အောင်မြတ်သာနှင့်ဝေဘာဂကိုးနဝင်းစေတီ
++++++++++++++++++++++++++++++“ နောင် နောင် နောင် နောင်”ညကြီးသန်းခေါင်ထွက်ပေါ်လာတဲ့ ရှမ်းအိုးစည်သံကြောင့် တောင်ခြေမှာနေတဲ့ သစ်ခုတ်သမားတွေ မျက်လုံးပြူးသွားခဲ့တယ်။“ ဒီအချိန်ကြီး ရှမ်းအိုးစည်သံ ဘယ်ကနေ ထွက်လာတာလဲ”“ တောင်ပေါ်မှာလဲ ကိုးနဝင်းစေတီ တစ်ဆူပဲရှိတာ၊ ဒီအသံက ဘယ်ကထွက်လာတာလဲ”“ တောင်ပေါ်တက်ကြည့်ရင်ကောင်းမလား”“ နေစမ်းပါကွာ… ကိုယ်နဲ့မဆိုင်တာ ဝင်မစွက်ဖက်နဲ့.. အိပ်စရာရှိတာအိပ်”အဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဦးဘရီ ပြောလိုက်တော့မှ ကျန်တဲ့သူတွေငြိမ်သွားခဲ့ကြတယ်။နောက်တစ်နေ့ မနက်ရောက်တော့ သစ်ခုတ်ရာမှာအသုံးပြုတဲ့ပစ္စည်းတွေကိုယူပြီး ဝေဘာဂတောင်ပေါ်ကိုတက်လာခဲ့ကြတယ်။ ဝေဘာဂတောင်ကြောက တောထူပြီး သစ်ရိပ်ဝါးရိပ်များတာကြောင့် သစ်ခုတ်သမားတွေမျက်စိကြကြပေမယ့် အစောင့်အရှောက်ကြီးပြီး တောကြမ်းတာကြောင့် တော်ရုံလူတွေမလာရဲကြပေ။“ မင်းတို့ပါးစပ်တွေ မချောင်ကြနဲ့… အချင်းချင်းစနောက်တာရော၊ အပေါ့အပါးသွားတာကအစ ငါ့ကိုအသိပေးပြီးမှသွားနော် ကြားလား”“ ဟုတ်ကဲ့ ဦးကြီး”ဦးဘရီတို့အဖွဲ့တောင်ပေါ်ရောက်ချိန်မှာ နေက ထန်းတစ်ဖျားရောက်နေပြီဖြစ်လို့ ပါလာတဲ့ပစ္စည်းတွေကိုနေရာချကာ သစ်ခုတ်တာကို စတင်ခဲ့ကြတယ်။“ ကြိုးနဲ့ဆွဲတဲ့ကောင်တွေ သတိထား… အပင်က လည်ပြီး မင်းတို့ဆီပြန်ကျလာလိမ့်မယ်”အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ ဦးဘရီက စိုးရိမ်စိတ်နဲ့ လှမ်းပြောလိုက်တဲ့အချိန် ခုတ်လက်စဖြစ်နေတဲ့ ပျဉ်းကတိုးပင်ကြီးက ဝုန်းဆိုလဲကျလာခဲ့တယ်။“ အားလုံး အဆင်ပြေလား…”“ ပြေတယ် ဦးကြီး… နှစ်ချို့အပင်မို့လို့လားမသိဘူး အတော်ကိုနစ်နေတာပဲ”“ အေးအေး… အားလုံးခဏနားပြီးတာနဲ့ ကိုင်းဖျားကိုင်းနားတွေ ခုတ်ဖို့ပြင်ကြ”အလုပ်သမားတွေလဲ ခေတ္တနားချိန်မို့ ဆေးလိပ်သောက်သူကသောက်၊ စကားပြောသူက ပြောနဲ့ အနားယူနေခဲ့ကြတယ်။“ ဝေါင်း….”ရုတ်တရက်ကြားလိုက်ရတဲ့ ကျားဟိန်းသံကြောင့် အကုန်လုံးရုတ်ရုတ်သဲသဲဖြစ်သွားပြီး အသံကြားတဲ့ ဘက်ကို လှည့်ကြည့်လိုက်ကြတယ်။“ အားလုံး လူစုမကွဲစေနဲ့…”ဦးဘရီက လှမ်းအော်လိုက်ပြီး အနားမှာရှိတဲ့ ဒူးလေးကိုလှမ်းယူလိုက်တယ်။“ ဒီတောမှာ ဟင်းမျိုးကြီးရှိတယ်လို့ အရင်ကမကြားဖူးပါဘူး…”“ ကျွန်တော်တို့လဲ ဒီမှာ သစ်ခုတ်တာ လေးငါးခါရှိပြီ ဒီလိုဟိန်းသံမျိုးတစ်ခါမှ မကြားဖူးတာအမှန်ပဲ”“ ငါတို့ထဲက ဘယ်သူအမှားလုပ်မိပီလဲမသိပါဘူး၊ ဟေ့ကောင်တွေ မင်းတို့ ငါမသိပဲ ဘာလုပ်မိသေးလဲ ပြောကြစမ်း”ဦးဘရီအသံက မာထန်နေတာကြောင့် ကျန်တဲ့သူတွေအားလုံး မလှုပ်ရဲပဲ ငြိမ်သက်နေခဲ့ကြတယ်။“ ငါပြောနေတယ် ဘယ်သူ ဘာပြောမိသေးလဲ… မင်းတို့ပြောမှ ငါလုပ်စရာရှိတာ လုပ်ရမှာ… မပြောဘူးဆိုရင် အကုန်လုံး ဒုက္ခရောက်မှာကွ”“ ကျွန်တော်… ကျွန်တော် တောင်ပေါ်တက်တုန်းက ပြောမိတာတစ်ခုတော့ရှိတယ် ဦးကြီး”“ အေး… မင်း ဘာပြောခဲ့လဲ”“ ဒီလိုတောနက်ထဲမှာ ကျားတွေရှိနိုင်တယ်နော်ဆိုပြီး ပွကြီးကိုပြောခဲ့မိပါတယ်”“ မင်းကွာ… ငါအတန်တန်မှာထားရဲ့သားနဲ့… ဟေ့ ထွန်းစိန်… ဖယောင်းတိုင်အမွှေးတိုင်ယူလာခဲ့”ဦးဘရီက ထွန်းစိန်ပေးတဲ့ ဖယောင်းတိုင်အမွှေးတိုင်ကိုယူပြီး အတန်သင့်မြင့်တဲ့ ကုန်းပေါ်မှာ ထွန်းညှိလိုက်တယ်။“ တောပိုင်၊ တောင်ပိုင်များနှင့်တကွ အစောင့်အရှောက်များ ကို ကျွန်တော်မျိုးဘရီ တောင်းပန်အပ်ပါသည်။ မပြောသင့် မပြောအပ်သည်များကို ပြောခဲ့သည်ရှိသော် တောပိုင်၊တောင်ပိုင်များက ခွင့်လွှတ်ပေးကြပါ၊ ကျွန်ုပ်တို့၏ စားဦးစားဖျားများနှင့်လဲ ပူဇော်ပသပါသည်” လို့ပြောပြီး ပါလာတဲ့ ထမင်းထုပ်ကိုဖြေကာ ပသလိုက်တော့မှ ငြိမ်ကျသွားခဲ့တယ်။ညရောက်တော့ တစ်နေကုန် ပင်ပန်းထားကြတဲ့ အလုပ်သမားတွေအားလုံး အိပ်မောကျနေပေမယ့် ဦးဘရီတစ်ယောက် အိပ်မပျော်ပဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ ဖြစ်နေခဲ့တယ်။“ လူလေး… ထစမ်း ထစမ်း”တဲအပြင်ဘက်ကနေ ခေါ်တဲ့အသံကြောင့် ဦးဘရီလဲ မီးအိမ်ကိုအလင်းမြှင့်လိုက်ပြီး ထွက်ကြည့်လိုက်ရာ တိုက်ပုံနဲ့တောင်ရှည်ပုဆိုးကိုဝတ်ထားတဲ့ အဖိုးကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။“ မင်းနာမည် ဘရီလား”“ ဟုတ်ပါတယ်… အဖိုးက ဘယ်သူပါလဲ”“ ငါက ဝေဘာဂတောင်စောင့်အဖိုးပဲ…”“ ကျွန်တော်တို့ ဘာအမှားများလုပ်ခဲ့မိလို့ အခုလို ကိုယ်ထင်ပြတာလဲအဖိုး”“ ဒီနေရာက မင်းတို့တွေနဲ့မအပ်စပ်ဘူး…မနက်အရုဏ်တက်တာနဲ့ တောင်အောက်ကိုပြန်ဆင်းကြတော့”“ သစ်တွေလဲ ခုတ်ပြီးသားဖြစ်နေပါပြီ အဖိုးရယ်… မနက်ဖြန်တစ်ရက်လောက် နေပြီးရင် တောင်အောက်ဆင်းပေးပါမယ်”“ ငါသတိလာပေးပြီးပြီနော်… နေတာမနေတာ မင်းတို့ကိစ္စဖြစ်သွားပြီ”တောင်စောင့်အဖိုးက လေသံမာမာနဲ့ပြောပြီး တောင်ဝှေးကို တဒေါက်ဒေါက် ခေါက်ကာ အမှောင်ထုထဲကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။ဦးဘရီလဲ ချက်ချင်းပဲ အလုပ်သမားတွေကို နှိုးပြီး အကျိုးအကြောင်းပြောပြလိုက်ရာ အချို့ကလက်ခံပြီး အချို့ကလက်မခံတာကို သိလိုက်ရတယ်။“ ဒီလောက်ထိ လုပ်ပြီးကာမှ ချက်ချင်းပြန်ဆင်းရမယ်ဆိုတာ မဟုတ်သေးပါဘူး ဦးကြီးရာ”“ ဟေ့ကောင် မောင်ခွေး.. ငါက အန္တရာယ်ဖြစ်မှာစိုးလို့ပြောနေတာ၊ သစ်ဆိုတာ ဒီမှာခုတ်မရလဲ အခြားနေရာခုတ်လို့ရတယ်ကွ၊ အသက်ဆိုအပိုမပါဘူး နားလည်လား”“ အဲဒါဆို ကျွန်တော်နေခဲ့မယ်ဗျာ… ငါနဲ့ဘယ်သူနေခဲ့မလဲ”မောင်ခွေးစကားကြောင့် သစ်ခုတ်သမားလေးယောက်လောက်က နေခဲ့ကြပေမယ့် ကျန်တဲ့သူတွေကတော့ ဘကြီးနဲ့အတူ တောင်အောက်ပြန်ဆင်းဖို့ သဘောတူခဲ့ကြတယ်။ဦးဘရီတို့ တောင်အောက်ဆင်းသွားတော့ မောင်ခွေးက ကိုးတောင်ပြည့်စေတီဘက်ကို လှမ်းကြည့်လိုက်ပြီး“ ငါတို့ကဘာအမှားမှလုပ်ထားတာမရှိဘူး… အလကား အကြောက်လွန်နေတာ” လို့ရေရွတ်ပြီး သစ်ခုတ်တဲထဲကိုပြန်ဝင်သွားခဲ့တယ်။နောက်တစ်နေ့ မနက်ရောက်တော့ ခုတ်ထားတဲ့အပင်တွေကို ဖြတ်တောက်စုပြုံပြီးတဲ့အထိ ဘာမှမဖြစ်လာတာကြောင့် ကျန်ခဲ့တဲ့သူတွေ စိတ်ထဲ အနည်းငယ်ရဲတင်းလာခဲ့တယ်။“ ဟေ့ကောင်တွေ ငါပြောတယ်မဟုတ်လား… ဒီလူကြီး အကြောက်လွန်နေတာပါလို့”“ အေးနော်… သူတို့မရှိတော့ ငါတို့သစ်ပိုရတာပေါ့၊ ဒါနဲ့ စေတီရှိတဲ့ တောင်ကုန်းဘက်တက်ခုတ်ကြမလား”“ နောက်တစ်ခေါက်မှ တက်ကြတာပေါ့… အခုက ခုတ်ထားတာတွေကိုပဲ အရင်သယ်ဖို့လုပ်”မောင်ခွေးစကားပြောနေတဲ့အချိန် အဖွဲ့ထဲက တစ်ယောက်က ငိုင်တိငိုင်တိုင်နဲ့ ထသွားပြီး သစ်ခုတ်ပုဆိန်ကိုယူကာ အနားမှာရှိတဲ့ တစ်ယောက်ရဲ့ ဇက်ကိုပိုင်းချလိုက်တယ်။“ ဒုတ်”“ အား”“ ဟေ့ကောင် ဘာလုပ်တာလဲ”သွေးတွေပေကျံနေတဲ့ ပုဆိန်ကို ကိုင်ထားတဲ့လူက သဘောကျစွာရယ်မောရင်း ကျန်နေတဲ့သူတွေကိုပါ ထပ်ခုတ်ပါလေရော။ရုတ်တရက်မို့ မောင်ခွေးတို့ ရှောင်ချိန်မရလိုက်ပဲ သစ်ခုတ်ပုဆိန်ကိုင်ထားသူရဲ့ ခုတ်ချက်အောက်မှာ ငြိမ်ကျသွားခဲ့တယ်။“ အဟီး အဟီး ဟက်ဟက်…”ပုဆိန်ကိုင်ထားတဲ့သူကလဲ အသံနက်နဲ့ရယ်လိုက်ပြီး မိမိလည်ပင်းကို ပုဆိန်သွားနဲ့ ဖိဆွဲချလိုက်တယ်။ရုတ်တရက်ထပျံသွားတဲ့ ငှက်တစ်အုပ်ရဲ့ တောင်ပံခတ်သံကြားထံမှာ သွေးညှီနံ့က လှိုင်ခနဲ ထွက်ပေါ်လာခဲ့တယ်။++++++“ ဒါဆို အဘတို့အဖွဲ့က အသက်ဘေးကနေ လွတ်သွားတာပေါ့”“ ဟုတ်တယ် လူလေး… အဲဒီကိစ္စဖြစ်ပြီး အဘလဲ ဝေဘာဂတောင်ပေါ်ကို မတက်တော့တာ အခုထိပဲပေါ့”“ နောက်တော့ရော ဝေဘာဂစေတီနဲ့ပတ်သတ်ပြီး ဘာကြားသေးလဲအဘ”“ ကြားရတာကတော့ ဝေဘာဂစေတီကိုလာတဲ့သူ မှန်သမျှ ရူးရင်ရူး မရူးရင်သေကြတာများတယ်”“ အသက်ရှင်တဲ့သူရော မရှိဘူးလား”“ ရှိရင်လဲရှိမှာပေါ့… ဒါနဲ့ လူလေးတို့က တေဘာဂစေတီကိုသွားကြမလို့လား”“ ဟုတ်တယ်အဘ… အိမ်မက်အဓိဌာန်အရ သေချာပေါက်သွားမှရမယ်”“ ဖြစ်နိုင်ရင်မသွားကြပါနဲ့လားကွယ်… လူလေးတို့ကို စိတ်ပူလို့ပြောတာနော်”“ အဘ စေတနာကိုနားလည်ပါတယ်… ကျွန်တော်တို့ ဘာမှမဖြစ်ပဲ ပြန်လာမှာပါ”“ တားမရတော့လဲ လူလေးတို့သဘောပါကွယ်… ဒါနဲ့ စေတီမှာ ဘယ်နှစ်ရက်အဓိဌာန်ဝင်ကြမလို့လဲ”“ သုံးရက်ဆို လုံလောက်ပါပြီအဘ”“ အေးအေး… လိုအပ်တဲ့ရိက္ခာတွေကိုတော့ ရွာထဲကနေ ဝယ်သွားကြပေါ့”“ မနက်ထဲက လိုတာတွေဝယ်ထားပြီးပါပြီ… ဈေးဝယ်နေရင်း ဝေဘာဂစေတီအကြောင်း မေးလိုက်မိရာကနေ အဘဆီ ညွှန်လိုက်တာပဲ”“ ဒါနဲ့ လူလေးတို့ နာမည်ကို မိတ်ဆက်ပေးဦးလေ”“ ဟုတ်သားပဲ… ပြောဖို့မေ့နေကြတာ… ကျွန်တော် နာမည်က အောင်မြတ်သာပါ၊ ဒီနှစ်ယောက်က မောင်ကောင်းနဲ့ ခွန်းလှတဲ့”“ လူလေးတို့ ဘာအန္တရာယ်မှမကြုံပဲ အဓိဌာန်အောင်မြင်ကြပါစေကွယ်”အဖိုးဘရီဆီကနေ ထွက်လာပြီးတာနဲ့ အောင်မြတ်သာတို့လဲ ဝေဘာဂစေတီတည်ထားရာ တောင်ပေါ်ကိုတက်လာခဲ့ပါတော့တယ်။ရွာကနေ တောင်ခြေကိုရောက်တော့ မိုးချုပ်နေပြီမို့ ပါလာတဲ့ပစ္စည်းတွေကိုချကာ တစ်ညတာ အိပ်စက်အနားယူခဲ့ကြတယ်။မနက်မိုးလင်းတော့ လိုအပ်တဲ့ပစ္စည်းတွေကို သယ်ပြီး တောင်ပေါ်ကိုစတက်ခဲ့ရာ မွန်းတည့်ချိန်အရောက်မှာတော့ ဝေဘာဂစေတီကို လှမ်းမြင်တဲ့ နေရာထိရောက်လာခဲ့တယ်။“ တောင်က အတော်မတ်တာပဲ… နောက်ပြီး လူသူအရောက်ပေါက်နည်းလို့ထင်တယ် သစ်ကြီးဝါးကြီးတွေအများကြီးကျန်သေးတယ်”“ မင်းတို့လဲ မောနေကြပြီထင်တယ်… ခဏအနားယူလိုက်ပါဦး…”အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှတို့ နားနေတဲ့အချိန် တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို မေတ္တာပို့နေခဲ့လိုက်တယ်။“ ဆရာ… ဒီတောင်ကြောမှာရှိတဲ့ အစောင့်တွေက အတော်ကြမ်းမယ့်ပုံပဲ”“ ဘာဖြစ်လို့လဲ မောင်ကောင်း”“ ဟိုမှာလေဆရာ… ကျွန်တော်တို့ကို လူတစ်ယောက် ခါးထောက်ရပ်ကြည့်နေတယ်”မောင်ကောင်းပြတဲ့နေရာကို ကြည့်လိုက်ရာ အပေါ်ပိုင်းဗလာကျင်းထားပြီး လုံချည်တိုတိုဝတ်ထားတဲ့ လူတစ်ယောက် တောင်စောင်းတစ်ခုပေါ်ကနေ ရပ်ကြည့်နေတာမြင်လိုက်ရတယ်။“ ဒါတောင် စေတီပရ၀ဏ်ထဲမရောက်သေးဘူး… ဇာတ်လမ်းတွေကစလာပြီထင်တယ်ဆရာ”ခွန်းလှစကားကို အောင်မြတ်သာက ဘာမှပြန်မပြောပဲ ပြုံးရုံပြုံးကာ တောင်ပေါ်ကို စိုက်ကြည့်နေခဲ့လိုက်တယ်။မကြာခင် ရုတ်တရက်ဆိုသလို လေကြမ်းတွေတိုက်ခတ်လာပြီး သစ်ပင်ကြီးငယ်တွေ ယိမ်းထိုးလှုပ်ရှားလာတာကြောင့် တောင်ပေါ်ကို အထုပ်အပိုးတွေနဲ့တက်နေကြတဲ့ မောင်ကောင်းတို့လဲ လေကွယ်ရာ သစ်ပင်နောက်ကို ဝင်ပြီး နားလိုက်ကြရတယ်။“ လေကကြမ်းလိုက်တာ… မိုးရိပ်လဲမတွေ့ပဲ ဘာကြောင့် ဒီလိုဖြစ်လာတာလဲမသိဘူး”“ သူတို့တွေက ငါတို့လာတာကို မနှစ်သက်တာကြောင့် ဖြစ်မယ်ထင်တယ်၊ ဦးဘရီပြောတဲ့ပုံအရဆိုရင် ဒီစေတီမှာရှိနေကြတဲ့ အစောင့်တွေက ကောင်းတဲ့စိတ်ရင်းရှိမယ့်ပုံမပေါ်ဘူး”“ ဆရာ… ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ.. အထုပ်အပိုးတွေနဲ့ ဆက်တက်ဖို့မလွယ်လောက်ဘူးထင်တယ်”ခွန်းလှစကားကြောင့် အောင်မြတ်သာက လေကွယ်ရာ အရပ်ကနေထွက်ပြီး လွယ်အိတ်ထဲပါလာတဲ့ နတ်မင်းကြီးလေးပါးအင်းကို ညာလက်ဝါးပေါ်တင်ပြီး မြေကြီးနဲ့ ထိကပ်လိုက်ရာ တိုက်ခတ်နေတဲ့လေကြမ်းတွေက ချက်ချင်းရပ်သွားခဲ့တယ်။“ ခဏတော့ ထိန်းထားနိုင်ပြီ.. ဆက်တက်ကြစို့”မောင်ကောင်းနဲ့ ခွန်းလှလဲ လေငြိမ်တာနဲ့ အထုပ်တွေကိုလွယ်ကာ တောင်ပေါ်ကို ပြန်တက်ခဲ့ကြတယ်။ ဝေဘာဂစေတီကိုရောက်ဖို့ တောင်ကြောတစ်ကွေ့လောက်အလိုမှာတော့ အလွန်မွှေးအီလွန်းတဲ့ရနံ့တွေထွက်ပေါ်လာခဲ့တယ်။“ မွှေးလိုက်တဲ့အနံ့ဗျာ… ဒါမျိုးတစ်ခါမှ မရဘူးဘူး”မောင်ကောင်းက မျက်စိကိုမှိတ်ပြီး ရနံ့ကိုရှုရှိုက်ကာပြောလိုက်တဲ့အချိန် အောင်မြတ်သာက ရုတ်တရက်အနားရောက်လာပြီး နှာခေါင်းကိုဆွဲပိတ်ထားလိုက်တယ်။“ ခွန်းလှ.. အမွှေးနံ့တွေထဲစိတ်မရောက်နဲ့၊ ဒါက ငါတို့ရဲ့စိတ်ကိုပျံ့လွှင့်အောင်လုပ်နေတာ”အောင်မြတ်သာစကားကြောင့် ခွန်းလှလဲ နှာခေါင်းကို လက်နဲ့အုပ်ပြီး မရှုမိအောင်သတိထားနေခဲ့လိုက်တယ်။ အဲဒီတော့မှ မောင်ကောင်းသတိဝင်လာပြီး လွယ်အိတ်ထဲပါလာတဲ့ အဝတ်တစ်ထည်ကို နှာခေါင်းဝမှာတေ့ထားလိုက်တယ်။အောင်မြတ်သာကတော့ ဝေဘာဂစေတီရဲ့အနောက်ဘက်အစွန်းမှာ ထွက်နေတဲ့ ကမူကိုစိုက်ကြည့်ပြီး လက်နဲ့ဆွဲဖယ်လိုက်ရာ အဆမတန်ကြီးမားတဲ့ ငှက်ပျောရွက်တစ်ရွက်ကို ယပ်တောင်သဖွယ် ခပ်နေတဲ့ လူတစ်ယောက်ပေါ်လာခဲ့တယ်။ သူ့အရှေ့မှာတော့ အငွေ့တထောင်းထောင်းထနေတဲ့ ကြေးလင်ဗန်းတစ်ခု။“ ငါထင်တဲ့အတိုင်းပါပဲလား…”“ ဆရာ… ဟိုလူက ကျွန်တော်တို့ရှိတဲ့ဘက်ကို အငွေ့တွေခပ်ထုတ်နေပါလား”“ ခုနကရတဲ့ ရနံ့တွေက အဲဒီကနေလာတာပဲ… သူ့ရဲ့အမွှေးနံ့ကို ရှုရှိုက်တာကြာလာရင် လူ မူးမေ့ပြီးသတိလစ်သွားတတ်တယ်… ဒီအနံ့ကို ဥစ္စာစောင့်မတွေအသုံးများကြတယ်”ငှက်ပျောရွက်နဲ့ယပ်ခတ်နေတဲ့လူက သူ့အကြံမအောင်မြင်တာနဲ့ အခိုးငွေ့တွေထွက်နေတဲ့ ကြေးလင်ဗန်းကိုပင့်ပြီး စေတီဘေးကို ပြန်လည်ဝင်ရောက်သွားတာကို ခပ်ရေးရေးမြင်လိုက်ရတယ်။“ ဒီစေတီမှာရှိတဲ့ အစောင့်တွေက ထင်တာထက်ပိုကြမ်းနေပါလား”“ ဒါကအစပဲရှိသေးတယ်… မကြာခင် ပိုကြောက်ဖို့ကောင်းတဲ့စမ်းသပ်မှုတွေလာလိမ့်မယ်”အောင်မြတ်သာက ခပ်အေးအေးပြောလိုက်ပေမယ့် မောင်ကောင်းနဲ့ ခွန်းလှတို့ကတော့ ကြက်သီးတဖြန်းဖြန်းထကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။ဒီလိုနဲ့ အောင်မြတ်သာတို့လဲ စေတီတည်ထားရာဆီကိုရောက်လာခဲ့ပြီး အနီးကပ်ဖူးလိုက်ရာ ထုံးသင်္ကန်းသုတ်ထားတဲ့ လှိုဏ်ခေါင်းပေါ်မှာ ကိုးတောင်ပြည့်စေတီတစ်ဆူ ထပ်တည်ထားတာကိုမြင်လိုက်ရတယ်။ စေတီရဲ့ အောက်ခြေ လေးထောင့်ကျတဲ့နေရာတွေမှာတော့ မုတ်ဆိတ်ကျင်စွယ်တွေပါတဲ့ ဇော်ဂျီရုပ်တွေအပြင်၊ ခါးတောင်းကိုမြောက်နေအောင် ကျိုက်ထားတဲ့ လူသန်ကြီးတွေရဲ့ပုံကို ထွင်းထုထားတာကိုလဲမြင်လိုက်ရတယ်။“ စေတီက ထူးဆန်းလိုက်တာ…”“ ထူးဆန်းလို့လဲ ငါတို့ကို ဒီနေရာမှာ အဓိဌာန်ဝင်ဖို့ လွှတ်လိုက်တာပေါ့… လောလောဆယ် စေတီဘေးကပ်ရပ်က ဇရပ်ပျက်မှာပဲ နေကြရအောင်”အောင်မြတ်သာစကားကြောင့် မောင်ကောင်းတို့လဲ ပြိုကျလုဆဲဆဲဖြစ်နေတဲ့ ဇရပ်ပေါ်ကို အထုပ်အပိုးတွေ တင်လိုက်ပြီး ဖုန်နဲ့အမှိုက်သရိုက်တွေကို လှဲကျင်းလိုက်ကြတယ်။“ မင်းတို့လဲ တစ်နေကုန်ပင်ပန်းလာတာဆိုတော့ စေတီဘေးက တောင်ကျချောင်းမှာ ကိုယ်လက်သန့်စင်လိုက်ကြ…”မောင်ကောင်းတို့ စေတီရဲ့ဘေးက လျှိုထဲမှာ သဘာဝအလျောက်ဖြစ်နေတဲ့ တောင်ကျချောင်းဘက်ထွက်သွားတဲ့အချိန် အောင်မြတ်သာက ဇရပ်ပတ်ပတ်လည်ကို လက်ညိုးနဲ့စည်းတားပြီး“ မကောင်းသောအကြံ၊ မကောင်းသောအကျင့်ဖြင့် ဤဇရပ်ထဲကိုဝင်ရောက်လာပါက ငရဲကြီးရှစ်ထပ်မှာရှိတဲ့ မီးတောက်တို့ဝါးမြိုစေသား” လို့သစ္စာဆိုကာ ဇရပ်ပေါ်ကိုတက်သွားခဲ့လိုက်တယ်။မကြာခင် တောင်ကျချောင်းကိုသွားတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့ ဇရပ်ရှိတဲ့ဘက်ကို လမ်းလျောက်လာတာမြင်လိုက်ရတယ်။“ ဆရာ… ကိုယ်လက်မသန့်စင်ဘူးလား”“ ငါက မင်းတို့လောက်မပင်ပန်းတာမို့ မလိုက်ခဲ့တော့တာ”အောင်မြတ်သာက ဇရပ်အပြင်ကို တစ်ချက်မျှ လှည့်ကြည့်ပြီးပြောလိုက်ပေမယ့် မောင်ကောင်းနဲ့ ခွန်းလှတို့က အထဲကိုမဝင်လာပဲ အပြင်မှာ မတ်တပ်ရပ်နေသေးတာကြောင့် စိတ်ထဲ သင်္ကာမကင်းဖြစ်လာပြီး“ ရေစိုအဝတ်တွေနဲ့ ဘာလို့ရပ်နေကြတာလဲ… အထဲဝင်ခဲ့ကြလေ” လို့ပြောလိုက်တဲ့အချိန် ဘာမှမတုံ့ပြန်တာကြောင့် ညာလက်ညိုးနဲ့ ထိုးပြီး“ ဟိတ်… မူလပြန်စမ်း” လို့ အမိန့်ပေးလိုက်ရာ မောင်ကောင်းနဲ့ ခွန်းလှတို့မျက်နှာက အဖုအထစ်တွေထလာပြီး အစွယ်တဖွေးဖွေးနဲ့ ဘီလူးကြီးတွေအဖြစ်ကိုပြောင်းသွားခဲ့တယ်။“ သင်တို့ရဲ့ပရိယာယ်က ကျုပ်ကို လှည့်စားနိုင်မယ်ထင်နေတာလား”ခပ်ပြုံးပြုံးမျက်နှာထားနဲ့ပြောလိုက်တဲ့ အောင်မြတ်သာစကားကြောင့် အသွင်ပြောင်းလာတဲ့ ဘီလူးနှစ်ကောင်က တောက်တစ်ချက်ခတ်ကာ ပျောက်ကွယ်သွားခဲ့တယ်။ခဏနေတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ အလောတကြီးပြေးလာပြီး“ ဆရာ… ဒီနေရာက အတော်ဆိုးဆိုးပဲ”“ ဘာဖြစ်လို့လဲ ပြောပါဦး”“ ကျွန်တော်တို့ရေချိုးဖို့ ချောင်းထဲဆင်းသွားတော့ ချောင်းစပ်သစ်ပင်အနောက်မှာ လူရိပ်တစ်ခုကို တွေ့လိုက်တယ်၊ အဲဒါနဲ့ နှစ်ယောက်သား ရေချိုးတဲ့နေရာကိုစည်းချပြီးချိုးနေတဲ့အချိန် စည်းအပြင်ဘက်ရေထဲကနေ လက်တစ်ထွာသာသာရှိတဲ့ ငါးတစ်ကောင် ကူးလာတာ နှစ်ယောက်လုံးမြင်လိုက်ရတယ်၊ ကျွန်တော်တို့လဲ သာမန်ပဲထင်ပြီး ရေဆက်ချိုးနေတာပေါ့၊ အဲဒီမှာ တစ်ထွာသာသာရှိတဲ့ ငါးက မျက်စိရှေ့မှာတင် တစ်ဖြေးဖြေးကြီးလာပြီး တစ်လံလောက်ရှိတဲ့ ငါးတစ်ကောင်ဖြစ်သွားတာဆရာရေ… အဲဒီငါးရဲ့ပါးစပ်ထဲမှာရှိတဲ့အစွယ်တွေက လက်ညိုးတစ်ချောင်းစာလောက်ရှိတယ်။ ဒီကောင်က စည်းအပြင်ကနေသာ ဝုန်းဒိုင်းကျဲနေပေမယ့် အထဲကိုတော့ မဝင်လာဘူး၊ ကျွန်တော်တို့လဲ ကမန်းကတမ်း အဝတ်တွေယူပြီး ပြန်တက်လာခဲ့လိုက်တာ၊ ဟူး… ဒီနေရာက အချိန်ပြည့်သတိထားရမယ့်ပုံပဲ”“ ခုနကတောင် ဘီလူးနှစ်ကောင် မင်းတို့အယောင်ဆောင်ပြီး ဇရပ်ပေါ်တက်လာဖို့ လုပ်သေးတယ်… ဒါပေမယ့် စည်းကိုမကျော်ရဲတာမို့ မကျေမချမ်းဖြစ်ပြီး ပြန်ထွက်သွားကြတယ်လေ”“ ဆရာလဲ ကျွန်တော်တို့လိုကြုံလိုက်ရတာပေါ့”“ ဒါတွေ အသာထားလိုက်ကြဦး… ညမှောင်စပျိုးတာနဲ့ စေတီပေါ်တက်ပြီး အဓိဌာန်ဝင်ဖို့လုပ်ရမယ်၊ ဖယောင်းတိုင်နဲ့ လိုအပ်တဲ့အင်းတွေကို ပြန်စစ်ထားကြ”အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့လဲ လွယ်အိတ်ထဲပါလာတဲ့ အင်းတွေကို စစ်ဆေးပြီး အားလုံးစုံပြီဆိုတာနဲ့ စေတီရှိတဲ့ဘက်ကို ထွက်လာခဲ့ကြတယ်။+++++တဖြူးဖြူးတိုက်ခတ်နေတဲ့ လေပြေက ဝေဘာဂတောင်တန်းတစ်ခုလုံးကို မထိတထိ ကျီစယ်နေခဲ့တယ်။ အဲဒီအချိန် စေတီရဲ့ထီးတော်မှာ ကပ်လှူထားတဲ့ ဆည်းလည်းတစ်လုံးက တချွင်ချွင်နဲ့ ထမြည်ပါလေရော။“ ဒီလောက်လေတိုက်နေတာ ဆည်းလည်းက ဘာလို့ တစ်လုံးထဲမြည်နေတာလဲ”ခွန်းလှစကားကြောင့် အောင်မြတ်သာရော မောင်ကောင်းပါမော့ကြည့်လိုက်ရာ အဟုတ်ကို တစ်လုံးထဲလှုပ်ခတ်ပြီးအသံမြည်နေတာမြင်လိုက်ရတယ်။“ အခြားကိစ္စတွေ သိပ်အာရုံမထားနဲ့… စေတီပတ်ပတ်လည်ကို ဆီမီးတွေ လိုက်ထွန်းကြ”“ ဟုတ်ကဲ့ဆရာ”မောင်ကောင်းတို့ စေတီပတ်ပတ်လည်ကို မီးတွေပြည့်နေအောင်ထွန်းပြီးချိန်မှာတော့ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်ရလောက်တဲ့ထိ လင်းထိန်သွားခဲ့တယ်။“ ဆရာ အဓိဌာန်ဘယ်ချိန်စဝင်ရမှာလဲ”“ ခဏနေဦး… အဓိဌာန်မဝင်ခင် လုပ်စရာရှိသေးတယ်”အောင်မြတ်သာက စေတီပေါ်ကိုမတက်သေးပဲ ဘီလူးနှစ်ကောင် ထိုင်နေတဲ့ပုံထုဆစ်ထားတဲ့ လှေကားအတက်အဆင်းအောက်ခြေမှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သိမ်ဝင်သပိတ်ကွဲအင်းကို ပြောင်းပြန်လှန်ကာ မီးထွန်းလိုက်တယ်ဆိုရင်ပဲ နာကျင်စွာအော်ဟစ်သံနဲ့အတူ မီးသွေးခဲလိုမဲနက်တဲ့အသားရည်ရှိတဲ့အကောင် တစ်ကောင် ပြုတ်ကျလာခဲ့တယ်။“ အမလေး… ပူလိုက်တာ… တစ်ကိုယ်လုံး မီးလောင်နေသလိုပါပဲလား… အင်းဇောက်ထိုးပေါ်က မီးကိုငြိမ်းပေးပါ… နောက်မလုပ်တော့ပါဘူး… မီးကိုငြိမ်းပေးပါတော့”“ မီးကိုငြိမ်းပေးရင် သင်က ကျုပ်မေးတာတွေကို အမှန်တိုင်းဖြေမှာလား”“ အမှန်တိုင်းဖြေပေးမယ်… အမလေးး.. မခံနိုင်တော့ဘူး”အောင်မြတ်သာက လှေကားအပေါ်မှာ ထွန့်ထွန့်လူးနေတဲ့ကောင်ကို ခနဲ့ပြုံးလေးပြုံးကာ ကြည့်လိုက်ပြီး ဖယောင်းတိုင်မီးကို လက်နဲ့ငြိမ်းပေးလိုက်ပြီး“ သင်ဘယ်သူလဲ…”လို့မေးလိုက်တဲ့အချိန် မဲမဲကောင်က ထပြေးတာကြောင့်“ ဂိုဏ်းစောင့်တွေ ဒီငမိုက်သားကို မပြေးနိုင်အောင် ချုပ်ထားစမ်း” လို့အမိန့်ပေးလိုက်ရာ ပြေးနေတဲ့ကောင်က ဘုန်းဆိုလဲကျပြီး လည်ပင်းကိုလက်နဲ့ဖိကိုင်ကာ တအစ်အစ်ဖြစ်နေခဲ့တယ်။“ စကားပြောလို့ရအောင် ကြိုးကိုလျော့ပေးလိုက်” လို့ပြောလိုက်တော့မှ မဲမဲကောင်က ငုတ်တုတ်ထထိုင်လာခဲ့တယ်။“ ကြောက်ပါပြီဆရာရယ်… နောက်ထွက်မပြေးတော့ပါဘူး၊ ကြာပွတ်ကိုင်ထားတဲ့ အစောင့်ကို ဖယ်ပေးပါ”“ သင်ဘယ်သူလဲဆိုတာ အမှန်တိုင်းဖြေစမ်း.. လိမ်ပြောရင် ဒီသကောင့်သား လည်ပင်းကို ကြိုးနဲ့ချည်ပြီး စင်္ကြာဝဠာအပြင်ဘက်ရောက်အောင် ဆွဲပစ်လိုက်ကြ”“ မလိမ်ရဲတော့ပါဘူး… ငါက စေတီရဲ့လှေကားမှာ စောင့်တဲ့သူပါ.. နာမည်က နက်ကျော်လို့ခေါ်ပါတယ်”“ လှေကားမှာ စောင့်တဲ့သူက ဘယ်လိုကြောင့် စေတီပေါ်တက်နေရတာလဲ”“ သံသေခေါင်းလောင်းသုံးလုံးအသံမြည်ရင် သူတို့တွေနားထဲ သံရည်ပူလောင်းထည့်သလိုဖြစ်တာကြောင့် ငါ့ကို ကိုင်ခိုင်းထားတာ”“ သူတို့ဆိုတာက ဘယ်သူတွေလဲ”အောင်မြတ်သာစကားကို နက်ကျော်က ပြန်မဖြေပဲ ချွန်မြနေတဲ့လက်သည်းတွေနဲ့ ခေါင်းကိုတဗြစ်ဗြစ် ကုတ်ပြီး“ ငါနာမည်မပြောရဲဘူး”“ သင့်ကို ဘယ်သူမှဘာမှမလုပ်စေရဘူး… ကျုပ်ကတိပေးတယ်”“ သူ သူတို့ဆိုတာက ငလှအောင်နဲ့ ငလှဆောင်ပါ”“ သူတို့နှစ်ယောက်က ဒီစေတီနဲ့ဘယ်လိုပတ်သတ်နေတာလဲ”“ သူတို့က ဒီမှာနေတာကြာလှပြီ…”“ သင်က စေတီလှေကားမှာနေတာ ဘယ်လောက်ကြာပြီလဲ”“ နှစ်၅၀ကျော်လောက်ရှိပြီထင်တယ်”“ အခု သူတို့နှစ်ကောင်မရှိကြဘူးလား”“ ဒီနေ့က သံသေခေါင်းလောင်းမြည်တဲ့နေ့ဆိုတော့ သူတို့အဝေးမှာရှောင်နေကြတာဖြစ်မယ်”“ သံသေခေါင်းလောင်းမမြည်အောင် သင်က ကိုင်ထားရတာဆို”“ ငါက လက်နှစ်ဖက်ပဲရှိလို့ နှစ်လုံးပဲကိုင်လို့ရတာ၊ နောက်တစ်လုံးကအသံတွေထွက်နေတာ ဆရာတို့လဲကြားတယ်မဟုတ်လား”“ ဒီအသံကိုသင်နားထောင်နိုင်တယ်ပေါ့လေ”“ ဟုတ်တယ်.. ငါကသံသေခေါင်းလောင်းသံကို နားထောင်နိုင်တယ်.. ဒါကြောင့် ဒီတာဝန်ယူထားရတာ”“ ညနေက ကျုပ်တို့ကို နှောက်ယှက်တဲ့သူတွေက ဘယ်သူတွေလဲ”“ ငလှအောင်နဲ့ ငလှဆောင်တို့ရဲ့ လက်ပါးစေတွေဖြစ်မှာပေါ့…”“ ဒီလောက်သိရတာ ပြည့်စုံပါပြီ… ဂိုဏ်းစောင့်များ အနေနဲ့ ဒီပုဂ္ဂိုလ်ကို အခြားတစ်နေရာမှာ ခေတ္တထိန်းသိမ်းထားပေးပါ” လို့ပြောလိုက်ရာ နက်ကျော်တစ်ယောက် ယက်ကန်ယက်ကန်နဲ့ ဒရွတ်တိုက်ပါသွားခဲ့တယ်။အဲဒီအချိန်မှာပဲ ဆည်းလည်းသုံးလုံးဆီကနေ တချွင်ချွင်အသံတွေ ပြန်လည်ထွက်ပေါ်လာခဲ့သလို အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်တို့ရဲ့ ဘုရားဂုဏ်တော်ပွားများသံကလဲ ညီညာစွာထွက်ပေါ်လာခဲ့တယ်။ဘုရားရှိခိုးပြီးလို့ တရားထိုင်နေတဲ့ အချိန်ဘယ်လောက်ကြာလို့ ကြာမှန်းမသိပေမယ့် သံသေခေါင်းလောင်းမြည်သံမကြားရတော့တာကိုတော့ အောင်မြတ်သာ သတိထားမိခဲ့တယ်။“ ဝေါ… ဝေါ…ဝေါ…”“ အာ.. အာ.. အာ..”ကျီးတစ်အုပ်ပြိုကျသံနဲ့အတူ တော်လဲသံလို အသံကြီးထွက်ပေါ်လာတာနဲ့အတူ အောင်မြတ်သာရဲ့ မျက်ခွံကလဲဖြေးညှင်းစွာ ပွင့်ဟလာခဲ့တယ်။ ဒါပေမယ့် တရားမထိုင်ခင်က စေတီပေါ်ကျရောက်နေတဲ့ လရောင်ကို မမြင်ရတာကြောင့် အပေါ်ကိုမော့ကြည့်လိုက်ရာ လှည်းဘီးတစ်လုံးစာလောက် ကြီးမားတဲ့ မျက်လုံးဝါဝါနှစ်လုံးကို မြင်လိုက်ရတယ်။သာမန်လူတွေဆိုရင် အဲဒီနေရာမှာပဲ နှလုံးသွေးရပ်ကာ သေဆုံးသွားနိုင်တဲ့ ခြောက်လှန့်မှုက အောင်မြတ်သာကိုတော့ တိုးမပေါက်နိုင်ခဲ့ပေ။“ သင်က ငလှအောင်လား၊ ငလှဆောင်လား”လေသံအေးအေးနဲ့ တစ်ခွန်းချင်းမေးလိုက်တာကြောင့် အပေါ်ကနေမိုးထားတဲ့ အတ္တဘောကြီးက ဆောင့်ကြောင့်ထိုင်ကာ ချွန်မြနေတဲ့သွားစွယ်တွေပေါ်အောင် ရယ်လိုက်ပြီး“ ငါက ငလှအောင်ပဲ… ငလှဆောင်က ဟိုမှာ”သစ်ခြောက်ပင်လို ရွတ်တွနေတဲ့ လက်ညိုးတစ်ချောင်းနဲ့ ညွှန်ပြတာကြောင့် ကြည့်လိုက်ရာ မောင်ကောင်းနဲ့ ခွန်းလှရဲ့ ဘေးမှာ ထိုင်နေတဲ့ ငလှဆောင်ကိုမြင်လိုက်ရတယ်။“ မောင်ကောင်း၊ ခွန်းလှ မင်းတို့ ဒီရုပ်သွင်တွေကိုမြင်တော့ ထွက်ပြေးရလောက်တဲ့ထိ ကြောက်စိတ်ဖြစ်လား”“ အမှန်တိုင်းပြောရရင်ဆရာရယ်… ထွက်ပြေးရလောက်တဲ့ထိမဖြစ်ပေမယ့် ကြက်သီးမွှေးညှင်းထတာလောက်တော့ဖြစ်ပါတယ်”ငလှအောင်နဲ့ ငလှဆောင်က သူတို့ကို မကြောက်လန့်ပဲ တည်ငြိမ်စွာနဲ့တုံ့ပြန်တဲ့ အောင်မြတ်သာတို့ကိုမြင်တော့ ခံပြင်းသွားပြီး ကြီးမားတဲ့ လက်အစုံနဲ့ ရိုက်ချလိုက်တယ်။“ ဖြောင်း”“ ဝုန်း”လေကိုခွင်းပြီးကျလာတဲ့ အရှိန်က လမ်းတစ်ဝက်မှာတင် ရပ်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ အောင်မြတ်သာတို့ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်ကနေ အင်းစမစာလုံးတွေနဲ့ချိတ်ဆက်ထားတဲ့ပုံစံ စက်ဝိုင်းတစ်ခုပေါ်လာပြီး ကြားထဲမှာခံနေခဲ့လို့ပဲ။“ သင်တို့ရဲ့ကြိုဆိုမှုက ကြမ်းတမ်းလိုက်တာ”အောင်မြတ်သာက ဒေါသထွက်ခြင်းမရှိတဲ့ လေသံပြောပြီး မတ်တပ်ထရပ်လိုက်ရာ မောင်ကောင်းနဲ့ ခွန်းလှတို့ပါ အနားရောက်လာခဲ့ကြတယ်။“ ဒီနေရာက သာသနာနယ်မြေမဟုတ်လား… ဒါကို ဘာကြောင့် အရိုင်းဆန်အောင် ဖန်တီးချင်ကြတာလဲ”“ နင်တို့လာတာကို မလိုချင်ဘူး… ဘယ်သူမှ ဒီနားကိုလာတာမကြိုက်ဘူးကွ”ငလှအောင်က ဝမ်းခေါင်းသံနဲ့အော်ပြောပြီး မြေကြီးကို လက်သီးနဲ့ထုချလိုက်ရာ မြေတွေပါတုန်ခါသွားခဲ့တယ်။“ ဒီလောက်ကြမ်းချင်သပဆိုရင်လဲ သင်တို့အကြိုက်လိုက်ပေးရတော့မှာပေါ့”အောင်မြတ်သာက ရှေ့ကိုတိုးလာကာငလှအောင်ရဲ့ ခြေထောက်ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး“ ဒီပညာပြိုင်ပွဲမှာ အရှုံးအနိုင်တစ်ခုတော့ သတ်မှတ်ရလိမ့်မယ်… ကျုပ်ရှုံးရင် ကျုပ်တို့အသက်ကိုပေးမယ်၊ သင်တို့ရှုံးရင် ဘာပြန်လုပ်ပေးမလဲ”“ ငါတို့ရှုံးရင် နင်တို့ရဲ့ လက်ပါးစေတပည့်အဖြစ် ခံယူမယ်၊ နင်တို့အပေါ်သစ္စာဖောက်ခဲ့ရင် ပြာအတိဖြစ်ပါစေ”“ ဟုတ်ပြီ… သင်တို့ပြောတာကို ကျုပ်သဘောတူတယ်… ဒီနယ်မြေက သင်တို့နယ်ဖြစ်တာကြောင့် ပထမအခွင့်အရေးပေးလိုက်မယ်… ကျုပ်တို့အသက်ကိုနှုတ်ယူပေတော့”အောင်မြတ်သာက လက်နောက်ပစ်ပြီး ငလှအောင်နဲ့ ငလှဆောင်ကို စိုက်ကြည့်နေခဲ့လိုက်တယ်။မောင်ကောင်းနဲ့ ခွန်းလှကတော့ ဆရာဖြစ်သူရဲ့ ပညာကိုယုံကြည်တာကြောင့် ဘေးထွက်လိုက်ပြီး အခြေအနေကို စောင့်ကြည့်နေခဲ့ကြတယ်။ငလှအောင်နဲ့ ငလှဆောင်က အောင်မြတ်သာရဲ့ အရှေ့နဲ့အနောက်မှာ ရပ်လိုက်ပြီး ကြီးမားတဲ့လက်တွေနဲ့ ပြိုင်တူဆုပ်ကိုင်ကာ တစ်စစီဆွဲဖြဲဖို့ကြိုးစားပေမယ့် ယောဂီလုံချည်စတောင်မလှုပ်တာကို သတိထားမိခဲ့ကြတယ်။နှစ်ယောက်သား အားကုန်သုံးပြီး ဆွဲမကြပေမယ့် အောင်မြတ်သာရဲ့ခန္ဓာကိုယ်က သစ်သားထဲထိုးစိုက်ထားတဲ့သံမှိုလို မြဲမြံနေတာကိုမြင်တော့ အနည်းငယ်တုန်လှုပ်သွားခဲ့ကြတယ်။“ အခြားနည်းလမ်းရှိရင် ကျုပ်ကိုသေအောင် သတ်နိုင်ပါတယ်၊ သင်တို့မသတ်နိုင်ဘူးဆိုရင်တော့ ကျုပ်အလှည့်ဖြစ်ပြီနော်”အောင်မြတ်သာက တည်ငြိမ်စွာပြောနေပေမယ့် ငလှအောင်နဲ့ ငလှဆောင်ကတော့ လှုပ်လှုပ်ရှားရှားဖြစ်လာပြီးဒေါသပိုထွက်လာခဲ့ကြတယ်။ ဒါကြောင့် အနားမှာရှိနေတဲ့ တောင်နံရံကိုဖဲ့ယူပြီး ဦးခေါင်းတည့်တည့်ကနေ ပစ်ချလိုက်ရာ ကျောက်တုံးက ဦးခေါင်းပေါ်မရောက်ခင်မှာပဲ အစိပ်စိပ်အမွှာမွှာကွဲထွက်ပြီး ဘေးကိုလွင့်ထွက်သွားခဲ့တယ်။ဒါလဲမကျေနပ်သေးတဲ့ နှစ်ကောင်က တောင်စောင်းမှာပေါက်နေတဲ့ သစ်ေခြာက်ပင်ကိုအမြစ်ကနေဆွဲနှုတ်ပြီး ရိုက်သတ်ဖို့ဟန်ပြင်လိုက်ချိန်မှာတော့ အောင်မြတ်သာရဲ့ ခန္ဓာကိုယ်ကနေ အလျှံညီးညီးတောက်လောင်နေတဲ့ အခိုးငွေ့တွေထွက်လာတာကိုမြင်တွေ့လိုက်ရတယ်။အခိုးငွေ့တွေက လေထဲမှာ မြွေတစ်ကောင်လို လူးလွန့်ရင်း သစ်ခြောက်ပင်နှစ်ပင်ကိုင်ထားတဲ့ ငလှဆောင်နဲ့ ငလှအောင်ရဲ့ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ရာ ခန္ဓာကိုယ်နှစ်ခုကနေလူတစ်ကိုယ်ခေါင်းနှစ်လုံးရှိတဲ့ ဘီလူးအသွင်အဖြစ်ပြောင်းလဲသွားတာမြင်လိုက်ရတယ်။ခေါင်းနှစ်လုံးနဲ့ဘီလူးက လက်ထဲကိုင်ထားတဲ့ သစ်ခြောက်ပင်နှစ်ပင်ကို အောင်မြတ်သာဆီ အားကုန်လွှဲရိုက်လိုက်ပေမယ့် လေထဲမှာပင် လက်နှစ်ဖက်ကကျောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။“ သင်အရှုံးပေးပြီလား…”“ နင်က လူလား နတ်လားဆိုတာ ငါ့ကိုအရင်ပြော”တစ်ဖြေးဖြေးချင်း ကျောက်ရုပ်အသွင်ပြောင်းနေတဲ့ ခေါင်းနှစ်လုံးဘီလူးက အောင်မြတ်သာကို ထိတ်လန့်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့တယ်။“ ကျုပ်က လူသားစစ်စစ်ပါ… သင်ပိုင်နက်ထဲကို လာတယ်ဆိုတာကလဲ မိုက်မဲနေတာတွေကို ဆုံးမဖို့လာခဲ့တာ၊ဒါကြောင့်သင်အရှုံးကိုလက်ခံလိုက်ပါ”အောင်မြတ်သာရဲ့ မေတ္တာဓါတ်ပါတဲ့ စကားသံတွေအောက်မှာ ခေါင်းနှစ်လုံးပါတဲ့ဘီလူးကြီးက မျက်ရည်သွင်သွင်ကျပြီး“ ကျုပ်ရှုံးပြီ… ကျုပ်ရှုံးခဲ့ပြီ…ဒီနေရာမှာ နှစ်ပေါင်းများစွာ ဗိုလ်ကျလာခဲ့ပေမယ့် အခုတော့ ရှုံးခဲ့ရပြီ… ကျုပ်ရဲ့မိုက်မဲမှုတွေကို ခွင့်လွှတ်ပေးပါ”“ ခွင့်လွှတ်ပါတယ်… သင့်အနေနဲ့ အမှားတွေကိုပြင်ဆင်လိုစိတ်ရှိဖို့ပဲလိုတာပါ”အောင်မြတ်သာက ခွင့်လွှတ်တယ်ဆိုတဲ့စကားပြောလိုက်တာနဲ့ ကျောက်ရုပ်အဖြစ်ပြောင်းလဲနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မူလအတိုင်းပြန်ဖြစ်လာခဲ့တယ်။“ ကျုပ်ကို တပည့်အဖြစ်လက်ခံပေးပါဆရာ”“ သင့်အနေနဲ့ ကျုပ်တပည့်အဖြစ်နေမယ်ဆိုရင် သူတစ်ပါးအသက်သတ်ခြင်းကို ရှောင်ကြည်ရမှာဖြစ်သလို ပံ့သကူအသားကိုပဲ စားသုံးပါမယ်ဆိုတဲ့ကတိကိုလဲပေးရမယ်၊ သင်ထိန်းသိမ်းနိုင်ပါ့မလား”“ ထိန်းသိမ်းပါမယ်ဆရာ… ကတိလဲပေးပါတယ်”“ ကောင်းပြီ… ဒါဆိုရင် သင့်နာမည်ကို အခုကစပြီး ရာဇာဟိယက္ခလို့ခေါ်စေ၊ သင့်တာဝန်က ဝေဘာဂကိုးတောင်ပြည့်စေတီကို စောင့်ရှောက်ရမယ်”“ တပည့် မှတ်သားပြီး လိုက်နာဆောင်ရွက်ပါ့မယ်”“ သာဓု သာဓု သာဓု”အောင်မြတ်သာလဲ ဦးခေါင်းနှစ်လုံးရှိတဲ့ဘီလူးကို ရာဇာဟိယက္ခလို့ခေါ်တွင်စေပြီး စေတီကိုစောင့်ရှောက်ဖို့တာဝန်ပေးအပ်ခဲ့တယ်။အဓိဌာန်ပြီးဆုံးတဲ့ရက်မှာတော့ စေတီမှာထွင်းထုထားတဲ့ရုပ်ထုတွေကို အသက်သွင်းနေတဲ့အချိန် ကိုးတောင်ပြည့်ကျားကိုစီးပြီးရောက်လာတဲ့ အဖိုးအိုတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။“ အဖိုးက ဒီတောင်ကိုစောင့်ကြပ်နေတဲ့ တောင်စောင့်အဖိုးလား”“ ဟုတ်ပါတယ်ဆရာ… ဆရာတို့ဒီအရပ်ကနေ မထွက်ခွာခင် လာနှုတ်ဆက်တာပါ”“ အဖိုးအနေနဲ့လဲ စေတီကို ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်”“ အဖိုးကအမြဲတမ်းစောင့်ရှောက်ပေးပါတယ်… စေတီကိုပြုပြင်ထိန်းသိမ်းဖို့ ရဟန်းတစ်ပါးလဲ မကြာခင်ရောက်လာပါလိမ့်မယ်”“ ဒီလိုဆိုရင် စေတီအတွက်ပိုပြီးပြည့်စုံသွားတာပေါ့ဗျာ..”“ ဆရာကြောင့် ဒီနေရာလေးက ဘုရားသံတရားသံတွေနဲ့ပြန်လည်စည်ကားလာ တော့မှာပါ” လို့ပြောပြီးစေတီပေါ်မှာ သာမန်ရုပ်သွင်ပြောင်းပြီး တရားထိုင်နေတဲ့ ရာဇာဟိယက္ခ(ခေါ်)ငလှအောင်၊ငလှဆောင်ကိုကြည့်ပြီး ပီတိပြုံးပြုံးကာ ပြန်ထွက်သွားခဲ့တယ်။ဒီကိစ္စတွေဖြစ်ပြီး လေးလလောက်အကြာမှာတော့ ဝေဘာဂစေတီဆီကို အသက်၆၀အရွယ် ရဟန်းတစ်ပါးကြွရောက်သီတင်းသုံးခဲ့တယ်။ အဲဒီရဟန်းက တောင်စောင့်အဖိုးရဲ့ ကျေးဇူးကြောင့် အသက်ဘေးကနေလွတ်ခဲ့ရတဲ့ ဦးဘရီဖြစ်တယ်ဆိုတဲ့အကြောင်း အသိပေးရင်း ဝတ္တုလေးကိုအဆုံးသတ်လိုက်ပါတယ်။+++++အောင်မြတ်သာတို့ဆရာတပည့်တွေ ဝေဘာဂတောင်ပေါ်ကနေဆင်းလာပြီးနောက်ပိုင်း စိန်တစ်လုံးရွာကိုရောက်လာခဲ့တယ်။ အဲဒီရွာမှာတော့ သူငယ်ချင်း အချင်းချင်းစနောက်ရာကနေ မလိုလားအပ်တဲ့ဖြစ်ရပ်တွေဖြစ်လာခဲ့ပုံကိုတော့အောင်မြတ်သာနှင့် ကျောက်ခဲအပင်းဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။လေးစားစွာဖြင့်ဇေယန(ရာမည)