အပြန်အလှန်ပေးစာ
****************
ကို၀င်းငြိမ်းရေ…
မင်းကို စာတတန် ပေတတန်နဲ့ အထူး သတ်သတ်မှတ်မှတ် ရေးပြော လိုက်ရတာကတော့ ငါ့၀တ္ထု လက်ရေး စာမူတွေထဲက ပုဒ်ဖြတ် (၊) တွေ၊ ပုဒ်မ(။)တွေ စကားဆက် leader(…) တွေနဲ့ စာအထားအသို Space em ကွက်လပ်ကလေး( )တွေကိုရော သတ်ပုံ Spelling မဟုတ်တဲ့ ရေးထုံး usage တွေကိုပါ လုံး၀ ဥဿုံ မပြင်ဖို့၊ ပြင်မပစ်ဖို့ အတွက် မင်းတို့ရဲ့ပညာရှိ စာပြင်၊ စာပြု၊ စာစီ ဆရာတွေနဲ့ သက်ဆိုင်ရာ ပုဂိ်္ဂုလ်တွေကို မင်းက တဆင့် မေတ္တာရပ်ခံ သတိပေး စကားလေး ပြောထား ပေးဖို့ပါပဲ။
မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြလိုက်တဲ့ ငါ့စာကိုများ ငါပြန်ဖတ်ကြည့်မိရင်… (စာပေစိစစ်ရေး မရှိတော့ဘူး ဆိုလို့ ၀မ်းမြောက်၀မ်းသာရေးပါတယ်) ရေးရကျိုး မနပ်ပါလားဟရို့ လို့တောင် အောက်မေ့ရပြီး စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်မိရပါတယ်။
မင်း သိတယ်။ ငါက ငါ့စာတွေကို colloquial ဟန် စကားပြောသံနဲ့သာ ရေးနေတာ မဟုတ်လား။ မင်းရဲ့လူတွေကို သည်လောက်အထိတော့ ညံ့လိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး။ ခုတော့ သူတို့လုပ်လိုက်ပုံ ကြည့်ရတာ စကားပြောသံ colloquial နဲ့ စာပေဟန် literary မှ မခွဲခြားတတ်ပါပဲကလား။ ငါက စကားပြော အသံထွက်နဲ့ ရေးလိုက်တဲ့(လဲ)ဟူသမျှကိုလဲ စာသံ ပေသံနဲ့ အကုန်(လည်း)လုပ်ပစ်သဗျ။ စားအုံး၊ နားအုံး၊ မသွားနဲ့အုံးဆိုတဲ့ စကားတွေထဲက(အုံး) တွေကိုလဲ အကုန်(ဦး) လုပ်ပစ်သဗျ။ ကလောင်သက် အနှစ် ၆၀ ရှိနေပြီး၊ အသက် ၈၀ ကျော် စာရေးဆရာကြီးတစ်ယောက်ကို america မှာ ရောက်နေတယ် ဆိုရုံနဲ့ စစ်အစိုးရအားကိုးပြီး ခေါင်းပေါ်တက် တံတွေးဆွတ် ရိုက်ရတယ်ဆိုရင်… မင်းရဲ့လူ တွေက ဂုဏ်တက်တယ်လို့များ ထင်နေကြသလား မသိ။ ဒို့ဗုဒ္ဓ သာဘာဗမာ့ယဉ်ကျေးမှုမှာ ဂုဏ ဝုဒ္ဓိ ၀ယဝုဒ္ဓိပဲ ရှိပါတယ်မောင်ရာ။
အေး…ငါကတော့ ရေးခဲ့တဲ့ စာတွေကြောင့် ပြည်နှင်ဒဏ်သင့် ပြီး တရပ်တကျေး ရောက်နေရပါတယ်။ အချိန်ကို တန်ဖိုးထား ကြိုးစားပြီး စိတ်ကူးသစ် ကလေးရတာနဲ့…ဗမာစာပေ သမိုင်းမှာ အနန္တသူရိယကအစ၊ ဦးပုည အလယ်၊ သည်ကနေ့ခေတ် ကလောင်ငယ်တွေ အဆုံး… ဘယ်သူမှ မရေးခဲ့ကြဖူးတဲ့ ရောက်ရာနိုင်ငံ နောက်ခံ သူတို့လူမျိုး သူတို့အခြေအနေ သူတို့ဓလေ့စရိုက်တွေနဲ့ သူတို့ရဲ့ဘ၀သရုပ်မှန်၀တ္ထုတို/ရှည် ကလေးတွေရေးပြီး ငါလေးစားချစ်ခင်တဲ့ ဗမာစာဖတ်ပရိသတ်မျက်မှောက် အရောက်တင်ပြနေ ပါတယ်။ အခုလို ဖျက်လိုဖျက်ဆီး အကျင့်တန်ဖို့တော့ မကောင်းပါဘူး။ မင်းက စာဖတ် ပရိသတ်ရဲ့အကျိုးကို မျှော်ကိုးပြီး ငါ့ရဲ့ စေတနာ ငါ့ရဲ့ဆန္ဒကို ဖြည့်စွမ်းကူညီနေတယ်။ မင်းရဲ့ လူတွေက ဖျက်ဆီးပစ်တယ်။ ကြည့်လဲ လုပ်ပါအုံးမောင်ရာ။ မင်းရဲ့ခါးမှာ ၀တ်ထားတဲ့ပုဆိုး ညစ်ပတ်စုတ်ပြဲနေတယ်ဆိုရင် မင်းအသစ်တထည် လဲ၀တ်သင့်တာပေါ့။ ပညာ အလင်းပြတို့၊ စာပေလောကတို့၊ သာလွန်တို့၊ ရာပြည့်တို့ကလို ဓမ္မာစရိယ လူပြန်တော်တွေ ဆိုရင် စာပိုသန့် သွားမယ်ထင်တယ်။ ဗြိတိသျှဘားမား(အခု ညွန့်မြန်မာ)ရုပ်ရှင်တို့၊ ဟံသာ၀တီ စာအုပ်တိုက်တို့၊ မူလ ဟံသာ၀တီ သတင်းစာတို့ကို စတင် တည်ထောင်ခဲ့တဲ့ ကွယ်လွန်သူ ဦးညွန့်ဆိုရင်… သူပိုင်တဲ့ နေရာ ဌာနတိုင်းကို နေ့တိုင်းရောက်၊ နေ့တိုင်းရုံးထိုင် အလုပ်လုပ်တယ်။ သူ့တိုက်က ထုတ်တဲ့စာအုပ် အားလုံးနဲ့ သူ့ရဲ့ဟံသာ၀တီနေ့စဉ်သတင်းစာက စာတွေ အားလုံးကို သူကိုယ်တိုင် final proof ကြည့်တယ်။ သူလက်မှတ် ထိုးလိုက်မှ ရိုက်ရတယ်။ ဆိုလိုတာက လူက သေတာကြာပြီ။ ရာစုနှစ် တ၀က်ကျိုးပြီ။ နာမည် မသေဘူး။ မင်းလဲ အဲလိုဖြစ်ရမယ်။
အခုတော့ မင်းရဲ့စာအုပ်မှာ အမှားမှား အယွင်းယွင်းနဲ့…စာပေရှုထောင့်က ကြည့်ရင် ရှက်စရာ ဖြစ်နေတာကို မင်း လှည့်မကြည့်နိုင်ဘူး။ မင်းရော မျိုးမြင့်ရော အလုပ်များမယ်ဆိုတာ ငါနားလည် နိုင်တယ်။ ဒါပေမယ့် သည်လို ဗမာစာ မတတ်တဲ့ အမှားမျိုး ကျူးလွန်နေကြတာ ကို မင်းတို့ဥပေက္ခာပြု၊ ငပွကြီးလွှဲချတာ မျိုးကိုတော့ ငါ နားမလည်ဘူး။ ငါ အပြစ်တင်မယ်။ သည်အမှားမျိုးတွေက တော့ အထူးသဖြင့် “ရွှေအမြုတေ” အနေနဲ့ မျက်ကွယ်ပြု မထားသင့်ဘူး။ ဘာပြုလို့လဲဆိုတော့ “ရွှေအမြုတေ”က စာသမားတွေ ဖတ်တဲ့စာအုပ်။ စာပေကို အားပြုတဲ့ စာပေမဂ္ဂဇင်း။ သုတထက် ရသကို ပိုအာရုံပြုတယ်။ စာပေအသစ် အသစ်တွေကို တတ်နိုင်သလောက် မွေး ထုတ်နေတယ်။ စာပေဆုတွေ အစဉ် တစိုက်ပေးနေတယ်။ ငါ ကြိုဆိုတယ်။ ငါ အားပေးတယ်။ ဒါပေမယ့် သတိ ထားနော်။ ကိုယ်ကြိုက်လို့ ရွေးချယ် စင်တင်လိုက်တဲ့ ကလောင်က နောင်အခါ စာပေကောင်းကင်မှာ မှိတ်တုတ် မှိတ်တုတ် ငယ်သောကြယ်… ဖြစ်မနေ ပဲ လမင်းကြီးဖြစ်လာဖို့လိုတယ်။ မဆိုင် လှပေမယ့် ကြုံလို့ သတိရပြီးပြောရရင် ငါကြိုက်တဲ့ ငါ့လူတွေချည့် ရွေးလွှတ် ဖန်များတော့၊ အာရှဘောလုံးလောကမှာ ဗမာ့နာမည် ကျဆုံးသွားတာလဲ သင်ခန်း စာယူရမယ်။ ဆိုလိုတာက “ရွှေအမြု တေ”က ရွေးချယ် စင်တင်လိုက်တယ်။ မကြာခင်မှာ ကိုယ်စင်တင်လိုက်တဲ့ ကလောင်ရဲ့စာမူကို တခြားစာစောင် တွေကပါ လိုလိုလားလား တောင်းဆို ဖော်ပြချင်တာမျိုး ဖြစ်ရမယ်။ ဆိုပါတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ရမယ်။ ကြိုးစားရမယ်။ ဝေဖန်ရေးကို မငြင်းဆန်ရဘူး။ လက်ခံရမယ်။ မှားရင် ချက်ချင်းပြင်ရမယ်။
ခုတော့ မင်းတို့ စာစီစာပြင်ဆရာတွေက ကိုယ့်အမြီး ကိုယ်လန့်ပြီး ထခုန်တဲ့ကြောင်လိုပဲ။ မှန်နေတာတွေတောင် မှားအောင် လုပ်ပစ်တယ်။ ငါ့စာမူထဲမှာ ငါက “မ” ယပက်လက်သတ် အောက် မြစ်နဲ့(မယ့်)လို့ ရေးထားတဲ့ အမှန်တွေ အားလုံးကို… “မ” နောက်ပစ်အောက် မြစ်နဲ့(မဲ့)နဲ့ ပြင်လိုက်ပြီး အကုန် အမှား လုပ်ပစ်တယ်။ ခက်တာက ကွန်ပျူတာမှာ ဗမာစာရိုက်နေရတဲ့ ကလေးတွေကို လဲ ပြောလို့သာပြောတာ…အပြစ်မတင် ရက်ဘူး။ သူတို့ခမျာများက ကွန်ပျူတာပညာ ဟုတ်တိပတ်တိ စနစ်တကျ မသင်ခဲ့ရ။ ကွန်ပျူတာပညာကလဲ အဆုံး မရှိ။ ဗမာစာကျပြန်တော့လဲ…သဒ္ဒါနဲ့ သင်္ဂြိုဟ်နဲ့ ပါဠိနဲ့ သံဂြဟနဲ့ စနစ်တကျ တွဲသင်ခဲ့ တတ်ခဲ့ကြရတာ မဟုတ်။ တောမရောက် တောင်မရောက် ၀မ်းရေး အတွက် စာရိုက်ရင်းရိုက်ရင်းနဲ့သာ တတ်လာကြရရှာတာ။ ရေးထုံးတိ့ု သတ်ပုံတို့ဆိုရင်လဲ မြန်မာစာ အဖွဲ့က ထုတ်ထားတဲ့ လက်တလုံးလောက် စာအုပ်ကလေး ဘေးနားထား အားကိုးပြီး နေကုန်နေခန်း ထိုင်လုပ်နေကြရ ရှာတာ။ ပိုတတ်ကျွမ်း လာဖို့ ဆိုတာ ဆည်းပူး လေ့လာချိန်လဲ မရှိရှာကြပါဘူး။ သည်တော့ သူတို့လဲ ဘာနားလည်မှာ လဲ၊ အသံထွက်ချင်း တူနေတဲ့ မယ့် နဲ့ မဲ့ လဲ အတူတူပဲဆိုပြီး ရမ်းတွယ်လိုက်ကြမှာပေါ့။
မင်းကိုတော့ သင်တာ မဟုတ်ပါဘူး။ ကြုံကြိုက်လို့သာ တခြားမသိ သေးတဲ့လူတွေလဲ သိရအောင်… မယ့် နဲ့ မဲ့ အဓိပ္ပာယ်ချင်း ဘာမှဆိုင်တဲ့ အကြောင်းကို ငါ နည်းနည်းရှင်းပြမယ်။
အလွယ်ဆုံး ဥပမာတခု ပြောပြ မယ်။ ဒို့ဗမာစာမှာ ညသတ်(ည်)နဲ့ ယပက်လက်သတ်(ယ်) က ပြောင်းနိုင်တယ်။ ပြောင်းရိုးအစဉ်အလာလဲ ရှိတယ်။ အဓိပ္ပာယ်လဲ လုံး၀ ပြောင်းမသွားဘူး။ ကြည့်…
ဘယ်၍ဘယ်မျှ နဲ့ မည်၍ မည်မျှ…
မည်သို့ဖြစ်မည်မသိ နဲ့ ဘယ်လို ဖြစ်မယ် မသိ…
ဘယ်သူလဲ နဲ့ မည်သူလဲ… စသည်
ဆိုလိုတာက အဲသည်အသတ်တွေမှာ အောက်မြစ်တွေ ထပ်ထည့်လိုက်အုံး။ ညသတ်အောက်မြစ် ည့် နဲ့ ယပက် လက်သတ်အောက်မြစ် ယ့် လဲ အတူတူပဲ။ အဲသည်တော့ ငါ့စာမူထဲက မယ့် တွေလဲ မည့် နဲ့ အတူတူပဲပေါ့။
နောက် အဓိပ္ပာယ်ကို ကြည့်ကြရ အောင်…။
မယ့် နဲ့ မည့် ရဲ့ အဓိပ္ပာယ်က ဘာလဲ။ မနဲ့တွဲလိုက်ပြီး မယ်တို့ မည်တို့ မယ့်တို့ မည့်တို့ ဖြစ်သွားတာနဲ့ တပြိုင် နက်…အသံလဲ ထွက်လာပြီ။ အနာဂတ် ကို ရည်ညွှန်းတဲ့အဓိပ္ပာယ်လဲ သက်ရောက်လာပြီ။
ဒါပေမယ့် သူ့မှာ သူ့ချည့်က အသက်မရှိဘူး။ သူ့ကို အသက်သွင်းပေးဖို့အတွက် သူ့ရှေ့မှာ ကြိယာပုဒ်တပုဒ် တွဲပေးရအုံးမယ်။ ဆိုပါတော့ “လုပ်” ဆိုတဲ့ ကြိယာထည့်လိုက်တွဲလိုက်မယ်၊ “လုပ်မယ့်” တို့ “လုပ်မည့်” တို့ဖြစ်လာ မယ်။ ဒါလဲ ဝါကျတော့ မပြည့်သေး ဘူး။ ကတ္တားပါပြီ။ ဝါစက ပါပြီ။ ကံ မပါသေးဘူး။ ဝါကျတခု ပြည့်ချင်ရင် သူ့ နောက်က ကံ တွဲပေးရအုံးမယ်။ ဒါမှ “လုပ်မယ့်အလုပ်” “လုပ်မည့် အလုပ်” ဖြစ်လာမယ်။ ဝါကျ အပြည့် ပီပီပြင်ပြင် ဖြစ်လာမယ်။
အဲသည်တော့ မယ့်နဲ့ မည့်ရဲ့ အဓိပ္ပာယ်နဲ့ သူ့ရဲ့နေရာမှန်ကို သိရပြီ နော်။ ကဲ… မနောက်ပစ်အောက်မြစ် မဲ့နဲ့ ဘာဆိုင်သလဲ။ သတ်ပုံမတူသလို အဓိပ္ပာယ်လဲ ခြားနားတယ်။
အမှန်တော့ မဲ့ ဆိုတဲ့ စာလုံးကမှ ဝေါဟာရ အနေနဲ့လဲ ခန့်ထည်တယ်။ ဗမာစာလဲ ပိုပီသတယ်။ မင်း သိတယ်နော်။ ငါတို့ ဗမာစာအစစ်က monosyllabic ဖြစ်တယ်။ အသံတသံတည်း ထွက်တယ်။ အဲသည် တသံတည်းလုံး ချင်းမှာလဲ အနက် အဓိပ္ပာယ်ရှိရတယ်။ ဥပမာ… “ပြော”၊ “ကြည့်”၊ “နှိပ်” စသည်။ ၂ လုံးတွဲ၊ ၃ လုံးတွဲ တွဲထား တဲ့ ဗမာစာလုံးတွေလဲ ရှိတယ်။ ဒါပေမယ့် ခွဲပြီးတလုံးချင်းကြည့်ရင်လဲ တလုံးချင်းမှာ အဓိပ္ပာယ်ရှိတယ်။ ရှိရ မယ်။ ဥပမာ လှုပ်ရှား၊ စွပ်ကျယ်၊ ရဲဘော်…။ ၃ လုံးတွဲက… လက်နှိပ် စက်၊ စိတ်ကူးယဉ်၊ ဝါးရင်းဒုတ်…စသည် ပေါ့။ သည်လို ၂ လုံးတွဲ၊ ၃ လုံးတွဲ၊ ၄ လုံးတွဲစာလုံးတွေ တွေ့ပြီ။ သူတို့ကို တလုံးချင်း ခွဲပြီး ကြည့်လိုက်လို့ အဓိပ္ပာယ်လဲမရှိဘူး။ ခွဲလို့လဲ မရတော့ ဘူးဆိုရင်…အဲဒါ ဗမာ မဟုတ်တော့ ဘူး။ ဗမာမစစ်တော့ဘူး။ တခြား ဘာသာ စကားတခုက အသံလှယ် ယူပြီးမွေးစားထားတဲ့ မွေးစားစကား လုံးဖြစ်တယ်။ ဥပမာ…မဂ္ဂဇင်း (အင်္ဂလိပ်စာလုံးကို အသံလှယ်မွေးစား ပစ်လိုက်တာဖြစ်တယ်။ အဲသည် စာ အုပ်ကို ဗမာလို အခေါ်အဝေါ် လုံး၀ မရှိဘူး။) နောက်… အာလူး(ကုလားက ယူထားတာ၊ ဗမာမှာ မရှိဘူး။) နောက်… ကုန်းပေါင် (တရုတ်ဟင်း kung pao ကို အသံလှယ် ယူထားတာ၊ ဗမာအခေါ် မရှိဘူး။) နောက်လဲ အများကြီးရှိတယ်။ အင်းကျီ (တိဗက်)… ပြဿနာ(ပါဠိ)… အော်တို မက်တစ်(အင်္ဂလိပ်)။ ရှေးတုန်းကတော့ ငါတို့ ဗမာစာထဲမှာ ပါဠိစကားလုံး တွေကို မွေးစားထားတာ များတယ်။ အခုနောက်ပိုင်း စက်မှုသိပံ္ပခေတ်ကို ရောက်လာတော့ အင်္ဂလိပ်စကားလုံး တွေ များလာတယ်။
အေး… မဲ့ကတော့ တလုံးတည်း။ ဗမာစစ်တယ်။ အဓိပ္ပာယ်လဲ ရှိတယ်။ သိတယ်နော်။ အလုပ်လက်မဲ့၊ အိုးမဲ့ အိမ်မဲ့၊ ပစ္စည်းမဲ့၊ အာဏာမဲ့ စသည်ပေါ့။ ကင်းကွာခြင်း မရှိခြင်း အဓိပ္ပာယ်ကို ဆောင်တယ်။
ကဲ… သည် “မဲ့” နဲ့ ငါ့စာတွေ ထဲက ငါရေးလိုက်တဲ့ “မယ့်” နဲ့က ဘာ ဆိုင်သလဲ။ အဓိပ္ပာယ်ချင်းလဲ တူဖို့နေနေ သာသာ ဘာမှ မပတ်သက်ဘူး။ အသုံး ပြုတဲ့ နေရာချင်းလဲ မတူဘူး။ ခေတ်အဆက်ဆက်က ရေးခဲ့ကြတဲ့ ဗမာစာ ရေးထုံးတွေမှာလဲ ပြောင်းလဲရိုး အစဉ်အလာ မရှိခဲ့ဘူး။
ပြောပါပြီကော။ ငါ့စာ ငါ ပြန် ဖတ်မိရင်ပဲ စိတ်ဆင်းရဲရတယ်။ ဘယ်လို ဗမာ ပညာရှိများက ရွှေဉဏ်တော် “စူးရောက်” ပြီး ပြင်လိုက်ကြတယ် မသိဘူး။ နောက်ထပ် မင်း “ရွှေအမြုတေ” ကို စာမူပေးရမှာတောင် လက်ရွံ့မိ တယ်။ စိတ်ကုန်တယ်။
မင်း ကြားဖူးပါတယ်။ ငါက ငါ့ စာကိုငါ အင်မတန် ဂရုစိုက်ရေးတဲ့ ကောင်။ တတ်နိုင်သမျှ သတ်ပုံက အစ၊ လက်ရေးက အစ၊ ဖတ်နိုင်အောင် မမှားအောင် ကြိုးစားရေးတတ်တဲ့ကောင်။ ငါက ငါ့စာကို ပြင်တာ လုံးလုံးမကြိုက် ဘူး။ မင်း ကောင်းကောင်း သိပါတယ်။ သခင် ခင်ညွန့် ကိုယ်တိုင် ကိုယ်တိုင် စာပုံနှိပ်စက်မှာ ထိုင်နေတုန်းက အဖြစ် အပျက်ကလေးတခုပါ။ ငါရေးလိုက်တဲ့ ၀တ္ထုမှာ…နကန်းတလုံးမှ မသိလိုက်… ဆိုတာပါတယ်။ အဲဒါကို စာစီသမားက သူ့ဉဏ်နဲ့သူ စဉ်းစားပြီး… နားကန်း တလုံးမှ… လို့ ဖြည့် ပြင်စီလိုက်တယ်။ “န” ငယ်မှာ ရေးချ ၀စ္စပေါက်ဖြည့်လိုက် တာပေါ့။ ငါရေးတုန်းက မေ့ကျန်ရစ်တယ် ယူဆပြီး စေတနာနဲ့ “နား” ပြင် လိုက်တာပါ။ စာပြင်ဆရာကလဲ သာမန် ကြည့်ပြီး သတ်ပုံလဲ မမှား၊ အဓိပ္ပာယ် လဲ ရှိနေတော့ လွှတ်လိုက်တာပေါ့။ အဲ သည်တုန်းက ငါကိုယ်တိုင် final proof ကြည့်တယ်။ တွေ့ရော ဆိုပါတော့။ ပုံနှိပ်တိုက် စာအုပ်တိုက်ပိုင်ရှင်ကိုပြ ပြီး… “ဘယ်ကောင်ပြင်တာလဲကွ… ဘယ်လောက် တတ်လို့တုန်းကွ… မင်း တို့တတ်ရင် မင်းတို့ရေးပါလားကွ”… ပုံနှိပ်တိုက်ထဲမှာ ဆဲရေးသောင်းကျန်း တော့တာပဲ။ ငါကလဲ အဲသည်တုန်းက ဘာရှိအုံးမှာလဲ။ ၃၀ ကျော်ရုံပေါ့။ တိုက်ထဲမှာ စာစီတွေ၊ စာပြင်တွေ၊ ဖိုမင်တွေ တယောက်မှ ငါ့ထက်ငယ် တဲ့လူမရှိဘူး။ ဦးခင်ညွန့်ကတော့ ၅၀ လောက်ရှိပြီပေါ့။ ပြုံးနေပြီး၊ ပြင်လိုက် တဲ့စာစီရော စာပြင်ဆရာရော တာ၀န်ရှိတဲ့လူတွေကို ဖော်ထုတ်ပေးနေတယ်။
ရှင်မဟာရဋ္ဌသာရက ကိုးခန်းပျို့မှာ ရေးခဲ့တဲ့… “ပညာ မုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်ခဲ့”… လို ငါက မာနတံခွန်ထူခဲ့တာပေါ့။ အမှန် က…ငါ ရေးတာက အမှန်။ စာစီမသိဘူး။ နငယ်မှာက နအကောင်းနဲ့ နအကန်းရယ်လို့ ၂ မျိုးရှိတယ်။ ပါဠိမှာပေါ့နော်။ ကြည့်…။ နမော>နမာမိ> ရှိခိုးဦးခိုက်ပါ၏…တဲ့။ အဲသည်မှာပါတဲ့ နငယ်တွေကို သူချည်း တလုံးတည်း ဆွဲထုတ်ပြီး အဓိပ္ပာယ် ဖော်ကြည့်။ ခွဲလို့လဲ မရဘူး။ သူ့မှာ သီးသန့်အဓိပ္ပာယ်လဲ မရှိဘူး။ ဒါ့ကြောင့် သည် နငယ်ကို နအကန်းလို့ ခေါ်တယ်။ အဲ…နောက်…နတ္ထိ > န+အတ္ထိ > လုံး၀ မရှိ…တဲ့။ သည်မှာကျတော့ သည် နငယ်က ခွဲထုတ်လို့ရတယ်။ ခွဲထုတ် လိုက်တဲ့ နငယ်မှာလဲ သူ့ချည့်အဓိပ္ပာယ် ရှိတယ်။ မ+ရှိခြင်းဖြစ်တဲ့အတွက် မရဲ့ အဓိပ္ပာယ်ကို ကိုယ်စားပြုတယ်။ ဒါ့ ကြောင့် သည်နငယ်ကို နအကောင်းလို့ ခေါ်တယ်။ ရှေးတုန်းကတော့ ရေးထုံး တွေ ပြောထုံးတွေမှာ နကောင်းမှန်း နကန်းမှန်း မသိ။ နကောင်းနကန်းမသိ လို့ သုံးစွဲခဲ့ကြရာက နကန်းတလုံးမသိ လို့ ရွေ့လျောလာတာ ဖြစ်တယ်။ ဦးခင် ညွန့်က ပြန်အပြင်ခိုင်း ပြန်အရိုက်ခိုင်းပါ တယ်။ စာပြင်ဆရာကလဲ ၀န်ခံပါ တယ်။ အဲသည် သူ့လက်ထက်စပြီး အခု သူမရှိတော့တဲ့ အချိန်အထိ သူ့တိုက်က ထုတ်သမျှစာအုပ်တွေကို လူပြန်တော် ဓမ္မာစရိယတွေနဲ့သာ စာပြင်ခိုင်းခဲ့တော့ တာပဲ။ ဒါ့ကြောင့်လဲ သူ့“စာပေလောက” နာမည်ရခဲ့တာပဲ။ မင်း ကောင်းတယ် ထင်ရင် အတုယူသင့်တယ်။
ခုတော့ မင်းတို့ မျိုးမြင့်တို့က ရှေ့က ကြိုးစား လုပ်နေတယ်။ နောက်က ဖြစ်ချင်တိုင်း ဖြစ်နေတယ်။ နောက်တခု ငါ မင်းကို မေတ္တာ ရပ်ခံချင်တာက… အမှားကို ၀န်ခံပါ။ အမှန်ကို ပြင်ပါ။ ကိုယ့်လူရဲ့အမှားကိုလဲ ၀န်ခံခိုင်းပါ။ ပြင်ခိုင်းပါ။ မကာကွယ်ပါနဲ့။ လက်ညှိုး မထိုးပါနဲ့။ သောနုတ္ထိုရမုဆိုးက… “အစွယ်လိုသူ မိဖုရား၊ အသွားစေသူ မင်းဧကရာဇ်၊ လေးပစ်သူကား ဘုရား ကျွန်တော်၊ ကြံဖော်ကြံဖက်၊ သုံးယောက် သား အနက်တွင်မှ၊ ကံကွက်ကျား၍ ငမိုက်သား မုဆိုးငပေ၊ နင်ချည့်ပင် သေ ပေတော့လို့”… သေရမှာ ကြောက်ပြီး သေဖော်ညှိတဲ့အလုပ်မျိုးလဲ ဘယ်တော့ မှ မလုပ်ပါနဲ့။ ဒါဟာ ပျက်စီးခြင်း အကြောင်းတရားတွေ ဖြစ်တယ်။ ငါ အမှန်ပြောတာပါ။ ငါ ဆက်ပေးချင်တဲ့ စေတနာ ပျက်တယ်။ မပေးချင်ဘူး။ ငါ့စာမူကို လိုချင်လို့ တောင်းနေကြတဲ့ စာစောင် မဂ္ဂဇင်းတွေမှ အများကြီး။ ငါက မပေးလို့ လုံးချင်း ၀တ္ထုကိုတောင် အခန်းဆက် ခွဲထည့်နေတဲ့ ကောင်တွေ၊ facebook တင်နေကြတဲ့ ကောင်တွေ မင်းတွေ့တယ် မဟုတ်လား။
ဒါပေမယ့် ၀င်းငြိမ်း၊ ပြည်တွင်းကနေ america ကို အလည်အပတ် ရောက်လာကြတဲ့ စာပေသမားတွေထဲမှာ မင်းက တခုတ်တရ(အဲသည်အချိန်တုန်းက)စွန့်စွန့်စားစား တိတ်တဆိတ် လာပြီး တွေ့ရဲခဲ့တဲ့ အတွက် မင်းကိုရော မျိုးမြင့် ကိုရော ငါ တအား လေးစားခင်မင် သွား ခဲ့တယ်။ ဒါ့ကြောင့်လဲ မင်းကို ငါ ရေးပေးနေတာပေါ့။ ငါ့ရဲ့ဆုံးဖြတ်ချက် အတိုင်း ဗမာပြည်မှာ စာပေ စိစစ်ရေး မရှိတော့ရင်…စာပေ လွတ်လပ်ခွင့်ရရင် … စာပြန်ရေးမယ် ဆိုတာ…ခု ရေး ပေးပို့ ပေးနေတာပဲ။ စာပေစိတ်နဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့်တွင် မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေး သံယောဇဉ်လဲ ပါတယ်။ ဒါ့ကြောင့် ပေးထားခဲ့တဲ့ ကတိ လဲ မပျက်ရအောင်… ငါ သည်စာမှာ ပြောထားတဲ့ ငါ့ရဲ့စိတ်ကြိုက် ငါ့ရဲ့မူ အတိုင်းလဲ ပုံနှိပ် မနှိပ် သိရအောင်…၀တ္ထု တိုတပုဒ်နဲ့ ဆောင်းပါးတပုဒ် အဖြစ် သည်စာကို ပေးလိုက်တယ်။ (“တစ် နေရာမှာ သုံးထားတဲ့ “တ” တွေက အစ ငါ့မူအတိုင်း ငါရေးလိုက်တဲ့ စာလုံး တွေကိုရော ရေးထုံးတွေကိုရော လုံး၀ လုံး၀မပြင်ပါနဲ့။
ငါလုံး၀ လက်မခံဘူး။ ငါတို့ ဗမာစာမှာ သတ်ပုံကျမ်းတွေ များစွာ ရှိတယ်။ ဦးနေ၀င်းလို သူ့ကိုယ်သူ ဘုန်းတန်ခိုးကြီးတယ်လို့ ယူဆခဲ့ကြ တဲ့ တချို့ဘုရင်တွေကလဲ အမိန့်အာဏာ နဲ့ သတ်ပုံကျမ်းတွေ ပြဋ္ဌာန်းသတ်မှတ် ခဲ့ကြတာပဲ။ ဒါပေမယ့် သူတို့လဲ မရှိ ကြတော့ဘူး။ ဘယ်သတ်ပုံကျမ်းမှလဲ တညီတညွတ်တည်း မတည်မြဲခဲ့ကြဘူး။ “တညလုံး ခုတ်မောင်းနေပါရက်နဲ့ ခရီး မတွင်ပါလားလို့ အောက်မေ့တာ… မနက် မိုးလင်းလို့ ကြည့်လိုက်တော့ ကျွန်းကို ပတ်မောင်းနေတာပဲ” လို့ အသုံးမကျ ဦးဏှောက်မရှိတဲ့ မာလိန်မှူး နဲ့ နှိုင်းပြီး၊ ဦးနေ၀င်းက ဆဲလိုက်တော့မှ မြန်မာစာပညာရှိကြီးတွေလဲ ဖုတ်ပူမီးတိုက် ထုတ်လုပ်လိုက်ရတဲ့… သည်ကနေ့လက်စွဲ မြန်မာစာရေးထုံးကျမ်း ဆိုတာကလေးရော နောင်နှစ်ပေါင်းဘယ်လောက်ကြာ ခံမလဲ မသိ။ ကျုပ်ကတော့ ဗမာစာ ဗမာစကားပြေကို ဗမာတွေ ပြောနေကြတဲ့အတိုင်း ရေးတာပဲ ကြိုက်တယ်။ ပြောင်းပြောရင် လိုက်ပြောင်းရေးမယ်။ ကျုပ်ရဲ့အယူအဆကတော့ စာပေတို့ စကားတို့ဆိုတာ အမြဲရှင် သန်နေရမယ်။ အမြဲရှင်သန်နေမှ အမြဲ ကြီးထွားလာမယ်။ အဲသည် living language ကို ကြိုက်တယ်။ ဒါမှ ဗမာ စာပေ ဗမာစကား ဖွံ့ဖြိုးတိုးတက်လာမယ်။ ဘာဖြစ်သေးလဲ။
ဘာသာခြား စကားတွေ စာလုံးတွေကိုလဲ ကိုယ့်မှာ မရှိရင် တတ်နိုင်သမျှ ဗမာမှု ပြုယူမယ်။ ဒု-ကမ္ဘာစစ်မဖြစ်ခင်က “bioscope” ကို အသံလှယ်ပြီး ငါတို့က “ဘိုင်စကုတ်” လို့ ခေါ်ခဲ့တယ်။ အခု သူတို့ကလဲ “movie” ဖြစ်လာတယ်။ ငါတို့ကလဲ “ရုပ်ရှင်” ဖြစ်သွားတယ်။ ရှင်သန် ပြောင်းလဲနေတာကို ပြောပြတာပါ။ နား မလည်တဲ့လူတွေက “ဘန်း” စကားကို လက်မခံဘူး။ ငါကတော့ ကြိုက်တယ်။ “ဘန်း” စကားဆိုတာ လူငယ်တွေက အသစ်တီထွင်ပြီး သုံးစွဲလာတာ။ နောက် ကျယ်ပြန့်ပြီး လူထုအများစုက လက်ခံ သုံးစွဲလာရင်… အဲဒါ ဝေါဟာရဖြစ်သွားတာပဲ။ စကားတွေ စာလုံးတွေကို လူထုက မသုံးကြတော့ရင်… ဟောင်းနွမ်းသွားရင်…ပေါရာဏဖြစ်သွား မယ်။ ကွယ်ပျောက်သွားမယ်။ အဲသည် လည်ပတ်နေတဲ့ စာနဲ့စကား သံသရာကို သိရင် ဘန်းစကားတွေကို လက်ခံရမယ်။ ဘန်းစကားတွေကို မပြောရဘူး၊ မရေးရဘူးလို့ပြောရင် ကိုယ်၀န်ဆောင်တွေနဲ့ မွေးကင်းစကလေးတွေကို လိုက် သတ်ပစ်တာနဲ့ အတူတူပဲ။ တချို့ ဘန်း စကားလုံးတွေကို ငါကိုယ်တိုင်လဲ မကြိုက်လှပါဘူး။ ရှေးတုန်းက“ကညာ” လို့ သုံးတယ်။ နောက် “အပျို”…၊ နောက် ငါတို့အဖေတွေခေတ် ရောက်လာတော့… “ဇယ်” တို့ “မျာ” တို့ ဖြစ်ခဲ့ တယ်။ မတည်မြဲခဲ့ကြဘူး။ ဟော ခုတော့…“စော်”တဲ့။ ငါ့စိတ်ထဲ တော့… ညစ်ညမ်းတယ်၊ ရိုင်းတယ် ထင်တာပဲ။ ဒါပေမယ့် ခုတော့ မိန်းမပျို ကလေးတွေကတောင် လိုက်သုံးလာကြပြီ။ ငါ ဘာတတ်နိုင်မှာလဲ။ အစားထိုး အသုံးအနှုန်းကလဲ မပေါ်သေးဘူး။
နောက် ငါတို့ ဗမာစာမှာ ဖဦးထုပ်နဲ့ ဘကုန်းကလဲ ပြဿနာရှိတယ်။ ငါ ငယ်ငယ်က သည် ဖဦးထုပ်နဲ့ ဘကုန်း ပြဿနာ၊ ဘယ်လို ခွဲခြား သုံးသင့်တယ် မသုံးသင့်ဘူး ဆိုတာ… စာပေလောက မှာ ရေးကြသားကြနဲ့ အကြီးအကျယ် အငြင်းအခုန် ဖြစ်ခဲ့ကြဖူးတယ်။ အဖြေ မထွက်ခဲ့ပါဘူး။ ဇာတ်မင်းသားကြီး ဂရိတ်ဖိုးစိန်နဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီး ဘကြီးဘဖေ… ဘကုန်းကြိုက်တဲ့ လူက ဘကုန်းကြိုက်တာပဲ။ ဖဦးထုပ် ကြိုက်တဲ့လူက ဖဦးထုပ်ကြိုက်တာပဲ။ ငါကတော့ နှစ်ခုစလုံးကြိုက်တယ်။ သမူဟလုပ်ပြီးတော့… အသံထွက် အတိုင်း လိုက်သုံးတယ်။ ဥပမာ… အရှေ့ဘက်နဲ့ တောင်ဘက်ကို ရေးရင် အသံထွက်အတိုင်း ဘကုန်းနဲ့ပေါင်း တယ်။ အနောက်ဖက်နဲ့ မြောက်ဖက်ကို ပေါင်းရင်လဲ အသံထွက် အတိုင်းပဲ ဖဦး ထုပ်နဲ့ ပြောင်းပေါင်းတယ်။ အဲဒါ ငါ့ရဲ့ ရေးထုံး(usage) မူဝါဒပဲ။ လုံး၀ မပြင်နဲ့။ ငါ မကြိုက်ဘူး။
ကြုံလို့ ပြောရအုံးမယ်။ စစ်ပြီးစ ဆယ်စုနှစ် ၂ ဆက်လောက်…နှုတ်ခမ်းနီမကလေးတွေရဲ့ အသည်းစွဲ စာရေးဆရာ ဖြစ်ခဲ့တဲ့ တင့်တယ်နဲ့ သူ့ စာဟန်တပည့် ရုပ်ရှင် မင်းသားချော စာရေးဆရာ ၀င်းဦးက သူတို့ကိုယ်သူတို့ ကျွန်တော်တို့ ကျွန်ုပ်တို့ မသုံးဘူး။ … ဤစာရေးသူ …လို့ပဲ သုံးတယ်။ နောက်ထူးခြားတာတခု ရှိတယ်။ စာရေးဆရာမကြီး ခင်နှင်းယုက သူ့စာတွေထဲမှာ… ဒါပေမယ့် သို့ပေမယ့်…လို့ ဘယ်တော့မှ မသုံးဘူး။ အညာကျေးတောက သုံးကြသလို… ဒါပေစိ၊ ဒါပေသိ…လဲ မသုံး ဘူး။ သူ့မြစ်၀ကျွန်းပေါ် လေသံ အတိုင်း… ဒါပေမင့် …လို့ အမြဲသုံး တယ်။ ကြာလာတော့ အဲသည် ဒါပေမင့်ဟာ သူ့ရေးထုံးဖြစ်လာတယ်။ မပြင်ကောင်းတဲ့အတွက်လဲ ဘယ်စာစောင် ဘယ်မဂ္ဂဇင်း စာပြင်စာတည်းကမှ သူ့တသက်တိုင် မပြင်ခဲ့ကြပါဘူး။ ရေးထုံးဆိုတာ စာရေးဆရာရဲ့ မူပိုင်ဖြစ်တယ်။ ရေးထုံးကို ဘယ်စာပြင်စာတည်းမှ မပြောနဲ့။ ဘယ်ပါမောက္ခ ဘယ်ပညာရှိကမှ ပြင်ပိုင်ခွင့် မရှိဘူး။ ပြင်ကြရိုး ထုံးတမ်းစဉ်လာလဲ မရှိဘူး။
စာရေးတဲ့ ကလောင်တလက်ဟာ… သူရေးထုတ်ခဲ့တဲ့ စာတွေလဲ များလာပြီ။ ရေးခဲ့တဲ့သက်တမ်းလဲ ကြာလာပြီ။ သူရေးသမျှကို ပရိသတ် ပြည်သူကလဲ နှစ်သက်စွာ လက်ခံဖတ် နေမှတ်နေကြပြီ။ တနေ့ကျရင် သူ့စာ တွေကိုလဲ ကျောင်းသုံးတက္ကသိုလ်သုံး စာအုပ်အဖြစ် ပြဋ္ဌာန်းနိုင်တဲ့အဆင့် ရောက်လာပြီဆိုရင်…ပြည်သူက အစိုးရက နိုင်ငံက … သူ့ကိုစာပေအာ literary authority အဖြစ် အသိအမှတ်ပြု လာရမြဲဖြစ်တယ်။ အဲသည်အခါမှာ သူ့ ရေးဟန်တွေ ရေးထုံးတွေကိုပါ လေ့လာ ဆည်းပူးရရိုး၊ မြတ်နိုးဂုဏ်ပြုရရိုးဖြစ် တယ်။ ဒါဟာ ကမ္ဘာ့ရဲ့ အစဉ်အလာပဲ။
ငါ ဆိုလိုတာ နားလည်တယ်နော်။
နောက်ဆုံးအနေနဲ့ကတော့… ငါ ထပ်ပြောချင်တာက… အခုသည်ပေး စာဆိုလဲ ဟုတ်၊ ဆောင်းပါးဆိုလဲ ဟုတ် တဲ့…စာမူကို အများအတွက်ပါ အကျိုး ရှိမယ်လို့ ယူဆရင်… “ရွှေအမြုတေ”မှာ ၀တ္ထုနဲ့ တလထဲ ဖော်ပြပေးဖို့ပါပဲ။ မင်းအတွက် ထိခိုက်မယ်လို့ ယူဆရင်တော့ မဖော်ပြပါနဲ့။ တခြားတနေရာရာမှာ ငါ သုံးလိုက်ပါ့မယ်။ ငါ့အနေနဲ့တော့ မင်းကို မထိခိုက်အောင် ရေးထားတဲ့အတွက် မထိခိုက်တဲ့အပြင် “ရွှေအမြုတေ”တောင် ပိုပြီးဂုဏ်ရောင် ပြောင်လာနိုင်ပါတယ်။
စိုတဲ့လက် မခြောက်ပါစေနဲ့ ငါ့ညီ တို့…
မောင်သာရ
ဆရာမောင်သာရသို့ ပြန်ကြားချက်
ဆရာခင်ဗျား…
ဆရာ ပေးပို့လိုက်တဲ့ စာပေ ဆောင်းပါးကို ကျွန်တော် ဖော်ပြ ပေးလိုက်ပါပြီ။ အယ်ဒီတ ာတစ်ယောက် အနေနဲ့ ကျွန်တော် ပြန်မရေးရင် စာဖတ် ပရိသတ်က ဆရာ ရေးထားတာတွေကို ဖတ်မှတ်ပြီး အမှားအယွင်း ရှိနိုင်တာကြောင့် ကျွန်တော် ပြန်ကြား ရေးသားရခြင်း ဖြစ်ပါတယ်။
ဆရာက တစ်သက်လုံး စကားပြောဟန်နဲ့ ရေးခဲ့တယ် ဆိုတာကို ဒီခေတ် စာစီနေကြတဲ့ ကလေးတွေ သိချင်မှ သိမှာဖြစ်ပေမဲ့ ကျွန်တော်ကတော့ သိနေတာပေါ့။ အမေးသဘောမျိုး သက်ရောက်တဲ့ ဝါကျများမှာ(လဲ)ကို သုံးပြီး တခြားနေရာမှာတော့ (လည်း) ကို သုံးပါတယ်။ ရေတွက်လို့ရတဲ့ကိစ္စ များမှာ(တစ်)ကိုသုံးပြီး ရေတွက်လို့ မရတဲ့ကိစ္စများမှာ (တ)ကို သုံးပါတယ်။
ဥပမာ- တစ်ခါတလေ ဖြစ်ပါတယ်။ တခါတလေ မဟုတ်ပါဘူး။ ထိုနည်းတူစွာ (တဲ့၊ မဲ့)တို့ရဲ့ မူရင်းဇာစ်မြစ်က (တယ်၊ မယ်) ဖြစ်ပါတယ်။ သာဓက အနေနဲ့ (တဲ့)ကို သွားတဲ့၊ လာတဲ့ လို့ သုံးနေကြပေမဲ့ (မယ့်)ကတော့ သွားမယ့်၊ လာမယ့် ဖြစ်နေတဲ့အတွက် (တဲ့၊ မဲ့)ဆိုပြီး လိုက်လျောညီထွေရှိအောင် သုံးစွဲပါတယ်။ မရှိအနက်နဲ့ သုံးတာ မဟုတ်ပါဘူး။ (မယ့်)ဟာ မှားတာမဟုတ်ပေမဲ့ ရေးထုံးအတိုင်း ပြင်ရေးတဲ့သဘောပါပဲ။
ဒါကြောင့် ဒါပေမဲ့ကို (မဲ့)လို့ပဲ ရေးပါတယ်။ (မယ့်) လို့ မရေးတော့ပါဘူး။ ဒါတွေက မြန်မာစာ ပညာရှင်များ ညှိနှိုင်းပြီး ထုတ်ဝေထားတဲ့ မြန်မာစာ အဘိဓာန်မှာ ဖော်ပြထားတဲ့ ရေးထုံးများ အတိုင်းဖြစ်ပါတယ်။ ဆရာ ပြောသလို လက်တစ်လုံးလောက် စာအုပ်ကလေးနဲ့ လုပ်တာ မဟုတ်ပါဘူး။ မြန်မာစာ သတ်ပုံကျမ်းတွေက ခေါင်းအုံးအိပ်လို့ ရလောက်ပါတယ်။ ရှေးခေတ်က ဓမ္မာစရိယတွေကို စာပြင်ဆရာ ခန့်တယ် ဆိုပေမဲ့ ကျွန်တော်တို့ခေတ်မှာတော့ မြန်မာစာ ပါရဂူများကို ခန့်ထားကြပါတယ်။ ကျွန်တော့် မဂ္ဂဇင်းတိုက်မှာ စာပြင်တာ၀န် ယူထားတဲ့ မေစပယ်ညွန့်က မြန်မာစာပါရဂူ (ဒေါက်တာဘွဲ့ရ) ဖြစ်ပါတယ်။
ဆရာက မြန်မာစာနဲ့ ဝေးနေတော့ ဒီခေတ် လူငယ် စာရေးဆရာများနဲ့လည်း မျက်ခြည်ပြတ်နေပုံရပါတယ်။ ကျွန်တော့်ရွှေအမြုတေက စင်တင်ပေးလိုက်တဲ့ ကလောင်ရှင်များဟာ ဆရာပြောသလို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်များ ဖြစ်နေပြီး တခြား မဂ္ဂဇင်းများမှာ နေရာပေးခံရပါတယ်။ အဲဒီအတွက် ကျွန်တော် ၀မ်းသာ ပီတိဖြစ်ရသလို နေရာပေးတဲ့ မဂ္ဂဇင်းများကိုလည်း ကျေးဇူးတင်ရပါတယ်။ အခုဖော်ပြလိုက်တဲ့ ဆရာ့ပေးစာမှာ တစ်လုံးမှ ပြင်မထားပါဘူး။
ဆရာ ရေးထားတဲ့ စာလုံးပေါင်းများ အတိုင်း စီပေးထားပါတယ်။ နောက်လမှာ ပါမဲ့ ၀တ္ထုမှာလည်း ဆရာ့စိတ်ကြိုက်၊ ဆရာ့သတ်ပုံ အတိုင်း တစ်လုံးမှ မပြင်ဘဲ စီထားပါတယ်။ စကားစပ်လို့ ပြောရရင် US ကို ကျွန်တော် ရောက်တုန်းက လာ့စ်ဗီဂတ်စ်ကို ရောက်ခိုက် ဆရာ့ကို လာတွေ့ခဲ့တာ ခိုးကြောင်ခိုးဝှက် လာတွေ့တာ မဟုတ်ပါဘူး။ လေးစားမှုနဲ့ လာတွေ့တာပါ။ မတွေ့ရဘူးလို့ ဘယ်သူကမှ တားမထားပါဘူး။ ဆရာပြောတဲ့ အထဲမှာ ပြည်နှင်ဒဏ် သင့်တယ်ဆိုတာ ပါတယ်။ ဆရာပြည်နှင်ဒဏ် ဘယ်တုန်းက ခံလိုက် ရတာလဲ။ ကျွန်တော် မသိလိုက်ပါလား။ မျိုးဆက်သစ် လူငယ်တွေက “စာရေးဆရာကြီး မောင်သာရကို အစိုးရက ပြည်နှင်ဒဏ် ပေးလိုက်တယ်”လို့ အမှတ် မှားသွားကြပါလိမ့်မယ်။ ဒါကြောင့် အခါအခွင့် သင့်ရင် ဘယ်မဂ္ဂဇင်း မှာပဲဖြစ်ဖြစ် ဆရာ ဘာစာအုပ်ရေးလို့ ဘယ်အစိုးရ အဖွဲ့က ဘယ်နေ့ ဘယ်ရက်မှာ ပြည်နှင်ဒဏ် ပေးခဲ့တယ် ဆိုတာကို ရှင်းပြ စေချင်ပါတယ်။ ဆရာက ကျွန်တော်တို့ ညီအစ်ကိုကို လေးစား ချစ်ခင်သော အားဖြင့် စာမူများ ချီးမြှင့်နေတယ် ဆိုတာကို ကျေးဇူး တင်၀မ်းသာပါတယ် ဆရာ။ အခါအခွင့်သင့်ရင် ဆရာ့စာမူသစ်များကို ဖတ်ချင်ပါသေးတယ်။ ဆရာ ရေးနိုင်တဲ့ အချိန်မှာ ရေးပါဦး ဆရာ။ အခုဆောင်းပါးနဲ့အတူ ပို့ပေးလိုက်တဲ့ ၀တ္ထုကိုတော့ နောက်လမှသာ ကျွန်တော် ဖော်ပြပေးပါမယ်။
လေးစားချစ်ခင်စွာဖြင့်
၀င်းငြိမ်း
မူရင်း – ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ်လ ၂၀၁၂