ပညာသည်အဘွားစောနှင့် ဝါးဖိုးသောင်း

ပညာသည်အဘွားစောနှင့် ဝါးဖိုးသောင်း

စာစဉ်(၁၅)


(၁)


ကျုပ်ထူးဆန်းတာတစ်ခုရှိတယ်ဗျ၊ အဲဒါကတော့ ကျုပ်သိတတ်စအရွယ်ကတည်းက အဘွားစောက ခြေတစ်ဖက်မသန်တာပဲဗျ၊ လမ်းသွားရင် ဘယ်ဘက်ခြေထောက်တစ်ဖက်က တရွတ်တရွတ်နဲ့သွားရတယ်၊ ခြေထောက်က သေနေတာတော့မဟုတ်ဘူးဗျ၊ သာမန်ခြေထောက်တွေလို အားယူပြီးထောက်လို့မရတာ၊ အဲဒါကြောင့်လည်း အဘွားစောက ပုံမှန်ရွာထဲသွားတာလာတာ သိပ်မလုပ်ဘူး၊ သူ့အိမ်မှာပဲ နေတတ်တယ်၊ ဒါပေမယ့် ရွာထဲကအဖြစ်အပျက်တွေဆိုရင် မသိဘူးမထင်နဲ့ဗျ၊ ကျုပ်တို့တစ်ခုခုသွားပြောမယ်ကြံတိုင်း သူက သိနေပြီးသား၊ အသေးစိတ်ကြီးတော့ မသိပေမယ့် ဘယ်သူဘာဖြစ်တယ်ဆိုတာလောက်က သိတယ်ဗျ၊ သူသိချင်တာဆိုရင်တော့ အဘွားကိုမေးတာများတယ်၊ တစ်ခါတလေလည်း ကျုပ်ကိုမေးတတ်တယ်ဗျ၊ ကျုပ်က စကားပြောရင် ငယ်ငယ်ကတည်းက စကားကြောရှည်တယ်ဗျာ၊ ကိစ္စတစ်ခုကိုပြောမယ်ဆိုရင် ဟိုးအိမ်ပေါက်ဝက စထွက်ကတည်းကနေ စပြောတာ၊ အဘွားစောကတော့ ကျုပ်ကိုစကားကြောရှည်တယ်လို့မပြောဖူးပါဘူးဗျာ၊ ဒါပေမယ့် အဘွားနဲ့ အိမ်ကမိသားစုတွေကတော့ ငလင်းစကားပြောရင် လိုရင်းကိုမရောက်တော့ဘူးဆိုပြီး ပြောတတ်ကြသဗျ။


တစ်ရက်ပေါ့ဗျာ၊ ကျုပ် ကျောင်းကနေ အိမ်ကိုတန်းတန်းမတ်မတ်ပြန်လာခဲ့တယ်ဗျ၊ အိမ်ရောက်တော့ အဘွားကတောင် ကျုပ်ကိုအံ့သြသွားတယ်။ အဘွားက ခြံစည်းရိုးမှာပေါက်နေတဲ့ ကင်ပွန်းချဉ်ကိုင်းတွေကို လိုက်ချိုးနေတာဗျ။


"ဟဲ့ ကျားသားမိုးကြိုး စောစောစီးစီးပြန်လာပါလား ငလင်းရဲ့၊ နင့်သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ခဲ့တာလား"


"မဟုတ်ပါဘူးအဘွားရာ၊ ကျွန်တော် တစ်ခုသိချင်လို့ပြန်လာတာဗျ"


"အမယ်၊ နင်ဟာလေ သိပ်စပ်စပ်စုစုလုပ်တဲ့ ကလေးပဲ၊ ကဲ ဘာသိချင်တာလဲပြော"


"ဟိုကောင် ခေါင်းကြီးပြောတာ အဘွားစောက စုန်းမကြီး ကဝေမကြီးဆို၊ ရွာထဲက လူတွေကို သူ့ပညာနဲ့ပြုစားပြီး ချမ်းသာလာတာဆိုအဘွားရဲ့"


အဘွားက မျက်မှောင်ကြုတ်လိုက်ရင်း


"တောက်တီးတောက်တဲ့ မဟုတ်တာတွေပါ ငလင်းရယ်"


"နောက်ရှိသေးတယ်၊ အဘွားစော ခြေထောက်တစ်ဖက်မသန်တာ သူတို့ စုန်းအချင်းချင်းပညာပြိုင်ပြီးတော့ ပညာရှုံးသွားလို့ဆို အဘွား"


"လုပ်ပြန်ပြီကွယ်၊ လူတွေကတော့ ခက်ပါတယ်ငလင်းရယ်၊ ကိုယ်မသိတဲ့အရာတစ်ခုကို အထင်တစ်လုံးနဲ့ ရမ်းသမ်းပြီး ပြောကုန်ကြတာပါပဲ"


"ဒါဆိုရင် အဘွားစောက ဘာဖြစ်လို့ခြေထောက်မသန်တော့တာလဲဆိုတာ အဘွားသိလား"


ကျုပ်မေးလိုက်တော့ အဘွားက တစ်ချက်ငြိမ်သွားတယ်ဗျ၊ ပြီးတော့မှ ကင်ပွန်းချဉ်တွေထပ်ခူးတယ်။


"သူတို့ပြောသလိုမဟုတ်ပါဘူး ငလင်းရယ်၊ အကြောင်းတစ်ခုရှိလို့ပါ"


"ဘာအကြောင်းလဲအဘွားရဲ့ ကျွန်တော့်ကိုပြောပြပါလား"


"မသိချင်စမ်းပါနဲ့ ငလင်းရယ်"


"အဘွားကတော့ လုပ်ပြီဗျာ၊ သိရင်လည်း ပြောပေါ့၊ ဒါမှမဟုတ် ဟိုကောင် မောင်ထူးပြောသလို အဘွားစောက သူများကိုသွားပြုစားလို့ အထက်လမ်းဆရာက ဒဏ်ခတ်လိုက်တာများလား"


ကျုပ်ပြောလိုက်တော့ အဘွားရဲ့လက်ဆစ်က ကျုပ်ခေါင်းပေါ်ကိုဒေါက်ခနဲကျလာတယ်ဗျ။


"နင်ဟာလေ စကားကိုရှည်တယ် ငလင်း"


"မဟုတ်ရင်လည်း အဘွားသိထားတာပြောပြပေါ့အဘွားရဲ့၊ အဘွားမပြောတော့ ဟိုကောင်တွေပြောတာကို အတည်ယူရမလိုဖြစ်နေပြီ"


အဘွားက ကင်ပွန်းချဉ်ကိုင်းတွေကို နှီးဆန်ကာခုံးကလေးထဲထည့်ပြီး အိမ်ဘက်ကိုထွက်သွားတယ်၊ အိမ်ရှေ့က ဝါးကွပ်ပျစ်ကလေးပေါ်ထိုင်လိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်တယ်ဗျာ။


"အေးလေ၊ ပြောဆိုတော့လည်း ပြောရမှာပေါ့၊ ဒီအကြောင်းတွေကို အဘွားက မပြောချင်လို့ မပြောတာ ငလင်းရဲ့"


"ပြောပါအဘွားရယ် ကျွန်တော်သိချင်လို့ပါ၊ ကျွန်တော် ဘယ်သူ့ကိုမှ ပြန်မပြောနဲ့ဆိုရင်လည်း မပြောတော့ပါဘူး"


"အေး . . . အဘွားစော ဘာဖြစ်လို့ခြေထောက်မသန်တာလဲဆိုတော့ မင်းအဘိုးကို ကယ်လိုက်လို့ကွဲ့"


"အဘိုး . . . ဟုတ်လား၊ အဘိုးဆိုတော့ အဖေ့ဘက်က အဘိုးများလား၊ မဟုတ်ဘူး သူမဖြစ်နိုင်ဘူး၊ သူက ဟိုးရိုးမအနောက်ဘက်မှာနေတဲ့လူ၊ ရွာကိုတောင် တစ်ခေါက်နှစ်ခေါက်လားပဲရောက်ဖူးတာ၊ အဘွားစောနဲ့ တွေ့ဖူးတာမဖြစ်နိုင်ဘူး၊ ဒါဆိုရင် ဘယ်အဘိုးလဲ၊ ဟိုလေ . . . အဘွားရဲ့ ယောက်ျား အဘိုးဦးသောင်းများလား"


အဘွားက ခေါင်းညိတ်တယ်ဗျ။


"အဘိုးဦးသောင်းကို ဘယ်လိုကယ်လိုက်တာလဲဗျာ"


"မင်းအဘိုးနဲ့ပတ်သက်ပြီး ဘာတွေသိထားသေးလဲ ငလင်း"


"အဲ . . . အဘိုးအကြောင်းကို ဘယ်သူမှထွေထွေထူးထူးမပြောကြဘူးအဘွားရ၊ အမေကလည်း တစ်ခွန်းစနှစ်ခွန်းစပြောဖူးတာ၊ ဦးနေထွန်းကတော့ တစ်ခါပြောဖူးတယ်၊ အဘိုးက ဝါးခုတ်တာ အင်မတန်ကျွမ်းကျင်လို့ မြို့ချောင်းနဲ့ ပဲခူးရိုးမရှေ့ဘက်ခြမ်းမှာ ဝါးဖိုးသောင်းဆိုပြီး သိကြတယ်တဲ့ဗျာ၊ အဲဒီလောက်ပဲ"


"ဟုတ်တယ် ငလင်း၊ မင်းအဘိုးက ဝါးခုတ်သိပ်ကျွမ်းကျင်တာကွဲ့၊ ဘယ်နေရာမှာ ဘာဝါးရှိတယ်၊ ဘယ်အချိန်ဆိုရင် ဘယ်တောင်ပေါ်မှာ ဘာဝါးတွေပေါ်နေပြီဆိုတာ သိတယ်၊ တစ်သက်လုံး ဝါးခုတ်ပြီးတော့ပဲလုပ်စားလာခဲ့တာ၊ သူ့ဆီက ဝါးဟာ တခြားသူတွေဆီကဝါးထက် အရည်အသွေးကောင်းလို့ သူ့ဝါးဆိုရင် အလုအယက်ကိုဝယ်ကြတဲ့အထိပဲ၊ နောက်ပိုင်း ပွဲစားတွေက ဝါးခုတ်ရာသီမစခင်ကတည်းက တစ်နှစ်စာ၊ တစ်ရာသီစာ ကြိုတင်ငွေပေးပြီးတော့ကို မှာကြရတဲ့အထိပဲ"


"ဒါဆို အဘိုးက နာမည်ကြီးပေါ့နော် အဘွား"


"နာမည်ကြီး ထမင်းငတ်ပါ ငလင်းရယ်၊ အသောက်အစားကလေးကလည်းရှိ၊ အပေါင်းအသင်းကလည်းမကောင်း၊ ဒီကြားထဲ ငွေစကလေးလက်ထဲရှိရင် လောင်းကစားကလည်း လုပ်ချင်သေးတော့ သိပ်ပြီးစုမိဆောင်းမိမရှိဘူးပေါ့၊ ရရစားစားနဲ့ ကုန်တာပဲ၊ အဘွားလည်း သူ့ကိုပြောပါသေးတယ်၊ ရတဲ့ငွေတွေကို သေချာစုပြီး မိသားစုနောင်ရေးအတွက် သိမ်းဆည်းထားဖို့ပေါ့၊ ဝါးခုတ်တယ်ဆိုတာ ပင်ပန်းတယ် ငလင်းရဲ့၊ တောတောင်ထဲ တစ်လကိုးသီတင်းသွားနေပြီး ဝါးသွားခုတ်ရတာ၊ ပြီးတော့ အဲဒီဝါးတွေကို လှည်းနဲ့တိုက်သယ်လို့မရဘူး၊ အစည်းတွေလုပ်ပြီး နီးစပ်ရာ တောင်ကျချောင်းတွေထဲကိုပို့ရတယ်၊ ချောင်းတွေထဲမှာ ဝါးဖောင်ကြီးတွေဖွဲ့ပြီး ချောင်းအောက်ဘက်ရောက်အောင် စုန်ဆင်းကြရတာ၊ ယောက်ျားဖောင်စီး မိန်းမမီးနေဆိုတဲ့စကား ကြားဖူးတယ်မဟုတ်လား၊ မိန်းမတွေအတွက် မီးနေရတာ ကလေးမွေးရတာဟာ သေမင်းရဲ့ခံတွင်းပေါက်မှာ လမ်းလျှောက်ရသလို အသက်အန္တရာယ်များတယ်ကွဲ့၊ ယောက်ျားသားများအတွက်တော့ ဖောင်စီးဖောင်မြောလုပ်ရတာဟာ သိပ်ကို အန္တရာယ်များတာပေါ့ကွယ်၊ ဖောင်မြောတာတောင်မှ ချောင်းကြီး မြောင်းကြီး မြစ်ကြီးတွေမှာ မြောတဲ့ဖောင်ထက် မင်းအဘိုးတို့လို တောင်ပေါ်ကနေ ဒလမန်းကြမ်းကျဆင်းနေတဲ့ တောင်ကျချောင်းကနေ ဝါးဖောင်မြောတဲ့လူတွေဟာ ပိုပြီးအန္တရာယ်များတာပေါ့"


အဘွားက ပြောရင်း ကန်ပွန်းချဉ်ရွက်ကလေးတွေကို လက်နဲ့ချွေနေတယ်ဗျ၊ ကျုပ်လည်း ဘာရယ်မဟုတ်ဘူး၊ ကင်ပွန်းချဉ်ရွက်ကလေးတွေကို လိုက်ချွေနေမိတယ်ဗျာ။


"တောင်ကျချောင်းဆိုတာ ရေတွေ ဝါးလုံးထိုးဆင်းသလို ထိုးဆင်းနေတာကွဲ့၊ အရှိန်ကလည်း အရမ်းများတယ်၊ ပြီးတော့ ချောင်းက ကွေ့ကွေ့ကောက်ကောက်ကြီးဆိုတော့ ဒီဝါးဖောင်ကြီး ကမ်းပါးနဲ့မတိုက်အောင်၊ နောက် ကျောက်ဆောင်တွေနဲ့ မတိုက်အောင်လို့ ဖောင်လိုက်တဲ့လူက ထိုးဝါးတစ်ချောင်းကိုင်ပြီး ထိုးရပြုရသေးတယ်၊ အခန့်မသင့်လို့ ကျောက်ဆောင်နဲ့တိုက် နံရံနဲ့တိုက်မိရင် ဝါးဖောင်ကြီးကွဲထွက်ပြီး ဖောင်ပေါ်ကလူလည်း ချောင်းထဲကျလို့ မြောသွားတော့တာပဲ၊ ချောင်းထဲကျရင် သေတာများပါတယ်ကွယ်၊ ခုနက ဝါးဖောင်ပျက်တဲ့ အပိုင်းအစတွေနဲ့ ထိုးမိရင်ထိုးမိ၊ မဟုတ်ရင်လည်း တောင်ကျချောင်းထဲမြောပါလာတဲ့ သစ်တုံးတွေနဲ့ တိုက်မိညှပ်မိကြတယ်၊ တစ်ချို့လည်း ကျောက်ဆောင်ကျောက်တုံးတွေနဲ့တိုက်မိလို့ သေကုန်ကြတာပါပဲ၊ မင်းတို့ဦးလေး မောင်နေထွန်းတို့ လူပျိုတုန်းက မင်းတို့အဘိုးနဲ့ ဝါးဖောင်မြောတာ လိုက်သွားကြသေးတယ်၊ ချောင်းရေထဲ ထိုးဝါးကိုင်ပြီး ဝါးဖောင်စီးရတာ နွားရိုင်းကြီးကို ကြိုးမတပ်ဘဲစီးရသလိုပဲတဲ့ ဝုန်းခနဲ ဝုန်းခနဲ ရုန်းရုန်းပြီးဆောင့်လို့ ကိုယ့်ကိုယ်ကိုယ်ပြုတ်မကျအောင် မနည်းရပ်ရတယ်တဲ့၊ မောင်နေထွန်းက အဲဒီကတည်းက ဝါးဖောင်ဆို ဒီတစ်သက်မလိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်သတဲ့ကွယ်"


"တော်တော် အန္တရာယ်များတာပဲ အဘွားရာ၊ အဘိုးက ဘာဖြစ်လို့ ဒီလောက်အသက်စွန့်လုပ်ရတဲ့ အလုပ်ကို လုပ်တာလဲဗျာ"


"သူက ဝါးပဲခုတ်တတ်တာတဲ့ ငလင်းရဲ့၊ တစ်သက်လုံးဝါးခုတ်လာတော့ တခြားအလုပ်မလုပ်တတ်ဘူး၊ မသေမချင်း ဝါးခုတ်မယ်လို့ပြောတာပဲ"


"အဘိုးက တေ်ာတော်ခေါင်းမာတာပဲဗျာ"


"အေးလေ အဲဒီလိုခေါင်းမာလို့လည်း ဘေးတွေ့တော့တာပေါ့"


"ဘယ်လိုဘေးတွေ့တာလဲ အဘွား"


"ဟောဒီပဲခူးရိုးမကြီးဆိုတာ မြင်အပ်၊ မမြင်အပ်တဲ့ အန္တရာယ်တွေအများကြီးရှိတယ်၊ မြင်အပ်တဲ့ အန္တရာယ်ဆိုတာကတော့ သားကောင်တွေအန္တရာယ်၊ နောက်ပြီး ငှက်ဖျားလို ရောဂါဘေးဆိုးတွေ၊ တစ်ခါ လက်နက်ကိုင်ထားတဲ့ ဓါးပြတွေ တောပုန်းတွေရန်ကလည်းရှိသေးတယ်၊ မမြင်အပ်တဲ့ အန္တရာယ်ကျတော့ မင်းသိတဲ့အတိုင်း ရုက္ခစိုး၊ ဘုမ္မစိုးတွေ၊ သိုက်နန်းရှင်တွေ၊ တစ္ဆေ၊ သရဲတွေပေါ့ကွယ်၊ တောနက်ထဲမှာ နတ်ကြမ်းတဲ့တောင်တွေ၊ မြောင်တွေဆိုတာလည်းမနည်းဘူးကွဲ့၊ ဟိုးအရင်ခေတ်ကတည်းက ရာဇဝင်တွေနဲ့အတူတူရှိခဲ့တယ်၊ မင်းတဲကုန်းတို့ ဘာတို့ဆိုရင် သရေခေတ္တရာလောက်ကတည်းက ရှိခဲ့တာ အခုထိ အဲဒီနေရာမှာ မြို့ဟောင်းမြို့ပျက်တွေ ကျန်နေတုန်းပဲ၊ နောက်ပြီး လူသေမြောင်တို့ဘာတို့ဆိုရင်လည်း မြေသိပ်ကြမ်းတဲ့နေရာကွဲ့၊ အဲဒီမြောင်ကိုရောက်လိုက်တိုင်း မုဆိုးပဲဖြစ်ဖြစ်၊ သစ်လုပ်သားပဲဖြစ်ဖြစ် တစ်ခုမဟုတ်တစ်ခုဖြစ်ပြီး သေတယ်၊ လူတွေသေတာများလွန်းလို့ လူသေမြောင်လို့တောင် အမည်ရနေပြီ"


"ဟုတ်တော့ဟုတ်တယ်နော်၊ အမေတို့ပြောတာလည်းကြားဖူးတယ်"


"ဒါပေါ့ ငလင်းရယ်၊ မင်းတို့အဘိုးလည်း တစ်ခါဖြစ်ဖူးသေးတယ်၊ အဲဒီတုန်းက ဝါးတွေရှားတဲ့နှစ်ပေါ့၊ အရှေ့ရိုးမဘက်မှာ ဝါးတွေသုန်းလိုက်တာမှ မနည်းမနောဘဲ၊ ရှစ်ဆယ့်ခုနစ်ခုနှစ် ရှစ်ဆယ့်ရှစ်ခုနှစ်လောက်ပေါ့၊ ဝါးသုန်းတယ်ဆိုတာက ဝါးတွေက ပန်းတွေပွင့် အသီးတွေသီးပြီး သူ့အလိုလိုလဲပြီးသေကုန်တာကို ဝါးသုန်းတယ်ခေါ်တယ်ကွဲ့၊ ဝါးရုံကြီးတွေများ တစ်ရုံလုံး ပွင့်နေသီးနေလိုက်ကြတာ ဖွေးဖွေးကိုလှုပ်နေတာပဲကွယ်၊ မင်းတို့အဘိုးကတော့ အဲဒီနှစ် မပျော်နိုင်တော့ဘူးကွဲ့၊ ဝါးသုန်းပြီဆိုတော့ သူ့အတွက် စားကွက်ပျောက်ပြီပေါ့ကွယ်၊ ငွေကလည်း တစ်နှစ်စာကြိုယူပြီး သုံးပြီးပြီဆိုတော့ ဝါးဝယ်တဲ့လူတွေကို မဖြစ်မနေ ဝါးရှာပေးရတော့မယ်မဟုတ်လား"


"အဲဒါနဲ့ ဘာဆက်ဖြစ်လဲအဘွား"


"ဝါးသမားတွေဟာ ဝါးရာသီရောက်တော့ ရိုးမထဲ ဝါးတွေလိုက်ရှာရတော့တာပေါ့၊ ဝါးသမားက မင်းတို့အဘိုးတစ်ယောက်တည်းရှိတာမှမဟုတ်တာ၊ ဝါးရှားတော့ သူ့ထက်ငါ အလုအယက် ဝါးတွေခုတ်ကြရင်း တစ်ချို့ဆိုရန်တွေဖြစ်လို့ တောထဲမှာတင် ခုတ်ကြထစ်ကြနဲ့ သေလိုက်ကြသေးတယ်၊ မင်းတို့အဘိုးကတော့ ဝါးထွက်တဲ့နေရာတစ်ခုကိုသိထားတယ်၊ အဲဒါကတော့ မယ်တော်မြိုင်လို့ခေါ်တဲ့နေရာပဲ၊ အဘွားလည်း မရောက်ဖူးပါဘူးကွယ်၊ မင်းတို့အဘိုးက တောကျွမ်းတော့ သူပဲ အဲဒီနေရာကိုသိတာ၊ အဲဒီ မယ်တော်မြိုင်ဆိုတာကလည်း တော်တော်ကြမ်းတဲ့နေရာဆိုပဲ၊ တော်ရုံလူ တော်ရုံမုဆိုး အဲဒီအထဲကိုမသွားရဲဘူးကွဲ့၊ တောင်ကြီးတစ်ခုရဲ့ အခြေမှာရှိပြီး လျှိုကြီးလိုဖြစ်နေတဲ့နေရာပေါ့၊ တစ်နှစ်ပတ်လုံး ရေပြတ်တယ်ဆိုတာမရှိဘဲ သစ်ပင်တွေဟာ အမြဲတမ်းစိမ်းစိုအုံ့ဆိုင်းနေတယ်၊ မုဆိုးတွေမသွားရဲတဲ့နေရာဆိုတော့ သားကောင်တွေဟာလည်း အမြဲလိုလိုပြည့်လျှံနေတတ်တဲ့နေရာပဲ"


"မုဆိုးတွေက ဘာဖြစ်လို့မသွားရဲတာလဲ အဘွား"


"ပြောပြီးပြီလေ ငလင်းရယ်၊ မြေကြမ်းပါတယ်ဆိုမှပဲ၊ အဲဒီ မြိုင်တန်းကို မယ်တော်ကြီးတစ်ပါးပိုင်တယ်၊ ဘယ်သူဘယ်ဝါလဲတော့ အဘွားတို့လည်းမသိဘူးပေါ့၊ အဲဒီမယ်တော်ကြီးက သူပိုင်တဲ့တောအုပ်ထဲက သစ်ပင်ဝါးပင်ကို ခုတ်ဖို့မပြောနဲ့ တောထဲနေတဲ့ သားကောင်ကလေးတွေကိုကို ဖမ်းတာဆီးတာတောင်မှ မကြိုက်ဘူး၊ ရောက်သွားတဲ့မုဆိုးတွေဆိုရင်လည်း ကျားလိုက်လို့ပြေးရတာနဲ့၊ ဆင်လိုက်လို့ပြေးရတာနဲ့ ပြေးချည်းပြေးနေရတယ်၊ မြို့ချောင်းဘက်မှာတာဝန်ကျတဲ့ အရာရှိတစ်ဦးကတော့ ဒါမျိုးတွေအယုံအကြည်မရှိဘူး၊ ချင်းလူမျိုး ဘာသာခြားကိုး၊ ဒီလောက်ဆိုးလှတဲ့ မယ်တော်မြိုင်ကို စိန်ခေါ်ပြီး အမဲသွားပစ်တာ သူတို့အဖွဲ့မြိုင်ထဲရောက်တော့ ခေါင်းဖြူဖြူနဲ့အဘွားကြီးတစ်ယောက်ရောက်လာပြီး သူတို့ကိုတားတယ်၊ ဆက်သွားရင် အကုန်သေမယ်ပေါ့၊ သူတို့ကလည်း ဆက်သွားတယ်၊ လူခြောက်ယောက်သွားကြတာ ငါးယောက်စလုံးကြောက်လန့်ပြီးပြန်ပြေးလာကြရတယ်၊ အဲဒီအရာရှိကတော့ ကျန်နေခဲ့တယ်၊ ဌာနကလူတွေ သွားရှာကြတဲ့အခါမှာ အရာရှိကြီးဟာ ပျောက်ခြင်းမလှပျောက်သွားတာ အခုထိကိုရှာမတွေ့တော့ဘူးတဲ့ကွယ်၊ အဲဒီနောက်ပိုင်း ဘယ်သူမှ အဲဒီဘက်ကိုမသွားရဲကြတော့ဘူး"


"အဘိုးက ဘာဖြစ်လို့များ သွားတာလဲဗျာ"


"သူက ခေါင်းမာတယ်လေ၊ ဒီအကြောင်းတွေကိုလည်း သိပ်ယုံတာမဟုတ်ဘူးကွဲ့၊ မင်းအဘိုးက ဘာမဆို သဘာဝကျကျတွေးတတ်တဲ့လူကိုး၊ အရင်တုန်းက ကွန်မြူနစ်ပါတီဆိုလား ဘာဆိုလား အဲဒီအထဲကိုလည်း ဝင်ခဲ့ဖူးသေးတယ်၊ ခုနကလို အရာရှိတွေပျောက်သွားတာလည်း မကျေနပ်တဲ့ လူတွေက သတ်ပြီးလက်စဖျောက်လိုက်တာလို့ပဲထင်တယ်၊ နောက်ဆုံး တားမရတော့ မယ်တော်မြိုင်မှာ ဝါးသွားခုတ်တယ်တဲ့လေကွယ်၊ အဘွားတို့လည်း သူအဲဒီကိုသွားမှန်းမသိဘူးပေါ့၊ သူက ဝါးခုတ်မယ်ပြောပြီးထွက်သွားတာကိုး တစ်ပတ်လောက်ကြာတော့မှ သူ့ကိုလှည်းကြီးနဲ့သယ်ချလာတာ၊ အဘွားတို့လည်း အဲဒီတော့မှ မယ်တော်မြိုင်မှာ ဝါးသွားခုတ်မှန်းသိလိုက်ရတာကွဲ့"


"လှည်းနဲ့သယ်လာတာဆိုတော့ ဘာဖြစ်သွားတာလဲအဘွား"


"မင်းအဘိုးတစ်ကိုယ်လုံး ချည့််နဲ့ပြီးတော့ အောက်ပိုင်းက မတ်တပ်ရပ်မရအောင် သေးငယ်သွားတယ်ကွဲ့၊ မင်းအဘိုးက လူကောင်သေးပေမယ့် သိပ်ပိန်တဲ့လူမဟုတ်ဘူး၊ အလုပ်ကြမ်းလုပ်တဲ့လူဆိုတော့ ကြွက်သားတွေဗလတွေရှိတန်တာတော့ ရှိတာပေါ့ကွယ်၊ အခုကျတော့ ခြေထောက်နှစ်ဖက်စလုံးဟာ ခြေသလုံးသား ပေါင်သားတောင်မရှိတော့ဘဲ အိုကွယ် . . . ပိုလီယိုရောဂါဖြစ်တဲ့လူတွေလို ခြေထောက်က ပိန်ကပ်ကပ်ကလေးဖြစ်ပြီး အရိုးပေါ်အရေတင်ဖြစ်သွားတော့တာကွဲ့၊ ဆရာဝန်ခေါ်ပြတော့ ဆရာဝန်က မယုံဘူး၊ တစ်ပတ်လောက်အတွင်းမှာ ကိုယ်တစ်ပိုင်းက ဒီလိုဖြစ်သွားတယ်ဆိုတာ ယုံနိုင်စရာမရှိဘူးလို့ပြောတယ်၊ ဆရာဝန်နဲ့ကုတာ မသက်သာလို့ ဗမာဆရာနဲ့ပြောင်းကုတယ်၊ ဗိန္ဓောဆရာကြီး စမ်းသပ်ကြည့်တော့ ခြေထောက်က အကြောတွေဟာ မလှုပ်ရှား မရုန်းကန်တော့ဘူး ပြောရရင်တော့ အကြောသေနေပြီပေါ့ကွယ်"


"အဲဒီမှာ အစောက အိမ်ရောက်လာတယ်၊ အဘွားတို့လည်း အိမ်မှာပြဿနာဖြစ်နေတော့ အစောကိုလည်း မပြောဖြစ်ပါဘူး၊ သူ့ဟာသူရောက်ချလာတာ၊ ပြီးတော့ မင်းအဘိုးခြေသလုံးကိုစမ်းကြည့်ရင်း တော်တော်အံ့သြသွားတယ်၊ အံ့သြသွားတာထက် ကြောက်လန့်ပြီး မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ကိုဖြစ်သွားတာ၊ အဘွားကိုလည်း ကပ်ပြောတယ်၊ ကရင်မရေ နင့်ယောက်ျားတော့ သူများပြုစားထားတာခံရပြီ၊ ပေါ့မနေနဲ့ အလွန်ဆုံးခံလှ နောက်လေးငါးရက်ပဲတဲ့၊ အဘွားလည်း တော်တော်တုန်လှုပ်သွားတယ်၊ မင်းအဘိုးကလည်း ကုနေရင်းတန်းလန်းနဲ့ လက်တွေပါသိမ်ကျလာတယ်၊ လက်မောင်းဆိုရင်လည်း အရိုးပဲရှိတော့တယ်၊ အဲဒါနဲ့ အစောကိုကုပေးဖို့ ပြောရတာပေါ့၊ အစောကလည်း သူကုပေးမယ်ဆိုပြီး ညဘက်ကျတော့ ချိန်းလိုက်တယ်"


"ကုလို့ရလားအဘွား"


"ပြောတာဆုံးအောင်နားထောင်ပါအုံး ငလင်းရယ်၊ သူကုတဲ့အခါ သူများမမြင်စေနဲ့ဆိုလို့ အဘွားတို့က ကြိတ်ကုရတာကွဲ့၊ အဲဒီတုန်းက မင်းအဘိုးရဲ့သူငယ်ချင်းတစ်ယောက်ရယ်၊ အဘွားရယ်၊ မင်းတို့အဘိုးကို တွဲချီပြီး အစောချိန်းတဲ့အတိုင်း တို့အိမ်အနောက်ဘက် ကွင်းကြီးထဲကိုခေါ်သွားရတာ၊ ကွင်းထဲရောက်တော့မှ အစောရောက်လာတယ်၊ ဒီပညာစက်တွေက တအားပြင်းထန်လို့ ကုလို့ရမရတော့ အာမမခံဘူးတဲ့၊ အဲဒီလိုပြောပြီးတော့မှ စကုတာ"


"ထင်တဲ့အတိုင်းပါပဲ၊ မယ်တော်မြိုင်ကိုသွားတော့ အဲဒီမယ်တော်ကြီးက တားသေးတယ်ဆိုပဲ၊ သူ့မြိုင်ထဲမှာ ဝါးလာမခုတ်ဖို့ပေါ့၊ အဲဒါ မင်းအဘိုးက ခေါင်းမာပြီး ဆက်လုပ်တဲ့အခါ သူက မကျေနပ်လို့ တစ်ခါတည်းအသေလုပ်လိုက်တယ်ဆိုပဲ၊ မင်းအဘိုးကို အဲဒီ မယ်တော်ကြီးဝင်ပူးကပ်ပြီး အစောနဲ့စကားတွေ အချီအချပြောကြတာကွဲ့၊ အစောကလည်း မယ်တော်ကြီးကို ပညာပြန်နှုတ်ဖို့ပြော ဟိုကလည်း နှုတ်မပေးဘူးဆိုပြီး ပြောကြသေးတယ်၊ နောက်တော့ တစ်ယောက်နဲ့တစ်ယောက် ပါးတွေရိုက်ကြတာ တဖြန်းဖြန်းနဲ့ပဲ၊ အဘွားတို့ဆို ကြည့်နေရင်းနဲ့ ရင်တွေပါတုန်လာတာ၊ အဲဒီကွင်းထဲမှာ တစ်နာရီလောက်လည်းကုပြီးရော အစောက တော်တော်မောနေပြီ၊ သူက အဘွားဘက်လှည့်ပြောတယ်၊ ကရင်မရေ နင့်ယောက်ျားတော့ ငါကုမနိုင်တော့ဘူး၊ မယ်တော်ကြီးရဲ့ပညာကို သူမဖျက်တတ်ဘူးလို့ပြောတယ်၊ ဒီမနက်နေထွက်တာနဲ့ မင်းအဘိုးသေလိမ့်မယ်တဲ့ကွဲ့၊ အဘွားကလည်း ကိုယ့်ယောက်ျားသေမယ်ဆိုတော့ ဘယ်နေနိုင်ပါ့မလဲ၊ အစောရှေ့မှာဒူးထောက် အစောကိုရှိခိုးပြီး တတ်နိုင်သလောက်ကယ်ပေးပါ၊ မဟုတ်ရင် ငါ့မှာ ကလေးတွေတစ်ပြုံတစ်မကြီးနဲ့ မုဆိုးမဖြစ်ရမယ်ဆိုပြီး တောင်းပန်မိတာပေါ့ကွယ်၊ အဲဒီတုန်းကတော့ ယောက်ျားဇောကပ်နေလို့သာ အစောကိုဖိအားပေးသလိုဖြစ်သွားမိတာပေါ့ကွယ်၊ တကယ်ဆိုရင် သူငယ်ချင်းအချင်းချင်း ဒီလိုမပြောသင့်ခဲ့ဘူး"


"အဘွားစောက ကုပေးခဲ့တယ်မဟုတ်လား"


"ကုပေးခဲ့တာပေါ့ကွယ်၊ အဘွားနဲ့ အစောနဲ့ဆိုတာ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေမဟုတ်လား၊ အစောပြောတာကတော့ မယ်တော်ကြီးက ဝါးလုံးခေါင်းအတိုက်လို့ခေါ်တဲ့ အတိုက်တစ်ခုနဲ့တိုက်ထားတာတဲ့၊ နောက်ဆုံးအတိုက်ရက်ပြည့်သွားရင် အဲဒီလူဟာ ဝါးလုံးတစ်ခုလို ပိန်ကပ်ခြောက်သွေ့ပြီး သေရောတဲ့၊ အစောက မင်းအဘိုးအရပ်လောက်ရှိတဲ့ ဝါးလုံးတစ်ချောင်းရှာခိုင်းတယ်၊ ဝါးလုံးကို မင်းအဘိုးအရပ်နဲ့တိုင်းဖြတ်ပြီးတော့ မင်းအဘိုးရဲ့ ရင်ဝမှာတစ်ဖက်ထောက်တယ်၊ ကျန်တဲ့ဝါးလုံးတစ်ဖက်ကို သူ့ရင်ဝမှာထောက်ပြီး အတိုက်အခိုက်စက်တွေကို သူ့ကိုယ်ထဲကိုထည့်ယူသွားတယ်ကွဲ့၊ သူပြောတာကတော့ ဝါးလုံးခေါင်းအတိုင်ကို ဝါးလုံးထဲကနေတဆင့် သူ့ကိုယ်ထဲစီးဝင်သွားအောင် ပြောင်းထည့်လိုက်တဲ့သဘောပေါ့ကွယ်၊ အဲဒီလိုလည်းပြောင်းထည့်ပြီးရော အစောတစ်ယောက် ဝုန်းခနဲအနောက်ပြန်လန်ပြီး လဲကျသွားတယ်"


"ဟာဗျာ . . . ဒါဆို အဘွားစောက အဘိုးကိုယ်စား သူဝင်ခံလိုက်တာပေါ့"


"ဟုတ်တယ် အစောက အသံယဲ့ယဲ့ကလေးနဲ့ပြောရှာတယ်၊ ဒီအတိုက်က မင်းအဘိုးရဲ့အသက်ကိုသေအောင်လုပ်နိုင်ပေမယ့် သူ့ကိုတော့ သေသွားအောင်မလုပ်နိုင်ပါဘူးတဲ့၊ အဲဒါနဲ့ မင်းအဘိုးကိုရော အစောကိုပါ အိမ်ထဲခေါ်သွင်းထားရတယ်၊ အစောက တစ်ညလုံး အိမ်ပေါ်မှာ တင်ပလ္လင်ခွေထိုင်ပြီး တို့ တရားထိုင်သလိုမျိုး သူ့ပညာတွေကိုစုပြီး ကိုယ်ထဲက အတိုက်ကိုခုခံရရှာတယ်ကွဲ့၊ သူ့တစ်ကိုယ်လုံးလည်း ချွေးစေးချွေးပေါက်တွေထွက်ပြီး ရေချိုးထားသလိုကို စိုရွှဲနေတာပဲကွဲ့၊ အဘွားက သူ့ချွေးတွေကိုသုတ်ပေးမယ်လုပ်တော့ မကိုင်နဲ့ သူ့ကိုမထိနဲ့ဆိုပြီး ပြောတယ်၊ အဘွားလည်း မကိုင်ရဲလို့ သူ့ကိုဘေးနားကနေ ယပ်တောင်နဲ့တစ်ညလုံးထိုင်ခပ်ပေးနေရတယ်၊ တစ်ချက်တစ်ချက် အစောက မျက်နှာမဲ့ရွဲ့သွားပြီး နှုတ်ခမ်းကိုသွားနဲ့ကိုက်ထားတတ်တယ်၊ တစ်ခါတစ်ခါလည်း သူ့ကိုယ်က တဆတ်ဆတ်တုန်ယင်နေတယ်။ မနက်နေထွက်လာတဲ့အခါကျတော့မှ မင်းအဘိုးက သတိပြန်လည်လာတယ်၊ အစောလည်း အဲဒီတော့မှ မျက်လုံးဖွင့်နိုင်တော့တယ်၊ အဘွားဆိုရင် အစောကို အားလည်းနာတယ်၊ ကျေးဇူးလည်းတင်တယ်၊ အစောက အိမ်ပြန်တော့မယ်ဆိုပြီး မတ်တပ်အထမှာ သူ့ခြေထောက်တစ်ဖက်က အရင်လိုမဟုတ်တော့ဘဲ တောင့််တင်းပြီး အကြောသေသွားပါလေရောကွယ်"


"ဒါဆို . . . ဒါဆို အဘိုးကိုကယ်လိုက်လို့ အဘွားစောခြေထောက် အကြောသေသွားတာပေါ့နော်"


"ဒါပေါ့ ငလင်းရဲ့၊ မင်းအဘိုးကိုယ်ထဲမှာ ဒီအတိုက်ရှိနေရင် မင်းအဘိုးအသက်သေမယ်၊ အစောကျတော့ ပညာတွေရှိတယ်ဆိုတော့ ပညာတွေရဲ့အခံကြောင့် ခြေထောက်တစ်ဖက်ပဲ အကြောသေသွားတာပေါ့"


အဘွားပြောတာကြားပြီးတဲ့အခါ ကျုပ်စိတ်ထဲမှာ အဘွားစောကို လေးစားမိသွားတယ်ဗျ၊ အရင်ကထက်ပိုပြီးတော့လည်း ချစ်ခင်သွားမိတယ်ဗျာ၊ သူငယ်ချင်းရဲ့ယောက်ျားသေမှာစိုးလို့ သူ့အသက်ကိုပဓာနမထားဘဲ မရရအောင်ကယ်ခဲ့တာကိုးဗျ၊ ဘယ်ပညာသည် ဘယ်ဆရာမှ တစ်သက်လုံး ဒုက္ခိတအဖြစ်ခံပြီး သူများကိုကယ်မှာမဟုတ်ဘူးဗျ၊ အဘွားစောမို့လို့သာ ကယ်ခဲ့တာပေါ့ဗျာ။


"နောက်တော့ ဘာဆက်ဖြစ်သွားလဲဟင် အဘွား"


"အစောက အဘွားကိုမှာခဲ့တယ်ကွဲ့၊ မင်းအဘိုးကို နောက်နောင်ဘယ်တော့မှ ဝါးမခုတ်ခိုင်းဖို့ပေါ့၊ ဝါးလုံးခေါင်းနဲ့တိုက်ခံထားရတဲ့လူဟာ ဝါးမခုတ်သင့်တော့ဘူး၊ ခုတ်ရင် အသက်တိုမယ်လို့ ပြောလိုက်တယ်၊ အဘွားကလည်း မင်းအဘိုးကို တိုက်ရိုက်ကြီးတော့ ဘယ်ပြောပါ့မလဲ၊ ဒီလိုပဲ အလိမ္မာကလေးနဲ့ နောက်နောင် ဝါးမခုတ်ပါနဲ့တော့၊ ကျုပ်တို့စိုက်ပျိုးစားမယ်ဆိုပြီး ချော့ပြောရတာပေါ့၊ မင်းအဘိုးလည်း ကြောက်သွားပုံရပါတယ်၊ အဲဒီနောက်ပိုင်း ဝါးတော့မခုတ်တော့ပေမယ့် သူ့တပည့်တွေကို ဝါးခုတ်ခိုင်းတယ်၊ သူ့တပည့်တွေမြောလာတဲ့ဝါးလုံးတွေကို သူက ဒိုင်ဖွင့်ပြီး ပွဲစားပြန်လုပ်တယ် ပြန်ရောင်းတယ်ပေါ့၊ အဲဒီလိုနည်းနဲ့ အဆင်ပြေသွားတယ်ဆိုပါတော့ကွယ်"


"နေပါအုံး အဘွားရဲ့၊ ဒေါ်သေးသေးပြောတာကတော့ အဘိုးက ဝါးခုတ်လို့သေသွားတာဆို"


"ဟုတ်တယ် ငလင်း၊ မင်းအဘိုးက လေးငါးဆယ်နှစ်လောက် ဝါးပွဲစားလုပ်လိုက်သေးတယ်၊ တစ်ခါကျတော့ ဘုရားလူကြီးတွေက သူ့ကိုလာရှာတယ်၊ ဘုရားပြင်ဖို့ ဘုရားကိုဝါးငြမ်းတွေဆင်ဖို့အတွက် ဝါးလိုတယ်ဆိုပြီး လာရှာတာ၊ အဲဒီတုန်းက တပေါင်းလကြီး၊ ပြောရရင် ဝါးရာသီမဟုတ်တော့ ဝါးတွေကလည်းမရှိဘူးပေါ့ ငလင်းရယ်၊ ဘုရားလူကြီးတွေက သူ့ကိုဘာပြောလိုက်သလဲတော့မသိဘူး တစ်ရက်တော့ အိမ်ကနေထွက်သွားတာပဲ၊ မင်းအဘိုးက အဘွားကိုလည်း ဘာမှမပြောမသွားဘူးကွဲ့၊ သူ့တပည့်ကလေးကိုမေးကြည့်တော့မှ ဘုရားငြမ်းဆင်ဖို့ ဝါးသွားခုတ်ပေးမယ်ဆိုပြီး ထွက်သွားတာတဲ့၊ အဘွားတို့လည်း သိသိချင်းပဲ မင်းတို့အဘိုးအနောက်ကို အမြန်လိုက်သွားကြတာ၊ အသိလည်းနောက်ကျသွားတယ်ဆိုပါတော့၊ သူထွက်သွားပြီး နှစ်ရက်လောက်နေမှ သိတော့တာကိုး၊ အဘွားတို့ရောက်သွားတဲ့အချိန်ကျတော့ မင်းအဘိုးရဲ့အသက်ကိုမမီလိုက်ပါဘူးကွယ်၊ မင်းအဘိုးရဲ့ အလောင်းကိုပဲပြန်ရလိုက်တယ်"


"အဘိုးက ဘာဖြစ်သွားတာလဲ အဘွား၊ မယ်တော်မြိုင်မှာသွားခုတ်လို့လား"


"မဟုတ်ပါဘူးကွယ်၊ တပေါင်းလဆိုတော့ ဝါးမြောလို့မှ မရတာ၊ နီးရာတောင်တစ်ခုမှာ လှည်းတစ်စီးနဲ့ဝါးသွားခုတ်ကြတာ၊ ခုတ်တာကတော့ သူ့တပည့်တစ်ယောက်ခုတ်တာပဲ၊ အဲဒါကို စိတ်တိုင်းမကျလို့ဆိုပြီး ကိုယ်တိုင်ဝင်ခုတ်တယ်တဲ့၊ ဝါးခုတ်ပြီးမကြာဘူး ခြေထောက်ကြွက်တက်တယ်ဆိုပြီး လဲကျသွားတယ်၊ ဘယ်ဖက်ခြေထောက်ကနေ ကြွက်တတ်တဲ့အလုံးကြီးက ရွစိရွစိနဲ့ ထိုးတက်လာတာဆိုပဲ၊ ခြေသလုံးကနေ ပေါင်၊ ပေါင်ကနေ အပေါ်ကိုဆက်တက်ပြီး နောက်ဆုံး ဗိုက်ထဲအရောက်မှာတော့ သေသွားတယ်ပြောတာပါပဲကွယ်"


"အဖြစ်ဆိုးလိုက်တာဗျာ၊ မဟုတ်မှလွဲရော အဲဒါ အဘွားစောပြောသလိုမျိုး ဝါးခုတ်လို့ထပ်ဖြစ်တာများလား၊ အဘွားက အဘိုးကိုသေချာမမှာလိုက်ဘူးလား"


"ငါလည်း ပြောတော့ပြောတာပေ့ါဟဲ့၊ ဒါပေမယ့် အစောကပြောတယ်လို့တော့ ဘယ်ပြောပါ့မလဲ၊ ပြောတိုင်းလည်း နင့်အဘိုးက ယုံတာမဟုတ်ပါဘူး၊ သူက တစ်ဇွတ်ထိုး တစ်ယူသန်၊ အထူးသဖြင့် သရဲတို့ စုန်းတို့ ပရလောကတို့ဆိုတာကို လုံးဝအယုံအကြည်ရှိတာမဟုတ်ဘူး၊ တစ်သက်လုံးမှာ ဗေဒင်တောင်တစ်ခါမှ မေးဖူးတဲ့လူမဟုတ်ပါဘူးဆို၊ ကဲ . . . ဒီလောက်ဆိုရင် သိရပြီမဟုတ်လား၊ ငါလည်း ဟင်းသွားချက်တော့မယ် ဒီညနေတော့ ကင်ပွန်းချဉ်ရွက်ဟင်းချိုကို ပုစွန်ခြောက်ကလေးခပ်ပြီး ချက်မယ်ကွဲ့"


အဘွားက ကင်ပွန်းချဉ်ရွက်ထည့်ထားတဲ့ ဆန်ကာခုံးကလေးကိုင်ပြီး ထွက်သွားတော့တယ်၊ အဘွားထွက်သွားပြီး ကျုပ်အဘွားစောအကြောင်းကို စဉ်းစားနေမိတယ်ဗျ၊ ဒီအချိန် ဒေါ်သေးသေးက ခြံထဲဝင်လာတယ်။


"ဟဲ့ ငလင်း၊ ဘာတွေဒီလောက်တောင် စဉ်းစားနေတာလဲ"


"ဘာမှမဟုတ်ပါဘူး အဘိုးဦးသောင်းအကြောင်း စဉ်းစားနေတာပါ"


"အောင်မယ် နင်က အဖေ့အကြောင်းကိုဘာတွေစဉ်းစားနေတာလဲ"


"အဘိုးသေသွားတာကို အဘွားပြောပြလို့ စဉ်းစားနေတာပါ ဒေါ်သေးသေးရဲ့"


"နင်က အဖေဝင်စားတယ်ဆိုတာရော မပြောဘူးလား"


"ဗျာ . . . ကျွန်တော် . . .ကျွန်တော်က အဘိုးဦးသောင်းဝင်စားတာတဲ့လား"


"အေးလေ၊ နင့်အမေက နင့်ကိုမပြောဘူးလား၊ အဘိုးဦးသောင်းသေပြီး တစ်နှစ်လောက်ကြာတော့ နင့်အမေနဲ့အဖေညားတာပဲ၊ နင့်အမေက သစ်လုပ်ကွက်ထဲလိုက်သွားရင်း တစ်ရက်ကျတော့ အိပ်မက်တစ်ခုမက်တယ်ဆိုပဲ၊ ငါတို့အဖေ ဦးသောင်းက ရွှေရောင်ဝါးပင်တွေကို ခုတ်နေတယ်ဆိုပဲ၊ သူ့ကိုတွေ့တော့ သမီးရေ ငါနင်တို့နဲ့လိုက်နေမယ်ဆိုပြီး အတင်းခုန်ဝင်လိုက်တယ်လို့ပြောတယ်ဟ၊ မကြာဘူး နင့်ကိုမွေးတာပဲ၊ ငါတို့အဖေသေပြီး နှစ်နှစ်လောက်ရှိမယ်ထင်တယ်ဟ"


"ဒေါ်သေးသေး တကယ်ပြောနေတာလားဗျာ"


"တကယ်ပေါ့ဟဲ့၊ မယုံရင် ဒီတစ်ခါ သစ်ကွက်ရောက်တော့ နင့်အမေကိုမေးကြည့်ပေါ့၊ အမေကလည်း နင့်ကို သူ့ယောက်ျားဝင်စားပါတယ်ဆိုပြီး မြေးတွေထဲမှာ နင့်ကိုအချစ်ဆုံးမဟုတ်လား၊ နင်ကလည်း သိပ်ဆိုး သိပ်ဗိုလ်ကျနဲ့ လိုက်လဲလိုက်ပါတယ် မြေးအဘွားတွေ"


ဒေါ်သေးသေးက ပြောပြီးထွက်သွားတယ်ဗျာ၊ အဖြစ်မှန်တွေအားလုံးသိလိုက်ရတော့ ကျုပ်ရင်ထဲ ဖိုးသိုးဖတ်သပ်ကြီးဖြစ်သွားတယ်ဗျာ၊ ဒေါ်သေးသေးပြောမှ သတိရတယ်၊ အဘွားက မြေးတွေထဲမှာတော့ ကျုပ်ကိုအချစ်ဆုံး အလိုလိုက်ဆုံးပဲဗျ၊ ဒါဆို ကျုပ်က ဝါးဖိုးသောင်းလို့ခေါ်တဲ့ အဘိုးဦးသောင်းဝင်စားတဲ့လူများလားဗျာ။


ပြီးပါပြီ။


#အဂ္ဂဇော် #အဘွားစော #စုန်း #သရဲ #ဖြစ်ရပ်မှန်