မင်းရေကျဲတဲ့ ဖူးစာကံ

 မင်ရေကျဲတဲ့ဖူးစာကံ(စ/ဆုံး)


———————


ဒီတောင်ကိုတော့ ငါ မကျော်

နှိုင်လောက်တော့ဘူး ထင်ပြီး

အမြဲဝတ်ထားတဲ့ နားကပ်လေး

ကို ညဘက် ထချွတ်မိတယ်။


နေထိုင်မကောင်းရင် ယင်ကောင်နားတာတောင် မခံနိုင်ဘူးဆိုတာလက်တွေ့ပါ။


လူမမာရှိတဲ့နေရာကို နတ်ဆိုး

တွေကလည်း မင်းမူတယ် ထင်ပါရဲ့ ။


ညဘက်တွေများ အိမ်မက်ဆိုး

တွေမက်တာ တစ်ညတစ်မျိုး မရိုးနိုင်ဘူး။


ချွေးတွေထွက် အာခေါင်တွေ

ခြောက် ရေတွေကငတ်။


ရေအေးအေးလေးသောက်ချင်လို့ရေအိုးစင်ရှိတဲ့နေရာကိုမသွားဘဲ

အိမ်ရှေ့တံခါးမကြီးကိုသွား

ဖွင့်နေတယ်။


ကယောင်ကတန်း ဆိုတာနဲ့တူပါတယ်။


ချောင်းတွေကလည်း ဆိုးလိုက်တာ ။


ခုနေ ရေနွေးပူပူလေးတစ်ခွက်လောက် သောက်လိုက်ရရင်ကောင်းမယ်။


နေမကောင်းတော့ အိပ်ယာထဲမှာပဲ လှဲနေချင်မိတယ်။


မတတ်နိုင်ဘူး ။

ကိုယ်ထူမှကိုယ်ထ ကျမဘဝ။


တခါတလေတော့လည်း အားငယ်မိတယ်။


နေထိုင်မကောင်းတဲ့အခါ

ငါတစ်ယောက်ထဲ

ရေလေးတခွက်တောင် ခပ်တိုက်မဲ့သူ မရှိပါလား။


အခြေအနေက ဒီလိုဖြစ်လာပြီလေ။


တူတွေ တူမတွေဆိုတာကလည်းကိုယ်က

ဘယ်လောက်ပဲချစ် ချစ်

ဘယ်လောက်ပဲ ကိုယ့်ဘက်ကပေးကမ်းပါစေ။


အချိန်တန်ကျတော့ သူ့မိဘမှ သူ့မိဘ။


ကိုယ့်ရှိတာညာစား ခွာစားဖို့လောက်ပဲရတာ။


အမေရှိတုန်းဆို အမြဲ တဖွဖွပြောတယ်။

အချိန်ရှိတုန်း

အိမ်ထောင်ပြုနော်။


လောကကြီးမှာ တစ်ယောက်ထဲဖြစ်နေမယ်။


ကျမက အငေါ်တူးတူးနဲ့ အမေ့ကိုပြန်ပြောတယ်။


တူတွေတူမတွေ ဒီလောက်ပေါတာ သူတို့နဲ့နေမှာပေါ့လို့။


အမေက…

သူတို့က နင့်သားသမီး မဟုတ်ဖူး..

အချိန်တန်ရင် သူတို့က သူတို့အမေမှ သူတို့အမေ..

နင့်မှာကိုယ်ပိုင်သားသမီးကိုရှိရမှာ…

ကိုယ့်သွေးသားမှကိုယ်ပိုင်ဥစ္စာ…


အိမ်ထောင်ပြုဖို့သာ အမေကပြောနေတာ။


လက်တွေ့မှာတော့ အဆင်မပြေတာက များနေတယ်။

.

.

.

သူနဲ့ကလည်း ငယ်စဉ်ထဲကရင်းနှီးသူပါ။


တရပ်ထဲအတူနေ အကြောင်းသိချင်းအတူတူ။


သူက ပြည့်စုံတယ်။

စျေးထဲမှာလည်း ဆိုင်ခန်းတွေရှိတယ်။


ကုန်ပစ္စည်းအစုံ ရောင်းတယ်။


သူနဲ့ကျမ မေတ္တာမျှနေကြတဲ့အတွက် အတူနေကြဖို့ လူကြီးချင်းမင်္ဂလာစကားပြောကြတဲ့အခါ။


အမေနဲ့ကြီးဒေါ်တို့က

သူပိုင်ဆိုင်တဲ့ ဆိုင်ခန်းတွေကို

ကျမနာမည်နဲ့လွှဲပေးပြီးစာချုပ်ချုပ်ရမယ်တဲ့။


ဒါကတော့ လောဘနည်းနည်းကြီးသွားပြီလို့ ကျမတို့နှစ်ယောက်က ယူဆတယ်။


ဟုတ်တယ်လေ။

သူနဲ့ကျမယူပြီးတဲ့ တနေ့ကျရင်သူ့ပိုင်ဆိုင်မှု့က ကျမပိုင်ဆိုင်မှု့ဖြစ်မှာ မဟုတ်ဖူးလား။


အမေတို့က ဂုဏ်ဆာကြတယ်လို့ကျမ ထင်တယ်။


ကောင်လေးဘက်က မယူခင်ထဲက သူပိုင်ပစ္စည်းတွေကို တင်တောင်းတာ ။


လွှဲပေးတာဆိုတဲ့ စကားကိုတရပ်ကွက်လုံး ပတ်ပြောချင်နေတာ။


သူ့မိဘကလည်း လက်မခံဘူး။

ငါတို့ပိုင်ဆိုင်တာကိုဒါမျိုးလာကြောလို့ဘယ်ရမလဲပေါ့။


ဒါနဲ့ပဲညှိမရတဲ့ ငယ်ချစ်ဦးနဲ့ ကျမရဲ့ဇာတ်လမ်းဤမှာတင်ရပ်သွားခဲ့ရပါတယ်။


သူနဲ့ကျမလည်း တဖြည်းဖြည်းဝေးသွားလိုက်တာ လမ်းမှာတွေ့ရင်ပြုံးပြတဲ့အဆင့်လောက်ပါပဲ။

.

.

.

အမေ တို့ကလည်း ဥပုသ်ကျောင်းသွားရင် ဘယ်တော့မှအေးဆေး မသွားဘူး။


ဘယ်သူရဲ့သားလေးကတော့

ဘယ်မှာအလုပ်လုပ်နေတာ။

သိတ်တော်တာပဲ။


လိမ္မာရေးခြားကလည်းရှိတယ်တဲ့။


ဘယ်မိဘကများ ကိုယ့်သားသမီးကို လူဆိုး လို့ဘယ်ပြောမှာလဲ။


သူ့မိဘများကလည်း ငါနဲ့ဓမ္မမိတ်ဆွေဆိုတာရှိသေးတယ်။


တရားရဖို့ဥပုသ်ကျောင်းသွားပါတယ်။


ဆွေမျိုးစပ်ဖို့ရှာနေတော့တာပဲ။


ကိုလှဆောင် သားလေးကအင်ဂျင်နီယာတဲ့။


စင်္ကါပူကနေ

အခု မြန်မာပြည်ကို ခဏပြန်ရောက်နေတယ်…


ဒီဥပုသ်ကျရင် ကျောင်းကိုလိုက်ခဲ့..

ကျောင်းမှာအလှုရှိတယ်..

သူတို့မိသားစုလဲလာမယ်..


အင်း!!

ဇာတ်လမ်းကအဲဒီမှာစပြီ။


ဘုန်းဘုန်းသီလပေးအပြီးမှာဆွမ်းကပ်ဖို့ ပြင်ဆင်ကြတယ်။


ကျမတို့ကအစောကြီးထဲကရောက်နေတော့ ရှေ့မှာနေရာယူကြတယ်။


ဦးလှဆောင်တို့မိသားစုက နောက်မှာ ထိုင်နေကြတယ်။


ကျမက လှည့်မကြည့်မိဘူး။

ဟုတ်တယ်လေ။

ကိုယ်က မိန်းခလေးပဲ။


ကိုယ်ကလည်း ကိုယ့်တန်ဘိုးနဲ့ကိုယ်ပေါ့။


အမေကတော့ ကိုလှဆောင်တို့နဲ့အခုမှတွေ့ရတဲ့ ရပ်ဆွေရပ်မျိုးတွေလိုပဲ။


ပြောလိုက်တဲ့ စကားတွေဆိုတာ။

လိုတာထက်ကို ပိုပြောနေသလို။


နောက်တော့ ပြန်ကြဖို့ထိုင်ရာကထပြီး နှုတ်ဆက်ကြတယ်။


ဦးလှဆောင်သားကလည်း မတ်တပ်ရပ်လိုက်တယ်။


အယ်…

အရပ်ပုပုလေးပါလား။


ကျမကသူတို့ကိုနှုတ်ဆက်စကားပြောလိုက်တယ်။


သူက ကျမကိုမော့ကြည့်တယ်။


ကျမ အမေ့ကိုမျက်လုံးလေးနဲ့ဝေ့ကြည့်လိုက်တယ်။


အမေ မြင်တယ်နော်။


အမေ့သမီးအရပ်ကငါးပေရှစ်။

အမေသားမက်တော်ချင်နေတဲ့သူကငါးပေနှစ်။


ဘယ်လိုမှရှေ့သွားနောက်လိုက်မညီဘူး။


ယောက်ကျားလေးကအရပ်ရှည်ပြီးမိန်းခလေးကအရပ်ပုနေတယ်ဆိုကြည့်ကောင်းသေးတယ်။

ခုတော့ ..


အမေကအိမ်ပြန်ရောက်တဲ့အထိအဲဒီအကြောင်းဘာမှမပြောတော့ဘူး။

.

.

.


အမေ့ရဲ့ငယ်သူငယ်ချင်း မိသားစုသုံးယောက် အိမ်လာလည်တယ်။


ကျမတို့အရွယ် သားတစ်ယောက်လည်းပါလာတယ်။


ရွာမှာနေခဲ့တုန်းက ရပ်ဆွေရပ်မျိုးလို နေခဲ့တာလို့ အမေကပြောတယ်။


ကျမတို့ကမြို့ရောက်မှမွေးတာဆိုတော့သူတို့ကိုမသိဘူး။


စကားတွေဖောင်နေအောင်ပြောကြတာများညနေထမင်းစားပြီးချိန်ထိပြောတုန်း။


သူတို့ကတခြားရပ်ကွက်မှာတည်းတာလေ။


အိပ်ချိန်ရောက်မှသူတို့ပြန်သွားတယ်။


အမေကနောက်နေ့သူတို့ကိုအိမ်မှာ တစ်ညလောက်လာ အိပ်ဖို့ပြောလိုက်တယ်။


နောက်ရက်မနက်စောစော သူတို့မိသားစု ရောက်လာတယ်။


ထုံးစံအတိုင်းအမေက ဦးဆောင်ပြီး စကားတွေပြောတယ်။


ကျမနဲ့ရွယ်တူကောင်လေးက

ဆက်တီခုံပေါ်မှာ အိပ်ငိုက်နေတာတွေ့တယ်။


အရပ်မြင့်မြင့်လေးနဲ့ချောချောလေး။

ရုပ်ရှင်ထဲကမင်းသားရုပ်ကလေး။


သူ့မိဘတွေနဲ့အမေတို့ စကားပြောနေတာကို ဘေးကနေပြုံးပြီးနားထောင်နေတယ်။


ခဏနေတော့သူက မီးဖိုဘက်ကိုလာပြီး ရေလာသောက်တယ်။


ကျမကိုလည်း ပြုံးပြတယ်။

ကျမခြံထဲကအပင်လေးတွေကိုရေဆင်းလောင်းတော့ သူကခြံထဲကိုဆင်းလာတယ်။


အမေကစျေးထိပ်မှာလိုအပ်တာဝယ်ခိုင်းတော့

သူက ကျမနဲ့အတူ လိုက်ချင်တယ်ပြောလို့ အတူသွားတယ်။


ထမင်းဝိုင်းဖွဲ့စားကြတော့လည်း

ကျမနဲ့မျက်နှာချင်းဆိုင်စားနေတာကနေမကြာခဏပြုံးပြနေတယ်။


နောက်နေ့တွေများမှာတော့ သူတို့မြို့ကိုပြန်သွားကြတယ်။


သူတို့ပြန်သွားတော့မှအမေက

သူ့သူငယ်ချင်းမိသားစုကသူတို့မြို့မှာ

ဆန်စက်တွေ၊

ပဲခွဲစက်တွေ၊

ဆီစက်တွေ ဘယ်လိုပိုင်ဆိုင်ကြောင်း ဘိုးဘွားလက်ထက်ထဲကရွှေဒဂ်ါးတွေစဥ့်အိုးနဲ့ရှိခဲ့ကြောင်း၊

မျက်စေ့ထဲမှာထင်ထင်ရှားရှားမြင်လာအောင်ကျမကိုပြောပြပါတယ်။


တစ်လခန့်အကြာမှာတော့ သူတို့နေတဲ့မြိုက အသိမိတ်ဆွေတစ်ယောက်ရောက်လာတယ်။


ထုံးစံအတိုင်းအမေက ဧည့်ခံစကားပြောရင်း သူ့သူငယ်ချင်းမိသားစုအကြောင်းကို မေးပါတယ်။


ဧည့်သည်အဒါ်ကြီးက

“မမလေးမသိဘူးလား

သူတို့မပြောပြခဲ့ဘူးလား

သူတို့သားကိုမြို့မှာဆေးလာကုတာလေ

ကောင်လေးကလူပုံချောချောလေးနဲ့

နှမြောစရာလေး

မူးယစ်ဆေးဝါးသုံးတာာများပြီးယဥ်ယဥ်လေးနဲ့ရူးနေတာလေ

ဆေးကုနေတာကြာပြီ

ဖြတ်လိုက် ပြန်သုံးလိုက်နဲ့

သူတို့လဲအတော်သောကပွေနေကြတာ”


အမ်!!!အမလေး။


တော်ပါသေးရဲ့။


အဲဒီနေ့ကစလို့အမေ့ရဲ့စဥ့်အိုးကြီးထဲက မစားရဝခမန်း

ရွှေဒင်္ဂါးဇာတ်လမ်းလည်း

ရပ်တန်းကရပ်သွားပါတော့တယ်။

.

.

.

သူနဲ့ကျမပင်လယ်စာခေါက်ဆွဲစားဘို့ ကမ်းနားလမ်းက ဆိုင်မှာထိုင်နေကြတယ်။


မြစ်ပြင်ကလေအေးအေးနဲ့ ဆိုင်တွေမှာ လူတွေကအပြည့်ပဲ။


ပိုက်ဆံလိုက်တောင်းနေတဲ့မိန်းမငယ်က ကလေးတစ်ယောက်ကို ချီထားတယ်။


ကလေးလက်ထဲမှာ အအေးသောက်တဲ့ပိုက်ကို ကိုင်ထားတယ်။


ကျမနဲ့သူ့ရဲ့နောက်ကျောကနေဖြတ်အသွားမှာတော့ ကလေးက လက်ထဲက ပိုက်တံနဲ့ သူကျောကိုတို့ထိလိုက်တာ တွေ့လိုက်တယ်။


သူလန့်သွားတယ်။


နောက်ကိုလှည့်ကြည့်ပြီး ဒေါသတွေထွက်နေတာ သူ့မျက်နှာမှာပေါ်နေတယ်။


သူဝတ်ထားတဲ့အပေါ်က ဂျာကင်ကိုကမန်းကတန်း ချွတ်ပြစ်လိုက်တယ်။


ဆိုင်ရှေ့ကအမှိုက်ပုံးထဲကိုလုံးထွေးပြီးထည့်လိုက်တယ်။


သူ့ဂျာကင်က အကောင်းကြီး

ကျမ နှမြောလိုက်တာ။


သူကခေါက်ဆွဲကိုလည်း ဆက်မစားနိုင်တော့ဘူး။


ကျမကလည်း စားချင်စိတ်မရှိတော့ဘူး။


သူက သူဝတ်ထားတဲ့ ရှပ်အင်္ကျီကိုပါချွတ်ပြစ်ပြီး လွှင့်ပြစ်ဖို့လုပ်သေးတယ်။


အထဲမှာစွပ်ကျယ်မပါတော့

သူကအိမ်ကိုအမြန်ပြန်

ဖို့စိတ်ကူးလိုက်တယ်။


မြစ်ပြင်ကတိုက်တဲ့လေ

အေးသလား။

နွေးသလား။

ပင်လယ်စာခေါက်ဆွဲအရသာချိုသလား။

ငံသလား။

ကျမ မသိခဲ့ပါ။


နောက်နေ့မနက်တော့ သူနဲ့ကျမလိုင်းကားစီးပြီး မြို့ထဲကိုသွားတယ်။


ဆင်းရမဲ့ဂိတ်ရောက်တော့ ကားပေါ်ကအဆင်း လူတွေကတိုးဝှေ့တာကြောင့် သူကိုင်ထားတဲ့အနက်ရောင်လက်ဆွဲအိပ်အောက်ကို ပြုတ်ကျသွားတယ်။


ရေစပ်အနီးကိုကျသွားတဲ့အတွက်ရွှံ့အနည်းငယ် ပေကျံသွားတယ်။


သူကမနှစ်မြို့ဟန်နှင့်လက်ဆွဲအိတ်ကိုလက်ဖျားလေးနဲ့ကိုင်ပြီး အိတ်ရောင်းတဲ့ဆိုင်တွေဖက်ကိုသွားတယ်။


အိတ်ရောင်းတဲ့ဆိုင်ရှေ့ရောက်တော့ သူကြိုက်တဲ့အိတ်ကိုဝယ်ပြီး အောက်ကိုပြုတ်ကျသွားတဲ့အိတ်ထဲကပစ္စည်းတွေကိုပြောင်းထည့်တယ်။


မူလကအိတ်ကိုလွှင့်ပြစ်ခဲ့တယ်။


အောက်ပြုတ်ကျတဲ့အိတ်ကိုရေနဲ့ပြန်ဆေး ပြန်လျှော်

လိုက်ရင်ရပါရဲ့နဲ့။


သူ့ရုံးကချာတိတ်လေးနဲ့အပြင်မှာတွေ့တယ်။


သူ့အကြောင်းကိုမသိမသာစုံစမ်းမိတယ်။


အမရယ် ။

ဆရာကလေ

ဘောလ်ပင်အောက်ပြုတ်ကျတာနဲ့လွှင့်ပြစ်တာ။


ထီးဆိုလဲဒီလိုဘဲ။

တစ်နေ့ကထမင်းချိုင့်ထဲမှာထမင်းဟင်းအပြည့်နဲ့ ရုံးက

သန့်ရှင်းရေးသမားကိုပေးပြစ်နေတာတွေ့တယ်။


ကားပေါ်မှာကားကြပ်လို့သူ့ထမင်းချိုင့်ကိုအမျိုးသမီးတစ်ယောက်ကကိုင်ထားပေးတာပေါင်ပေါ်တင်ထားလို့တဲ့။


ထမီနဲ့ထမင်းချိုင့်ထိနေတာမသတီလို့ဆိုပြီးရုံးရောက်တော့

ပေးပြစ်တာတွေ့တယ်။

ထမင်းချိုင့်ကစတီးအစစ်ကြီး။


သဘောပေါက်လိုက်ပြီ။

ဒင်းက ပုံမှန်မဟုတ်ပါလား။


သာမန်လူတွေပြုမူနေတဲ့အပြုအမူမျိုးမဟုတ်တာတော့သေချာနေပြီ။


စိတ်မလုံခြုံတဲ့လူတွေမှာတွေ့ရတတ်တယ်။

ကုလို့မရတဲ့ရောဂါတစ်မျိုးပေါ့။


ကျမဘက်ကအကြောင်းအမျိုးမျိုးပြ ပြီးခပ်ဝေးဝေးမှာနေလိုက်တယ်။


သူနဲ့ကျမဝေးသွားတယ်။


ဒါအစွန်းရောက်ခြင်းတစ်မျိုးပဲ။

အစွန်းရောက်ခြင်းဆိုတာကလည်းတဖက်လူကိုစိတ်ပျက်သွားစေတယ်။

.

.

.

အဒေါ်အရင်းတွေ

ကြီးဒေါ်ဝမ်းကွဲတွေကတစခန်းထပြန်တယ်။


ဘယ်လိုအဆက်အသွယ်တွေကနေသိလာတယ်မသိ။


မနက်ဖန်ကျရင် ကောင်လေးနဲ့သူ့အဒေါ်လာမယ်။


မျိုးရိုးကောင်းတယ်။

ပညာလည်းတတ်တယ်။

ညီအကိုနှစ်ယောက်ထဲတဲ့။


ဧည့်ခံရအောင်မုန့်လေးဘာလေးဝယ်ထားတဲ့။


အမေကဂျေဒိုးနပ်မုန့်သွားဝယ်လေရဲ့။

နောက်နေ့ညနေတော့အဲဒီလူရယ်သူ့အဒေါ်ရယ်ရောက်လာတယ်။


သူ့အဒေါ်နဲ့အမေကငယ်ကျွမ်းဆွေတွေလိုစကားတွေပြောနေတယ်။

အမေတို့ကသိပ်ပြီးဧည့်ခံကောင်းတာ။


အဲဒီလူက ကျမထက်အသက်ကြီးတယ်။


ကိုယ်ပိုင်လုပ်ငန်းရှိတယ်တဲ့။


ကော်ဖီ သောက်ကြတယ်။


ကျမကိုတချက်ငဲ့စောင်းကြည့်လိုက်တာတွေ့လိုက်တယ်။


နောက်နေ့။

နောက်နေ့။


ဆယ်ရက်မြောက်တဲ့နေ့ထိသူတို့ဘက်ကဘာမှမဆက်သွယ်လာပါဘူး။


မိန်းခလေးတစ်ယောက်ကိုလာကြည့်တယ်။


သင့်တော် မတော်စဥ်းစားဦးမယ်

ဒီသဘောပေါ့။


နောက်တစ်ရက်မှာတော့ဖုန်းဆက်လာတယ်။


ကျမကုမ္မဏီအနားမှာ သူစောင့်နေမယ်တဲ့။


ကျမ ဘာမှပြန်မပြောလိုက်ဖူး။


ရုံးဆင်းတော့ကျမ အဲဒီလူကိုအကွယ်တစ်ခုကနေ တွေ့လိုက်တယ်။


သပ်သပ်ရပ်ရပ်ဝတ်စားပြီးကျမကို လာတွေ့တာပေါ့။


အိမ်ရောက်တော့ ဖုန်းဆက်တယ်။

ကျမ မကိုင်ဘူး။


သူ့အဒေါ်ဆိုသူ ဖုန်းဆက်တယ်။

အမေနဲ့ပြောတယ်။


သူ့အဒေါ်က သူ့မှာနှလုံးရောဂါရှိနေတာမို့မိန်းကလေးဘက်ကငြင်းဆန်တဲ့စကားဆိုမပြောပါနဲ့တဲ့။

မကြားနိုင်လို့ပါတဲ့။


အမေက ကျမပြောတဲ့အတိုင်း

အဆင်ပြေအောင်ပြောလိုက်တယ်။


သူတို့ကနေ့နံကိုက်မကိုက်ကိုဓါတ်တွေ နတ်တွေ မေးနေ ကြလို့ တဲ့။


ကိုယ်ပိုင်ဆုံးဖြတ်ချက်က အဓိကမကျဘူးပေါ့။


ဪ. လူတွေ လူတွေ။


ယူသင့်မယူသင့် နေ့နံကိုက်မကိုက်

ဗေဒင်ကိန်းခန်းတွေတွက်ချက် ပြီး ဆယ်ရက်လောက်အချိန်ယူစဥ်းစား

ကိုယ့်ဘက်ကကြိမ်းသေကြတဲ့လူစားမျိုးတွေပါလား။

အံ့သြစရာကောင်းလိုက်တာ။


ခုတော့အမေလည်းမရှိတော့ဘူး။

ကျမလည်းအသက်လေးဆယ်ကျော်လာပြီ။


ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်

လွတ်လပ်စွာ နေခွင့်ရမယ့်ကံကပါလာတယ်။


ဘဝပေးအကြောင်းကိုက အိမ်ထောင်ပြုဖို့ ကံပါမလာဘူး။

သူငယ်ချင်းတွေနဲ့တွေ့ရင် ကိုယ်ကအနိုင်နဲ့ပိုင်းပြီးပြောတာ။


အပျိုကြီး လူပျိုကြီးဆိုတာ ဗြမ္ဟာပြည်ကလာတာနော်။


ကြီးကျယ်မြင့်မြတ်တယ်လို့။


အေးချမ်းစွာနဲ့နေပါတယ်။

အမေချန်ခဲ့တဲ့ အိမ်ကလေးရယ်

စုဆောင်းထားတာလေးရယ်နဲ့မပူမပင်တော့နေနေရတယ်။


လွဲချော်ရမဲ့ကံ ပါလာရင်နတ်သိကြားတွေကဘယ်လိုပဲ မစ ပါစေဦးတော့


#ဖူးစာကံမင်ရေကျဲနေမှာပါပဲ


#ချစ်ခင်စွာဖြင့်


#ခင်လှမြတ်ခိုင်

#လွတ်လပ်စွာ shareနိုင်ပါသည်။

#စာရေးသူအမည်ကိုချန်လှပ်ပြီးကော်ပီကူးယူခြင်းလုံးဝ(လုံးဝ)ခွင့်မပြုပါ။