ဆိတ်ငါးကောင်(စ/ဆုံး)

 ဆိတ်ငါးကောင်(စ/ဆုံး)

——————-

အိမ်နောက်ဖေးဇောင်းတွဲထဲမှာ သော့ခတ်ပစ်ထားတဲ့ စက်ဘီးလေးကို ကျမအိမ်ရှေ့ထုတ်လာခဲ့တယ်။ဖုန်တွေ ပိုးချည်မျှင်တွေတက်ပြီး အော်ရီဂျင်နယ်အရောင်တောင်သိပ်မပေါ်ချင်တော့ဘူး။ ရှေ့ဘီးရော နောက်ဘီးရောကလည်း လေပင်မရှိတော့။

ကျမ အဝတ်စုတ်တစ်ခုနဲ့ စက်ဘီးပေါ်တင်နေတဲ့ အမှုန်တွေကို ရိုက်ခါပစ်လိုက်တယ်။ အမှုန်တွေက နေရောင်အောက်မှာ ဖွားခနဲ။ ဖက်ဖူးစိမ်းအရောင်ဖျော့ဖျော့လေး‌‌
တော့ပေါ်လာပြီ။ စက်ဘီးလက်ကိုင်လေးကို ဆုပ်ကိုင်မိချိန်မှာ နွေးထွေးတဲ့ခံစားမှုလေးနဲ့ မျက်ဝန်းတို့စွတ်စိုသွားတယ်။ကြာခဲ့ပြီပဲ……

ဒီနေ့မှ ကျူရှင်ဆင်းချိန်က နောက်ကျနေတယ်။အပြင်ဘက်မှာ အလင်းရောင်တောင်မရှိတော့ဘူး။ စာအုပ်တွေကိုသိမ်းပြီးတာနဲ့ ကျမခြေလှမ်းတွေက စာသင်ခန်းအပြင်ဘက်ကို အလုအယက်ပြေးသွားတယ်။

ကျူရှင်ရှေ့မှာ လာကြိုတဲ့သူတွေ ဟိုတစ်စု ဒီတစ်စုနဲ့။ ကျူရှင်အိမ်ရဲ့ ညာဘက် တစ်အိမ်ကျော်လောက်မှာရှိတဲ့လမ်းမီးတိုင်မှ ဝါကျင်ကျင်မီးတစ်ပွင့်က နေရာအနှံ့တော့အလင်းမဖြန့်နိုင်ရှာဘူး။

နာမည်ခေါ်သံတွေ၊ ဒီမှာဒီမှာလို့ လက်ကလေးထောင်ပြီး နေရာပြနေတဲ့သူတွေကြားမှာ သမီးကြီးဆိုတဲ့ ခေါ်သံကိုပဲ ကျမနားစွင့်မိတယ်။

“သမီးကြီး …အဖေဒီမှာ´´
ထုံးစံအတိုင်းအဖေ ရပ်စောင့်နေကျနေရာလေးမှာအဖေကိုမတွေ့ရတာမို့ ဟိုငေးဒီငေးဖြစ်နေတဲ့ကျမနားကို အသံအရင်လာပြီးမှ အဖေကအနားကိုရောက်လာတာပါ။

“အဖေ နည်းနည်းနောက်ကျသွားတယ်´´ တဲ့။
ရပ်နေတဲ့ကျမကိုပတ်ပြီး စက်ဘီးကို ဂငယ်ပုံကွေ့ရင်း အဖေ ပြောတယ်။ပြီးတော့အဖေက စက်ဘီးကိုဘရိတ်ဆွဲပြီး ခြေတစ်ဘက် မြေပြင်ပေါ်ထောက်လျက် အရှိန်သတ်လိုက်တယ်။

ကျမက ရပ်ထားတဲ့ စက်ဘီးရဲ့ နောက်ကယ်ရီယာခုံပေါ်
တက်ထိုင်ပြီးမှာ အဖေ့စက်ဘီးလေးက စတင်ထွက်ခွါပါတယ်။

“စာတွေလိုက်နိုင်လား သမီးကြီး´´
ကျူရှင်ကနေ ကျမကိုကြိုပြီး ပြန်လာတဲ့လမ်းမှာ အဖေမေးနေကြ မေးခွန်းလေးပါ။
ကျူရှင်နဲ့အိမ် အကွာအဝေးက‌တော့ကျမတို့မန္တလေးအခေါ် ၆ပြလောက်တော့ရှိတယ်။ ပေပေါင်း၃၀၀၀ကျော်အဲ့ခရီးမှာ အဖေနဲ့​ရောက်တတ်ရာရာတွေပြောမိကြပေမဲ့ အဲ့ဒီစကားတစ်ခွန်းကတော့ အမြဲပါပါတယ်။

၄တန်းသာအောင်ခဲ့တဲ့ အဖေက ကျမတို့ကိုပညာတတ်တစ်ယောက်ဖြစ်စေချင်တယ်တဲ့။တစ်ခါတစ်ရံ ကျမလက်ဖဝါးလေးကိုသူ့လက်ကြမ်းကြမ်းအညိုကြီးတွေနဲ့ဆုပ်ကိုင်ပြီး

“ငါ့သမီးကြီး လက်ကလေးက နုနုလေး
အလုပ်ကြမ်းတွေ မလုပ်နိုင်ဘူး။ပညာတတ်အောင်သင်။´´တဲ့။

ကျမ ကိုယ့်လက်ဖဝါးကို ဖြန့်ကြည့်မိတယ် ။ဘယ်လက်ကိုညာလက်နဲ့ဆုပ်ကိုင်မိလိုက်တဲ့အခါ ရင်ထဲဆစ်ခနဲဖြစ်သွားရတယ်။

“ဒီနေ့ ဆိုက်ထဲကို အင်ဂျီနီယာမလေးတစ်ယောက်ပါလာတယ် သမီးကြီးရဲ့။ဖြူဖြူသေးသေးလေး။
ငါ့သမီးကြီးပုံစံနဲ့ တူလိုက်တာ။ အင်ဂျီ
နီယာလိုင်းရဖို့က အမှတ်ကောင်းရတယ်တဲ့။ငါ့သမီးကြီး စာကြိုးစားဗျနော်´´
စက်ဘီးနင်းရင်း ကျမကိုစကားဆိုလာတဲ့ အဖေ့အသံမှာ သမီးအပေါ် မျှော်လင့်နေတာတွေပါနေမှန်း ကျမသိပါတယ်။ ဆောင်းလေအေးတွေ တွန်းတိုက်သွားပေမဲ့ ဖလန်ထည်အကွက်ကျဲကြီးနဲ့ အဖေကမအေးနိုင်ရှာပါဘူး။

အဖေကပိန်ပိန်ပါးပါးပေမဲ့ ကုန်းအတက်လေးတွေပေါတဲ့ ကျမတို့ရပ်ကွက်လမ်းတွေမှာ ခါးကြီးကုန်းသွားတဲ့အထိ အားစိုက်နင်းရတာတောင် မောတယ်လို့ အဖေ့နှုတ်ကညည်းတာ မကြားဖူးဘူး။

အမေလည်းဘာထူးလဲ။ ပင်ပန်းလိုက်တာဆိုပြီး ပြောသံမကြားခဲ့ဖူးပါဘူး။မနက်စောစောထ ထမင်းချက်ပြီးတာနဲ့အမေက ၅နှစ်သားကျော်ကျမတို့အငယ်ဆုံးမောင်လေးကိုခေါ်ပြီး မနက်ပိုင်း ရပ်ကွက်ဈေးမှာပျံကျကုန်စိမ်းရောင်းရင်း အိမ်ရဲ့ဝင်ငွေကို တစ်ဖက်ကကူရှာတယ်။ကျောင်းပိတ်လို့ ကျမသွားကူရင်တောင် မောင်လေးနဲ့အိမ်ကိုပဲ ပြန်ခိုင်းတာ။

ငါးသည်တွေဆီကဈေးပေါင်ကျိုးသိမ်းလာတာမို့ ကျမတို့အိမ်မှာ ငါးဟင်းကတော့ နေ့တိုင်းချက်ဖြစ်တယ်။ငါးကြီးတွေတော့အမြဲမဟုတ်ပေမဲ့ ငါးသေးစုံဟင်းကတော့ကျမအတွက်ထည့်ပေးတဲ့ ကျောင်းထမင်းချိုင့်မှာ ပင်တိုင်ပါပါတယ်။

ဈေးကအပြန် အဝတ်လျှော် ထမင်းချက်အိမ်မှုကိစ္စတွေနဲ့
နပန်းလုံးရင်း အမေ့မှာနားချိန်ဆိုတာ သီးသီးသန့်သန့်ရှိမနေခဲ့ပါဘူး။ညရောက်ရင် မောင်လေးကိုချော့သိပ်ရင်း အမေက အိပ်ပျော်သွားတဲ့အချိန် အဖေက ကျမနားမှာ အဖော်အဖြစ်ကျန်နေခဲ့တယ်။

နေ့ခင်းမှာ အုတ်ခဲသယ် မဆလာသယ်နဲ့ပင်ပင်ပန်းပန်းလုပ်ရတဲ့အဖေက ညဘက်စောစောအိပ်ရာမဝင်ရှာဘူး။ ဖယောင်းတိုင်မီးနဲ့ စာကျက်တဲ့ကျမကို ဘေးကနေ နှီးယပ်တောင် တစ်ချောင်းနဲ့ တဖြန်းဖြန်းခတ်ပြီး ခြင်မောင်းပေးတတ်သေးတာ။အဲ့လိုအဖော်ပြုစောင့်ပေးရင်း တစ်ခါတစ်ခါ ထရံကာအိမ်နံရံကို ကျောမှီငိုက်တတ်တဲ့အဖေကိုမြင်ရရင် ကျမပိုပြီးစာတွေကျက်ဖြစ်တယ်။

အိမ်ငှားဘဝကနေ အဖေ့ဆရာဖြစ်သူပိုင်တဲ့ဝိုင်းလွတ်မှာ မြေစိုက်ထရံကာအိမ်လေးဆောက်ပြီး ကျမတို့နေခွင့်ရလာတာ မောင်လေးတစ်သက်ရှိပေါ့။ နံကပ်တိုက်ဆောက်ရာပဲဖြစ်ဖြစ် အာစီတိုက်ဆောက်ရာပဲဖြစ်ဖြစ် အဖေပါတဲ့ဆိုက်ဆို အဲဒီအဆောက်အဦးတွေနဲ့ပတ်သက်ပြီး အဖေမှာပြောလို့မပြီးတော့ဘူး။ဒါပေမဲ့ အဖေ့နောက်ဆုံးပိတ်စကားက…….

“အဲ့လို တိုက်ကြီးတွေနဲ့နေဖို့အထိ အဖေမမှန်းပါဘူး
ကိုယ့်ဝန်းကိုယ့်ခြံလေးပိုင်ရရင်ကို တော်ပါပြီ´´တဲ့။
ပြောရင်း ဟိုးအဝေးကိုငေးကြည့်တတ်တဲ့အဖေ့မျက်လုံးတွေရယ်၊ အသံကြားရတဲ့အထိ အဖေ့သက်မချသံ ပြင်းပြင်းရယ်….

တချို့ဘဝတွေက အဆင်မပြေမှုတွေများကြတယ်။အဲ့ဒီ့တချို့ထဲမှာ ကျမတို့မိသားစုလေးလည်းပါခဲ့ရတယ်။
ကျမတို့အဝတ်အစားတွေထည့်တဲ့ သေတ္တာထဲမှာ ပစ်တိုင်းထောင်မျက်နှာနဲ့ မြေစုဗူးတစ်လုံးရှိတယ်။ကျမတက္ကသိုလ်တက်ရင်သုံးဖို့တဲ့။

ကျမ ဆယ်တန်းကို ဂုဏ်ထူးနှစ်ခုနဲ့အောင်တယ်။ အမှတ်စာရင်းထွက်တော့ အဖေ့တက်စေချင်တဲ့ အင်ဂျီနီယာလိုင်းမီတယ်။ TU‌တက်ဖို့အမှတ်မီတယ်‌ပေါ့။ကျမထက် အဖေနဲ့အမေက ပိုပျော်နေပါတယ်။

“သမီး အဝေးသင်ပဲတက်မယ်၊ပြီးတော့ အလုပ်လုပ်မယ်”
အပြုံးတွေချက်ချင်းပျောက်သွားပြီး အဖေ့မျက်နှာရဲခနဲဖြစ်သွားတယ်။အမေကတော့အဖေ့ကိုတလှည့် ကျမကိုတလှည့်ကြည့်လို့။

“ဘာလဲ သမီးကြီး
ညည်းက ငါတို့ အင်ဂျီနီယာတက္ကသိုလ်မပို့နိုင်ဘူးထင်လို့လား
ညည်းအဖေ သန်တုန်းပါအေ့။ငါ မအိုသေးပါဘူး”

အဖေ့အသံကတုန်နေတယ်။ အရည်လဲ့သွားတဲ့အဖေ့မျက်လုံးတွေ ကျမ မမေ့နိုင်ဘူး။
ကျမလေခေါင်းမော့ပြီး ဝေ့တက်လာတဲ့ မျက်ရည်စတွေကို မျက်တောင်ကော့တွေနဲ့ ပုတ်ခတ်ရုတ်သိမ်းမိတယ်။

အနောက်ဘက်ကောင်းကင်မှာ နေမင်းကြီးရဲ့ပုစွန်ဆီရောင်သန်းနေတဲ့ရောင်နီတချို့ကို အထပ်မြင့်တိုက်တွေကြားကနေ လှမ်းမြင်ရတယ်။ နေဝင်ဆည်းဆာရဲ့ အလှဆုံး အချိန် တစ်ခုပေါ့။ အရေးကြောင်းအထပ်ထပ်နဲ့ ရှိတဲ့အသက်ထက် ပိုကြီးသယောင်ထင်ရတဲ့ အဖေ့မျက်နှာကို
တိမ်တိုက်တွေကြားမှာ လှမ်းမြင်လိုက်ရသလိုပါပဲ။

ဝင်ခွင့်ဖောင်ကျလာတော့ တစ်အိမ်လုံးမှာ အပျော်ဆုံးကအဖေ။
“ငါ့သမီးကြီးအင်ဂျီနီယာမကြီး´´ ဆိုပြီးကျောင်းတောင်မတက်ရသေးတဲ့ ကျမကို ကင်ပွန်းတပ်နေပြီ။ လမ်းမထွက်လျှောက်စဖူး လမ်းထွက်လျှောက်လို့ တွေ့တဲ့သူတိုင်း သမီးအကြောင်းကြွားရတာအမော။

အဲဒီနေ့က မိုးတောင် တော်တော်ချုပ်နေပြီ။
အဖေအလုပ်ကပြန်မှ အမေနဲ့တိုးတိုး တိုးတိုးပြောပြီး အမေကိုခေါ်ကာ အပြင်ပြန်ထွက်သွားတယ်။ကျမနဲ့မောင်လေးကအိမ်စောင့်ပေါ့။

“သမီးကြီးရေ….ဟေ့ သမီးကြီး´´
ခြံအဝင်ဝ မရောက်ခင်မှာကတည်းက အဖေ့ အသံကို
ကြားလိုက်ရတယ်။ သတိထားမိတာတော့ ကြားနေကျထက် အဖေ့အသံ ပိုသွက်ပိုမြူးနေတာပဲ။

ကျမ မောင်လေးလက်ကိုဆွဲပြီး အိမ်ရှေ့ထွက်လာခဲ့တယ်။ အမေ့ကိုတင်လာတဲ့ အဖေ့စက်ဘီးက ကျမတို့အနားမှာရပ်သွားတယ်။အဖေက စက်ဘီးကိုဒေါက်ထောက်ရပ်ပြီး ခြံအပြင်ပြန်ထွက်သွားပြန်တယ်။
ခဏအကြာအဖေ့နောက်မှာဆိုက်ကား တစ်စီးဝင်လာတယ်။

“ဒီနားမှာ ချရအောင်´´
ဆိုက်ကားဆရာ ဦးလေးရယ် အဖေရယ် ဆိုက်ကားပေါ်ကနေ စက်ဘီးတစ်စီးကိုချလာတယ်။

“သမီးကြီး ကျောင်းသွားရင်စီးဖို့
အသစ်တော့မဟုတ်ဘူး သမီးရယ်။
ဟိုဘက်ရပ်ကွက်က အပေါင်ဆိုင် မမမြတို့ဆီက အဖေတို့ဝယ်လာတာ´´

အဖေက ဝယ်လာတယ်ဆိုတဲ့ စက်ဘီးလေးကို လှည့်ပတ်ကြည့်ရင်း ဆိုတယ်။ အဲ့တုန်းက ပန်းဘီးလို့ခေါ်တဲ့ ဖီးဆင့်တို့၊ မိချောင်းဘီးတို့၊ ရော်ဘင်ဟုဘီးတို့ခေတ်လေ။မိန်းကလေးအများစု စတိုင်ထုတ် စီးကြတဲ့ ဘီးတွေကိုး။ အခု အဖေဝယ်လာတာက တရုတ်ဘီး။ တရုတ်ဘီးလို့ ကျမတို့အရပ်ခေါ်တဲ့ဆိတ်ငါးကောင်ဘီးလေး။ စက်ဘီးကလက်ကိုင်အဖြောင့် ဖက်ဖူးစိမ်းရောင်လေး။

အဲ့ဒီတရုတ်ဘီးလေးကို ကြည့်နေတဲ့ ကျမ မျက်နှာရဲ့အရိပ်အကဲကိုအဖေဖတ်နေတယ်ထင်ပါရဲ့။

“မကြိုက်ဘူးလား သမီးကြီး´´
အဖေ့အသံက လှုပ်ခတ်လို့။ အားပျော့လို့။

“ကြိုက်တာပေါ့ အဖေရဲ့
မနက်ဖြန်ကျောင်းတက်ရင် ကွက်တိပဲ
စီးလို့ရပြီ´´
အဖေ့ရဲ့ပျော်သွားတဲ့ မျက်နှာ။သဘောကျသွားတဲ့ရယ်သံ။
ကျမပြုံးလိုက်ပါတယ်။ ပြည့်လျှံတက်လာတဲ့ မျက်ဝန်းအိမ်က မျက်ရည်တချို့ ပါးပြင်ပေါ် စီးကျလာတယ်။

“အကို….
လေးလေးအောင်ကြည်ကို ပြောပေးပါအုံး
စက်ဘီးလေးလာယူလို့ရပြီလို့´´
ခင်ပွန်းဖြစ်သူထံ ဖုန်းဆက်ပြီးကျမပြောလိုက်တယ်။

ညနေစောင်းပြီ။ အလင်းဖျော့ကောင်းကင်အောက်မှာအရိပ်တစ်ခုမြင်ကွင်းထဲတိုးဝင်လာတယ်။

“ဆရာကတော်…
ဆရာက လွှတ်လိုက်လို့ပါ´´
ဆိုက်ကားပေါ်က ဆင်းပြီး လေးလေးအောင်ကြည် ကျမရှေ့ လာရပ်တယ်။ လေးလေးအောင်ကြည် အကြည့်ကကျမဘေးက စက်ဘီးလေးဆီရောက်နေတယ်။

“လေးလေး….
ကြာပြီဆိုတော့ ကျွတ်တို့ တာယာတို့ ကောင်းပါအုံးမလားတော့ မသိဘူး။ ´´

“ဘီးလေး ပေးတာကိုပဲ ကျေးဇူးတင်လွန်းလို့ပါ ဆရာကတော်ရယ်။ ဒါဆို ကျွန်တော့်သမီးလေး ဆံပင်ရှင်းတဲ့စက်ရုံသွားရင် အဆင်ပြေသွားပြီ´´

ဝမ်းသာလှိုက်လှဲတဲ့အသံ။ပြုံးရယ်သွားတဲ့ဖခင်တစ်ယောက်ရဲ့မျက်နှာ။ ဆယ်နှစ်ကျော်ပြီ။ စက်ဘီးထက်ဆိုင်ကယ်ကိုပဲ စီးဖြစ်တော့တာ။ အိမ်နောက်ဘက်အဖီထဲမှာ ထိုးထားတဲ့ စက်ဘီးလေးကို တစ်စုံတစ်ယောက်ကိုပေးဖို့ ခင်ပွန်းဖြစ်သူပြောတိုင်း ကျမခေါင်းခါဖြစ်ခဲ့တာများတယ်။ ကျမဘဝအတွက် အမှတ်တရတစ်ခုလိုမျိုးဖြစ်နေတော့ ကျမလက်မလွှတ်ချင်ခဲ့ဘူး။

ဒီတစ်ခါ ကျမကိုယ်တိုင်ကိုက လိုလိုချင်ချင်ပဲ။စက်ဘီးလေးကို အသုံးလိုသူဆီပေးမယ်ပြောတော့ ခင်ပွန်းဖြစ်သူက မယုံကြည်သလိုကြည့်သေးတာ။

လေးလေးအောင်ကြည်တို့သားအဖ ခြံရှေ့ကဖြတ်သွားတာမြင်တိုင်း အဖေနဲ့ကျမရဲ့ အိမ်ပြန်ချိန်တွေကိုသတိရဖြစ်တယ်။

“ ဆရာကတော်..
ကျွန်တော် စက်ဘီးကို ဆိုက်ကားပေါ်တင်လိုက်တော့မယ်နော်´´
ပြန့်ကျဲသွားတဲ့စိတ်ကို စုစည်းလိုက်ပြီး စက်ဘီးကို ဆိုက်ကားပေါ် ကူတင်ပေးလိုက်တယ်။
လေးလေးအောင်ကြည် မျက်နှာပြုံးလို့
ဟိုး…..ကောင်းကင်ထက်မှာ ကျမ အဖေကလည်းပြုံးလို့။

ခင်ဦး