ငယ်သူငယ်ချင်း

 ငယ်သူငယ်ချင်း // #ဝင်းဖေ


(၁၉၉ဝ၊ စက်တင်ဘာ၊ ကလျာ)


---


မနေ့ညကစိတ်ကူးကြောင့် ကျော်ထွန်း ခေါင်းငုံ့လျှောက်ရင်း တွေးလာတယ်။ ရယ်စရာတခုလည်း တွေးမိသေးတယ်။ ခေါင်းငုံ့လျှောက်လာတဲ့အတွက် တခုခု ကောက်ရနိုင်တယ်လို့။ မနေ့ညက စိတ်ကူးဆိုလို့ ဆန်းဆန်းပြားပြားတော့ မဟုတ်ပါဘူး။ သူ့အလုပ် နယ်ပြောင်းဖို့ အကြောင်း ရှိလာလို့ပါ။


ဒီတခါ ကန်ကြီးကုန်းဘက်ပြောင်းရရင် အဲဒီမှာ ရင်ရင်မြရှိတယ်။ သူ ငယ်ငယ်က ကြိုက်ဖူးတယ်။ ကြီးကြီးကျယ်ကျယ်၊ စွဲစွဲလန်းလန်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကြိုက်ခဲ့ဖူးတယ်၊ ရင်ရင်မြ စီးလာတဲ့ စက်ဘီးနဲ့လည်း အတိုက်ခံရဖူးတယ်။ သူက အတိုက်ခံရပေမယ့် ရင်ရင်မြက ဒူးကွဲသွားတယ်၊ ငိုတယ်၊ သူ့ကို စိတ်ဆိုးတယ်။ ကျော်ထွန်းက တောင်းပန်ရတယ်။


ရင်ရင်မြက သူ့ဒူးသူ လှန်ကြည့်တော့ ကျော်ထွန်းလည်း စိုးရိမ်တကြီးထိုင်ကြည့်မိတယ်။ ရင်ရင်မြက ရှက်ပြီး သူ့ကို တွန်းလှဲပစ်ရင်း ကျိန်ဆဲပြန်တယ်။ နောက် အိမ်လည်းအတိုင်ခံရတယ်။ ဘယ်လောက် အဖြစ်ဆိုးခဲ့ရသလဲ။ အဲဒါနဲ့ မပြီးသေးဘူးနော်၊ နောက်ထပ်လည်း အိမ်လာအတိုင်ခံရသေးတယ်။ ရင်ရင်မြ ဒူးခေါင်းကို မြင်ဖူးပါတယ်လို့ ကျော်ထွန်းက လျှောက်ပြောတယ်ဆိုပြီး လာတိုင်တာပဲ။ အဲဒါကိုတော့ ကျော်ထွန်း ဝမ်းအနည်းဆုံးပဲ။


ရင်ရင်မြ ဒူးခေါင်းကို သူ အနီးကပ်မြင်ဖူးတာ မှန်တယ်လေ။ ဒါပေမယ့် သူ ဘယ်သူ့ကိုမှ ပြောမပြပါဘူး။ ဘာလို့လဲဆိုတော့ ရှင်းနေတာပဲ၊ ရင်ရင်မြကို သူက ကြိုက်နေတာပဲ။ ရင်ရင်မြ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် သူက ဘာလို့ ပြောရမလဲ။ ဒီကိစ္စက သူ အလွန် အမြတ်တနိုးထားတဲ့ ကိစ္စပါ။ ရင်ရင်မြ ဒူးခေါင်းကို မြင်ဖူးရုံ ဘယ်ကမလဲ၊ အမှတ်မဲ့ ရုတ်တရက် လက်နဲ့ ကိုင်တောင်ကြည့်လိုက်သေးတာပဲ။ ဒါကလည်း အခွင့်အရေးယူတာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်လည်း မရှိပါဘူး။


ရုတ်တရက် ခြေမကိုင်မိ လက်မကိုင်မိ၊ ဘာလုပ်လို့ ဘာလုပ်လိုက်မှန်းမသိဆိုတဲ့ သဘာဝမျိုးလေ။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ရင်ရင်မြက တွန်းပစ်လိုက်ပြီး ကျိန်ဆဲခံခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ရင်ရင်မြကို စိတ်ဝင်စားနေမိတဲ့ ကျော်ထွန်းအဖို့မှာတော့ မမေ့နိုင်တဲ့ ကိစ္စပါ။ ခဏခဏ ပြန်ပြန် တွေးမိတဲ့ အဖြစ်အပျက်ကလေးပါ။ ဒါပေမယ့် အဲဒီနေ့ကစပြီး ရင်ရင်မြဟာ ကျော်ထွန်းကို ရှက်ရွံ့မုန်းဆိုတာလို ဖြစ်သွားခဲ့တယ်လို့ ပြောကြတယ်။ အဲ...နေဦး၊ ကျော်ထွန်းက ရင်ရင်မြရဲ့ ဒူးခေါင်းကို မြင်ဖူးပါတယ်လို့ လျှောက်ကြွားနေပါတယ်ဆိုတာနဲ့ ပတ်သက်လို့က ဒါက တခြား၊ အဲဒါက မိတူးလက်ချက်။


မိတူးဆိုတာက ကျော်ထွန်းကို မုန်းနေတာ။ ဘယ်လောက်ဆန်းသလဲဆိုတာ ပြောပြဦးမယ်။ အမှန်က မိတူးက ကျော်ထွန်းကိုကြိုက်တာ။ ကျော်ထွန်းက သူ့ကို မကြိုက်ဘူး၊ စိတ်မဝင်စားဘူး။ အဲဒါကြောင့် မိတူးက ကျော်ထွန်းကို မုန်းနေတာ။ အဲ…အဲ သူ့လက်ချက်လေ။ ရင်ရင်မြကို သွားပြောတာလည်း သူပဲ။ ကျော်ထွန်းက ရင်ရင်မြ ဒူးခေါင်းကို မြင်ဖူးပါတယ်လို့ လျှောက်ကြွားနေပါသတဲ့လေ။ ဒီတော့ ရင်ရင်မြဆိုတာကလည်း ရှစ်တန်းကျောင်းသူကလေး မဟုတ်လား။ ဘာရှည်ရှည်ဝေးဝေး စဉ်းစားနေတတ်မှာလဲ။ ကျော်ထွန်းအိမ် တက်တိုင်တာပေါ့။ တိုင်တာမှ ငိုကြီးချက်မနဲ့ တိုင်တာ။


ကျော်ထွန်းအဖေ ကိုဘကျော်ဆိုတာက ရပ်ထဲရွာထဲမှာ သိက္ခာသမာဓိနဲ့နေတာ။ သြဇာတိက္ကမလည်း ရှိတယ်။ ခုတော့ ကိုယ့်သားက ခုလို အောက်တန်းကျတဲ့ စကားမျိုး ပြောတယ် ဘာတယ် ကြားရတော့ ဘာမပြော ညာမပြောနဲ့ အနားမှာရှိတဲ့ ကျော်ထွန်းကို နားရင်းတီးထည့်လိုက်တာ ဆေးတိုက်မှာ ခြောက်ချက်ချုပ်ယူရတယ်လေ။ ရိုက်တာက တော်တော်ပါ၊ ကျော်ထွန်းခေါင်းက လည်ထွက်သွားပြီး အိမ်တိုင်နဲ့ ပစ်ရိုက်မိလို့ နားထင်မှာ ကွဲသွားတယ်လေ။ ရင်ရင်မြရှေ့မှာတင် ကျော်ထွန်း နားထင်က သွေးတွေ ဖြာခနဲထွက်သွားတာ။ ရင်ရင်မြလည်း လန့်အော်ပြီး အိမ်ပေါ်က ဆင်းပြေးတာပဲ။


ကျော်ထွန်းနေကောင်းလို့ ကျောင်းပြန်တက်တော့ ရင်ရင်မြ မရှိတော့ဘူး။ သူတို့ မိသားစု အလုပ်နဲ့ နယ်ပြောင်းရလို့တဲ့။ ကျောင်းထွက်သွားပြီ။ ကိစ္စမရှိပါဘူး၊ ကျော်ထွန်းကလည်း ရင်ရင်မြကို တော်တော်လေး လန့်နေပါပြီ။ ဒီကြားထဲမှာ မိတူးက အခွင့်အရေးယူပြီး ကျော်ထွန်းနားကပ်ဖို့ ကြိုးစားသေးတယ်၊ ဒါပေမယ့် မရပါဘူး။ မိတူး ချောက်တွန်းတဲ့ကိစ္စကို ကျော်ထွန်းက သိနေခဲ့တာပဲ။


အမှန်ကတော့ ကျော်ထွန်းဟာ ရင်ရင်မြကို လန့်သွားတာပါ။ မေ့သွားတာလည်း မဟုတ်ပါဘူး၊ မုန်းသွားတာလည်း မဟုတ်ပါဘူး။ နောက်ပြီး အမြဲတွေးနေလို့လည်း မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အတွက် မျှော်လင့်ချက်မှ မရှိတာဘဲ။


ခုဆို ပိုဝေးသွားပြီ။ မြစ်ဝကျွန်းပေါ်ဘက် ပြောင်းသွားကြတာတဲ့။ တခုတော့ ရှိတယ်၊ ရင်ရင်မြ မရှိတော့ပေမယ့် ကျော်ထွန်း သူငယ်ချင်းတွေကတော့ ကျော်ထွန်းကို ခဏခဏ စကြတယ်။ ဒီတော့လည်း ဘယ်လိုလုပ် မေ့လို့ရမလဲ။ ပြီးတော့ အဝေး ရောက်နေတဲ့ ရင်ရင်မြအကြောင်း၊ ရင်ရင်မြသတင်းကလည်း သူ့ဆီကို ရောက် ရောက်လာတတ်တယ်လေ။ တိုက်ဆိုင်မှုလို့ပဲ ပြောရမလား၊ သတင်းက သိပ်ပြတ်လှ တယ်မရှိဘူး။


ကျော်ထွန်း မန္တလေး ဆရာအတတ်သင် ကောလိပ်တက်တော့၊ ရင်ရင်မြက ရန်ကုန် ကန်ဘဲ့က ဆရာအတတ်သင် သိပ္ပံမှာဆိုပဲ။ ကဲ…။


ကျော်ထွန်းဟာ ရင်ရင်မြကို မမျှော်လင့်တော့တာ အမှန်ပါ။ တယောက်နဲ့ တယောက် ကတောက်ကဆ ဖြစ်ခဲ့ဖူးကြတယ်ကလည်း ရှိတယ်။ အနေကလည်း ဝေးနေကြပြီး၊ ဒီကြားထဲမှာလည်း ဆယ်နှစ်ဆယ်မိုး တယောက်နဲ့တယောက် တခါမှ ပြန်မတွေ့ကြဘူးလေ။ အဲ စောစောကပြောသလို ရင်ရင်မြရဲ့ သတင်းကတော့ ကျော်ထွန်းဆီ ရောက်ရောက်လာတယ်။


ဒါကလည်း ကျော်ထွန်းကို နောက်ချင်ပြောင်ချင် ကြလို့လေ။ စေတနာကောင်းနဲ့ မဟုတ်ကြပါဘူး။

တခု ထူးခြားတာက ကျော်ထွန်းဟာ မိန်းမချော မိန်းမလှတွေ အလွန်ပေါတဲ့ မန္တလေးဆရာ အတတ်သင်သိပ္ပံမှာ နေခဲ့ပေမယ့် ဘယ်အမျိုးသမီးကိုမှ စိတ်မဝင်စားခဲ့တဲ့ကိစ္စပဲ။ ဒီနောက်လည်း ဒီလိုပါပဲ။ ကျောင်းဆရာလေး ဖြစ်လာတော့လည်း မိန်းမလှမိန်းမချောတွေ တွေ့တာပါပဲ။ နောက်ပြီး အမျိုးတွေကတဆင့် စပ်ကြ ဟပ်ကြတာတွေလည်း ရှိပါတယ်။ ကျော်ထွန်း သုံးဆယ်သာ ကျော်လာတယ်။ ချစ်ရမယ့်သူ မရှိခဲ့ပါဘူး။


ဒီလိုဆိုတော့ ရင်ရင်မြကို မျှော်လင့်နေလို့လားလို့ ဆိုပြန်တော့လည်း ဒီလိုလည်း မဟုတ်ပြန်ဘူး။ သူ့ဟာက သူ့ဘဝမှာ တခါလန့်သွားပြီး မမေ့နိုင်အောင်ဖြစ်နေတဲ့ သဘောပဲ။


ပြီးခဲ့တဲ့နှစ်ကတော့ အတော် ရယ်စရာကောင်းတဲ့ အဖြစ်နဲ့ကြုံရတယ်။ ဒီလိုလေ။ ကျော်ထွန်းစီးလာတဲ့စက်ဘီးနဲ့ သူနာပြုဆရာမလေးတယောက်ကို တိုက်မိတယ်။ သူနာပြုဆရာမကလေးက ဘာမှသိပ်မဖြစ်ပါဘူး။ ကျော်ထွန်းက ဒူးကွဲသွားတယ်လေ။ အဲဒီမှာ သူနာပြုဆရာမကလေးက ကျော်ထွန်းရဲ့ဒူးခေါင်းကို အနီးကပ် စစ်ဆေးကြည့် ရုံတင်မကဘူး၊ သန့်စင်အောင် စပရစ်နဲ့သုတ်၊ ပိုးသတ်ဆေးထည့်၊ ပလတ်စတာကပ်၊ အကုန်လုပ်ပေးတာပဲ။ အဲဒီအချိန်မှာ ကျော်ထွန်း ရင်ရင်မြကို သိပ်သတိရမိတာပေါ့။


သူနာပြုဆရာမကလေးက ကျော်ထွန်းရဲ့ဒူးခေါင်းကို အနီးကပ်မြင်ဖူးကြောင်းလည်း လျှောက်ကြွားမနေခဲ့ပါဘူး။ ကျော်ထွန်း ကြံကြံဖန်ဖန်တွေးပြီး တယောက်တည်း ကြိတ်ပြုံးမိသေးတယ်။


နောက်တခု ပြောဦးမယ်။ ကျော်ထွန်းကရော အဲဒီသူနာပြုဆရာမလေးကို စိတ်ဝင်စားသွားရော့ လားဆိုတော့ ဒီလိုလည်း မဟုတ်ပါဘူး။ သူနာပြုဆရာမလေးဟာ တော်တော့ကို ချောပါတယ်။ ဒါပေမယ့် ကျော်ထွန်း စိတ်မဝင်စားမိပါဘူး။ ဘယ် ဝင်စားမလဲ၊ ရင်ရင်မြအကြောင်း တွေးမိနေတာကိုး။


ထားပါ။ ထူးခြားတာက ဘာလဲဆိုတော့ ကျော်ထွန်းညီ စိန်ထွန်းက အဲဒီသူနာပြု ဆရာမကလေးကို ကျော်ထွန်းစက်ဘီးနဲ့ တိုက်မိတဲ့အကြောင်းကို သိသွားတယ်။ စိန်ထွန်းက ဒီတုန်းက မိတ္ထီလာမှာ ဒေသန္တရ ကျန်းမာရေးမှူးလုပ်နေတာ။ အဲဒီမှာ ရင်ရင်မြကလည်းရှိတယ်။ စိန်ထွန်းက တကယ့်လူရှုပ်ပဲ။ သူ့အစ်ကို သူနာပြုဆရာမကလေးကို စက်ဘီးနဲ့ ဝင်တိုက်မိတဲ့အကြောင်း၊ သူ ဒူးကွဲသွားကြောင်း၊ သူနာပြုဆရာမကလေးက ကျော်ထွန်းရဲ့ဒူးခေါင်းကို အနီးကပ် ကြည့်ရုံတင်မကဘဲ ရဲရဲတင်းတင်း ကိုင်တွယ်ဆေးထည့်ပေးရတဲ့အကြောင်း၊ ဒါပေမယ့် ဆရာမကလေးဟာ ကျော်ထွန်းရဲ့ဒူးခေါင်းကို အနီးကပ်မြင်ဖူးပါတယ်လို့ အရပ်ထဲလည်ပြီး မကြွားကြောင်း ရင်ရင်မြကို သွားပြောသတဲ့လေ။


ရင်ရင်မြဆိုတာက အလျင်ကလိုရှစ်တန်းကျောင်းသူလေးလည်း မဟုတ်တော့ဘူးလေ။ စိန်ထွန်း ပြောပြတော့ ခွက်ထိုးခွက်လန် ရယ်လိုက်တာတဲ့။


တလလောက်နေတော့ ကျော်ထွန်းဆီကို ရင်ရင်မြက စာရေးလိုက်တယ်ဆိုပဲ။ စိန်ထွန်းပြောပြလို့ သိရတဲ့အကြောင်းတွေကိုပဲပေါ့။ ကျော်ထွန်းဟာ တော်တော် အံ့သြသွားတယ်။ ရင်ရင်မြဟာ သူထင်သလို မဟုတ်ပါလား။ ငယ်ငယ်ကအကြောင်း တွေကို သူထင်သလို စိတ်ဆိုးမာန်ဆိုး မဟုတ်တော့ပါလားပေါ့။


သူ့စိတ်တွေ အတော်သက်သာသွားတယ်။ တနေ့မဟုတ်တနေ့၊ တနေရာ ရင်ရင်မြနဲ့တွေ့ရင် ရယ်ရယ်မောမော ရဲရဲတင်းတင်း ဆက်ဆံနိုင်ပြီပဲ။


နေဦး။ ရင်ရင်မြစာထဲမှာပါတဲ့အကြောင်းတချို့ကို ပြောပြဦးမယ်။ ရင်ရင်မြ ဒူးခေါင်းကွဲရတဲ့အဖြစ်က ၁၉၅၃-၅၄ မန္တလေးမှာလေ။ ဒီတုန်းက ခေတ်ကတမျိုး၊ အထူးသဖြင့် အညာဆိုတာက အရှက်အကြောက် သိပ်ကြီးကြတာ။ ကျောင်း အားကစားပွဲတွေမှာ မိန်းကလေးတွေဟာ အပြေးပြိုင်တာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒူးပေါ် ပေါင်ပေါ်ဖြစ်အောင် ဘောင်းဘီတိုဝတ်တာတို့ ဘာတို့မရှိဘူးလေ။ မတော်တဆ ဒူးပေါ်ပေါင်ပေါ် ဖြစ်ကြရတယ်ဆိုရင် အလွန်ရှက်တတ်ကြတာ။


၁၉၆ဝ ဝန်းကျင် ရောက်လာပြီး ရင်ရင်မြ ရန်ကုန်ဆရာအတတ်သင်သိပ္ပံတက်တဲ့ အချိန်၊ ကျော်ထွန်း မန္တလေးဆရာအတတ်သင်သိပ္ပံတက်တဲ့ အချိန်ကျတော့ ခေတ်က တော်တော်ကို ပြောင်းသွားပြီ။


အားကစားလုပ်တဲ့ မိန်းကလေးတွေအားလုံး ဘောင်းဘီတို ဝတ်ကုန်ကြပြီ။ ဒီကိစ္စတွေက ဘာမှမဆန်းတော့ဘူး မဟုတ်လား။ အဲ အဲဒီအကြောင်းတွေကို ရင်ရင်မြက ကျော်ထွန်းဆီ ရေးတဲ့စာထဲမှာ ထည့်ရေးလိုက်တယ်။ သူကိုယ်တိုင်လည်း ဘက်စုံလှုပ်ရှားမှုတွေမှာပါရင်း ဘောင်းဘီတို အကြိမ်ကြိမ်ဝတ်ခဲ့ဖူးပြီဖြစ်တဲ့ အကြောင်း၊ တချိန်က ကျော်ထွန်းကို စိတ်ဆိုးပြီး၊ ရှက်ပြီး တိုင်ခဲ့ တောခဲ့မိတဲ့အတွက် ရယ်မိကြောင်း။ ခုလည်း တပါတည်း တောင်းပန်လိုက်ပါကြောင်း၊ ဟိုးအလျင်ကလည်း စိတ်ဆိုးတာထက် ရှက်ရမ်းမိတာသာ ဖြစ်ပါကြောင်း၊ မိတူးချောက်တွန်းတာကို ယုံမိလို့ နောက်တကြိမ် ကျော်ထွန်းအိမ်လာပြီးတိုင်တော့ ကျော်ထွန်း နားရင်းအရိုက်ခံရလို့ ခြောက်ချက် ချုပ်ယူရလောက်အောင်၊ သွေးတွေ ဖြာခနဲထွက်သွားလောက်အောင် ခံလိုက်ရတဲ့မြင်ကွင်းကို သူ တော်တော်နဲ့ မေ့လို့ မရပါကြောင်း၊ ဘာညာပေါ့လေ။


ဟာသလေးတွေနှောပြီး တရင်းတနှီး ရေးလိုက်ရှာ တာပါ။ တကယ်တမ်းကျတော့ ငယ်သူငယ်ချင်းတွေမဟုတ်လား။ ပြီးတော့ ခုအချိန် မှာ ဆရာ၊ ဆရာမတွေလည်း ဖြစ်နေကြပြီလေ။ ပွင့်ပွင့်လင်းလင်းလည်း ပြောရဲဆိုရဲ ကြပြီလေ။


ကျော်ထွန်းကလည်း ချက်ချင်းဆိုသလိုပဲ ရင်ရင်မြဆီ စာပြန်လိုက်ပါတယ်။ သူ ရင်ရင်မြကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဘူးပါကြောင်း၊ သူငယ်ချင်းကို နားလည်ပါကြောင်း ဘာညာပေါ့။

ဒီတော့ ရင်ရင်မြဆီက စာတစောင်ရောက်လာပြန်တယ်။ ကျော်ထွန်း သူ့ကို စိတ်မဆိုးခဲ့ဘူးဆိုတာကို မယုံကြောင်း၊ ဘာပြုလို့လဲဆိုတော့ ကျော်ထွန်းရေးတဲ့ စာဟာ အလွန်တိုနေတဲ့အတွက် စဉ်းစားစရာ ဖြစ်နေကြောင်း။


ကျော်ထွန်းကလည်း သူ စာရှည်ရှည်ရေးချင်လှပါကြောင်း၊ ဒါပေမယ့် ဘာရေးရမှန်းမသိ၍ တိုသွားရတာဖြစ်ကြောင်း၊ ချက်ချင်းစာပြန်တာပဲ။


အဲဒီမှာ ရင်ရင်မြဆီက စာရှည်ကြီးတစောင် ရောက်လာပြန်တယ်။ ကျော်ထွန်း စာရှည်ရှည် ရေးမယ်ဆိုရင် အကြောင်းအရာ မရှားပါကြောင်း၊ ငယ်သူငယ်ချင်းများ ဆယ့်လေးငါးနှစ် ကွဲကွာနေကြတဲ့အချိန်တွေမှာ ဘာတွေလုပ်နေကြသလဲ၊ ဘာ အတွေ့အကြုံတွေနဲ့ တွေ့ကြရသလဲ၊ ဘယ်လောက်တိုးတက်ခဲ့ကြသလဲ စသဖြင့် ရေးနိုင်ကြောင်း အကြံပေးရင်း သူ့အဖြစ်အပျက် တော်တော်များများကို ရေးထည့် လိုက်တယ်။


ခက်တာက ကျော်ထွန်း သိပ်သိချင်တဲ့ ကိစ္စတွေက တစွန်းတစမှ ပါမလာဘူး။ စာထဲမှာမပါပေမယ့် ကျော်ထွန်း သူ့ဟာသူ သိထားတဲ့အကြောင်းတခုတော့ ရှိပါတယ်။ အဲဒါကတော့ ရင်ရင်မြတယောက် အိမ်ထောင်မကျသေးဘူးဆိုတဲ့ အကြောင်းပါပဲ။


ရင်ရင်မြကိုသာ ပြောရတာပါ၊ ကျော်ထွန်းကိုယ်တိုင် သူ့ဘဝ သူ့အတွေ့အကြုံတွေကို စာရှည်ကြီးရေးတဲ့အခါမှာလည်း သူ့အချစ်ရေး၊ သူ့နှလုံးသားရေး အခြေအနေတွေကို ထည့်မရေးဖြစ်ပါဘူး။ ယုတ်စွအဆုံး သူလည်း ခုထိ လူပျိုကြီးဘဝပါပဲဆိုတာတောင် ထည့်မရေးလိုက်ပါဘူး။


ကန်ကြီးကုန်းကို ကျော်ထွန်း ပြောင်းခဲ့ရတော့ ရင်ရင်မြက အများကြီးကူညီပါတယ်။ ငယ်သူငယ်ချင်းနှစ်ယောက် အချိန်အကြာကြီး ကွဲကွာနေပြီးမှ ပြန်ဆုံကြရတာဆိုတော့ အတော်ကြီးကို ဝမ်းသာစရာပါပဲ။


သုံးလေးငါးရက်နေတော့ ကန်ကြီးကုန်းမှာ ကျော်ထွန်း တော်တော် နေသားကျလာတယ်။

ရင်ရင်မြကပဲ ကျော်ထွန်းကို ထူးခြားတဲ့စကားတခွန်း စပြောတယ်။ မိတူး တယောက် သူနာပြုဆရာမလုပ်ရင်း ကချင်ပြည်နယ်ဘက်ရောက်နေကြောင်း၊ အပျို ကြီးဘဝနဲ့ အရိုးထုတ်တော့မယ်လို့ သူ့ဆီစာရေးကြောင်း၊ ကျော်ထွန်းနဲ့ပတ်သက်လို့ သူငယ်ငယ်က ရူးရူးမိုက်မိုက်နဲ့ ချောက်တွန်းခဲ့မိတာကို ဝန်ခံထားရှာကြောင်း၊ တသက်လုံးလည်း ယူကြုံးမရ ဖြစ်ခဲ့ရကြောင်း မိတူးရေးတဲ့ စာကလေးကိုပါ ထုတ်ပြတယ်။


ခြောက်လလောက်နေတော့ ကျော်ထွန်းက ရင်ရင်မြကို မိဘစုံရာနဲ့ တောင်းရမ်း လက်ထပ်လိုကြောင်း ကြောက်ကြောက်နဲ့ ဖွင့်ပြီး ခွင့်တောင်းတယ်။ အဲဒီတော့ ရင်ရင်မြက ကျော်ထွန်းလက်မောင်းကို တရင်းတနှီးထုရိုက်ရင်း ခွက်ထိုးခွက်လန် ရယ်လိုက်တာ၊ ကျော်ထွန်းတောင် အတော်လန့်သွားသေးသတဲ့။ ကျော်ထွန်းလန့်သွားရင် မျက်နှာကလည်း သိသိသာသာ ပျက်သွားတတ်တယ်လေ။ ရင်ရင်မြက သူငယ်ချင်းကြီးအကြောင်းကို သိပ်သိတာပေါ့။ ဒါနဲ့ ကပျာကယာ ပြောလိုက်ရရှာသတဲ့။


ကျော်ထွန်းကသာ သဘောတူမယ်ဆိုရင် သူကပဲ မိဘစုံရာနဲ့ တောင်းရမ်း လက်ထပ်ပါရစေလို့။

ဆယ့်ငါးနှစ်လောက်အတွင်း လူမှုရေးပြောင်းလဲမှုတွေက မြန်တယ်နော…။


---


#ဝင်းဖေ

#ငယ်သူငယ်ချင်း


#shared_by_louis_augustine

#sbla