အတ္တစည်းတွေ ခြားခဲ့လေပြီ(စ/ဆုံး)

 အတ္တစည်းတွေ ခြားခဲ့လေပြီ(စ/ဆုံး)

————————-

ချစ်ခင်နှစ်လိုဖွယ်ကြည်နူးစရာမိသားစုလေးတွေ တွေ့တိုင်း ဝေ့ရင်ထဲမှာ ဝမ်းနည်းမိသလို အားလဲကျမိတာအမှန်ပါ။ဝေတို့မှာက မွေးချင်းဆိုလို့ ညီမလေးမှ နှစ်ယောက်တည်းရယ်လေ။ဝေတို့ ညီမနှစ်ယောက်က ထက်အောက် အသက်၂နှစ်ခန့်သာကွာတာမို့ အရွယ်လေးတွေကလဲ မတိမ်းမယိမ်းသာ။ညီမလေးကို မွေးတော့ မေမေက အငယ်လေးမို့ အချစ်ပိုခဲ့လေသလား ဝေ့ထက် ပိုဂရုစိုက်ခဲ့တာတော့ အမှန်ပါ။
ဖေဖေကတော့ သမီးကြီးမို့ ဝေ့ကို ပိုအားကိုးတယ် ချစ်တယ်ဆိုပဲ၊ငယ်စဉ် ကျောင်းတက်တုန်းကရော၊အရွယ်လေးရလို့ လုပ်ငန်းခွင်ဝင်တော့ရောပဲ “ငါ့သမီးကြီးကို ဖေဖေယုံတယ်၊ငါ့သမီးကြီး လုပ်နိုင်တယ်”ဆိုပြီး ဖေဖေ့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အားပေးစကားတွေ ကြားခဲ့ရပါပေါ့လေ။မေမေကလဲ ဝေ့ကို ယုံကြည်ပေးပါတယ်လေ၊ဝေဘာလုပ်လုပ် သမီးလုပ်နိုင်တယ်ဆိုတာ မေမေကတော့ ယုံကြည်ပြီးသားတဲ့။ဝေကလေ မိဘတွေရဲ့ယုံကြည်မှုကို ပြည့်ပြည့်ဝဝရခဲ့ပြီး တကယ်လဲ မိဘတွေ မပူပန်ရအောင်နေခဲ့တာ တက္ကသိုလ်မှာ ကျူတာဆရာမဖြစ်သည်အထိပါပဲ။ငယ့်အပေါ်လဲ တဦးတည်းသော ညီမလေးမို့ အချစ်ပို သံယောဇဉ်ကြီးမိတာပေါ့။
ငယ်ကတော့ ကလေးဘဝတည်းက စကားနည်းတယ်၊ခေါင်းမာတယ်။သူလုပ်ချင်တာရှိရင် မိဘတောင်ပေးမသိဘဲ သူလုပ်ချင်တာ လုပ်ပြီးမှသိရတာမျိုးပါ။ကျောင်းစာမှာတော့ ထူးချွန်ခဲ့ပြီး အပြင်သင်တန်းတွေလဲ တခုပြီးတခုတက်ခဲ့တာပါပဲ။ရွဲ့တတ်တဲ့ အကျင့်လေးလဲရှိပြီး သူ မဟုတ်တာမလုပ်ပဲ အထင်လွဲပြီး သွားပြောကြည့် ပြောတဲ့သူ ထိုင်ငိုသွားအောင် လုပ်ပစ်တတ်သူပါ။တခါက သူမ အတန်းဖေါ်ကောင်လေးနဲ့ အမှတ်မထင်လမ်းကြုံလိုက်မိတာကို ကောင်လေးအမေကြီးက သူ့သားနဲ့တွဲတဲ့မိန်းခလေးများလား စုံစမ်းသလို အစ်အောက်နေလို့ဆိုပြီး ကောင်လေးကို တကယ်တွဲပစ်လိုက်တယ်လေ။ငယ်ရဲ့ ဂျစ်တတ်တဲ့အကျင့်လေးတွေ၊ဖေဖေက မကြိုက်ဘူး။ငယ်က ဖေဖေဆူရင် မျက်ရည်လေး ကလည်ကလည်လုပ်ပြီး ပြန်မပြောတတ်ဘူး၊ဒါပေမဲ့ ဖေဖေရှေ့တင် ကောင်လေးနဲ့ဖုန်းပြောချင်ပြောပစ်တာမျိုး၊ဝေကတော့ ဖေဖေ့ကိုအရမ်းကြောက်ခဲ့တယ်၊အဲလိုပြောဖို့ဝေးရော ဖေဖေကွယ်ရာတောင် ဝေလေ တယောက်ယောက်နဲ့တွဲရမှာ ရှက်ကြောက်မိတုန်း။
ဝေတို့မိသားစုဘဝလေးမှာ ဖေဖေ စောစောစီးစီးကွယ်လွန်သွားတာ သိပ်ဆိုးတဲ့ကံကြမ္မာပါပဲ။ငယ် မဟာသိပ္ပံပြီးလို့ ဘွဲ့ယူပြီးစမှာပဲ ဖေဖေ ရုတ်တရက် သွေးတိုးပြီး အသက်ဆုံးတဲ့အထိဖြစ်ခဲ့တယ်။မေမေတယောက် အားကိုးရတဲ့ခင်ပွန်းဆုံးရှုံးရတော့ စိတ်ထိခိုက်ကြေကွဲခဲ့ရတာပေါ့လေ။ဒါပေမဲ့ အရွယ်ရောက်တဲ့ သမီးနှစ်ယောက်ဟာ မေမေ့ဘဝ အားကိုးရာဖြစ်ခဲ့တယ်။ဝေကတော့ တာဝန်ကျရာအညာတက္ကသိုလ်လေးမှာ ပြန်လည်သွားခဲ့ရပြီး မေမေ့ကို အဝေးကသာ ထောက်ပံ့နိုင်သလောက် ထောက်ပံ့ခဲ့ရတယ်။
ဖေဖေ ချန်ထားခဲ့တဲ့ စတိုးဆိုင်လုပ်ငန်းနဲ့ စုဆောင်းထိန်းသိမ်းတတ်တဲ့ မေမေ့အကျင့်ကြောင့် ကျန်ရှိတဲ့ ပစ္စည်းဥစ္စာတွေဟာ တကယ်တော့ မေမေ့တသက်စားမကုန်ပါဘူး။စတိုးဆိုင်လေးကို မေမေ ဦးစီးပြီး အရောင်းဝန်ထမ်းတွေနဲ့ ဆက်လက်ရောင်းမြဲရောင်းတယ်။ငယ်ကတော့ ဘွဲ့နှစ်ခုယူပြီး ဝန်ထမ်းလဲမလုပ်ချင်ပါဘူးတဲ့၊မိဘအလုပ်လဲ စိတ်မပါဘူးဆိုပြန်ပါတယ်၊အလှကုန်ဖြန့်ချိရေးကုမ္ပဏီထောင်ချင်တယ်ဆိုပဲ။အမေချစ်သမီးဖြစ်တဲ့ ငယ်ဟာ မေမေ့ကိုနှစ်ခါမပြောလိုက်ရပါဘူး။ မေမေလေ အဝေးရောက်နေတဲ့သမီးကြီးဝေကိုတောင် အသိမပေး မတိုင်ပင်ပါဘဲ ငယ် လုပ်ချင်တာလုပ်ဖို့အတွက် ငွေထုတ်ပေးလိုက်ပါတော့တယ်။ဝေ သိတော့ စိတ်မကောင်းဖြစ်မိပေမဲ့ မေမေ စိတ်ရှုပ်အောင်လဲ ပြောမနေတော့ပါဘူး။ငယ် လဲ ကောင်းတာလုပ်တာပဲလို့ သဘောထားလိုက်ပါ​တော့တယ်။
ငယ်တယောက် တနှစ်လောက်လုပ်ငန်းလေးလုပ်လို့ အဆင်ပြေရုံရှိသေး အလုပ်မှာ ဝန်ထမ်းခန့်ထားတဲ့ကောင်လေးနဲ့ ကောက်ကာငင်ကာယူတော့တာပါ။ငယ့်ကောင်လေးက လက်အောက်ဝန်ထမ်းလဲဖြစ်ပြန် အဆင်မပြေတဲ့မိသားစုအသိုင်းအဝန်းကမို့ သမီးရှင်တယောက်တောင်းဆိုသင့်တာဝေးလို့ မင်္ဂလာအခမ်းအနားဖြစ်အောင်တောင် မေမေကပဲ စိုက်ထုတ်ကုန်ကျရတဲ့အဖြစ်ပါ။ဝေလေ ငယ့်အတွက် သိပ်ရင်နာတာပဲ။ပညာ၊ အသိုင်းအဝိုင်းတခုတည်ဆောက်ပေးထားပါရဲ့နဲ့ အခြေအနေမတူတာတွေထည့်မစဉ်းစား ခံစားချက်ကိုဦးစားပေးလွန်းတဲ့ငယ့်ကို ဝေ နားလည်မပေးချင်ခဲ့ဘူးရယ်။မေမေကတော့ သမီးငယ်ဂုဏ်သိက္ခာ မကျရေးအတွက် သူကပဲ အစစ လိုက်လျောပေးခဲ့၊လုပ်ကိုင်ပေးခဲ့လေရဲ့။
ငယ်တယောက် အိမ်ထောင်ဦးမှာ ပူပင်ကြောင့်ကျမရှိခဲ့ရပါပေ။ဝေက တာဝန်တဖက်နဲ့နယ်အဝေးမှာ၊အိမ်မှာလဲ မေမေနဲ့ငယ်သာရှိတာမို့ ငယ့်အမျိုးသားဟာ ငယ်တို့အိမ်မှာပဲ ဆံထုံးနောက်ယောင်ပါလာတာပေါ့။တနေ့တော့ ဝေ သီတင်းကျွတ်ကျောင်းပိတ်ရက်ရှည်မှာ အိမ်ပြန်လာတော့ အရင်တုန်းက ဖေဖေနဲ့မေမေရဲ့ အိမ်ခန်းဆောင်ကျယ်မှာ ငယ်တို့လင်မယားက နေရာယူထားလေပြီ။အိမ်ရဲ့စီးပွားရေးမှန်သမျှ ငယ်ချုပ်ကိုင်ထားတာလဲ ကြာပြီ။အိမ်ရဲ့ဦးစီးနဲ့ အိမ်ရဲ့သခင်ဟာ ငယ်တို့လင်မယားဖြစ်နေပါပေါ့လား။မေမေကတော့ ဘုရားခန်းနဲ့ကပ်ရက်က တယောက်အိပ်ခန်းလေးမှာ။
“မိငယ်ရယ် လုပ်ရက်လိုက်တာ ဖေဖေနဲ့မေမေရဲ့ အိမ်ဦးခန်း၊ဖေဖေကိုယ်တိုင် ဇိမ်ခံမွေယာနဲ့ကုတင်ကျယ်ကြီးကို မေမေ သက်တောင့်သက်သာဖြစ်ပါစေလို့ ဝယ်ထားပေးခဲ့တာ”။ ဝေ ဘယ်တော့ပြန်လာပြန်လာ ဝေတို့ သားအမိသုံးယောက် အတူတူအိပ်ရင်း အလွမ်းပြေစကားတွေပြောကြရတဲ့ ဖေဖေ့ရဲ့အခန်းလေ” “ခုတော့ ဝေလဲ ဝေ့တယောက်ခန်းလေးမှာ၊ မေမေလဲ တယောက်တည်း” ဝေ အများကြီးဝမ်းနည်းမှင်သက်မိခဲ့တယ်၊ ဒါပေမဲ့ ဝေ့နှုတ်ကတော့ ဘာစကားမှပြောမထွက်ရက်ခဲ့ပါဘူး။မေမေကိုယ်တိုင် ငယ်လုပ်သမျှကျေနပ်ပေးခဲ့တာကိုးလေ။
ခွင့်စေ့လို့ ဝေ ပြန်မဲ့ရက်မှာ မေမေ ကျန်းမာရေးဂရုစိုက်ဖို့၊ငယ့်ကိုလဲ အတိုင်းအတာနဲ့သာ လုပ်ပိုင်ခွင့်ပေးဖို့ ဝေ မှာခဲ့မိပါရဲ့။ငယ့်ကိုတော့ ဝေ ဘာစကားမှ သိပ်မပြောဖြစ်တော့။ငယ်ကလဲ ဝေ့ကို အရင်လို အစ်မတယောက်အနေနဲ့ လှိုက်လှိုက်လှုိက်လှဲလှဲ မရှိလှ၊ ဝတ္တရားကျေရုံသာ ဆက်ဆံ၍ သူ့အမျိုးသားနဲ့သာ ပလဲနံပသင့်နေတော့သည်သာ။ ဝေ ဒီတခေါက် အိမ်ပြန်ရက်တွေဟာ မိသားစု မနွေးထွေးလှ၊ဝေ့အိမ် ဝေပြန်ရတာမှ ဟုတ်ပါလေစ။မေမေသည်လဲ ငယ့်ကို ရှေ့တန်းတင်ပြီး လူပိုကြီးမဟုတ်ပါပဲ၊ လူပိုကြီးလုပ်နေလေတာ ဝေလေ မခံချိမခံသာဖြစ်မိပါရဲ့။
နွေဦးရဲ့ နှစ်ကူးတဲ့ တန်ခူးလတရက်မှာ ဝေတယောက်လဲ တက္ကသိုလ်မှာဆုံစည်းခဲ့ရသူ ‘ကို’နဲ့ နှစ်ဖက်မိဘစုံညီရှေ့မှာ လက်ထပ်ခဲ့ပါတော့တယ်။မေမေကတော့ သူထုံးစံအတိုင်း ဝေ့အတွက်ဆို ဘာမှမပူပင်ခဲ့ဘူးထင်ပါရဲ့။အိမ်ထောင်ကျပြီး ဝေက ဝေ့အလုပ်ဖြစ်တဲ့ ကျူတာဆရာမအလုပ်ပဲဆက်လုပ်၊’ကို’ကတော့ သူ့စီးပွားရေးဖြစ်တဲ့ ပွဲရုံလုပ်ငန်းနဲ့ပေါ့၊ကိုယ်စီအလုပ်ရှုပ်ရင်း ဝန်ထမ်းဖြစ်တဲ့ဝေဟာ ‘ကို’နဲ့ကျောင်းကြား သွားလိုက်လာလိုက်၊မေမေ့အိမ်ကိုတော့ မအားတဲ့ကြားက ရောက်အောင်လာမိပါရဲ့၊အစကတော့ မေမေနဲ့သားအမိတွေ ရှေ့ဖြစ်နောက်ကြောင်းတွေ ပြောဟယ်ဆိုဟယ်နဲ့။တခါတလေ ‘ကို’ ပါလာတဲ့ရက်တွေဆို ‘ကို’ ဝယ်လာတဲ့စားစရာတွေနဲ့ ပျော်ပျော်ပါးပါးပါစားကြသောက်ကြပါပဲ၊နောက်တော့ ငယ်တို့လင်မယားက ဝေနဲ့ကို မေမေ့ဆီလာရင် မကြိုက်သလို မကြည်သလို၊ဝေ လေ တို့ညီမတွေ ဘာတွေဖြစ်ကုန်ပြီလဲနော်၊အရင်လိုမနွေးထွေးတော့ပါလားလို့ အောက်မေ့စိတ်မကောင်းဖြစ်ရတာလဲ အကြိမ်ကြိမ်ပါ။နောက်ဆုံးမှာတော့ မေမေ့နဲ့ ဝေကြားမှာ ငယ်ရဲ့ ခလောက်ဆန်မှုတွေကြောင့်မေမေပါ ဝေကိုမကြည်တော့ဘူး။ငယ်တို့လင်မယားကသာ မိဘလုပ်ငန်းတွေ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းရတယ်၊ဝေကတော့ သူ့အလုပ်နဲ့သူ သာသာယာယာ၊ဝေ့ယောကျာ်းလဲ သူ့စီးပွားသာ သူမဲတင်းသူကြီးတဲ့၊အချိန်တန်ရင်တော့ အမေ့အိမ်ဆိုပြီး တက်လာချင်တာ၊မေမေ့အတွက်လုပ်ပေးတာ ဘာများရှိလဲဆိုတဲ့ ငယ့်စွပ်စွဲချက်တွေဟာ ဝေ နားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်။တကယ်တော့ ဝေကသာ ကိုယ့်ညီမလေးမို့ သာယာပါစေ အဆင်ပြေပါစေဆိုတဲ့စိတ်နဲ့ မိသားစုအိမ်ပေါ်တက်နေတယ် မိသားစုပိုင်စီးပွား သူတို့လုပ်ယူတယ်၊နောက်ဆုံး မေမေဝယ်ထားတဲ့ကားတောင် သူတို့ချည်း စီးတော့တာလေ၊မေမေ့့ကိုတောင် ဟိုနားဒီနားလိုက်မပို့ချင်တော့တဲ့အထိ သူတို့ လုပ်ရက်ကြတယ်။ဒါပေမဲ့ ချပြပြီး ဝေ အပြစ်မတင်ခဲ့မိပါဘူး၊ဒါပေမဲ့ ဝေ့ကိုတော့ မေမေနဲ့ ဝေးစေချင်သလို အိမ်ကိုတောင်မလာစေချင်တော့အောင် ငယ့်စိတ်တွေပြောင်းလဲသွားခဲ့တယ်။
“ရက်ကိုလစား၊လကိုနှစ်စား”တဲ့ အချိန်တချို့ကုန်လွန်ကြာနှောင်းပြီးတဲ့နောက်မှာတော့ မိဘဆီက ပညာသာလျင်ယူပြီးထွက်လာခဲ့တဲ့ ဝေဟာ ကိုယ့်အိုးကိုယ့်အိမ်သစ်ပိုင်ဆိုင်ထူထောင်နိုင်ရုံမက ပစ္စည်းဥစ္စာတချို့ကိုပါ စုဆောင်းလာနိုင်ခဲ့ပါတယ်။မေမေ့ကိုလဲ ကန်တော့နိုင်သလောက်ကန်တော့ပြီး၊အလှူအတန်းအပေးအကမ်းမပျက်နေရတဲ့ သက်တောင့်သက်သာဘဝတခုကို ပိုင်ဆိုင်နေခဲ့ပါပြီ။ငယ်ကတော့ စီးပွားရေးလုပ်ရင်းသုံး၊သုံးရင်းလုပ်လာလိုက်တာ မေမေစုဆောင်းထားတဲ့ ငွေကြေးနဲ့ရွှေတိုရွှေစပါမကျန် ကုန်သလောက်ရှိပါပြီ။ငယ်တို့လုပ်တဲ့ စီးပွားရေးတွေ ဖြစ်ထွန်းပါရဲ့နဲ့၊ ငယ် သုံးချင်တာရှိတိုင်းတော့ “မေမေရေ ငယ် ဘာလုပ်ချင်လို့၊ဘာဝယ်စရာရှိလို့နဲ့ မကုန်ဆုံးနိုင်တဲ့ ငယ့်လိုအပ်ချက်တွေအတွက်ကတော့ မေမေ့ရဲ့ ဥစ္စာပစ္စည်းကိုသာ ထုတ်ခိုင်းတတ်သူ ငယ်ပါ။
တနေ့တော့ “မေမေရေ ငယ့်အလှကုန်လုပ်ငန်းအတွက် ဂိုထောင်ကသေးနေလို့ အဲဒါ မြို့သစ်ဘက်မှာ နေရာကောင်းအကွက်ကျယ်တွေ့ထားတယ် သိန်း၁၀၀၀ လောက်ပဲ မိန်းလမ်းမကြီးပေါ်တင် ၊ ငယ် ဝယ်ထားလိုက်ချင်လို့ ” “သမီးငယ်ရဲ့ မေမေ့မှာ အဲလောက် လက်ထဲမကျန်တော့ဘူးလေ” “ဟမ် မေမေကလဲ လွယ်လွယ်လေး ခုလက်ရှိ ငယ်တို့နေတဲ့ တိုက်နဲ့ခြံကို ခဏပေါင်ထားမှာပေါ့” “ပြီး ငယ့်လက်ထဲငွေပြန်ဖြစ်လာရင် ငယ်ပြန်ရွေးပေးမှာပေါ့ မေမေရဲ့” “ဒီလိုဆိုလဲ သမီးမမကို ပြောရအုံးမယ်” “မလိုပါဘူး မေမေရာ၊မေမေ့သဘောတခုတည်းပါ မေမေသာခေါင်းညိတ်လက်မှတ်ထိုးလိုက် ပွဲကပြတ်ပြီးသားပါ”ဒါပေမဲ့ သမီးရယ် သမီးဖေဖေရဲ့ ကြိုးကြိုးစားစားဆောက်ခဲ့ရတဲ့ အိမ်ကြီးကို ပေါင်ရမှာဆိုတော့ မေမေနည်းနည်းစဉ်းစားချင်သေးတယ်” “ရော် မေမေနဲ့တော့ ခက်ပြီ” ငယ် မကျေမနပ်ခြေဆောင့်ထွက်သွားလေတော့တယ်။
တသက်လုံးဘာမှ မပြောမတိုင်ပင်ခဲ့တဲ့မေမေဟာ အိမ်ကြီးပေါင်ဖို့အရေး ဝေ့ကိုအသိပေးလာတယ်။”မေမေရေ ဒါတော့ ဝေ ခွင့်မပြုပါရစေနဲ့ ဖေဖေ့လက် ဖေဖေ့ခြေနဲ့တည်ဆောက်ခဲ့တဲ့ မေမေလက်ရှိနေတဲ့ အိမ်ကြီးကို ခြေချော်လက်ချော်မဖြစ်စေချင်ဘူး မေမေ” “ငယ်တို့လဲ မဖြစ်မနေလိုအပ်နေတာမှမဟုတ်တာ သူနိုင်သလောက်ဖြစ်အောင်လုပ်လဲရနေတာပဲဟာ” မေမေရဲ့ ငယ့်အပေါ်အလိုလိုက်မှုဟာ ဒီတခါတော့ ဝေပြောတာလက်ခံပြီး နောက်ဆုတ်ခဲ့တယ်။ငယ့်ရဲ့လောဘ အတ္တဟာ ဒီလောက်နဲ့ပြီးမသွားခဲ့ပါဘူး “မေမေမသေခင် မေမေ့ကိုချော့ပြီး ဒီတိုက်နဲ့ခြံကြီးငါတယောက်တည်းပိုင်အောင်လုပ်ပြမယ်လို့ “ဝေ့အပေါ် ခြိမ်းခြောက်ခဲ့တာပါပဲ။
သမီးနှစ်ယောက်ရှိတဲ့ မိသားစုလေး၊အဖေချစ်သမီးနဲ့အမေချစ်သမီးကြား မေတ္တာတွေကွာဟနေခဲ့သလို စည်းတဖက်ခြားစေတဲ့ သွေးခွဲသပ်လျိုမှုတွေက ငွေလား၊အတ္တတွေလား။ဖေဖေရှိစဉ်ကတော့ အပေးအယူမျှခဲ့သလိုရှိတဲ့ မိသားစုကမ္ဘာလေး ဖေဖေကွယ်ပျောက်သွားခဲ့ခြင်းနဲ့အတူ အနေစိမ်းလို့သွေးအေးခဲ့ကြရပြီထင်ပါရဲ့လေ။အခြေခံအကျင့်စရိုက်မတူတဲ့ ဝေတို့ညီမနှစ်ယောက်ရဲ့စိတ်အခြေအနေတွေကြောင့်ပဲလား၊မတူညီတဲ့ ဘဝအိမ်ထောင်ဘက်တွေကြောင့်များလားလို့ စဉ်းစားနေမိရင်း “တကယ်တော့ ဖေဖေရေ ဝေတို့ညီမနှစ်ယောက်ကြားမှာ အတ္တစည်းလေးခြားသွားကြပါပြီ။ ဟိုအရင်လို နွေးထွေးတဲ့ မိသားစုဘဝလေးကိုတော့ ဝေတယောက် တမ်းတလွမ်းဆွတ်နေဆဲပါ ဖေဖေရေ——
နှင်းစနေ(ရွှေဘို)
14.12.2023(WED)