တောင်မြို့(စ/ဆုံး)
————
“ဟေ့ကောင် ခု…ငါ ဈေးချိုကနေ လာတော့မှာ၊ ဘယ်လို လာရမှာလဲ”
“အေး…၈၄လမ်းအတိုင်း တောင်ဘက်ကိုလိုက်ခဲ့။ တရုတ်သင်္ချိုင်းရောက်ရင် အရှေ့ဘက်တက်၊ လမ်းဆုံရေတွင်းရောက်၊ ၃အိမ်ကျော်၊ လမ်းမြောက်ဘက်ခြမ်းပဲ။ ငါစောင့်နေမယ်”
“လခွမ်း၊ တောင်ဘက်လာ အရှေ့ချိုး၊ မြောက်ဘက်ခြမ်း ရှုပ်ယှက်ခတ်နေတာပဲ”
ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကျွန်တော့်ကြားမှာ လွန်ခဲ့တဲ့ ကျောင်းသားဘဝကတည်းက ပဋိပက္ခ။ သူတို့က ဘယ်ချိုး ညာကွေ့သမားတွေ။ ကျွန်တော်က အရှေ့အနောက် တောင်မြောက်သမား။
မန္တလေးက နန်းမြို့ရိုးကို ဗဟိုထားပြီး တောင်ပြင်၊ မြောက်ပြင်၊ အရှေ့ပြင်၊ အနောက်ပြင် ဒီလိုညွှန်းကြတာကိုး။ မြို့လယ် လမ်းမကြီးတွေကလည်း အရှေ့အနောက် တောင်မြောက် ဖြောင့်တန်းပြီး လော့ဂရစ်သမ်ဇယားလို လိပ်စာရှာရလွယ်အောင် အကွက်ချထားတာ။
မန်းသူမန်းသားတွေ တောင်မြောက်ရပ်ညွှန်း ဘယ်လောက်ကြိုက်တယ်ဆိုတာ အမရပူရမြို့ကို #တောင်မြို့ လို့ တမြို့လုံးက ခေါ်ဝေါ်သုံးစွဲကြတာသာ ကြည့်ပေတော့။
မန္တလေးနဲ့ အမရပူရဟာ ကြားထဲမှာ ဘယ်ရွာဘယ်မြို့မှ မခြားတဲ့ ရင်ချင်းဆက် အမွှာမြို့။
ကျွန်တော့်အိမ်ကနေ မီတာ၁၀၀၀လောက် တောင်ဘက်ကိုလျှောက်လိုက်တာနဲ့ အမရပူရ ကျုံးေဟာင်းကို ကျော်ပြီး တခါတည်း #တောင်မြို့ ဖြစ်သွားတော့တာ။
မန္တလေးနဲ့ ဒါလောက်ကပ်ပေမဲ့ တောင်မြို့သားတွေက သူတို့ကိုယ်သူတို့ တောင်မြို့သားအနေနဲ့ပဲ ဂုဏ်ယူကြတာ။
တစ်ခေတ်တခါက မန္တလေးတိုင်း လျှမ်းလျှမ်းတောက်ဘော့လုံးအကျော်အမော် မောင်ဖုန်း၊ ညီပုတို့ဆိုတာ တောင်မြို့သားတွေ။ မန်းလက်ရွေးစင်အတွက် တောင်မြို့သားတွေကို အတော်အားထားခဲ့ရဖူးတာ။ တောင်မြို့အသင်းက ကျွန်တော်တို့ငယ်ငယ် ရပ်ကွက်ဘော့လုံးပြိုင်ပွဲတွေမှာ အရှိန်အဝါကြီးတဲ့ အသင်း။ တောင်မြို့သားအသင်းတွေ ကွင်းထဲမှာ ဂယောင်ဂယင်လုပ်ရင် “အလကားကောင်၊ တောင်မြို့သားမဟုတ်တဲ့အတိုင်းပဲ”လို့ ရှုံ့ချခံရလောက်အောင် ဘော့လုံးပညာမှာ တောင်မြို့သားတွေ တော်ခဲ့ထက်ခဲ့ကြတာ။
တောင်မြို့မှာ ချည်ထည်ပိုးထည် ယက္ကန်းလုပ်ငန်းကတော့ တပြည်လုံးဖြန့်တာမို့ အမရပူရထည်အနေနဲ့ ထင်ရှားပါတယ်။ ဆောင်ဒါးယက္ကန်းကျောင်းကြီး ထင်ရှားခဲ့ပေမဲ့ ခုတော့ ခေတ်မီနည်းတွေ စက်တွေ အမီလိုက်နိုင်ရှာရဲ့လား မသိဘူး။
တောင်မြို့ရဲ့ အထင်ကရ ပွဲကတော့ ရတနာ့ဂူ နတ်ပွဲသဘင်ပဲ။ လှည်းခေတ်ကို လွန်လာတဲ့ ခုကာလမှာတော့ မန္တလေးဘက်က အရင်လောက် မလွမ်းကြတော့ဘူး ထင်ပါရဲ့။ တချို့နှစ်တွေများ သတိတောင် မထားမိလိုက်ကြဘူး။
တောင်မြို့မဟာဂန္ဓာရုံ ကျောင်းတော်ကြီးကလည်း စည်းကမ်း၊ ဝိနည်း၊ ပညာနဲ့ သာသနာ့ရှေ့ဆောင် ကျောင်းတော်ကြီးအဖြစ် တောင်မြို့သားတွေ ဂုဏ်ယူစရာ ရှိနေပြန်တယ်။
ကပ်လျှက်မှာ တောင်သမန်နဲ့ ဦးပိန်တံတားကတော့ ပြည်တွင်းပြည်ပ ခရီးသွား တစ်နှစ်ပတ်လုံး မပြတ်တဲ့ တောင်မြို့ရဲ့ အထိမ်းအမှတ် နေရာပေါ့။
ဒီနေ့ အိပ်ယာထ နောက်ကျပေမဲ့ စာသင်သား နားရက်မို့ အချိန်ရတာနဲ့ ဦးပိန်တံတားနားထိ လျှောက်ခဲ့တယ်။ မနက်မနက် လမ်းလျှောက်ရင် ကျွန်တော်နဲ့အလှမ်းဝေးတဲ့ မန်းကျုံးဘေးကို မပတ်နိုင်ဘဲ တောင်မြို့ဘက်ကို ယွန်းရတာလေ။
နေရောင်လေးနဲ့ဆိုတော့ ပုံရိုက်လို့ကောင်းတဲ့အချိန်ပဲ။ အပြန်ကျတော့ တောင်သမန်ကန်ပတ်လမ်းအတိုင်း မပြန်ဘဲ အတွင်းလမ်းကိုဝင်၊ ငယ်ငယ်ထဲက အံ့ဩနှစ်သက်ခဲ့တဲ့ ဝင်ပေါက်ဝိုင်းဝိုင်း ဒီဇိုင်းဆန်းဆန်း ခြူးနှစ်ကောင်စောင့်၊ တရုတ်ဘုံကျောင်းဘက်က လျှောက်ခဲ့တယ်။ ဘုံကျောင်း မျက်စောင်းထိုးနေရာ လမ်းအရှေ့ဘက်က လ္ဘက်ရည်ဆိုင် လူစည်လို့ သောက်ကောင်းမှာပဲဆိုပြီး နားရင်း ဝင်ထိုင်လိုက်တယ်။
အမယ်…အဖျော်နေရာမှာ အမျိုးသားတီးဆရာ မဟုတ်ဘဲ၊ တီးမယ်တော်ကြီးပါလား။ မုန့်ဆရာက ဘိုးတော်။ ထပ်တစ်ရာ ရိုက်နေတာမြင်လို့ တစ်ခွက်တစ်ခု မှာလိုက်တယ်။ တောင်မြို့ထပ်တစ်ရာက ဆီကြော်မဟုတ်၊ ဆီသုတ်ဒယ်ပူကပ်။ လ္ဘက်ရည်က ဖန်ခွက်၊ ဇွန်းတပ်။ လ္ဘက်ခြောက်နံ့လေးလည်း သင်းလို့။ ကောင်းပါ့။ ရှင်းလိုက်တော့ ၄၀၀ကျပ်တဲ့။ အံ့ဩသွားတယ်။ စားပွဲမှာ ကိုယ်တစ်ယောက်တည်းရှိတာ လ္ဘက်ရည်ခွက်ကော၊ မုန့်ပန်းကန်ပါ ကိုင်တွက်လို့ မှားတာမဟုတ်။ ရပ်ကွက်သူရပ်ကွက်သား မြို့သူမြို့သားချင်း စာနာယိုင်းပင်းစိတ်နဲ့ ဈေးနှုန်းချိုချို ယူကြရှာတာပဲ။
ပုထိုးတော်ကြီးအဝင် ရောက်တော့လည်း လမ်းဘေးရေအိုးစင်လေး၊ ကြည်ကြည်လင်လင် ရေအပြည့်နဲ့ ခရီးသွားတွေ အမောပြေစေဖို့ စောင့်နေလေရဲ့။ စေတနာကောင်းတဲ့ တောင်မြို့သားတွေပဲ။ အတန်းသောက်ရေအိုးကို အမြဲတာဝန်ယူ ဖြည့်ပေးတဲ့၊ ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကောင်းလွန်တဲ့ တောင်မြို့သား ကျောင်းနေဖော် ကိုအောင်အောင်ကြီးကို အမှတ်ရလိုက်မိတယ်။
ဗားကရာကွေ့ရောက်တော့ မရှိတော့တဲ့ ဆိုင်းဘုတ်ကြီး၂ခုကို လွမ်းမိပြန်ပြီ။ “ဟင်းအရာသာ ထူးစေလို၊ အာဂျီနိုမိုတို”နဲ့ “ကျားဘမ်းပရုပ်ဆီ” ဆိုင်းဘုတ်ကြီး၂ခု။ မန္တလေးမှာတောင် အဲဒီခေတ်က သူ့လောက်ကြီးတဲ့ ကြော်ငြာဆိုင်းဘုတ် မရှိသေးဘူး။ ဒီဆိုင်းဘုတ်ကြီး၂ခုဟာ ကျွန်တော့်ကို ကျောင်းပြင်ပစာ စာဖတ်တတ်အောင် သင်ပေးခဲ့တာ။ ဖြတ်သွားတိုင်း မဖတ်ဘဲ မနေနိုင်။
ဆက်လျှောက်တော့ ဗားဂျီးနီးယားဆေးပေါင်းစက်က နီညိုရောင် အုတ်စီခေါင်းတိုင်မြင့်မြင့်ကြီးကို မြင်ရတယ်။ သူလည်း တောင်မြို့ရဲ့ ထင်ရှားတဲ့ အမှတ်အသားတခုပဲ။ ငယ်တုန်းကတည်း အမြင့်ကြီး မော့ကြည့်အံ့ဩခဲ့ရတဲ့ ခေါင်းတိုင်ကြီး၊ ခုထိ မကျိုးမပျက် မတ်မတ်ခန့်ခန့်ကြီးရပ်လျှက်တွေ့တော့ ရှေးခေတ်ပိသုကာဆရာတွေကို ချီးကျူးမိပါတယ်။
အင်း…ဘော့သမားကောင်းတွေ ထွက်တဲ့ တောင်မြို့၊ သာသနာ့ရှေ့ဆောင် မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရှိတဲ့ တောင်မြို့၊ ကမ္ဘာကျော်ဦးပိန်တံတားရှိတဲ့ တောင်မြို့၊ ပိုးထည်ချည်ထည်လုပ်ငန်း တပြည်လုံးအနှံ့ထင်ရှားတဲ့ တောင်မြို့၊ ကြော်ငြာဆိုင်းဘုတ်ကြီး၂ခုကို မန္တလေးထက်စောစွာ စိုက်ထူခဲ့ဖူးတဲ့ တောင်မြို့၊ စိတ်ရင်းဖြူစင်တဲ့ တောင်မြို့သားတွေဟာ သူတို့ကိုယ်ကို မန္တလေးကလို့ မပြောမသုံးဘဲ တောင်မြို့သားအဖြစ် ဂုဏ်ယူနေကြမှာပါပဲလေ။
မောင်မောင်မြင့်
(တောင်မြို့နားက မန္တလေးသား)
27 June 2020