ်ကား အလွန်အံ့အားသင့်မိတော့သည်။ ခြေထောက်ကို စည်းအပြင်သို့ လုံးဝထုတ်၍မရခြင်း ဖြစ်သည်။ ကျွန်ုပ်တစ်ကိုယ်လုံးကို ကြိုးနှင့် တုပ်နှောင်ထားသကဲ့သို့ ဖြစ်နေရုံမက၊ ခြေထောက်တွေကလည်း လေဖြတ် ထားသကဲ့သို့ဖြစ်နေသည်။
မျက်လှည့်ပွဲကြည့်သူတွေက ပါးစပ်လေးတွေ အဟောင်းသားဖြစ်နေသည်။ ကျွန်ုပ်သည် ချွေးသီးချွေးပေါက်တွေ ကျလာပြီး နောက်ဆုံး
“ကိုင်း ကျုပ်အရှုံးပေးပါပြီ”
“ဟုတ်ကဲ့ ကျေးဇူးပါဆရာကြီး … ဒါဆိုရင် ကျွန်တော့်ပညာကို ယုံပြီပေါ့”
“ယုံပါပြီ”
သူက ကျွန်ုပ်ရှေ့တည့်တည့်လာပြီး ပါးစပ်ကတစ်ခုခုရွတ်သည်။ ထို့နောက် ဗုံလေးကို မြေပြင်တွင် လှိမ့်ထုတ် လိုက်သည်။
“ကိုင်း … ဆရာကြီး ထွက်လို့ရပြီ”
သူပြောမှ ခြေလှမ်းကို ပြင်လိုက်သည်။ အံ့အားသင့်စရာကောင်းလှပေတော့သည်။ ကျွန်ုပ်မှာ စည်းဝိုင်းအပြင်ကို အလွယ်တကူပင်ရောက်ရှိသွားတော့သည်။
ကျွန်ုပ်က တိုက်ပုံအင်္ကျီအိတ်ထဲမှ တစ်ဆယ်တန်တစ်ရွက်ကို ထုတ်ကာ သူ့ကိုပေးလိုက်သည်။
“ရော့ဗျာ … ခင်ဗျားပညာကို ပူဇော်တာပါ”
“ဆရာကြီးဆီက မယူပါဘူး … ပညာကို ယုံရင် တော်ပါပြီ”
“ယူပါ … ခင်ဗျားကို လေးစားလို့ပေးတာပါ”
ကျွန်ုပ်က သူ့လက်ထဲကို အတင်းထည့်သည်။ မျက်လှည့်ပွဲသိမ်းပြီ။ ကျွန်ုပ်က ကျောင်းတံခါးကို ပိတ်ရန် ကျောင်းပေါ်တက်သည်။
“တုံ … တုံ … တုံ”
ကျွန်ုပ်က ဗုံသံကြားသဖြင့် ရုံးခန်း ပြတင်းပေါက်မှ ကြည့်လိုက်သည်။ အိန္ဒိယသားကြီးက လှည်းပေါ်မှ ကျွန်ုပ်ကို ဆလံပေးနေသည်။ ထို့နောက်လက်ပြကာ မောင်းသွားသည်။ ကျွန်ုပ်နားထဲတွင် တုံ တုံ တုံ ဆိုသည့် အသံကို စွဲနေအောင် ကြားရသည်။
ထိုမျက်လှည့်ပွဲနှင့် နောက်လည်း မဆုံရတော့ပါ။
တင်ညွန့်
၉.၁၂.၂၀၂၁