ကိုအောင်မြင့်တို့အလှူ(စ/ဆုံး)

 ကိုအောင်မြင့်တို့အလှူ(စ/ဆုံး)

——————–
“ညနေအိမ်ကိုအစည်းဝေးလာခဲ့အုန်းညီမ”
“ဟေ ဘာအတွက်အစည်းဝေးလဲအကိုကြီး”
“တပေါင်းလကျရင်ငါ့မြေးတွေရှင်ပြုမလို့”
အစည်းဝေးလာဖိတ်တာကရွာထဲကသူဌေးဦးအောင်မြင့်၊ဒီတစ်ရွာလုံးမှာအချမ်းသာဆုံး၊ရွှေကိုပြည်တောင်းနှင့်အပြည့်ထည့်ထားရသူ၊ရွာရဲ့အရပ်လေးမျက်နှာမှာသူ့လယ်တွေချည်းသာ။
အနှီဦးအောင်မြင့်ကိုခုမှစ၍တွေ့ဖူးမြင်ဖူးသူကိုသူဟာသူဌေးကြီးပါဟုပြောလျှင်ပြောပြသူကိုအရူးဟုအထင်ခံရပေမည်။သို့မဟုတ်ပါကလည်းအပြောင်အပြက်သရော်ပြောပြောသည်ဟုသာထင်ကြပေလိမ့်မည်။
ကိုအောင်မြင့်၏ပုံသဏ္ဍန်ကိုပြောပြရလျှင်အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးနှုတ်ခမ်းမွေးသဲ့သဲ့နှင့်ဥတုသုံးပါးတွင်သူ့ခန္ဓကိုယ်၌ပုဆိုးတစ်ထည်သာဝတ်ထားလေ့ရှိသည်။
အင်္ကျီဘယ်သောအခါမှမဝတ်၊မိုးတွင်းအချိန်မိုးရွာလျှင်ကောက်စိုက်မမိုးကာဟုခေါ်သောမိုးကာပြန့်ကြီးကိုခြုံထားတတ်သည်။ဆောင်းတွင်းအလွန်ချမ်းအေးလျှင်အညာစောင်ပါးပါးတစ်ထည်ကိုခြုံထားတတ်ပြီးနွေရာသီ၌ကားအပေါ်အင်္ကျီဘလာပုဆိုးတိုတိုသာဝတ်ထားတတ်လေသည်။ဘယ်နေရာမှသူဌေးနှင့်တူတာမရှိ၊အင်္ကျီဝတ်ထားလျှင်ယားလို့ဟုဆိုကာဘယ်တော့မှမဝတ်၊အသစ်ဝတ်ခိုင်းလျှင်ပိုဆိုးတော့သည်။”အင်္ကျီအသစ်တွေမဝတ်ချင်ပါဘူး၊ငါ့ကိုယ်ပေါ်မှာပြောင်ပြောင်ယားယားကြီးနဲ့အနေရကြပ်တယ်တဲ့လေ။
အင်္ကျီမဝတ်သဖြင့်အမြဲတမ်းချမ်းနေတတ်၏၊သူ့တိုက်အိမ်အကြီးကြီးထဲမှာသစ်မြစ်တုံးများဖြင့်အမြဲတမ်းမီးဖိုကြီးဖိုထားသည်။ရေနွေးအိုးမပြတ်တည်ကာ ရေနွေးဆူလျှင်လက်ဘက်ခြောက်ခါးခါးခပ်ကာတစိမ့်စိမ့်သောက်နေတတ်သည်။ထိုသည်ပင်သူ၏ဇိမ်ခံခြင်းဖြစ်ပေသည်။မနက်မိုးလင်းလျှင်ညကကျန်သောထမင်းကြမ်းခဲကိုမီးဖိုကြီးထဲထည့်ဖုတ်ကာငခြောက်ကိုကြွပ်နေအောင်မီးကင်၍စားတတ်သည်။ဆီဆပ်းစားလေအကိုကြီးရဲ့ဟုပြောလျှင်”ငါမှဆီမကြိုက်တာ”တဲ့
စေတနာကတော့အလွန်ကောင်းသူပါသူများကိုအမြဲပေးချင်ကျွေးချင်သူ၊ဒက္ခရောက်သူကိုကူညီလေ့ရှိသူ၊အလှူအတန်းရက်ရောသူအခုလည်းအလှူကြီးပေးမလို့တဲ့ရွာကိုအစည်းဝေးခေါ်ချေပြီ၊ရွာဓလေ့ရပ်ဓလေ့အရသာရေးဖြစ်ဖြစ်နာရေးဖြစ်ဖြစ်ရွာကိုအစည်းဝေးခေါ်သည်။အစည်းဝေးတွင်ကာယကံရှင်၏လိုအပ်ချက်ကိုတင်ပြသမျှရွာ၏ရပ်မိရပ်ဖနှင့်သာရေးနာရေးအသင်းခေါင်းဆောင်တို့ကဦးဆောင်ကာကူညီလုပ်ဆောင်ပေးရ၏၊မည်သူမှမခိုမကပ်ရ၊ကျသည့်တာဝန်အကုန်လုပ်ပေးကြရသည်။
ကိုအောင်မြင့်သည်ကျွန်မကိုတော့ညီမအရင်းလေးသဖွယ်အလွန်ချစ်ရှာသည်။တစ်ရွာလုံးကျွန်မကိုကလေးလူကြီးဘုန်းတော်ကြီးပါမကျန်ဆရာမကြီးဟုသာခေါ်ကြသော်လည်းသူကတော့ညီမဟုသာခေါ်ပါသည်။သူ့အိမ်မှာစားစရာဘာလေးလုပ်လုပ်ကျွန်မအတွက်ပို့ခိုင်းတတ်သည်။သူယက်ပုတ်နေသောဆန်ဆေးတောင်းကလေးများ၊ပလိုင်းကလေးများကိုကျွန်မကမြင်၍လိုချင်ပါသည်ဟုပြောလိုက်လျှင်သူယက်ပုတ်နေသည်ကိုပြီးအောင်စောင့်နေစေ၍ပေးလိုက်တတ်သည်။သူ့မိသားစု၏အိမ်တွင်းရေးမှစ၍အလှူအတန်းပေးဖို့ထိမကျန်တိုင်ပင်လေ့ရှိသည်။
ယခုလည်းအလှူအတွက်အစည်းဝေးခေါ်သဖြင့်ညစာစားပြီးသောအခါရွာဓလေ့အတိုင်းဓာတ်မီးတစ်လက်ကိုယူ၍သူ့အိမ်ဘက်ထွက်လာခဲ့ရသည်။လူစုံသောအခါအစည်းဝေးစကြ၍”ကျွန်တော်ဒီနှစ်တပေါင်းလမှာအလှူကြီးပေးမယ်၊အဲ့ဒါညီမရယ်၊ရပ်မိရပ်ဖတွေရယ်၊သာရေးနာရေးအသင်းခေါင်းဆောင်တွေရယ်ကလိုအပ်တာမှန်သမျှအကူအညီပေးကြပါ”
“အကိုကြီးကဘယ်လောက်အကုန်အကျခံပြီးလှူမှာတုန်း”
စပါး၅၀ကြိတ်မယ်၊အိမ်ကဝတ်သုံးကောင်ပေါ်မယ်(တစ်ကောင်ကိုအချိန်၇၀ခန့်)ငွေသားချည်းကသိန်း(၁၁၀)ကုန်လှူမယ်”
(၂၀၁၆ခု နှစ်က)
“မြတ်စွာဘုရားရေ အဲ့လောက်အကြီးကြီးလှူမှာလား”
“”အေးပေါ့ညီမရဲ့ အလှူပါဆိုအဲ့လောက်လှူမှပေါ့ အစအဆုံးနင်ပဲကြီးကြပ်လုပ်ပေး၊အလှူမတိုင်ခင်၇ရက်အလိုကတည်းကနေ့တိုင်းဆွမ်းကပ်မယ်တရားနာကြမယ် လုပ်သူကိုင်သားကျွေးမွေးမယ်လိုအပ်တာကိုနင့်အမ(သူ့မိန်းမ)နဲ့တိုင်ပင်ပြီးသွားဝယ်ဘာမှမလစ်ဟင်းအောင်စီစဥ်ပေး”
ကျွန်မစိတ်ထဲမှ”ဘုရားဘုရားငါ့ကိုများအ​သေသတ်မလို့လားပဲ၊ဒီလောက်အလှူအကြီးကြီးကိုအစအဆုံးစီစဥ်ပေးတဲ့”
“ဟဲ့ညီမငါပြောနေတာကြားလား”
“ကြားတယ်လေ”
“ကြားရင်အလှူရက်ရွေး”
“အကိုကြီးကဘယ်ရက်ထဲလှူချင်တာလဲ”
“နင်တို့ရွေးတဲ့ရက်”တဲ့ပြတ်ရော၊သူကအေးနေတာပဲကျွန်မမှာသာနွေရာသီကျောင်းပိတ်ရက်နားရမည့်အချိန်မှာသူ့အလှူပွဲခြိမ့်ခြိမ့်သဲဖို့စိတ်ကောလူရောမောရပေတော့မည်။

——–

“မောင်ရှင်လောင်းကအကိုကြီးမြေးတစ်ယောက်ထဲမဟုတ်လား”

“မဟုတ်ဘူးရွာထဲကရှင်မပြုနိုင်တဲ့ကလေးအကုန်ပြုပေးမယ်၊ရှင်လောင်းတွေအကုန်မြင်းနဲ့လှည့်မယ်”လာပြန်ပြီတစ်မျိုး ရွာထဲမှာရှင်မပြုနိုင်တဲ့ကလေးအယောက်၅၀လောက်ရှိမည်။

“ကာလသားခေါင်းကအသင်းသားတွေကိုဝါးခုတ်ခိုင်းပေးပါ၊ထင်းခွေပေးပါ၊စပါးကြိတ်ပေးပါ၊ဆန်ပြာပေးပါ။”

ကျေးရွာရဲ့ချစ်စရာဓလေ့လေးတွေကတော့ဒါတွေပါပဲအလှူ့ရှင်လိုအပ်သမျှမငြီးမငြူတပျော်တပါးလုပ်ကိုင်ပေးကြပါသည်။တစ်ဦးတည်းအလှူဆိုပေမယ့်တစ်ရွာလုံးတစ်အိမ်မကျန်လာရောက်စုပေါင်း၍ဝိုင်းလုပ်ဝိုင်းစားပျော်ပျော်ပါးပါးလုပ်ကိုင်ပေးကြပါသည်။အလှူရှင်အားငယ်စရာဘာမှမရှိပါ။

“ကဲ ဒါဆိုအလှူရက်ရွေးလိုက်ကြရအောင်”ဟုရပ်မိရပ်ဖကပြော၍အလှူရက်ရွေးကြပါသည်။”တပေါင်းလဆန်း(၁၂)ရက်နေ့အလှူဝင်(၁၃)ရက်နေ့ကိုအလှူကြီး(၇)ရက်အလိုကစပြီးကျွေးမှာတရားနာမှာဆိုတော့အလှူရက်ကတပေါင်းလဆန်း(၇)ရက်နေ့ကစရမှာဒီနေ့ကစတွက်ရင်၁လလောက်ပဲလိုတော့တယ်ခုကစစီစဥ်မှရမှာ၊ရှင်လောင်းပါမယ့်စာရင်းမနက်ဖြန်သဘက်ခါအပြီးပေး”ပရိက္ခရာတွေကိုလဆန်း(၁)ရက်နေ့သွားဝယ်ကြမယ်၊ကာလသားခေါင်းကရွာဆော်ကို”ဗျိုး”ဟစ်ခိုင်း၊လှည်းဆင့်မနက်ဖြန်ကစပြီးထင်းတိုက်ဝါးခုတ် စ ကြတော့”ဟုရပ်မိရပ်ဖများကစီစဥ်ပေးကြပါသည်။”ဆရာမကြီးကရှင်စာရင်းအတည်ရရင်မြို့ကိုသွားပြီးဖိတ်စာရိုက်ရွာဝေးတွေကိုစောစောစီးစီးဖိတ်ထားမှလာတတ်ကြမှာ”မြို့ကိုသွားရမယ့်အလုပ်မို့ဆရာမကြီးတာဝန်ဖြစ်ရော။နောက်တစ်နေ့မနက်မိုးလင်းမှာတော့

“ရွာသူရွာသားအပေါင်းတို့ခင်ဗျား ရွာလယ်ပိုင်းကကိုအောင်မြင့်+မခင်ဝင်းတို့ကဆွေစုံမျိုးစုံရွာသားအစုံကိုချွေးနှဲစာစုပေါင်းလို့အလှူကြီးပေးမှာဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ဗျိုး၊ရွာသူရွာသားအပေါင်းမှလည်းမေတ္တာရှေ့ထားအလှူရှင်ကုသိုလ်ပွားရအောင်ဝိုင်းဝန်းကူညီဖို့အလှူ့အိမ်သို့လာရောက်ကြပါဗျိုး”

ရွာဆော်ရဲ့ဗျိုးဟစ်သံကိုသောသောညံအောင်ကြားရပါလေပြီအသံချက်စက်မလိုမိုက်ကရိုဖုန်းမလိုဖိတ်စာကမ်းစရာမလိုချစ်စရာမြန်မာ့ဓလေ့စစ်စစ် “ဗျို့”ဟစ်လို့အလှူဖိတ်ခြင်းပါ။မကြာခင်မှာပဲတစ်အိမ်တစ်ယောက်စုပေါင်း၍အလှူ့ရှင်အိမ်ရှေ့မြေကွက်လပ်သို့စုရုံးရောက်လာပါတော့သည်။ဒီပွဲကတော့ကာလသားခေါင်းတို့၏ပွဲမို့ကာလသားအသင်းအဖွဲ့ခေါင်းဆောင်မှဘယ်သူ့လှည်းနဲ့ဘယ်သူ့နွား၊ဘယ်သူနဲ့ဘယ်သူကထင်းတိုက်ရမယ်ဝါးခုတ်ရမယ်စသည်ဖြင့်တာဝန်ခွဲဝေပေးလိုက်ပါတော့သည်။မနက်ဖြန်မနက်စောစောလှည်းတွေစထွက်ရတော့မှာမို့အမျိုးသမီးအဖွဲ့ကထမင်းထုပ်ပြင်ဆင်ချက်ပြုတ်ဖို့တာဝန်စကြရပါတယ်ချစ်စရာတောရွာဓလေ့ရဲ့အစလေးပါ။

ကျမဆီမှာရှင်စာရင်းပေးဖို့ပြောထားတာကြောင့်မိဘကရှင်မပြုနိုင်တဲ့ကလေးစာရင်းယူလိုက်တာအပါး(၄၀)ကျော်သွားပါတော့တယ်။ကြားထဲမှာဆိုင်းငှားကြ၊အလှူလှည့်ဖို့မြင်းငှားကြနှင့် ပရိက္ခရာဝယ်မည့်နေ့သို့ရောက်လာပါတော့သည်။

အလှူ့ရှင်ိပိုင်သည့်စပါးတိုက်သည့်ဖောကားကြီးပေါ်တွင်ကိုရင်ဝတ်မည့်ကလေးမိဘအယောက်(၄၀)အလှူ့ရှင်မိသားစု၊ရွာဦးကျောင်းဆရာတော်နှင့်ကျမတို့လိုက်ပါလာရလေရာစဥ်းစားသာကြည့်ကြပါတော့ကြပ်ညှပ်ငပိငချဥ်သိပ်ထားသလိုပုံစံဖြင့်မြို့သို့ရောက်လာရပါသည်။

ပရိက္ခရာဆိုင်သို့ရောက်ပါပြီ၊ဆိုင်ရှင်ကအလှူအကြီးကြီးမှန်းသိတော့တခြားဆိုင်သို့မရောက်သွားရေးသူရောင်းရရေးအတွက်နည်းမျိုးစုံဖြင့်ဆွယ်ပါလေတော့သည်။ပရိက္ခရာတစ်စုံစျေးမေးသည်ကိုမဖြေသေး၊ဆရာတော်ကိုအတင်းထိုင်ခိုင်းပြီးအချိုရည်ကပ်ကာပါလာသည့်ရှင်လောင်းအမေများအားဘယ်နှယောက်လဲတို့အမျိုးတွေကိုမုန့်ဟင်းခါးမှာကျွေးအုန်းမယ်ဆရာတော်ဘုရားဒီဆိုင်မှာဝယ်ရင်ဆရာတော်ကျောင်းအတွက်ပန်းကန်တစ်ဝိုင်းစာလှူပါမယ်၊အလှူ့ရှင်ဝတ်ဖို့ပါတိတ်ဝမ်းဆက်တစ်စုံလက်ဆောင်ပေးမယ်ရှင်လောင်းအမေတွေကိုပဝါတစ်ထည်စီလက်ဆောင်ပေးမယ်စသည်ဖြင့်မက်လုံးတွေပေး၍ဆွယ်ပါလေတော့သည်။

ပန်းကန်တစ်ဝိုင်းစာလှူမည်ဆိုသဖြင့်ဆရာတော်ကလည်းတခြားဝိုင်းမသွားတော့ဘူးဆရာမကြီးဒီဆိုင်မှာပဲဝယ်မယ်အလှူရှင်ကလည်းဒီမှာပဲဝယ်မယ်နှင့်လုပ်ကုန်ကြပါသည်။”နေကြပါအုန်း၊သင်္ကန်းကိုအရင်ကြည့်စျေးကိုအရင်မေးအဆင်ပြေမှဝယ်လို့ဖြစ်မှာပေါ့”ဆိုင်ရှင်ရှေ့မှာပင်ကျမ ထ အော်ရပါတော့သည်။သင်္ကန်းပြခိုင်းကြည့်တော့ရှင်တစ်ပါးစာလေးသောင်းတဲ့သင်္ကန်းကပါးလှပ်ပရိက္ခရာ(၈)ပါးကအဖြစ်လောက်သာပါလေသည်။တစ်ဆိုင်ပြီးတစ်ဆိုင်လျှောက်ကြည့်ပါမှထူထဲသောသင်္ကန်းလေးများအပါပရိက္ခရာအစုံအလင်နှင့်တစ်စုံမှနှစ်သောင်းကျပ်သာကျသင့်သောပရိက္ခရာဆိုင်တွင်ဝယ်ဖြစ်ခဲ့ကြလေသည်။

“ဆရာမကြီး၊ဆရာမကြီး”

“ဟေ”

“သမီးဆရာမကြီးဝတ်တဲ့ထမီမျိုးဝတ်ချင်လို့လိုက်ချုပ်ပေးအုန်း”

“ဟဲ့ဘာထမီတုန်း”

“ဟိုလေထမီလိုဝတ်ရတာမဟုတ်ဘူးစကပ်လိုစွပ်လိုက်ပြီးဘေးကဇစ်ကလေးဆွဲရတာ”

“အော် ဖိစကပ်ကိုပြောတာလား ဟဲ့အဲ့စကပ်ကအကြပ်ဝတ်ရတာလေလမ်းလျှောက်ရင်ဖြည်းဖြည်းခြင်းလျှောက်ရတာနင်နဲ့အဆင်မပြေလောက်ဘူး”ပြောလာသူကအလှူရှင်ရဲ့သမီးအကြီးဘုသီးမ၊

နာမည်လှလှလေးရှိပါသော်လည်းမွေးစကတည်းကမျက်စေ့နှစ်လုံး၏အလယ်နှစ်ခေါင်းထိပ်တွင်ဘုသီးလေးပါလာသဖြင့်”ဘုသီး”ဟုအမည်တွင်နေသောကျမရဲ့တပည့်အပျိုပေါက်မလေးပါ။

“ဟင့်အင်းဆရာမကြီးအဲ့ဒီဖိစကပ်လေးဝတ်လိုက်ရင်ကိုယ်လုံးလေးအရမ်းလှတာလေအလှူကျရင်ဝတ်မယ်ဆိုပြီးသမီးမှန်းထားတာမရဘူးဆရာမကြီးလိုက်ချုပ်ပေး”

“အေးပြီးရောနော်နောက်ပြီးတော့မှမဂတ်တက်ဘူး၊မနေတတ်ဘူးဆိုရင်နင်နဲ့ငါအတွေ့ပဲ”

ဒီလိုနှင့်ပင်အလှူရှင်လောင်းလှည့်သည့်နေ့သို့ရောက်လာပါတော့သည်။ညကတည်းကပင်ရှင်လောင်းများစီးမည့်မြင်းအကောင်(၄၀)ကျော်နှင့်မြင်းပိုင်ရှင်မြင်းနောက်လိုက်များအတွက်ရွာထဲမှသင့်တော်ရာအိမ်များတွင်နေရာချထားပေးကြရသည်။အခြားရွာမှငှားထားသောအိုးစည်ဝိုင်းဒိုးပတ်ဝိုင်းများအတွက်လည်းသင့်တော်ရာအိမ်တွေကိုပို့ကြရင်းအလှူညအိပ်လာသူများကလည်းဆိုင်ရာဆိုင်ရာအိမ်များတွင်တည်းကြခိုကြနှင့်ရွာလုံးကျွတ်ဘယ်သူ့အိမ်မှဧည့်သည်လွတ်သည့်အိမ်မရှိတော့ပါ။

အ လှူလှည့်မည့်နေ့မနက်၃နာရီကတည်းကအလှူအိမ်တွင်ကျွေးမည့်ဝတ်များပေါ်သည့်နေရာမှသားသတ်သမားများ၏စကားပြောသံများ၊မြင်းများ၏ဟီသံများ၊အိုးစည်ဒိုးပတ်ဝိုင်းများကတီးသံမှုတ်သံများဖြင့်တစ်ရွာလုံးနိုးထလာကြပါတော့သည်။ရှင်လောင်းများသနပ်ခါးလိမ်းဝတ်စုံဝတ်ပေးဖို့တာဝန်ကျတာလည်းဆရာမကြီးပါပဲရွာတစ်ရွာတွင်ကျောင်းဆရာမတာဝန်ကျပြီးလျှင်စွယ်စုံတတ်ထားရပါလိမ့်မည်။ရှင်လောင်းဝတ်စုံလည်းဝတ်ပေးတတ်ရမည်။သတို့သမီးပြင်ပေးတတ်ရမည်။းဆရာတော်သံဃာတော်များကိုဆွမ်းကပ်တတ်ရမည်။ပဒေသပင်သီတတ်ရမည်၊ယုတ်စွအဆုံးနာရေးဖြစ်လျှင်တောင်မှအခေါင်းကိုလှလှပပပြင်ပေးတတ်ရမည်။စာလုံးဖောက်ပြီးရေးပေးတတ်ရမည်။ရွာသူရွာသားများ၏စိတ်တွင်ဆရာမဆိုလျှင်စွယ်စုံတတ်ကျွမ်းသူဟုအထင်ကြီးလေးစားစိတ်အရင်းခံရှိကြသောကြောင့်အရာရာမှာအားကိုးအားထားပြုကြလေသည်။ခုလည်းရှင်လောင်းသနပ်ခါးလိမ်းဖို့အလှပြင်ဖို့ကိုဆရာဍမကြီးလုပ်ပေးပါပဲအားကိုးကြလေ၏။ရွာထဲမှအပျိုလေး(၁၀)ယောက်လောက်ကိုအနားမှာထိုင်ခိုင်းထားပြီးရှင်လောင်းကိုသနပ်ခါးလိမ်းပေးသည်ကိုကြည့်နေစေရသည်။ရှင်လောင်း၃ပါးကိုကျမလိမ်းပေးပြီးသည့်အခါ”နင်တို့ဒီလောက်ဆိုလိမ်းပေးတတ်ပြီလား၊”

“လိမ်းတတ်ပြီဆရာမကြီး”

“အေးဒါဆိုကျန်တဲ့မောင်ရှင်လောင်းတွေကိုလိမ်းပေတော့”အပျိုလေးများကိုဆက်လိမ်းခိုင်းရသည်။

“အယ် ဆရာမကြီးသူတို့လိမ်းရင်လှပါ့မလား၊ကျမသားကိုဆရာမကြီးပဲလိမ်းပေးပါ”

“ဟုတ်တယ်ဆရာမကြီးကျမသားကိုလည်းဆရာမကြီးပဲလိမ်းပေးပါ”

“တော်တိတ် ရှင်လောင်းအကုန်ငါတစ်ယောက်ထဲလိမ်းနေရင်ဒီနေ့ လ ထွက်မှအလှူလှည့်ရလိမ့်မယ်ငါကရှင်လောင်းအဝတ်အစားတွေလည်းဝတ်ပေးရအုန်းမယ်လေ”ထိုသို့ပြောလိုက်မှအတွန့်တက်နေသောရှင်လောင်းအမေများငြိမ်ကုန်ကြ၏။”ရှင်လောင်းအမေတွေလာကြ၊ကျမဝတ်ပေးတာသေချာကြည့်ကြ”လို့ပြောပြီးရှင်လောင်းအင်္ကျီတောင်ရှည်ပုဆိုးဝတ်ပုံတွေသင်ရပြန်၏။”ဝတ်ပေးတတ်ပြီဆိုရင်ကိုယ့်ကလေးကိုယ်ဝတ်ပေးကြ”ရှင်လောင်းအမေတစ်ယောက်က”တို့ဆရာမကြီးကဆရာမပီသချက်ခိုင်းလည်းခိုင်းသင်လဲသင်ပဲ”တဲ့

တတ်နိုင်ဘူးလေကိုယ်တစ်ယောက်တည်းဒီ(၄၀)ကျော်ကိုဝတ်ပေးရရင်လက်မောင်းတောင်မြှောက်န်ုင်ပါတော့မလားပဲ။ရှင်လောင်းပြင်ဆင်နေတုန်းမှာပဲကန်တော့ပွဲရွက်သူ၊ကွမ်းတောင်ပန်းတောင်ကိုင်မည့်သူ၊ပဒေသာပင်ကိုင်မည့်သူ၊ပရိတ်အိုးရွက်မည့်သူများစီတန်းပေးထားရ၏။ရှင်လောင်းများကိုမြင်းပေါ်တင်ကြည့်ချိန်မှာတော့တွေ့ရပါပြီရှင်လောင်းအဖေများ၏စိတ်ဓာတ်များညကတည်းကအယဥ်ဆုံးအကောင်းဆုံးမြင်းများကိုရွေးထားပြီးပြီမို့သူတို့ရွေးထားတဲ့မြင်းပေါ်ကိုသူတို့ကလေးတွေတင်လိုက်ကြသည်။

အလှူရှင်ရဲ့မြေးရှင်လောင်းခမျာတော့မြင်းပိန်မြင်းကပ်လေးသာကျန်သဖြင့်ထိုမြင်းပေါ်သို့သာတင်လိုက်ရသည်။အလှူရှင်များကသပိတ်သင်္ကန်းများရွက်ပြီးရှေ့ကသွားကြပြီမို့နောက်မှာကျန်ခဲ့တဲ့အဖြစ်အပျက်ကိုဘာမှမသိကျမမှာသာဒေါသတွေထွက်လိုက်ရသည့်ဖြစ်ခြင်းသူတို့ကလေးတွေကိုပိုက်ဆံအကုန်ခံပြီးရှင်ပြုပေးတဲ့အလှူရှင်မျက်နှာကိုမှမထောက်အဆိုးဆုံးမြင်းကိုသာအလှူ့ရှင်မြေးစီးဖို့ချန်ထားပေးခဲ့သည်။လူတွေရဲ့မနောကြောက်စရာကောင်းလှပေစွ၊အလှူလှည့်စထွက်လို့ရွာထိပ်ကွင်းပြင်ရောက်ယုံရှိသေးသည်အလှူ့ဒကာကြီးကဇာတိပြလာပါတော့သည်။

ညီမရေညီမ

ရှင့်အကိုကြီး

“ငါအင်္ကျီမဝတ်ချင်တော့ဘူးဟေ့တကယ်ပဲနော်တအားယားတာပဲ”

==============

“အလိုလေးမချွတ်ပါနဲ့အကိုကြီးရယ်ဒါအလှူလှည့်နေတာလေအလှူရှင်ကြီးကအင်္ကျီကျွတ်ကြီးနဲ့ဖြစ်မလားလို့”အကိုကြီးကိုအင်္ကျီမချွတ်ရေးပြောနေတုန်းရှိသေး သူ့သမီးဘုသီးမကငိုမဲ့မဲ့နှင့်အနားရောက်လာ၏”ဟဲ့ဘုသီးမနင်ကကွမ်းတောင်ပန်းတောင်ကြီးနဲ့ဘာကိစ္စငာ့အနားရောက်လာရတာတုန်း၊ရှေ့ကိုသွားလေ”

“ဟင့် ဆရာမကြီး ထမီကြီးကဘယ်လိုကြီးတုန်းမသိဘူးလမ်းလျှောက်ရတာမကောင်းဘူးကြပ်ကြပ်ကြီး”

“အေး နင့်ကိုငါပြောတယ်လေဒီထမီမျိုးကဖြေးဖြေးလမ်းလျှောက်ရတာလို့နင်နဲ့အဆင်မပြေလောက်ဘူးလို့ပြောရဲ့သားနဲ့ဝတ်ချင်လှချည်ရဲ့ဆိုခုမှမလုပ်တတ်တော့ဘူးရသလိုလျှောက်”သူတို့သားအဖကိုပြောနေတုန်းနောက်ကရှင်လောင်းအဖွဲ့ကအော်သံဟစ်သံပြေးသံလွှားသံများကြား၍ကြည့်လိုက်ရာမြင်းတွေကလယ်ကွင်းထဲတွင်”ဟီ” သံပေး၍လှည့်ပတ်ပြေးကာတစ်ကောင့်တစ်ကောင်ခွာတွေမြှောက်၍တိုက်ခိုက်ဖို့ပြင်နေကြပါသည်။ငေါက်ငမ်း၍မရဇတ်ကြိုးဆွဲမရပဲကဆုန်ဆိုင်းပြေးဖို့အားယူနေကြရာမြင်းကိုဆွဲသူကဆွဲ၊ရှင်လောင်းလိမ့်မကိရေးထိမ်းသူကထိမ်းအော်သူကအော်ပြေးသူကပြေးနှင့်ယောက်ယက်ခတ်ကာနေပါတော့သည်။

ထိုအဖြစ်အပျက်များကိုမြင်လိုက်သောအကိုကြီးအောင်မြင့်သည်လွယ်ထားသောသပိတ်ကိုပစ်ချပြီးသူ့မြေးတင်ထားသောမြင်းဆီအရောက်ပြေး၍သူ့မြေးကိုအတင်းဆွဲချပုခုံးပေါ်ထမ်းကာဘေးလွတ်ရာသို့ပြေးပါလေတော့သည်။ကျန်သူများလည်းမြင်းတွေကိုကြောက်ပြီးပြေးသူပြေးအော်သူအော်ငိုသူငိုမြင်းပေါ်ကမောင်ရှင်လောင်းများလည်းဒလိမ့်ကောက်ကွေးကျသူကျလဲသူလဲကွဲသူကွဲနှင့်ခမ်လှမ်းလှမ်းမှကြည့်လျှင်ဖုံလုံးကြီးများကိုသာမြင်နေရပါသည်။ကျမကတော့အခြေအနေမဟန်ဘူးလို့ထင်ရကတည်းကတာဘောင်ပေါ်တက်ပြေးပြီးမြောင်းဟိုဘက်ကမ်းကသစ်ပင်အောက်တွင်သွားထိုင်နေလိုက်ပါသည်။

နောက်ဆုံးအခြေအနေတည်ငြိမ်သွားလို့ပြန်ကြည့်လိုက်တော့ အလှူ့ဒကာကြီးကပုဆိုးတိုတိုဖုန်အလိမ်းလိမ်းမျက်နှာနှင့်မြေးရှင်လောင်းကိုပုခုံးပေါ်ထမ်းလို့အလှူ့အမကြီးကသင်္ကန်းပန်းဘယ်ရောက်သွားမှန်းမသိတော့ပဲကန်တော့ပွဲကြီးကိုရွက်လျက်သမီးဘုသီးမကထမီကိုဒူးအထက်ကိုပြန်လှန်တင်ထားပြီးကွမ်းတောင်ကိုခါးစောင်းတင်ထား၏။ကာလသားခေါင်းကရေမြောင်းထဲပြုတ်ကျပြီးတစ်ကိုယ်လုံးရေတွေစိုရွဲနေကာ၊အမျိုးသမီးခေါင်းဆောင်ကရွံအလိမ်းလိမ်းပေကျံလျက်ပျိုမေလေးတွေမျက်နှာမှာမိတ်ကပ်တွေကွက်ပြာနှမ်းပြီး၊ကိုင်ထားသည့်ကွမ်းတောင်ပန်းတောင်ထိပ်မှပေါက်ပေါက်ဆုတ်လုံးကြီးများတစ်ခုမှမရှိတော့ပါပဒေသာပင်များမှပိုက်ဆံရွက်များလည်းမစုံတော့ပဲနှင့်ပင်စုပေါင်းတန်းစီကာလမ်းလျှောက်၍သာပြန်လာခဲ့ရပါတော့သည်။

“မင်းတို့အိုးစည်ဝိုင်းကနည်းနည်းပါးပါးတီးပါမှုတ်ပါအုန်းလားဟ”ဟုတစ်ယောက်ကအော်လိုက်ရာလင်ကွင်းတစ်ဘက်ကပျောက်သွားပြီမောင်းတီးတဲ့ဘုကရှာမတွေ့တော့လို့နှင့်ပြန်အော်ကြလေ၏။သူများထက်တမူထူးခြားသောအလှူလှည့်ပွဲ ကြီးဖြစ်ရပါတော့သည်။

အလှူကြီးနေ့ရောက်လာပါပြီမနက်မိုးလင်းကတည်းကဝတ်သားဟင်းငါးပေါင်းကြာဇံဟင်းချိုသရက်ချဥ်သုတ်ခရမ်းချဥ်သီးငပိချက်တို့စရာတို့ဖြင့်လာသမျှပရိသတ်ကိုထမင်းရည်ချောင်းစီးအောင်ကျွေးမွေးနေကြပါသည်။အရပ်လေးမျက်နှာမှလည်းလာလိုက်ကြသည့်ပရိသတ်များ ငှားထားသည့်ဧည့်ခံဆိုင်းမှလည်းမြိုင်မြိုင်ဆိုင်ဆိုင်တီးမှုတ်ဧည့်ခံနေကြပါပြီရေစက်ချတရားနာချိန်ကမွန်းတည့်(၁၂)နာရီချိန်ဖြစ်သဖြင့်ဧည့်ခံမဏ္ဍပ်တွင်တရားနာချိန်စောင့်ရင်းဆိုင်းနားထောင်သူများနှင့်အပြည့်ပါ(၁၀)နာရီခွဲတွင်ဘုန်းကြီးများအားနေ့ဆွမ်းကပ်လှူပြီးစီးပြီး(၁၁)နာရီခွဲလောက်ကျမှအလှူ့အမကြီးကအနားလာပြီး”ညီမ ကောင်မြင့်မတွေ့ဘူးလား”မမကသူ့ယောင်္ကျားကို ကိုအောင်မြင့်ဟုခေါ်ရာအမြန်ခေါ်သဖြင့် ကောင်မြင့်ဟုသာကြားရတတ်သည်။”မတွေ့ဘူးလေမမရဲ့မမတို့အတူတူဆွမ်းကပ်နေကြတာမဟုတ်ဘူးလား”

“အေးလို့ ဆွမ်းကပ်ပြီးကတည်းကညီမအကိုကြီးကိုမမြင်တော့လို့ရှာကြည့်ပါဦး”

“ဟုတ်ကဲ့မမ”ဟုပြောကာကျမမှာတွေ့သမျှလူကိုကိုအောင်မြင့်မတွေ့ဘူးလားမေးရပါတော့သည်။၁၀ဦးလောက်မေးပြီးကာမှသူ့အိမ်ကစာရင်းငှားလေးက”အကိုကြီးအောင်မြင့်သူ့ခိုင်းနွားကြီးလွတ်သွားလို့လိုက်ရှာနေတယ်”

“ဘာဟဲ့နွားလွတ်သွားတာနင်တို့ကဘာလို့လိုက်မရှာပဲသူ့ကိုလွှတ်လိုက်တာလဲ”

“အကိုကြီးကကျနော်တို့သွားရှာရင်ကြာနေမယ်၊သူ့ဘာသာပဲသွားရှာလိုက်မယ်ဆိုပြီးထွက်သွားတာပဲလေ”

“ဟဲ့ ဟဲ့ဒုက္ခပဲတရားနာချိန်ကနီးနေပြီခုပဲ၁၂နာရီထိုးတော့မယ်”တရားနာချိန်နီးမှအလှူ့ဒကာကြီးကပျောက်နေပါတော့သည်။

“ကဲမတတ်နိုင်ဘူးဟေ့အသံချဲ့စက်နဲ့အော်ခေါ်ပေတော့”ဟုပြောကာခေါ်ခိုင်းရပါတော့သည်။ကာလသားခေါင်းကအသံချဲ့စက်ကိုအရပ်လေးမျက်နှာသို့လှည့်ကာ”အလှူ့ရှင်ဦးအောင်မြင့်ခင်ဗျားတရားနာချိန်နီးကပ်နေပြီဖြစ်ပါ၍အလှူမဏ္ဍပ်ကိုအမြန်ဆုံးပြန်လာပါ”ဟုအကြိမ်ကြိမ်အခါခါခေါ်သော်လည်းမရောက်လာပါ၁၂နာရီခွဲထိမရောက်လာတော့အားလုံးလည်းစိတ်ပူလာကြ၏။အလှူ့အမခမျာလည်းမျက်ရည်တလည်လည်နီးစပ်ရာဆွေမျိုးများကလိုက်ရှာကြသော်လည်းမတွေ့ကြသံဃာစင်ပေါ်တွင်လည်းပင့်ထားသောသံဃာတော်များကတရားဟောရန်အဆင်သင့်တရားနာမည့်ပရိသတ်ကလည်းမဏ္ဍပ်ထဲမှာအပြည့်ရေစက်ချမည့်အလှူ့ရှင်ကရှာမတွေ့သေးအတော်စိတ်ညစ်ကြရပါတော့သည်။

ရှာသူရှာခေါ်သူခေါ်မျှော်သူမျှော်နှင့်နေ့ခင်း၁နာရီခွဲကာနီးမှရွာ့အနောက်ဘက်ပေါက်မှပြန်လာပါပြီအလှူ့ဒကာကြီး

ဝတ်ထားတဲ့အင်္ကျီအဖြူလက်ရှည်ကိုချွတ်ပြီးပခုံးပေါ်တင်လို့ပုဆိုးကိုတိုတိုဝတ်ကာတစ်ဘက်မှနွားကြီးကိုဆွဲကာအေးအေးဆေးဆေးပင်ဝင်လာပါတော့သည်။

ထိုအခါကျမှအားလုံးဒေါသတကြီးနှင့်ဝိုင်း၍အပြစ်တင်ကြပါတော့သည်။ကျမကလည်း”အကိုကြီးတအားဒုက္ခပေးတာစိတ်ဆင်းရဲရတယ်အကိုကြီးနွားကဘာအရေးကြီးလို့လဲ”နှင့်အဆက်မပြတ်ပြောမိပါ၏။တရားဟောသည့်ဘုန်းကြီးမှလည်း”ဒကာကြီးဒီလောက်အလှူကြီးလှူပြီးမှဒီနွားတစ်ကောင်ကိုမပြတ်နိုင်ဘူးဆိုတော့လူကြားလို့မကောင်းဘူးလေ”နှင့်အပြစ်တင်ဆူပူပါတော့သည်။အားလုံးဝိုင်း၍အပြစ်တင်ပြောဆိုနေကြချိန်အကိုကြီးပြန်ပြောလိုက်သောစကားတစ်ခွန်းကြောင့်အားလုံးပင်စွန့်အကာမဏ္ဍပ်ကြီးတစ်ခုလုံးပင်ငြိမ်သက်သွားခဲ့ပါတော့သည်။တရားပြနေသောဘုန်းကြီးပင်ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပါသည်။အကိုကြီးပြောလိုက်တာက”ကျနော်ဒီနွားကြီးနဲ့ဖက်ပြီးလယ်ယာတွေလုပ်နိုင်ခဲ့လို့အခုလိုအလှူကြီးပေးနိုင်တာပါဒါ့ကြောင့်မို့အလှူရေစက်ချတရားကိုသူ့ကိုလည်းနာစေချင်သာဓုခေါ်စေချင်လို့လိုက်ရှာပြီးဖမ်းနေတာပါ”တဲ့အော်အကိုကြီးရယ်မွန်မြတ်လိုက်တဲ့စိတ်ထားလေးပါလားဟုမှတ်ချက်ပြုရင်းကျမသာဓုအကြိမ်ကြိမ်ခေါ်မိပါတော့သည်။(ပြီးပါပြီ)

အားပေးဖတ်ရှုကြသူအပေါင်းကိုကျေးဇူးအထူးတင်ပါသည်။

#ခင်မေခ