ဆန်ကုန်သည်လေး (စ/ဆုံး)

-------------------------------

သားကျွေးမှု မယားကျွေးမှု တခုပညာ ကိုယ်နှိုက်ပါ ဆိုစကားအရ ကျွန်တော့်မှာ ဆရာဖြစ် အောင်ထားသော်လည်း လက်ရှိအခြေအနေအရ ကျောင်းဆရာအလုပ်မရနိုင်ပါ။ သည်တော့ အဖေက စဉ်းစားစီမံပေးသည်။
ပေါင်းတည်မြို့က ပြည်လုံးဩဘာ ဆန်စက်ပိုင်ရှင် သဌေးဦးမောင်ကြီး (မြန်မာ့အလင်း သတင်းစာ တိုက်ပိုင်ရှင်) သည် ဂျပန်အပြေး တိုင်းပြည် ဗရုတ်ဗရက်အချိန်၌ ရွာက ကျွန်တော်တို့ အိမ်မှာ လေးငါးခြောက်လမျှ လာရောက် ခိုအောင်းသွားဘူးသဖြင့် လူချင်းအင်မတန် ခင်မင်ရင်း နှီးနေသည်။
ထို့ကြောင့် အဖေသည် ကျွန်တော့်အား ဦးမောင်ကြီးဆီခေါ်သွားပြီး စက်ထဲမှာ သင့်လျော်သော အလုပ် မစပါဟု ပြောသည်။
အဖေသည် ကျွန်တော့်အား စက်ထဲမှာ ကတ္တား အကူစာရေးလောက်ကစပြီး စက်မန်နေဂျာလောက် ရောက်အောင် ရည်မှန်းသည်။
ကျွန်တော်ကတော့ ပထမဦးမောင်ကြီး ခိုင်းတာလုပ်ပြီးနောက် ကျွန်တော်စာပေဝါသနာပါကြောင်း ပြောပြ၍ ရန်ကုန်က မြန်မာ့အလင်း သတင်းစာတိုက်သို့ ပို့ပေးဘို့ ပြောမည်ဟုစိတ်ကူးသည်။
သို့သော် ထိုအချိန်မှာ အောက်မြန်မာပြည်တွင် ဆန်များအရောင်းထိုင်းနေ၍ ဦးမောင်ကြီးသည် သူ့စက်ထဲက ကြိတ်ပြီးသား ဆန်တွေ မန္တလေးသို့ သွားရောက်ရောင်းချပေးပါဟု ပြောခြင်းဖြင့် ကျွန်တော့်မှာ မမျှော်လင့်သော ဆန်ကုန်သည်ဘဝသို့ ရောက်သွားရပါတော့၏။
ဦးထွန်းရင်၊ ဦးအောင်လေးတို့ လက်ထဲရောက်သောအခါ၌ အစိုးရနှင့် အမှုဖြစ်၍ ပြည်သူပိုင်အသိမ်းခံရသော ပေါင်းတည်မြို့ “ပြည်လုံးဩဘာ” ဆန်စက်မှာ ထိုစဉ်အခါက ရန်ကုန်မြို့ မြန်မာ့အလင်းသတင်းစာတိုက်ပိုင်ရှင် ဦးမောင်ကြီး (ယခု ကွယ်လွန်) ၏ ဆန်စက်ဖြစ်ပါ၏။
ဦးမောင်ကြီး၏တိုက်သည် ၎င်းစက်ဝင်းထဲမှာပင် စက်နှင့် မျက်နှာချင်းဆိုင်တွင်ရှိ၏။
ဦးမောင်ကြီးသည် ကျွန်တော်နှင့် စတင်သိကျွမ်းစဉ်က အသက် ၅ဝ ခန့် အသားဖြူဖြူ နှင့် လူပုပုဝဝ သဘောသကာယကောင်းသူဖြစ်၏။ သို့သော် သူသည် ပိုက်ဆံကြေးငွေချမ်းသာ လင့်ကစား ကာယသုခပြည့်ဝသူမဟုတ်ရှာပေ။ သူ့မှာ သဌေးနာခေါ် သွေးတိုးရောဂါက ရှိလေသဖြင့် စားချင်တာမစားရ။ သောက်ချင်တာမသောက်ရ။ အစားအသောက် အနေအထိုင်ဆင်ခြင် ရသူဖြစ်ပါ၏။
လောက၌ လူတို့သည် ငွေချမ်းသာတိုင်း လူချမ်းသာကြသည်မဟုတ်ကုန်။ တနည်းအားဖြင့် မိမိ၌ရှိသော ငွေလုံးငွေခဲကို မူလထက် မယုတ်လျော့ရ။ တိုးပွားအောင်သာ ကြိုးစားဆောင် ရွက်နေရသော ငွေကျွန်ငွေအလုပ်သမားကြီး ဖြစ်နေတတ်၏။
အဖေ၏ ဆက်သွယ်ပေးမှုဖြင့် ကျွန်တော်နှင့် သိကျွမ်းရသော ၁၉၄၆ ခုနှစ်မှာ ကျွန်တော်တို့ ပြည်ခရိုင်တွင် ဆန်တွေအလွန်ပေါနေ၍ ဆန်ဈေးမကောင်းပေ။ အထက် ဗမာပြည်မန္တလေးမြို့သို့ ယူသွားနိုင်မှ ဈေးကောင်းရ၏။ ဆန်တတွဲပါသွားလျှင် ၄၅ရက်အတွင်း ၄-၅ဝဝိ မြတ်၏။
ထို့ကြောင့် ဦးမောင်ကြီးသည် သူ့စက်ထဲက ဆန်များကို ကုန်သည်တို့အား ခွဲကြိတ်ခမျှနှင့် ရောင်းနေရသည်ကို အားမရနိုင်ဘဲ ဈေးကုန် ရစိမ့်သောငှာ ကျွန်တော့်အား မန္တလေးမြို့သို့ စေလွှတ်ခြင်းဖြစ်ပါ၏။
ထိုစဉ်က (ကက်စဘီခေတ်) မီးရထားသည် ကုန်တွဲတန်ဆာတို့ကို လမ်းမှာတာဝန်မခံပေ။ တွဲငှား၏။ တန်ဆာပေး၏။ သို့သော်လမ်းတွင် ကိုယ့်ပစ္စည်းကိုယ့်တွဲစောင့်နှင့် လိုက်ရ၏။ ပထမဦးဆုံး ကျွန်တော့်ခရီးခေါက်မှာ သုံးတင်းဝင် ဆန်အိတ် ၁၅ဝ ပါတွဲ တတွဲဖြစ်၏။
ဆန်တွဲ တတွဲသည် ပေါင်းတည်မြို့မှ မန္တလေးမြို့သို့ရောက်အောင် ကုန်ကျငွေမနည်းပါပေ။ တွဲတတွဲရစိမ့်သောငှာ ပေါင်းတည်ဘူတာရုံပိုင်ကို ၁၀ဝိ ပေးရ၏။ နို့ပြီးလမ်းတွင် အလီလီ ပေးရသည်များ ရှိသေး၏။ ကံအားလျော်စွာ ထိုစဉ်က ဒိုင်ယာရီစာအုပ်သည် ယခုကျွန်တော့် စာရေးစားပွဲထဲ၌ရှိနေ ၏။ ဟိုတုန်းက ပကတိမျက်စိနှင့် ရေးခဲ့သော လက်ရေးကလေးများကို ယခုဒီဂရီနှစ်ရာ့အစိတ် ရှိသောမျက်မှန်နှင့် အတော်ဖတ်ယူရ၏။
ပထမဦးဆုံးအခေါက် တွဲအတွက် အလီလီပေးရငွေများ။
လက်ပံတန်း ၂ ကျပ် ။
ပုစွန်တောင် ၄ ကျပ် ။
ပြွန်တံဆာ ၂ ကျပ် ။
ပျဉ်းမနား ၂ ကျပ် ။
သာစည် ၆ ကျပ် ။
ဤသို့အမြို့မြို့မှာ အလီလီပေးရသော ငွေကားအခြားမဟုတ်ပေ။ ကုန်ရထားတို့မည်သည် လူစီးရထားလို တိုက်ရိုက်သွားသည်မဟုတ်။ လက်ပံတန်း ရန်ကုန်လို လမ်းခွဲရှိသော ဘူတာကြီးများမှာ ရှမ်တိန်လုပ်၍ တထောက်တစခန်းတွဲဖြုတ်ပြီး ရပ်နားထားတတ်ကြသည်။ ထိုအခါ ဘီးတို့ဝင်ရိုးတို့ကို တူတွေဂဏန်းလက်မတွေနှင့် တဒေါက်ဒေါက် လာရောက်ခေါက် တတ်ကြ၏။ မီးရထားဌာနကုန်တွဲဘက်ဆိုင်ရာ အလုပ်သမားများ။ သူတို့က ဒီတွဲဝက်အူချောင် နေတယ်။ အလေးစိတ်မချရဘူးစသည်ဖြင့် ဆိုင်းငံ့ထားနိုင်ကြပါသည်။ သူတို့နှင့်ပြေလည်ပါမှ တွဲကို ထွက်မည့် ရထားချိတ်ပေးတတ်ကြသည်။ ထို့ကြောင့် နှစ်ယောက်တတွဲ သုံးယောက်တတွဲ တဒေါက်ဒေါက်လာခေါက်ပြီဆိုမှဖြင့် ဘာမျှပြောမနေတော့ဘဲ တယောက်တကျပ်လောက် ပေးလိုက်ရသည်သာ။ ဤခရီးလမ်းတလျှောက်မှာ သာစည်ဘူတာသည် အကဲဆုံးတည်း။ နှစ်ယောက်တတွဲချည်း သုံးခါလာလေသဖြင့် ၆ ကျပ်တောင် ချောသွားပါသည်။
ဤသို့ပေးရန် ကျွန်တော့်အရင် သွားဘူးသောသူများက ညွှန်ကြားထားပါ၏။
ယင်းသို့ဖြင့် ကျွန်တော်သည် မန္တလေးမြို့သို့ ပထမဦးဆုံးအကြိမ် ရောက်ခဲ့ပါသည်။ ထိုစဉ် မန္တလေးမှာ ကျွန်တော့်ဆွေမျိုးမိတ်ဆွေ တယောက်မျှမရှိပါချေ။ ကျွန်တော်အလွန်တွေ့ချင်နေသော သူတဦးကား ရှိ၏။ ဆရာကြီးရွှေဥဒေါင်း။ ဂျပန်ခေတ်က ကျွန်တော်ရန်ကုန်တွင် မြင်းလှည်းမောင်းနေစဉ်ကပင် ထိုကာလ သူရိယ သတင်းစာတိုက်သည် ဗဟန်း ကုတ်ကိုင်းလမ်းတွင် ဖြစ်၍ ကြည့်မြင်တိုင်မှ နေ့စဉ်သွားနေသော သတင်းစာဆရာ ဦးသိမ်းမောင် (ယခုကွယ်လွန်) အဆင်သင့်၍ ကျွန်တော့်လှည်းနှင့်ပါလာသော အခါများ၌ ဆရာကြီးအကြောင်းကို မေးရသည်။ ရွှေဥဒေါင်းက မန္တလေးသားဘဲ။ ခုနှယ်မန္တလေး မှာဘဲ နေပါလိမ့်မယ်ဟု ဆရာ ဦးသိမ်းမောင်က ပြောထားပါသည်။
သို့သော် ယခု ကျွန်တော်လာခဲ့တာက ကုန်သည်ကိစ္စ၊ ဆရာကြီးနှင့် ဘာမျှမဆိုင်။ ကိုယ့်ဆန်တွေရောင်းရဘို့သည် မူလပထမ။ ကဲ ဒါတွေ ဘယ်လိုဆက်သွယ်ရောင်းချရပါမည်နည်း။
သို့သော် စီးပွားရေးလုပ်ငန်း၌ ကုန်သည်ကြိုက်သော ဥစ္စာပစ္စည်းသင့်မှာရှိနေပါက ဘာမျှ ခက်ခဲသည်မဟုတ်ပါချေ။
ထိုစဉ်က မန္တလေးက ဆန်ပွဲရုံများမှ ပွဲစားလူကြိုတို့သည် ကုန်ရထားဆိုက်တိုင်း ဘူတာမှာ ခြေချင်းလိမ်နေကြသည်။ ထိုနေ့နံနက်လင်းအားကြီးမှာ ကျွန်တော်နှင့်တွေ့ဆုံရမည်ကား ဟင်္သာမြင့် ပွဲရုံမှ အထောက်တော်များ။
ကျွန်တော်က သူတို့အဖို့ မျက်နှာစိမ်းဖြစ်နေသည်နှင့်
“ဒီဆန်တွေ ဘယ်ပွဲရုံချဘို့လဲခင်ဗျာ”
“ဘယ်ပွဲရုံချရမှန်း မသိသေးဘူးဗျာ”
“ဆန်ပိုင်ရှင်က ဘယ်သူလဲခင်ဗျာ”
ထိုစဉ် ဆန်ပိုင်ရှင်နှင့် တွဲစောင့်ကတခြားစီဖြစ်တတ် သဖြင့်
“သူ့ကို ဘယ်မှာတွေ့နိုင်မလဲခင်ဗျာ”
“ဒီမှာဘဲ တွေ့နေပါပြီဗျ။ ဆန်ပိုင်ရှင်က ကျွန်တော်ပါဘဲဗျ”
သူတို့အံ့အားသင့်ကြသည်။ အကြောင်းမှာ ဆန်ပိုင်ရှင် ကုန်သည်တို့သည် ဒီလိုပင်ပန်း သောခရီးကို ကုန်တွဲနှင့် မလိုက်ကြကုန်။ လူစီးရထားနှင့်သွားပြီး တွဲစောင့်ကို ငါးကျပ်တဆယ် ပေး၍ငှားကြ၏။
ကျွန်တော်ကိုယ်တိုင်လည်း ဆန်ပိုင်ရှင်စစ်စစ် မဟုတ်သည်ကို မိတ်ဆွေအသိပါ။ သို့သော် ကျွန်တော့်သဘောနှင့် ရောင်းချနိုင်ပေသည်။
သူတို့သည် ကျွန်တော့်အကဲကို ခတ်ကြပြီး
“ဒီမှာ ပွဲရုံအဆက်အသွယ် မရှိသေးဘူးလားခင်ဗျာ”
“မရှိသေးဘူးဗျ။ ဒါပထမဦးဆုံးအခေါက် ကျွန်တော်မန္တလေးကို ရောက်ခြင်းဘဲဗျ”
“ဟာ၊ ဒါဖြင့် ကျွန်တော်တို့ပွဲရုံကို ချဗျာ။ ဟင်္သာမြင့် ဆန်စက်ပိုင်ရှင် သဌေးဦးသက်တင် ဒေါ်သန်းရင်ဆိုရင် မန္တလေးမြို့မှာ နာမည်ကြီးပါဘဲ။ အစစအရာရာ စိတ်ချရပါတယ်”
“ခင်ဗျားတို့ စက်သူဌေးက ကျွန်တော့်ဆန် ဘယ်ဈေးပေးမှာလဲ”
ဤစကားပြောလိုက်မိသည်နှင့်ပင် သူတို့သည် ကျွန်တော့်အားကုန်သည် အသစ်စက်စက်မှန်း ကို သိကြလေပြီ။
“ဒီက ဆန်နမူနာယူခဲ့ပြီး သဌေးနဲ့တွေ့တော့ပြောပါ။ ပေါက်ဈေးထက်မနဲရပါဘူး။ တက်ဈေးစောင့်ချင်တယ်ဆိုလဲ သဌေးအိမ်မှာနေပြီး စောင့်နိုင်ပါတယ်။ အခု ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ”
“အား၊ ဒီဆန်တွေ ဒီတွဲပေါ် ဒီလိုအတိုင်းထားခဲ့လို့ ဖြစ်ပါ့မလား”
သူတို့ရယ်မောကြပြီး
“ဒါ ကျွန်တော်တို့တာဝန် ထားပါ။ တန်ဆာဆိုတာ ကျွန်တော်တို့ပေးခဲ့ပါ”
သဟာနှင့် ကျွန်တော်သည် သူတို့ ခေါ်ရာကို အထုပ်အပိုးနှင့်လိုက်သွားသည်။ ဘူတာပြင် ဘက်ရောက်တော့ သူတို့မှာ စက်ဘီးကိုယ်စီနှင့် ကျွန်တော်က ဆိုက်ကားနှင့်။
သူတို့နှစ်ယောက်အနက် တယောက်က သုတ်ခြေတင်သွားသည်။ တယောက်က ကျွန်တော့်ဆိုက်ကားကို လမ်းညွှန်ခေါ်သည်။ မန္တလေးမြို့လယ်ခေါင်လမ်း (နံပတ်မေ့နေသည်။) တွင် သူတို့သဌေးတိုက်ကလည်း ကျွန်တော်တို့သဌေး ဦးမောင်ကြီးတိုက်ထက် မငယ်ပါတကား။
ထိုတိုက်ရှေ့ ဆိုက်ကားရပ်လိုက်လျှင် အသက်သုံးဆယ်ကျော်မျှသာ ရှိသေးသည့် ပွဲကတော်ကိုယ်တိုင် ထွက်လာ၍ ကျွန်တော့်အားကြိုဆိုပြီး ဆိုက်ကားခပေးသည်။
သူတို့တိုက်နဖူးစည်းတွင် “ဟင်္သာမြင့်” ဟု ရေးထားသည်။ သူတို့မှာ မန္တလေးမြို့တွင် “ဟင်္သာမြင့်”ခေါ်သော ဆန်စက်ရှိသည်။ သို့သော် ယင်း ၁၉၄၆ ခုနှစ်မှာ မန္တလေးခရိုင်တွင် စစ်ပြီးစ စပါးထွက်မကောင်းသေး၍ စက်မှန်မှန်မလည်ရသဖြင့် သူတို့အိမ်ကို ပွဲရုံဖွင့်ထားကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ လင်မယားကို “ပွဲစား” “ပွဲကတော်”ဟု ကုန်သည်ခေါ် ခေါ်ကြရသည်။
ပွဲကတော် ဒေါ်သန်းရင်ယောက်ျား ဦးဘတင်မှာ ထိုစဉ်အသက်သုံးဆယ့်ငါးနှစ်မျှ ရှိမည်ဖြစ်၍ သူတို့လင်မယား သည် တယောက်ကိုတယောက် “တင်”၊ “ရင်”ဟူ၍ အဖျားဆွတ်ပြီး ကနွဲ့ကရ ခေါ်ကြပြောကြသည်။ ဤတင်နှင့် ရင်တွင် ရင်ကစီးပွားရေးကို ဦးစီးခေါင်းဆောင်လုပ်၍ သူနှင့်သာ စကားပြောရသည်။
ထိုနေ့ ဆဲ့တနာရီလောက်မှာပင် ဘူတာမှ နွားလှည်းများဖြင့် သူ့အိမ်သို့ ရောက်လာပြီ ဖြစ်သော ကျွန်တော့်ဆန်အိတ်များကို ကြည့်၍
“မောင်ကျင်မောင်၊ မင်းဧည့်မထ ဆန်တွေက အခုပေါက်ဈေး တအိတ်ကို သုံးဆဲ့ငါးကျပ် ဈေးရှိတယ်ကွ။ အဲဒါ အခုရောင်းချင်လဲရောင်း၊ တက်ဈေးစောင့်ချင်လဲ စောင့်အုံး”
ပေါင်းတည်မြို့စက်ထဲမှာ ပေါက်ဈေး နှစ်ဆဲ့ရှစ်ကျပ်မျှသာရှိသဖြင့် ဦးမောင်ကြီးက သုံးဆယ်ကျပ်အထက်ရလျှင် မြန်မြန်ရောင်းပြီး မြန်မြန်ပြန်ခဲ့၊ နောက်ဆန်တွေ အများကြီးရှိသေး တယ်ဟု မှာကြားလိုက်သည့်အလျောက် ကျွန်တော်သည် ဤသုံးဆဲ့သုံးကျပ်ဈေးနှင့်ပင် ရောင်းပြီး သုံးရက်အတွင်း ပြန်ခဲ့တော့၏။
ဘူတာရုံမှ ပွဲရုံသို့ သယ်သော နွားလှည်းခကို ကျွန်တော်က ခံရသည်။ ပွဲခက တရာလျှင် တကျပ်ခွဲနှုန်း။
ထိုရငွေများကို ဦးမောင်ကြီးက မှာကြားလိုက်သည့်အတိုင်း ကျွန်တော့်စရိတ်သာ ချန်လှပ် ပြီး မန္တလေးငွေတိုက်မှာ ဒရပ်ဖ် (Draft) လုပ်ရသည်။ ဤဒရပ်ဖ်ကို ရန်ကုန်မြို့မြန်မာ့အလင်း သတင်းစာတိုက်မန်နေဂျာ (နောင် ဖဆပလ နှင့် ပထစ အစိုးရလက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီး) ဦးတင်ထံသို့ ဝင်ပေးရသည်။ ဦးတင်ထံမှ ငွေမည်မျှ ဒရပ်ဖ်ရကြောင်းစာကိုသာ ဦးမောင်ကြီးအား ကျွန်တော်က ပေါင်းတည်မြို့မှာ ပေးရသည်။
မန္တလေးမြို့မှာ ဆန်တအိတ် သုံးဆဲ့သုံးကျပ်ဈေး ရောင်းခဲ့ရသဖြင့် ဦးမောင်ကြီးက လွန်စွာကျေနပ်အားရ၍ နောက်တခေါက် တွဲနှစ်တွဲနှင့် အခြားတွဲစောင့်တယောက်ပါထည့်၍ လွှတ်ပြန်သည်။ ဤအခေါက်မှာ သုံးဆဲ့ငါးကျပ်ဈေးတောင် ရောင်းခဲ့ရပြန်သဖြင့် ဦးမောင်ကြီးသည် ပိုမိုသဘောကျသွားလေ၍ တတိယအခေါက်တွင်မူ ကျွန်တော့်အား ပေါင်းတည်မြို့ကို ပြန်မလာလေ နှင့်တော့၊ မန္တလေးမြို့မှာပင်နေပြီး သူက မပြတ်ပို့နေမည်ဖြစ်သော ဆန်များကို ရောင်းချပြီး ငွေကို ဒရပ်ဖ်လုပ်ပြီးပြန်ပို့နေပါ။
ထို့ကြောင့် ကျွန်တော်သည် မန္တလေးမြို့မှာ သဌေး၏ လူယုံတော်အဖြစ်နှင့် စံမြန်းရပါလေ ၏။
သည်လို ဆန်တွေမြောက်မြားစွာ မကြာခဏ ရောက်နေသော သဌေး၏ ကိုယ်စားလှယ် တော်အား ပွဲစားကတော်တို့ လင်မယားကလည်း ဖူးဖူးမှုတ်ကြပါ၏။ ထမင်းစားပွဲမှာ ကျွန်တော့်ကို စားပွဲထိပ်က ထိုင်စေပါ၏။ ကျွန်တော်နှင့် မကြာခဏ ခေါက်ကယ် ပြန်ကယ်ရောက်လာကြသော ပေါင်းတည်မှ ဦးမောင်ကြီးလွှတ်လိုက်သည့် ဆန်တွဲစောင့်များနေရန် သူတို့တိုက်ခေါင်းရင်းက သစ်သား အိမ်မြင့်တလုံးပေးထားပါ၏။
ပွဲကတော်က ကျွန်တော့်အား “ငါ့မောင်”ဟု ခေါ်လာ၏။ ကျွန်တော်က သူ့ကို “မမရင်”ဟု ခေါ်တော့၏။
ထိုအချိန်၌ ကျွန်တော့်အသက်သည် နှစ်ဆဲ့ခုနှစ်နှစ်ရှိပြီဖြစ်သော်လည်း ကျွန်တော်သည် အရွယ်တင်သူဖြစ်၍ များစွာနုပျိုနေ၏။ မိမိကိုယ်မိမိ အရွယ်တင်သူဟု ပြောသဖြင့် ကြွားသည်ဟု မထင်စေလိုပါ။ စင်စစ်အရွယ်တင်ခြင်းသည် မိမိကိုယ်မိမိ အထင်ရောက်၍ ဖောက်ပြန်သော သဘောရှိတတ်သည်။ ကျွန်တော်သည် ဤရှိတတ်သော လူစားထဲပါဝင်၍ ကိုယ့်ကိုယ်ကို လူပျို လိုနေ၏။ စက်သဌေး ဦးမောင်ကြီး၏ ညီဟုလိမ်၏။
သည်တော့ ပွဲကတော် ဒေါ်သန်းရင် အင်မတန်သဘောကျကာ “ငါ့မောင်တော့ ဒို့ အညာ သူနဲ့ ပေးစားရမယ်ကွ” ဟုစလာ၏။
သည်တော့ သည်မောင်ကလဲ
“အို မမရင့်သဘောဘဲ”
ဒေါ်သန်းရင်သည် အောင်သွယ် ဝါသနာပါဟန်တူ၏။ သူ့စိတ်ထဲ ဒီစက်သဌေးညီကို စက်သဌေးသမီးနဲ့ ပေးစားလိုက်ရအနိပ်ဘဲဟု တွက်ဆဟန်တူ၏။ တနေ့သ၌ စက်သဌေးသမီး တယောက် သူ့အိမ်ရောက်လာသည်နှင့် ကျွန်တော့်ကို ခေါ်ပြ၏။ အသက် ဆဲ့ကိုးနှစ်တဲ့။ အသားညိုချော နာမည်က “ခင်မမ”တဲ့။
ခင်မမပြန်သွားသောအခါ၌ ကျွန်တော့်ကိုခေါ်မေး၏။
“ဘယ့်နှယ်လဲ သဘောကျရဲ့လားကွ။ ကောင်မလေးဘက်ကတော့ ငါ့သဘောဘဲကွ။ ငါပြီး ပြီးတယ်။”
သည်တော့ ဒီကောင်ကလဲ
“ဟာ မမရင်ရေ၊ ကျွန်တော်တော့ မြင်ရင်မြင်ချင်းဘဲကွယ် ချစ်မိကြိုက်မိတယ်ဆိုတဲ့ သီးချင်းအတိုင်းဘဲ။ ကျွန်တော် သူ့အတွက်တောင် ကဗျာတပုဒ် စပ်မိလိုက်သေးတယ်””
“အောင်မယ်၊ မင်းက ကဗျာစပ်တတ်သလား ဆိုစမ်းပါအုံး။ ဘယ်လိုလဲ”
ကျွန်တော်က စာရွက်တခုထဲရေးထားတာ ပြလိုက်၏။
တင်ကွကွနဲ့ ခင်မမ ယဉ်စစ မျက်နှာ မြင်သမျှမက်စရာ ငယ်ရတက်မှာ မချိ တခဏလောက် ကြင်လိုက်ပါလျှင် ဆင်ကိုက်တာတောင် ခံဝံ့ပါရဲ့လေး။
သူသည် ဤရွှတ်နောက်နောက် ကဗျာကိုဖတ်၍ ရွှတ်နောက်သည်ကို မသိရှာဘဲ ရယ်မောပြီး
“မင်းကဗျာကလဲကွာ ဆင်ကိုက်တယ်လို့ဘဲ။ ဆင်ဆိုတာ အစွယ်နဲ့ထိုးတယ်သာရှိပါတယ်”
“အဲဒီ “ထိုး” ကာရံကို ယူရေးတော့ မကောင်းတတ်လို့ပါ မမရင်ရဲ့”
သူ ဒါမျိုးတော့ နားလည်သည်။
“ဟင်း ကောင်လေး”
ဟုနဖူးကို လက်သီးနှင့် ရွယ်သည်။
အင်း၊ သဌေးမျိုးယောင်ဆောင်ရတဲ့ အရသာတမျိုးပါကလား။
စင်စစ်ကား ကျွန်တော်သည် ထိုအချိန် ထိုမြို့၌ သဌေးနှင့်ဘဲ တူနေပါသည်။ နှစ်ရက်ခြား သုံးရက်ခြားလို လေးငါးသောင်း၊ လေးငါးသောင်း။ ပေါင်းတည်က ပို့တဲ့ဆန်ဘိုးတွေ၊ ပွဲကတော် ဆီက ယူယူပြီး ဘဏ်သွားဒရပ်ဖ်လုပ် ပို့နေပါသည်။
ဘဏ်က ငွေလက်ခံသည်မှာ နာရီပြန်တချက်အထိသာ ဖြစ်ရာ ငွေရပြီး ဘဏ်ချိန်မမှီသော နေ့များ၌ ဤငွေလေးငါးသောင်းအိတ်ကြီးကို ဆရာကြီး ရွှေဥဒေါင်းအိမ်ယူသွားကာ တညတာ အပ်နှံထားလေ့ရှိပါသည်။
ထို့ကြောင့် တခါက ဆရာကြီးက ပြောဘူးသည်။
“ဟေ့ကောင်၊ မင်း ဒီလောက်များတဲ့ ငွေတွေ ငါ့ဆီလာလာ အပ်ထားတာ ငါကများ မတော်မတရားလုပ်လိုက်ရင်လို့များ မစဉ်းစားမိဘူးလား”
“မစဉ်းစားမိပေါင်ဗျာ၊ ဆရာကြီးက စုံထောက်မောင်စံရှား ဝတ္ထုတွေ ရေးတဲ့လူ၊ ကျွန်တော်က စုံထောက်မောင်စံရှား ဝတ္ထုတွေ ဖတ်ထားတဲ့လူ”
ဤမျှငွေကို အရေးမထားသူဖြစ်ခြင်းကြောင့် ဆရာကြီး၏ တသက်မှတ်တမ်းစာအုပ်တွင် သူသည် ကျွန်တော့်အား သဌေးသားလေးဟု ထင်မိကြောင်း ရေးထားပေသည်။
ဆရာကြီး ထင်မည်ဆိုလည်း ထင်စရာပါ။ ဒီအချိန်မှာ ကျွန်တော်က ဘရန်ဒီ၊ ဝီစကီ၊ ဘီယာ ဒါဇင်လိုက် ဆရာကြီးအိမ်မှာ ချနေတာဘဲ။
သို့သော် ကျွန်တော့်ဘဝကား အိပ်မက်ပမာသာတည်း။ တနည်းအားဖြင့် မျက်လှည့်ပြနေ သည်နှင့်တူပါသည်။
၁၉၄၆ ခုနှစ်၊ မြန်မာပြည်တွင် လူမျိုးပေါင်းစုံ၊ အလုပ်သမား အားလုံးတို့ အညီညွတ်ဆုံး သော ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ပြည်လုံးကျွတ် ဖဆပလ သပိတ်ကြီးမှောက်သည်၌ လမ်းပန်းအဆက်အသွယ် အားလုံးပြတ်၍ မန္တလေးမြို့မှာ ဆန်တအိတ်ကို ငါးဆယ်ကျော်အထိ ရောင်းရလေရာ သပိတ်ကြီး ပြန်လှန်၍ ရထားလမ်း၊ ကားလမ်းပွင့်သည်နှင့် တပြိုင်တည်း အလားလား၊ အောက်အရပ်က ဆန်ကုန်သည်တွေက တုပ်ထားသော တာတမံကို ရေဒလဟော ဖွင့်ချ လိုက်ဘိသကဲ့သို့ ဆန်တွေ အရမ်းကာရော မန္တလေးမြို့သို့ တင်ကြလေရာ တအိတ် ၂၀ ကျပ် ဈေးမျှ ဝယ်မည့်သူ မရှိတော့ချေတကား။
ထိုအခါ၌ ကျွန်တော့်လက်ထဲမှာ ဆန်အိတ်တွေ နှစ်ထောင်ကျော် သောင်တင်နေလေ တော့သည်။
သည်တော့ ပေါင်းတည်မြို့မှ ဦးမောင်ကြီး၏ ယောက်ဖကိုယ်တိုင်လိုက်လာကာ စီမံခန့်ခွဲသည်။
အထက်အညာ ကသာမှာ ဆန်ဈေးကောင်းသည်ဟု ကြားသည်။ ဆန်အိတ်မော်တော် တစင်း ဆွဲနိုင်သည်လောက် လူတယောက် အစမ်းလွှတ် ရောင်းခိုင်းကြည့်ပါ။ သည်အခါမှာ ဦးမောင်ကြီး ဆန္ဒအရ လူစွမ်းကောင်း ရွေးလိုက်သည်ကလဲ ကျွန်တော်ဘဲ။
ထို့ကြောင့် ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီမှာ ဆန်အိတ်နှစ်ရာစီပါသော သဗ္ဗာန်ကြီးနှစ်စင်း၊ ဝဲ ချိတ်ထားတဲ့ မော်တော်တစင်းနှင့် မန္တလေးမြို့ ဂေါဝိန်ဆိပ်မှ အထက်အညာသို့ ဆန်တက်ခဲ့ပါသဗျား။
သည်လူစွမ်းကောင်းဟာ အညာမှာတော့ ကွဲလိုက်သည် ဟက်တက်ပါဘဲ။ ကသာရောက် တော့ မှန်းချက်နှင့် နှမ်းထွက်မကိုက်။ ဆန်တအိတ် ၃ဝ ကျပ်ဈေးလောက်ဘဲရှိတယ် (နတ်တော်၊ ပြာသိုဆိုတော့ သူတို့ဆီမှာ ဆန်သစ်ကလဲ ပေါ်နေတာကို။) ဒီ ၃ဝ ကျပ်ဈေးတောင်မှ များများ စားစား လက်ငင်းဝယ်မည့်သူမရှိ။ သည်တော့ ကျွန်တော်မြစ်ကြီးနားအထိ တက်ရောင်းတာလဲ (ရည်းစားတယောက်သာ ရခဲ့တယ်။ မစွံတာနဲ့ ကသာမှာဘဲ ဆန်တွေအားလုံး အကြွေးပေးလိုက် တာ အဲသည်ကြွေးဟာ တော်တော်နဲ့ တောင်းမရတော့ပါဘူး။)
သည်တော့ ကုန်ရှုံးကြွေးကျန် အိမ်မပြန်နိုင်ဘဲ ကသာမှာသောင်တင်နေလိုက်တာ ကျွန်တော့်မှာ သနားစရာဘဲ၊ မိန်းမ တယောက်နဲ့ အိမ်ထောင်ပြုနေရသဗျ။
နောက်ဆုံး ဟိုကြွေးလဲတောင်းမရ။ ရှိသမျှလဲဖဲရှုံးလို့ ကသာမှာမနေနိုင်တော့ဘဲ ၁၉၄၇ ခုနှစ် မေလထဲမှာ ပေါင်းတည်ရွှေမြို့တော် ပြန်လာလို့ ကျွန်တော့်အဖေ အိမ်ဝင်းထဲ ဝင်တော့ ကျွန်တော့် အိတ်ထဲမှာ ပဲစေ့နှစ်စေ့နဲ့ ကသာက မယားငယ်တယောက်ဘဲ ပါခဲ့တော့သဗျ။
အဲသည် မိန်းမအကြောင်းတော့ “ဆန်ဆုံစား ကံကုန်သွား” ဆိုတဲ့ ဝတ္ထု။ ငွေတာရီမဂ္ဂဇင်း မှာဘဲ ၁၉၆၁ ခုနှစ် ဂျွန်လနဲ့ ဂျူလိုင်လ နှစ်လဆက် ဝတ္ထုရှည်အဖြစ်နဲ့ ပါပြီးပါပြီခင်ဗျား။ စင်စစ်တော့ ကျွန်တော့်ဘဝဟာ ကျွန်တော့်ကို စာရေးဆရာမဖြစ်ဖြစ်အောင် တွန်းပို့နေတာဘဲ။
မိန်းမတယောက်နဲ့ ပဲစေ့နှစ်စေ့ဘဲ အိတ်ထဲပြန်ပါတယ်ဆိုတာ ကြားတော့ ဦးမောင်ကြီးက သူ့ငွေတွေ အလွဲသုံးစားလုပ်တယ်။ ၄၀၆ နဲ့ တရားစွဲမယ် ပြောလေတော့ ကျွန်တော် အဲဒီမိန်းမ ခေါ်ပြီး မန္တလေး ပြန်ပြေးတာပေါ့။ (နောက်တော့ အဖေ့မျက်နှာထောက်ပြီး သူတကယ်မစွဲရှာပါဘူး။)
မန္တလေးရောက်တော့ ကိုယ်နေစရာ စားစရာမရှိတဲ့ အဆုံးမှာ ဒီမိန်းမကို လက်မှတ်ခံပြီး ကသာပြန် သင်္ဘောပေါ် တင်ပေးလိုက်ရတယ်ခင်ဗျာ။
ကျွန်တော်ကတော့ ကသာမှာတုန်းက ကိုယ့်ကြွေးရစရာရှိတဲ့လူ မန္တလေးပြန်ရောက်နေတာ သူ့အိမ်အတင်း တက်နေလိုက်တော့တာဘဲ။ အဲသည်မှာ ကျွန်တော် စာရေးဆရာဖြစ်တော့တာပါဘဲ။
၁၉၄၇ ခုနှစ် သြဂုတ်လ ရှုမဝ မဂ္ဂဇင်းမှာ စပြီးတော့ပေါ့။
(မှတ်ချက်။ အထက်ပါတို့သည် ငွေတာရီမဂ္ဂဇင်းတွင် ၁၉၆၉ ခုနှစ် စက်တင်ဘာလ မှစ၍ ၁၉၇ဝ ခုနှစ် ဂျန်နဝါရီလအထိ ၁၇ လ ဆက်ရေးခဲ့ပြီး ငွေတာရီအယ်ဒီတာက အကြောင်းကြောင်းကြောင့် ဆက်လက်မထည့်နိုင်ပါဆိုသဖြင့် ကျွန်တော် ၁၇ လ တိတိ မရေးဘဲ ရပ်နားခဲ့ရာ၊ ယခု ၁၉၇၂ ခုနှစ် ဂျူလိုင်လမှာ ကျွန်တော်၏စာရေးသက် ၂၅ နှစ်မြောက် ငွေရတု သဘင်ကို ရည်ရွယ်၍ ကျွန်တော့်ဘဝဇာတ်ကြောင်းကို အောက်ပါအတိုင်း ပြန်လည်ရေးခြင်း ဖြစ်ပါသည်။)
ကျွန်‌တော့်ဘဝဇာတ်ကြောင်း မှ