သူတို့လင်မယား(စ/ဆုံး)

————————–
ကျွန်တော် ဤရပ်ကွက်ကို ပြောင်းလာသည်မှာမကြာသေး။ အလုပ်ရှင်က သူ့မှာ အိမ်လေးတစ်လုံးရှိသည်။ လူမနေ ပစ်ထားတာကြာပြီ၊ နေချင်လျှင် လခပေးစရာမလို ပြင်ဆင်ပြီး နေနိုင်သည်ဆိုသဖြင့် ကျွန်တော် အိမ်လေးကို သွားကြည့်မိသည်။

ရန်ကုန်မြို့ထဲမှ ဘတ်စ်ကားဖြင့် ၁ နာရီခန့်စီးသွားလျှင် ရောက်သည့်နေရာ၌ ထိုအိမ်ကလေးတည်ရှိသည်။ ဘတ်စ်ကားလည်းပေါသည်။ အိမ်လေးမှာ သစ်သားတစ်ထပ်အိမ်လေးဖြစ်ပြီး လူမနေတာကြာပြီဖြစ်သဖြင့် အနည်းငယ်ပြင်ဆင်လိုက်ရုံဖြင့် နေနိုင်သည်။ ရန်ကုန်မြို့ထဲတွင် တိုက်ခန်းတစ်ခန်းငှားနေမည်ဆိုပါက ၆ လ ကြိုပေးစရာ ပိုက်ဆံမတတ်နိုင်သောကြောင့် ထိုအိမ်လေးတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။

ကျွန်တော့်အလုပ်မှာ သတင်းစာတိုက်တွင်ဖြစ်သဖြင့် မနက်စောစော အလုပ်တိုက်ကိုလာ၊ ညမိုးချုပ်မှ ပြန်ရသည်ဖြစ်ရာ ထိုအိမ်လေးမှာ အိပ်ရုံသက်သက်သာ ဖြစ်သည်။ သတင်းစာလုပ်ငန်းသည် နားရက်မရှိ သဖြင့်လည်း အလုပ်က နားရသည်မရှိ။

ကျွန်တော်နေထိုင်သည့် ရပ်ကွက်လေးမှာ အေးချမ်းလှသည်။ ကိုယ့်ဝင်း ကိုယ့်ခြံတွေနှင့် နေထိုင်ကြသည်ဖြစ်ရာ သီးခြားဆန်လွန်းပြီး တစ်အိမ်နှင့်တစ်အိမ် လူရှိမှန်းပင်မသိသည်ကများသည်။

တစ်ညကျွန်တော် အလုပ်ကပြန်လာချိန်ဖြစ်သည်။ ဘတ်စ်ကားဂိတ်အဆင်း ထမင်းဆိုင်မှာ ထမင်းနှင့်ဟင်း အထုပ်လေးဝယ်ကာ ပြန်လာစဉ် ကျွန်တော့်ခြံဝ၌ အဘွားအိုတစ်ဦးကို တွေ့လိုက်ရသည်။ အဘွားအိုက ကျွန်တော့်ကို ပြုံးပြလိုက်ပြီး

“အဘွားတို့အိမ်မှာ ဒီနေ့ ဦးရှင်ကြီးတင်တယ်။ အဲဒါ မုန့်လာပို့တာ” ဟုဆိုကာ ကျွန်တော့်ကို ပန်းကန်လေး ကမ်းပေးသည်။

ပန်းကန်ထဲတွင် ကောက်ညှင်း၊ အုန်းသီး၊ ငှက်ပျောသီးနှင့် ထန်းလျက်ခဲကို တွေ့လိုက်ရသည်။

“ဪ ဟုတ်ကဲ့အဒေါ် ကျေးဇူးပါခင်ဗျာ။ ခဏလေစောင့်ပါနော် ကျွန်တော် ပန်းကန်လှယ်ပြီး ပြန်ပေးပါ့မယ်”

ကျွန်တော်ကအိမ်တံခါးသော့ကိုဖွင့်ကာ အထဲဝင်လိုက်သည်။ အဘွားအိုကလည်း ကျွန်တော့်နောက်မှ လိုက်ဝင် လာသည်။

ကျွန်တော်က နောက်ဖေးမီးဖိုချောင်ဝင်ကာ ပန်းကန်လှယ်ဆေးပြီး ပြန်ထွက်လာကာ အဘွားအိုအား ပန်းကန် ပြန်ပေးသည်။ သူက

“စာအုပ်တွေ အများကြီးပဲ”

“ဟုတ်ကဲ့”

“ဘယ်မှာ အလုပ်လုပ်သလဲ”

“သတင်းစာတိုက်မှာပါ”

“အဒေါ်တို့က ခေါင်းရင်းခြံကပါ … အားရင်လာလည်နိုင်ပါတယ်”

“ဟုတ်ကဲ့ခင်ဗျ”

“တစ်ယောက်တည်းသမားလား”

“ဟုတ်ကဲ့”

“စားသောက်ရတာ ခက်ခဲမှာပေါ့”

“မခက်ပါဘူးခင်ဗျာ ကျွန်တော်က ဒီလိုပဲ ကြုံရာဆိုင်မှာ စားနေကျပါ”

“ဪ”

နောက်တစ်နေ့ည ကျွန်တော် အိမ်ပြန်နည်းနည်းစောသည်။ အိမ်နောက်ဖေးတွင် ထမင်းတည်နေစဉ်

“အိမ်ရှင်တို့” ဟုခေါ်သံကြားလိုက်ရသဖြင့် အပြင်ထွက်ကြည့်ရာ တစ်ဖက်ခြံမှ အဘွားအို ဖြစ်နေသည်။

“အဒေါ် ကျွန်တော် လာခဲ့မယ်”

ကျွန်တော်က ခြံတံခါးပြေးဖွင့်ပေးလိုက်သည်။

“အိမ်ထဲမှာ မီးတွေ့တာနဲ့ ရောက်နေပြီထင်ပြီးလာတာ။ ဒီနေ့ အိမ်မှာ ကြက်သားဟင်းလေး ချက်စားလို့ စားရအောင် လာပို့တာ”

“ဟာဗျာ ဒုက္ခမရှာပါနဲ့”

“ဒုက္ခရယ်လို့တော့ ဘယ်ဟုတ်မလဲ ဒီလိုပဲ အိမ်နီးချင်းတွေ ရှိအတူ၊ မရှိအတူပေါ့”

အဘွားအိုစကားက ကျွန်တော့်ကို ပိုပြီး ရင်းနှီးစေသဖြင့် ကျွန်တော် လက်ခံထားလိုက်ပါသည်။

နောက်တစ်နေ့ ကျွန်တော်က မြို့ထဲမှ ကိတ်မုန့်လေးတစ်လုံးဝယ်ကာ အဘွားအိုနေထိုင်ရာ ခြံထဲကို သွားပြီး

“အဒေါ်” ဟု ခေါ်လိုက်သည်။

“ဘယ်သူလဲ” ဟု အော်သံကြားလိုက်ရသည်။ ယောက်ျားကြီးတစ်ယောက်အသံဖြစ်သည်။

“လာပြီ” ဟုဆိုသော အသံနှင့်အတူ အခန်းထဲက အဘွားအိုက ထွက်လာသည်။

“ဪ ဟိုဘက်အိမ်က ဆရာရှင့် … လာပါ … လာပါ”

အဘိုးအိုတစ်ယောက် အခန်းထဲက ထွက်လာသည်။ အဘွားအိုက

“ဒါ အဒေါ့်ယောက်ျား”

“အဘွားတို့က နှစ်ယောက်တည်းလား”

“သမီးလေးတစ်ယောက်ရှိတယ်။ ကျောင်းဆရာမ နယ်မှာ တာဝန်ကျနေတယ်။ တစ်လ တစ်ခါပဲ ပြန်လာတယ်”

“ဪ”

“ဘာတွေလဲဆရာ”

“မြို့ထဲက ကိတ်မုန့်လေးဝယ်လာတာပါ … စားစေချင်လို့ပါ”

“ဒုက္ခရှာလို့ကွယ်”

“ဒုက္ခရယ်လို့တော့ ဘယ်ဟုတ်မလဲ ဒီလိုပဲ အိမ်နီးချင်းတွေ ရှိအတူ၊ မရှိအတူပေါ့”

“ဟား … ဟား အဒေါ့်စကားနဲ့ ပြန်ချေတာပေါ့လေ”

ဤသို့ဖြင့် အိမ်နီးချင်းအဘိုးအို အဘွားအိုတို့နှင့် ကျွန်တော် ရင်းနှီးသွားပါသည်။ သူတို့ သမီးဆရာမဆိုသည်ကို တော့မမြင်ဘူးသေးပါ။ သမီးက လကုန်မှပြန်လာမည်ဟု သိရသည်။

အဘိုးနှင့် အဘွားတို့သည် ၇၀ ကျော်အရွယ်တွေဖြစ်ကြသည်။ အဘိုးအိုက အနေအေးသည်။ စကားလည်း နည်းသည်။ အဘွားအိုကတော့ စကားအလွန်ပြောချင်သူဖြစ်သည်။ အဘိုးအိုမှာ အနည်းငယ် မကျန်းမာပေ။ မိုးအေးလာလျှင် အပြင်သိပ်မထွက်တော့။ အဘွားအိုကတော့ ကျန်းမာသည်။ သူတစ်ယောက်တည်း တစ်အိမ်လုံး အလုပ်တွေကိုလုပ်သည်။ အဘိုးအိုက ပင်စင်စားတစ်ဦးဖြစ်သည်။

တစ်နေ့ နံနက်စောစော အလုပ်မသွားမီ ကျွန်တော် ခြံထဲဆင်းကာ မြက်တွေ ရှင်းနေစဉ်

“ဆရာလေး … ဆရာလေး” ဟု တစ်ဖက်အိမ်မှ အဘွားအိုက ခြံတံခါးဝတွင် လာရပ်ပြီး ခေါ်နေသဖြင့်

“အဒေါ်လာပြီ … ဘာကိစ္စရှိလို့လဲဗျာ”

“လုပ်ပါဦး … အဒေါ့်ယောက်ျား ခေါ်လို့လည်း မရတော့လို့ … လိုက်ကြည့်ပေးပါဦး”

ကျွန်တော်က ခြေလက်များဆေးပြီး အဘွားအိုနောက် အပြေးလေးလိုက်ခဲ့သည်။

“ဘယ်မှာလဲအဒေါ်”

“အိမ်ခန်းထဲမှာ”

ကျွန်တော်က အခန်းထဲ ဝင်လိုက်သည်။ အဘိုးအိုက ခြင်ထောင်ထဲတွင် ဆန့်ဆန့်ကြီး ဖြစ်နေသည်။ ကျွန်တော်က ခြင်ထောင်တွေကို တင်လိုက်ပြီး အဘိုးအိုခြေထောက်တွေကို ကွေးဆန့်ကြည့်သည်။ ပျော့ပြောင်း နေသည်။ ရင်ဘတ်ကိုကပ်ပြီး စမ်းကြည့်သည်။ ရင်ခုံနေသည်။ ကျွန်တော်က အဘိုးအိုကို ထူလိုက်ပြီး

“အဘိုး … အဘိုး” ဟု ခေါ်လိုက်ရာ

“ဟင်” ဟု တစ်ချက်ညည်းကာ ခေါင်းကိုရမ်းလိုက်ပြီးမှ

“ဟင် … ဘာဖြစ်သွားတာလဲ … မောလိုက်တာ … ငါအဝေးကြီးရောက်သွားတာ။ နင့်ကို စိတ်မချလို့ ပြန်ပြေးလာတာ။ မောလိုက်တာ”

ကျွန်တော်က ဘေးနားတွင် အသင့်ရှိနေသော ရေဘူးထဲမှ ရေကို နှုတ်ခမ်းတွင်တေ့ပြီး တိုက်လိုက်သည်။

“ဟင်း” ဟု သူက တစ်ချက် သက်ပြင်းကြီး ချလိုက်ပြီး

“မလှရွှေ ရော” ဟု ကျွန်တော့်ကို မေးလိုက်သည်။

“အပြင်မှာ ရှိမယ်ထင်တယ် … အဒေါ်လာခေါ်လို့ ကျွန်တော် လိုက်ခဲ့တာ … ဦးလေး သတိမရဘူးဆိုလို့”

“ကောင်းသွားပြီ … မလှရွှေ … မလှရွှေ”

အဘိုးအိုက ကုန်းထသည်။ ကျွန်တော်က သူ့ကို တွဲထူပေးပြီး အခန်းထဲက ထွက်လာကြသည်။

အဘွားအိုက အပြင်ရှိ ဆက်တီခုံပေါ်တွင် လက်တန်းပေါ် ခေါင်းလေးတင်ကာ လှဲနေသည်။

“အဒေါ် … အဒေါ်”

ကျွန်တော်က အဘွားအိုကိုပြေးပြီး လှုပ်ခေါ်လိုက်သည်။

“မလှရွှေ”

အဘွားအိုကား ငြိမ်နေသည်။ သူ့ကို ထူပေးလိုက်သော်လည်း ခေါင်းကငိုက်စိုက်ကျသွားသည်။

“လုပ်ပါဦး ဘယ်လိုဖြစ်တာလဲ”

အဘိုးအိုက ငိုသံပါကြီးနှင့် ပြောရှာသည်။

ကျွန်တော်လည်း နီးစပ်ရာအိမ်တွေကို အကူအညီတောင်းရသည်။

အဘွားအို ကွယ်လွန်သွားရှာသည်။

အဘိုးအိုက

“ငါ့နောက်ကို မလိုက်နဲ့လို့ ပြောသားပဲ” ဆိုကာ ငိုသည်။

ကျွန်တော်လည်း ဘာမှန်း ညာမှန်းတော့မသိ မျက်ရည်ဝဲလာသည်။

တင်ညွန့်

၁၀.၆.၂၀၂၅