မာနနှင့်ငွေ(စ/ဆုံး)
———–
အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတို့ အုပ်စိုးနေစဉ်ကဖြစ်သည်။
ဗြိတိသျှ အရာရှိတစ်ယောက်သည် အိန္ဒိယလူငယ်တစ်ဦးကို လူကြားထဲတွင် ပါးရိုက်လိုက်သည်။ ထိုလူငယ်က အရာရှိကို ပြန်ထိုးရာ မြေပြင်ပေါ်ကို လဲကျသွားတော့သည်။
နေမဝင်အင်ပါယာကြီးမှ စိတ်ကြီးဝင်နေသော အရာရှိသည် သူ့ကို သာမန်လူငယ်တစ်ယောက်က ပြန်ထိုး လိုက်သဖြင့် ရှက်လည်းရှက် ဒေါသလည်းထွက်ပြီး လူငယ်ကိုဖမ်းကာ သူ့တပ်ထဲကိုခေါ်သွားလေတော့သည်။ ထိုအရာရှိလည်း သူ့ထက်အဆင့်မြင့်သော ဗိုလ်မှူးကြီးထံ ထိုလူငယ်ကိုခေါ်သွားပြီး အပြစ်ပေးရန်တောင်းဆို လေသည်။ ဗိုလ်မှူးကြီးက
“သူ့ကို အပြစ်မပေးသင့်ဘူးကွ။ အပြစ်မပေးသင့်တဲ့အပြင် ဆုတောင်ချသင့်သေးတယ်။ မင်းအဲဒီကောင်ကို ရူးပီး တစ်ထောင်ဆုချလိုက်” ဟု အမိန့်ပေးလေသည်။
လူငယ်အရာရှိလည်း သူ့အထက်အရာရှိက ထိုသို့ အမိန့်ပေးသည်ကို မကျေနပ်သဖြင့်
“ဗိုလ်မှူးကြီးခင်ဗျား … ဒီလိုပြန်ထိုးတာဟာ ကျွန်တော့်ကို စော်ကားတာသာမက ဗြိတိသျှဘုရင်မကြီးကိုပါ စော်ကားရာရောက်ပါတယ်။ ဒီလိုကောင်ကို ဘာဖြစ်လို့ ဆုချရမှာလဲ”
ဗိုလ်မှူးကြီးက
“ငါ မင်းကို အမိန့်ပေးနေတာ။ မင်းအမိန့်ကို နာခံ။ သူ့ကို ရူပီးတစ်ထောင်ပေးလိုက်” ဟုပြောလိုက်လေသည်။
အရာရှိငယ်လည်း မည်သို့မျှ တုံ့ပြန်ရန် မတတ်နိုင်သဖြင့် အထက်အမိန့်အတိုင်း ထိုလူငယ်ကို ရူပီးတစ်ထောင် ပေးကာ
“ငါ့ကိုခွင့်လွှတ်ပြီး ဒီငွေကို လက်ခံပေးပါကွာ” ဟုပင် တောင်းပန်လိုက်ရသေးသည်။
ထိုလူငယ်လည်း ငွေတစ်ထောင်ကို လက်ခံပြီးနောက် ထွက်သွားသည်။ သူ့နိုင်ငံတွင် အခြားနိုင်ငံမှ အရာရှိတစ် ယောက်က သူ့ကို ပါးချခဲ့သည်ဆိုသော အကြောင်းအရာကို မေ့သွားလေတော့သည်။
ထိုခေတ်က ရူပီးငွေတစ်ထောင်ဆိုသည်မှာ အလွန်များသည့် ငွေကြေးပမာဏဖြစ်သည်။ ထိုလူငယ်သည် ရရှိလာသော ငွေများကိုအရင်းအနှီးလုပ်ပြီး စီးပွားရှာရာ နှစ်အနည်းငယ်အတွင်းမှာပင် ချမ်းသာကြွယ်ဝသည့် လူတစ်ယောက်ဖြစ်လာလေတော့သည်။ တစ်ချိန်က ဘာမျှမဟုတ်သည့် သာမန်လူတစ်ယောက်သည့် သူ့အသိုင်းအဝိုင်းကြားတွင် လူရိုသေ ရှင်ရိုသေလူတစ်ယောက်လည်း ဖြစ်လာလေတော့သည်။
နှစ်အနည်းငယ်ကြာသည့်အခါတွင် ဗိုလ်မှူးကြီးသည် အရာရှိငယ်ကို
“ဟေ့ … မင်း တစ်ချိန်က ပါးရိုက်ခဲ့လို့ ငွေတစ်ထောင်ပေးခဲ့ရတဲ့ကောင်ကို မှတ်မိသေးလား” ဟု မေးလိုက် လေသည်။
“ဘယ်မေ့နိုင်ပါ့မလဲ ဗိုလ်မှူးကြီးခင်ဗျာ”
“အေးကွာ … ခု အဲဒီကောင်ကို မင်းသွားပြန်ရှာခဲ့စမ်း”
“ဘာလုပ်မလို့လဲခင်ဗျာ”
“ငါ့ရှေ့မှာ အဲဒီကောင်ကို ပါးပြန်ရိုက်ပြစမ်းပါ”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်တော့မှာလဲခင်ဗျာ။ အဲဒီကောင်က ခုဆိုရင် ချမ်းသာနေပြီခင်ဗျ။ ဆင်းရဲတုန်းကတောင် ကျွန်တော့်ကို ပြန်ထိုးသေးတာ။ ခုချမ်းသာနေပြီဆိုတော့ ဒီတစ်ခါ ပါးရိုက်ရင် ကျွန်တော့်ကို သတ်မလားပဲ”
“အဲဒီကောင်ကို သွားရှာပြီး ခေါ်ခဲ့စမ်းပါကွာ … ဒါအမိန့်ပဲ”
အရာရှိလည်း အမိန့်ပေးသည့်အတိုင်း ထိုသူကို သွားခေါ်လာခဲ့သည်။ ဗိုလ်မှူးကြီးက သူ့ရှေ့ကို ရောက်လာသော်
“ဟေ့ … မင်း အဲဒီကောင်ကို ပါးပြန်ရိုက်စမ်းကွာ” ဟု အမိန့်ပေးလေသည်။
အရာရှိလည်း အမိန့်ပေးသည့်အတိုင်း ထိုသူကို ပါးရိုက်လိုက်လေသည်။
အိန္ဒိယသားလေးသည် ယခင်ကလို သူ့ကို ပြန်မထိုးရုံမက သူ့ကို ပါးရိုက်သည့် အရာရှိကိုပင် မော့မကြည့် ဝံ့အောင်ဖြစ်နေလေသည်။
ဗိုလ်မှူးကြီးက ပြုံးနေပြီး
“အံ့အားသင့်နေသလားကွ” ဟု မေးလိုက်လေသည်။
“ဟုတ်ကဲ့ … အဲဒီကောင် ဆင်းရဲတုန်းက ဘာမှကြောက်စိတ်မရှိဘူး။ ခုအဲဒီကောင် ချမ်းသာသွားပြီး ဘာဖြစ် သွားတာလဲ။ မော့တောင်မကြည့်ဘူး။ ဘာတွေဖြစ်ကုန်တာလဲ”
သူတို့အင်္ဂလိပ်စကားနှင့်ပြောနေသည်ကို အိန္ဒိယသားလည်း နားလည်ဟန်မရှိ။
ဗိုလ်မှူးကြီးကပြောလိုက်သည်
“ပထမတစ်ကြိမ် မင်းသူ့ကို ပါးရိုက်လိုက်တုန်းက အဲဒီကောင်က သူ့ကိုယ်သူ တန်ဖိုးထားတဲ့ကောင်ကွ။ ဒါကြောင့် သူ့သိက္ခာကို ထိပါးလာရင် ဘာမဆို လက်တုံ့ပြန်ဖို့ ဝန်မလေးဘူး။ ခု မင်းကို သူပြန်ပြီး မထိုးတာက သူ့ဂုဏ်သိက္ခာထက် ပြန်ပြီးတော့ ငဲ့ရမယ့်၊ ထောက်ထားရမယ့်အရာ သူ့မှာရှိသွားလို့။ အဲဒါဘာလဲ သိလား”
“ဘာများပါလဲခင်ဗျာ”
“ချမ်းသာသွားတာလေကွာ … မင်း သူ့ကို ရူပီးတစ်ထောင် ပေးလိုက်တဲ့နေ့ကစပြီးတော့ သူ့ဂုဏ်သိက္ခာကို အဲဒီကောင် ငွေနဲ့ လဲသွားတာကွ။ ဒါကြောင့် ငါကစမ်းသပ်ခိုင်းလိုက်တာ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ ကောင်ဆိုရင် သူ့ဂုဏ်သိက္ခာကို ငွေနဲ့ မလဲဘူး သိလား။ ဒါကြောင့် ဒီနေ့ မင်းသူ့ကို ပါးရိုက်တာကို ဒီကောင် မတုံ့ပြန်တော့တာ။ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို သူစဉ်းစားမှာမလွဲဘူး။ ပြောရရင် အဲဒီကောင်မှာ ဘာ ဂုဏ်သိက္ခာမှ မရှိတော့လို့၊ ဂုဏ်သိက္ခာကို တန်ဖိုးထားရမှန်း မသိတော့လို့ မင်းကို မတုံ့ပြန်တော့တာ”
ကိုယ့်ကိုယ်ကိုယ် ငွေနှင့်ရောင်းစားခဲ့သူတစ်ဦးသည် ထာဝရဦးညွတ်ကာ အောက်ကျခံနေရမည်သာ။
(Self-respect ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)
တင်ညွန့်
၁၀.၁၂.၂၀၂၅