နှောင်ကြိုး(စ/ဆုံး)
———–
အပြင်မှာ မိုးဖွဲလေးကျနေပါတယ်။မည်းမှောင်နေတဲ့ကောင်းကင်က ပတ်ဝန်းကျင်ရဲ့အလင်းအားကို စုပ်ယူလိုက်သလိုပါပဲ။ညနေ၅နာရီသာသာရှိသေးတာ မှောင်ချင်နေပြီ။
အုတ်ပို့ကားက အုတ်ဖိုခြံဝန်းထဲကိုဝင်လိုက်တာနဲ့ ကားရှေ့ခေါင်းခန်းကို ကျောမှီကာအိပ်လိုက်လာခဲ့တဲ့ မိစန်းတင်ရဲ့လက်မောင်းတစ်ဖက်ကို ဖြန်းခနဲမြည်အောင်ရိုက်ပြီး `မိစန်းတင် ရောက်ပြီဟဲ့ ထတော့´´ လို့
မဝင်းခင် နှိုးလိုက်တယ်။
“အသာလုပ်ပါ ကောင်မရယ်
နာလိုက်တာ´´
မိစန်းတင်အသံကနောက်မှာကျန်ခဲ့ပြီ။ကားရပ်လိုက်တာနဲ့
မဝင်းခင်က မြေပေါ်ကို ခြေချလိုက်ပြီ။အိမ်ဆီအမြန်ရောက်ချင်တဲ့ဇောနဲ့ မဝင်းခင်ခြေလှမ်းတို့ သွက်နေပါတယ်။
“အိမ်ကထွက်မပြေးပါဘူး ဝင်းခင်ရယ်
ညည်းကြည့်လိုက်ရင် အမြဲလောနေတာပဲ´´
မိစန်းတင်က အသံနဲ့အတူ မဝင်းခင်အနားအပြေးတပိုင်းနဲ့ရောက်လာတယ်။
“ညည်းလို အိမ်ရောက်ရင် ထမင်းအဆင်သင့်ဖြစ်မနေဘူးအေ့။ကျုပ်ရောက်မှ ချက်ရမှာ´´
“လုံးခင်က ဘယ်သွားလို့လဲ´´
“လုံးခင်တို့ လင်မယားက OTဆင်းရမှာအေ့။ကျုပ်မြေးတောင် အနောက်ဖက်အိမ်မှာ ခဏအပ်ခဲ့ရတာ။ဒီနေ့
မမထားတို့က ဖိုးရွှေမလာလို့ အုတ်ချတဲ့သူလိုနေတယ်ကူမပေးနိုင်ဘူးလားဆိုလို့ ကျုပ်လိုက်လာတာ။ ကျုပ်မြေးကမျှော်နေလောက်ပေါ့´´
တကယ်တော့ မဝင်းခင်အသက်က လေးဆယ်ကျော်ရုံလေးရှိသေးတာ။ ဒေါင်ကောင်းကောင်းနဲ့မို့ လူကနည်းနည်းဝပြဲပြဲဖြစ်တာ မသိသာတာ။အသားကမည်းသလို ရုပ်ကလည်း ကြမ်းသမို့ မသိတဲ့လူဆို အန်တီကြီးမှ
တကယ့်အန်တီကြီး။လူပုံနဲ့လိုက်အောင် အလုပ်လည်း
ကြမ်းကြမ်းတမ်းတမ်းလုပ်နိုင်တယ်။ကားပေါ်ကနေပစ်ပေးတဲ့အုတ်ကို မိအောင်ဖမ်းပြီး မြေပြင်မှာစီနိုင်တယ်။
မဝင်းခင်က အုတ်တင်အုတ်ချကို အရင်ကပုံမှန်လုပ်ပေမဲ့
မဝင်းခင်လက်အရွတ်ရောင်ပြီးကတည်းက ကြိုကြားကြိုကြားပဲလုပ်ဖြစ်တော့တာ။ ဒီနေ့တော့ မဝင်းခင်တို့ကို အလုပ်ပေးခဲ့တဲ့ မမထားက မန္တလေးဘက်အုတ်ပို့ဖို့ လူလိုနေတယ် ငြီးနေလို့ မဝင်းခင်လိုက်လာတာ။
ကိုယ့်အလုပ်ပေးခဲ့ဖူးသူတွေလည်းအဆင်ပြေ၊မဝင်းခင်လည်းအဆင်ပြေပေါ့။ ငလျင်ကြီးလှုပ်ပြီးကတည်းက မမထားတို့အုတ်ဖိုမှာ အုတ်အမှာတွေအများသား။
အရင်က အုတ်သုံးထောင်တင်တဲ့ ကားတစ်စင်းက နေ့တိုင်းမဟုတ်ပေမဲ့ ရက်ခြားဆိုသလို တစ်ရက်လုံးမှာ တစ်ခေါက်သာပို့ရပေမဲ့ ဒီအတောအတွင်း မနက်တစ်ပြန်
နေ့တစ်ပြန်ပို့နေရတာ။ဈေးလည်းမှန်သလို တချို့ဆိုက်
တွေ အုတ်လုံးရေ တစ်ထောင်လောက်ခွဲချချင်ရင်လည်း မမထားတို့က အဆင်ပြေအောင်လုပ်ပေးတာလည်းပါမှာပေါ့။
အုတ်ဖိုကဆိုက်ထိအရောက်ပို့ ကားဘေးချစီသတ်မှတ်ပေမဲ့ တစ်ချို့အိမ်ရှင်တွေက ဆိုက်အတွင်းထဲထိ အုတ်တွေချခိုင်းရင် မဝင်းခင်တို့ ပင်ပန်းပေမဲ့ အပိုဝင်ငွေလေးထပ်ရတယ်။ ဒီနေ့နောက်ကျနေတာလည်း အဲလိုမျိုးကြောင့်လေ။
မိုးစက်တွေက စိပ်လာပြီ။မိုးသံတွေပြင်းလာပြီ။မဝင်းခင်မပြေးရုံတမယ် ခြေလှမ်းကျဲကြီးတွေနဲ့ အိမ်ကိုအမြန်ရောက်မဲ့ ဖြတ်လမ်းရှိတဲ့ မိစန်းတင်တို့နေတဲ့ဝင်းကျယ်ကြီးကနေပဲ သွားဖို့စိတ်ကူးလိုက်တယ်။ တော်ရုံဆို အဲ့ဘက်ကမသွားဖြစ်ဘူး။ သစ်ပင်ခြုံတွေပေါသလို အကောင်ရှည်တွေလည်း တစ်ခါတစ်ခါတွေ့တတ်လို့။
ဒါပေမဲ့ လမ်းမဘက်ကသွားရင်လည်း လမ်းဘေးက မြောင်းရေလျှံပြီး ဒီမိုးနဲ့ဆို ရေကဒူးလောက်ရောက်ရောမယ်။မိစန်းတင်က မဝင်းခင်ကိုမှီဖို့ရော သည်းလာတဲ့မိုးကြောင့်ရော နောက်ကနေအပြေးတပိုင်းလိုက်လာတယ်။
” မိစန်းတင် ငါသွားပြီ
မနက်ဖြန် ညည်းအုတ်ဖိုသွားရင် ငါ့စောင့်အုံး။”
မဝင်းခင် နောက်လှည့်မကြည့်ဘဲ အသံကျယ်ကျယ်နဲ့ပဲ အော်ဖြစ်ခဲ့တယ်။
အိမ်ရောက်တော့ မြေးကိုသွားမခေါ်သေးဘဲ စိုနေတဲ့အဝတ်တွေလဲပြီး ထမင်းအိုးကိုအရင်လှပ်ကြည့်လိုက်တယ်။ ထမင်းဘေးနားလေးတွေ ချွေးစိုစိုဖြစ်တာကလွဲရင် သိုးနံ့တော့မထွက်သေးဘူး။ ထမင်းအလယ်ပိုင်းသားလေးတွေကို မြေးကိုကျွေးပြီး ဘေးနှုတ်ခမ်းသားလေးတွေတော့ မဝင်းခင် စားလိုက်မယ်။ ထမင်းကတော့ ချက်စရာမလိုတော့ဘူး။
မနက်ကကြော်ထားတဲ့အထဲက ငလူးလေးနှစ်ကောင်ရှိသေးတယ်။
အဲ့ဒါ မြေးအတွက်။မဝင်းခင်ကတော့ ရှုးရှဲလက်ဖက်နဲ့ ထမင်းနယ်ပြီး ငပိရေကျိုကျန်လေးနဲ့ လွေးလိုက်ရင်…အင်းညနေစာအတွက်တော့ အေးသွားပြီပဲ။
မြေစိုက်အိမ်လည်းဖြစ် ပတ်ဝန်းကျင်ထက်လည်း မြေနိမ့်ပိုင်းကျနေတာမို့ မီးဖိုချောင်ဘက်က ရေဝင်နေပြီ။
ဘာမှလည်းထပ်မချက်ချင်တော့ဘူး။မဝင်းခင်တို့နေတဲ့အိမ်က ဆယ့်ငါးပတ်လည်လောက်တော့ရှိမယ်ထင်တယ်။မိုးတွင်းရေဝင်တတ်လို့ ဒူးအမြင့်ဝါးကြမ်းခင်းတွေအပြည့်ခင်းထားတာ။
သမီးလုံးတင်တို့လင်မယားအိပ်ဖို့ အိမ်အလယ်သာသာလောက်ကနေ ထရံတစ်ချပ်ခြားပြီးအခန်းပုံစံဖွဲ့ထားတာ။ကျန်နေရာလွတ်မှာ မဝင်းခင်တို့ မိသားစုထမင်းစားတယ်။ဧည့်သည်လာရင် ထိုင်စကားပြောတယ်။ညရောက်ရင်တော့မဝင်းခင်နဲ့လုံးတင်ရဲ့သားလေးတို့ မြေးအဘွားနှစ်ယောက်အိပ်ရာပေါ့။
ဒီအိမ်လေးနဲ့ခြံက လုံးခင်တို့ သူဌေးပိုင်တာ။ရွာကနေထွက်ပြီး လုံးခင်တို့လင်မယား အလုပ်နဲ့နေစရာရပြီး မဝင်းခင်ကိုလှမ်းခေါ်ပေမဲ့ မသွားဖြစ်။တစ်ဝမ်းတစ်ခါးအတွက် ရွာမှာမဝင်းခင်အတွက် ပူစရာမလို။ လယ်ရိတ်လည်းလိုက်တာပဲ။ပဲဆွတ်လည်းလိုက်လိုက်တာပဲ။ ဒေါင်နေနေ ပြားကျကျ မဝင်းခင် ဘဝကိုရုန်းကန်ရမှာ
မကြောက်ဘူး။ ရှိတာလေးနဲ့ ဖြစ်သလိုစားတတ်သူမို့ လက်ထဲတောင် စုဆောင်းမိသေးတယ်။
ဒါပေမဲ့ လုံးခင်မီးဖွားခါနီး အမေဘေးမှာရှိနေရင် သိပ်အားရှိတာပဲဆိုတဲ့ သမီးအပြောနဲ့ မဝင်းခင် သမီးဆီလိုက်သွားဖြစ်တာ မြေးလေး ငါးနှစ်ထဲတောင်ရောက်လာပြီ။မီးတွင်းထဲမို့၊ ကလေးငယ်သေးလို့၊ ကလေးကြည့်မဲ့သူ
မရှိလို့နဲ့ မဝင်းခင် ရွာကို မပြန်ဖြစ်တော့ဘူး။
ကလေးကို မူကြိုအပ်တော့ အချိန်တိုင်း ကလေးထိန်းစရာမလိုတော့ဘူး။ဒါနဲ့ မိစန်းတင်မိတ်ဆက်ပေးမှုနဲ့ အခုနေတဲ့နေရာနဲ့နီးတဲ့ မမထားတို့အုတ်ဖိုမှာ အုတ်တင်အုတ်ချဝင်လုပ်ဖြစ်သေးတယ်။ မဝင်းခင်က သွက်သွက်လက်လက်ရှိသူမို့ အုတ်ကားထွက်မဲ့နေ့ဆိုမဝင်းခင် မပါမဖြစ်ဘဲ။
လုံးခင်ကတော့ ပြောရှာပါတယ်
“အမေရယ်…ကျုပ်တို့အမေကိုကျွေးနိုင်ပါတယ်
အုတ်ကားနောက် မလိုက်ပါနဲ့။ပင်ပန်းလွန်းလို့ပါ။
အမေသုံးချင်တာပြော ကျုပ်ပေးမှာပေါ့´´ တဲ့။
မဝင်းခင်က သားသမီးဆီက လက်ဖြန့်တောင်းမဲ့ အမေမဟုတ်ဘူး။သမီး အိမ်မှာနေတဲ့အတောအတွင်း မဝင်းခင်က ထမင်းချက်၊အဝတ်လျှော်၊ ကလေးထိန်း တတ်နိုင်သလောက်လုပ်ပေးတယ်။ မဝင်းခင် အလုပ်လုပ်လို့ရတဲ့ငွေကိုတော့ မြေးလေးလိုချင်တာဝယ်ပေးဖို့သုံးတယ်။ လှူစရာလေးတွေ့ရင် ထုတ်လှူတယ်။ ပြီးတော့ မဝင်းခင် နာဖျားရင် သုံးဖို့အတွက်ချန်ထားတယ်။
ရွာမှာတုန်းက စုဆောင်းထားသမျှလေးလည်း သမီး ကလေးမွေးတော့ ဟိုဟာလေးစိုက်ဝယ်လိုက် ဒီဟာလေးစိုက်ဝယ်လိုက်နဲ့ နည်းနည်း နည်းနည်း ပါပါသွားတာ။သမီးဆီက ပြန်လည်းမတောင်းဖြစ်ပါဘူး။
သမီးမင်္ဂလာဆောင်တုန်းကဆို သားမက်ဖြစ်သူက ချို့တဲ့တော့ မိဆိုင်ဖဆိုင်ကန်တော့ပွဲတို့ ၊ ဧည့်ဖိတ်လက်ဖက်၊ဆေးလိပ်တို့ဆို မဝင်းခင်ပဲ အကုန်ခံခဲ့တာ။ သမီးရှင်ဆိုပြီး ဘာကြေးညာကြေးတောင် တင်တောင်းခိုင်းတာမဟုတ်ဘူး။ သမီးကိုချစ်ခင်ကြင်နာရင်ပဲ မဝင်းခင်ကျေနပ်ပြီ။
မဝင်းခင်တို့ သမီးရှင်ဘဝက သမီးတွေအရွယ်ရောက်လာတော့လည်း မဟုတ်တဲ့သူတွေနဲ့တွေ့မှာစိုးလို့ ပူရ၊အိမ်ထောင်ကျပြန်တော့လည်း အိမ်ထောင်ရေးအဆင်မပြေမှာစိုးလို့ပူရ၊ အခု မြေးရလာပြန်ပြီ။ သမီးသံယောဇဉ်တင်မကတော့ဘူး။မြေးသံယောဇဉ်က တိုးပြန်ပြီ။
ရစ်ဖွဲ့တဲ့အထဲမှာ အဲ့ဒီသံယောဇဉ်ကြိုး အဆိုးဆုံး။ မဖြတ်လည်းမဖြတ်နိုင် မပြတ်လည်းမပြတ်နိုင်ဘူး။ မဝင်းခင်လေ မိစန်းတင်ကို ကြည့်ပြီး တစ်ခါတစ်ရံတော့ သိပ်အားကျတာပဲ။ မိစန်းတင်က မဝင်းခင်ထက်တောင် တစ်နှစ်လောက် ကြီးသေးတယ်။ အပျိုကြီးတစ်ကိုယ်တည်း။
ဘယ်သွားသွား ဘယ်လာလာ ဘာလုပ်လုပ် နောက်ဆံတင်းစရာမရှိ။
အပျိုကြီးဖြစ်ပြီးအသက်ကြီးလာရင် မှီစရာမရှိတဲ့အခါ ဒုက္ခရောက်မယ် ဆိုတဲ့ အောင်သွယ်တော်ဒေါ်အေးဘုံရဲ့စကား နားယောင်မိလို့ မဝင်းခင် အိမ်ထောင်ကျစောခဲ့တာ။ဒေါ်အေးဘုံ စကားအရဆို အပျိုကြီးက အသက်ကြီးမှ ဒုက္ခရောက်မှာ။ မဝင်းခင်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်သားမွေး မြေးထိန်းနေရပြီ။ မှီစရာ နောက်မှထား။ချီစရာက အရင်ပဲ။ အတွေးတွေ ကောင်းနေတာနဲ့ မြေးလေးသွားခေါ်ဖို့တောင် မေ့သွားတယ်။ မြေးလေးတစ်ယောက် မဝင်းခင်ကို မျှော်နေတော့မှာပဲ။
အပြင်ဘက်မှာ မိုးက ရွာနေပါတယ်။မိုးကြောင့် ဝင်လာတဲ့ရေက အိမ်ကြမ်းပြင်နဲ့ ထိလုနီးပါပေါ့။ မဝင်းခင်ရဲ့ ရင်ထဲမှာသံယောဇဉ် ရေစီးကြောင်းက အရှိန်နဲ့စီးဆင်းလို့…..။
ခင်ဦး