တန်ဖိုးရှိလွန်းတဲ့အရာတစ်ခု

----------------------------------

ကျွန်တော် အမှိုက်ချေစက်ရဲ့ လီဗာကိုဆွဲတော့မလို့ လုပ်နေတုန်းမှာပဲ၊ အမှိုက်ကားနားမှာ လုံးဝမကြားသင့်တဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။
ကျွန်တော် သန့်ရှင်းရေးလုပ်ငန်းမှာ အလုပ်ဝင်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ် ရှိခဲ့ပြီ။ မနက် ၅ နာရီ အလုပ်ဆင်းရတဲ့ဘဝ၊ ဆောင်းရာသီမှာ တောင့်တင်းအေးခဲနေတဲ့ လက်ချောင်းတွေ၊ မြို့ရဲ့ စားကြွင်းစားကျန်အနံ့တွေ အရေပြားထဲ စွဲနေတာတွေနဲ့ နှစ်ပေါင်း ၂၅ နှစ်လုံးလုံး ဖြတ်သန်းခဲ့ရတာ။ သေဆုံးသွားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကနေ မင်္ဂလာဆောင်ဝတ်စုံတွေ၊ တစ်စုံတစ်ယောက်ရဲ့ တေးမှတ်တမ်း စုဆောင်းမှု အစုံအလင်တွေအထိ ကျွန်တော် မြင်ဖူးသမျှ အကုန်လုံးကို မြင်ဖူးပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲဒီလို အသံမျိုး ကြားရဖို့အတွက် ဘယ်အရာကမှ ကျွန်တော့်ကို ကြိုတင်ပြင်ဆင်မထားခဲ့ဘူး။
ကျွန်တော့် လုပ်ဖော်ကိုင်ဖက် လူးဝစ်စ်နဲ့ ကျွန်တော် အမှိုက်လမ်းကြောင်းပေါ် ရောက်နေကြတယ်။ အမှိုက်ကားက အမြဲတမ်းလိုပဲ အမှိုက်တွေ ပြည့်လာတဲ့အခါ ညည်းသံလိုလို အသံထွက်နေတယ်။ ကျွန်တော် အမှိုက်ပုံးတစ်တန်းကို လှန်ချပြီး အမှိုက်ချေစက်ရဲ့ လီဗာကို လှမ်းအကိုင်မှာပဲ လူးဝစ်စ်က “ဆမ်၊ ခဏလေး၊ ရပ်လိုက်ဦး။ မင်း အသံကြားလား” လို့ အော်ပြောလိုက်တယ်။
ကျွန်တော် ရပ်တန့်လိုက်တယ်။ အဲဒီအသံက နောက်တစ်ခါ ထပ်ပေါ်လာပြန်တယ်။ အမှိုက်ပုံးထဲကနေ ပါးလွှာပြီး စူးရှတဲ့ ငိုသံတစ်ခု ပေါ်လာတယ်။ ကြောင်လေးတစ်ကောင်နဲ့ ဆင်တယ်၊ ဒါပေမဲ့ မဟုတ်ဘူး။ လူ့အသံနဲ့ နီးစပ်လွန်းတယ်။
ကျွန်တော့် သွေးတွေ ခဲသွားသလို ဖြစ်သွားတယ်။ ကျွန်တော် အမှိုက်ကားဘေးကို နှစ်တွေအကြာကြီး မရွေ့ခဲ့ဖူးတဲ့ အရှိန်နဲ့ အမြန်ဆုံး တက်သွားတယ်။ စိုစွတ်နေတဲ့ သတ္တုပေါ်မှာ ဘွတ်ဖိနပ်တွေ ချော်ထွက်မလို ဖြစ်နေတယ်။ ရင်ဘတ်ကလည်း အောင့်မတတ် ခုန်နေတယ်။ အမှိုက်အိတ်တွေနဲ့ အပြင်စာထုပ်တွေ ရှုပ်ပွနေတဲ့ အမှိုက်လမ်းကြောင်းထဲကို ငုံ့ကြည့်လိုက်တယ်။
ဒါက ကြောင်လေး မဟုတ်ဘူး။
စိုရွှဲနေတဲ့ ပိုလိုအိတ်တစ်လုံးထဲ၊ ညစ်ပတ်နေတဲ့ သဘက်တစ်ခုနဲ့ ပတ်ထားပြီး မြှုပ်နေတာကတော့ မွေးကင်းစကလေးငယ် တစ်ယောက်ပဲ။ ချမ်းလို့ ဖြူရော်နေတယ်၊ ချက်ကြိုးတောင် ပါနေသေးတယ်။
အားလုံး နှေးကွေးသွားတယ်။ လမ်းပေါ်က ဆူညံသံတွေ၊ အင်ဂျင်သံ၊ မြို့ရဲ့အသံတွေအားလုံး ရုတ်တရက် ပျောက်ကွယ်သွားတယ်။ ကျွန်တော် အမှိုက်အိတ် သန်းပေါင်းများစွာကို ချေဖျက်ခဲ့တဲ့ ဒီရိုင်းစိုင်းပြီး ဆီအမဲကွက်တွေပေနေတဲ့ လက်ကြမ်းကြီးတွေနဲ့ အထဲကို လှမ်းပြီး၊ အဲ့ဒီကလေးငယ်လေးကို ဖန်သားလိုမျိုး နူးနူးညံ့ညံ့လေး ပွေ့ထုတ်လိုက်တယ်။
လူးဝစ်စ်က ဖုန်းကို ကိုင်ထားပြီ၊ သူ့အသံ တုန်ယင်နေတယ်။ “ဟုတ်ကဲ့၊ ၉၁၁ လား။ ကျွန်တော်တို့ ကားထဲမှာ ကလေးတစ်ယောက် တွေ့တယ်။ အသက်ရှင်နေတဲ့ ကလေးတစ်ယောက်ပါ”
ကျွန်တော် အမှိုက်ပုံးအစွန်းမှာ ထိုင်လိုက်တယ်၊ ခြေထောက်တွေ တွဲလောင်းချထားပြီး ကလေးကို ရင်ခွင်ထဲမှာ ပွေ့ထားလိုက်တယ်။ အေးတဲ့လေ ထိလိုက်တာနဲ့ ကလေးက ပိုငိုလာတယ်။ သူ့လက်သီးလေးတွေက ကမ္ဘာကြီးတစ်ခုလုံးကို စိတ်ဆိုးနေသလိုမျိုး လှုပ်ရမ်းနေတယ်။
"ဟိတ်... သမီးလေး၊" ကျွန်တော် တိုးတိုးလေး ကပ်ပြောလိုက်မိတယ်။ ကိုယ့်အသံ ကိုယ်တောင် နားထောင်ပြီး အံ့ဩမိတယ်။ ဘယ်လောက်တောင် နူးညံ့နေလဲလို့။ "တိတ်ပါဦး၊ သမီးလေး။ ဖေဖေရှိတယ်နော်။"
ကျွန်တော်က သဘက်ကို ကလေးပတ်လည် ပိုတင်းအောင် ထိုးသွင်းပြီး နွေးထွေးမှုရှိသလောက် ပေးနိုင်ဖို့ ရင်ဘတ်နဲ့ ဖိကပ်ထားလိုက်တယ်။
"အဆင်ပြေပါတယ်နော်၊" စိတ်ထဲမှာ မစဉ်းစားမိဘဲ ညင်သာစွာ ယိမ်းပေးရင်း ပြောလိုက်တယ်။ "ဒီအပြင်မှာ ဆူညံနေတာ သိတယ်။ ကြောက်ဖို့ကောင်းတာလည်း သိပါတယ်။ ဒါပေမဲ့ အခု သမီးလေး လုံခြုံပြီ။ ဖေဖေနဲ့အတူ လုံခြုံပြီ။ အသက်ရှူလိုက်ပါ၊ သမီးလေး။ သမီးလေးကို နွေးအောင် လုပ်ပေးမယ်။"
လူးဝစ်က နောက်ပိုင်းမှာ သက်သေအဖြစ် ပြောမယ့် ဓာတ်ပုံကို ဖုန်းနဲ့ လက်တစ်ဖက်တည်းရိုက်နေပေမယ့် ကျွန်တော် သိပ်သတိမထားမိပါဘူး။ ကျွန်တော့် ဘွိုင်လာဝတ်စုံကို ဆောင့်ပြီး ထိနေတဲ့ သေးငယ်လှတဲ့ နှလုံးခုန်သံလေးကိုသာ ခံစားနေရတာပါ။
ကယ်ဆယ်ရေးအဖွဲ့က မီးရောင်တွေ၊ လူနာတင်ယာဉ်သံတွေ အမြန်ဆုံး ရောက်လာပါတယ်။ သူတို့က ကလေးကို ဖြည်းညင်းစွာ ခေါ်သွားပြီး အသက်လက္ခဏာ စစ်ဆေးကာ စောင်တွေနဲ့ အပူပေးအိတ်တွေနဲ့ စတင် ဂရုစိုက်ပါတယ်။ ဒါပေမဲ့ သူတို့မရောက်ခင် မိနစ်အနည်းငယ်အတွင်းမှာ ကျွန်တော်ရယ်၊ ကလေးရယ် မြို့ကြီးက စွန့်ပစ်ဖို့ ကြိုးစားခဲ့တဲ့ ဝိညာဉ်နှစ်ခုက တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်ထားကြတာပါ။
ကျွန်တော် တစ်သက်လုံး အမှိုက်ပုံး သန်းပေါင်းများစွာကို လဲလှယ်ခဲ့ဖူးတယ်။ အဲ့ဒီမနက်ခင်းမှာတော့ ပထမဆုံးအကြိမ်အဖြစ် တန်ဖိုးရှိတဲ့ အရာတစ်ခုကို ကျွန်တော် ထိန်းသိမ်းထားခွင့် ရလိုက်တယ်။
ကယ်ဆယ်ရေးသမားတွေက ကလေးကို နွေးထွေးတဲ့ စောင်တွေနဲ့ လူနာတင်ယာဉ်ထဲက တစ်စုံတစ်ယောက် ဆွဲထုတ်လာတဲ့ ပန်းရောင်ဦးထုပ်လေးကို ဆောင်းပေးခဲ့တယ်။ လူနာတင်ယာဉ်ထဲ မတင်ခင် နောက်တစ်ကြိမ် ကျွန်တော့်ကို ပွေ့ထားခွင့် ပေးခဲ့တယ်။ သူမရဲ့ လက်ချောင်းလေးတွေဟာ ကျွန်တော့် လက်မကို ကွေးပြီး ဆုပ်ကိုင်ထားခဲ့တာ၊ ကျွန်တော် လုံးဝဥဿုံ လက်လွှတ်မခံတော့ဘူးဆိုတာကို သူ ကြိုသိနေတဲ့အတိုင်းပါပဲ။
အဲဒီမှာ ကျွန်တော် ရပ်နေခဲ့တယ်။ အမှိုက်ရည်တွေနဲ့ ပေပွနေတဲ့ ကိုယ်လုံး၊ တအားအေးနေတဲ့ မိုးသောက်ယံ၊ သုတ်ပစ်ဖို့တောင် အားမထုတ်နိုင်ခဲ့တဲ့ မျက်ရည်တွေနဲ့။ ကားတံခါးပိတ်သွားတဲ့ လူနာတင်ယာဉ်ကို ကြည့်နေခဲ့တယ်။ လူးဝစ်က စကားတောင် မပြောနိုင်လောက်အောင် လည်ချောင်းထဲ နင်နေရင်းနဲ့ ကျွန်တော့် ပခုံးကို လက်နဲ့ ပုတ်ပေးခဲ့တယ်။
နှစ်ရက်ကြာပြီးနောက် လူမှုဝန်ထမ်းတစ်ဦးက ဖုန်းဆက်လာခဲ့တယ်။ ကလေးလေး ကျန်းမာတယ်၊ သူနာပြုတွေကိုတောင် ပြုံးပြနေပြီ။ အဆင်ပြေသွားလိမ့်မယ်တဲ့။ သူမရဲ့ ဇာတ်လမ်းကို ကြားရတဲ့သူတိုင်းကို သူမက မျှော်လင့်ချက် ပေးခဲ့လို့ သူမကို “ဟုပ် (Hope)” လို့ နာမည်ပေးထားတယ်တဲ့။
အဲဒီနောက် ကျွန်တော့်ကို အခုထိ ခံစားချက်ပြင်းထန်စေတဲ့ အပိုင်း ရောက်လာခဲ့တယ်။ မွေးစားဖို့ နှစ်နဲ့ချီ စောင့်ဆိုင်းနေခဲ့တဲ့ မိသားစုဟာ ရှေ့ထွက်လာခဲ့တယ်။ ကောင်းမွန်တဲ့ လူတွေ။ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်က သူနာပြုတစ်ယောက်နဲ့ သူမရဲ့ ခင်ပွန်းတို့ဟာ ကျွန်တော့်ကို ဟုပ်ရဲ့ ဘဝထဲမှာ မိသားစုအနေနဲ့ ပါဝင်စေချင်ကြောင်း ပြောပြရင်း နှစ်ယောက်စလုံး ငိုကြခဲ့တယ်။
ကျေးဇူးတော်နေ့ မနက်ခင်းမှာ သူတို့ သူမကို ကျွန်တော့်အိမ်ကို ခေါ်လာခဲ့ကြတယ်။ ကျွန်တော့်ဇနီးက သူမကို အရင်ဆုံး ပွေ့ချီပြီး၊ ကျွန်တော့် မြေးလေးတွေက သူမကို နို့ဘူး ဘယ်သူ တိုက်ခွင့်ရမလဲဆိုပြီး လုကြခဲ့တယ်။ ဟုပ်က ကြီးမားတဲ့ အဲ့ဒီ မျက်လုံးနက်ကြီးတွေနဲ့ ကျွန်တော့်ကို မော့ကြည့်တယ်၊ ကျွန်တော့် လက်ချောင်းကို နောက်တစ်ခါ ထပ်ဆွဲဆုပ်တယ်၊ ပြီးတော့ တစ်ခါမှ မကြားဖူးလောက်တဲ့ အပျော်ဆုံး အသံလေးနဲ့ "ဟူး" ခနဲ မြည်ခဲ့တယ်။
ကျွန်တော်ကတော့ အမှိုက်ကျုံးသမား တစ်ယောက်ပါပဲ။ လမ်းကြောင်းဟောင်း၊ မနက် ၅ နာရီ အလုပ်ဆင်းချိန်ဟောင်း။ ဒါပေမယ့် ကားကြီး မြည်ဟိန်းပြီး အမှိုက်သိမ်းစက်ရဲ့ ဓားသွား လည်တော့မယ့် အချိန်တိုင်း ကျွန်တော် ပြုံးမိတယ်။ ဘာလို့လဲဆိုတော့ တစ်ချိန်တုန်းက၊ တစ်ကြိမ်တည်းသော အချိန်မှာ၊ တစ်ခုခုကို ကြိတ်ချေလိုက်တာမျိုး မဟုတ်ဘဲ၊ အဲဒီစက်ကြီးဟာ အံ့ဩစရာတစ်ခုကို ကျွန်တော့်ဆီ တည့်တည့် သယ်ဆောင်ပေးခဲ့လို့ပဲ။
ပြီးတော့ သူမရဲ့ မွေးနေ့တိုင်း နှစ်တိုင်း၊ ဟုပ်ဟာ ကျွန်တော့်ရဲ့ အမှိုက်သိမ်းလမ်းကြောင်းရဲ့ ပထမဆုံး တစ်နာရီတာကို ရှေ့ခန်းမှာ လိုက်ပါလာတယ်။ နွေးနွေးထွေးထွေး ပတ်ထားပြီး၊ သူမကို စွန့်ပစ်လုနီးပါး ဖြစ်ခဲ့တဲ့ မြို့ကို လက်ပြနှုတ်ဆက်တယ်။ သူမ ကျွန်တော့် ရင်ဘတ်မှာ အိပ်ပျော်သွားချိန်မှာ၊ သူမကို အစအဆုံး ဇာတ်လမ်းကို ကျွန်တော် ပြောပြနေခဲ့တယ်။
တချို့အရာတွေဟာ ဘယ်တော့မှ လက်လွှတ်မခံနိုင်လောက်အောင် တန်ဖိုးရှိလွန်းပါတယ်။
#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်