မာမရှိန်း (ဝတ္ထုတို)
---------------------------
“အို ... ဘယ့်နှယ် တယောက်တည်း ဒေါပွနေ သလဲ”
“ရုံးဆင်းပြီလား . . . စောင့်ဦး ခဏ”
"ကြည့်... ကြည့်... ဘာစာလဲ၊ ဆုတ်ပစ်လိုက်တာ”
“ယောက်ျားတဲ့ . . ယောက်ျားတဲ့ အမယ်မင်း . . .” ..
“အိုး ...”
“လူကို ပန်းသယ်များမှတ်နေသလား မသိပါဘူး”
“ပြော ပြောစမ်းပါဦး အချောရဲ့ . . . ” ...
“စာအုပ်ငှားတာတဲ့ကွယ်၊ စာအုပ်ကြားထဲ စာညှပ်ပေး တယ်၊ ကိုယ်က ဒီစာအုပ်မဖတ်မိဘဲ တယောက်ယောက် ယူဖတ်ပါပြီတဲ့၊ မရေရာလိုက်တဲ့လူနှယ် . . . ကိုယ်တိုင်ပဲ ပေးတော့.."
“ဘယ်သူလဲ ... သူ့ခမျာ မပြောရဲလို့ ဒီလိုပေးတာ ပေါ့”
“ဝန်ထောက်မင်းပေါ့ . . . မပြောရဲရအောင် ကိုယ်က ...ဘာမို့လဲ . .
“မိန်းမရှာ ယောက်ျားဆိုတာ ပြောရမှာ လန့်တာပေါ့”
“ဟင်...”
“အချောကလည်း အဟုတ်တကယ်ပြောတာ .. သူတို့ ဘယ်လိုပဲ စစ်ထွက်ယောက်ျား စစ်သားကြီးဖြစ်နေနေ မိန်းမရှေ့ကျရင် ကြိုက်တယ်လို့ မပြောရဲဘူး၊ ပြောရင်လည်း တုန်နေတာပဲ”
“မြတ်စွာဘုရား ... ”
ခင်ခင်သည် အချော၏ ချစ်စရာကောင်းလှသော မျက်နှာပေးနှင့် ပြောပုံဟန်အမူအရာကို သဘောကျလှသည် နှင့် တခစ်ခစ် ရယ်ကာ အချောလက်ကိုဆွဲလျက် ရုံးပြင်ဘက် သို့ ထွက်ခဲ့ကြလေသည်။
အချောကို ခင်ခင် အလွန်ချစ်လေသည်။ ခင်ခင်ပင် မဟုတ်၊, မသန်းကြည်၊ မအေးရီ၊ မထွေးလှတို့ပါ အချောကို အသဲစွဲချစ်ကြပြီး ရွယ်တူတန်းတူအရွယ်တွေဖြစ်လျက်နှင့် အရာရာ အချောကို အမကြီးလို အားကိုးချစ်ခင်ကြရလေသည်။ သူတို့သည် သွေးသား ဘာမျှ မစပ်ဘဲ ကရိလမ်းတွင် သားနား သော အခန်းကျယ်ကြီးတခန်း ငှားကာ ငါးယောက်သား စု၍ စရိတ်ခံပြီး စုပေါင်းနေကြလေသည်။ အားလုံး အပျိုများပင် ဖြစ်ပြီး အသီးသီး မိမိအလုပ်အကိုင်နှင့်မိမိ ရှိကြသည်။ နံနက် တွင် အလုပ်အသီးသီးသွားကြကာ ညနေတွင်မှ အခန်းတွင် စုဆုံကြရလေသည်။
သူတို့နေကြသောအခန်းကို မြင်ရလျှင်- ဂုဏ်သရေရှိ အထက်တန်းစား လူကြီးလူကောင်း (ဝါ) အထက်တန်းစား ယောက်ျားတယောက် ဦးဆောင်နေသော အိမ်ကဲ့သို့ မှတ်နိုင် လေသည်။ သူတို့အိမ်တွင် ယောက်ျားဟူ၍ တယောက်မျှ မရှိပေ။ ထမင်းချက်သော အပျိုကြီးတဦးသာ ရှိလေသည်။
လှေခါးမှတက်လိုက်လျှင် ဧည့်ခန်းကို ရှေးဦးစွာမြင်နိုင် သည့် ဧည့်ခန်း၌ ရေဒီယို၊ ဆိုဖာ၊ ဓာတ်မီး၊ ပန်ကာတို့နှင့် ထိန် လင်းနေသည့် ထမင်းစားခန်းသည် ဧည့်ခန်းနောက်တွင် ကပ် လျက်ရှိသည်။ စားပွဲ၊ ကုလားထိုင်၊ ပန်းအိုး၊ ဘီရို၊ ဇွန်းခက်ရင်း၊ ပန်းကန်စသည့် ထမင်းစားခန်း အသုံးအဆောင်များသည် ခန့် ငြားထည်ဝါပေသည်။
ထမင်းစားခန်း၏ လက်ဝဲ လက်ျာဘက်တွင် အိပ်ရန် အခန်းနှစ်ခန်းရှိသည်။ အခန်းနှစ်ခန်းစလုံးထဲရှိ ကုတင်၊ မှန်ခုံ၊ ဘီရိုများ ဆင်တူ ခင်းကျင်းပြင်ဆင်ထားကြသည်မှာ သပ်သပ် ရပ်ရပ် ရှိလှသည်။ အိပ်ခန်းတခန်းလုံး၏ အသရေကို ရှာထိုး ကြမ်းပျဉ်တွေက တဖိတ်ဖိတ် တပြက်ပြက်နှင့် အရောင်လက် ပြနေသည်။
အိမ်ရှေ့ သံတံခါးကို သော့ပိတ်ထားလျှင် အလွန် ခိုင် လုံသည့် အခန်းကြီးတခန်းဖြစ်လေသည်။
ငါးယောက်စလုံး တမြို့တရွာစီက ဖြစ်သည်။ အလုပ် - အကိုင်များလည်း တယောက်က ဆရာဝန်၊ တယောက်က ကျောင်းဆရာ၊ တယောက်က ရုံးအုပ်၊ တယောက်က လွှတ်တော်ရုံး လက်ရေးကိုလက်နှိပ်စက်စာရေးနှင့် တယောက်က အင်္ဂလိပ်ဘဏ်တိုက်ကြီးတွင် စာရင်းကိုင် စာရေးမကြီးဖြစ်၍ အလုပ်ချင်းမတူဘဲ တလုပ်စီဖြစ်ကြသည်။
အားလုံးထဲတွင် အချောမှာ သတ္တိ ဗျတ္တိနှင့် ပညာဉာဏ် အရည်အချင်းထက်မြက်စူးရှရုံမက တည်တည်ကြည်ကြည် သိမ်သိမ်မွေ့မွေ့ရှိ၍ အားလုံးက အားကိုးလေးစားကြရခြင်း ဖြစ်သည်။ မိန်းမများ ထားရှိနိုင်သည့် စိတ်သဘောနှင့်ပင် အရာရာ တွင် ပိုနေသည့် အရည်အသွေးကြောင့် သူတို့အိမ်တွင် အချော မှာ ယောက်ျားတယောက်နှင့်လည်း တူလှသည်။ ယောက်ျား တယောက်လိုဖြစ်နေသည်။ ယောက်ျားတယောက်ပြည့် သလို သူလည်း ပြည့်နေသည်။
မည်သည့်ဘက်ကဖြစ်စေ၊ အမြဲတန်း အနစ်နာခံ၍ ကူညီလုပ်ကိုင်ပေးတတ်သော ထူးကဲသည့် နှလုံးသွင်း မြင့်မြတ် ပုံမှာ စံမတူအောင် ရှားလှသည့် မိန်းမမျိုးဖြစ်သည်။
ယနေ့ညနေ အိမ်သို့ ရောက်လျှင် ရောက်ခြင်း အချော သည် အိမ်ခန်းထဲသို့ ရုတ်တရက် လှမ်းမဝင်နိုင်ဘဲ ရှိလေသည်။ ကမ္ဘာလောကကြီး၏ အဆင်မပြေ ထူးဆန်းပုံနှင့် ရင်ဆိုင် သွား တိုးနေသည်။
ဧည့်ခန်းတွင် မထွေးလှနှင့် ယောက်ျားနှစ်ယောက် စကားထိုင်ပြောနေကြသည်။ ယောက်ျားတယောက်မှာ ယောက်ျားဖြစ်ပြီး ယောက်ျားတယောက်မှာ မိန်းမရှာ ဖြစ်လေ သည်။
မိန်းမရှာသည် မိမိ ဘိုကေကို အမောက်ကလေး ဖြစ် အောင် တမင်လုပ်ပြီးထားသည်။ တမျက်နှာလုံး ပေါင်ဒါဖွေး ဖွေး လှုပ်နေပြီး နှုတ်ခမ်းကလည်း ရဲရဲနီနေပေသည်။ ရှပ်အင်္ကျီ မီးခိုးရောင်နုနုကို အိတ်မထည့်ဘဲ ခပ်ကြပ်ကြပ်ချုပ်ပြီး စိန် ကြယ်သီးများတပ်လျက် ဝတ်ဆင်ထားသည်။ အချောမျက်စိထဲ တွင် အဆန်းဆုံးမှာ မီးခိုးရောင်ရင့်ရင့် အသွေးဖြစ်သည့် ခါး ဝတ်လုံချည်သည် ပုဆိုးဝတ်သလိုလည်းမဟုတ်။ ထဘီဝတ်သလိုလည်း မရောက်ဘဲ ပုဆိုးထမီဝတ်ထားသည့်ပုံ ဖြစ်သည်။ မိန်းမရှာဆို၍ ကြားသာကြားဖူးပေသည်။ ယခုလောက် နီးနီးကပ်ကပ် တခါဖူးမျှ မတွေ့ဖူးပေ။
“ဘုရား ဘုရား .... ဘယ်လိုသတ္တဝါများ ရောက်နေပါလိမ့်” ဟု ခင်ခင့်အား တိုးတိုးကလေးကပ်ပြောပြီး အိန္ဒြေမပျက် ဧည့်ခန်းသို့ တန်းဝင်သွားလျက် ကုလားထိုင်လွတ်တွင် ထိုင်ချလိုက်ပြီးနောက် မိန်းမရှာကို စေ့စေ့စပ်စပ် ကြည့်လေသည်။ “အချော ဒါထွေးရဲ့မောင် မောင်ထွန်းလေ။ သူက မောင်ထွန်းသူငယ်ချင်း မောင်မောင်”
အချောလည်း မိတ်ဖွဲ့ပေးသူများကို ပြုံး၍နှုတ်ဆက်ပြ လိုက်သည် မှန်သော်လည်း၊ မိန်းမရှာကို ပြုံးပြပုံမှာ စိတ်ရော ကိုယ်ပါ လွန်သွားလေသည်။
လှိုက်လှိုက်လှဲလှဲ အချောက ပြုံးလိုက်၍လားမသိ။
မိန်းမရှာလည်း မနေတတ်သလို ဆုပ်ထားသောပုဝါစကို ကိုင်လျက် ခေါင်းမဖော်ဘဲ ငုံ့၍နေသည်။
မထွေးလှက ရယ်စရာပြော၍သော်လည်းကောင်း၊ မောင်ထွန်းက နောက်၍သော်လည်းကောင်း၊ မိန်းမရှာသည် သူတို့အား ပြုံးစိစိ မျက်နှာပေးဖြင့် မျက်စောင်းလှမ်းလှမ်းထိုးပုံ မှာ ကြာမူပါလွန်း၍ တကယ့်မိန်းမဟန် အမူအရာနှင့်မခြား အောင် ဖြစ်သည်။
အချောသည် သူတို့ကို ဖော်ဖော်ရွေရွေလုပ်နေသော် လည်း သူ့စိတ်ထဲ၌ တိုင်တတိုင်တွင် မိန်းမရှာကိုချည်၍ ကြိမ် လုံးကောင်းကောင်းနှင့် ရိုက်ချင်သည့်စိတ်များ ပေါ်ပေါက်နေ လေသည်။
“ဒီမှာ အချော. . . ပေါင်ဒါတို့ ရေမွှေးတို့ ဂျိုင်းမွှေး နှုတ်ဆေးတို့ ဘယ်ဟာ အကောင်းဆုံးလဲလို့ သိချင်ရင် မောင်မောင့်သာမေး မောင်မောင့်သာ ဝယ်ခိုင်း” ဟု မထွေးလှ က ပြောသည်ကို “ကြည့်ပါလားလို့” ဟု ဆို၍ ခြေနှစ်ဘက်ကို · ဆောင့်ပြလိုက်ပုံကိုမြင်ရသည်မှာ အချောတွင် သူ့ရင်ကို လှမ်း ကန်လိုက်သကဲ့သို့ အောင့်သွားခဲ့လေသည်။
“မဟုတ်ဘူးလားလို့ . မောင်မောင်က၊ မောင်မောင် အလှကြိုက်တယ်မှုတ်လား။ ဖြီးလိမ်းထားလိုက်တာ သူ့ကိုယ်မှာ”
“မလှဘူးလားလို့ . . ."
“ဘယ်လိုပဲ လှအောင်လုပ်လုပ် အချောနဲ့ မောင်မောင် နဲ့ ဘယ်သူက လှသလဲ”
“ချောက နဂိုချောကို . . မောင်မောင်က မချော တော့ ချောအောင်လုပ်ရတာပေါ့”
“နို့ . . . ချောရဲ့လား မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့် ပါဦး . .
မောင်ထွန်းက ဝင်၍ တဟားဟား ရယ်ပစ်လိုက်သည့် အသံကြီးသည် တခန်းလုံး ဟိန်းသွားလေသည်။
“ကြည့်လေ . သူ လူကိုခေါ်လာပြီး နောက်နေ တယ်”ဟု မောင်ထွန်းကို လှမ်းထုကာ စိတ်ဆိုးသလို စူနေပြီး ကျွေးမွေးဧည့်ခံထားသည့် အစားအစာများကို ဘာမျှမစားဘဲ စိတ်ကောက်သလို လုပ်နေသည်။
အချော၌ ပထမသော် မောင်မောင့်ကိုကြည့်၍ ရွံနေ သော်လည်း မောင်မောင်၏ ချို့ယွင်းချက်တွေ စုံစုံလင်လင် အချိန်ကြာကြာမြင်နေရသောအခါ၌ ရွံရာမှတဖန် သနား လိုက်မိလေသည်။
အရွယ်ကလေးကလည်း အရွယ်ကောင်း၊ ရုပ်ကလည်း မခေ၊ အင်္ဂလိပ်ပညာလည်း တတ်၊ ယောက်ျားစင်စစ်လည်း ဖြစ် ၍ သူ့ကို လောက၌ ဘယ်နေရာမှာ အသုံးချရမလဲဟု နေရာ ရှာကြည့်ရာတွင် တနေရာ တကွက်မှ သူနှင့် ထိုက်တန်စရာ နေရာမမြင်၍ ယောက်ျားဘက်ကလည်း လုံးလုံး သုံးမရ၊ မိန်းမ ဘက်ကလည်း လုံးလုံး သုံးမရ။ မြေကြီးပေါ်တွင် အပိုလို ပစ်ရ နေသောဘဝကို သနားရာမှတဖန် လှိုက်လှိုက်လှဲလှဲ ထပ်ခါ သနားနေလေသည်။
မောင်မောင့်အပေါ်တွင် စိတ်ဝင်စားသွားသောကြောင့် အရေးတယူလုပ်၍ ကိုယ်တိုင်ပင် ချော့မော့ ကျွေးသောအခါ မှ မောင်မောင်လည်း စိတ်ဆိုးပြေသည့် အမူအယာနှင့် ကျွေး သမျှကို မငြင်းဘဲ စားလေသည်။
စားသောက်ပြီး အိတ်ထဲမှ မှန်ကလေးနှင့် တို့ပတ်ကို ထုတ်ကာ လူတွေရှေ့တွင်ပင် မှန်ကြည့်ပြီး တို့ပတ်နှင့် မျက်နှာ ကို တို့နေပြန်၍ အချောသည် မောင်မောင်လုပ်နေပုံကိုကြည့် ရင်း သနားသွားသည်မှာ ပြောဖွယ်ရာမရှိပေ။
မောင်ထွန်းနှင့် မထွေးလှတို့ ခင်ခင်တို့ စကားအပြန် အလှန်ပြောနေသလို အချောလည်း မောင်မောင်နှင့် ခင်မင် ရင်းနှီးအောင် မိတ်ဖွဲ့နေလေသည်။
ရယ်စရာတမျိုး စိတ်ဝင်စားဖွယ်ရာတမျိုး ချော့လို့ တမျိုး နည်းအမျိုးမျိုးနှင့် အချော ဧည့်ခံနေပုံကို ခင်ခင်က နားမလည်နိုင်ဘဲ ရှိနေသည်။
ပြန်ကာနီးတွင်လည်း အလှဆုံး လက်ကိုင်ပဝါငယ်လေး များကို မောင်မောင်အား လက်ဆောင်ပေးလိုက်၍ တနင်္ဂနွေ နေ့တွင် ထမင်းစားလာရန် အထပ်ထပ် မှာနေခြင်းကိုလည်း ခင်ခင်တွင် အလွန်ဆန်းနေသည်။
မောင်မောင်တွင် အဖေ အမေ မရှိ။ အစ်ကို အစ်မ တွေသာ ရှိလေသည်။ ညီငယ် အထွေးဆုံးမို့ မပြောရက်၊ မဆို နက်ဖြင့် အလွန်ဂရုစိုက်ကြသည်ကို မထွေးလှက မောင်မောင် တို့ အပြန်တွင် အချောအား ဇာတ်ကြောင်းပြန်ပြသည်။
၁၀တန်းအောင်ပြီး ပိုက်ဆံကြွယ်ဝသည့်အတိုင်း အစ်ကိုအစ်မများ က စကော့ဈေးတွင် ပိုးထည်ဆိုင်ကြီး ဖွင့်လှစ်ထား၍ ပိုးလုံချည် ခါးကမချွတ်ဘဲ ငွေကို ရေလိုသုံးနေကြောင်းလည်း ပြောပြလေ သည်။ ၄င်းပြင် မောင်ထွန်းကို သူ ကြိုက်နေသလားမသိဘူး” ဟု ပြောပြီး ပါးစပ်ကို လက်ကိုင်ပဝါနှင့် ပိတ်ပြီး ကြိတ်ရယ် လေသည်။
“ကြည့်ရတာ စိတ်ကောင်း၊ သဘောကောင်းလေးတော့ ရှိသား” ဟု အချောကပြောရာ လူမှန်းသူမှန်း အလွန်သိတတ်ပြီး ဖော်ဖော်ရွေရွေနှင့် သူတပါးအကျိုး သည်ပိုးတတ်လွန်းလို့ အစ်မများက “နင် အဲဒီလို သဘောကောင်းနေ၊ တော်တော် ကြာ မီးကပ်ပေါ်က ဆင်းရမှာမဟုတ်ဘူး” လို့တောင် ပြောယူ ရတယ်ဟုပြောရာ အချောလည်း ဟက်ဟက်ပက်ပက် ရယ်မော လိုက်လေသည်။
X X X
မသန်းကြည်၊ မအေးရီ၊ မထွေးလှတို့က တခန်း အိပ် ကြပြီး ခင်ခင်နှင့် အချောက တခန်းအိပ်၍ ညအချိန်၌ ခင်ခင် လည်း အချောအိပ်ရာပေါ်တွင် လှဲ၍ စာဖတ်နေစဉ် ညဦးက ဇာတ်ကို ပြန်ကောက်လိုက်သည်။
“ခင်ခင်တော့ နားမလည်ဘူး... မောင်မောင်နဲ့ ဘယ်လိုကြောင့် အလွမ်းတဲ့နိုင်ရသလဲဆိုတာ နားကိုမလည် ဘူး”
အချောလည်း စာကိုသာ စိတ်ဝင်စားသလို ဖတ်နေ
သည်။
“သူ့ကိုတွေ့ရတာ နှလုံးမနာဘူးလား အချော”
“မပြောပါနဲ့တော့”
“ဒါကြောင့်ပေါ့”
“ဟင် ခက်ပါဘိတော့"
“အသေအချာပဲ”
“အချောကလည်း ဘာအသေအချာလဲ"
“ခက်တာလေ . . .. ခက်တာ"
“ဘာခက်တာလဲ . . . ဘယ်လိုလဲ” ...
အချောသည် စာသာ ပြန်ဖတ်နေသည်။ “ပြောပြစမ်းပါဦး အချောရဲ့” စက်ဆုပ်ပါလျက်နဲ့ အချော သူ့ကို ဘာလို့ ထမင်းစားခေါ်နိုင်တာလဲ”
“ဘယ်လိုထင်လို့လဲ ခင်ခင်"
“ဘယ်လိုမှ မထင်တတ်လို့ . . . အံ့ဩနေတာပေါ့”
“မိန်းမလို မိန်းမရ ယောက်ျားတယောက် လုပ်နေတာ ခင်ခင်ရော နှလုံးမနာဘူးလား”
“နာတာပေါ့ ခင်ခင့်ထက် အချောက ပိုရွံမှာ သိလို့ အံ့ဩလွန်းလို့ မေးနေတာ . . . ဘယ်လို့ မျက်မှန်းတန်းရတာလဲ”
“သိချင်သလား ခင်ခင်"
“ပြောစမ်းပါဆိုမှ” “နောက်ထပ် မမေးနဲ့နော်”
“မမေးပါဘူး...ကဲပါ ပြောပါဦး”
“ရွံလို့ ရွံလို့”
အချောသည် တဘက်သို့ စောင်းလှည့်လိုက်ပြီး စာ အုပ်ဖြင့် မျက်နှာအပ်ထားလိုက်သည်။
ခင်ခင်သည် “ရွံလို့ ရွံလို့” ဟု နှုတ်နှင့် တတွတ်တွတ် ရေရွတ်ပြီး ရယ်ရကောင်းမလား၊ ငိုရကောင်းမလား မသိအောင် မချင့်မရဲကြီးဖြင့် “ဆန်းပါပေါ့ အချောရယ်” ဟု ညည်းလိုက် ပြီးနောက် ကုတင်ပေါ်သို့ ပစ်လှဲအိပ်လိုက်လေတော့သည်။
XXX
တနင်္ဂနွေနေ့ လူစုံစုံ စုမိ၍ တအိမ်လုံး အချောကို ပွဲကျနေကြသည်။
“အံ့ပါရဲ့ အချောတယောက် မိန်းမရှာအတွက် ထမင်း ပွဲကြီး ပြင်နေလိုက်တာ၊ ဘယ်လိုစိတ်ကူးများလဲ မထွေးလှရဲ့” ဟု မအေးရီက တခစ်ခစ်ရယ်နေရင်းမှ အချောကြားအောင် အော်ပြောလိုက်သည်။
“နောက်ကို ဒီထက် အံ့ရဦးမယ်” ဟု အားလုံးကြား အောင် အချောကလည်း လှမ်းအော်လိုက်သည်"
အားလုံးပင် ထမင်းပွဲနားသို့ ကပ်လာကြပြီး အချော အား “ဘယ်လိုအံ့ရမှာလဲ” ဟု တပြိုင်တည်း ဝိုင်းအုံမေးကြ သည်။
“အံ့ဆို ထမင်းကျွေးရုံတင် မဟုတ်ဘူး၊ သူ့ကို အိမ်ခေါ် သိပ်တန် သိပ်ရဦးမယ်”
“ဘုရားရေ မိန်းမတွေ အိမ်လာအိပ်ရင် အခု - လုံချည်က အထက်ဆင်မတတ်သေးဘူး၊ လာရောမှ ထဘီလုံးလုံးဝတ် ဖြစ်တော့မှာပဲ” ဟု ခင်ခင်က ထင်မြင်ချက်ပေးလိုက်ရာ တဟားဟား ဖြစ်နေကြလေသည်။
“ဒါပဲနော် . . . တခုတော့ မှာထားမယ်၊ အချော ဘာလုပ်လုပ် သူ့ရှေ့မှာ နောက်လည်း မနောက်ကြနဲ့၊ ရယ်လည်း မရယ်ကြနဲ့။ သူ့ကို မိန်းမတယောက်လိုပဲ အရိပ်အကဲ ကြည့်ပြီး ထည်ထည်ကြီးလုပ်ရလိမ့်မယ်”
“ဘယ်လိုလဲ အချောရဲ့...”
“ဪ . . . ရှက်သွားမှာစိုးလို့ပါ”
- “အမယ်လေး လေး"
“မယ်လေးမနေနဲ့ ဟိုမှာ လာပြီ”
ဧည့်ခန်းသို့ ပြုံထွက်လာကြပြီး မျက်နှာပိုးသပ်ကာ ထိုင် ကြသည်။
မောင်မောင်ကား အမောက်ကို ကောက်လိန် မောက် လာသဖြင့် အသီးသီး ဣန္ဒြေဆည်မရဘဲ မောင်မောင့်အလစ်တွင် တယောက်နှင့်တယောက် အမောက်ကို မျက်စပစ်ပြ နေကြသည်။
လက်သည်းခွံတွေကို ချွန်ချွန်ညှပ်၍ ပန်းရောင်ဖျော့ ဖျော့ဆေးဆိုးလာသည်။ မျက်ခုံးမွှေး သေးသေးလေးနှုတ်ဆွဲထားသည်မှာ သူ့ရှေ့တွင်ထိုင်နေသော မိန်းမငါးယောက်ထက် စတိုင်ကျသေးသည်။ အချောတို့ဖို့ သနပ်ခါးမှုန့်များ သူ့တွင် လက်ဆောင်ပါလာသည်။
“မောင်မောင်လာမှ လာပါ့မလားလို့ အချော ပူလိုက်ရတာ၊ ကိုထွန်းရော . . . ” .
“ထွန်းထွန်း နေမကောင်းလို့ မလာနိုင်ပါဘူးတဲ့ ဖိတ်ထားတာ မလာဘဲ နေပါ့မလား”
“မောင်မောင့်အင်္ကျီလေးနဲ့ လုံချည်လေးက ဖက်ရှင်ပဲ၊ သိပ်လှပါလား”
“ဒါလေ မောင်မောင် မန္တလေးသွားတုန်းက ဝယ်လာတာ . . ဘယ်သူမှ ဒီအဆင်မျိုး ဝတ်တာ မောင်မောင်တော့ မတွေ့သေးဘူး”
“ဒီသနပ်ခါးမှုန့်ကလည်း မန္တလေးကပဲ ထင်တယ်။ မောင်မောင့်အသားလေး ဝါညက်နေတာ ဒါလူးလို့များလား"
“သနပ်ခါးမှုန့်တော့ ညကျမှပဲ လူးပါတယ်”
“နေ့ခင်းတော့ကော . . .”
“ကရင်ခံပြီး မက်(စ်)ဖက်တာရိုက်တာပဲ . . . "
“မောင်မောင် ဒီလောက်တောင် ချစ်စရာကောင်းတာ ယောက်ျားတွေတော့ ဝိုင်းပိုးမှာပဲနော် . . . "
“ပိုးတာမှ သူ လမ်းထွက်ရင် သူ့ဘေးမှာ ယောက်ျား လေး ငါးယောက် အမြဲရံနေတာပေါ့” ဟု မထွေးလှက ဝင်ပြော လိုက်ရာ နှုတ်ခမ်းကိုက်သူကိုက် လက်ကိုင်ပဝါထုတ် ပိတ်သူပိတ်နှင့် ရယ်ချင်လျက်နှင့် အောင့်ထားကြသည်။
“အချောကလည်း . မောင်မောင် သူတို့တို သိပ် အကပ်မခံပါဘူး၊ အိပ်ကလည်းလေ သူတို့တတွေနဲ့သွားရင် သိပ်မကြိုက်ဘူး။ မိန်းမသူငယ်ချင်းတွေနဲ့သွားမှ ကြိုက်တယ်။ အခုလည်း အချောတို့မိန်းမတွေချည်းနေတဲ့အိမ်ဆိုတာ သိကြလို့ စိတ်ချပြီး လွှတ်လိုက်တာ”
ပခုံးနှစ်ဘက်လှုပ်ပြီး ရင်ချီချီပြောပုံသည် မိန်းမများကဲ့ သို့ သဘာဝမကျဘဲ လွန်နေသည့်အတွက် မြင်ပြင်းကပ်စရာ အလွန်ကောင်းလှသော်လည်း အချောသည် ဘာမျှ အမှတ် မထားဟန်ဖြင့် မထူးခြားသလို မှင်သေသေနှင့် နားထောင်နေပြီး
“ဒါပေါ့ . . . သူတို့နဲ့ ဘယ်လာစိတ်ချပါ့မလဲ၊ အချော တို့လည်း ယောက်ျားဆိုရင် ဘယ်အသိလုပ်ရဲပါ့မလဲ” ဟူ၍ ခပ်တည်တည်ကြီးပင် ပြန်ပြောလိုက်သည်။
မိန်းမရှာမှာ သူ့အား ယောက်ျားမဟုတ်လို့ဟု ဆိုလိုက် သည်ကို နည်းနည်းမှ နာရမှန်းမသိ၊ ရှက်ရမှန်းလည်း မသိပေ။ ထမင်းစားပွဲတွင် ထမင်းစားကြစဉ် အရိုးများထွင်ပေး၊ အသားချည်း ရွေးပေးနှင့် မျိုမကျနိုင်သလို ဂရုတစိုက် တည်ပြု ကျွေးမွေးပေးသည့်အခါ အားလုံးမျက်စိ၌ ကြည့်ရကပ်အောင် ဖြစ်စရာရှိသော်လည်း မောင်မောင်ကား သဘောအကျကြီး ကျပြီး အချောကို အခင်ကြီးခင် အစွဲကြီးစွဲသွားလေပြီ။
“ထမင်းစားပြီးတယ်ရယ်လို့ မပြန်ရသေးဘူးနော်
တနေ့လုံး နေရမယ်၊ အချောက လူခင်ရင် သူများနဲ့ မတူဘူး၊ ကိုယ်ခင်သလို ခင်မှ ကြိုက်တာ . . .
“ဒီတခါတော့ မောင်မောင့်ကို ခွင့်လွှက်ပါဦး၊ နောက် ဆိုရင်လေ တနင်္ဂနွေနေ့တိုင်း အချောဆီ လာပါ့မယ်၊ လာလိုက်တာလို့သာ ရန်မတွေ့နဲ့”
“အခုတော့ ဘာဖြစ်လို့လဲ . . . အလုပ်ရှိလို့လား”
“အလုပ်တော့ မရှိဘူး၊ ဒါပေမဲ့ ဒီနေ့ ဘောက်ထော်မှာ နတ်ကမယ်၊ မောင်မောင်တို့ အမြဲ က,ရတယ်။ ကိုယ်တော်လေး က မောင်မောင့်ကို ကောက်ထားတော့ မသွားလို့ မရဘူး”
“ဟင် . . . ဘယ်ကိုယ်တော်ကလဲ”
“မင်းကလေး ကိုယ်တော်လေ.... မောင်မောင့်ကို
သိပ်ချစ်နေတယ်” .
မိန်းမတွေသာ ကောက်သည်ကို သိရပြီး၊ မိန်းမရှာကို ပါ နတ်များက မိန်းမလို ကောက်ယူပြန်သလားဟု အဆန်း ကြားရပြန်၍ အဆန်းမြင်ချင်လာသဖြင့် မောင်မောင်အား နတ်ပွဲသို့ ခေါ်ပြပါရန် တောင်းပန်လိုက်သည်။
“အို . . . ခေါ်တာပေါ့၊ ဒီလိုများ လိုက်ရင် သိပ်ဝမ်း သာတာပေါ့” နှင့် တအိမ်လုံးကို ဖိတ်မန္တက ပြုနေသည်။ အချောနှင့် မထွေးလှသာ လိုက်ပါပြီး ခင်ခင်က အပြင်ထွက်ရန် ဟန်ပြင်နေသော အချောနားကပ်လျက် “ဂွတ်တယ် ထင်ရင် ဒူးသာဒူးနော် လုပ် လုပ်” ဟု အချောအား ဩချလွှတ်လိုက်သည်။
ကားစီးစီး မြင်းလှည်းစီးစီး တခရီးလုံး မိန်းမရှာနှင့်တွဲသွားရသည်ကို မနှစ်မြို့ဘဲနှင့် လိုက်ပါခဲ့သော အချောသည် နတ်ပွဲသို့ရောက်သောအခါ နှလုံးနာထားရသည့်အထဲ ပျို့ချင် အန်ချင်စိတ်များပင် ပေါက်သွားလေသည်။
နတ်ရုပ်တွေနှင့် ပြင်ဆင်ထားသော နတ်စင်ရှေ့ တချိမ့် ချိမ့်တီးနေသော ဆိုင်းဝိုင်းနား၌ မောင်မောင်ကဲ့သို့သော အထက်ဆင်မတပ်သော မိန်းမရှာများ စုဝေးထိုင်နေသည်ကို မြင်ရလေသည်။ မိန်းမရှာလောကကြီးကို ရောက်လာသည့် အတွက် စူးစမ်းနိုင်ခွင့်ရပြီဟု အောက်မေ့လိုက်သည်။ မိမိတို့ အား မောင်မောင့်မျက်နှာနှင့် သူတို့နားတွင် ထိုင်ကြရန် ဖိတ် ခေါ်ပြီး ဧည့်ခံကြသည်။
´ကိုယ့်အဖြစ်နှင့် ပုဆိုးဝတ်နေလျှင် ယခုလို ရေတိမ်တွင် နှစ်ကြလိမ့်မည်မဟုတ်၍ မိန်းမရှာပပျောက်ရေး ဘယ်နည်းနဲ့ ဖြစ်နိုင်သလဲဟုသာ အချော စဉ်းစားလေသည်။
ထိုင်မသိမ်းအင်္ကျီနှင့် ထဘီရှည်ဝတ်လျက် မောင်မောင် တို့ မိန်းမရှာတစု ထ,ထပြီး အလှည့်ကျ နတ်ဝင်၍ ကဲ,ပြကြ သည်မှာ နတ်ဝင်သယ်တွေထက်ပင် အကကောင်းလေသည်။ • နတ်ဝင်သည်ကို မိန်းမများ မလုပ်ဘဲ သူတို့သာလျှင် လုပ်ဖို့ သင့်ပေသည်။ သူတို့စိတ်ကား မိန်းမများ၏စိတ်ထက်ပင် အရည် ပျော်လွယ်၍ နတ်ဝင်ရလွယ်ကူပေသည်။
ကြည့်ရင်း ကြည့်ရင်း စိတ်ထဲ၌ နာကျင်လွန်း၍ အချော...သည် အံကြိတ်၍ထားရသည်။
ဤနေ့အဖို့တွင် ခြေကုန်လက်ပန်းကျခဲ့ပြီး စိတ်မသက်သာစွာနှင့် မအီမသာဖြစ်နေလေသည်။ မိန်းမရှာတွေကို လှိုက်လှိုက်လှဲလှဲ ပိုမို၍ ကရုဏာကြီးသွားသည့်အတိုင်း မောင်မောင့်ကို တနင်္ဂနွေနေ့မှမဟုတ်ဘဲ ညနေတိုင်း လာပါရန် ထပ်မံ၍ အတန်တန် ဖိတ်ခေါ်ခြင်းပြုလိုက်သည်။
မောင်မောင်နှင့် အချော အလွန်ရင်းနှီးခင်မင်သည် အဖြစ်သို့ ရောက်လာခဲ့လေပြီ။ ညနေတိုင်း မောင်မောင်အား အချောတို့အိမ်၌ တွေ့နိုင်သည်။ အချောသည် မောင်မောင် အား ပကတိ မိန်းမမိတ်ဆွေသူငယ်ချင်းတယောက်ကဲ့သို့ ခင်မင်ပေါင်းသင်းပုံမှာ ပိပိရိရိရှိလေသည်။ တနင်္ဂနွေနေ့များ၌ အရောင်ဆင်တူဝတ်ဆင်ကြလျက် ဈေးသွား၊ ရုပ်ရှင်သွားနှင့် လုပ်နေကြသည်။ ခင်ခင်သည် အချောအား အကဲခတ်၍ မရ နိုင်။ အချော သွန်သင်မှာကြားထားသည့်အတိုင်း ၄င်းတို့ကပါ မောင်မောင့်ကို မိန်းမသားတယောက်ကဲ့သို့ အချော ဆက်ဆံ ပုံအတိုင်း ဆက်ဆံနေရသဖြင့် မောင်မောင်မှာ ပိပိရိရိ မိန်းမ တယောက် သူတို့အိမ်တွင် ဖြစ်လျက်နေခဲ့လေပြီ။ ယခုတွင် မောင်မောင် ပေါ်မလာလျှင် သူတို့ပါ ပျင်း၍ မောင်မောင့် အလာသာ စောင့်ကြလေသည်။
အချောသည် မောင်မောင်နှင့် ဆန့်ကျင်ဘက်ပြုရန် ကိစ္စမှန်သမျှ သတိကြီးစွာထားလျက် ရှောင်ရှားကာ မောင်မောင့်အလိုလိုက်လျက် အကြိုက်သာရွေး၍ မောင်မောင့်ကို မည်မျှခင်မင်ကြောင်းကို အဓိကထားပြီး ပြနေရာ၊ အချောက ထိုင်ဆိုထိုင်၊ ထဆိုထ နာခံသည့်အခြေသို့ ရောက်သည်အထိခင်မင်နေသည်။
အချောအတုခိုးပြီး အချော အယုအယ အချော သွေး ဆောင်သည့်အတိုင်း နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ် ကျေးကျေး အိန္ဒြေတွေ သိက္ခာတွေနှင့် ဖြစ်လာ၍ မိန်းမရှာ ဟုတ်ရုံမက မိန်းမအလွန်ပီသနေပေပြီ။
ယနေ့ညတွင် ၉ နာရီပွဲ ရုပ်ရှင်သွား၍ အပြန်၌ အချောတို့အိမ်၌ မောင်မောင်အိပ်ရန် အချော စီမံလိုက်လေ သည်။
ရုပ်ရှင်မှ ပြန်လာခဲ့ကြပြီး စုရုံးဝိုင်းဖွဲ့ စားသောက်ကာ စကားထိုင်ပြောနေကြလေရာ ညဉ့်နက်လာမှပင် အိပ်ကြရန် အသီးသီး ကိုယ့်အခန်းကိုယ် ဝင်သွားကုန်ကြသည်။ အချော သည် မောင်မောင်အား အိမ်ရှေ့ဧည့်ခန်းတွင် ကုတင်ထုတ်၍ အိပ်ရာပြင်ပေးထားသည်။
“မောင်မောင် မအိပ်ခင်လေ မျက်နှာလေးသစ်ပြီး သနပ်ခါးရေကျဲ ပွတ်လိုက်ဦး . . . ” ဟု မောင်မောင်ကို အိမ် တွင်းသို့ ခေါ်သွင်းသွားသည်။
မျက်နှာသစ်ပြီးကြပြီး အချောအခန်းထဲရှိ မှန်ခုံတွင် သနပ်ခါးလူးနေကြသည်။
ခင်ခင်သည် မိန်းမရှာမှန်း သိသော်လည်း ယောက်ျား တယောက်ဟူသောအသိကို မစွန့်နိုင်လေ၍ ပက်လက်အိပ် နေရာမှ ကပျာကယာ ထထိုင်ရသည်။ အခန်းထဲသို့ ခေါ်လာ သည်ကို ရှက်ပုံလည်းပြသည်။
“မောင်မောင်နဲ့အချော ဘယ်သူက အရပ်မြင့်လဲ . . .. လာ လာ . .တိုင်းကြည့်ရအောင်” ဟုဆိုပြီး ကိုယ်လုံးပေါ်မှန် ရှေ့၌ ယှဉ်လျက် ရပ်ကြသည်။
“ကြည့်စမ်း . . . မောင်မောင့်ကို အခုမှ သေသေချာ ချာ ကြည့်မိတော့တယ်။ နဖူးကလည်း မဟာနဖူး၊ လှလိုက်တာ. ဟောဒီမျက်ခုံးလေးက နှုတ်လိုက်လို့ ... သူ့အရှိ အတိုင်းဆိုရင် မျက်လုံးနှစ်လုံးပေါ်မှာ သိပ်ပေါ်မှာပဲနော် . . .
“နှုတ်တော့ မလှဘူးလား အချောရဲ့ .... ”
“လှတော့ လှပါရဲ့ . . . ဒါပေမဲ့ သေသေချာချာ ကြည့် မှ ပေါ်တယ်၊ မနှုတ်ဘဲထားရင် ဘယ်လောက်ပေါ်မလဲနော်။ သိပ်ပြီး ကျက်သရေရှိမှာပဲ။ အချောဖြင့် ဘာလို့ ဒီလောက်တောင် ကျက်သရေရှိရသလဲလို့ အောက်မေ့နေတာ ဟော လား လား လက်စသတ်တေ့ ဒါကြောင့်ကိုး၊ ကိုယ့်ဟာကိုယ်ရော သိရဲ့လား . . . မြင်ရဲ့လား မောင်မောင်”
“ဘာလဲ အချောရဲ့ . . ."
"ဟင်.. မမြင်ဘူးလား၊ ခင်ခင်ရေ လာကြည့်စမ်း၊ မောင်မောင့်မှာ လာရှာကြည့်စမ်း၊ ကျက်သရေရှိတာ ဘယ်ဒင်း လဲဆိုတာ . . . ကိုယ်တို့မှာ မရှိဘူးဆရာ”
ခင်ခင်လည်း ကုတင်မှ ထလာရာ အနားမရောက်မီ အချောက မောင်မောင်မမြင်အောင် မျက်စိမှိတ်ပြလိုက်သည်။ "ကြည့် ကြည့် ခင်ခင်၊ ဒါကြောင့် ဒါကြောင့် ဒီကျက်သရေ . . ဒီကျက်သရေ . . . "
“အချောကလည်း တယောက်တည်း ပြောနေတယ်၊ ပြဦးမှပေါ့၊ ဘာကိုလဲ . . ပြစမ်းပါဦး . . . "
မိန်းမနှစ်ယောက် အလှရှာနေကြသည့်ကြားတွင် မောင် မောင်မှာ မျက်နှာမထားတတ်သလို ရှက်လို့နေသည်။ အချော က မိမိအား ပြိုင်ဘက်ကင်းအောင်လှသည် ထင်နေခြင်းကို လည်း အကျေနပ်ကြီး ကျေနပ်နေလေသည်။
“အလကားပါခင်ခင် မောင်မောင်က အချော ထက်များ ပိုချောလို့လား . . . ဘယ်ဟာကိုများ သူ ကျက်သရေ ရှိနေတယ် မဆိုနိုင်ဘူး၊ ကြည့်ပါလား . . ကြည့်လိုက်ကြတာ မောင်မောင် ရှက်တောင်လာပြီ . . . ”
“အဟုတ် အဟုတ် မောင်မောင်ရဲ့၊ အချော မောင် မောင့်လို ရှိချင်လိုက်ပါဘိတော့ . . . ”
“ဘာကိုလဲလို့ အချောရဲ့ ...”
“မောင်မောင်ကြည့် . . . ကြည့်၊ ဟောဒါ ဟောဒါ” အချောသည် မိမိပြလိုသည့်နေရာကို လက်ထောက်
ထားလိုက်သည်။
မှန်ထဲတွင် `မောင်မောင်၏ သနပ်ခါးဘဲကြားမျက်နှာ နှင့် လက်ထောက်၍ပြထားသည့် ဇလုတ်ကြီးမှာ တခြားစီဖြစ် နေ၍ ခင်ခင်မှာ အိန္ဒြေမျှ မဆည်နိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။
မောင်မောင်ခမျာ မျက်လုံးမျက်ဆံပြူးပြူးနှင့် ဘယ်လို ပြောလိုက်တာလဲဟု အချောကို နားမလည်သလို ကြည့်လိုက်ပြီးသူ့မျက်နှာတပြင်လုံး၌ ရှက်သွေးရောင်များ လွှမ်းသွားလေ သည်။ အချောက တည်တည်ကြီးလုပ်နေ၍ ရှက်ရမှာလား မရှက်ဘဲ နေရမှာလား မသိအောင် ခက်သွားသည်။
“ခင်ခင်ကလည်း ကိုယ်တို့မှာ မပါဘူးဆိုလို့ ရယ်နေတာ လား "
“ဘေးကကြည့်ကြည့် ရှေ့ကကြည့်ကြည့် သူ ပေါ်နေ တာ ဘယ်လောက်လှလဲ၊ ဒါက နဂိုအလှ ကိုယ်တို့မှာ မရှိဘူး နော်...”
အချောသည် မိမိလက်ဖြင့် မိမိလည်ပင်းကို သပ်လျက် မှန်ထဲတွင် လိုက်ရှာကြည့်သလို လုပ်ပြောရင်းက မောင်မောင့် ကို ခိုးခိုးလည်း ကြည့်သည်။
မောင်မောင်ကား ရှက်ရှက်နှင့် ကြောင်တက်တက် ဖြစ် နေသည်။
“ခင်ခင်တို့မှာ ဘယ်ပါမလဲ၊ အချောကလည်း . . . "
“အေးလေ ဒါကြောင့် ပြောတာပေါ့၊ အချော တော့ မောင်မောင့်မျက်နှာမျိုး တော်တော်ကို ဖြစ်ချင်တာပဲ။ ဘဝက ကံမကောင်းတော့ လူချင်းတူပေမယ့် ကွဲပြားလာတယ် နော်။ ဟောဒီဆံပင်ကြီးလည်း သိပ်ရှုပ်တာပဲ။ မောင်မောင့်လို ဘိုကေထားနိုင်ရင် သိပ်ကောင်းမှာပဲ ခင်ခင်ရယ် . . . ညှပ်ချင် လိုက်တာ . . . ”
ခင်ခင်က တခစ်ခစ်ရယ်နေရာမှ . .
“ဒါလောက်တောင် ယောက်ျားဖြစ်ချင်ရင်လည်း မောင် မောင့်လို ညှပ်လိုက်ပါလား၊ ပြီး ရှပ်အင်္ကျီဝတ်၊ ပုဆိုးဝတ်၊ မောင်မောင့်လိုလုပ်လေ” ဟု တွယ်လိုက်သည်ကို ခင်ခင်အား အချောက အလွန်ကျေနပ်စွာ ပြုံး၍ပြလိုက်သည်။
“လုပ်ချင်တာပေါ့ ခင်ခင်ရဲ့ ဒါပေမဲ့ ဘယ် ယောက်ျားအစစ် ဖြစ်မလဲ။ အတုကြီးလုပ်ရတာ ရှက်စရာ ပိုကောင်းတာပေါ့။ ကိုယ်တို့က မိန်းမဆိုတော့ ဘယ်လိုပဲ ရှပ် အင်္ကျီစွပ်ဦး . ချွေးခံတော့ ဝတ်ရဦးမှာပဲ။ ခါးတောင်းလည်း ကြိုက်ဝံ့တာလည်း မဟုတ်ဘူး။ ဘောင်းဘီပြတ်လည်း မဝတ် ဝံ့ဘူး။ ဓမ္မတာကလည်း ပိတ်လို့ရမှာ မဟုတ်ဘူး။ ယောက်ျား လို ဝတ်ထားတယ်ရယ်လို့ ဘယ်ယောက်ျားနဲ့မှလည်း အတူ သွားအိပ်ရဲ အိပ်ရဲမှာမဟုတ်ဘူး။ မောင်မောင့်လို´ဇလုတ်က မပါတော့ သာဆိုးသေးတယ်။ မိန်းမပဲဆိုတာ ယောက်ျားတိုင်း သိပြီး သာပြီး မခန့်လေးစားလုပ်ကြမှာပေါ့ . . . ဖြစ်ချင်တာက မောင်မောင့်လို လုံးဝဥဿုံ အစစ်ဖြစ်ချင်တာ . . . ယောက်ျား အတုတော့ မလုပ်ချင်ဘူး”
ခင်ခင်သည် သဘောကျလွန်း၍ တခစ်ခစ်ရယ်နေ သည်။
အချောနှင့်ခင်ခင် အပြန်အလှန်ပြောနေကြသည့် အကြားတွင် မောင်မောင်ကား ဘာမှ ဝင်မပြောဘဲမျက်နှာ မထားတတ်အောင် ဖြစ်နေသည်။ အချောက ဟန်ပါပါမျက်နှာပေးနှင့် “မဟုတ်ဘူးလား မောင်မောင်ရယ်” ဟု မောင်မောင့် ဘက်လှည့်၍ လုပ်လိုက်ရာ ဘာပြန်ပြောရမှန်း မသိအောင် မွှန်ထူနေသည်။
“အချောတို့အဖြစ်က နိပ်ကို မနိပ်ပါဘူး။ သိပ်ရွံဖို့ ကောင်းတာပဲ . . ဓမ္မတာလာရတာနဲ့၊ ကလေးမျက်နှာ မြင်ရ တာနဲ့ စက်ဆုပ်စရာဘဝကြီး မောင်မောင်တို့က ဘယ်လောက် အေးလဲ ဒီဒုက္ခတွေ မောင်မောင့်မှာ ဘာမှမရှိဘူးနော်။ ဒါကြောင့် မိန်းမဘဝက ယုတ်လွန်းလို့ ယောက်ျားဆုပန်ကြတာ ပဲ။ လူဖြစ်ရပေမယ့်လည်း နိမ့်ကျပြီး ဖြစ်လာရတဲ့ အချောတို့ ဘဝကို အချောဖြင့် အမုန်းဆုံးပဲ။ မလွှဲသာလို့သာ ဖြီးလိမ်းပြီး နေရတယ်။ တနေ့မှ ထဘီဝတ်ရတာ မကျေနပ်ဘူး မောင် မောင်ရဲ့၊ ဖြစ်ချင်တာကတော့ မောင်မောင့်လိုဖြစ်ချင် ´တာ၊ ဒီဘဝလို မိန်းမဖြစ်ရတာ စိတ်နာလွန်းလို့။ နောက်ဘဝ မှာ ယောက်ျားဖြစ်ဖို့ရာသာ ဘုရားမှာ ဆုတောင်းနေရတော့ တာပဲ။ အချောတို့ဘဝကိုက ဆိုးလှပါတယ် မောင်မောင်ရယ်”
အချောက မျက်နှာထားခပ်ညှိုးညှိုးနှင့် ညည်းညည်း ညူညူ ဝမ်းနည်းပက်လက် လုပ်ပြောသံကို ခင်ခင်တွင် ရယ်ချင် လွန်း၍ မနည်းချုပ်တည်းအောင့်အည်းထားရလေသည်။ မောင် မောင် မွှန်ထူနေမှန်း သိသော်လည်း အချောကဲ့သို့ လိုက်၍ မသိဟန်ဆောင်ရပြီး မောင်မောင့်အလစ်တွင် အချောအား မျက်စိတဖက် မှိတ်မှိတ်ပြနေသည်။
“အချောကလည်း အသာနေ” ဟူသော အဓိပ္ပါယ်နှင့် ပြန်ပြန် မျက်မှောင်ကြုတ်ပြလိုက်သည်။
“ယောက်ျားတယောက်ပဲ” ဟု သွယ်ဝိုက်ကာ အသိ ပေးနေသည့်ကြားထဲမှ မောင်မောင့်အား မိန်းမတယောက်ကဲ့ သို့သာ အမှတ်ထားကြောင်းဟန်ကလည်း မပျက်ပေ။ မနေ့ည က အချော၏ အမူအရာမှာ အံ့ဩလောက်အောင် ဖြစ်ပေ သည်။
“မောင်မောင် မအိပ်ခင် ဘုရားရှိခိုးတယ် မဟုတ် လား”
“ရှိခိုးပါတယ်”
“အချောလည်း အမြဲ ရှိခိုးတာပဲ။ ဘုရားဆုပန် အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားဖြစ်ပါစေလို့ နေ့တိုင်း လည်း ဆုတောင်းတယ်။ မောင်မောင်ကော ဘာဆုတောင်းလဲ၊ သနပ်ခါးကြိုက်လို့ ထမီဝတ်များ ဆုတောင်းနေသလား မောင် မောင်ရယ် . . .
“မောင်မောင်လည်း အချောလိုပါပဲ” ဟု ကတုံကရင် နှင့် ပြန်ပြော၍ အခန်းထဲမှ ထွက်ပြေးချင်လောက်အောင် ဖြစ် နေမှန်းကို အချောတို့ သိကြလေသည်။
“ဒီလိုမှပေါ့ .. အချောနှင့် ဆုတောင်းခြင်း တူလိုက် တာနော် . ယောက်ျားဆုပဲ ပန်တယ်လား . . .ကဲ ဘုရားရှိခိုးပြီး အိပ်တော့။ သိပ်ညဉ့်နက်ရင် မနက်ကျ မျက်တွင်းတွေကျနေမယ်။ နေဦး နေဦး မအိပ်ခင် ခါးကအဝတ်တွေလဲဦး။ ကြေကုန်ဦးမယ်” ဟုပြောရင်းဆိုရင်းက ဘီရိုကို ဖွင့် လျက် သရက်ထည်ထမီတထည် ဘော်လီတထည် ပဒုမ္မာ ရင်ဖုံးတထည်ကို ဆွဲထုတ်၍ ကမ်းလိုက်သည်။
မောင်မောင်သည် မိန်းမရှာဖြစ်နေသော်လည်း ထဘီ စစ်ကို ဘယ်သောအခါမျှ မဝတ်ခဲ့၍ ထဘီကို မြင်မြင်ချင်း ခေါင်းကြီးသွားသည်။ အတွင်းခံ ဇာဘော်လီကိုလည်း မိမိတွင် ဝတ်လောက်အောင် အကြောင်းမရှိ။ ဝတ်လည်း မဝတ်ခဲ့သဖြင့် မြင်ရရရုံနှင့်ပင် မိမိနှင့် လုံးလုံး မဆီမလျော်သည့်အထည်မှန်း ကို သိသည်။
“အချောရယ် . . . ဒါမျိုးတွေ မောင်မောင် ဘယ်တုန်း ကမှ မဝတ်ပါဘူး၊ နေပါစေ . . . ဒီတိုင်းပဲ အိပ်ပါ့မယ်”
“ဘာကြောင့်မို့လဲ မောင်မောင် အားမနာနဲ့ . အချော အဝတ်တွေပါ၊ ရော့ ရော့ .ဝတ်သာဝတ်ပါ လဲ လဲ”
“မလုပ်ပါရစေနဲ့ အချောရယ် မောင်မောင် ဒီအဝတ်တွေ မဝတ်ရဲဘူး”
“ဘာပြုလို့လဲ”
“ဟာ . . . ဒါက မိန်းမအဝတ်တွေပဲဟာ . . . မောင် မောင် ထဘီဘယ်တုန်းက ဝတ်လာဖူးလို့လဲ”
“အကြောင်းသိချင်းဟာ ငြင်းမနေစမ်းပါနဲ့၊ ဝတ်မှာ ဝတ်ပါ။ ကိုယ့်အကြိုက် ကိုယ်ဝတ်တာ ဘာဖြစ်ရမှာလဲ။ ဘန်ကောက်လုံချည် ကြေသွားလိမ့်မယ် . . . လဲပါ လဲပါ”
“အို . . . အချော ဒီထဘီကြီး မဝတ်ချင်ဘူး”
“အို.. ခက်ပါဘိ၊ ယောက်ျားရယ်လို့ ပုဆိုးမှ ဝတ် နေတာမဟုတ်ဘဲဟာ . . . လဲပါလို့ဆိုတာ”
“မောင်မောင်ဝတ်နေတာ ပုဆိုးပါပဲ”
“မျက်နှာက သနပ်ခါးတွေနဲ့ ပုဆိုးကြီးနဲ့ မလိုက်ပါဘူး၊ ဒီထမီလေးနဲ့မှ လိုက်မှာ၊ သိပ်လှမှာပဲ ဝတ်စမ်းပါ” မောင်မောင် ငိုတော့မည်ကဲ့သို့ ဖြစ်နေရှာသည်။ အချောသည် ထဘီခေါက်ကို ဖြန့်ချလိုက်လျက် မောင် မောင့်ကိုယ်နှင့် ကပ်မည့်ဟန် လုပ်လိုက်သဖြင့် နောက်သို့ ခုန် လှမ်းဆုတ်လိုက်သောကြောင့် ဘီရိုလုံးနှင့် ဒုံးခနဲနေအောင် တိုက်မိသွားသည်။
အချောလုပ်ပုံတွေကို ခင်ခင့်တွင် မချုပ်တီးနိုင်၍ အသံ ထွက်သွားရာ တဖက်ခန်းမှလူများလည်း အကြောင်းထူးသည် ဟု ခင်ခင်တို့အပေါက်ဝသို့ စုပြုံပြေးလာကြသည်။
“ကြည့်ကြပါဦး သူ့အင်္ကျီနဲ့ လုံချည် ကြေမှာစိုး လို့ အဝတ်လဲခိုင်းတာ မလဲဘူး” ဟု အချောက အားလုံးကို စစ်ကူလှမ်းတောင်းလိုက်သည်။
ခင်ခင် မျက်စိမှိတ်ပြလိုက်သည်တွင် အသီးသီး ရိပ်မိ သွားကြပြီး “ဟုတ်သားပဲ မောင်မောင်ကလည်း . ဒီထဘီလေးနဲ့ဆိုရင် သိပ်လှမှာပဲ၊ ဝတ်ပြစမ်းပါ” ဟူ၍ တပြိုင် တည်း ဝိုင်းအုံပြောကြပြီး မောင်မောင့်အဝတ်များကို ၀ိုင်းချွတ် လဲရောပေါ. တော့မည်ကဲ့သို့ မောင်မောင့်အနားသို့ စုကပ်လာကြသည်။
မောင်မောင်သည် သေလိုက်ချင်အောင် ရှက်လေ သည်။ မိန်းမရှာလုပ်နေသည့် မိမိအဖြစ်သည် မည်မျှ ဂွကျလေ မှန်း ယခုမှ လုံးလုံးလျားလျား သဘောပေါက်ကာ မိန်းမတွေ ရှေ့၌ ဘယ်နည်းနှင့်မျှ ထဘီဝတ်မပြရဲသဖြင့် ဝိုင်းအုံချဉ်းကပ် လာသည့် မိန်းမတပ်ကြီးကို ဘယ်လိုရှောင်ရှားရမလဲဟု ကြံရာ မရ ဘီရိုကြားသို့ ပြေးကပ်သွားသည်။
“ဘာရမလဲ . . . လာကြ၊ ရှက်စရာမဟုတ်တာ သူက ရှက်နေတယ်၊ ဒါလေးဝတ်ရင် ဘယ်လောက်လှမလဲ . . . သိပ် ကြည့်ချင်တာပဲ။ လဲမပြဘူးလား ပြမလား” ဟု ပြောပြောဆိုဆို အချောလက်မှ ထဘီကို ခင်ခင်တို့ လှမ်းဆွဲယူလိုက်ကြပြီး မောင်မောင့်နားသို့ ပြုံကပ်သွားကြပြန်သည်။
“မလုပ်နဲ့နော် . . . မလုပ်နဲ့၊ ဒါပဲ မောင်မောင် မလဲ
ချင်ဘူး”
အချောသည် မောင်မောင် စိတ်ထွက်လာသံကို နား ထောင်ရင်း ကျေနပ်စွာ ရယ်ပြုံးကြည့်နေသည်။
“အို . . . မျက်နှာကဖြင့် သနပ်ခါးတွေနဲ့ မိန်းမ·မဟုတ်ဘူးတဲ့ အလကား သူပြောနေတာ ဆွဲချွတ် ဆွဲချွတ်”
မောင်မောင်သည် ရှိသမျှအားနှင့် ရုန်းကန်လေသည်။ ပါးစပ်ကလည်း မလုပ်ကြနဲ့နော် . . . ဒါပဲ နောင်တော့သာ အဆိုးမဆိုနှင့်ဟု ဒေါသထောင်းထောင်းထွက်နေသည်။
အချောကား ၄င်းတို့ထဲတွင် ဘာမျှ ဝင်မပါဘဲ ထွေးလုံး ရစ်ပတ်နေကြသည်ကို ကြည့်နေရင်း ငံ့နေသည်။
“ဘယ်တုန်းကဝတ်လို့လဲ၊ ဒီအဝတ်ကို ယူသွားကြ”
“ဒီတခါ ဝတ်ဖူးတယ်ရှိအောင်ပေါ့ ဟောဒီ ဘော်လီက နံပါတ် ၃၂ ဆိုတော့ ကျဉ်းချင်မှ ကျဉ်းမယ်၊ ကြယ်သီးတော့ စိလို့ရမှာပဲ။ ဒီထဘီကွင်းလည်း လေးတောင် တမိုက် လျော့ကွင်းမို့ အတော်ပဲနေမှာပဲ။ ပဒုမ္မာအင်္ကျီ မဝတ်ချင်နေ။ အဲဒါနဲ့ အဲဒါ ဝတ်ပြစမ်းပါ မောင်မောင်ရယ်”
“လူကို အရူးမှတ်လို့လား”
“ဟုတ်တယ် . . .ရှပ်အင်္ကျီနဲ့ လုံချည်ကို ထမီ အင်္ကျီ လို လုပ်ဝတ်လာတာတော့ ကြည့်ကောင်းသလား။ ဒီလို ဝတ်ရင် အရူးလား၊ ခင်ခင်တို့က အရူးလား လှစေချင်လွန်းလို့ဝတ်ခိုင်းတာ အလှကြိုက်တယ်ဆို”
“မကြိုက်ဘူး . . . မကြိုက်တော့ဘူး”
“ညာပြန်ပြီ”
အချောသည် ခင်ခင်တို့ကို ဝိုင်းချွတ်ရန် မျက်စိမှိတ်ကာ အရိပ်အကဲ ပြလိုက်ပြီး “မဝတ်ချင်ရင်လည်း နေပါစေလေ. . ခင်ခင်တို့ကလည်းကွယ်” ဟု မောင်မောင့်နားထဲသို့ ရောက် လောက်အောင် ပြောသည်။
ခင်ခင်တို့လည်း ညာသံပေး၍ မောင်မောင့်အနားသို့ ဆူညံကာ ကပ်သွားကြသည်။
၄င်း၏ ခါးပုံစကို လက်နှင့် မြဲမြဲဆုပ်ဖိထားပြီး နဖူးကြောကြီးများပင် ထောင်ထလာကာ “မကပ်ကြနှင့်နော်” ဟု မျက်နှာထားကြီးနှင့် ငေါက်လိုက်သည်။
“စိတ်ဆိုးသလား မောင်မောင်”
“ဒီလိုများလုပ်ရင် ခင်ခင်တို့ကို မောင်မောင် အဟုတ် စိတ်ဆိုးမှာပဲ”
“ဘာဖြစ်လို့ စိတ်ဆိုးရမှာလဲ”
“ဘာဖြစ်ရမှာလဲ . ကောင်းသလား”
“မကောင်းရအောင် စိတ်ဆိုးစရာလား၊ မိန်းမအဝတ် တွေပဲဟာ၊ ယောက်ျားလို ပုဆိုးတို့၊ ရှပ်အင်္ကျီတို့ ဝတ်ခိုင်းတယ် ဆိုရင် စိတ်ဆိုးပါတော့၊ အခု ကိုယ့်အကြိုက် ကိုယ်ဝတ်ရမှာ ကြည့်ချင်လွန်းလို့ပါ မောင်မောင်ရယ် ချွတ် ချွတ်”
“အို . . . မောင်မောင်မကြိုက်ဘူး၊ ဆုတ်ကြ၊ ဒီမိန်းမ ဝတ်ကို နည်းနည်းမှ မကြိုက်ဘူး၊ ဖယ်ဆို ဖယ်ကြနော်”
“ခါးထဲက မိန်းမရှာဝတ်ကိုတော့ ကြိုက်တယ်လား၊ မိန်းမဝတ်ကိုတော့ မကြိုက်ဘူးလား”
“ဘယ်ဒင်းမှ မကြိုက်ဘူး၊ ဒီလိုမလုပ်နဲ့နော် ထွေးထွေး၊ ကျွတ်သွားမယ် . . . ဖယ်ပါဆို ဖယ်”
“လဲပြစမ်းပါလို့ဆို မောင်မောင်ကလည်း လိမ္မာသားနဲ့”
“ကျုပ် ဒီနေ့ကစပြီး မိန်းမရှာမဟုတ်တော့ဘူး၊ ဖယ်ကြ သွားကြ... "
“ဟေး မိန်းမရှာမဟုတ်ဘူးတဲ့၊ ချွေးခံကို အတင်း ဆွဲချွတ်ကြည့်ရအောင် လုပ်ကြ လုပ်ကြ”
မောင်မောင်နှင့် မိန်းမလေးယောက် ထွေးလုံးနေကြ သည်။ အချောသည် ကပျာကယာ လူတွေကြားထဲသို့ တိုးဝင်ပြီး မောင်မောင်ရှေ့မှ ကာရပ်သည်ကို အချောကပါ ဝိုင်းချွတ် မည်ထင်မှတ်၍ အထိတ်တလန့် တွန်းပစ်လိုက်ရာ အချော လည်း နောက်ပြန်လဲကျသွားသည်။ အားလုံးပင် ရှဲသွားကြပြီးနောက် အချောအား ဝိုင်းထူကြသည်။
“မောင်မောင့်ကို ဝိုင်းချွတ်မလို့ မဟုတ်ပါဘူး။ သူတို့ ကဲလွန်လွန်းလို့ အချော မောင်မောင့်ကို လာကွယ်ပေးတာပါ”
“မောင်မောင် စိတ်မကောင်းဘူး၊ နာသွားလား အချော”
“မနာပါဘူး ဘယ့်နှယ်လဲ၊ ခင်ခင်တို့ကလည်း ကဲ ကဲလွန်းတယ်။ ဒီနေ့ကစပြီး မောင်မောင် မိန်းမရှာမဟုတ်တော့ဘူးဆိုနေတာ အတင်းလုပ်ရသလား။ ဟိုက မိန်းမရှာစိတ် ပျောက်သွားပြီဆိုတာ အချောကသိလို့၊ ရှင်တို့ နာကုန်မှာစိုးလို့ ပြေးလာရတာ။ မိန်းမရှာပဲလို့ ထင်မနေကြနဲ့။ အချော သေသေ ချာချာ ရပ်ကြည့်နေတယ်။ မိန်းမရှာစိတ် မရှိဘူး၊ သိကြရဲ့လား မမတို့ရဲ့ ဒီနေ့ကစပြီး မောင်မောင့်ကို မိန်းမရှာလို့ အောက်မေ့မနေကြနဲ့တော့ . မောင်မောင်ဟာ တကယ့် ယောက်ျားစစ်စစ် ဖြစ်သွားပြီ။ ဒီလို မရည်ရွယ်ဘဲနဲ့ ဒီလိုဖြစ် ကြရတာလည်း ဝမ်းသာကြဖို့ပဲ။ အချောတသက်မှာ ဒီနေ့ည လောက် စိတ်ချမ်းမြေ့တဲ့ရက် ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ ဘေးပန်းတွေ မကောင်းလို့ မောင်မောင် ရေတိမ်နစ်နေရတာ။ အခု မောင်မောင့်မှာ အသိဉာဏ် ပွင့်လင်းသွားပြီ။ အမှန်ကို မောင်မောင် လက်ခံပြီ။ ဒီနေ့ကစပြီး ကိုယ်တို့မှာ ယောက်ျားပီသတဲ့ မောင်တယောက်ရပြီလို့သာ မှတ်ကြတော့၊ ဝမ်းမသာ ကြဘူးလား ရှင်တို့ ...”
“အို . . ဒီလိုဆိုရင် သိပ်ဝမ်းသာတာပဲ” ဟု လက်ခုပ် တီး၍ ဩဘာပေးလိုက်ကြသည်မှာ ညဦးယံက အချောတီးလုံး တိုက်ထားသည့်အတိုင်း စည်းဝါး အလွန်ကျသွားလေသည်။
“ဟို ဘီရိုထဲက အချောအစ်ကိုဖို့ ဝယ်ထားတဲ့ ပုဆိုးနဲ့ လုံချည်ရှိတယ်။ မောင်မောင် လဲဝတ်ပါလား”
"ပေး... ဝတ်မယ်၊ အားလုံး အပြင်ထွက်ကြ” အားလုံး အားလုံး ကြိတ်ပြုံးပြီး မျက်နှာပိုးသေသေနှင့် စုရုံးထွက်သွားကြပြီး အချောအမိန့်အတိုင်း တဘက်ခန်းထဲ ဝင်သွားကြကာ ခန်းစီးကြားမှ ချောင်းကြည့်နေကြသည်။
“မောင်မောင် သူတို့ကို အထဲသွင်းလိုက်ပြီ၊ လဲပြီး ရင် အချောနဲ့ အပြင်မှာ စကားပြောရအောင် ထွက်ခဲ့နော်” မျက်နှာတွင် မပျက်သေးသော ကွက်တိကွက်ကြား သနပ်ခါးစနှင့် ရှပ်အင်္ကျီလက်ရှည် ပလေကပ်လုံချည်ကို စွပ် ဝတ်၍ ထွက်လာပုံကို အချောလည်း ရယ်စရာကောင်းသည် ကိုမှ သတိမရနိုင်ဘဲ ဝမ်းမြောက်ဝမ်းသာ မောင်မောင့်လက်ကို လှမ်းဆွဲပြီး အိမ်ရှေ့ဆောင်သို့ ခေါ်ထုတ်သွားလေသည်။
“မောင်မောင်ရယ် ... အချောလေ ဟိုတုန်းကလည်း မိန်းမရှာအဖြစ်နဲ့လည်း ခင်တာပဲ။ အခုလည်း ကိုယ့်မောင်လေး လို ချစ်သွားတာပဲ။ အချောကိုရော မောင်မောင်က အစ်မလို ပြောင်းမချစ်နိုင်ဘူးလား မောင်မောင်"
“ချစ်ပါတယ် အချော . . . မောင်မောင် အချောကို ဘယ်လောက်ချစ်တယ်ဆိုတာ ပုဆိုးလဲဝတ်တာသာ ကြည့်တော့ လေ"
“နောက်ကို အချော မောင်မောင့်ကို မိန်းမဟန် မိန်းမ ဂိုက်တွေနဲ့ မတွေ့ပါရစေနဲ့တော့နော်”
“စိတ်ချပါ အချော”
XXX
ဤနေ့ကား တနင်္ဂနွေနေ့။
တသောသော တအုံးအုံး ဆူညံကာ အချော ထမင်းစား ပွဲကြီးပြင်နေသည်ကို ညီညီညာညာ ဝိုင်းကူ လုပ်ပေးနေကြ သည်။ မောင်မောင့်ကို မိန်းမရှာအဖြစ်နှင့် စသိသည့်နေ့က ထမင်း ဖိတ်ကျွေးသလို ယခုလည်း ယောက်ျားစဖြစ်သည့် အထိမ်းအမှတ်နှင့် ထမင်းကျွေးရန် ဖိတ်ခေါ်ထားလိုက်ပြီးသည့် နေ့ ဖြစ်၏။
ဘိုကေကျကျနနဖြီးပြီး သက္ကလပ် တိုက်အင်္ကျီ မီးခိုး ရောင်နှင့် နက်ပြာအကွက် ပိုးပုဆိုးကို ကျကျနန ခါးပုံစချလျက် စည်းဝတ်ထားသော မောင်မောင် ရောက်လာသောအခါ ပတမ သော် အားလုံးငေး၍ ကြည့်နေမိကြသည်။ ထိုနောက်မှ အသက် ဝင်လာကြကာ မောင်မောင်အား ဆီးကြိုဧည့်ခံကြရတော့၏။ ကျက်သရေ ဘယ်လောက်ရှိ၍ ယောက်ျား ဘယ်လောက်ပီသကြောင်း အားလုံးကိုခေါ်ထုတ်၍ ချီးကျူးပြလိုက်ပြီးနောက် ထမင်းစားပွဲသို့ ဆွဲခေါ်သွားလေသည်။
“ဝမ်းသာလွန်းလို့ ထွေးဖြင့် ထမင်းတောင် မစားနိုင် ဘူး”
“ခင်ခင်တို့လည်း ဒီလိုပါပဲဆရာ”
“မောင်မောင်ရော”
“မောင်မောင်တင် မကပါဘူး၊ မောင်မောင်တို့အိမ်က လည်း ဒီလိုပါပဲ ခင်ခင်”
“ဒီနေ့လောက် ခင်ခင်တို့အိမ်ဟာ ပျော်စရာကောင်း တာ မရှိဘူးနော်”
“အဟုတ်လား . . . တကယ်နော်၊ မောင်မောင် နေ့တိုင်း လာမယ်နော်။ တော်တော်ကြာ စိတ်မညစ်ကြနဲ့။ မိန်းမရှာလို များ ထင်မနေကြပါနဲ့။ (မာမရှိန်း)ဖြစ်သွားပြီ။ ဒီမှာ လာစား မယ်။ ဒီမှာ လာအိပ်ချင် အိပ်မယ်၊ ဟုတ်လား အချော"
“ဟိုး ဆရာ၊ ဟိုး ဟိုး”
သောသောညံနေသော ထမင်းစားပွဲမှာ အချောကြောင့် ပွက်ပွက်ဆူညံသွားလေတော့သတည်း။