သင် ဘယ်သူလဲ

 သင် ဘယ်သူလဲ

------------------
အကြင်သူသည် သူသိသော်လည်း သူသိမှန်း သူမသိ။ ထိုသူအိပ်ပျော်နေသည်။ နှိုးလိုက်ပါ။
အကြင်သူသည် သူမသိသော်လည်း သူမသိမှန်း သူမသိ။ ထိုသူသည် အရူး (လူမိုက်) ဖြစ်သည်။ ရှောင်လိုက်ပါ။
အကြင်သူသည် သူမသိသည်ကို မသိမှန်း သိသည်။ ထိုသူသည် ကလေးဖြစ်သည်။ သင်လိုက်ပါ။
အကြင်သူသည် သူသိသည်ကို သိမှန်း သိသည်။ ထိုသူသည် ဘုရင်ဖြစ်သည်။ သူ့နောက်ကိုလိုက်ပါ။
အထက်ပါစာကြောင်းအဆိုအမိန့်လေးကြောင်းသည် ဒဿနိကဗေဒပညာကို လေ့လာလိုက်စား သင်ယူ သူများနှင့် မကင်းနိုင်သည့် အဆိုအမိန့်တစ်ခုဖြစ်သည်။ စာကြောင်းလေးက လေးကြောင်းဆိုသော်လည်း အဓိပ္ပာယ်များစွာဖော်ဆောင်ပေးနေသည်။ ရှေးခေတ်ပါရှန်း သို့မဟုတ် အာရေဗျဒဿနနှင့်ဆက်စပ်နေသော အဆိုတစ်ခုဖြစ်သည်ဟု ဆိုကြသည်။
နှိုးလိုက်ပါ
လောကတွင် အိပ်ပျော်နေသူတွေများစွာရှိသည်။ သူသိသည်ကို သိမှန်းမသိသူတွေဖြစ်သည်။ သူတို့သိသည် သို့သော် သူတို့အပေါ် ဖိနှိပ်မှုတွေ၊ တုတ်နှောင်မှုတွေ၊ မျက်စိပိတ် နားပိတ်ထားမှုတွေကြောင့် သူတို့အသိတွေကို မထုတ်ဖော်ရဲလောက်အောင် ဖြစ်နေကြသူတွေများစွာရှိသည်။ အကြောက်တရားက သူတို့အပေါ် စိုးမိုးထား သောကြောင့်လည်း ဖြစ်နိုင်သည်။ ထိုသူတွေကို “ထလော့” ဆိုကာ နှိုးဆွပေးနိုင်သူတွေလိုသည်။
သူတို့မှာ ပင်ကိုယ်အရည်အချင်းရှိသူ၊ ဗဟုသုတရှိသူများ ဖြစ်သော်လည်း မိမိ၏ စွမ်းရည်ကို သတိမမူဘဲ ယုံကြည်မှု (Confidence) နည်းပါးနေသူတွေ လောကတွင် များစွာရှိသည်။ ထိုသူများသည် လူ့ဘောင်အဖွဲ့ အစည်းအတွက် အလွန်တန်ဖိုးရှိသူများဖြစ်သော်လည်း နွံနစ်နေသော ပတ္တမြားတွေလိုဖြစ်နေကြရသည်။ သူတို့ကို အားပေးမှု သို့မဟုတ် အခွင့်အရေးတစ်ခုခု ပေးလိုက်သည်နှင့် အစွမ်းအစတွေ အပြည့်အဝထွက်ပေါ် လာနိုင်သည်
ရှောင်လိုက်ပါ
ကိုယ်မသိသည်ကို မသိမှန်းမသိသော အရူး (လူမိုက်) တွေကား လောကတွင် သီးခြားရှိနေသည်။ ၃၈ ဖြာ မင်္ဂလာတွင် “လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ကင်းအောင်နေ” ဟူ၍ပင်ရှိသည်။ သို့သော် ရှောင်လွှဲ၍ မရနိုင်သော လူမိုက် အရူးတွေကား လောကတွင် ရှိနေနိုင်သည်သာ။ ထိုအရူးတွေက မိမိအားနည်းချက်ကို လုံးဝ သတိမမူကြပေ။ သူ့ကို ဝိုင်းဝန်းမြှောက်ပင့်နေသူတွေရှိလျှင် ပိုဆိုးသေးသည်။ ထိုသူမျိုးတွေနှင့် အချိန်ကုန်ခံပြီး ငြင်းခုန်ခြင်းသည် အကျိုးမရှိနိုင်ပေ။ မိမိစွမ်းအင်တွေ ထိုအရူးတွေနှင့် ဖက်ပြိုင်ပြီး မကုန်ဆုံးစေရန်လိုသည်။
သင်လိုက်ပါ
သူမသိသည်ကို မသိမှန်းသိသူများသည် ကလေးလိုဖြူစင်သူများဖြစ်သည်။ ထိုသူမျိုးတွေမှာ မိမိအတိုင်း အတာကိုသိပြီး သင်ယူရန်အသင့်ဖြစ်နေသူများဖြစ်သည်။ သင်ယူရန် စိတ်အားလည်းထက်သန်နိုင်သည်။ ပညာရေးရှုထောင့်မှကြည့်လျှင် ထိုလူစားမျိုးများသည် အချိန်ပေးပြီး ရင်းနှ်းမြှုပ်နှံသင့်သည့် အရင်းအမြစ်များ ဖြစ်သည်။
သူ့နောက်လိုက်ပါ
ကိုယ်တိုင်လည်းသိသည်။ ကိုယ်သိမှန်းသိသူတို့မှာ မိမိကိုယ်ကိုယုံကြည့်မှုရှိသူတို့၏ ထိပ်ဆုံးအဆင့်ဖြစ်သည်။ ထိုသူမျိုးများသည် ကျွမ်းကျင်မှု (Competence) လည်းရှိသလို မိမိ၏အစွမ်းအစကို မည်သည့်နေရာတွင် အသုံးပြုရမည်ဆိုသည်ကိုလည်း သိသူများဖြစ်သည်။ ထိုသူကို “ဘုရင်” ဟူ၍သတ်မှတ်ခြင်းမှာ ခေါင်းဆောင် နိုင်သည့် စွမ်းရည်ရှိသူအဖြစ် အကောင်းဆုံးတာဝန်ပေးရန်ဖြစ်သည်။ ထိုသူမျိုးတွေကသာ သူ့ယုံကြည်မှုက တစ်ဆင့် အခြားသူများကို လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။
အထက်ပါလူလေးမျိုးတွင် မိမိကိုယ်တိုင်က မည်သို့သောလူမျိုး၊ မည်သည့်အဆင့်တွင် ရှိနေကြောင်း ဆန်းစစ် တတ်ရန်လိုသည်။
မည်သူ့ကိုနှိုး
မည်သူ့ကိုရှောင်
မည်သူ့ကိုသင်
မည်သူ့နောက်လိုက်ရမည်ကို ကောင်းစွာသိစေရန် ကြိုးစားရမည်။
ကိုယ်ကိုယ်ကိုယ်ထင်တစ်လုံးနှင့် ဘာမှန်းညာမှန်းမသိသော အရူးတွေနောက် ဘာမှန်းညာမှန်းမသိစွာဖြင့် မလိုက်မိရန်လိုသည်။
တင်ညွန့်
၁၆.၁၂.၂၀၂၅