ကဝေမုန်းတဲ့ရွာ

ကဝေမုန်းတဲ့ရွာ

စာမူ…၁၄၂

ရှင်ညိုတစ်ယောက်ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့

သောကြောင့် ရွာသူကြီးဦးနောင်ချိုတို့သည်

အကျိုးအကြောင်းသိချင်ကြ၍ရောက်လာခဲ့ကြသည်။

“ဘွားအိမ်မှာ ဧည့်သည်ရောက်နေတယ်ဆိုဗျ”

သူကြီးဦးနောင်ချိုကသူ့အပြင်ဦးဘစီနှင့် မောင်တိုး၊မောင်အုန်းတို့ကိုလည်း အတူတူခေါ်လာခဲ့၏။

“ဟုတ်ပါ့ကွယ်…ဧည့်သည်တော့မဟုတ်ပါဘူး…

ဘွားရဲ့ မွေးစားသမီးလို့ပဲပြောရမှာပေါ့”

“ဗျာ…မွေးစားသမီး…ဘယ်သူများလဲဗျ…

ကျုပ်တို့လည်းမသိရပါလား”

ဘွားမယ်စိန်စကားကြောင့် သူကြီးဦးနောင်ချိုတို့

အံ့သြသွားကြသည်။

“နေပါဦးကွယ်…ဘွားခေါ်ပေးပါ့မယ်…

မြေးလေးရေ…ညည်းအစ်မကို မီးဖိုထဲကနေ

ခဏလောက် ထွက်ခဲ့ပါဦးလို့​ ပြောလိုက်ကွယ်…”

“ဟုတ်ကဲ့အဘွား”

ဒေါ်ဝင်းအိမ်၌မရှိ၍ ရှင်ညိုက မီးဖိုထဲ၌ ထမင်းဟင်း

ချက်နေခြင်းဖြစ်သည်။

“မမ…အဘွားက အပြင်ခဏထွက်ခဲ့ပါဦးတဲ့”

“ဘာလို့လဲ ညီမလေး…မမက ဒီမှာ

ဟင်းအိုးတန်းလန်းကြီးနဲ့…”

“အပြင်မှာရွာသူကြီးတို့ရောက်နေတယ်…

အဘွားက မမကိုသူတို့နဲ့မိတ်ဆက်ပေးချင်လို့

ဖြစ်မယ်မမရဲ့…”

“အင်းလေ…ဒါဆို မမလိုက်ခဲ့ပါ့မယ်…”

ဟင်းအိုးကို မီးဖိုပေါ်မှ ခဏချပြီး ရှင်ညိုတစ်​ယောက်

နန်းကြိုင်လေးနဲ့အတူ မီးဖိုထဲမှထွက်လာခဲ့သည်။

ရှင်ညိုကိုမြင်တော့ ကွပ်ပျစ်ခင်းပေါ်မှလူများသည်

မျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြ၏။

“ဘွားရဲ့မွေးစားသမီးဆိုတာ…သူပဲကွဲ့…

နာမည်ကတော့ ရှင်ညိုတဲ့…”

“အတော်ငယ်သေးတာပဲဗျ…

ချောကလည်းအတော်ချောဗျာ…

ကျူပ်တို့ရွာသူတွေတောင် အရှုံးပေးရမယ်ဗျ”

ရွာသူကြီးက ရှင်ညိုကိုချီးကျုးစကားပြော​လေသည်။

ရှင်ညိုက ထန်းလက်ခုံ၌ဝင်ထိုင်ပြီး ပြုံးနေခဲ့၏။

“သမီး… ဒါက ဘွားတို့ရွာသူကြီး ဦး​နောင်ချိုတဲ့…

ဒီဘက်ကတော့ဦးဘစီလို့ခေါ်တယ်…

နောက်ပြီး ဒီနှစ်ယောက်ကတော့ဘွားရဲ့သားတပည့်တွေ

ပြောရမယ်ဆိုရင်ဘွားရဲ့ဘယ်လက်ရုံး…

ညာလက်ရုံးပေါ့အေ…သူကတော့မောင်တိုးတဲ့…

ဟောသည်ဘက်ကတော့မောင်အုန်းလို့ခေါ်တယ်…

နောက်လည်း သိကြတွေ့ကြရမယ့်သူတွေပဲ

မှတ်ထားပေါ့…”

“ဟုတ်ကဲ့အဘွား…”

မောင်အုန်းနဲ့မောင်တိုးကလည်း ရှင်ညိုလေးကို

ပြုံးပြလေသည်။

“ဒါနဲ့ ဒီက တူမကြီးက ဘယ်ရွာသူများလဲ”

သူကြီးဦးနောင်ချိုက ရွာသူကြီးဆိုသည့်အတိုင်း

ရှင်ညိုကိုစတင်မေးခွန်းများမေးတော့သည်။

“ကျုပ်က သရက်ဖိုရွာကပါ…”

“သြော်…မိဘများကရော…”

မိဘများဟူသောအသံကြောင့် ရှင်ညိုမျက်နှာ

ပျက်ယွင်းသွား၏။

“ကျုပ်မှာမိဘတွေမရှိဘူး…

ကျုပ်ကိုမွေးစားခဲ့တဲ့ အဘကလည်း လွန်ခဲ့တဲ့

နှစ် နှစ်လောက်က ဆုံးသွားခဲ့ပြီ…”

“သြော်…အေး…အေးပါကွယ်…”

သူကြီးဦးနောင်ချိုမှာသူ့မေးခွန်းအတွက်

အားနာသွားသည်။

“အဘွား…ကျုပ်ဟင်းအိုးတည်နေလို့

အကြောင်းမရှိရင် သွားတော့မယ်နော်…”

“အေး…အေး…အေး….”

ဘွားမယ်စိန်ခွင့်ပြုသောကြောင့် ရှင်ညိုသည်

မီးဖိုထဲပြန်ဝင်လာခဲ့တော့သည်။

“ကျုပ်မေးမိတာမှားသွားပြီထင်တယ်ဘွားရေ…

ကလေးမလေးကြည့်ရတာ ဝမ်းနည်းသွားပုံပဲဗျ”

သူကြီးဦးနောင်ချိုက ရှင်ညိုကိုအားနာစိတ်ဖြင့်

ဘွားမယ်စိန်ကိုပြောလိုက်တော့ ဘွားမယ်စိန်ကခေါင်းညိတ်၍…

“ဖြစ်တတ်ပါတယ်ကွယ်…

သူ့ခမျာလည်း ဘဝက မချောမွေ့ရှာဘူး…

မိဘကပစ်ပယ်ပြီး သင်္ချိုင်းမှာပစ်ထားခဲ့လို့

သင်္ချိုင်းက သုဘရာဇာကြီးကမွေးစားခဲ့ရှာတာ…

အင်း…ဘဝကသနားဖို့ကောင်းတယ်ဆိုပြီး

သူ့ကိုဖိနှိပ်လို့လည်းမရဘူးနော်…

ဒီကလေးမလေးက ဘွားတို့လို ပညာထက်တယ်…

ဒါကြောင့်လည်းသူ့ရဲ့ပညာတွေကို

တလွဲမသုံးဖို့ ဘွားဆီခေါ်ထားတာကွဲ့”

ဟုပြောလေတော့ သူကြီးဦးနောင်ချိုတို့

မျက်လုံးပြူးသွားကြသည်။

“ဗျာ…ဒါဆိုသူက ဘွား…ဘွားလိုပဲလား”

“အင်း”

“ဟာ…သွားပါပြီ…ကျုပ်မေးမိတာကိုအငြိုးများထားပြီး…

ကျုပ်ကိုတစ်ခုခုလုပ်မှဖြင့်ဗျာ…”

သူကြီးဦးနောင်ချိုအထိတ်တလန့်ဖြစ်သွားသည်က်ို

ကြည့်ကာ ဘွားမယ်စိန်ပြုံးမိသည်။

‘မောင်ရင့်ကလည်းကွယ်…

သူကြားမှစိတ်ဆိုးနေပါဦးမယ်…

ဘွားဆီရောက်နေတဲ့ကလေးက အဲ့သည်လို

စိတ်ထားပါ့မလား မပူသင့်တာကိုပူမနေပါနဲ့…”

ဟုဘွားမယ်စိန်ကပြောတော့ မောင်တိုးတို့က

ခေါင်းညိတ်ထောက်ခံကြသည်။

“ဟုတ်ပါ့သူကြီးရာ…

ဘွားပြောတာမှန်တယ်ဗျ…”

ဦးဘစီကလည်းထောက်ခံသည်။

“အေးဗျာ…ကျုပ်အတွေးတိမ်သွားတယ်…”

သူကြီးဦးနောင်ချိုကလည်းပြောမိသည့်

စကားမှားသွားသည်ကို ဝန်ခံရှာသည်။

“အားလုံးနဲ့လည်းမိတ်ဆက်ပေးပြီးပြီဆိုတော့

သူ့ကို ဘွားရဲ့သမီးတစ်ယောက်လိုသဘောထားပြီး

ခေါ်ကြပြောကြပေါ့ကွယ်… “

“ဟုတ်ကဲ့ဘွား”

ဘွားမယ်စိန်နဲ့သူကြီးတို့စကားပြောနေကြစဥ်

ရှင်ညိုကတော့ မီးဖိုထဲ၌ကြက်သားအိုးလေး

တည်နေခဲ့သည်။

ကြက်သားအိုးကို ရေထည့်ပြီး ရှင်ညိုတစ်ယောက်

အတွေးများက အတိတ်ဆီသို့ရောက်ရှိသွား

ခဲ့​ပြန်သည်။

“အဘ…နေမကောင်းဘူးလား”

အိပ်ရာထဲမှ မထသေးဘဲ ခွေခွေလေးလှဲနေသော

ဦးဘကျော်၏အနားသို့ရှင်ညိုရောက်လာပြီးမေးလိုက်သည်။

“အဘ…နေလို့သိပ်မကောင်းလို့ပါသမီးရယ်…”

ဦးဘကျော်အသံက အားပျော့လှသည်။

ဦးဘကျော်၏နဖူးကိုလက်ဖြင့်စမ်းကြည့်ရင်း

ရှင်ညိုမျက်နှာပျက်သွားခဲ့သည်။

“အဘကို ကျုပ်ကုပေးမယ်…ခဏနော်အဘ…”

ရှင်ညိုရေတစ်ခွက်ကိုအပြေးခပ်ကာ ထိုရေခွက်ကို

မန်းမှုတ်ပြီးဦးဘကျော်အားတိုက်လေသည်။

ဦးဘကျော်ကိုရှင်ညိုစောင့်ကြည့်နေရာမှ…

ဦးဘကျော်ကမည်သို့မှထူးခြားမလာ၍ …

“ကျုပ် ရွာထဲကဆေးဆရာ

သွားပင့်လိုက်ဦးမယ်အဘ…”

“နေပါစေပါသမီးရယ်…

အဘတော်နေဆို… သက်သာလာမှာပါ”

“ဘယ်ဟုတ်မလဲ…

အဘကြည့်ရတာ ကျုပ်တော့သက်သာလာမယ်

မထင်ဘူး…

ကျုပ်ဆေးဆရာသွားခေါ်ပေးပါ့မယ်အဘရယ်…”

“မသွားပါနဲ့သမီးရယ်….

သမီး…ရှင်ညို….သြော်…ခက်လိုက်တာကွယ်…”

ဦးဘကျော်တားချိန်ပင်မရလိုက်။

ရှင်ညိုတစ်​ယောက် သရက်ဖိုရွာဆီသို့အပြေးထွက်သွားတော့သည်။

ဦးဘကျော်အတွက်ဆေးဆရာလိုအပ်၍သာ

ရှင်ညို ရွာထဲဝင်လာခဲ့မိသည်။

ဆေးဆရာအိမ်ကဘယ်အရပ်မှာရှိသလဲဆိုတာ

ရှင်ညိုမသိပေ။

ထို့ကြောင့် ရွာထဲ၌တွေ့သောရွာသူတစ်ယောက်အား…

“အစ်မ…ဒီရွာကဆေးဆရာအိမ်ကဘယ်နားမှာလဲ…”

ဟု…မေးတော့ရွာသူက ရှင်ညိုကို

ကြောင်အမ်းအမ်းဖြင့်ကြည့်သည်။

ပြီးလေတော့မှ အလန့်တကြားဖြင့် ရှင်ညို၏အနီးမှ

ခွာပြေးတော့၏။

ရွာသူ၏အပြုအမူကြောင့် ရှင်ညိုနားမလည်ဖြစ်ကာ

ရပ်ကြည့်နေမိသည်။

ခဏမျှကြာတော့ ရွာသူ၊ရွာသား လူသုံးဆယ်လောက်သည် ရှင်ညိုအနီးသို့ရောက်လာပြီး…

“ကဝေမ…နင်ငါတို့ရွာထဲကိုဘာလာလုပ်တာလဲ…

အခုထွက်သွား… ငါတို့ရွာနဲ့နင်နဲ့ဘာမှမသက်ဆိုင်ဘူး”

“ဟုတ်ပ…ရွာထဲကိုတောင် ကျုးကျုးကျော်ကျော်

ဝင်လာရဲတယ်…ထွက်သွားစမ်း”

“ဟုတ်တယ်…ထွက်သွား….”

တစ်ယောက် တစ်ပေါက်ဖြင့် ရှင်ညိုကို

မောင်းထုတ်နေကြသည်။

“ဟို…ကျုပ်လာတာက ကျုပ်အဘအတွက်ဆေးဆရာပင့်ချင်လို့ပါ…ကျုပ်တော်တို့ကို ဘာမှရန်မပြုပါဘူး…

ကျုပ်ကဆေးဆရာလာပင့်ယုံ သက်သက်ပါ…”

ရှင်ညိုကအကျိုးအကြောင်းရှင်းပြရှာသည်။

“နင်တို့ဆီကိုဘယ်ဆေးဆရာမှမလိုက်ဘူး…

အခုထွက်သွား…ထွက်မသွားရင် ရိုက်ထုတ်ရလိမ့်မယ်…”

“အဲ့သည်လိုတော့ မလုပ်ကြပါနဲ့ရှင်…

ကျုပ်အဘအတွက်ဆေးဆရာတကယ်လိုအပ်နေလို့ပါ…

ရှစ်ကြီးခိုးဆိုရင်လည်း ခိုးပါ့မယ်…

ကျုပ်အဘအတွက်ဆေးဆရာတော့ခေါ်ခွင့်ပြုကြပါ…”

ရှင်ညိုသည် အဘဖြစ်သူအတွက် ရွာသူ၊ရွာသားတို့အား

လက်အုပ်လေးချီကာတောင်းပန်နေခဲ့သည်။

“ဟေ့…နင့်ဘာနင်ရှိခိုးလို့မက ဘာလုပ်လုပ်…

တို့ရွာထဲတော့ဝင်ခွင့်မပြုနိုင်ဘူး…

ထွက်သွားအခု…”

ရွာသူ၊ရွာသားတို့သည် ရှင်ညိုပြောတာကို

လက်သင့်မခံကြ။

ရှင်ညိုအား ရွံရှာဖွယ်ကောင်းသော သတ္တဝါတစ်ကောင်ကဲ့သို့ကြည့်ကာ မောင်းထုတ်နေကြသည်။

ယခင်က ရှင်ညိုကိုချစ်ကြိုက်နေသော ရွာသားများပင်

ထိုလူအုပ်ထဲ၌ပါဝင်နေခဲ့၏။

“ကောင်မ နင့်ကိုထွက်သွားလို့ပြောနေတယ်လေ…

ကျော်စိုးဒေါသနဲ့တော့တွေ့တော့မယ်…

သွားဟာ…”

“ဘုန်း…”

ရွာသားတစ်ယောက်က ရှင်ညိုကို တွန်းထုတ်လိုက်​တော့

ရှင်ညို မြေပေါ်၌ ပုံလျှက်ကလေးလဲကျသွားသည်။

ရှင်ညိုမျက်ရည်ကျလာ၏။

အဘဖြစ်သူအတွက်ဝမ်းနည်းစိတ်ဖြင့် ရွာသူ၊ရွာသားတို့အား မျက်ရည်များကြားမှာ မော်ကြည့်လိုက်သည်။

ပြီးလေတော့ ဖုန်များကိုခါ၍ နေရာမှာထ

ထွက်လာခဲ့တော့၏။

သင်္ချိုင်းဆီသို့စိတ်ပျက်အားလျော့သောခြေလှမ်းများဖြင့်

တစ်လှမ်းခြင်းလှမ်းဝင်လာရင်း ဇရပ်အပေါ်၌

သွားလာနေသော ဦးဘကျော်ကိုမြင်တော့

ရှင်ညိုဝမ်းသာသွားသည်။

“အဘ…နေပြန်ကောင်းပြီထင်တယ်…”

ရှင်ညိုဝမ်းသာအားရဖြင့်အပြေးသွားတော့သည်။

“အဘ…နေကောင်းသွားပြီလား…

ကျုပ်ဝမ်းသာလိုက်တာအဘရယ်…..

ဟင်…အဘ…အဘက….”

ရှင်ညိုကိုပြုံးကြည့်နေသောဦးဘကျော်ဆီမှ

တခြားနေရာကိုရှင်ညိုကြည့်မိတော့အလန့်တကြား

ထအော်တော့သည်။

ရှင်ညိုမြင်နေရသည်က ဦးဘကျော်မှာနှစ်ဦးဖြစ်နေခဲ့သည်။

တစ်ဦးမှာ ဇရပ်ကြမ်းပေါ်၌ ခွေခွေကလေးလှဲနေသလို…

တစ်ဦးက ရှင်ညိုအားပြုံးကြည့်နေပေသည်။

“အဘက…သမီးကိုစောင့်နေတာ…

သမီးကိုအဘစိတ်ချပါတယ်…

အဘသမီးက သူများတွေနဲ့မတူဘဲ ရဲရင့်တဲ့ကလေးဆိုတာ

အဘသိတယ်…အဘမရှိတော့ရင်တော့

ဒီဇရပ်မှာမနေပါနဲ့တော့သမီးရယ်…

တခြားအရပ်ဒေသတစ်ခုမှာပဲ သမီးအခြေချပါ…

နောက်ဆုံးအနေနဲ့သမီးကိုအဘပေးနိုင်တာက

အဘရဲ့ခေါင်းအုံးထဲမှာထည့်ထားတဲ့

ပိုက်ဆံလေးတွေပဲသမီး…

အဘသမီးကိုနှုတ်ဆက်ပါတယ်ကွယ်…

အဘသွားတော့မယ်သမီး”

ဦးဘကျော်၏စကားများကြောင့် ရှင်ညိုဝမ်းနည်းစွာ

ရှိုက်ငိုနေသည်။

နှုတ်မှလည်းဦးဘကျော်ကို…

“အဘမသွားပါနဲ့…ကျုပ်ကိုတစ်ယောက်ထဲ

မထားခဲ့ပါနဲ့အဘရယျ…အီးးဟီးးးးးဟီးးးးး

ကျုပ်ကိုမထားခဲ့ပါနဲ့…….”

ဟု…တားမြစ်နေခဲ့သည်။

ဦးဘကျော်၏ဝိညာဥ်သည်က ရှင်ညို၏အရှေ့မှ

တဖြေးဖြေးပျောက်ကွယ်လို့သွားခဲ့သည်။

ကြမ်းပြင်ပေါ်၌ ခွေခွေလေးသေဆုံးနေသော

ဦးဘကျော်၏အလောင်းသာ ကျန်ရစ်ခဲ့ပေသည်။

ရှင်ညိုမှာ ကြမ်းပြင်ပေါ်သို့ ခေါင်းငိုက်စိုက်ချ၍

အော်ဟစ်ကာ ငိုယိုနေသည်။

“အဘ….အဘရယ်…..”

ရှင်ညိုငိုယိုနေရင်းမှ မချိတင်ကဲအော်ဟစ်ပြန်သည်။

ရှင်ညို၏စိတ်အတွင်း၌ဝမ်းနည်းစိတ်များနှင့်အတူ

ဒေါသစိတ်များပါတဖြည်းဖြည်းဝင်ရောက်ကြီး

စိုးလာခဲ့၏။

“တောက်…ဒင်းတို့ကိုသတ်မယ်…

ဒင်းတို့ကိုသတ်ပစ်မယ်….”

ရှင်ညို၏မျက်ရည်များကျဆင်းနေသော မျက်လုံးများသည် အရောင်များတလက်လက်တောက်ပလာခဲ့၏။

လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ရှင်ညို

​ခြေလှမ်းကျဲကြီးဖြင့် သရက်ဖိုရွာသို့ထွက်လာခဲ့သည်။

သရက်ဖိုရွာထိပ်သို့ရောက်တော့ ရွာသူ၊ရွာသားများသည်

ရှင်ညိုကိုမြင်တော့ တခြားသူများကိုပါ အော်ဟစ်၍

ခေါ်ကြသည်။

“ဟိုကောင်မပြန်ရောက်လာတယ်ဟေ့…

လာကြ…လာကြ…”

ရှင်ညိုသည် ရွာသူ၊ရွာသားတို့အား ဒေါသတကြီး

စိုက်ကြည့်နေခဲ့သည်။

ရွာသူ၊ရွာသားများကလည်းရှင်ညိုကို ကြည့်နေကြ၏။

ထိုသို​ကြည့်နေရင်း ရှင်ညိုသည် လက်ညိုးကြီးငေါက်ငေါက်ထိုး၍…

“နင်တို့….နင်တို့ကြောင့်ငါ့အဘသေရတာ…

အေး…နင်တို့လည်းငါ့အဘလိုသေစေရမယ်ဟဲ့…”

“ဒုန်း…”

ဟု…အသားများတဆတ်ဆတ်တုန်ကာ

ဒေါသသံကြီး​ဖြင့် ပြောရင်း ခြေဖနောင့်ကိုမြေပေါ်သို့

အားပါပါဆောင့်ချလိုက်သည်။

“နင်တို့တွေလည်း ငါ့အဘသေသလို…

ကူကယ်ရာမဲ့ပြီးသေစေရမယ့်…

နင်တို့အားလုံးသေစေရမယ့်….”

ရှင်ညို၏စကားကြောင့် ရွာသူ၊ရွာသားတို့

တုန်လှုပ်သွားကြသည်။

“ဒီကောင်မကိုခဲနဲ့ထုကြပါဟဲ့…

ကဝေမက ငါတို့ရွာကို ကျိန်စာတိုက်နေတာ…

ထုကြဟဲ့…ထုကြ…”

ရွာသူ၊ရွာသားတွေက တစ်ယောက်တစ်ပေါက်

အော်ဟစ်ပြီး ရှင်ညိုကို ခဲဖြင့်ထုကြသည်။

ရှင်ညို၏နဖူးအား ခဲထိမှန်လာ၍ နဖူးမှသွေးများ

ရဲရဲနီအောင် စီးကျလာခဲ့သည်။

“တောက်…”

ရှင်ညိုတောက်တစ်ချက်ခေါက်ပြီး လှည့်ပြန်ထွက်လာခဲ့သည်။

ကျန်ရစ်ခဲ့သော သရက်ဖိုရွာသူ၊ရွာသားများကတော့

စိတ်မအေးကြပေ။

ရှင်ညို ကျိန်စာတိုက်လိုက်၍အားလုံးကြောက်လန့်နေကြ၏။

“အခုဘယ်လိုလုပ်ကြမလဲ…ကဝေမက ကျုပ်တို့ရွာကို ကျိန်စာတိုက်သွားပြီ…သူကြီး…ပြောဦးလေတော်…”

“ဟုတ်တယ်သူကြီး…တစ်ခုခု လုပ်မှဖြစ်တော့မယ်ဗျ…”

“တောက်…ဒီကောင်မကိုသတ်ပစ်ကြရအောင်ဗျာ…”

ရွာသူ၊ရွာသားများ၏စိတ်အတွင်း၌

ကြောက်စိတ်နှင့်အတူရှင်ညိုအားသတ်ပစ်ချင်

စိတ်များပါ ဝင်ရောက်လာခဲ့သည်။

“နေကြပါဦးကွာ…ဒီကောင်မလေးက

ငယ်စိတ်ကြောင့်အခုလို မင်းတို့ကို

ဆက်ဆံတာဖြစ်ပါလိမ့်မယ်…ငါသွားပြီး

ညှိနှိုင်းကြည့်ပါဦးမယ်ကွာ…”

သရက်ဖိုရွာသူကြီး ဦးထွန်းမောင်က

ရွာသူ၊ရွာသားများကိုဖျန်ဖြေပေးရှာသည်။

“ဘာညှိနှိုင်းမှာလဲဗျ…

ရွာသူကြီး…ခင်ဗျားနားကန်းနေလား…

အဲ့သည်ကောင်မကျုပ်တို့တစ်ရွာလုံးကို

ကျိန်စာတိုက်သွားတာဗျ…

ဒီကောင်မကို အရှင်မထားသင့်ဘူး…

သတ်ပစ်ရမယ်ဗျ…သတ်ပစ်ရမယ်…”

“ဟုတ်တယ်သူကြီး ဒီကောင်ပြောတာမှန်တယ်ဗျ…”

ရွာသားတွေက သူကြီးဦးထွန်းမောင်၏စကားကို

လက်မခံကြပေ။

ရွာသူကြီးဦးထွန်းမောင်မှာ မည်သို့မှတားမြစ်၍မရသောကြောင့် စိတ်ပျက်လက်ပျက်သာ ထိုင်နေခဲ့တော့သည်။

ရှင်ညိုတစ်ယောက်ကတော့ သင်္ချိုင်းကုန်း၌

ပေါက်တူးတစ်လက်ကို ကိုင်ကာ မြေကျင်းတူးနေရှာသည်။

မျက်နှာအထက်၌ ချွေးများ…မျက်ရည်များအပြင်

မြေမှုန်များကပါ ကပ်တွယ်နေခဲ့၏။

ဒါ့အပြင် နဖူးအထက်တွင်သွေးများကပါ

ရဲရဲနီလျှက်ရှိပေသည်။

ရှင်ညို၏နံဘေး၌ မည်းမည်းသဏ္ဍန်တို့မှာလည်း

အဖွဲ့လိုက်ပင်ရှိနေခဲ့၏။

ရှင်ညိုမြေကျင်းတူးပြီးလေတော့ မည်းမည်းကောင်ကြီးနှစ်ကောင်သည် ဦးဘကျော်၏အလောင်းအား သယ်ယူလာပေးကြသည်။

ဦးဘကျော်၏အလောင်းကို မြေကျင်းထဲသို့ ဖြေးညှင်းစွာ

ချပေးကြ၏။

“အဘ…ကျုပ်…ကျုပ်ကိုဘာဖြစ်လို့တစ်ယောက်ထဲ

ထားခဲ့ရတာလဲအဘရယ်…”

ရှင်ညို ထပ်မံကာငိုပြန်သည်။

ဦးဘကျော်၏အလောင်းကတော့ မြေကျင်းထဲ၌

ငြိမ်သက်လျှက်ရှိ၏။

ရှင်ညို ပေါက်တူးလေးကို ကိုင်ပြီး မြေကြီးများကို

ကျင်းထဲသို့ သဲ့ချလိုက်သည်။

ငိုယိုရင်းဖြင့် ဦးဘကျော်၏အလောင်းကို မြေဖို့ပေးခဲ့၏။

ဦးဘကျော်အလောင်းကို မြေဖို့ပေးပြီးသည်အထိ

ရှင်ညို ထိုနေရာမှထွက်မသွားသေးဘဲ ဒူးလေးထောက်ကာမြေပုံကိုလက်အုပ်လေးချီကာ ကန်တော့လိုက်သည်။

ကန်တော့ပြီးလေတော့ နားအတွင်းသို့ဝင်လာသော

အသံတစ်ခုကြောင့် ရှင်ညို ဆတ်ခနဲထလိုက်သည်။

သင်္ချိုင်းအပြင်သို့ မျက်မှောင်ကျုံ့ကာ ကြည့်လိုက်၏။

ပြီးလေတော့ ထဘီကို ပြင်ဝတ်ပြီး သင်္ချိုင်းအပြင်ကို

​ခြေလှမ်းကျဲကြီးဖြင့် ထွက်သွားခဲ့သည်။

သင်္ချိုင်းထိပ်၌ ရှင်ညိုခါးကြီးထောက်ကာ

အရှေ့တည့်တည့်ကိုကြည့်နေခဲ့သည်။

ရှင်ညိုကြည့်နေစဥ်မှာပင် မီးတုတ်များ…ဓားများ..

တုတ်များကိုင်ထားသည့် လူအုပ်ကြီးရောက်ရှိလာခဲ့သည်။

“ဟိုမှာ…အဲ့ကောင်မကိုသတ်ကြ….”

ရွာသားတွေက ဒေါသတကြီး ရှင်ညိုကိုသတ်ဖို့ပြေးလာကြသည်။

ရွာသားတွေကိုကြည့်နေသောရှင်ညိုသည် ရုတ်တရက်ကြီးပင် ဟားတိုက်ကာ ရယ်မောလေတော့ ရွာသားများပင် ကြောင်အမ်းစွာခြေစုံရပ်ကုန်ကြသည်။

“ဟားးး….ဟားးး…ဟားးး….ဟားးး…ဟားးး…ဟားးး…

ဟားးး…ဟားးးး….ဟားးး….ဟားး……လာကွစမျး…

လာကြစမ်း…ငါ့သင်္ချိုင်းကိုလာတဲ့

မသာတွေလာကြစမ်းဟဲ့…”

“ဟိတ်ကောင်တွေ…

ဘာလုပ်နေတာလဲ သတ်ကြလေ…”

ရွာသားတွေအချင်းချင်းပြန်သတိပေးကြသော်လည်း

ခေါင်းများခါရမ်းပြီး…

“ကြောက်…ကြောက်စရာကြီးဗျ…

ကျုပ်မသတ်ရဲဘူး…”

“ဟုတ်တယ်ကျုပ်လည်း မသတ်ရဲဘူးဗျ…”

“ဟာ…ဒီကောင်တွေ…ငစုန်နဲ့ ဘိုဝင်း…လာကြ

မင်းတို့နဲ့ ငါဒီကောင်မကိုသတ်ပစ်ကြမယ်…”

ရွာသားသုံးယောက်က ဓားကိုယ်စီဖြင့် ရှင်ညိုအနီးကို

ကပ်လာကြသည်။

ကျန်ရွာသားတွေကတော့ ခပ်လှမ်းလှမ်းမှကြည့်နေကြ၏။

“ကျား…”

“ဝီး…”

“ဘုန်း… “

“အင့်…”

ရှင်ညိုကိုဓားဖြင့်ပြေးခုတ်သော ရွာသားကို

ရှင်ညိုကပေါ့ပါးဖျတ်လတ်စွာရှောင်ပြီး

ထိုရွာသား၏ကျောပြင်အား သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ရွာသားမှာအင့်ဟုသာအော်နိုင်ပြီး

ပါးစပ်မှသွေးများပင်ထွက်လာကာမြေပေါ်၌ ဒူးထောက်လျှက်ငြိမ်သက်သွားခဲ့သည်။

“ဟာ…မျက်လုံးကြီးကနီရဲနေတာပဲ…

ငစုန်ကိုသတ်လိုက်ပြီထင်တယ်…

ငစုန်သေပြီထင်တယ်…ပြေးကြဟေ့…ပြေးကြ…

ငါတို့ကိုပါသတ်တော့မယ်ထင်တယ်…ပြေးကြဟ…”

ငစုန်သေသွားတာကိုမြင်တော့ ရွာသားတွေ

ကြောက်လန့်တကြားပြန်ပြေးကုန်ကြတော့သည်။

ရှင်ညို၏နံဘေး၌ ဒူးထောက်လျှက်သေဆုံးနေသော

ငစုန်သာကျန်ရစ်ခဲ့၏။

ရှင်ညိုလည်း သင်္ချိုင်းထဲသို့ပြန်ဝင်လာခဲ့သည်။

ဇရပ်အပေါ်၌ တိုင်လုံးကိုမှီရင်း ရှင်ညိုထိုင်နေခဲ့တော့သည်။

ယခုဆို သူမအားမွေးစားစောင့်ရှောက်ပေးခဲ့သော

ဦးဘကျော်သည်လည်းမရှိတော့ပေ။

ရှင်ညိုတစ်ယောက်အတွေးများဖြင့် တစ်ညလုံးအိပ်၍

မပျော်ခဲ့သလို သရက်ဖိုရွာသူ၊ရွာသားများမှာလည်း

ရှင်ညိုကိုကြောက်၍အိပ်မပျော်ကြပေ။

ဒါတင်မကသေး ငစုန်၏အလောင်းကိုပင်မည်သူမှမကောက်ရဲသောကြောင့် နံနက်အစော၌

ရွာသူကြီးနှင့်ရွာသားအချို့လာကောက်ရသည်။

သို့သော် ထိုအလောင်းကို ရွာသင်္ချိုင်း၌

ဝင်မမြုပ်ရဲသောကြောင့် ရွာပြင်သို့

ထွက်မြုပ်ကြရသေးသည်။

မိုးလင်းတာနှင့်လုပ်ကိုင်စရာများလုပ်ကိုင်ကြပြီး

ညနေ နေဝင်သည်နဲ့အိမ်ထဲသို့ဝင်ကုန်ကြသည်။

တစ်ရွာလုံးလည်းနေဝင်ပြီဆိုတာနှင့်

တိတ်ဆိတ်လို့နေခဲ့သည်။

ထိုသို့နေထိုင်လာရင်း မကြာပါ…

သရက်ဖိုရွာ၌ ဝမ်းရောဂါစဖြစ်လာခဲ့၏။

ရွာသူ၊ရွာသားများ၊ကလေးများပါမကျန်

ထိုဝေဒနာကိုခံစားကြရသည်။

ရွာရှိဆေးဆရာပင်လက်မလည်အောင်

ကုသပေးရရှာသည်။

သို့သော်ပျောက်ကင်းသက်သာသူများနည်းပြီး

အသက်ဆုံးရှုံးသူများကပို၍များနေခဲ့သည်။

“ဒါဟို​ကောင်မရဲ့ ကျိန်စာ…သူ့ကျိန်စာကြောင့်

ကျုပ်တို့ရွာသူ၊ရွာသားတွေသေရတာတော့်….

အီးးးးးဟီးးးးးးဟီးးးးးဟီးးးးးးးး”

ရွာသူ၊ရွာသားတို့သည် ဝမ်းနည်းစွာငိုယိုကြလေသည်။

ရှင်ညို၏ကျိန်စာကြောင့် ယခုလိုရောဂါဆိုးကြီးရွာ၌

ကျရောက်လာခဲ့သည်ဟုလည်းအားလုံးက

ယုံကြည်ကြသည်။

ရောဂါကြောင့်သေဆုံးသူများကို သင်္ချိုင်းသို့

သွား၍မပစ်ရဲသောကြောင့် ရွာပြင်၌သာ

မီးရှို့၍သဂြိုလ်ကြရသည်။

ထိုသို့တစ်ရက်၌ အဘိုးအိုတစ်ဦးရွာသို့ရောက်လာခဲ့သည်။

အိမ်တိုင်း၌လူမမာကိုယ်စီရှိ၍ ထိုအရေးကိုသာ

ပူပန်နေရသောကြောင့် မျက်နှာစိမ်းဖြစ်သော

အဘိုးအိုအား မည်သူကမှ သတိမမူမိကြပေ။

“သူကြီးရှိလား…”

“ရှိတယ်ဟေ့…ဘယ်အိမ်ကဘာဖြစ်ပြန်တာလဲကွာ…”

သူကြီးအိမ်သို့ အဘိုးအိုရောက်သွားသည်။

“ကျုပ်က ဆေးဆရာပါ…

ဒီရွာက လူနာတွေကို ကျုပ်ကုပေးနိုင်ပါတယ်…”

အဘိုးအို၏စကားကြောင့် သူကြီးသည်အဘိုးအိုအား

သေချာကြည့်၏။

အဝတ်အစားခပ်နွမ်းနွမ်းဖြင့် ပစ္စည်းဟူ၍ လွယ်အိတ်လေးတစ်လုံးသာပါသည့်အဘိုးအိုကို သူကြီးက…

“ဟုတ်မှလည်းလုပ်ပါအဘိုးရယ်…

ကျုပ်တို့ရွာကဆေးဆရာတောင် ဒီရောဂါကို

လက်မြှောက်ထားတာဗျ…”

“ကျုပ်ကုပေးနိုင်ပါတယ်သူကြီး…

ကျုပ်ကိုကုသခွင့်လေးပဲပေးပါ…”

အဘိုးအိုကတောင်းဆိုနေတော့သူကြီးမှာ

မငြင်းဆန်တော့ဘဲ…

“ဟုတ်ပြီဗျာ…ဒါဆိုရင် အဘိုးကုချင်ရင်

ကျုပ်မိန်းမကိုသာ အရင်ဆုံးကုပေးဗျာ…

အဘိုးကုလို့ကျုပ်မိန်းမသက်သာရင်ဖြင့်

တစ်ရွာလုံးကိုအဘိုးကုပေးရမယ်…”

“အေး…ဒါဖြင့်လည်းကုရတာပေါ့”

အဘိုးအိုကပြုံး၍ပြောရှာသည်။

ထိုသို့ဖြင့်သူကြီးမိန်းမကိုအဘိုးအိုက

အရင်ဆုံးကုသပေးသည်။

ရွာရှိဆေးဆရာကဲ့သို့ ဆေးတိုက်၍ကုသပေးခြင်းမဟုတ်ဘဲ ရေတစ်ခွက်တောင်း၏။

ထိုရေကို အဘိုးအိုက မန်းမှုတ်ပြီးလေမှ

သူကြီးကတော်ကို တိုက်စေသည်။

အဘိုးအို၏ရေမန်းက ထူးခြား၏။

အိပ်ရာထဲ၌ မျော့မျော့သာ ကျန်သော

သူကြီးကတော်တစ်ယောက် လန်းဆန်းလာသည်။

သူကြီးကတော် ထူထူထောင်ထောင်ဖြစ်လာခြင်းကြောင့်

သူကြီးမှာ အတော်ပင်ဝမ်းသာနေခဲ့သည်။

အဘိုးအိုကိုလည်းကျေးဇူးတင်လွန်း၍ ရိုသေစွာပင်

လက်အုပ်လေးချီကာပြောရှာတော့သည်။

“ကဲ… ဘယ့်နဲ့လဲသူကြီး…

ကျုပ်တစ်ရွာလုံးကိုကုသပေးလို့ရပြီလား”

“ရတာပေါ့အဘိုးရယ်…

အဘိုးကိုကျုပ်ယုံပါပြီဗျာ…”

သူကြီးက ဝမ်းသာအားရပင် အဘိုးအကြောင်းရွာထဲ

လှည့်ကာအော်ပြောသည်။

ယုံသူရှိသလို မယုံသူများကလည်းရှိနေ၏။

သို့သော် အဘိုးကုပေးသူမှန်သမျှ ရောဂါပျောက်ကင်းသွားကြ၍ သရက်ဖိုရွာသူ၊ရွာသားတို့မှာ

အဘိုးနားတွင်ဝိုင်းကာနေကြတော့သည်။

“အဘိုးရယ်…ကျုပ်တို့ဖြင့် ဆေးတွေအများကြီးသောက်ခဲ့ပေမယ့် ဘာမှထူးမလာခဲ့ဘူး…အခုတော့အဘိုးရဲ့ရေမန်းတစ်ခွက်နဲ့တင် ကျုပ်တို့သက်သာလာတာ

တကယ်ကို အံ့သြရပါတယ်ရှင်…”

“ဟုတ်ပါ့ဗျာ…

အဘိုးကသိပ်စွမ်းတာပဲ”

အားလုံးက အဘိုးအိုကို ချီးကျုးကြသည်။

“ကျုပ်ကစွမ်းတာမဟုတ်ပါဘူးကွယ်…

ကျုပ်ယုံကြည်ကိုးကွယ်တဲ့ ဘုရား…တရား…သံဃာကျေးဇူးကြောင့်ပါ…

မောင်ရင်တို့တတွေလည်းဘုရားမေ့…တရားမေ့

မနေထိုင်ကြနဲ့…”

“ဟုတ်ကဲ့အဘိုး…”

“ကဲ…မောင်ရင်တို့တွေကိုအဘိုးကုပေးပြီးပြီဆိုတော့

အဘိုးခရီးဆက်ပါရစေဦး…”

“ခရီးဆက်မယ်…

မသွားပါနဲ့ဦးအဘိုးရယ်..

ကျုပ်တို့မှာအဘိုးကျေးဇူးကိုဘယ်လိုဆပ်ကြမလဲလို့

တိုင်ပင်နေတုန်းရှိပါသေးတယ်…

ဒါကြောင့်ရွာမှာနေပါဦးအဘိုးရယ်…”

ရွာသူ၊ရွာသားတွေက တားလေတော့ အဘိုးအိုက

ခေါင်းကိုခါရမ်းပြီး…

“ကျုပ်ကိုကျေးဇူးဆပ်ဖို့မလိုပါဘူး…

အကယ်၍ကျေးဇူးဆပ်ချင်ရင်တော့

ဘုရားကိုမမေ့နဲ့…တရားကိုမမေ့နဲ့…သံဃာကိုမမေ့ကြနဲ့…

သတ္တဝါတွေအပေါ်မှာမေတ္တာထား​ခြင်းဖြင့်

ကျုပ်ရဲ့ကျေးဇူးကိုဆပ်ကြပေါ့ကွယ်…”

“ဟုတ်ကဲ့ပါအဘိုး”

အဘိုးအိုက ထိုမျှသာပြောပြီးသူ၏ချည်လွယ်အိတ်လေးကို ကောက်လွယ်ပြီး နေရာမှထွက်သွားတော့သည်။

“ဟယ်တော်…အဘိုးနာမည်လည်းမမေးလိုက်ရဘူး”

“ဟုတ်ပ…ကျေးဇူးရှင်အဘိုးရဲ့နာမည်လေးကိုတောင်

ငါတို့မသိလိုက်ရဘူး…

လာ…လာ…ငါတို့အဘိုးအနောက်ကိုလိုက်ကြရအောင်”

ရွာသူ၊ရွာသားတွေသည် အဘိုးအို၏အမည်ကို

မသိလိုက်ရ၍ အနောက်မှလိုက်ကြတော့သည်။

သို့သော်သူတို့၏အရှေ့မှ သွားလာနေသော

အဘိုးအို၏ခြေလှမ်းကို အမီမလိုက်နိုင်ကြပေ။

အဘိုးအိုသည် ရွာပြင်ရှိသင်္ချိုင်းအတွင်းဆီသို့

ဝင်ရောက်သွားသောကြောင့် အားလုံး၏ ခြေလှမ်းများ

ရပ်တန့်သွားခဲ့ကြသည်။

“အဘိုးက သင်္ချိုင်းထဲဘာသွားလုပ်တာလဲ…”

“အေး…အဘိုးကြည့်ရတာ ဟိုကဝေမဆီကိုသွားတဲ့ပုံပဲ”

“ဒါဆို ကျုပ်တို့ဘာဆက်လုပ်ကြမလဲ…

ပြန်လှည့်ကြမလား”

“နေပါဦးကွာ…ခဏလောက်ဖြစ်ဖြစ်

စောင့်ကြည့်ရအောင်ပါ…”

ရွာသူ၊ရွာသားများ ထိုင်ကာစောင့်နေကြပါသော်လည်း

အဘိုးအိုသည်သင်္ချိုင်းအတွင်းဆီမှ ပြန်၍ ထွက်မလာခဲ့ပေ။

သင်္ချိုင်းဇရပ်ပေါ်၌ ထိုင်နေသော အဘိုးအိုသည်

သူ၏မူလရုပ်သွင်ကိုပြန်လည်ပြောင်းလဲလိုက်သောအခါ

ရှင်ညိုဖြစ်နေခဲ့၏။

အမှန်မှာရှင်ညိုသည်သူမတို့အား

မတူမတန်သလိုဆက်ဆံသော သရက်ဖိုရွာကို

မုန်းတီးမိသည်။

အဘဖြစ်သူကိုသူမ၏ရေမန်းဖြင့်မကယ်တင်နိုင်ခဲ့သော်လည်း သရက်ဖိုရွာသူ၊ရွာသားများကို

ကယ်တင်နိုင်ဖို သူမ၏ပညာဖြင့်အဘိုးအိုရုပ်သွင်ကို

ပြောင်းလဲကာ သရက်ဖိုရွာအတွင်းသို့ ဆေးသွား

ကုသပေးခဲ့ခြင်းဖြစ်သည်။

အကြောင်းအရင်းကိုသေချာမသိသော သရက်ဖိုရွာသူ၊ရွာသားများကတော့သင်္ချိုင်းအတွင်းမှ

အဘိုးအိုပြန်ထွက်လာလေမလား

ထိုင်စောင့်နေခဲဲ့ကြရှာသည်။

“အမယ်လေး….တူးကုန်ပြီ…တူးကုန်ပါပြီ…

ဒီလောက်ညှော်နံ့တွေထွက်နေတာကို

မသိကြဘူးလား”

ဒေါ်ဝင်းတစ်ယောက်မီးဖိုထဲအပြေးဝင်လာခဲ့သည်။

ဒေါ်ဝင်းအသံကြောင့် ရှင်ညိုအတွေးစများပြတ်သွားပြီး

သူ၏အရှေ့၌ရှိသော ဟင်းအိုးကိုကြည့်တော့

ရေများခမ်းကာ တူးကပ်နေလေသည်။

“ကဲ…မိရှင်ညို…တော်လေး ကျုပ်ရှေ့ကဖယ်တော့…

ကျုပ်တို့ကိုဟင်းချက်ကျွေးမယ်ဆိုလို့

အဟုတ်မှတ်နေတာ…အခုတော့ တူးကပ်နေတာနဲ့ပဲ

ညားတော့မယ်…”

“အရီးကလည်း…ကျုပ်သတိမပြုမိလို့ပါ”

“အေးပါ…အခုတော့ဖယ်ပေးဦး…

သွား…သွား…အနံ့တွေမွှန်ထူနေတာကို

အပြင်ထွက်နေလေအေ…”

ဒေါ်ဝင်းက ရှင်ညိုကို မီးဖိုထဲမှထွက်စေသည်။

ဘွားမယ်စိန်နဲ့သူကြီးတို့ကတော့ ရှင်ညိုကို

ကြည့်ကာပြုံးနေကြ၏။

ရှင်ညိုလည်းရှက်ရှက်ဖြင့် ဘယ်ဆီကိုသွားရမှန်းမသိချိန်

နန်းကြိုင်က ရှင်ညိုလက်ကိုဆွဲ၍…

“မမ…လာ…ရွာထဲအလည်သွားရအောင်”

ဟုပြောကာ ခေါ်သွားတော့လေသည်။

ထိုသို့ဖြင့် ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော

ကဝေမုန်းတဲ့ရွာဆိုတဲ့ဇာတ်လမ်းလေးပြီးဆုံးသွားပါသည်။

ကဝေမလေးရှင်ညို၏ဇာတ်လမ်းများကိုလည်း တင်ဆက်ပေးဦးမှာဖြစ်တာကြောင့်အားပေးကြပါဦးလို့

ပြောပါရစေရှင်။

ယဥ်မင်း(ကန့်ဘလူ)