နောက်ဆုံးထွက်သက်(စ/ဆုံး)
———————–
“ကိုထွန်း”
ပက်လက်ကုလားထိုင်တွင်ထိုင်ပြီး မျက်စိလေးမှိတ်ကာ ပုတီးစိပ်နေသည့် အဘိုးက မျက်လုံးလေးဖွင့်လိုက်ပြီး
“ဟေ … လာပြီ”
အဘိုးက အိပ်ရာထဲတွင် လဲှနေသည် အဘွားအနီးကို သွားလိုက်ပြီး
“ဘာလဲ … ဘာလိုချင်လို့လဲ”
“တရားခွေလေး ဖွင့်ပေးပါလား”
“ငါက မင်း နားမထောင်ချင်ဘူးလားဆိုပြီး ပိတ်လိုက်တာ”
“နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓလေး ပြန်ဖွင့်ပေးပါလား”
“အေး … အေး”
အဘိုးက တရားခွေကို သွားဖွင့်ပေးလိုက်ပြီး အဘွား ကုတင်ဘေးရှိ ခုံတန်းလေးတွင် ဝင်ထိုင်လိုက်သည်။
“သား ရောက်မလာသေးဘူးလား”
“လာတော့မှာပါ … မနေ့က ဖုန်းထဲမှာ ဒီနေ့ရောက်မယ်လို့ ပြောတယ်”
“ရထား ဆိုက်ပြီးလောက်ရောပေါ့”
“ရထားတွေက မှန်တတ်တာမှ မဟုတ်တာကွယ်”
အဘိုးက အဘွားဘေးနားမှ ယပ်တောင်ကိုယူလိုက်ပြီး ယင်ကောင်တွေကို ယမ်းပေးနေသည်။
“လေတိုက်တာ မခံနိုင်ဘူး”
“ဖြည်းဖြည်းလေးပါ”
“အသက်ရှူရတာ တစ်မျိုးကြီးပဲ”
“ခေါင်းရင်းက ပြတင်းပေါက် ဖွင့်လိုက်မယ်လေ”
“အေးလိမ့်မယ်”
အမှန်တော့ ရာသီဥတုက အလွန်ပူအိုက်နေသည်။
“ခြေထောက်တွေ နှိပ်ပေးမယ်လေ”
“အထိမခံနိုင်ဘူး … ခြေထောက်တွေ နာနေတယ်”
“ရုပ်နာမ်ဆိုတာ ဖောက်ပြန်တာတွေပဲနော်”
“သမီးကြီး မလာသေးဘူးလား”
“လာမှာပါ … သူ့မှာလည်း သူ့ဒုက္ခနဲ့သူ သိပ်မမျှော်ပါနဲ့ကွယ် … ငါတစ်ယောက်လုံးရှိပါတယ်”
အဘွားက မျက်လုံးလေးမှေးထားသည်။ အဘိုးက လက်ကလေးတစ်ဖက်ကို ကိုင်လိုက်သည်။ အဘွားက အတင်းရုန်းပြီး ရင်ဘတ်ပေါ် လက်တွေကို တင်ထားလိုက်သည်။
“ကျွန်မ တစ်ယောက်တည်း နေချင်တယ်။ စကားလာမပြောနဲ့။ သွားတော့”
“အေး … အေး”
“သားလာရင်တော့ ချက်ချင်းလာပြောနော် … ရောက်တော့မယ်ထင်တယ်”
“ရောက်တော့မှာ … ရောက်တော့မှာ”
အဘွားက မျက်လုံးလေး မှိတ်ထားသည်။ အဘိုးက အပြင်ကိုထွက်ပြီး အဝေးကို ငေးနေသည်။ နာရီကို ကြည့်လိုက်ရာ ၁၀ နာရီကျော်သွားပြီ။ ရထားက ပုံမှန်ဆိုလျှင် ၉ နာရီဆိုက်သည်။
သမီးကြီးက ဖိုသီဖတ်သီ ရောက်လာသည်။ လက်ထဲတွင် ချိုင့်လေးတစ်လုံး ကိုင်လာသည်။
“အဖေ”
“တိုးတိုးပြော … နင့်အမေ အိပ်နေတယ်”
“သမီး ထမင်းမချက်နိုင်တော့လို့ အဲဒါ အဖေ့အတွက် ဆန်ပြုတ်လေး လမ်းကဝယ်ပြီး လာပို့တာ။ ဒီညတော့ ဆန်ပြုတ်လေးပဲ သောက်လိုက်တော့နော်”
“ရတယ် … ရတယ်”
“အမေ့အတွက်ရော”
“ဘာမှ မစားတာ သုံးရက်တောင် ရှိနေမှကွယ်”
“အိမ်က ဟိုကောင်လည်း မူးလာပြီး ပြဿနာရှာနေလို့ … အိမ်က အဖေ့မြေးတွေလည်း ထမင်းတောင် ချက်မကျေွးရသေးဘူး”
“အို … ဘယ်အချိန်များ ရှိနေပြီလဲ … ပြန် … ပြန် … ကလေးတွေကို ထမင်းသွားချက်ကျေွး”
“ဟို သေနာက ပိုက်ဆံ တစ်ပြားမှ ပါမလာဘူးအဖေ။ သောက်ရည်ပဲသောက်နေတယ်။ အဲဒါ ဆန်ဝယ်စရာ ပိုက်ဆံတောင်မရှိဘူး”
သမီးဖြစ်သူက လှည့်ထွက်သွားမည်ပြုသည်။ အဘိုးအိုက
“သမီး ခဏလေး”
အိမ်ထဲကို ဝင်သွားပြီး အဘိုးက အထုပ်လေး တစ်ထုပ်ကို ယူလာသည်။
“ရော့ … ရော့ … ဒါလေးကို သွားပေါင်ပြီး သုံးလိုက်”
အဘိုးအိုပေးသည့် အထုပ်လေးကို သမီးက လှမ်းယူလိုက်သည်။
“အဖေ … မောင်လေး … မလာသေးဘူးလား။ သူလာရင်တော့ ပိုက်ဆံလေးဘာလေး ပါလာကောင်းပါရဲ့”
“သူမလာတော့ပါဘူးကွယ် … ရာထားဆိုက်သွားတာ ကြာမှပဲ”
“သမီးလည်း ဘယ်လို လုပ်ရမယ် မသိဘူး။ မောင်လေးပဲ မျှော်လင့်ချက်ရှိတာ”
“မျှော်မနေပါနဲ့တော့ကွယ် … သွား … သွား … ကလေးတွေ ဆာနေလိမ့်မယ်”
သမီးပြန်ထွက်သွားသည်ကို အဘိုးအိုက ငေးကြည့်နေမိသည်။
မီးဖိုးချောင်ထဲဝင်ပြီး ချိုင့်ထဲက ဆန်ပြုတ်ကို ပန်းကန်ထဲထည့်ကာ သောက်ရန် ပြင်လိုက်သည်။ ဇွန်းက ပါးစပ်အနီးရောက်မှ ပြန်ချလိုက်ပြီး ဆန်ပြုတ်ပန်းကန်လေးကို မလာကာ အဘွား အခန်းထဲ ဝင်လိုက်သည်။
“မချစ် … ဆန်ပြုတ်လေး သောက်လိုက်ပါလား”
အဘွားက ရင်ဘတ်ပေါ်က လက်လေးကို ထောင်ပြီး လှုပ်ယမ်းပြလိုက်သည်။ ထို့နောက် တိုးတိုးလေးပြောသည်။ အဘိုးက မကြားသဖြင့် အနားကပ်ပြီး နားထောင်လိုက်သည်
“ဘာပြောလိုက်သလဲ”
“သား … ရောက်ပြီလား”
“ရောက်တော့မှာပါ”
“ကြာလိုက်တာ”
အဘွားက တိုးတိုးလေး ညည်းလိုက်ပြီး ရင်ဘတ်ပေါ်ကလက် ဘေးကို ပြုတ်ကျသွားသည်။
“မချစ် … သတိထားလေ”
ထိုစဉ် သမီးကြီးက အိမ်ထဲပြေးဝင်လာပြီး
“အဖေ … ကယ်ပါဦး”
“ဘာဖြစ်လာသလဲ သမီး”
“ဟိုကောင်လေ သူ့ကို အရက်ဖိုး မပေးရကောင်းလားဆိုပြီး သမီးကို လိုက်ရိုက်နေလို့”
“သမီး”
“ဘာလဲအဖေ”
“နင့် အမေ သေပြီ”
#တင်ညွန့်
၂၀.၁၁.၂၀၁၈