ပြောတိုင်းယုံတဲ့ပေါက်သင်ညို

 ပြောတိုင်းယုံတဲ့ ပုတ်သင်ညို

--------------------------------

“မောင်ကျော်စွာ လာဟေ့ … ဘယ့်နှယ်အဆင်ပြေခဲ့ရဲ့လား”


“ပြေပါတယ်ဆရာ … ဘာဖြစ်လို့လဲ”


“မသိပါဘူးကွာ … မီတာသွားဆောင်ခိုင်းတာ မင်းမျက်နှာကြီးဖြစ်ပျက်လာတာ မြင်မကောင်းဘူး”


“သိသာလို့လားဆရာ”


“သိသာလို့ပေါ့ကွာ”


“မီတာဆောင်ရလို့တော့ မဟုတ်ပါဘူးဆရာ။ အဖေနဲ့ ပြဿနာနည်းနည်း တက်လာလို့”


“မင်းတို့သားအဖကတော့ကွာ ပြဿနာတွေနဲ့ချည်းပဲ”


“ဟုတ်တယ်ဆရာ ခုတစ်လောအဖေကပိုပြီး ဆိုးလာတယ်။ သူ့ဘာသာသူ၊ သူ့ယုံကြည်မှုနဲ့သူ ကျွန်တော် ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ သူယုံကြည်သလို တစ်အိမ်သားလုံး လိုက်ယုံကြည်ရမယ်ဆိုပြီး ပြောလာတာကတော့ တဖြည်းဖြည်းအမြင်ကပ်လာတယ်ဆရာ”


“မင်းဘာကိုဆိုလိုတယ်ဆိုတာ ငါသဘောပေါက်ပါတယ်ကွာ။ ရှောင်လိုက်ပါကွာ။ သူပြောတာ နားမထောင် နေနဲ့ပေါ့။ ရာသီချိန်အရူးကိုးကွ”


“ကျွန်တော့်အဖေက ပုတ်သင်ညိုတစ်ကောင်လိုပဲဆရာ”


“အေး အဲဒီခိုင်းနှိုင်းချက်ကိုတော့ စိတ်ဝင်စားတယ်ကွ။ ဆိုစမ်းပါဦး”


“အရောင်လည်းပြောင်းတတ်တယ် … ခေါင်းလည်းညိတ်တတ်တယ်လို့ပြောတာဆရာ”


“ပုတ်သင်ညိုဒဿနဆိုတာ မင်းကြားဖူးလား”


“ဟင် … ပုတ်သင်ညိုမှာလည်း ဒဿနရှိလို့လားဆရာရယ်”


“ရှိတာပေါ့ကွာ … The Philosophy of the Chameleon လို့ခေါ်တယ်”


“လုပ်ပါဦးဆရာရေ ကြားပါရစေ”


“ပုတ်သင်ညိုနဲ့ပတ်သက်ပြီး ကလေးတွေဆိုတာ ကြားဖူးတယ်မဟုတ်လား။ ပြောတိုင်းယုံတဲ့ ပုတ်သင်ညို … ခေါင်းညိတ်တတ်တယ်ဆိုတာလေ”


“ကြားဖူးတာပေါ့ဆရာရယ် … ကိုယ်တိုင်လည်း ငယ်ငယ်ကဆိုခဲ့သေးတာပဲ”


“အေး … ပုတ်သင်ညိုဒဿနဆိုတာ ဘာပြောပြော ဆန့်ကျင်တာတွေမလုပ်ဘဲ လက်ခံတာကိုပြောတာကွ။ ခေါင်းညိတ်တာ အကောင်းမြင်လို့လည်းရတယ်။ အဆိုးမြင်လို့လည်းရတယ်။ အကောင်းဘက်ကကြည့်ရင် သူတစ်ပါးကိုလေးစားကြောင်းပြခြင်း၊ အရေးမကြီးတာတွေကို အချေအတင် ငြင်းခုံခြင်းမှ ရှောင်ရှားခြင်းဆိုတဲ့ သဘောမျိုးသက်ရောက်တယ်။ အဆိုးဘက်ကကြည့်ရင်တော့ ပြောတိုင်းယုံရင် မှားတဲ့သတင်း Fake News၊ မမှန်ကန်တဲ့အတွေးအခေါ်တွေကို ခေါင်းညိတ်လက်ခံနေသလိုဖြစ်တတ်တယ်။ အဲဒီလိုလုပ်မိရင် ကိုယ်တိုင် ကလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချမိနိုင်တာကြောင့် သတိထားရမယ်”


“ဆရာရယ် ဒီခေတ်ဟာ AI ခေတ်ပါ … လူတွေကို လိမ်ချင်တိုင်းလိမ်၊ ညာချင်တိုင်း ညာလို့ရမလား”


“အများစုက ပညာတတ်တွေမဟုတ်ကြဘူး မောင်ကျော်စွာ။ အသိဉာဏ်၊ စဉ်းစားဆင်ခြင်ဉာဏ်တွေလည်း နည်းကြတော့ လူပြိန်းတွေကို လူပြိန်းကြိုက်တွေပြောပြီး ခေါင်းညိတ်လာအောင်လုပ်တာမျိုးတွေ ရှိနိုင်တာ ပဲလေ”


“အဲဒီအထဲမှာ ကျွန်တော်မပါဘူးဆရာ”


“အေး … အဲဒီလို ကျွန်တော်ပေါင်းများစွာ ရှိလာဖို့လိုတယ်ကွ။ အမှားကြီးမှန်းသိသိနဲ့ ခေါင်းညိတ်ပြီး လက်ခံ နေကြရင် အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ်၊ တိုင်းပြည်တစ်ပြည်မှာပဲဖြစ်ဖြစ် အမှားကိုပြင်ဆင်ဖို့ အချိန်တွေ ကြာသွားနိုင်သလို၊ ပြင်ဆင်ဖို့အခွင့်အရေးတွေလည်း နည်းသွားတတ်တယ်။ မှားမှန်းသိသိနဲ့ ခေါင်းညိတ် နေတာဟာ အမှားလမ်းကို ဆက်လျှောက်ဖို့ အားပေးနေသလိုဖြစ်စေနိုင်တယ်လို့ ပြောတာ”


“ကျွန်တော်သဘောပေါက်ပါတယ်ဆရာ … ပြောတိုင်းယုံတာ မရင့်ကျင်တာကိုပြတာပဲ မဟုတ်လား”


“သာမန်လူတွေမှာ ရင့်တာတွေ၊ နုတာတွေ သိပ်သိမှာ မဟုတ်ဘူးကွ။ အမှားတွေကို သူတို့နားထဲ များများ ရိုက်သွင်းရင် အမှားကြာ အမှန်လို့ထင်သွားဖို့ပဲရှိတယ်။ အဲဒါကလည်း ပညာအခြေခံ အားနည်းသူတွေကိုပဲ လုပ်လို့ ရနိုင်တဲ့ နည်းလမ်းတွေပေါ့။ မောင်ကျော်စွာ မှတ်ထား … လောကကြီးကို နားလည်ဖို့ ကြိုးစားရင် စိစစ်တတ်ရမယ် … သံသယဝင်တတ်ရမယ်။ ပြောတိုင်းယုံတဲ့လူတွေဟာ သူတစ်ပါးပြောတာကိုပဲ မျှော်လင့် နေရင်းက ကိုယ်ပိုင်အတွေး၊ အမြင်၊ အသိတွေ ဆုံးရှုံးသွားတတ်တယ်”


“ဆရာတစ်ခါပြောဖူးတယ် ပုတ်သင်ညိုလိုအရောင်ပြောင်းနိုင်စွမ်းရှိရမယ်လို့လေ”


“ဟုတ်တယ် လူ့ဘဝမှာ ပုတ်သင်ညိုလို အရောင်ပြောင်းနိုင်စွမ်းကို (The Philosophy of Adaptation) လို့ ခေါ်သေးတယ်”


“ဆရာ‌ရေ ဘယ်ဟာမှ ဒဿနနဲ့ မလွတ်ပါလား”


“ဘယ်လိုမှ မလွတ်နိုင်ပါဘူးကွာ။ လောကကြီးဟာ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသူတွေအတွက် ဒဿနပင်လယ် ထဲမှာ ဝဲလည်နေတာပဲ။ ပုတ်သင်ညိုလိုအရောင်ပြောင်းနိုင်စွမ်းဆိုတာ ရန်သူရဲ့ဘေးက ကာကွယ်နိုင်ရုံ သက်သက်မဟုတ်ဘူး။ ဘဝရဲ့အပြောင်းအလဲတွေကြားမှာ ရှင်သန်နေထိုင်နိုင်ဖို့ပြောတာ။ မင်းအဖေလို ကိုယ်ကျိုးအတွက် အရောင်အမျိုးမျိုးပြောင်းတာမျိုး မဟုတ်ဘူး”


“ဆရာရေ … ဆရာပြောလည်း ပြောစရာပဲ … ကျွန်တော့်အဖေက မြှောက်ပေးရင် ဟိုဟာတက်အောင် ကတဲ့လူမျိုးဆရာရယ့်”


“ငါ့မင်းကို ပုတ်သင်ညိုလို အရောင်ပြောင်းသင့်ရင် ပြောင်းရမယ်ဆိုတာက မင်းစိတ်ဓာတ်တွေကျပြီး ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာပြောခဲ့တာ။ အခြေအနေတစ်ခုနဲ့ အသင့်လျော်ဆုံးဖြစ်အောင် လုပ်လိုက်ရင် မင်းရဲ့ဆုံးရှုံးရတော့မယ့်အနေအထားတစ်ခုကနေ လွတ်မြောက်သွားနိုင်အောင်ပြောခဲ့တာ။ မင်းရဲ့ ယုံကြည်ချက်ကို စွန့်လွှတ်လိုက်ဖို့ပြောတာ မဟုတ်ဘူး။ အပြောင်းအလဲ မြန်ဆန်နေတဲ့ လောကဓံကြားမှာ ဘေးအန္တရာယ်ကင်းစွာနဲ့ ရှေ့ဆက်သွားနိုင်အောင် နည်းဗျူဟာကို ပါးနပ်စွာ အသုံးပြုဖို့ ပြောခဲ့တာ။ မင်းကို ဒူးထောက် လက်မြှောက်ခိုင်းတာမျိုး မဟုတ်ဘူး။ အခြေအနေနဲ့ လိုက်လျောညီထွေနေဖို့ပြောတာ။ အဲဒါကို ပုတ်သင်ညိုအရောင်ပြောင်း ဒဿနလို့ခေါ်တာ”


“ကျွန်တော်သဘောပေါက်ပါတယ်ဆရာ … ကျွန်တော့်အဖေကတော့ ဇွတ်ကြီးကို ခေါင်းညိတ်နေတဲ့ ဇွတ်ပုတ်သင် ဖြစ်နေတာ”


“ဒါလည်း သူ့ဘဝရပ်တည်ရေးအတွက် ဖြစ်ကောင်းဖြစ်နိုင်မယ်ထင်တယ်ကွ။ ဘာပြောပြော မင်းကရောပြီး ခေါင်းမညိတ်ဖို့လိုတယ်”


“ဒါကတော့စိတ်ချဆရာရေ … ကျွန်တော့်ကို ဆရာပေးဖတ်တဲ့စာအုပ်တွေဟာ အလကားမဖြစ်စေရဘူး”


“စာလည်းဖတ်ကွ။ တွေးတတ်အောင်လည်းလုပ်၊ မေးတတ်အောင်လည်းလုပ်။ ပြောတိုင်းလည်း မယုံနဲ့။ ကြားတိုင်းလည်း ခေါင်းမညိတ်နဲ့။ အခြေအနေ အချိန်အခါကိုကြည့်ပြီး ညောင်သီးလည်းစား လေးသံ လည်းနားစွင့်နေ”


“ဟုတ်ကဲ့ပါဆရာ အမြဲနားစွင့်ပါတယ်ဆရာ … နားတော့မယောင်ပါဘူး”


တင်ညွန့်


၂၈.၁၁.၂၀၂၅