ဦးစိန္ဒာနှင့် သူဌေးမ

------------------------------------
"ဆရာ …ဆရာ ဦးစိန္ဒာကြီးရယ် သေတော့မယ် ထင်တယ်၊ သူ့အိမ် လှေကားထိပ်မှာ လဲနေတာ တွေ့ ရတယ် ..”
အဖေက ပန်းပင်တွေ မြေတောင်မြှောက်ပေးနေရာမှ တမောတကောပြေးလာပြောနေသော မောင်ပွင့်ကို မော်ကြည့်ရင်း ...
"အို ..မင်းကလည်း တောက်တီးတောက်တဲ့။ ကိုစိန္ဒာ အကောင်းပကတိကြီး။ လွန်ခဲ့တဲ့သုံးရက်ကပဲ ငါ့ဆီလာ ငွေချေးသွားသေး။ ဘိန်းမူးလွန်ပြီး လဲနေတာ
ဖြစ်ပါလိမ့်မယ် ..”
"မဟုတ်ဘူးဆရာရဲ့ ဝမ်းတွေလည်း သွားထားလိုက်တာ ရစရာမရှိဘူး။ မြန်မြန်လာပါ ဆရာရဲ့၊ ကျွန်တော်တွေ့တော့ သူအသက်တောင် ကောင်းကောင်း မရှူနိုင်တော့ဘူး။ ပါးစပ်က ဟစိဟစိနဲ့ …”
ဤတွင်မှ အဖေသည် ထတဲ့ပြီး တပည့်မောင်ပွင့်နှင့်အတူ ဦးစိန္ဒာရှိရာ ရွာမြောက်ပိုင်းသို့ သုတ်ခြေတင်ကြလေတော့၏။
ရောက်ပါပြီ။ ဦးစိန္ဒာမှာ ကိုယ်တစ်ပိုင်းက ကြမ်းပြင်ပေါ်၌။ တစ်ပိုင်းက လှေကားထစ်ပေါ် စောင်းစောင်းကလေးတင်လျက်။ ထို့ကြောင့် အဖေက ခေါင်းကိုမ၊ မောင်ပွင့်က ပေါင်နှစ်ချောင်းကို ကိုင်မြှောက်၍ ကြမ်းပြင်ပေါ်ကိုယ်တည့်တည့်ဖြစ်အောင် ပြင်ကြရ၏။
တင်ပါးတစ်ခုလုံးလည်း မစင်တွေ ဗလပျစ်နှင့်ဟောင်စော်ဟိန်းနေ၏။
"ဖြစ်ရလေ ကိုစိန္ဒာရယ်၊ ကိုယ့်လည်း ကြည့်မဲ့ရှု့မဲ့လူ မရှိမှန်းသိလျက်သားနဲ့ ဒါလောက်တောင် ဖြစ်အောင်နေရလား။ စောစောက ကျွန်တော့်ဆီ လာရောပေါ့”
အဖေသည် စိတ်မကောင်းခြင်းကြီးစွာဖြင့် ကပိုကရိုပြေကျ ရှုတ်ထွေးနေသော ဦးစိန္ဒာ၏ ဆံပင်ထွေးကြီးကို လုံးထွေးချည်နှောင်ပေးရင်း ပြောနေစဉ်မောင်ပွင့် ရေတစ်ခွက်ခတ်လာ၍ ဦးစိန္ဒာပါးစပ်ထဲသို့ တစ်စက်ချင်း ချပေးနေ၏။
ဤမှ ဦးစိန္ဒာသည် မျက်ခွံကို လေးလံစွာအားယူဖွင့်၍ အားနည်းပန်းလျသောအသံဖြင့်...
"ကျုပ်လာဖို့ ကြိုးစားပါတယ်။ အိမ်ပေါ်က အဆင်းမှာ အခု ဆရာတို့ တွေ့တဲ့အတိုင်းပဲ၊ အရုပ်ကြိုးပြတ် ကျတော့တာပါပဲ …”
ပြောပြီး ရေတိုက်ရန် ဟန်ပြင်နေသော မောင်ပွင့်ကို မော်ကြည့်ကာ
"နေပါစေတော့ မောင်ပွင့်ရယ် ကျုပ်သေတော့မှာပါ"
"အို ...ဒီလိုလည်း စိတ်မလျှော့ပါနဲ့ဗျာ။ ကိုင်း …မောင်ပွင့် ရွာထဲက ဆရာသာဇံကို သွားခေါ်စမ်း၊ မြန်မြန်လာခဲ့နော် ..."
မောင်ပွင့်သည် လှေကားထစ်မှပင် မဆင်းတော့ဘဲ ခါးပန်းမှခုန်ချထွက်ပြေးတော့၏။ ဦးစိန္ဒာသည် မချိပြုံးပြလျက် သူ၏ အေးစက်နေပြီဖြစ်သော လက်ဖြင့် အဖေကို ဆုတ်ကိုင်၍ ..
"ကျုပ်ကိုယ်ကျုပ် သိပါတယ်ဗျာ။ ဆရာ ဒုက္ခမရှာပါနဲ့တော့ ကျုပ် တစ်သက်တာမှာ ဆရာ့ကျေးဇူးတွေ များလှပါပြီ။ ကျုပ်သွားရင်တော့ 'သူဌေးမ' ကို ဆရာ ယူရစ်ပါတော့။ သူအရွယ်ရောက်ရင် ရောင်းချပြီး ကျုပ်အတွက် ကုသိုလ်ကောင်းမှုလေး ပြုပေးပါဗျာ။ ကျုပ်တစ်သက်တာမှာ တစ်ခါမှ ဒါနကောင်းမှု မပြုခဲ့ ဖူးလို့ပါ ဆရာရယ် ... "
အဖေက မောပန်းလွန်းသဖြင့် ဖိုလှိုက်ဖိုလှိုက်ဖြစ်နေသော ဦးစိန္ဒာပါးစပ်ထဲသို့ ရေနှစ်စက်မျှ ဆက်ချပေးလိုက်ရာ ပွက်ခနဲ ပွက်ခနဲ ဝမ်းကနှစ်ချက် ဆက် ထွက်လာသဖြင့် ဦးစိန္ဒာက လက်ကာပြလျက် ..
"ရေမတိုက်ပါနဲ့တော့ ဆရာရယ် ..မရတော့ပါဘူး။ ဘိန်းစား ဘိန်းဝမ်းပေါက်ရင် လမ်းဆုံးပါပြီ။ အခုန ကျွန်တော်ပြောတာလေးကိုသာ ကူညီပါ။ ဟိုနေ့ က သူဌေးမကို ကျွေးစရာမရှိတော့လို့ ဆရာ့ဆီလာပြီး ငွေ (၅)ကျပ် ချေးတယ်။ အဲဒီနေ့ပဲ ကျုပ် ဘိန်းစားနေရင် သူဌေးမကို ကျွေးနိုင်တော့မှာ မဟုတ်ဘူးလို့ ကျုပ် စိတ်ဆုံးဖြတ်ပြီး ဘိန်းဖြတ်ပစ်လိုက်တယ်။ နောက်တစ်နေ့ကစပြီး ဘိန်းဝမ်းပေါက်တော့တာ အခု တုံးလုံးလဲသည်အထိပါပဲ ဆရာရယ် …. "
သူ့ပါးစပ်က ဟောဟဲလိုက်နေသည်နှင့်အမျှ ဝမ်းကတည်း တပွက်ပွက် လျှောလေရာ မျက်နှာမှာ ပြာနှမ်း၍ပင် လာလေပြီ။
"ဟာ...ကိုစိန္ဒာနှယ်ဗျာ ...ဘိန်းဖြတ်တယ်ဆိုတာ အခုလို အရမ်းဖြတ်ရတာမှ မဟုတ်တာ၊ ဆရာနဲ့ ဆေးနဲ့ဝါးနဲ့ လုပ်ရတာဗျ .. တယ်ခက်တာကိုး”
ဟု အဖေက ညည်းညည်းညူညူ ပြောနေစဉ်၊ ဦးစိန္ဒာရင်ခေါင်းထဲမှ ဂလုပ် ဂလုပ်ဟူ၍ နှစ်ချက်သုံးချက် မြည်ပြီး မေးထိုးစပြုလေတော့သည်။
ယင်းအချိန်မှာ မောင်ပွင့်တစ်ယောက်တည်း အပြေးပြန်လာသည်ကို အဖေမြင်ရသည်။ သို့သော် သူ့အသက်မမီတော့ပေ။ ဦးစိန္ဒာသည် မေးတွင်တွင်ထိုးရင်းမှ သူ၏ပါးစပ်က တစ်စုံတစ်ရာကို ရေရွတ်သည်။ အဖေသေသေချာချာ နားထောင်ကြည့်တော့ သူဌေးမ၊ သူဌေးမဟု အသံထွက်သည်။ ထို့နောက် ပါးစပ်တ ချက် ဟလိုက်ပြီး အသက်ပါသွားလေတော့၏။
အဖေစိတ်မချမ်းသာစွာ သက်ပြင်းကြီး ချလိုက်စဉ် မောင်ပွင့် မောကြီးပန်းကြီးနှင့် အနားရောက်လာကာ
"ဆရာသာဇံ မတွေ့ခဲ့ဘူးဆရာရဲ့”
"အေး ….မတွေ့လည်းပြီးတာပါပဲကွာ ...ဦးစိန္ဒာလည်း သွားရှာပါပြီ”
"ဟင် ...ဟုတ်လားဆရာ”
"ကဲ ...မင်းတစ်ခေါက်ပြန်ပြီး ထုံးစံရှိတဲ့အတိုင်း ရွာထဲကို ဦးစိန္ဒာဆုံးတဲ့အကြောင်း ကြားခဲ့။ ဘိန်းစားလူဆိုးကြီးရယ်လို့ ဘယ်သူမှမလာလည်း မင်းနဲ့ငါပဲ တူးမြှုပ်လိုက်ကြတာပေါ့ကွာ”
ဦးစိန္ဒာသင်္ဂြိုဟ်ပြီးသောနေ့မှာပင် သူဌေးမသည် အဖေ့အိမ်သို့ ရောက်လာခဲ့သည်။ ထိုစဉ်၌ သူဌေးမမှာ လေးငါးလသမီး၊ ရွှေဖရုံသီးအမြီးတပ်ထားသကဲ့ သို့ ဝကစ်၏အမွေးရောင်မှာ အနက်ခံတွင် အဖြူကြား၊ နှာခေါင်းတိုတိုနားရွက် ကုပ်ကုပ်ကလေးနှင့် ချစ်စရာကောင်း၏။
(သူနှင့် စတွေ့ခြင်း)
အချိန်ကား ဂျပန်ခေတ်တည်း။ အင်္ဂလိပ်ပြေး၍ မြို့ပေါ်ရှိ အစိုးရအမှုထမ်းများမှာ သတင်းအမျိုးမျိုးကြောင့် ဂျပန်ကိုကြောက်နေရစဉ်ဖြစ်၏။ အဖေတို့ သည် နေရင်းစွဲတောင်ကြီးမြို့မှ ၁၂ မိုင်ကွာ တောရွာတစ်ရွာတွင် ခိုအောင်းနေရသည်။
တောရွာတစ်ရွာဟုဆိုသော်လည်း ရှိရင်းစွဲ သူများရွာတွင် မဟုတ်ပါ။ တောင်သူ ရွာနှစ်ရွာကြားဝယ် သစ်ပင်ပေါင်းပင်များ ရှင်းလင်း၍ ကိုယ့်အုပ်စုလိုက် ဝါးတဲ ငယ်များ ဆောက်လုပ်နေကြခြင်းပင် ဖြစ်ပါသည်။
ထိုဒေသကို ယခုမျှော်မှန်းကြည့်မည်ဆိုပါလျှင်၊ တောင်ကြီးမြို့အတက် ကားလမ်းတစ်ဝက်လောက် ရောက်သောအခါ၌ မြင်ရသည့် 'ကျီးဖြူကန်’အနီးတွင် ဖြစ်ပါသည်။
အဖေတို့ ရွာတည်ရာအနီးမှာ ချောင်းတစ်ခုရှိရာ များစွာသောလူတို့က အနောက်ဘက်ကမ်းတွင် အဖေတစ်ဦးကတော့ သူများထက် ထူးပြီးအရှေ့ဘက်ကမ်းမှာ အိမ်တစ်ဆောင်တည်းဆောက်နေသည်။
အကြောင်းမှာ အဖေတွက်ဆသည်မှာ လူများလျှင် မိမိနှင့်စိတ်နေစိတ်ထား မတူညီသော လူများပါဝင်မည်။ ယင်းလိုလူများနှင့် ဝတ်ကျေတန်းကျေ ယဉ်ကျေးသမှုပြုကာ ဟန်ဆောင်ဆက်ဆံ ၍ မနေလိုပေ။
ဒါကိုများစွာသော လူတို့က အဖေအား လူ့ဂွစာကြီး တစ်ဦးထဲနေတာ မကြာမီ ဓားပြတိုက်ခံရလိမ့်မည်။ သူခိုး ခိုးခံရမည်။ အစော်ကားခံရလိမ့်မည်စသည် ဖြင့် တီးတိုးပြောကြသည်။
အဖေကတော့ ဘယ်သူ့မှမမှု၊ ဘယ်သူဘာပြောပြောဟု ငတေလုပ်နေလိုက်သည်။
အဖေတွင် အကျင့်တစ်ခုရှိသည်။ သူသည် လူများက အပေါင်းအသင်း မလုပ်ချင်၊ ကြဉ်ထားခြင်းခံရသော လူစားမျိုးကို ရှာဖွေပြီး စိတ်ရောကိုယ်ပါ ပေါင်း သင်းဆက်ဆံတတ်သည်။ သူရောက်လေရာရာမှာ သူခိုး၊ ဓားပြ၊ ဘိန်းစားတို့နှင့် မိတ်ဆွေဖြစ်ကာ အိမ်သို့ဖိတ်ခေါ်ပြီး ၎င်းတို့၏ ရှေးဟောင်းနှောင်းဖြစ်များကို စိတ်ပါဝင်စားစွာ မေးမြန်းနားထောင်တတ်သည်။
သူတို့၏ ပြဿနာများကိုလည်း တတ်နိုင်သလောက် အကြံဉာဏ်ပေးသည်ဖြစ်စေ၊ ကိုယ်ထိလက်ရောက် ဆောင်ရွက်၍ဖြစ်စေ၊ ကူညီတတ်သည်။ အဖေပြောလေ့ရှိသည်။
"လူဆိုးသူဆိုးတွေက အများအားဖြင့် သူတို့ဘဝ အမှန်ကို ပြောတတ်သကွယ့်၊ အဲ ..လူကောင်း သူကောင်းဆိုတဲ့ လူတွေကျတော့ အများအားဖြင့် မဟုတ်မမှန်တာတွေနဲ့ ကြွားဝါတတ်သကွယ့်။ ဒါကြောင့် ငါက လူကောင်း သူကောင်းထက် လူဆိုးသူဆိုးကို ပေါင်းချင်တာ”
အဖေသည် သူ့အဘိဓမ္မာနှင့် လူဆိုးသူဆိုးများနှင့် ပေါင်းသင်းတတ်သော်လည်း သူကိုယ်တိုင်မူ မြို့ပေါ်တွင် နာမည်ထင်ရှားလှသည့် အထက်တန်းကျောင်း အုပ်ဆရာကြီး ဖြစ်ပါ၏။
ဖော်ပြပါ ကိုယ့်ဟာကိုယ် တည်ထောင်နေကြသော ရွာကလေးသို့ရောက်ပြီး တစ်လမျှအကြာ တစ်နေ့သ၌ အဖေသည် လမ်းလျှောက်ရာမှအပြန် အဖေနှင့် အတူ အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ ကိုယ်ဟန်နွဲ့နွဲ့ သျှောင်ထုံးကြီးနှင့် လူကြီးတစ်ယောက်ပါလာသည်။
ဒီလူကြီးသည် အဖေ့ထက်ကြီးသည်။ အသက် ၅ဝ ကျော်မည်။ သို့သော် သူ့အမူအယာသည် မျက်နှာပိုးမသေ ၊ ပြုံးစစနဲ့ နေတတ်သည်။
အဖေက အမေ့အား လက်ဖက်ရည်ကြမ်းနှင့် ကြံသကာယူစေ၍ ထိုလူကြီးကို ဧည့်ခံသည်။
စကားအတန်ကြာ ပြောဆိုကြပြီးနောက် ထိုလူကြီးထအပြန်တွင် အဖေက နောက်နောင်လည်း လာရောက်လည်ပတ်ရန် ဖိတ်ခေါ်သည်။ အမေက အဖေ့အား ထိုလူကြီး အိမ်ပေါ်က ဆင်းသွားပြီးသည့်နောက်၌
"ဘယ်က မိတ်ဆွေတွေ့ ခဲ့ပြန်တာလဲ …”
အဖေက ပြုံးစိစိလုပ်ပြီး
"ငါ ဟိုတစ်နေ့က အနောက်ဘက်ကမ်းကူး သွားတော့ အဲဒီကလူတွေက ဆီးပြောကြတယ်။ အဲဟိုဘက်က အုပ်ဖိုရွာမှာ ဓားပြလူဆိုးကြီး ဗိုလ်စိန္ဒာရှိသတဲ့။ ဒါကြောင့် ငါ့ကိုတစ်ဦးတည်း ဒီအရှေ့ဘက်ကမ်း မှာ မနေဘဲ သူတို့နဲ့လာပြီး စုစုရုံးရုံးနေပါလို့ ပြောကြသကွ။ ဒါနဲ့ ငါ ဒီနေ့မနက် လမ်းလျှောက်ရင်း အဲဒီအုပ်ဖိုရွာသွားပြီး အခုန လူကြီးကိုရှာခေါ်ခဲ့တာကွ ...လရွီး အဲဒါ သူတို့ကြောက်ချေးပါနေကြတဲ့ ဓားပြလူဆိုးကြီး ဗိုလ်စိန္ဒာလေကွာ၊ သူ အရင်အင်္ဂလိပ်ခေတ်က ဓားပြခဏခဏတိုက်ဖူးသတဲ့။ ထောင်ခဏခဏ ကျဖူးသတဲ့။ ကဲ ..အခု မင်းတို့မြင်ရတော့ ဘယ်လိုသဘောရကြသလဲ ...”
ဤတွင် အနီး၌ နားထောင်နေသူ သမီးလတ်က ….
"ဟင် ….အဖေ၊ လူဆိုး ဓားပြကလည်း နွဲ့တိနွဲ့နှောင်း၊ ရုပ်ကလည်းစပ်ဖြီးဖြီးနဲ့ ကြောက်စရာမကောင်းဘဲ အမြင်ကပ်စရာကြီး ..”
ယင်း၌ အဖေက သမီးကို တစ်ချက်စူးစိုက်ကြည့်လိုက်ပြီး ..
"လူတစ်ယောက်ကို ခဏမြင်ရုံနဲ့ အပေါ်ယံကြည့်ပြီး မဆုံးဖြတ်ပါနဲ့ သမီး”
ဟု ခပ်ငေါက်ငေါက် ပြောလိုက်ရာ အဖေမကြိုက်မှန်းသိသည်နှင့် နောက်ထပ် ဘယ်သူကမှ ဘာမျှမပြောကြတော့ချေ။
ဤသည်၏ နောက်ပိုင်းတွင် ဓားပြလူထွက်ကြီး ဦးစိန္ဒာသည် မကြာခဏ အိမ်သို့ ပေါ်ပေါက်လာတတ်သည်။ သူ့အား ဓားပြလူထွက်ဟု ဆိုရသည်မှာ သူဓားပြမတိုက်တော့တာ ၄-၅နှစ်မှ ကြာပါပြီတဲ့။ သူ ဘိန်းစွဲကတည်းက ဓားပြတိုက်ချင်စိတ် ကုန်ခန်းသွားပါသတဲ့။ သူ့အကြောင်းကို သူပြောပြရာ၌ ...
"ကျုပ် ဓားပြတိုက်တုန်းကဆို တစ်ကိုယ်တော်ဗျ၊ ဘယ်တော့မှ အဖော်အလှော်မပါဘူး။ တိုက်ရင်လည်း ငှက်ကြီးတောင် ဓားတစ်ချောင်းနဲ့ပဲ။ အိမ်ရှင့်ပစ္စည်းလည်း ဘယ်တော့မှ အကုန်မယူဘူး။ များရင် လေးပုံတစ်ပုံ၊ နည်းရင်တစ်ဝက်။ ဒါပဲ။ နို့ပြီး သူများတွေလို မရှိဆင်းရဲလို့ ဓားပြတိုက်စားတာမဟုတ်ဘူး။ သွေးထဲကကိုပါလာပြီး တိုက်ရတာ၊ စိတ်ထဲ တိုက်ချင်စိတ်ပေါ်လာရင် အဲဒီည မတိုက်ဘဲ မနေနိုင်တော့ဘူး။
ဒါလည်း တစ်နှစ်မှာ တစ်ခါနှစ်ခါဆိုသလို သွေးဆိုး ပေါ်တာပါဗျာ။ နောက် ဘိန်းနဲ့တွေ့တော့ ကျုပ်စိတ်ဟာ ပျော့ပျောင်းသွားတယ်ဗျ။ ဟိုတုန်းကလို တိုက်ချင် ခိုက်ချင်စိတ် မရှိတော့ဘူး။ အဲဒါနဲ့ပဲ ရှိတဲ့ပစ္စည်းလေး ထုခွဲလိုက် ရှူလိုက်နဲ့နေခဲ့တာ အခုတော့ ဘာဆိုဘာမှ မကျန်သလောက်ပါပဲဗျာ။ ကျုပ်မှာ အဖိုးတန်ပစ္စည်းဆိုလို့ လက်စွဲတော် ငှက်ကြီးတောင်ပဲ ကျန်တော့တယ်။ သူ့ကိုတော့ သေသည်အထိ မပစ်ရက်နိုင်ပါဘူးဗျာ”
အဖေက ဒါဖြင့် အလုပ်တစ်ခုခုလုပ်ဖို့ တိုက်တွန်းလေသည်။ ဘိန်းကိုလည်း ဆရာသမားနှင့်ဆေးဝါးနှင့် ဖြတ်ဖို့ပြောရာ ယင်းကိုကား မျက်ကလဲဆန်ပျာ နှင့် လက်ဝါး တကားကားတားလျက် ..
"အောင်မလေး ဆရာရယ်၊ ကျုပ်ဘာသာကျုပ် အေးအေး ကောင်းကောင်းမွန်မွန် နေပါရစေ။ ကျုပ်က မွေးကတည်းက ဓားပြသွေးပါလာတယ် ပြောခဲ့ပကော ဆရာရဲ့၊ အဲဒီသွေးကို ဘိန်းကလေးနဲ့ ကုစားထားရတာ။ ကတဲ ဘိန်းပြတ်လို့ အဲဒီသွေးဆိုးသွေးမိုက် ပြန်ပေါ်တော့ ကျုပ်ဘယ့်နှယ်လုပ်မလဲ။
ကျုပ် ဓားပြပြန်ဖြစ်သွားလိမ့်မယ်။ နို့ပြီး ခုနှယ် ဇာပန်တွေကလည်း ဓားပြဆို ထောင်ချမနေတော့ဘူး။ သတ်ပစ်ဆိုပဲဗျ။ မလုပ်ပါနဲ့ ဆရာရယ် ..ကျုပ် ဘိန်းစားဘဝနဲ့ပဲ သက်ဆိုးကလေး ရှည်နေပါရစေဦး...”
အဖေက သူ့အဘိဓမ္မာကို သဘောကျစွာ သူ့ကျောကို တဖြန်းဖြန်းရိုက်ရင်း တဟားဟား ရယ်မောလေ၏။
သို့သော် အဖေ၏ ၎င်းမိတ်ဆွေကြီးအား အမေနှင့်သမီးများကသိပ်ပြီး သဘောမတွေ့ဘဲနေ၏။ အဘယ့်ကြောင့်ဆိုသော် အဖေ့မိတ်ဆွေကြီးသည် ဘာမှ မယ်မယ်ရရ အလုပ်မလုပ်သော်လည်း အိမ်သို့မကြာခဏလာ၍ ဟိုဟာဒီဟာ ချေးတတ် ငှားတတ်သည်။ ငှားသည်ဆိုသော်လည်း ဘယ်တော့မှ ပြန်ပေးလေ့မရှိချေ။
တစ်နေ့တွင် ဦးစိန္ဒာ အိမ်ပေါက်လာ၍ ထူးထူးခြားခြား အဖေ့အား မကြားဖူးသော စကားကို ဆိုလေသည်။
"ဆရာ …ဆရာ၊ ကျုပ်အကြံတစ်ခုရလာတယ်။ ကျုပ်ဟာကျုပ် တွက်ချက်ကြည့်တော့ အတော်အကျိုးရှိမယ့် အလုပ်ဗျ”
ဦးစိန္ဒာနှုတ်ဖျားမှ အလုပ်စကားကြားရတော့ အဖေမှာ အံ့အားသင့်သွားပြီးမှ ပြုံးရယ်လိုက်ကာ ..
"ဘယ်လိုအလုပ်များလဲ ဦးစိန္ဒာရယ်”
"ဇာပန်စစ်တပ်ကို ချာပါတီ ကန်ထရိုက်သွင်းဖို့လေ”
အဖေမှာ မျက်ရည်ထွက်မတတ် ရယ်မောရင်း …
"ဂျပန်ချာပါတီ စားတယ်လို့ ကြား မကြားဖူးပေါင်ဗျာ”
သို့သော် သူက အလျှော့မပေးဘဲ အဖေ့ဒူးကို လက်နှင့်တို့ ကာတို့ကာ
“ဆရာ့နှယ် … ဆရာကသာ မကြားဘူးတယ်။ ကျုပ်ကိုယ်တွေ့ဗျ ။ အရင်အပတ်တုန်းက ဇာပန်စစ်တပ်က ထုံးအိတ်တွေဆင့်ခေါ်လို့ သူကြီးက ကျုပ်ခိုင်းတာနဲ့ ကျုပ်က လှည်းမောင်းပြီး မြို့ပေါ်သွားပို့ပေးရတယ်။ ဇာပန်တွေဟာ ပစ္စည်းကောင်းကောင်းမြင် လုတတ်တယ်ကြားတာနဲ့ ကျုပ်ဓားပြတိုက်တုန်းက စတိုင်ကျကျဝတ်တဲ့ ခုတော့ ဖင်ပေါက်လို့ ဖာထားရတဲ့ ဘောင်းဘီနက်တောင် ဝတ်မသွားရဲ ဘူး။
အိမ်မှာရှိတဲ့ ဂုံနီအိတ်ကို ထောင့်နှစ်ဘက် ဓားနဲ့ခုတ်ဖြတ်ပြီး အပေါက်နှစ်ခု၊ ခြေနှစ်ဖက် ခါးမှာလျှို နွား နဖားကြိုးဟောင်းတစ်ခုနဲ့ စုစည်းသွားရတာကိုးဗျ။
ဟိုကျတော့ ဇာပန်တွေက ဝိုင်းကြည့်ပြီး ရယ်ကြတယ်။ ဒီတော့ ကျုပ်က ကျုပ်ဆင်းရဲပုံကိုပြောပြတော့ တကတည်း ဇာပန်တွေက သနားပြီး ကျုပ်ကို ချာပါတီတွေ ကျွေးလိုက်တာဗျာ၊ ဗိုက်ကားရော သူတို့လည်း အားရပါးရ စားကြတာပဲဗျာ”
အဖေက သူ့စကားဖြတ်၍
"ဒါနဲ့ ဂျပန်တွေက ခင်ဗျာ့ကို ချာပါတီကန် ထရိုက်သွင်းဖို့ ပြောလိုက်ရောလား”
"မပြောပါဘူး၊ ကျုပ်ကစိတ်ကူးရတာလေ... သူတို့စစ်တပ်တစ်ခုလုံးမှာ တစ်နေ့ အချပ်တစ်ထောင်သွင်းရရင်လေ ကိုယ့်ဖို့ဘယ်လောက်ကျန်မလဲ စိတ်တွက် တွက်ကြည့်လေ အောင်မယ်.. မနည်းဘူးဗျ။
အဲ….ဒါနဲ့ အဲဒီနေ့ ထူးထူးခြားခြားဖြစ်လို့ အမှတ်တရပြောရဦးမယ်လေ ...အပြန်မှာ လှည်းက အခွံချည့်၊ တောင်ကလဲ တောင်ဆင်းမို့ နွားတွေကလည်း အိမ်ပြန်ဆိုတော့ ပြေးလိုက်တာဗျာ….ဘောလုံးလှိမ့် ချလိုက်သလိုပါပဲ။ တဝှီးဝှီးနဲ့ တောင်တစ်ဝက်လောက်ရောက်တော့ တောင်စောင်းမှာ အင်္ဂလိပ်လေယာဉ်ပျံတစ်စင်းနဲ့ ဝင်တိုက်မိမလို့ဗျို့ ၊ တကတည်း ကံကြီးလို့။
ကျုပ်က အတိုင်နွားဆွဲပြီးအလှည့်နွားဖင် ကြိမ်နဲ့ထိုးရှောင်ပေးလိုက်လို့ပါဗျာ။ သီသီကလေးလွတ်သွားပြီးမှ လေယာဉ်ပျံက တစ်ပတ်ပြန်လှည့်လာခဲ့ပြီး လေယာဉ်ပျံမောင်းတဲ့ အင်္ဂလိပ်ဟာ ပြတင်းပေါက်ဖွင့် ခေါင်းပြူလက်ပြရင်း ကျုပ်ကိုဆလံပေးပြီး 'တိုင်းကျူး' လို့ ပြောသွားသေးတယ်ဆရာရဲ့..”
အဖေမှာ အားရပါးရ ရယ်မောလေတော့သည်။
သူ ပြန်သွားသောအခါ၌ အမေက အဖေ့အား...
"တော့်မိတ်ဆွေကြီး ပြောသွားတာတွေက ဟုတ်မှဟုတ်ပါ့မလား”
ဟု မေးစမ်းကြည့်သည်၌ အဖေက
"ဟယ်...မင်းကလည်း နုံရန်ကော...ဘိန်းစား ဘိန်းမူးမူးနဲ့ တွေ့ကရာ သူ့ စိတ်ကူးရတာတွေ ပြောပြောသွားတာပဲကွာ”
သို့သော် အဖေသည် ယင်းလို သူ့မိတ်ဆွေများက ပြောပြနေသည်၌ ယုံမှားသံသယရှိသော အမူအရာလုံးဝမပြ၊ စိတ်ပါဝင်စားစွာ နားထောင်နေတတ် သည်သာ ဖြစ်၏။
"ဒီလို မဟုတ်မှန်းသိတာတွေ နားထောင်ရတာက မမှန်တာကို အဟုတ်ထင်အောင် ပြောတဲ့စကားမျိုးတွေ နားထောင်ရတာထက် ကောင်းတယ်ကွ”
ဟု အဖေက မှတ်ချက်ချလေ့ရှိပါသည်။
တစ်ခါသော် ဦးစိန္ဒာသည် ဘာစိတ်ကူးရသည်မသိ၊ အိမ်ပတ်လည် လျှောက်ကြည့်ပြီး...
"ဆရာ..အိမ်တို့ဘာတို့ ဆောက်တာဟာ ကြက်လျှာစွန်းတို့ တံတားဦးတို့မှာ မဆောက်ကောင်းဘူး၊ အခု ဆရာ့အိမ်ဟာ တံတားဦးကျနေတယ်...”
အဖေက ...
"ဪ..ဟိုဘက်ကမ်း ကူးရသန်းရဆိုတော့ တံတားနဲ့နီးအောင် ဆောက်တာပဲ၊ တံတားဦးကျမှာပေါ့ဗျ၊ ကျုပ်က ဒါမျိုးတွေ အယူအဆမရှိပါဘူး..."
ဟု ပြန်ပြောသည်ကို ဦးစိန္ဒာ မကျေနပ်၊ ပါးစပ်မှ တဖျစ်တောက်တောက် လုပ်ခဲ့သေးသည်။
အဖေတို့အိမ်မှာ ပေလေးငါးဆယ်မျှ ကျယ်သော ချောင်းကလေးကမ်းပါးတွင် ဖြစ်သည်။ ဤချောင်းမှာ အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်း ကူးရန် ဝါးတံတားရှိသည်။
အဖေသည် ဤတံတားအနီး၌ ဆောက်သည်ဖြစ်၍ တံတားဦးဟုလည်း ဆိုနိုင်ပါသည်။
ချောင်းကလေးသည် မြောက်မှတောင်သို့ စီးဆင်း၍ အိမ်နှင့်မနီးမဝေး တစ်ခေါ်လောက်တွင် အမြင့်မှ အနိမ့်သို့ စိုက်ကျနေသဖြင့် ရေစီးမှာ ရေတံခွန်ကလေး သဖွယ် ဖြစ်နေပါသည်။
တစ်ညသ၌ ညဦးကတည်းက မိုးသည်းထန်စွာ ရွာနေလေရာ တစ်အိမ်လုံးမှာ မိုးအေးအေးနှင့် အိပ်ပျော် ကောင်းနေကြသည်။
သန်းခေါင်ကျော်ကျော်တွင် အနောက်ဘက်ကမ်းမှ စီစီညံညံအသံတွေကြား၍ အဖေလန့်နိုးပြီး နားထောင်ရာ ခါတိုင်းကဲ့သို့ အိမ်တောင်ဘက် ရေတံခွန်ကလေးမှ ရေကျသံမကြားရ၍ အိမ်တံခါး ဖွင့်ကြည့်လိုက်တော့ အိမ်ကပြင်ပေါ် ရေရောက်နေချေပြီ။
အိမ်ကပြင်အဆင့်နှင့် အိမ်အမြင့်မှာ တစ်ပေခွဲလောက်သာ ကွာခြားလေရာ ရေသည့်ထက် တိုးလာပါက မကြာမီ အိမ်အထပ်မြုပ်ပေတော့မည်။
ယင်းသို့ဖြင့် အဖေသည် အလန့်တကြား အိမ်သားများကို နှိုး၊ မီးခွက်တွေထွန်း၊ ပစ္စည်းတွေ ဟိုတင်ဒီတင်လုပ်၊ ရေလုံးသံကြီးများလည်း တဝုန်းဝုန်း ရိုက်ခတ်သံနှင့် တစ်ဖက်ကမ်းမှ စိုးရိမ်စွာ ဆူညံအော်ဟစ်နေသံများကိုလည်း ကြားရလေသည်။
အနောက်ဘက်ကမ်းမှာ ကုန်းမြေဖြစ်၍ အရှေ့ဘက်ကမ်းထက် ပို၍မြင့်လေသဖြင့် စီးလာသမျှ ရေလုံးသည် အရှေ့ဘက်သို့သာ ဖိဆင်းလေသဖြင့် အဖေတို့အိမ် ရေလယ်ရောက်နေခြင်းဖြစ်တော့၏။
"ဆရာတို့ ဒီဘက်ကူးခဲ့ကြပါလား၊ တံတားရှိနေသေးသားပဲ...”
သို့သော် တံတားမှာ ရေမြုပ်နေကာ ဝါးငါးလုံးအနက် သုံးလုံးသာရှိတော့သည်။ နှစ်လုံးရေစီးနောက် ပါသွားချေပြီ။
လူကြီးများ ကူးနိုင်မည်ဖြစ်သော်လည်း ခလေးများနှင့်မဖြစ်။ ကျန်သည့် ဝါးသုံးလုံးတံတားကလည်း ရေစီးအားကြောင့် ယိုင်နဲ့နဲ့။
မိုးကားစဲလေပြီ။
သို့သော် ရေကျကား အားကောင်းဆဲ၊ ၃-၄ နှစ်မှာ တစ်ခါလောက်ဖြစ်တတ်သော တောင်ကျရေ။ ဝါးတံတားကလေးသည် လက်တန်းရော ဘာရော တစ်လုံးပြီးတစ်လုံး ပါသွားလေရာ နောက်ဆုံးတွင် လူကြီးပင် မကူနိုင်သော အခြေသို့ရောက်လေ၏။
အရှေ့ဘက်ကုန်းမြင့်ရှိရာ သွားရန်မှာလည်း အိမ်ရှေ့ကပြင်ပေါ်တွင် ရေလွှမ်းနေ၍ ရေသည် ရင်ခေါင်းလောက်က စဆင်းရမည်။ ရေစီးကလည်း သန်နေ သည်ဖြစ်နေလေရာ ကလေးတွေနှင့် မည်သို့မည်ပုံ လုပ်ရမည်နည်းဟု အဖေနှင့်အမေတို့မှာ အကြံရကြပ်နေလေသည်။
တဖြည်းဖြည်းနှင့် ရောင်နီပျို့၍ လင်းရောင်လည်း ပေါ်လာလေပြီ၊ ရေကတက်၍တက်၍ လာနေသည်။
တစ်ဖက်ကမ်းက လူများသည် အိမ်တိုင်ကျွတ်ပြီး ရေစီး၌မျောပါသွားမည်အထိ တွေးတောပူပန် စိုးရိမ်ကြသည်။ သို့သော်..သူတို့ ဘာမျှ မတတ်နိုင်ကြ။
(သူသာ ကူးလာနိုင်သည်)
ယင်းအခိုက် အနောက်ဘက်ကမ်း ခပ်လှမ်းလှမ်း ချောင်းအထက်ဘက်ဆီမှ “
"ဆရာ ကျွန်တော်လာပြီဗျို့ ဘာမှမပူနဲ့”
ဟူသော အသံကျယ်ကြီးနှင့်အတူ ခါးတောင်းကျိုက်တကားကား ကြိုးတစ်ခွေကို သူ့ကိုယ်တွင် စလွယ်သိုင်းထားသော ဦးစိန္ဒာသည် ချောင်းအထက်ဘက်ဆီမှ အဖေတို့ အိမ်ဆီသို့ ဓားလွယ်ခုတ် ကူးလာခဲ့လေ၏။
ရေပန်းတဖွားဖွားနှင့် အားလုံးက တအံ့တသြ ငေးမောကြည့်ရှုနေကြစဉ်မှာပင် အဖေ့အိမ်ပေါ်သို့ ရောက်လာလျက် သူ့မျက်နှာကတော့ ထုံးစံအတိုင်း ပြုံးစနဲ့နဲ့ပင်။
"ဘာမှစိုးရိမ်မနေကြနဲ့”
ဆိုပြီး သူ့ကိုယ်က ကြိုးခွေကို ဖြုတ်၊ တစ်ဖက်စနှင့် သူ့ရင်ဘတ်နှင့် ပခုံးတွင်သိုင်း၊ ကလေးငယ်နှစ်ယောက်ကို ရင်ခွင်ပိုက်ပြီး သူက ရှေ့ဆုံးမှ ရေထဲဆင်း၊ အဖေက နောက်ဆုံးမှ ကြိုးစကိုတင်းတင်းကိုင်လိုက်၊ အမေနှင့် ခလေးခပ်ကြီးကြီးများက အလယ်ကကြိုးကိုကိုင်လိုက်၊ မထောက်မိလျှင် ရီးလေးခို၊ ယင်းသို့နည်းဖြင့် အရှေ့ဘက်ကမ်းကုန်းမြင့်သို့ အိမ်သားအားလုံး ကောင်းမွန်စွာ ရောက်ကြလေ၏။
နွားကျောင်းသားများ ဆောက်လုပ်ထားသော တဲငယ်မှာ ခေတ္တစတည်းချကြရသည်။
နောက်အိမ်ပေါ်၌ ကျန်ခဲ့သော စားသောက်စရာများနှင့် အချို့ပစ္စည်းများကို ဦးစိန္ဒာနှင့် အဖေတို့ ပြန်ယူကြသည်။
ယင်းသို့ဖြင့် အားလုံးကိစ္စချောမောသွားကြလေ၏။ ရေကား ထိုတစ်ရက်ပင်ကြီးသည်။ မွန်းတည့်လောက်၌ အိမ်အထပ်မြုပ်အောင်တက်ပြီးနောက် နေနှင့်အတူ ပြန်ကျသွားသည်။ ညနေ၌ အိမ်သို့ပြန်နိုင်ကြလေသည်။
(ကျေးဇူးတင်ချင်သူ)
ယင်းသည်မှစ၍ အိမ်သားများစိတ်တွင် ဦးစိန္ဒာ၏ ပြုံးစနဲ့နဲ့မျက်နှာကြီးကို အမြင်ကပ်စရာကြီးဟု မယူဆကြတော့ဘဲ ချစ်စရာကြီး အားကိုးစရာကြီး
ဖြစ်သွားလေ၏။
တစ်နေ့သ၌ ဦးစိန္ဒာအား ဧည့်ခံဂုဏ်ပြုပွဲတွင် အဖေက …
"ကိုစိန္ဒာ ခင်ဗျားသိပ်တော်တယ်ဗျာ။ ဒီလိုကျုပ်တို့ ရေဘေးဒုက္ခရောက်နေတဲ့အချိန်မှာ ကြိုးခွေကြီး စလွယ်သိုင်းလာဖို့ ခင်ဗျားဘယ့်နှယ် စိတ်ကူးရသလဲ”
ဦးစိန္ဒာက ရယ်မော၍...
"ကျွန်တော်က ကြိုတင်ကြံစည်ထားတာကိုးဆရာရဲ့”
အဖေက အံ့ဩကာ
"ဗျာ...ခင်ဗျားက ဒီလိုဖြစ်လိမ့်မယ်ဆိုတာ စောစောက သိနှင့်ထားလို့လား။
"မဟုတ်ပါဘူး၊ ဒီလိုဆရာရဲ့ ဆရာတို့ကျေးဇူးတွေက ကျုပ်အပေါ်မှာ များလှလေတော့ ကျုပ်က ကျေးဇူးပြန်ဆပ်ချင်တယ်။ ဒီတော့ ကိုယ်တတ်နိုင်တဲ့ဘက် စဉ်းစားတယ်၊ ဘယ်လိုလဲဆိုတော့ ကောင်းတော့မကောင်းဘူးပေါ့ဆရာရယ်။ ဥပမာ ဓားပြတွေက ဆရာ့အိမ်လာတိုက်တယ်။ ကျုပ်က ကျုပ်ငှက်ကြီးတောင်ဓားကြီးနဲ့ အချိန်မီရောက်လာပြီး နောက်ပေါက်ဓားပြကလေးတွေကို မတိုက်သင့်တဲ့လူ၊ တိုက်သင့်တဲ့လူ ရှိတဲ့အကြောင်း သြဝါဒပေးလွှတ်လိုက်မယ်။ ဒီတော့ သူတို့က ဆရာတို့ကို ရှိခိုးပြီး ပြန်သွားကြရမယ်။
ဒါမှမဟုတ် ဆရာ့အိမ် လူခိုးသွားတယ်။ ကျုပ်က ဒီရပ်ဒီရွာမှာ ဘယ်သူလက်ဆော့ခြေဆော့ ရှိတယ်ဆိုတာ သိနေသားပဲ။ နောက်တစ်နေ့မှာ ဆရာ့ပစ္စည်းတွေ ကျုပ်က အကုန်ပြန်လာယူပြီး ပို့မယ်”
အဖေမှာ ပါးစပ်အဟောင်းသားနှင့် နားထောင်နေရာ ဦးစိန္ဒာက ဆက်လက်၍
"ဒီရေကြီးတဲ့ ကိစ္စကတော့ ဆရာ့ကို ကျွန်တော် တံတားဦးမှာ အိမ်မဆောက်ကောင်းတဲ့အကြောင်း ပြောတဲ့နေ့ကပဲ စိတ်ကူးရတယ်။ ဒီချောင်းလေးက ဒီလိုပဲ ၃-၄ နှစ် တစ်ခါ ရေကြီးတတ်တော့ မတော်မတဲ့ ဆရာ့အိမ် ရေတွေဝိုင်းနေရင်ဖြင့် ကျုပ်ဒီနည်းနဲ့ ကယ်ဆယ်လိုက်ဖို့ ကြံစည်ခဲ့မိတယ် ဆရာရဲ့၊ ဒါကြောင့် အချိန်မီ ကြိုးတစ်ချောင်းနဲ့ ရောက်လာတာပေါ့”
အဖေသည် ခေါင်းကို တစ်ဆတ်ဆတ်ညိတ်ကာ အမေ့ဘက်လှည့်၍ "ဖြစ်နိုင်တယ်”ဟု အင်္ဂလိပ်လို မှတ်ချက်ချလိုက်လေ၏။
(သူ့အိပ်မက်တဲ့)
တစ်နေ့ခင်း အဖေ နေမကောင်း ထိုင်မသာရှိနေ၍ အိပ်ရာထဲ လှဲနေခိုက် ဦးစိန္ဒာရောက်လာကာ နံဘေးနားထိုင်၍ စကားစမြည်ပြောနေရာ တစ်စုံတစ်ခုပြော ဖို့ ချီတုံချတုံဖြစ်နေဟန် ပေါ်လာသဖြင့် အဖေက
"ကိုစိန္ဒာ လိုတာရှိရင် ပြောလေဘာမှ အားမနာနဲ့”
ဟု လမ်းခင်းပေးလိုက်မှ သူက တည်ကြည်စွာ ခေါင်းညိတ်လျက် ….
"ဒီလို ဆရာ ညက ကျုပ် အိပ်မက် မက်တယ်။ ဝတ်ဖြူစင်ကြယ်နဲ့ လူကြီးတစ်ယောက်ပေါ့”
ဤတွင် အဖေသည် နေမကောင်းဖြစ်နေသည်ကို သတိမေ့ကာ လဲလျောင်းရာမှ ထထိုင်ပြီး...
"ကိုစိန္ဒာတို့ကတော့ လုပ်ပြန်ပဟေ့။ ဆိုစမ်းပါဦး..၊ဝတ်ဖြူစင်ကြယ်နဲ့ လူကြီးက ခင်ဗျားဘာတွေများ ပြောသတုန်း။ ဘုရားတရားကလေးများ ရှိခိုးဖူးတယ်ရှိအောင် သတိပေးသွားသလား”
ခါတိုင်းဆိုလျှင် ဤမျှလောက် အတိုင်အဖောက်ပြောမိလျှင် ဦးစိန္ဒာသည် အဖေနှင့် ပျော်ပျော်ရွှင်ရွှင် လေပန်းလေ့ရှိသော်လည်း ယနေ့တော့ ခပ်တည်တည်ပင်။
"အို…ဆရာ့နှယ် ကျုပ်ဒီအသက်အရွယ်ထိ တစ်ခါမှ ဘုရားရှိမခိုးဖူးသေးပါဘူး။ ဝါသနာလဲ မပါဘူး။ ဟိုလူကြီးအိပ်မက်ထဲ ပြောသွားတာက တစ်မျိုးဗျ”
အဖေက ရွှတ်တွတ်တွတ် ပြောမည်ဟု စိတ်ကူးထားရာမှ ဣန္ဒြေဆည်လိုက်ပြီး...
"ပြောစမ်းပါဦးဗျာ”
"သူ ပြောသွားတာက ခပ်တိုတိုပဲ၊ မင်းသူဋ္ဌေးဖြစ်ချင်ရင်တဲ့ မင်းအစွမ်းအစနဲ့ ဝက်မွေးပေရော့တဲ့၊ ဒါနဲ့ ကျုပ်အိပ်ရာက လန့်နိုးရော”
ဤတွင် အဖေသာမက အနားတွင် ဝိုင်းထိုင်နေကြသော သားအမိများပါ တသောသော ရယ်မောရလေတော့၏။ ဦးစိန္ဒာက ကလေးများဘက်လှည့်၍ မျက် မှောင်ကုတ်ကာ ...
"မရယ်ကြနဲ့လေ …ငါတကယ်ပြောနေတာမနက်ဖြန် ငါ မြို့ပေါ်သွားပြီး ငါ့ဓားကို သွားရောင်းရမယ်ကွဲ့၊ ငါ့ရဲ့အစွမ်းအစဆိုတာဟာ ဒီဓားပဲရှိတာပဲ၊ ငါက ဒီဓားနဲ့ အပွဲပွဲနွဲလာခဲ့တာ …”
သူ့စိတ်ကူးနဲ့သူ ဟုတ်နေပေသည်။ဘယ်သူမှဖျက်၍ ရမည်မထင်။နောက်တစ်နေ့မှာပင် မြို့သို့သွား၍ သူ့ဓားကို ၁၅ိ/ ~နှင့်ရောင်းပြီး ဝက်ငယ်တစ်ကောင် ဝယ်လာခဲ့လေ၏။ သူ့အိပ်မက်အရ ဝက်မမို့ "သူဋ္ဌေးမ”ဟု နာမည်ပေးလိုက်လေသတည်း။
ဦးစိန္ဒာသည် ငယ်စဉ်ကတည်းက မိဘမရှိ၍ လူလားမြောက်ကတည်းက တစ်ကိုယ်တည်း ဓားပြတိုက်လိုက် ထောင်ထဲသွားလိုက်နေသူဖြစ်ရာ ယခု မရှိစဖူး သူဋ္ဌေးမကို သံယောဇဉ်ငြိလာတော့ တော်တော်ချစ်ရှာသည်။
သူ့ဝက်မကလေးကို ပြောင်းဖူးစေ့မှကျွေးသည်။ ပြောင်းဖူးစေ့ကို နူးလာအောင်ပြုတ်၊ အအေးခံပြီးမှ ဇလား ထဲထည့်ကျွေးသည်။ အစာကျွေးချိန်တွင် ရို့.....ရို့ ဟု ခေါ်လိုက်ပါက သူဋ္ဌေးမသည် ရောက်ရာအရပ်မှ တကျွီကျွီမြည်ကာ အမြီးကလေး လှည့်ကာပတ်ကာနှင့် ပြေး၍လာသည်။
အစာဝပြီဆိုသောအခါ၌ သူ့သခင်နားလာ၍ ပွတ်သီးပွတ်သပ်လုပ်သည်။ ဒီတော့ သူ့ချိုင်းကြားကလေးကို အသာလက်နှင့် ပွတ်ပေးလိုက်ပါ။ ခဏအတွင်း၌ တအစ်အစ်မြည်ကာ တုံးလုံးလှဲချလိုက်တော့သည်။ သူ့ချိုင်းကြား ဆက်ပွတ်ပေးပြီး မကြာမီ အိပ်ပျော်သွားလေ၏။
ဤကား ဦးစိန္ဒာ၏ နိစ္စဓူဝအလုပ်ဖြစ်နေလေ၏။ ဒါကို အဖေ့အား ခေါ်၍ပြရာ ပင်ကိုက တိရစ္ဆာန်ချစ်တတ်သော စိတ်ရှိသူ အဖေက သဘောကျလေ၏။
"ကိုစိန္ဒာ…ကျုပ်တခြား ဝက်နှစ်ကောင် ဝယ်ပေးမယ် ဗျာ၊ ခင်ဗျားဝက်မကလေးနှင့် လဲယူပါ”
ဟု စလျှင် ဦးစိန္ဒာမျက်နှာမကောင်း ဖြစ်တတ်လေသည်။
"ဒါ ဝက် မဟုတ်ဘူး ကျုပ်သမီးလေး”
ဟုလည်း ပြောတတ်သည်။
သူ့ဝက်မကလေးကို ဤမျှချစ်သော ဦးစိန္ဒာ နောက်ပိုင်း၌ သူဋ္ဌေးမကလည်း အကောင်ကြီးလာသလောက် စားလုံးကြီးလာ၍ ကျွေးမွေးနိုင်ရန်အတွက် သူအင်မတန်နှစ်သက်လှသော ဘိန်းကို ဖြတ်လိုက်ရာမှ လူဆိုးဓားပြ မောင်ဘိန်းစားကြီး ဦးစိန္ဒာသည် အစ၌ ဖော်ပြခဲ့သည့်အတိုင်း အနိစ္စသဘောကိစ္စ ချောခဲ့ချေပြီ။
(သူ့သံယောဇဉ်)
သူဋ္ဌေးမသည် ကံကောင်းသော ဝက်မကလေးတစ်ကောင်ဖြစ်သည်။ သူ့ နာမည်နှင့်လိုက်အောင်ပင် ‘ဝက်သူဋ္ဌေးမလေး’ဟု ဆိုရချေမည်။
သူ့သခင်ဟောင်း ရှိစဉ်က တစ်ဦးတည်း၏ အပြုအစု အယုအယကို ခံရသည်။ ယခု အဖေ့အိမ်ရောက် သည်၌ သားသမီးအားလုံးတို့၏ ချစ်ခင်ခြင်းခံရသည်။ သူဌေးမကိုယ်တိုင်ကလည်း သူ့ကိုယ်သူ ဝက်မကလေးဟု မမှတ်တော့။ လူမလေးဟုသာ သူ့ကိုယ်သူများ အောက်မေ့နေသလား မဆိုနိုင်ပါ။ လူတွေနှင့်သာ ရောရောထွေးထွေးနေတော့သည်။
အေးချမ်းသော တောင်ပိုင်းရှမ်းပြည်နယ် နံနက်ခင်း သို့မဟုတ် ညဦးပိုင်းတို့၌ လူများ မီးလှုံရာတွင် သူက တစ်နေရာ ပါဝင်မြဲ။ လူတွေ၏ကြား၌ တုံးလုံးလှဲ ကာ ချိုင်းကြား၊ ပါးစောင်တို့ကို ဇိမ်နှင့်အပွတ်ခံလျက် တအစ်အစ်နှင့် မှိန်းနေတတ်သည်။
ဤသို့ မှိန်းနေစဉ် သူ့နှာခေါင်းပေါက် သို့မဟုတ် နားရွက်ဝကို မြက်ပင်ကလေးနှင့် ကလိလျှင် ချက်ချင်းထထိုင်ပြီး အနီးရှိလူကို ပါးစပ်ကြီးဟကာ ဗလောက်ခွပ် ဗလောက်ခွပ်နှင့် ကိုက်မည့်ဟန် လုပတတ်သည်။ နောက်မလုပ်ပါဘူး တောင်းပန်မှ ပြန်အိပ်တတ်သည်။
သူဌေးမသည် လူခေါ်ရာကိုလည်း လိုက်တတ်သည်။ လူခေါ်လိုက်လျှင်လည်း ရောက်ရာအရပ်မှ အပြေးလာတတ်သည်။ သူ ကဆုန်စိုင်းပြေးလာပြီဆိုပါက မဲမဲ(မည်းမည်း) လုံးတုံးလုံးတုံးနှင့် ကုပ်နေသော သူ့နားရွက်နှစ်ဖက်က ငှက်အတောင်ပံခတ်သည်နှင့် တူလှပေသည်။
သူဋ္ဌေးမသည် ကလေးတွေနှင့် ကစားရန် နှစ်သက်သည်။ ကလေးတွေကလည်း သူဋ္ဌေးမနှင့် ကစား၍ ပျော်ကြသည်။
နောက်ဆုံး၌ သူဋ္ဌေးမသည် ဝက်မကလေးတစ်ကောင်ထက် အိမ်သားကလေးတစ်ယောက်သဖွယ် ဖြစ်နေပေတော့သည်။ အဖေနှင့် အမေတို့ စိတ်ထဲမှာလည်း သူ့ကို သာမန်ဝက်လိုမဟုတ်တော့။ မိမိတို့အား ရေဘေးအကျဉ်းအကြပ်မှ ကယ်ဆယ်ခဲ့သော ဦးစိန္ဒာ
၏ကိုယ်စား၊ သို့မဟုတ် မိဘမဲ့ ဦးစိန္ဒာ၏သမီးကလေးကို မွေးမြူနေရသည့်နှယ် သဘောထားကြ လေ၏။
စင်စစ် ဤအချစ်မေတ္တာ သံယောဇဉ်တရားပင်လျှင် ဒုက္ခပင်မရေစီးကို မြစ်ဖျားခံရာ ဖြစ်ပေတော့၏။ အကြောင်းမှာ အခြေအနေတို့သည် ပြောင်းလဲရတော့ မည်။
အဖေသည် အမေရိကန်သာသနာပြုကျောင်းတစ်ခုမှ ကျောင်းအုပ်ဆရာကြီး ဖြစ်၏။ စစ်တွင်းကာလဝယ် ယင်းသို့လူစား မြို့မနေ တောရွာနေခြင်းသည် စပိုင်ဟု စွပ်စွဲခံစရာအကြောင်း ပေါ်လာနိုင်၏။ မလိုသူတွန်းက (ဂျပန်တို့အကြောင်းလည်း အများသိခဲ့ကြသည့်အတိုင်း) ချက်ချင်းလာဖမ်းပေလိမ့်မည်။
ထို့ကြောင့် မြို့သို့ အများလည်း ပြန်ကြပြီဖြစ်၍ မိမိတို့အိမ်ထောင်လည်း ပြန်ရပေတော့မည်။
အများလည်း ပြန်ကြပြီဖြစ်၍ မိမိတို့အိမ်ထောင်လည်း ပြန်ရပေတော့မည်။ ယင်း၌ သူဋ္ဌေးမကိစ္စပြဿနာပေါ်လာလေသည်။ မြို့သို့ ယူသွားပြီး မြူနီစပါယ်ဧရိယာအတွင်း၌ ကျောင်းအုပ်ဆရာကြီးက ဝက်မွေးရန်လည်း မဖြစ်နိုင်။ သည်မှာတင် ရောင်းချပစ်ခဲ့ရန်လည်း ယင်းအချိန်၌ ထိုတောရွာများမှာ ဝက်ဝယ်မွေး မည့်သူ မရှိတော့ချေ။ အကြောင်းမှာ ဂျပန်တို့သည် တောရွာသို့ဆင်းဆင်းပြီး မတန်တဆဈေးနှင့် ဝက်ရိက္ခာတော် ဖြည့်တင်းနေသောကြောင့်တည်း။
ယခင်က မွေးခဲ့သူတို့မှာလည်း ဂျပန်များ စကားပြန်နှင့် ရောက်လာကြကာ အရွယ်ရောက် စားလောက်သည့်အကောင်များကို ယူငင်သွားပြီး ငယ်သေးသော ဝက်ကလေးများကို စာရင်းကောက်သွားသည်။ မပျောက်မပျက်အောင် မွေးမြူထားရမည်တဲ့။
သူဋ္ဌေးမမှာ အခြားရွာနှင့်ဝေးသော ချောင်းတစ်ဖက်ကမ်းတွင် တစ်အိမ်တည်းသော ကျောင်းအုပ်ဆရာကြီးဟာမို့ စကားပြန်က ဝက်မရှိတန်ဟု တွက်ဆ သောကြောင့် လွတ်နေခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် အရွယ်ရောက်နေပြီဖြစ်သော သူဋ္ဌေးမ ဂျပန်စာဖြစ်ခဲ့တာ ကြာလှပါပကော။
ကဲ... ယခုတော့ မည်သို့စီရင်အံ့နည်း။
မြို့သို့ပြန်ရန် ရက်ကန့်သတ်ပြီးသောအခါ၌ တစ်ခုသောနံနက်တွင် မောင်ပွင့်သည် မရွံ့မရဲမျက်နှာငယ်ကလေးနှင့် အဖေ့အား တစ်စုံတစ်ခုကို တီးတိုးပြော၏။
အဖေသည် ရုတ်တရက် ထောင်းခနဲဒေါသထွက်သွားပြီး ဒါဘယ်သူပေးတဲ့အကြံလဲမေး၍ မောင်ပွင့်က
"ဖဘီးပေါလုရယ် သူတို့ကြည့်စီမံဆောင်ရွက်ပေးမယ်တဲ့" ဆိုမှ ခေတ္တစဉ်းစား၍ သူ့စိတ်သူ ပြန်ချုပ်တီးသည်။ ရင်ဘတ်မှာ နိမ့်မြင့်ချီနှင့် သက်ပြင်းကြီးများ ရှူနေလျက်…
"အင်း..ကိုစိန္ဒာကလဲ သူ့ဝက်မလေး ထုခွဲပြီးတော့ သူ့အတွက်ကောင်းမှု ကုသိုလ်ပြုပါ ပြောခဲ့တယ်”
ဟု ဆိုပြီး "ကျုပ်လူ့ပြည်ရောက်မှ ဒါနကောင်းမှုတစ်ခါမျှ မပြုခဲ့သေးဘူးဆရာရယ်" ဟု သေခါနီး ဦးစိန္ဒာပြောခဲ့သော စကားလေးကို ပြန်သတိရပြီး...
"ကဲ..မောင်ပွင့် မင်းပြောတဲ့နည်းလမ်းပဲ ရှိတော့တယ်ါ။ သို့သော် ငါမမြင်ရမကြားရအောင်လုပ်၊ အဲဒီက ရောင်းချရတဲ့ပိုက်ဆံနဲ့ ဦးစိန္ဒာအတွက် သူတို့ရွာသဘာဝအတိုင်း သပိတ်သွတ်ခိုင်းလိုက်ပေါ့ကွာ ကြားလား"
အဖေသည် ခရစ်ယာန်ဘာသာဝင်ဖြစ်၏။ သို့သော် သူ့မိတ်ဆွေကြီး ဆန္ဒအတိုင်း ပြည့်စေသည်။ ဦးစိန္ဒာမှာ ရှမ်းတောင်သူလူမျိုး မိရိုးဖလာ ဗုဒ္ဓဘာ သာဖြစ်၏။
(သူဌေးမ ဇာတ်သိမ်း)
ထိုနေ့ညနေ၌ ကလေးများအားလုံး ငိုကြသည်။
သူဌေးမသည် မောင်ပွင့်ခေါ်ရာနောက်သို့ (ကြိုးမချည်ဘဲ) ခါတိုင်းလိုပဲအောက်မေ့ကာ အမြီးကလေး တရမ်းရမ်းနှင့် ပျော်ရွှင်စွာလိုက်သွားသည်။
တမျှော်တခေါ်လောက် ဝေးသောနေရာ၊ သစ်ပင်တစ်ပင်အောက်၌ လူကြီး ၃-ယောက်က မီးတစ်ဖိုနှင့်ရှိနေသည်။ သူတို့ရပ်ရွာဓလေ့ ဝက်ကိုမီးမြှိုက်ကြသည်။
သို့သော် သူဋ္ဌေးမခမျာကတော့ မသိရှာ၊ လူတွေ ညနေခင်း အေးလို့ မီးလှုံနေကြတာဟု အောက်မေ့ကာ၊ သူလည်း ထုံးစံအတိုင်း မီးဖိုအနီးတွင် တုံးလုံးလှဲ၍ ချိုင်းကို အပွတ်ခံလေ၏။
မကြာမီ၌ ယုယစွာ ခါတိုင်းလို ပွတ်နေသော လက်အစား ချွန်ထက်သောဓားမြှောင်...
"ကျွီ" ခနဲ သူဌေးမ၏ စူးစူးဝါးဝါးအော်လိုက်သော အသံကြားရသည်၌ မောင်နှမအားလုံးသည် ကိုယ့်နားကိုယ်ပိတ်ကြကာ ခေါင်းချင်းဆိုင်လိုက်ကြရသည်။
အဖေကား ထိုအသံလာရာမှ ဆန့်ကျင်ဘက်နေရာသို့ တစ်ဟုန်ထိုး လမ်းလျှောက်ထွက်သွားလေ၏ ။
အားလုံးကိစ္စများပြီးစီး၍ မောင်ပွင့်ပြန်ရောက်လာသောအခါ၌ သူဋ္ဌေးမမှာ ဇီးနှင့် ကလေးခုနစ်ကောင် ဗိုက်ထဲတွေ့ရသည်ဟု ကြားရသည်တွင် သားအမိတွေ တစ်ချီ ငိုလိုက်ကြရသေး၏။
"ဖထီးပေါလုကလေ မင့်ဆရာကြီးက သွေးသားတစ်စမှ ယူမလာခဲ့နဲ့ဆိုပေမယ်လို့ ဟောဒီ မြေမနင်းသား တစ်ကောင်တော့ ယူသွားကွ၊ သိပ်စားရခဲတယ် လို့ ကျွန်တော့်ကို ပြောပြသေးတယ်” ဟု ဆိုသည်၌ အဖေက တောက်တစ်ချက် ခေါက်လိုက်ပြီး ..
"မိုက်လိုက်တဲ့ ပေါလုရယ် ။ ငါ့အသဲ(သည်း)နှလုံးထုတ်ပြီး ငါ့စားခိုင်းသလို နေတော့မပေါ့၊ တော်..တော် ဒီစကား ဒီတွင်ရပ်ကြတော့”
ဟု မချိတင်ကဲ မျက်နှာကြီးနှင့် ပြောလိုက်လေ၏။
စင်စစ်တော့ စစ်မှန်သောချစ်မေတ္တာတရားသည် ဘာသာရယ်၊ လူမျိုးရယ်၊ လူဆိုးရယ်၊ လူကောင်းရယ်၊ ဂုဏ်ရယ်၊ ဓနရယ်မခွဲခြား။ လူသားနှင့် တိရစ္ဆာန် ဟူ၍လည်း သံယောဇဉ် မငြိဘဲမနေ၊ သတ္တလောကတွင် သတ္တဝါအားလုံးတို့ကို မွန်မြတ်စွာ ရစ်နှောင်နိုင်သည်သာတည်း။
- ပြီး -
စာရေးသူ - သော်တာဆွေ