မနက်ဖြန်များစွာ(စ/ဆုံး)
———————-မုန့်ဖတ်က တစ်ပိသာနီးပါးကျန်သေးသည်။နန်းကြီးဖတ်ကတော့ငါးဆယ်သားခန့်ရှိသေးသည်။ခေါက်ဆွဲက ထုံးစံအတိုင်းစောစောကုန်သွားပြီ။မနက်ဆယ်နာရီထိုးခါနီးမို့ နေကလည်းအတော်ပူနေပြီ။နေပူလာသလို ရင်ထဲကအပူတွေကလည်း တောက်လောင်နေဆဲ။“ဦးလေးသက်သာလား အဒေါ်၊ ကျွန်မလည်း စျေးရောင်းနေတာနဲ့အခုမှသတင်းလာမေးရတယ်”မျက်နှာချင်းဆိုင် လမ်းတစ်ဘက်မှာ စျေးရောင်းနေတဲ့ ညိုချော ကလာမေးသည်။အခုတော့ ဆေးရုံမှာပါအေ ၊သွေးအန်တာတော့သက်သာသွားပါပြီ၊သွေးပုလင်းကတော့ အခုထိသုံးလုံးသွင်းထားရတုန်း ဟုပြန်ပြောလိုက်သည်။မုန့်ဖတ်က တစ်ပိသာလောက်ရှိသေးလားအဒေါ်၊ ကျွန်မဝယ်မယ်ဒီနေ့ပြန်ရင်ထမင်းမချက်စားတော့ဘူး၊ မုန့်ဖတ်သုပ်စားကြမလို့ဟုညိုချောကပြောပြီးငွေတစ်ထောင်တန်နှစ်ရွက်ကို လှမ်းပေးသည်။မုန့်တီဖတ်အပြင် နန်းကြီးဖတ်ငါးဆယ်သားပါအဆစ်ထည့်ပေးလိုက်သည်။ဆေးရုံသို့ သွားချင်နေပြီ။ကိုသက်မောင် အခြေအနေကစိုးရိမ်စရာ။မူယာရေ မုန့်တောင်းအလွတ်တွေကိုအိမ်ကိုပို့ထားလိုက်နော်၊အဖွားဆေးရုံသွားလိုက်ဦးမယ် ဟုမိမိကိုစျေးကူရောင်းပေးနေသော မြေးမလေးကိုပြောပြီး ရောင်းရသမျှငွေတွေကို ပိုက်ဆံအိတ်ထဲသို့ထည့်လိုက်သည်။“အဖွား ပိုက်ဆံအိတ်ကိုခါးပိုက်နှိုက်ခံရဦးမယ်နော်”မူယာ၏ သတိပေးစကားကြောင့် အရင်းရောအမြတ်ပါရောင်းရငွေ သုံးသိန်းကျော်ခန့်အတွက် အလိုလိုစိုးရိမ်မိသွားသည်။ မုန့်ဖိုပိုင်ရှင်ဒေါ်လှငွေက ညနေမှ ငွေလာသိမ်းမည်မို့ တစ်ပါတည်းယူသွားတာပိုကောင်းသည်။အိမ်မှာထားခဲ့ရန်လည်းစိတ်မချရ။သက်ပြင်းချရင်း ခေါက်ထီးအဟောင်းလေးကိုဆောင်းပြီး ဆိုင်မှထွက်လာလိုက်သည်။သစ်သီးတန်းရောက်တော့ ကိုသက်မောင်အတွက် စပျစ်သီးနှင့်လိမ္မော်သီး ငါးထောင်ဘိုးခန့်ဝယ်လိုက်သည်။အဖိုးကြီးရေ ရှင်ဒီအသီးတွေတော့ စားနိုင်မှာပါဟု စိတ်ထဲမှပြောလိုက်သေးသည်။နှစ်ပေါင်းငါးဆယ်ဆိုတာ နည်းတဲ့နှစ်တွေလား အဖိုးကြီးရယ်။ရှင်ရောကျွန်မပါအခုအသက်ခြောက်ဆယ့်ခွန်ထဲမှာ။သူများတွေပြောသလို ရွှေရတု မင်္ဂလာပေါ့နော်။အသီးအိတ်တွေကိုဆွဲရင်း ကားဂိတ်ဘက်သို့လျှောက်သည်။ထီးကိုပိတ်ပြီးခေါက်ချိုးချိုး၍သစ်သီးအိတ်ထဲထည့်လိုက်သည်။ကားခငွေနှစ်ရာကိုထုတ်ပြီးပိုက်ဆံအိတ်ကိုရင်ဘတ်တွင်ကပ်ထားလိုက်သည်။ဒီအချိန်မှာ ခါးပိုက်နှိုက်ခံရလို့ကတော့ ရှေ့ရေးမတွေးဝံံ့စရာပါ။နေပူချိန်က ပိုပူလာသလိုပင်။**********မျက်နှာကတော့သွေးရောင်သမ်းလာပြီ။ဖြူဖျောဖျော့နှင့် သွေးဆုတ်သည့်လက္ခဏာမရှိတော့။ တတိယမြောက်သားက သူ့အဖေဘေးကခုံတန်းလျားမှာထိုင်ရင်း ဖုန်းပွတ်နေသည်။သစ်သီးတွေကိုကုတင်ဘေး ဘီဒိုပုလေးပေါ်တင်ထားလိုက်သည်။“ဆရာဝန်ကဘာပြောသေးလဲသား”“”အဆုတ်တစ်ခြမ်းက တော်တော်ပျက်စီးနေပြီတဲ့အမေ၊တီဘီပိုးလည်းတွေ့တယ်”တင့်ဝေ၏ အပူအပင်ကင်းမဲ့သလိုပြောလိုက်သောစကားသံကြောင့်သားသမီးတွေက ကိုယ့်ဖခင်ကိုတောင် စိုးရိမ်စိတ်မရှိကြတော့ဘူးလားဟု အတွေးရောက်သည်။မနက်ဖြန်တော့ ဆေးရုံက ဆင်းခိုင်းမယ်ထင်တယ်၊ တီဘီဆေးတွေက မြို့နယ်ကျန်းမာရေးဌာနမှာ အခမဲ့ပေးတယ်တဲ့၊ ဆေးမှန်မှန်သောက်ပြီး အရက်လုံးဝဖြတ်လိုက်ရင်တော့ အသက်ဆက်ရှင်နိုင်မယ်တဲ့ဟု တင့်ဝေ၏စကားကြောင့် တော်ပါသေးရဲ့ဟုတွေးမိပြန်သည်။ရှင်အသက်ဆက်ရှင်ပါဦး အဖိုးကြီးရယ်။ တန်ဖိုးကြီးလောက်တဲ့လူမုဟုတ်ပေမဲ့ ကျွန်မအတွက်တော့ ရှင်ကထာဝရ အဖိုးတန်ကြီးပေါ့။ကျွန်မက ရှင့်ကိုမြတ်မြတ်နိုးနိုးချစ်ခဲ့ရတာကိုး။ သားနှင့်ကျွန်မ အပြန်အလှန်ပြောနေသော စကားသံတို့ကြောင့်ထင့် ဦးသက်မောင်နိုးလာသည်။သူ့လက်ပိန်ပိန်လေးကို ဆုတ်ကိုင်ရင်း ရှင်နေကောင်းလာပါပြီအဖိုးကြီးရယ်ဟု ကျွန်မပြောတော့ သူ့မျက်ဝန်းထဲမှာ မျက်ရည်တစ်ချို့ ရစ်ဝဲလျက်။“ကိုယ်အရက်ဖြတ်တော့မယ်နော် မြလေး”သား တင့်ဝေက သူ့အဖေစကားကြောင့် မဲ့ပြုံးပြုံးသည်။***********အမေ့ဆွဲကြိုးကလည်း အပေါင်ဆိုင်မှာ နေတာများတယ်နော် ဟု သမီးမြမြသင်းက ရယ်သလိုမောသလိုပြောသည်။အံမယ်ညည်းတို့အသုံးလိုလည်း ငါ့ဆွဲကြိုးလေးပဲ ယူပေါင်နေပြီးတော့ ပျောက်ပျက်မသွားတာ ကံကောင်းပါအေ၊ ငါတို့အိမ်ထောင်ဦးပစ္စည်းဆိုလို့ ဒီဆွဲကြိုးလေးပဲရှိပါတယ် ဟုကျွန်မပြန်ပြောတော့ သားသမီးတွေဝိုင်းရယ်ကြသည်။“ဒီတစ်ခါ ငွေစုကြေးက သမီးရမှာ အမေ့ကိုတစ်သိန်းပေးမယ်၊ဘယ်လောက်နဲ့ ပေါင်ထားတာလဲ၊”မြမြနှင်း စကားကြောင့် သိပ်မစိုက်ရဘူးဟုတွေးလိုက်သည်။“သုံးသိန်းထဲပါအေ၊ လိုမှထပ်ယူမယ်လို့ မောင်ဝင်းရွှေကိုပြောခဲ့တယ်”မောင်ဝင်းရွှေက ကုန်စုံဆိုင်ပိုင်ရှင် ရွှေပေါင်နှင့်သုံးကျပ်တိုးသာယူသည်။ လက်လုပ်လက်စား စျေးသည်တို့၏ အားကိုးရာ။ နေ့ပြန်တိုးက သူ့မိန်းမကိုယ်တိုင် တာဝန်ယူချေးငှါးသည်။နေ့ပြန်တိုးနှင့်တော့ ဝေးအောင်နေရသည်။လုပ်ရင်းနဲ့မြုပ်ရမည့် အဖြစ်မျိုးတော့ ဝေးဝေးကရှောင်သည်။နင်တို့အဖေ မနက်ဖြန်ဆေးရုံကဆင်းမယ်၊ အဆုတ်ရောဂါရှိနေတော့ သူ့အတွက်ပန်းကန်ခွက်ယောက်က အစ သီးခြားထားရမယ်တဲ့။ တီဘီဆေးတွေကတော့ ဝယ်စရာမလိုဘူးတဲ့။ အားရှိအောင် အားဆေးလေး ကြက်ပေါင်းရည်လေးတိုက်ရမှာပေါ့အေ။ငါ့အဖိုးကြီးအသက်ရှည်ပါစေ ဟုကျွန်မပြောတော့ မြမြသင်းက ဒုက္ခပဲ ကလေးတွေကူးကုန်မှဖြင့်ဟု စိုးရိမ်စွာပြောသည်။“အဲဒါဆိုလည်း ညည်းယောက္ခမအိမ်မှာသွားနေအေ”ကျွန်မ ကျွဲမြီးတိုသွားသည်။ ဘယ့်နှယ် ကလေးသုံးယောက်ရနေပြီ၊မိဘအိမ်မှာ ကပ်စားတုန်း၊ ယူထားသည့် လင်ကလည်း လက်ကြောမတင်း။ ဆိုက်ကားနင်းတော့လည်း ပင်ပန်းသည်တဲ့။ငါးဒိုင်မှာ အလုပ်ဆင်းပြန်တော့လည်း ငါးညှီနံံ့မခံနိုင်။ အခုတော့ဝက်သားဒိုင်မှာ အလုပ်သမား ။ ဘယ်နေ့အလုပ်ထွက်လာဦးမည်မသိ။သူ့မိဘအိမ်ကလည်း ကမ်းနားမှာတဲကုတ်သာသာပါ။ မြမြသင်းက ယောက္ခမအိမ်သို့ ဘယ်တော့မှမပြောင်း ။ မိဘအိမ်မှာ အိမ်အလုပ်ကူလုပ်ရင်း ဆူဆူဆဲဆဲ ပေတေနေသည်။ သူ့သမီးကြီးမူယာကတော့ ကျွန်မ၏လက်ကသုံး တောင်ဝှေးပေါ့။ သွက်လက်ချက်ချာသောမူယာက မုန့်ဖတ်ချိန်တွယ်ရာမှာ၊ငွေကြေးပြန်လှန်အမ်းရာမှာ တိတိကျကျ သွက်သွက်လက်လက်မို့ အားကိုးရသူပါ။ မနက်ပိုင်းကျောင်းမသွားမီ စျေးကူရောင်းသည်။ နေ့ခင်းပိုင်းကျောင်းမို့ မနက်ခင်းတစ်ခင်းလုံးစျေးမှာ ကူညီရင်း စာကျက်တတ်သော မူယာကို ပတ်ဝန်းကျင်က ချစ်ကြသည်။ငါ့မြေးလေးဆယ်တန်းအောင်ရင် အဖွားကဒီဆွဲကြိုးဆုချမှာဟုပြောလျှင် သူမအလွန်ပျော်သည်။ တစ်ခါတစ်ရံ သူမကိုဆွဲပေးလျှင် သမီးနဲ့လိုက်တယ်နော်ဟု ပြောတတ်သေးသည်။မြလေးအတွက် မောင့်လက်ဆောင်ဟု ကိုသက်မောင်စကားသံက အခုချိန်မှာပြန်တွေးလျှင်လည်း လှိုက်ကနဲရင်ခုန်သွားတတ်သေးသည်။ကျန်းကျန်းမာမာနဲ့အသက်ရှည်ရှည်အတူနေချင်ပါသေးတယ်အဖိုးကြီးရယ်။*************မမြသွေးနှင့်မမြလေးတို့ညီအစ်မမှာမိဘတွေမရှိကြတော့။ဆင်မလိုက်ကမ်းနားမှာ ညီအစ်မနှစ်ဦးတည်းရပ်တည်ရင်း မိဘလက်ငုတ် မုန့်ဖတ်ရောင်းသည့်အလုပ်ပဲလုပ်သည်။ မမြသွေးက အသက်နှစ်ဆယ်၊ မမြလေးကဆယ့်ခွန်နစ် နှစ် အရွယ်တွေမို့ မိဘမရှိကြတော့ ပတ်ဝန်းကျင်ကစောင့်ရှောက်ကြသည်။ ဝက်သတ်သောနေရာ၊ လက်ရဲဇက်ရဲသမားတွေအများစုရှိကြပေမဲ့ သူတို့ညီအစ်မကိုတော့ ကိုယ့်ဆွေမျိုး အရင်းအချာလိုသဘောထားကြသည်။ဆင်းရဲပေမဲ့ ရုပ်ချောသောညီအစ်မနှစ်ဦး၏ မုန့်ဖတ်ဆိုင်က ရောင်းပန်းဝယ်ပန်း ကောင်းလှသည်။ပျံကျစျေးတန်းလေးမှာ စျေးရောင်းရင်း ပထမဆုံး အိမ်ထောင်ကျသူက မမြလေး။ စားသောက်ဆိုင်ပိုင်ရှင်သား ကိုသက်မောင်က သူတို့ဆိုင်အတွက် ခေါက်ဆွဲဖတ်များကို နေ့စဉ်လာဝယ်သည်။အသက်အရွယ်ကလည်းမတိမ်းမယိမ်း၊ ဆယ်တန်းအောင်ထားသော ကိုလူချောကို ညီအစ်မနှစ်ဦးစလုံး စိတ်ဝင်စားကြသည်။ အိပ်မက်ထဲမှ စိတ်ကူးယဉ်မင်းသားလေးက ကိုသက်မောင်ပေါ့။တကယ်တမ်း ချစ်ရေးဆိုခံရသူက မြလေးဖြစ်သည်။အစ်မ မမြသွေးက နားလည်စွာဖြင့်နောက်ဆုတ်ပေးသည်။ကြည့်မြင်တိုင်နတ်စင်လမ်း သီတင်းကျွတ်ပွဲတော်ညမှာ မြလေး ကိုသက်မောင်နောက်သို့လိုက်ခဲ့တော့သည်။တစ်ဖက်ကမ်း အေးရွာတွင်ပုန်းခိုနေစဉ် ကိုသက်မောင်မိဘတွေထံမှအမွေဖြတ်လိုက်သည့် သတင်းစကားကိုကြားရသည်။မောင့်လက်ကိုဆွဲ၍ ကမ်းနားက ကျွန်မတို့အိမ်ဆီသို့ ပြန်လာလိုက်သည်။ မည်သူမှလည်းပြန်မအပ်ကြ။ မှတ်မှတ်ရရ မိမိတို့၏မင်္ဂလာဦးညက သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ပါ။တစ်ချိန်ချိန်တော့မင်္ဂလာနှစ်ပတ်လည်နေ့လုပ်ဖြစ်လျှင် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ကိုပဲမှတ်မှတ်ရရရှိလှသည်။မောင့်ထံမှာ သူ့မိဘတွေဆင်ထားသော ဆွဲကြိုးတစ်ကုံးနှင့်လက်စွပ်တစ်ကွင်းပါသည်။မောင်က သူ့ဆွဲ ကြိုးကိုချွတ်၍ ကျွန်မကိုဆင်ပေးသည်။ မင်္ဂလာဦးလက်ဆောင်ပေါ့မြလေးရယ်ဟု မောင်ပြောတော့ တစ်သက်လုံးမဆွဲဖူးခဲ့သည့်ဆွဲကြိုးလေးကိုမြတ်နိုးစွာကိုင်ကြည့်ရင်း မောင့်ရင်ခွင်မှာတစ်သက်တာခိုလှုံခွင့်က အေးမြစွာ။အချစ်ဦးချင်းအတူတူမို့ အချစ်ချင်းလည်းပြိုင်မနေတော့ပါလေ။နောက်တော့ရော ။မောင်ဘာလုပ်လုပ် အထင်ကြီးစိတ် သနားစိတ် နှင့်ပြည့်စုံသောဘဝမှ ဆင်းလာခဲ့သောမောင့်ကို အရာရာခွင့်လွှတ်နိုင်ခဲ့တာပါပဲ။အစ်မ မမြသွေးကတော့ စျေးထဲက ကုန်စုံဆိုင်ပိုင်ရှင်မုဆိုးဖိုတစ်ဦးနှင့် မကြာမီအိမ်ထောင်ကျသွားသည်။ မချမ်းသာပေမဲ့ လက်ဝတ်လက်စား ရွှေငွေတွေဆင်လို့ မုန့်ဖတ်သည်ဘဝမှ ကုန်စုံဆိုင်ပိုင်ရှင်ဖြစ်ခဲ့သည်။မိမိကတော့လက်ငုတ်လက်ရင်း မုန့်ဖတ်သည်ဘဝဖြင့်ရှေ့ဆက်လျှက်။မောင်ဘေးနားမှာရှိနေတော့ ပြည့်စုံပါသည်။********ဘုရားစင်အောက်မှာ ဦးသက်မောင်အတွက်အိပ်ယာပြင်ဆင်ပေးရသည်။ သူစားမည့်ပန်းကန် ရေသောက်မည့်ခွက်ကအစ သီးခြားထားသည်။ ထမင်းစားလျှင်လည်းသူ့အတွက်သီးသန့်ပြင်ဆင်ပေးသည်။ယောက်ျားလျာသမီးမြမြနှင်းက သူ့ဖခင်ဝေယျာဝစ္စတွေကိုတာဝန်ယူလုပ်ကိုင်ပေးတော့ ကျွန်မမပင်ပန်းပါ။မြေးတွေကိုတော့အဖိုးအနားကိုလုံးဝမကပ်စေရ။ မူယာအောက်မှ မြေးယောက်ျားလေးနှစ်ယောက်ကလည်းအိမ်မကပ်ကြပါ။စားချိန်အိပ်ချိန်မျှသာအိမ်ကပ်သောမြေးတွေကြောင့် ရောဂါ ကူးစက်ရန်တော့ အတန်အသင့်မပူပင်ရတော့ပါ။မြမြနှင်းက ဘဲဥကြက်ဥ ဖောက်သည်ယူရောင်းသူမို့ ငွေစကြေးစပြေလည်သည်။ ယောက်ျားတစ်ယောက်လိုအားကိုးရပြီး သူ့နောင်ရေးအတွက်စုဆောင်းတတ်သလိုမိဘကိုလည်း တတ်နိုင်သလောက်ထောက်ပံ့တတ်သည်။တတိယသား တင့်ဝေက အသက်လေးဆယ်အရွယ်လူပျိုကြီး၊ မိသားစုမှာဆယ်တန်းအောင်သူဆို၍သူ့အဖေနှင့်တင့်ဝေသာရှိသည်။ ကုမ္ပဏီဝန်ထမ်းလစာနှစ်သိန်းလောက်နှင့် မိဘကိုတစ်ခါတစ်ရံတော့ပေးတတ်သည်။ လဘက်ရည်ဆိုင်ထိုင်ရင်း၊ ဂိမ်းဆော့ရင်းနှင့်ဘဝကိုအပူအပင်မရှိဖြတ်သန်းနေသူဖြစ်သည်။ ကိုသက်မောင်ဆေးရုံတက်ရတော့ တင့်ဝေပဲလူနာစောင့်ရသည်။အငယ်ဆုံးသားကတင့်ဝေနှင့်အသက်တော်တော်ကွာမှမွေးသည်။ယခုမှအသက်သုံးဆယ် ၊သူလည်းလူပျိုကြီးပါပဲ။သားသမီးမရတတ်သော သူ့ကြီးကြီးဒေါ်မြသွေး၏မွေးစားသားဘဝဖြင့် ကုန်စုံဆိုင်ကိုဦးစီးရင်း။အစ် မမြသွေးကတော့တစ်ခါတစ်ရံ သူဝတ်ပြီးသားလုံချည်လတ်လတ်လေးတွေ အင်္ကျီတစ်ပတ်နွမ်းလေးတေကျွန်မကိုပေးတတ်သည်။သူ့ခင်ပွန်းဆုံးပါးသွားပေမဲ့ ကျွန်မသားငယ်က သူ့ကျွေးမိခင်ကို သားအရင်းပမာပြုစုစောင့်ရှောက်နေဆဲ။**********ကိုယ်ဝန်လွယ်ထားရင်း မုန့်ဖတ်တောင်းတွေ သယ်မ ရွှေ့ပြောင်းရင်းသုံးကြိမ်တိုင်တိုင် ကိုယ်ဝန်ပျက်ကျပြီးမှ မြမြသင်းကို အဖတ်တင်သည်။အသက်နှစ်ဆယ့်ငါးနှစ်ကျော်မှ သမီးကိုမွေးတော့ ကျွန်မတို့နှစ်ယောက် သမီးကိုချစ်လိုက်ရတာ။ မောင်ကတော့ သူ့ဆယ်တန်းအောင်လက်မှတ်ကိုအသုံးချဘို့ မေ့နေသလားမသိ။ ကျွန်မနှင့်အတူ မုန့်ဖတ်ရောင်းရင်း ပျော်ရွှင်နေတတ်သည်။ မယ်ဒလင်အတီးကောင်းသူမို့ မောင့်အတွက် မယ်ဒလင်လေးတစ်လက် ဝယ်ပေးထားသည်။ ညနေတိုင်းမောင့်မယ်ဒလင်လက်သံလေးနှင့် လှိုင်မြစ်ကမ်းမှလေနုအေးတို့က ကျွန်မဘဝရဲ့နိဗ္ဗာန်ဘုံဖြစ်ခဲ့သည်။ဟဲ့နင့်လင်ကို အလုပ်လေးဘာလေး လုပ်ခိုင်းဦးလေ မုန့်ဖတ်ရောင်းတာကနင်တစ်ယောက်ထဲနဲံ့ရောင်းနိုင်တာကို ဟုအစ်မမြသွေးကအားမလိုအားမရပြောတတ်သည်။“နေပါစေမမရယ် သူအနားမှာရှိတော့ အားကိုးရတာပေါ့၊ပြီးတော့သူကအလုပ်ကြမ်းတွေ မလုပ်နိုင်ဘူးမမရယ်”ရုံးစာရေးလေးဘာလေး လုပ်ခိုင်းပေါ့ဟုမမစကားကို ကျွန်မပြန်မဖြေဖြစ်။ မောင်ကျွန်မအနားမှာ စျေးကူရောင်းနေတာကိုကကျေနပ်စရာပါ။သမီးကြီးကိုမောင်ကချီလို့ကျွန်မကစျေးရောင်းလို့ စျေးသိမ်းပြီး အိမ်ပြန်ချိန်မှ ချက်ပြုတ်စားသောက် အနားယူနှင့် ပျော်စရာနိဗ္ဗာန်ဖြစ်ခဲ့ပါသည်။မြမြနှင်း ကိုယ်ဝန်ရှိလာတော့ ကမ်းနားပတ်ဝန်းကျင်နှင့်မောင် ပုလဲပနံသင့်လာသည်။ ညနေတိုင်း ရီဝေဝေအပေါင်းအသင်းတွေနှင့်။သူ့မယ်ဒလင်လက်သံနှင့်အတူ ဆိုကြပျော်ကြသူတွေ တရုံးရုံးနှင့် မောင်ပျော်တတ်လာသည်။သူတို့နှင့်အတူ သားသတ်ရုံသို့ အလုပ်လုပ်ရန် ခေါ်တော့ မောင်ငြင်းသည်။ အနုပညာသမားမောင့်အတွက် သည်အလုပ်ကဘယ်လိုမှအဆင်မပြေ။ပြီးတော့မောင်က အသဲငယ်တတ်သည်။ငါးအရှင်ကိုပင် မသတ်ရဲ။စိတ်ထားနုညံ့လွန်းသော မောင့်ကိုလည်း သည်အလုပ်တွေမခိုင်းရက်ခဲ့ပါ။တစ်ခါတစ်ရံသူ့အပေါင်းအသင်းအချို့က ဟင်းစားလာပေးလျှင်တော့ လက်ခံတတ်သည်။ တရုတ်နွယ်သောမောင်က ဝက်သားကိုတော့အလွန်ကြိုက်သည်။အရက်ကလေးတမြမြ၊ကွမ်းယာလေးတမြုံ့မြုံ့နှင့် မနက်တိုင်းတော့ကျွန်မနှင့်စျေးကူရောင်းရင်း သားသမီးတွေကတစ်ယောက်ပြီးတစ်ယောက် များလာချိန်မှာ မောင်တော်တော်အရက်စွဲနေပြီ။သားငယ်ကိုမွေးတော့အကြီးမမြမြသင်းကထိန်း အလတ်မမြမြနှင်းကအိမ်အလုပ်တွေလုပ် နို့ညှာသားတင့်ဝေကကျောင်းတက်ရင်း ကိုသက်မောင်အတွက်အိမ်တာဝန်တွေလျော့ပါးလာတော့ အရက်သောက်ချိန်တွေပိုများလာခဲ့တာပါပဲလေ။**********“မြလေးရေ မောင့်ကိုတွဲထူပါအုံး လှဲနေရတာညောင်းလို့”မောင့်ကိုတွဲထူရင်း အဖိုးကြီးအဖွားကြီးတွေဖြစ်လာတော့ ငယ်တုန်းကလိုမောင်ဟုမခေါ်ဖြစ်တော့ပါ။အဖိုးကြီးဟု ချစ်စနိုးခေါ်ရင်း မောင်ကတော့ငယ်ငယ်ကအတိုင်းမြလေးဟုသာခေါ်သည်။သွေးလည်းမအံတော့ဘူး၊လူလည်းပြန်ပြည့်လာတယ်နော်အဖိုးကြီးရေ ပြီးခဲတဲ့အခေါက်က ဝိတ်ချိန်တော့လည်း ဝိတ်တက်လာတယ်၊ဆေးမှန်မှန်သောက်ပြီးအားရှိတဲ့အစားအစာတွေစားရင်း ပြန်နေကောင်းလာမှာပါ ဟုအားပေးစကားတွေနှင့် ဆေးသောက်ရက်ခြောက်လပြည့်ခဲ့ပြီ။ သ လိပ်စစ် ဓာတ်မှန်ရိုက်စစ်ဆေးပြီးချိန်မှာတီဘီရောဂါမရှိတော့ပါ။အသားအရေစိုစိုပြေပြေနှင့် ကျန်းမာလာသောအဖိုးကြီးကို အရက်ပြန်မသောက်ရန်ကိုတော့ တားမျစ်ရသည်။သားသမီးတွေမြေးတွေနှင့် တတိယအရွယ်ကို ကောင်းမွန်စွာဖြတ်သန်းစေချင်သည်။“အဖိုးကြီးဒီဝါတွင်းမှာဥပုသ်စောင့်နော်၊ပြီးတော့ ရှင့်ကိုပြောစရာရှိတယ်၊ဝါကျွတ်ပြီး သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ကိုမှတ်မိလား”“မှတ်မိတာပေါ့မြလေးရယ်၊ ဒီနှစ် ဆိုရင် မင်းနဲ့ကိုယ်တို့မင်္ဂလာနှစ်ငါးဆယ် ရွှေရတုလေ၊ သြော်ဒါနဲ့မင်းဆွဲကြိုးလေးမမြင်ပါလား”ဆွဲကြိုးက အကြီးမခဏယူပေါင်ထားတယ် ပြန်ရွေးပေးမှာပါ သူလည်းဆိုင်ရောင်းချင်လို့တဲ့ ဟုကျွန်မပြန်ပြောတော့သူရယ်သည်။အေးလေဒီဆွဲကြိုးလေးတစ်ကုံးကို မပျောက်ပျက်အောင်ထိန်းသိမ်းပေးထားတာနဲ့တင် ကျေးဇူးတင်နေပါပြီ မြလေးရယ်ဟုမောင်ပြောသည်။နှစ်ငါးဆယ်ရွှေရတုပွဲလေး လုပ်ချင်တယ်။အဖိုးကြီးကျန်းမာအောင်နေနော်၊ ကျွန်မလည်း အသက်ရလာတော့အစစအရာရာ ဂရုစိုက်နေရတယ်။အသက်ဆယ်နှစ်သမီးကထဲက မုန့်ဖတ်ရောင်းလာတာအခုဆိုငါးဆယ့်ခွန်နှစ် နှစ်ရှိပြီ၊ရှင်နဲ့အတူတူရောင်းလာတဲ့နှစ်တွေက နှစ်ငါးဆယ်ဆိုတော့ရွှေရတုပေါ့ ဟုကျွန်မစျေးရောင်းသက်ကိုပြောရင်း လွတ်လပ်ပေါ့ပါးစွာရယ်မိကြသည်။မနက်ဖြန်ဆိုတာ ဘာဖြစ်မယ်မှန်းမှ မသိတာပဲကွယ်။ပစ္စုပ္ပါန်ကာလလေးမှာ တစ်ဦးအပေါ်တစ်ဦး ချစ်ခြင်းတရားတွေ သံယောဇဉ်တွေနားလည်ခွင့်လွှတ်ခြင်းတွေနဲ့ငြိမ်းအေးစွာ နေထိုင်လိုပါသည်။အဖိုးကြီးအို ခါးကုန်းကုန်းမသေပါနဲ့အုံးနောင်နှစ်ခါ တန်းဆောင်မုန်းပွဲကြည့်ပါအုံး။အကြီးမ၏သားအငယ်လေးထံမှ အဖိုးကြီးအိုကဗျာရွတ်သံကြားရသည်။အဖိုးကြီးနှင့်အဖွားကြီးပြိုင်တူပြုံးမိကြသည်။ပွဲကြည့်ကြဦးစို့အဖိုးကြီးရယ်။မေတ္တာဖြင့်မွန်းသည်းအိမ်