အမုန်းခံအလှ
( ဆရာ လယ်တွင်းသားစောချစ်)
လှပခမ်းနားသော
ဖိတ်စာတစ်စောင်..
ဒေါက်တာ၀င်းနိုင်ဦး
နှင့် ဒေါက်တာသီတာမိုး
” ဖေဖေ…
ဒီဖိတ်စာ သမီးကိုပေးနော်… သိမ်းထားချင်လို့”
ရှစ်တန်းကျောင်းသူ
သမီးငယ်က ဖိတ်စာကိုအိတ်နဲ့တကွ အပိုင်ယူလိုက်သည်။
” အဲ့ဒီ
ဖိတ်စာတစ်စောင်ကို နှစ်ရာကျတယ်တဲ့…..”
ဒေါ်မြအေးက
စျေးသည်ပီပီ ကျောက်ဆည်စျေးထဲမှာ သတင်းကြားခဲ့ပြီ။
” ဆန်းသစ်လွင်
ရုပ်ရှင်ရုံမှာ မင်္ဂလာဆောင်မှာတဲ့ မေမေရ၊ ဖိတ်စာထဲမှာပါတယ်”
” ဟုတ်တယ်…ရန်ကုန်ပုံစံအတိုင်းကျွေးမှာတဲ့။
ဖိတ်တာတောင်ခွဲတမ်းနဲ့၊တစ်ယောက်ကို
ကျွေးမယ့်တန်ဖိုးကပဲ
ဘယ်နှထောင်ဖိုးဆိုလားး
သတိုးသားက်က တစ်ရာ့ငါးဆယ်။သတိုးသမီးဖက်က
တစ်ရာ့ငါးဆယ်။တစ်ကယ့်မျက်နှာကြီးတွေချည်းရွေးဖိတ်တာတဲ့…..။အိမ်ရှေ့တိုက်ကတောင်
သူတို့နဲ့ခင်လျက်သားနဲ့မဖိတ်လို့ စိတ်ဆိုးနေတယ်။
ဒေါ်မြအေးသတင်းကပိုစုံတယ်
“
အဲ့ဒီအထဲမှာငါ့ဖိတ်တာ….ဂုဏ်ယူစရာပေါ့ကွ”
ဆရာဦးဘဖြူက
သမီးလက်မှဖိတ်စာကိုလှမ်းကြည့်လိုက်သည်။
” ဂုဏ်ယူတာက
ဟုတ်ပါရဲ့၊ဖိတ်စာကနှစ်ရာကျွေးမှာက သုံးရာ့ငါးဆယ်။အနည်းဆုံးလက်ဖွဲ့မယ့်လူက
ငါးထောင်တစ်သောင်းလောက်မှလှမှာတဲ့။
စျေးထဲမှာပြောနေကြတယ်။
ရှင့်မူလတန်းကျောင်းအုပ်အငြိမ်းစားလစာနဲ့ ဘယ်လောက်လက်ဖွဲ့နိုင်မှာလဲ”
” ဟ….ဒါကတော့ရှင်းနေတာပဲကွာ။ငါလို
ဆရာအိုကြီးကဘာလက်ဖွဲ့နိုင်မှာလဲ၊ သူတို့လဲသိတာပေါ့ ၊ လာစေချင်လို့ဖိတ်တာ
သွားလိုက်ရုံပေါ့ “
” ဘာမှလက်မဖွဲ့ပဲနဲ့လား
“
” အေးပေါ့…..”
” အဲ့ဒါဆိုရင်တော့
မသွားနဲ့၊ သူဌေးတွေကြားမှာ အားနာစရာကြီး “
” မမြအေးရာ….
သူဌေးတွေက
ဘယ်လောက်လက်ဖွဲ့နိုင်မှာလဲကွ၊တစ်သိန်းလား၊ဆယ်သိန်းလား။
ငါကသူတို့ထက် တန်းဖိုးကြီးကြီးလက်ဖွဲ့ပြီးပါပြီကွာ”
ဆရာကြီးက
ပြတင်းပေါက်မှတစ်ဆင့် အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။
မူလတန်းကျောင်းကလေးကိုမြင်ယောင်လျက်…….
လွန်ခဲ့သောဆယ့်ငါးနှစ်ခန့်က……
ဆရာဦးဘဖြူကျောင်းမှာစည်းကမ်းကောင်းသည်။
အသင်အပြကောင်းသည်ဟုနာမည်ကြီးသည်။ လေးတန်းအောင်ချက်လည်းအကောင်းဆုံးကျောင်းဖြစ်သည်။
ဆရာဦးဘဖြူက
ကျောင်းအုပ်ဆိုသော်လည်း လေးတန်းမှာ သင်္ချာနှင့်မြန်မာစာ ကိုယ်တိုင်သင်သည်။
တစ်နေ့တွင်
လေးတန်းသို့ မြန်မာစာသင်ရန် ၀င်သွားစဉ် ကျောင်းသူအသစ်မိန်းကလေးကို
သတိထားမိသည်။ဖြူဖြူသန့်သန့် ချောချောလေး။
ထုံးစံအတိုင်း
ဦးဘဖြူအချိန်မှာ
တစ်တန်းလုံးငြိမ်သက်နေသည်။ဦးဘဖြူကလက်ထဲမှာလည်းပါနေကျကြိမ်လုံးရှည်ရှည်ကြီးနှင့်။ယနေ့သင်ကြားမည့်ခေါင်းစဉ်ကိုပြောလိုက်သည်။
ကျောင်းသူကျောင်းသားအားလုံး
စာအုပ်များကိုအသင့်ဖွင့်လှန်ထားကြ၏။
ဦးဘဖြူက
ကျောင်းသူအသစ်ဆီသို့ လှမ်းကြည့်လိုက်သည်။မန်းကလေးခေါင်းငုံ့သွားသည်။
” ဟိုကလေးမ…..ဖတ်စမ်း…”
ဦးဘဖြူကလက်ထဲမှာ
ကြိမ်လုံးဖြင့် ညွှန်ပြလိုက်သည်။ မိန်းကလေး၏ ကိုယ်လုံးကလေးတုန်သွားသည်ကို
သတိထားမိလိုက်သည်။
မိန်းကလေးမတ်တက်ထသည်။
ဖတ်စာ၏ပထမစာပိုဒ်ကိုစဖတ်ရန် အားယူလိုက် နှာခေါင်းတစ်ချက်ရှုံ့ပြီး
မျက်နှာကထောင့်တန်းအကြောဆွဲပြီး မျက်တောင်သုံးခါဆက်ခတ်ပီးမှအသံထွက်လာသည်။
” ဘယ်လိုဖြစ်တာပါလိမ့်”
မိန်းကလေးက
စာနည်းနည်းဖတ်လိုက်။နှာခေါင်းရှုံ့၊အကြောတွန့်လိုက်၊မျက်တောင်ခတ်လိုက်ဖြစ်နေသည်။စာပိုဒ်ဆုံးခါနီးပြီ
ဖြန်း…….
ဦးဘဖြူကသူ့ရှေ့မှစားပွဲကို လက်ထဲမှကြိမ်လုံးဖြင့်
ပြင်းထန်စွာရိုက်လိုက်သည်။စာဖတ်နေသောမိန်းကလေးသာမက တစ်တန်းလုံးတုန်လှုပ်သွားကြသည်။
” ရပ်စမ်း….မင်းနာမည်ဘယ်သူလဲ”
” သီ…သီတာမိုး…ပါ “
ဖြန်းးးးမိန်းကလေးနှာခေါင်းရှုံ့၊အကြောတွန့်လိုက်၊မျက်တောင်ခတ်လို့ဦးဘဖြူက
ကြိမ်လုံးဖြင့် စားပွဲကိုရိုက်လိုက်သည်။
” မင်းဘယ်လိုဖြစ်လို့
နှာခေါင်းရှုံ့၊အကြောတွန့်လိုက်၊မျက်တောင်ခတ်လိုက် လုပ်နေတာလဲ”
သီတာမိုးဘာမှမဖြေနိုင်။အကြောက်လွန်ပြီး
တုန်နေသည်။မျက်လုံးထဲမှာလဲ
မျက်ရည်များရစ်ဝဲနေကြပြီ။
” သူ့မှာ
သူငယ်နာရောဂါရှိလို့ ဆရာကြီး”
မိန်းကလေးဘေးမှ
မြမြစန်းက ထဖြေသည်။
” ဘာသူငယ်နာရောဂါလဲ၊
မလိုချင်ဘူး… သူငယ်နာဆိုရင်လည်း
ပျောက်အောင်ဖျောက်ရမယ်။နောက်တစ်ခါထပ်မေးမယ်။နှာခေါင်းမရှုံ့နဲ့၊အကြောမတွန့်နဲ့်၊မျက်တောင်မခတ်နဲ့
မင်းနာမည်ဘယ်သူလဲပြော….”
သီတာမိုးဖြေရန်ကြိုးစားသည်နှင့်
နှာခေါင်းကရှုံ့သွားသည်။ ဖြန်းးးးး ” မလုပ်နဲ့လို့ပြောတာမရဘူးလားးး
ပြန်ဖြေ…
မင်းနာမည်ဘယ်သူလဲ “
သီတာမိုးမဖြေနိုင်ပါ။ပါးပေါ်သို့မျက်ရည်များစီးကျလာသည်။ကျောင်းသူ
ကျောင်းသားများအားလုံးသီတာမိုးကိုသနားပီးဆရာကြီးကိုမကျေမနပ်ဖြစ်နေကြသည်။
“ဟဲ့..ဖြေလေ..”
” သီ…တာမိုး…”
နှာခေါင်းမရှုံ့၊အကြောမတွန့်၊မျက်တောင်မခတ်အောင် သတိထားပီး
ပြောလိုက်သည်နဲ့တစ်ပြိုင်နက် တစ်ချက်ရှိုက်လိုက်သည်။
” ထိုင်တော့…နောက်ကို
စာဖတ်ရင်၊စာမေးလို့ဖြေရင်
နှာခေါင်းမရှုံ့နဲ့၊အကြောမတွန့်နဲ့်၊မျက်တောင်မခတ်နဲ့ငါမကြိုက်ဘူး”
သီတာမိုးထိုင်လိုက်သည်။မျက်ရည်များက
အဆက်မပြတ်စီးဆင်းနေလျက်။
ရှိုက်လိုက်သည့်အခါ
ကိုယ်ကလေးတုန်ခါသွားရှာသည်။
နောက်တစ်နေ့တွင်
ဦးဘဖြူ၏ရုံးခန်းသို့ သီတာမိုးအဖေ ဦးမြတ်မိုးရောက်လာသည်။ဦးဘဖြူမျှော်လင့်ထားပါ၏။ ”
ဆရာကြီး….ကျွန်တော်သမီးလေးက ကျောင်းသွားရင်
ဆရာကြီးနဲ့တွေ့ရမှာ
သိပ်ကြောက်နေတယ်။သူ့မှာ သူငယ်နာရောဂါရှိတော့ မျက်ကြောကဆွဲနေတယ်။ ကျွန်တော်တို့လည်း
နည်းအမျိုးမျိုးနဲ့ကုနေတာ မပျောက်သေးလို့ပါ”
ဦးမြတ်နိုးပြောပုံက
တောင်းတောင်းပန်ပန်။ ” ကျွန်တော်ပျောက်အောင်လုပ်နိုင်ပါတယ်။မိဘကသာ
ကလေးကိုကျောင်းထုတ် ကျောင်းပြောင်းမလုပ်ဖို့၊ တောင်းပန်ပါတယ်”
” သမီးအမေကလည်း
တော်တော်စိတ်မကောင်းဖြစ်နေတယ် ” ” ကလေးအမေကိုနားလည်အောင်ရှင်းပြပေးပါဗျာ….
သူ့သမီးလေးကောင်းဖို့ပါ “
” ကျွန်တော်လည်းသူ့ကိုအဲ့လို
မလုပ်ဖို့ပြင်းပြင်းထန်ထန်ပြောပြီးပြီ၊ မရဘူးဆရာကြီး…အကြောကဖြစ်နေတာ”
ဦးဘဖြူခေါင်းကိုအသာအယာ ခါပြစ်လိုက်သည်။
” မိဘလောက်
ကြောက်ရုံနဲ့တော့မရပါဘူး။ ဖျောက်လို့ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။
ကလေးရဲ့ရုပ်ကလေးကသိပ်လှတယ်။ ငယ်ငယ်နဲ့ပျောက်အောင်မဖျောက်ရင်
ကြီးတဲ့အခါ
အလှပျက်ရှာလိမ့်မယ် “
” သူ…..ဆရာကြီးကို
သိပ်ကြောက်ပီးသိပ်မုန်းသွားလိမ့်မယ်။ခုတောင်ဆရာကြီးကိုမုန်းတယ်။အဲ့ကျောင်းမှာမနေချင်တော့ဘူးလို့
ပြောနေတယ်”
“
သူလှသွားရင်ပြီးတာပဲဗျာ။မုန်းချင်မုန်းပါစေ။ခင်ဗျားတို့ကသာ
ကလေးကိုကျောင်းမပြောင်းပစ်ပါနဲ့။သူ့ဘဝလေးကောင်းသွားအောင်ကြိုးစားပါရစေ…. “
” ဆရာကြီးရဲ့စေတနာကို..ကျွန်တော်နားလည်ပါတယ်”
” နားလည်ရင်….ကျွန်တော့ကိုပြင်ခွင့်ပြုပါဗျာ” ဒါလေးပျောက်သွားရင်
ခင်ဗျားတို့မိဘတွေက ကျွန်တော်ထက်
ပို၀မ်းသာကြရမှာပါ”
ဆရာကြီးဦးဘဖြူကို
ကြည့်ပြီး ဦးမြတ်နိုင်းခေါင်းညိတ်ပြလိုက်ပါသည်။
ဦးဘဖြူ
လေးတန်းကို၀င်မိသည်နှင့်သီတာမိုးနေရာကိုလှမ်းကြည့်လိုက်သည်။ တွေ့ရသည်
သူ့မိဘများကို ကျေးဇူးတင်မိလိုက်သည်။ ကလေးခမျာမှာတော့ အတော်လေးကြောက်နေရှာသည်။
ခေါင်းကလေးကိုငုံ့ထားသည်။
သို့သော်
မတတ်နိုင် ” ကဲ…မင်းထ…” ကြိမ်လုံးကြီးက သီတာမိုးထံသို့ ထိုးပြလျက်…
” ငါပြောတာကို
သေချာမှတ်ထားသတိထား နှာခေါင်းမရှုံ့နဲ့၊အကြောမတွန့်နဲ့်၊မျက်တောင်မခတ်နဲ့ ကဲ စဖတ်
” သင်ခန်းစာအသစ်ကို သီတာမိုးစဖတ်သည်။
နှာခေါင်းရှုံ့တိုင်း……ဖြန်းးးးးးးး
မျက်ကြောဆွဲတိုင်း….
ဖြန်းးးးးးးး
မျက်တောင်ခတ်တိုင်း…..ဖြန်းးးးး တစ်တန်းလုံးကြောက်ရွံ့စွာ ငြိမ်တိတ်လျက်။
ကြိမ်ချက်က အသားကိုထိသည်မဟုတ် စားပွဲကိုထိခြင်းဖြစ်သော်လည်း အသည်းကို
ထိသလို
သီတာမိုး ခံစားရသည်။
ဖြန်းခနဲမြည်သော
ကြိမ်သံကြီးကိုကြောက်လွန်းပြီး နှာခေါင်းမရှုံ့အောင် အစွမ်းကုန် ထိန်းချုပ်ရသည်။
အခက်ဆုံးက မျက်ကြောဆွဲခြင်း။
ဒါကိုဖျောက်ဖို့
ပျောက်ပါ့မလား….. ထိန်းထားသည့်ကြားမှ အကြောကဆွဲသွားသည်။
ဖြန်း…….
” မတွန့်နဲ့ ဆက်ဖတ်…. ” ဆရာကြီး မျက်နှာက တင်းသည်။လေသံကမာသည်။
မျက်ကြောမဆွဲအောင်
အစွမ်းကုန်ထိန်းချုပ်ရသည်။ စာတစ်လုံး တုတ်တစ်ချက်နှင့် စာတစ်ပိုဒ် ပြီးရသည်။
ဆရာကြီးဦးဘဖြူ စာမေးစရာရှိတိုင်းလည်း သီတာမိုး မလွတ်စေရ။
ဖြေရတိုင်းလည်း
ကြိမ်သံက ညံမစဲ။
” ဖြေလေ…..”
ဖြေသည်။တွန့်သည်။ ဖြန်း…… ” မတွန့်ပဲနဲ့ ဖြေ….” သီတာမိုးမျက်ရည်များကြားမှ
ဆရာကြီးကိုမုန်းတီးစွာ လှမ်းကြည့်သည်”
” မုန်းတယ်…မုန်းတယ်…သိပ်မုန်းတယ်…”
သီတာမိုးစိတ်ထဲမှာ အော်ဟစ်မိနေခြင်းဖြစ်သည်။ ဆရာကြီးသိပါသည်။
ဆရာကြီးစိတ်နားဖြင့်ကြားပါသည်။ ” မုန်းချင်မုန်းတော့
တစ်ပည့်ရေ….”
ဦးဘဖြူစိတ်မကောင်းစွာ
တွေးမိသည်။ တပည့်မုန်းသည်၊ ကြောက်သည်ကိုမရချင်သော်လည်း သူ့အကျင့်ကမကြောက်လျှင်
ပျောက်မည်မဟုတ်။
” ဆရာအတွက်မဟုတ်ပါဘူး
တစ်ပည့်ရေ ။ တစ်ပည့်အတွက်ပါ…. ” ဦးဘဖြူရင်ထဲမှာ
တောင်းပန်နေမိသည်။သို့သော်မတတ်နိုင်။သူလှဖို့ ကိုယ်အကျည်းတန်ရတော့မည်။
နေ့စဉ်ရက်ဆက်
အငေါက်ခံ၊ အခြောက်ခံနေရတော့ မိန်းကလေးခမျာ အကြောက်ကြီးကြောက်ပီး အကြောမတွန့်ရန်
အစွန်းကုန် သတိထားထိန်းချုပ်ရသည်။
တစ်ရက်ထက်တစ်ရက်၊
တစ်လပြီးတစ်လ လျော့နည်းလာသောအခါ အားတက်ရသည်။ နှာခေါင်းရှုံ့သည်က
အရင်ပျောက်သွားသည်။ အကြောက တွန့်နေဆဲ၊အကြောမတွန့်လျင်
မျက်တောင်ကမခတ်တော့ပါ။
နေ့တိုင်းစာအမေးခံနေရတော့ တစ်ပြစ်က နှစ်ပြစ်မဖြစ်အောင်စာကိုလဲ
ညက်ညက်ကျေအောင်ကျက်မှတ်ရသည်။
စာကြည့်ရင်လဲဆရာကြီး
စောင့်ကြည့်နေသလိုခံစားရပီး
အကြောမတွန့်အောင် သတိထားနေရသည်။ တွန့်မိလျှင်နားထဲမှာ ဖြန်းခနဲမြည်သောကြိမ်သံကို
ကြားရပြီးတွန့်သွားမိသည်။
စာကျက်သောအကျိုးကြောင့်
ပထမအစမ်းတွင်တစ်တန်းလုံးမှာပထမရသည်။ ဒုတိယအစမ်းစာမေးပွဲပြီးသောအခါ ပထမရရုံသာမက
အကြောဆွဲခြင်းပါ မရှိတော့လောက်အောင်
ပျောက်သွားသည်။
သို့သော်ဦးဘဖြူက မလျှော့သေး။နေ့စဉ်အတန်းထဲမှာ စာမေးရုံသာမကအပြင်မှာတွေ့လျှင်လည်း
အလစ်အငိုက်ဖမ်းပီး မေးမြန်းနှုတ်ဆက်သည်။
အကြောတွန့်လျှင်
ငေါက်သည်။ဆူသည်။ လေးတန်းစာမေးပွဲတွင် သီတာမိုး တစ်မြို့နယ်လုံးမှာပထမရသည်။
အကြောတွန့်ခြင်းသည် လုံးဝပျောက်သွားသည်။
သို့သော်ရိုးရိုးအောင်သော
တပည့်များက ဦးဘဖြူကိုလာကန်တော့ကျသော်လည်း သီတာမိုးလုံး၀မလာ။
ကျောင်းထွက်လက်မှတ်ကိုပင် ကိုယ်တိုင်လာမယူတော့ပါ။ တစ်မြို့ထဲမှာမို့
တစ်ခါတစ်ရံလမ်းမှာဆုံမိလျှင်လည်း
ဦးဘဖြူကိုမြင်သည်နှင့် ဝေးရာပြေးတော့သည်။
” အေးလေ…
ဘယ်လိုပဲဖြစ်ဖြစ် သူ့အကျင့်ဆိုးလေး ပျောက်ပီး သူ့ဘဝလေးလှသွားရင်ပြီးတာပါပဲ “
ဆရာဦးဘဖြူ
ကျေနပ်ပါသည်။
ဆန်းသစ်လွင်ရုပ်ရှင်ရုံရှေ့မှာ
နောက်ဆုံးပေါ်ကားလှလှလေးတွေ တန်းစီနေ၏။ နောက်ထပ်လည်းကားလေးများ ရောက်လာနေကြဆဲ။
ဧည့်ကြိုများက ကားထားရန်နေရာ
ပြကြသည်။
ကားတံခါးဖွင့်ပေးကြသည်။ ကားပေါ်မှဆင်းလာသူများမှာ
အဖိုးတန်အ၀တ်အစားများနှင့်စိန်ရောင်၊ ရွှေရောင်တစ်ပြောင်ပြောင်တလက်လက်။
နှစ်ဖက်စလုံးမျက်နှာကြီးတွေမို့လာသူတွေကလည်း ထိတ်ထိတ်ကြဲတွေချည်း။
ကျောက်ဆည်မို့မှာကျင်းပသော မင်္ဂလာဆောင်များတွင် အခမ်းနားဆုံးဖြစ်သည်။
ဦးဘဖြူ
ရောက်သွားသောအခါသူ့စက်ဘီးအိုလေးမှာ ထားစရာနေရာမရှိ။
” ဒီမှာဆရာကြီး…
ခင်ဗျားစက်ဘီးကို ဟိုဘက်ဘေး အုတ်တံတိုင်းနား သွားကပ်ထားလိုက်ပါ “
ကြိုဆိုသူတစ်ယောက်ကခန်းမအလှပျက်မှာ
စိုးရိမ်သည်။
” အေး…အေး…
ထားပါ့မယ်ကွာ….”
စက်ဘီးကို
တွန်းယူသွားပြီးအုတ်တံတိုင်းဘေးမှာ ကပ်ထားလိုက်သည်။စက်ဘီးထားပြီးသည်နှင့်
မင်္ဂလာခန်းမဆီသို့
လျှောက်လာခဲ့၏၊ ” ကြွပါခင်ဗျာ….ကြွပါ..ဒီဘက်ကိုကြွပါ…ဒီမှာထိုင်ပါ “
ဧည့်ကြိုများက
ဂုဏ်သရေရှိဧည့်သည်များကို ဆီးကြိုပြီး ရိုသေလေးစားစွာ
နေရာချပေးနေကြသည်။
ဦးဘဖြူမှာ ကျန်သည့်လူများနှင့်စာရင် အ၀တ်အဆင်က တောက်ပြောင်ခြင်းမရှိ။
ဧည့်ကြိုတွေများသော်လည်းဦးဘဖြူမှ ကြားချောင်ပြီးလွတ်နေသည်။
ခေါ်သူမရှိ
နေရာပေးသူမရှိ ဘယ်စားပွဲထိုင်ရမှန်းမသိ လျှောက်ရင်းလျှောက်ရင်းနှင့်
ရှေ့ဘက်ရောက်လာသည်။
” ဟော..ဟိုမှာ…ဆရာကြီးလာနေပီ
“
သတိုးသမီးဖခင်ဦးမြတ်မိုးကိုယ်တိုင်
ဆရာကြီးကိုလာကြိုသည်။
” လာ
ဆရာကြီး ဟိုရှေ့ကိုကြွ……”
ဦးမြတ်မိုးကဆရာကြီးလက်ကို
ဆွဲခေါ်သွားသည်။ ခန်းမထိပ်ပိုင်းတွင် မင်္ဂလာသတို့သားနှင့်သတို့သမီးထိုင်ရန်
နေရာကိုစင်မြင့်လေးပေါ်မှာ ထိုင်ခုံကြီးများ၊ ပန်းစိုက်ဖလားကြီးများနှင့်
လှပစွာပြင်ဆင်ထားသည်။ ” ဒီမှာထိုင်ပါ…ဆရာကြီး ” သားရေုံးဆိုဖာကြီးတစ်ခုမှာ
ဦးဘဖြူထိုင်ရသည်။
” အင်း….ဒါဟာ..ငါနဲ့တန်တဲ့နေရာ
ငါထိုင်ရတာပဲ “
အ၀တ်အစားပြောင်လက်ခြင်းမရှိသော်လည်း
ဦးဘဖြူ သိမ်ငယ်ခြင်းမရှိပေ။ မင်္ဂလာအချိန်ကျသောအခါမင်္ဂလာအခမ်းအနားမှူး
ဖိတ်ကြားချက်အရ သတို့သား၊ သတို့သမီး နှစ်ဖက်မိဘများ လူပျိုရံ၊ အပျိုရံများနှင့်တကွ
မင်္ဂလာခန်းမထဲသို့ ၀င်လာကြသည်။ တီးဝိုင်းအဖွဲ့နှင့်
အဆိုတော်တစ်ဦးက
” အခါတော်ပေးတာက
နတ်ရေးငယ်ရွေစာ ” သီချင်းကိုသီဆိုပေးသည်။ ခန်းမထဲမှာမီးများအားလုံးဖွင့်ပီး
ထိန်လင်းသွားသည်။
” အို…ကြီးကျယ်ခမ်းနားလိုက်တဲ့
မင်္ဂလာဆောင်ကွာ၊ ဟန်ကျလိုက်တာ…..”
သတို့သား
သတို့သမီးအနီးသို့ရောက်သောအခါ အသေချာကြည့်နေမိသည်။ ” နေနဲ့လ ရွေနဲ့မြဆိုတာ
ဒါမျိုးပါပဲဗျာ”
နှစ်ယောက်လုံးကဆရာ၀န်တွေ
ဂုဏ်ချင်းလဲညီပါ။သတို့သားကလဲလူချော….. ဒါပေမဲ့ ငါ့တပည့်ကိုတော့ မမီဘူးးး “
တပည့်ရဲ့အလှကို
ဦးဘဖြူ ဂုဏ်ယူနေမိသည်။
” သြော်…..နှာခေါင်းရှုံ့လိုက်၊အကြောတွန့်လိုက်၊မျက်တောင်ခတ်လိုက်နဲ့
အကြည့်ရဆိုးတဲ့ ကောင်မလေး….ခုတော့ ချောလိုက်၊ လှလိုက်တာဗျာ၊ တကယ့်ကိုကျက်သရေ
ရှိတဲ့မျက်နှာလေး
“
အားလုံးပြီးလို့
စားသောက်ကြသောအခါ သတို့သားနှင့် သတို့သမီးက ဧည့်သည်များကိုလိုက်နှုတ်ဆက်သည်။
ပထမဆုံး နှုတ်ဆက်ဂါရဝြပုခံရသူက
ဆရာကြီး
ဦးဘဖြူ။ သတို့သမီးရဲ့မျက်နှာလေးမှာ ပကတိ ကြည်လင်အေးချမ်းလျက်…” သီတာပြောတဲ့
ဆရာကြီး ဦးဘဖြူလေ ” သတို့သမီးကသတို့သားကိုမိတ်ဆက်ပေးသည်
“ဆရာကြီးကို
သိပ်ကျေးဇူးတင်ပါတယ်။ ဆရာကြီးကြောင့် ခုလိုချောလှလှလေးကို ကျွန်တော်ရတာ ”
သတို့သားကလူသွက်၊ သတို့သမီးရှက်သွားသည်က ပိုပီးချစ်စရာအလှ….
” မဟုတ်ပါဘူး
လူလေးရယ်…ဆရာတပည့်ကသူ့ဘာသာသူ လှတာပါ” ”
မဟုတ်ဘူးဆရာကြီး…သီတာကအားလုံးပြောပြတယ်။သူငယ်ငယ်အကြောဆွဲတဲ့သူငယ်နာ
ရောဂါရှိတယ်တဲ့။
ဆရာကြီးက
ပျောက်အောင်ဖျောက်ပေးလို့ အခုလိုကောင်းသွားတာတဲ့။ အဲ့ဒီတုန်းက
ဆရာကြီးကိုသိပ်မုန်းတာပဲတဲ့။ အခုမှကျေးဇူးတင်နေတာ၊ ဆရာကြီးသာ
အမုန်းခံပြီးပြုပြင်မပေးရင်
မျက်ကြောဆွဲနေတဲ့ မိန်းကလေးကို ကျွန်တော်သဘောကျမှာမဟုတ်ဘူး “
သတို့သမီးကရှက်ပြုံးလေးဖြင့်
သတို့သားလက်မောင်းကိုဆွဲစိတ်လိုက်သည်။
ဆရာကြီးကော
မိဘများပါ တစ်ဟားဟားရီလိုက်ကြသည်။ ကင်မရာမီးရောင်များက တစ်ဖျပ်ဖျပ်။
ရိုက်လိုက်ကြသည့် ဗီဒီယို၊ ခန်းမထဲမှာလူများဆရာကြီးနှင့် သတို့သား၊
သတို့သမီးကိုလှမ်းကြည့်ကြသည်။
” ကဲ..ရော့ သားနှင့်သမီးဆရာကြီးကို လူထုပရိသတ်ရှေ့မှာ ကန်တော့ကြ ” သတို့သားနှင့်
သတို့သမီးဆရာကြီးကို ကန်တော့ကြသည်။
” သြော်…..
သူတို့အသေအချာပြင်ဆင်ထားကြတာပါပဲလား ” ဦးဘဖြူ မျက်ရည်ရစ်ဝဲစွာ ဆုများပေးနေကြသည် ။
ဆရာကြီး၏
စေတနာအရောင်အလင်းတို့သည် ခန်းမထဲမှ စိန်ရောင်ရွှေရောင်တို့ထက်
ပိုမိုတောက်ပြောင်လျက်…….
#လယ်တွင်းသားစောချစ်
#ဝတ္ထုတိုတံခါးဖွင့်သူများ
နေမင်းနေနေ