မြေထွေး

 မြေးထွေး #ခင်ခင်ထူး


      ” ငါ့မြေးကလေး ဘုန်းကြီးပါစေ အသက်ရှည်ပါစေ...ပညာတွေ တတ်ပါစေ...လူတစ်လုံး သူတစ်လုံးဘဝနဲ့ အများအကျိုး ဆောင်ရွက်နိုင်ပါစေသော်...”

      အမေက ကျွန်မသမီးကလေးခေါင်းကို ကိုင်ကာ ဆုတွေ ပေးနေသည်။ အမေက မြေးတွေကို ဆုပေးလျှင် ခေါင်းကလေးကိုကိုင်ကာ ပေးနေကျ...။ ကျွန်မသမီး ဖွေးဖွေးက မြေးအထွေးဆုံးဆိုတော့ အမေ အိုကြီးအိုမ အရွယ်ရောက်ကာမှ ထိတွေ့ရသောမြေးဟု ဆိုရပါမည်။ သည်ကြားထဲ ကျွန်မတို့က မန္တလေးမြို့သစ်မှာ နေကြာတာဆိုတော့ မြေးနှင့်ဘွားအေ တစ်လတစ်ခေါက် တွေ့ဖို့ပင် အနိုင်နိုင်...။ အမေက ကျွန်မတို့အိမ်ကို မရောက်လာနိုင်တော့ပြီ။ အသက် ၇၀ ကျော် ၈၀ နား သီသီဝေ့နေပြီဆိုတော့ အိမ်မှာဘဲ ငုတ်တုတ်ရှိရပြီ။ ကျွန်မတို့ကလည်း အမေ့အိမ်ရယ်လို့ ရောက်လှချင်စမ်းလှသော်လည်း စိတ်သွားတိုင်း ကိုယ်မပါ။ စိတ်ရောက်တိုင်း ခန္ဓာမလိုက်နိုင်။ ကျွန်မတို့ကလည်း အားပါမှ၊ သမီးကလည်း ကျောင်းပိတ်ပါမှ အမေ့အိမ် ခပ်ကျဲကျဲ ရောက်ရသည်။

       အမေက မြေးတရုန်းရုန်းနှင့် နေနေကျဆိုတော့ အမေ့ဝိုင်းထဲမှာ အစ်ကိုကြီးက မွေးသောမြေးသုံးယောက်၊ မောင်အလတ်ကမွေးသော မြေးနှစ်ယောက်၊ မောင်ငယ်ကမွေးသော မြေးသုံးယောက်တို့မှာ ဘွားအေနှင့် အနေနီးကြသည်။ မြေးတွေအားလုံးလိုလိုကို ကိုယ်တိုင် ကြော်လှော်ကျွေးသည်။ တစ်လုတ်တစ်ဆုတ်၊ တစ်ဖဲ့တစ်ကြွေစီ ဆိုပေသိ ကိုယ်တိုင် ဝေပေးသည်။ အဖေ ရှိတုန်းက ဆိုလျှင် အမေ့ကိုကြည့်ပြီး တဖွဖွပြောနေတတ်ငည်။

      ” ဘယ့်နှယ်...မြေးတွေ စုစုပြီး ဒုက္ခရှာနေပါလိမ့်ဗျာ...ဘုရားရယ်၊ ကျောင်းရယ်၊ ဥပုသ်ရယ်၊ သီတင်းရယ် စိတ်မရောက်ဘူး...သူ့မီသူ့ဘ ရှိလျက်နဲ့...အရင်းထမ်း အဖျားထမ်း... ”

      အဖေကလည်း မြေးတွေကို ချစ်ရှာသူ ဖြစ်ပါသည်။ သို့သော် အမေက ပိုလွန်းသည်ဟု ပြောချင်တာဖြစ်၏။ အမေကလည်း မြေးဒုက္ခ အင်မတန် ခံရှာသည်။ မနက် ငါးနာရီထ၊ ထမင်းအိုးတည်၊ ဆွမ်း တစ်ဇလုံစာ ခူးပြီးသည့်နှင့် မြေးတွေကို ညကကျန်သည့် ဟင်းရှိလျှင်ရှိ၊ မရှိလျှင် ပဲပြုတ်နှငိ့လောကာ မနက်စာ ကျွေးလေ့ရှိသည်။ မြေးတွေ ကျောင်းသွားမှ အမေ ခဏ အနားရသည်။ ကျောင်းပိတ်ရက်ဆိုလျှင်တော့ မြေးတွေ ပွတ်ပွတ်ရိုက်တော့သည်။ 

      ” အမယ်ကြီး...နားဦး...သာဝကတွေအတွက် အားမွေးထားဦး...ကျောင်းက ပြန်လာကြတော့မှာဗျ...နော...”

      အဖေက ရွဲ့ပြောလျှင် အမေက ” သည်းအဖေက ဥတစ်လုံးအေ့...” လို့ ပြောတတ်သည်။ အဖေပြောတော့လည်း ပြောစရာပင်။ မြေးတွေကို ရေချိုးပေးသည်။ မိဘများက လာစုပုံပေးထားသော အင်္ကျီအဝတ်အစားတွေကို ရွေးချယ်ဝတ်ပေးသည်။ လမ်းမုန့်၊ အိမ်မုန့် ကျွေးသည်။ အဝတ်ဟောင်းတွေ များလာတော့ အိုကြီးအိုမနှင့် ကိုယ်တိုင် လျှော်ဖွပ်သည်။

      သမီး ငါးနှစ်ပြည့်သည့်နေ့က ဘုရားကြီးသွားဖူးပြီး အမေ့အိမ်ကို ဝင်ကန်တော့စေသည့်အခါ အမေက ဆုပေးနေခြင်းဖြစ်၏။

      ” ငါ့မြေးနဲ့က အနေစိမ်းတော့ ငါ့ကို မခင်ရှာဘူးအေ့...သည်းတို့ နှစ်ယောက်စလုံး မအားမှန်းသိလို့ ထိန်းပေးချင် စမ်းလှအေ...ငါ့မြေးက ငါ့ဆီ နေချင်သဲ့ပုံ မပေါ်ဘူး ”

      မြေးရှစ်ယောက် ကိုင်တွယ်လာခဲ့ပြီးမှ မြေးထွေးကို မထိန်းရလေခြင်းရယ်လို့ တဖျစ်တောက်တောက် ပြောနေခြင်းဖြစ်သည်။ အဖေရှိလျှင် ဘာပြောဦးမည်မသိ။ အဖေဆုံးတာ ( ၁၅) နှစ် ရှိခဲ့ပြီ။ အဖေ့ဝေယျာဝစ္စတွေ ပြီးပြန်လို့ မြေးတွေ ဝေယျာဝစ္စ ပိုများလာ သလားတော့မသိ။ မြေးတွေက ဘွားအေကြီးနှင့်သာ အိပ်ကြတော့သည်။ မိဘတွေ ပြောလို့မပြီးတာကို ဘွားအေကြီးပြောမှ ပြီးကြသည်။ မိဘတွေက ကိုယ့်သားသမီးကိုယ် အိမ်ခေါ်ချင်ကြသော်လည်း အမေ မျက်နှာညိုပြန်တော့ ထားခဲ့ကြရပြန်သည်။ တစ်ခါတလေတော့ မြေးတွေ ပလုံစီထိုးနေတာကို ခေါင်းနောက်ပုံရပါ၏။

      ” ငါ့မလဲ ယားနာပေါ် ခူနာပေါက်ပါအေ...ဝိုင်းတိုက်ထဲ မြွေတွေ လွှတ်ထားသဲ့အတိုင်းပဲ...ကျွဲနွားသင်းပျက် အထိန်းခက်...မင်းတို့ကလေးတွေ ပြန်ခေါ်ကြ...မိုးလင်းလို့ ပုတီးမစိတ်ရဘူး...”

      မဟုတ်ပါ။ ဘယ်သားသမီးကမှလည်း ပြန်ခေါ်လို့မရပါ။ မြေးတစ်ကျိပ် နှစ်ယောက်လျော့လျှင် ပန်းညိုမျိုး ချိုးလေပွားလေ။

      အမေ့ကိုကြည့်ရင်း ကျွန်မငယ်ငယ်က ရွာမှာ အမေကြီးနှင့် နေခဲ့ရတာကို သတိရသည်။ အဖေက လှေထွက်၊ အမေက ဆယ့်နှစ်ပွဲ စျေးရောင်းဆိုတော့ တစ်ယောက်တည်းပါသော မ်ိန်းကလေးမို့ ထင်ပါရဲ့၊ ကျွန်မကို ရွာပို့ထားပါသည်။ ကျွန်မကို နှစ်နှစ်သမီးလောက်ကတည်းက ပို့ထားခဲ့ခြင်းဖြစ်ပါ၏။ ကြာတော့ အမေကြီးကိုပင် အမေထင်ခဲ့မိသည်။ အမေကြီးက အိပ်ရာက နိုးသည်နှင့် အပေါ့သွားခိုင်း၊ လက်ဆေးပြီး မီးသွေးမှုန့်နှင့်ဆား ရောထားသော သွားတိုက်ဆေးနှင့် သွားတိုက်ခိုင်းသည်။ ပြီးလျှင် သနပ်ခါး မှုန်နေအောင် လိမ်းရသည်။ အုန်းဆီကလေး ပွတ်ပေးပြီး ကြက်တောင်စည်းကလေး မြောက်နေအောင် စည်းပေးသည်။ မျက်နှာသစ်သည့်အခါ ' ဗုဒ္ဓ့သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ' လို့ ရွတ်ရင်း သစ်ပေးသည်။ သနပ်ခါးလိမ်းတော့လည်း ရွတ်သည်။ အုန်းဆီလိမ်းတော့လည်း ရွတ်သည်။ သည်အကျင့်က အခု ကျွန်မသမီးကို မျက်နဖှာသစ်ပေးသည်အထိ ပါလာခဲ့ပြီ။ ကျွန်မက မေ့လျော့နေလျှင်ပင် သမီးက မေမေ ဘုးရားစာ ဆိုဦးလေတဲ့။

     ” မိန်းကလေးဆိုတာ မနက်မိုးလင်းရင် မျက်နှာစင်စင်သစ်... သနပ်ခါးကလေးတင်... ဆံပင်ဖြီးရသယ်...အဝတ်အစားများ စုတ်ချင်စုတ်ပေ့စီ သန့်သာလေးဝတ်ရသယ်...ထမင်း စားတော့ ထမင်းလုံး မဖိတ်ရဘူး...မဆဲရဘူး...လက်ထောက်ပြီး မမှိုင်ရဘူး ”

စသည့်ဖြင့် ' ဘူး ' ပေါင်းများစွာကို သွန်သင်နေတတ်သည်။ ဆောင်ရန်တွေ၊ ရှောင်ရန်တွေက များလွန်းလို့ မနည်းမှတ်ရ၏။ ရွာထဲက လူမမာအိမ်၊ အလှူအိမ်၊ ဆွမ်းကျွေးအိမ်၊ ဆန်ဖွပ်အိမ်၊ မောင်းထောင်းအိမ်...အိမ်တကာအနှံ့ တောင်ဝှေးတစ်ချောင်းလို ပါခဲ့ရသည်။ ပွဲကြိုက်သည့် အမေ့ကြီးနှင့် အရှေ့ကြည်းတောက အမျိုးတွေရှိရာ ရွာတွေမှာ ပွဲလိုက်ကြည့်ရတာကလည်း မေ့နိုင်စရာမရှိ။ အမေကြီးက လှည်းစီးခဲသည်။ လှည်းကြုံတာတောင် ” သွားရော့ဟဲ့...ငါ လမ်းလျှောက်ချင်လို့ ” ဆိုပြီး လှန်လွှတ်လေ့ရှိသည်။ ကျွန်မက ခြေကျင်မလိုက်နိုင်တော့ လှည်းစီးချင်သည်။ သည်လိုဆိုတော့လည်း လှည်းပေါ် တင်ပေးလိုက်တတ်သည်။

       ” ငါ့မြေး ခေါ်သွားစမ်း...ဟိုရောက်ရင် လှခင်တို့အိမ် ပို့ထားလိုက်...မင်းလက်နဲ့ လက်ရောက်အပ်ခဲ့နော်...” လှည်းသမားက တင်လည်း တင်ခဲ့ရ၊ အပ်လည်း လိုက်အပ်ရ။

      အမေကြီးကို ကျွန်မအမှတ်အရဆုံးမှာ ပိတ်စကလေးတွေ ညှပ်ကာ အဝတ်စ အရုပ်ကလေးတွေ ချုပ်ပေးခြင်းဖြစ်ပါသည်။ အမေကြီးက အရုပ်မလို့ ခေါ်တတ်သည်။ နာမည်တွေလည်း ပေးထားပါ၏။ ဒါက ညိုပြာ၊ ဒါက နီဝါ၊ ဒါက မည်းညို။ ဖျားလို့၊ နာလို့ ကလည်း ဆရာဝန်ရယ်၊ ဆေးဝါးရယ် ရှိတာမဟုတ်တော့ အမေကြီးပင် ဆရာဝန်ဖြစ်၏။ ကျွန်မ ငယ်ဘဝတစ်လျှောင်လုံး အိမ်တကာ့အိမ်က ဆေးဖက်ဝင် သစ်ရွက်သစ်ခက်၊ သစ်မြစ်သစ်ခေါက်နှင့် ကျန်းမာခဲ့ရ၏။ ကျောက်ပြင် ပက်လက်လှန်ကာ အိမ်မှာရှိသမျှ ဆေးမြစ်တွေ သွေးကာ အမေကြီးတိုက်သမျှ သောက်ခဲ့ရလို့များ ကျွန်မ ဝ နေတာလားမသိ။

      သမီးတို့ခေတ်မှာတော့ ကလေးဆေးတွေ များလှသည်။ ကာပေါလ်၊ ပရိုဂျက်ဆ်၊ ပီရီတွန်၊ ဘိုင်အိုဂျက်ဆစ်...။ ဖိုက်စီစီ၊ ခြောက်နာရီခြားဆိုတာတွေ ဖြစ်နေပါပြီ။

      ”သည်နှစ် ဘုရားပွဲရောက်မှ ငါ့မြေး ချိုးရုပ် ဝယ်ပေးရမယ်...”

       ကျွန်မတို့ငယ်ငယ်က ဘယ်တော့ရောက်မည်မှန်း မသိရသော ဘုရားပွဲက ချိုးရုပ်မျှော်ရင်း တစ်နှစ်၊ တစ်နှစ် ကြီးခဲ့ရသည်။ အမေကြီး ခွံ့ခဲ့သော သနပ်ခါးနှစ်၊ ကွမ်းဖတ်၊ တေဆေး၊ သွေးဆေးတွေကိုလည်း သတိရပါ၏။ ညတိုင်းလျှင် အမေကြီးက ပုံပြင်တွေ ပြောပြသည်။ ဘုရားစာတွေ ရွတ်ပြသည်။ ဆုံးမစာ သံပေါက်ကလေးတွေ သင်ပေးသည်။ စကားကိုး၊ စကားကား အခိုင်းအနှိုင်း တွေကိုလည်း အကြားနာခဲ့ရပါ၏။

      ” ပက်ပက် လှေပျက် အတိုက်ခက်သဲ့...လှေပျက်လှေယိုများ ရွက်တိုက်လို့လည်း မပြေးပေါင်အေ...ရေပက်ခွက်နဲ့ ခပ်နေရသာနဲ့ ပြီးသာ...”

      ” ဒါကတော့အေ...ပွဲမင်းလည်း ငွေမှား...၊ ဆေးသမားလည်း သားသေ၊ ဗေဒင်သမားလည်း နွားပျောက်...၊ ထွင်းဆောက်သမားလည်း စရွေးစောင်း...၊ စောင်းသမားလည်း တေးမပီ...၊ ပန်းချီသမားလည်း ဟန်မကျ...ဖြစ်ရပုံများ...”

       ” သည်းတို့က ငါးပိ မျက်နှာလုပ်သာကိုးအေ့...ရွှေရေးပန်းကန်ပေါ် ရောက်သာပေါ့...”

       အမေကြီးနှင့် အတူနေရတော့ လူကြီးစကားဝိုင်းမှာလည်း ပါခဲ့ရသည်။ အိပ်ချင်တော့လည်း စကားဝိုင်းဘေးမှာဘဲ အိပ်ပျော်ခဲ့ရသည်။ အိပ်ရာကနိုးတော့ တောသရေစာကလေးစားလိုက်၊ ဖန်ခုန်လိုက်၊ ကြက်ခွပ်လိုက်။ မြစ်နားကမ်းနားက ဘကြီး၊ ဘထွေးတို့ လှေကြီးတွေဆီ သွယးလည်လိုက်။ အမေကြီးရင်ငွေ့ထဲမှာ ကျွန်မတို့ ကြီးခဲ့ရသည်။

        ကျွန်မတို့ငယ်ငယ်က အမေ့အမေနှင့် နေခွင့်ရခဲ့သည်။ သမီးအလှည့်မှာတော့ အမေ့အမေနှင့် နေခွင့်မရတော့ပြီ။ ဘိုးဘွားရင်ငွေ့ မလှုံရတော့ပြီ။ ဘိုးစကား ဘွားစကား ကြားခွင့်မသာတော့ပြီ။ ဘိုးရိပ် ဘွားရိပ်မှာ မအိပ်နိုင်ကြပြီ။

      ကျွန်မတို့ အမေ့အိမ်ပြန်တော့ အမေက ကားနား ရောက်လာကာ သူ့မြေးကို မှာသည်။

       ” အမေကြီးအိမ်ကို ခဏ ခဏခဏ လာခဲ့နော် ငါ့မြေးထွေးကလေး...” 

      သမီးက ခေါင်းညိတ်ပြသည်။

      ပြောသာ ပြောရတာပါလေ... သမီးခမျာ ဘွားအေကြီးဆီ မရောက်တာ ကြာပြန်ပါပြီ။


ပြီးပါပြီ။


ခင်ခင်ထူး


#ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ