တိမ်ဖုံးပါလို့ လမသာ
---------------------
လူတိုင်းလူတိုင်းတွင် အစွမ်းအစ ကိုယ်စီကိုယ်ငှရှိကြသည်။
သို့သော် ကိုယ်စွမ်းကိုယ်စဆိုသည်မှာ ထုတ်ပြခွင့်ရမှ သိကြမည်သာဖြစ်သည်။ ထုတ်ဖော်ပြသခွင့်မရလျှင် အချည်းနှီးသာတည်း။
ကျွန်တော်ကြည့်ဖူးသည့် ဇာတ်လမ်းတစ်ခုကို ပြောပြချင်ပါသည်။
ရှေးကောင်းဘွိုင်ခေတ်ကဖြစ်သည်။ တစ်နေ့တွင် ရွှေတူးသည့်အဖွဲ့ကို လူနီရိုင်းတွေက ကြားဖြတ်တိုက်ခိုက် သည်။ လူရိုင်းတွေ အားသာသဖြင့် ထိုအဖွဲ့လည်း ထွက်ပြေးသွားရသည်။ သူတို့မောင်းနှင်ပြေးသော လှည်းပေါ်မှ မီးခံသေတ္တာကြီးတစ်လုံးကျကျန်ရစ်ခဲ့သည်။
လူရိုင်းတွေသည် မီးခံသေတ္တာကို တစ်ကြိမ်မျှ မြင်ဖူးကြသူတွေ မဟုတ်ကြ။ သို့သော် လေးလံသည့် ထိုသေတ္တာ ကြီးထဲတွင် တန်ဖိုးကြီးသည့် ရတနာ သို့မဟုတ် ရွှေတွေပါနိုင်သည်ကိုတော့ သူတို့ သိနေကြသည်။ မည်သို့ဆိုစေ ထိုသေတ္တာကြီးကို ရွာသို့မြင်းတွေနှင့် ပြန်ဆွဲသွားကြသည်။ တစ်ရွာလုံး တစ်ယောက်တစ်ပေါက် ပြောသည်။ သို့သော် မည်သို့ဖွင့်ရမှန်း မသိကြပေ။
မီးခံသေတ္တာကြီးကို ကျောက်တုံးတွေနှင့် ထုရိုက်ကြသည်။ မီးတွေနှင့် ပုံရှို့ကြသည်။ ချောင်းထဲကိုပစ်ချသည်။ သူတို့မှာရှိသော ယမ်းတွေနှင့် ဖောက်ခွဲကြသည်။ သေတ္တာကြီးကားမပွင့်ပေ။
နောက်ဆုံး လူရိုင်းခေါင်းဆောင်က အကြံရသည်။ သေတ္တာကြီးကို တောင်ပေါ်ဆွဲသွားပြီး တောင်အောက်ကို ပစ်ချရန်ဖြစ်သည်။ သူတို့ တောင်ပေါ်ကို သေတ္တာကြီးအား ခက်ခဲစွာဖြင့် ဆွဲတင်သွားပြီးနောက် တောင်အောက်ကို ပစ်ချကြသည်။ ပေ ၁၀၀ ခန့်မြင့်သည့် တောင်ပေါ်မှ ပစ်ချသော်လည်း သေတ္တာကမပွင့်။ နောက်ဆုံးတွင် လူရိုင်းတွေက စိတ်ပျက်ပြီး မီးခံသေတ္တာကို ထိုအတိုင်းထားခဲ့လိုက်ကြသည်။
နောက်တစ်နေ့တွင် ရွှေတူးအဖွဲ့က အင်အားအလုံးအရင်းဖြင့် ပြန်တိုက်သည်။ သူတို့ထံက ယူသွားသော မီးခံ သေတ္တာကြီးကို ပုံပျက်ပန်းပျက် ပြန်တွေ့လိုက်ရသည်။ သို့သော် သေတ္တာကို မဖွင့်နိုင်သဖြင့် စိတ်အေးသွား သည်။ သူတို့သေတ္တာကိုဖွင့်ကြည့်ကြသည်။ သူတို့လက်ထဲတွင် သော့နှင့် ဖွင့်နည်းရှိသဖြင့် ပွင့်သွားသည်။ အထဲတွင် ရွှေတွေကို အားလုံးပြန်ရသည်။
ထိုဥပမာအတိုင်းပင်
လူသည်လည်း မီးခံသေတ္တာကဲ့သို့ဖြစ်သည်။
လူတိုင်းလူတိုင်း၏အတွင်းသဏ္ဌန်ထဲတွင် တန်ဖိုးရှိသောရတနာများ ကိုယ်စီရှိကြသည်။ ဖွင့်နည်းလည်းမသိ၊ ဘာတွေရှိမှန်းလည်းမသိသူတွေက ရမ်းသန်းပြီး ထုရိုက်နေကြသောကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေကြရသည်။ အရိုင်းအစိုင်းတွေလက်ထဲ မီးခံသေတ္တာရောက်သွားသဖြင့် သူတို့ဘာတွေရသွားသနည်း။ နောက်ဆုံးတွင် ပျက်စီးသွားပြီး၊ ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်ကာ စိတ်ပျက်လက်ပျက် ပစ်ထားခဲ့ရသည့် အနေအထား တစ်ခုကို ရောက်သွားရသည်။ သူတို့ဘာမျှ မရဖြစ်သွားခဲ့ရသည်။
မီးခံသေတ္တာထဲတွင် တန်ဖိုးရှိသော ရွှေချောင်းပေါင်းများစွာရှိနေသည်။ ဖွင့်နည်းကိုသိသူက သော့လေးတစ်ချက် လှည့်လိုက်ရုံပင်။
ဖွင့်နည်းမသိသူတွေမှာ အချိန်လည်းကုန်၊ လူလည်းပင်ပန်း၊ ဘာမျှလည်းအကျိုးမရဖြစ်ကြရသည်။
တင်ညွန့်
၁၈.၁၂.၂၀၂၅