ကြိုးတံတားပေါ်ကအိပ်မက် (ဝတ္ထုတို)

 ကြိုးတံတားပေါ်ကအိပ်မက်

--------------------------------------------


ကျွန်မသည် အိပ်မက် ခဏခဏ မက်တတ်သူဖြစ်ပါသည်။ အိပ်မက် မက်တိုင်းလည်း ကျွန်မသည် တစ်နေရာထဲသို့သာ တစ်ဝဲလည်လည် ရောက်နေတတ်ပါသည်။ အဆောက်အအုံများ၊ ကုန်းမြင့်များ၊ သစ်ပင်များနှင့် မျက်နှာများသည် တစ်သမတ်တည်း ပင် ဖြစ်၏။ ခင်တွယ်တတ်သော ဝိညာဉ်ဖြင့် မက်ရသောအိပ်မက်တို့သည် ရံဖန်ရံခါ ပျော်ရွှင်စရာကောင်းသော်လည်းရံဖန်ရံခါ လွမ်းစရာကောင်းပါသည်။
ညတုန်းကလည်း ဝေးလံသော ရင်းနှီးသော ဤဒေသသို့ နောက်တစ်ကြိမ် ပြန်ရောက်သွားသည်ဟု ကျွန်မ အိပ်မက်မက် ပြန်ပါသည်။ အိပ်မက်ထဲက အောက်မေ့ဖွယ်ရာဒေသသည် ကျွန်မ အင်မတန် လွမ်းမက်သော မြို့ငယ်ငယ်လေးတစ်ခုဖြစ်၏။
(၁)
ကျွန်မ၏ မြို့ကလေးသည် ချစ်သူ၏ မြို့ကလေးလည်းဖြစ်သောကြောင့် ပြန်လည် အိပ်မက်သည့်အခါ ချစ်သူ၏ ဂီတာသံကိုလည်း ကြားရတတ်သည်။ တကယ့်ဖြစ်ရပ်များတွင် သူသည် အိမ်ရှေ့ကလမ်းထောင့်မှာရော၊ ခြံဝန်း ကျဉ်းကျဉ်း ထဲကခုံတန်းလျား လွှဲဒန်းပေါ်မှာရော၊ ဧည့်ခန်း ကုလားထိုင်ပေါ်မှာရော ဂီတာတီးလေ့ရှိသော်လည်း ကျွန်မ အိပ်မက် ထဲမှာတော့ဖြည်းဖြည်းလေးလွှဲရမ်းနေသော ဒန်းပေါ်မှာသာ သူဂီတာတီးတတ်သည်။ အခါတိုင်း အိပ်မက်များထဲတွင် သူတီးလေ့ရှိသောသီချင်းသည် စိုင်းထီးဆိုင်၏ "ပျောက်ဆုံးသွားသော နိဗ္ဗန်ဘုံ" ဖြစ်သည်။
တစ်ခါတစ်ရံမှ ကျွန်မကို စကားပြောတတ်ပြီး အမြဲလိုလို မျက်နှာတည်တည်ထားတတ်သော၊ ကျွန်မရောက်လာသည် ကိုမြင်လျက်နှင့် ထမင်းစားမခေါ်ဘဲ သူ့ဘာသာသူ စားနေတတ်သော၊ အမြဲလိုလို ကျွန်မရှေ့လည်းမရှောင်ဘဲ သင်ဖြူး ခင်းထားသော သံမံတလင်းပေါ်မှာ ဝမ်းလျားမှောက်၍ ရည်းစားသုံးလေးယောက်၏ စာများကို ကြိုးစားပမ်းစားသီးခြား ပြန်စာ ရေးနေတတ်သော ဟန်ဆောင်မှုကင်းမဲ့သည့် လူငယ်တစ်ယောက်ကို ကျွန်မချစ်သွားသည့် အကြောင်းသည် ရိုးစင်းသော အဖြစ် အပျက်တစ်ခုသာဖြစ်၏။ ဤကဲ့သို့ ရိုးစင်းသော အဖြစ်အပျက်ထဲမှ အံ့ဩစရာကောင်းနေသည်မှာ ကျွန်မသည် လှေကား မရှိသော မျှော်စင်တစ်ခုပေါ်တွင်သာ တစ်ချိန်လုံး ရှိနေခဲ့ခြင်းပင် ဖြစ်ပါသည်။ သူ လက်ကမ်းပါလျက် ကျွန်မ သူ့ထံ မသွားနိုင်၊ သူကလည်းကျွန်မဆီ မလာနိုင်၊ တစ်ယောက်ကို တစ်ယောက် ငေးမောတမ်းတနေကြရုံသာ ဖြစ်သည် ။ ဤအဖြစ်မျိုး ကြုံရဖူးသူ နည်းပါးပါလိမ့်မည်။
ကျွန်မချစ်သူသည် သာမန်လူငယ်တစ်ဦးသာ ဖြစ်သောကြောင့် ခြေကျင်လမ်းလျှောက်သူများ ထုံးစံအတိုင်း သူ့ခြေဖမိုးတို့တွင်ဖုန်မှုန့်များအမြဲပေကျံနေတတ်သည်။
"ဟင် ခြေထောက်တွေကလဲ" ဟု ကျွန်မက မကြားတကြား ရေရွတ်လျှင် ရှက်ကိုးရှက်ကန်း ဖြစ်မသွားဘဲ ပြုံးရယ်လျက် "ဆင်းရဲသားကိုး" ဟု ပြန်ပြောခဲ့ဖူးပါသည်။ သူက စီးကရက်သိပ်ကြိုက်သောအခါ ကျွန်မသည် စီးကရက်နံ့ကို စွဲလမ်းစပြုလာ၏။ အိပ်မက်ထဲက စီးကရက်နံ့က ပိုမွှေးပါသည်။
ကျွန်မတို့နှစ်ဦး၏ ဘာမှန်းညာမှန်းမသိသော ရှစ်နှစ်ကြာ တိတ်တခိုးတွယ်ငြိမှုသည် ယခုအခါ သူ၏ ခါးသီးသော အရသာ အဖြစ် တရိပ်ရိပ် ပြောင်းလဲသွားပြီဖြစ်ကြောင်း ဟိုမှ သည်မှ သတင်းစကားကြားရပါသည်။ နှစ်ယောက်လုံးအတွက် ဖြစ်သင့်သော အမှန်တရားတစ်ခုပင်ဖြစ်၏။ ကျွန်မတို့ နှစ်ဦးလုံး၏ ဘဝအတွက် သူသည် ပင်လယ်ကိုချစ်ရမည်၊ ကျွန်မကို မုန်းရမည်၊ ကံကြမ္မာကိုသာ ကျိန်ဆဲတတ်ရမည်။
သူ ကျွန်မကို မမုန်းတီးမိတုန်းက ကျွန်မပန်ဖို့ စကားဝါပန်းများ သူ ယူလာဖူးသည်။
ဟန်ဆောင်တတ်သော၊ မာယာများသော ကျွန်မက သူ့ရှေ့မှာ ပန်းဝါများကို ဘုရားကပ်လှူလိုက်သောအခါ သူ ပြုံးလိုက် သလား၊ မဲ့သွားသလား၊ နောက်ပြန် စဉ်းစားလိုက်လျှင် ဝိုးတဝါးဖြစ်နေတော့သည်။ သေချာသည်မှာ ကျွန်မ ဘယ်တုန်းကမျှ ပန်း မပန်တတ်ခြင်းပင် ဖြစ်ပါသည်။
ခပ်ငယ်ငယ် မခင်မင်သေးခင်က တစ်မြို့တည်းနေကြရပြီး အနည်းငယ် ခင်မင်စပြုလာချိန်တွင် ကျွန်မရော သူရော မြို့ ကလေးနှင့် ဝေးရာသို့လွင့်စင်သွားခဲ့ရသည်။
တစ်မြို့တစ်နယ်စီ ဖြစ်နေကြသော ကျွန်မနှင့် သူသည် ချိန်းဆိုထားခြင်းမရှိဘဲ ရှေ့ဆင့်နောက်ဆင့် မြို့သို့ အလွမ်းပြေ ပြန် ရောက်သွားကြသောအခါ ကျွန်မတို့ တော်တော် ပျော်ရွှင်ခဲ့ဖူးပါသည်။ သီတင်းကျွတ်လဖြစ်တတ်သည် ။ သင်္ကြန်လ ဖြစ်တတ် သည်။
တွေ့ကြပြန်တော့လည်း အသံတိတ် ရုပ်ရှင်ကားတစ်ခု အဖြစ်သာ ဆက်လက်၍ ကြုံတွေ့နေကြရပါသည်။
မသိမသာ တစ်နယ်စီဝေးရာမှ သိသိသာသာ ဝေးကွာခဲ့ရသောအခါ၊ နောက်ပြီး စကားဆိုဖွဲ့ လွမ်းပြဖို့လည်း အခွင့်မကြုံသည့် အခါ အိပ်မက်ထဲမှာပင် သူနှင့်ကျွန်မ တွေ့ဆုံကြရသည်။
တောင်ကုန်းထက်က ရေတွင်းကလေးထဲကို ငုံ့ကြည့်ပြီး "နှင်းရေ" ဟု အသံထွက် အော်ခေါ်နိုင်ခဲ့သော ခင်ဝမ်းသည် ကျွန်မထက် အများကြီး ကံကောင်းပါသည်။ ကျွန်မကတော့ ဘယ်မှာမှ "ကိုကိုရေ. . ."ဟု ခေါ်ဖို့ သတ္တိမရှိခဲ့သောကြောင့် မြစ်ကမ်းဘေးက သဲသောင်ခုံပေါ်မှာ ရိုးစင်းစွာ မျိုသိပ်စွာ သူ့နာမည်တွေကိုပဲ ရေးခဲ့ရပါသည်။ ရင်းနှီးသူအားလုံးက ကျွန်မအား တွေဝေ ယိမ်းယိုင်တတ်သူဟု မသိမသာ ရှုတ်ချခဲ့သော်လည်း သဘောကောင်းသော ကျွန်မ မြို့ကလေး၏ သဲသောင်ခုံမှ ခရုခွံကလေးများ၊ ရေလှိုင်းကလေးများကတော့ အသာအယာပဲ ညည်းညူပြခဲ့ပါသည်။
ပြန်လည်ဆုံဖို့ ခဲယဉ်းသွားပြီဖြစ်သော အကယ်၍ပြန်ဆုံလျှင်တောင်မှ ဟိုတုန်းကလို ကျွန်မကို ပြုံးပြရယ်မောလိမ့်မည် မဟုတ်တော့သော ကျွန်မချစ်သူသည် အဲဒီမြို့ကလေးမှာ နှစ်ပေါင်း နှစ်ဆယ် နေထိုင်ခဲ့ဖူးသည်။
(၂)
မြန်မာနိုင်ငံ ပထဝီဝင်ဘာသာကို သင်ကြားဖူးသူသည် အနည်းဆုံး ကျွန်မတို့မြို့ငယ်ကလေး၏ နာမည်ကို ကြားဖူးပြီး ဖြစ်သည်။
တွင်းထွက်ပစ္စည်း များပြားလှသော မြန်မာနိုင်ငံမြေပုံထဲမှာ မြို့တည်နေရာလေးကို ရေနံတူးစင် ပုံသဏ္ဌာန်လေးဖြင့် ဖော်ပြထား တတ်၏။ အချို့မြေပုံထဲမှာတော့ မြို့တည်နေရာလေးကို ဧရာဝတီမြစ်၏ အရှေ့ဘက်က သေးငယ်သော အမည်းစက် ကလေး ဖြင့်သာ ပြထားတတ်သည်။
မြန်မာနိုင်ငံ ရထားလမ်းများပြမြေပုံမှာတော့ ကျွန်မတို့မြို့ မပါဝင်ခဲ့ပေ။ မြို့ကလေးမှာ ကားလမ်းနှင့် ရေလမ်းသာရှိသည်။ နောက်ပြီး ရန်ကုန်-မန္တလေး အမှတ်နှစ် ကားလမ်းမပေါ်မှာ ရှိသည်။
မြို့ဟု ဖော်ပြရန် မည်သည့် အချက်အလက်များဖြင့် ပြည့်စုံရမည်ဟု သတ်မှတ်ကြမလဲ။
တချို့က ကျွန်မတို့မြို့ကို ရွာတန်းရှည်ကလေးဟု သတ်မှတ်လိုကြသည်။ အကျယ်နည်းပါးပြီး ရှည်လျားနေသောကြောင့် ဖြစ်ဟန်တူပါသည်။
မည်သို့ဆိုစေ၊ ကျွန်မတို့ မြို့သူမြို့သားများကတော့ မြို့နယ်ကောင်စီရုံးစိုက်ရာဖြစ်သော၊ ယခုအခါ ကောလိပ်တစ်ခု ဖွင့်လှစ် သင်ကြားပေးလျက်ရှိသော ကျွန်မတို့ နေရာဒေသကလေးကို မြို့ဟုပင် နှစ်သက်စွာ ခေါ်ယူနေကြပါသည်။ ခြေဖမိုးအထိ ဖုံးတက်နေသော သဲမြေများက သုံးဆယ်ရာခိုင်နှုန်း၊ ကန္တာရနှင့် ထနောင်းပင် ကိုင်းကိုင်းများက သုံးဆယ် ရာခိုင်နှုန်း၊ မြင်းချေး၊ ကောက်ရိုးအစအနများ ဖုံးလွှမ်းနေတတ်သော မြေနီကျောက်စရစ်ခဲ အသေးအကြီးများက သုံးဆယ် ရာခိုင်နှုန်း၊ ဝေ့ဝဲတိုက်ခတ်လိုက်သော လေထုထဲတွင် ထုထည်ကြီးမားသော ဖုန်မှုန့်များက ဆယ်ရာခိုင်နှုန်း၊ ၄င်းအရာများကို စုပြုံရောမွှေ၍ အနိမ့်အမြင့် တောင်ကုန်း ချိုင့်ဝှမ်းတို့ဖြင့် တွန့်လိမ်မတ်စောက်သော မြေပြင်ပေါ်မှာ ကွေ့ကောက်စွာ ဖြန့်ကျဲချလိုက်သောအခါ ကျွန်မတို့မြို့ကလေး ဖြစ်ပေါ်၍လာပါသည်။
အတက်အဆင်း အကွေ့အကောက် ထူထပ်သော ကားလမ်းများသည် ကျွန်မတို့မြို့၏ ထူးခြားသော လက္ခဏာတစ်ခုဖြစ်၏။
တစ်စုံတစ်ယောက်သည် ညခရီးတွင် ကားပေါ်၌အိပ်ငိုက်၍ ပါလာသည် ဆိုပါတော့။ ကုန်းအတက် ဂီယာကြီးဖြင့် တအိအိ မဆုံးနိုင်အောင် တက်နေရသည့် အညာဒေသမြို့တစ်မြို့ဆိုလျှင် ကျွန်မတို့မြို့ဟု မျက်စိဖွင့်မကြည့်ဘဲ သိနိုင်သည်။
မော်တော်ကားမီးရောင်ဖြင့် နိမ့်လျောသော အဆင်းများ၊ မတ်စောက် ကွေ့လိမ်သော ကုန်းအတက်များကို မြင်နိုင်သည်။
ကားမီးရောင်သည် ယိုင်နဲ့နေသော ရေနံမြေတစ်ဝိုက်က အိမ်ကလေးများအပေါ် ကျရောက်သွားလျှင် ခရီးသည်တို့တွင် ကရုဏာစိတ် ပေါ်ချင် ပေါ်လာမည်။ ကားမီးရောင်သည် မတ်စောက်သောအဆင်းနှင့် သံတတားအောက်က ချောက်ကမ်းပါးပေါ်သို့ရောက်လျှင် ဘုရားတမိလိမ့်မည်။
နှင်းငွေ့များ တလိပ်လိပ်တက်နေသောကြောင့် လမ်းဓာတ်မီးများ မပီမသ မှုန်ဝါးနေတတ်သည့် ဥရောပရုပ်ရှင်များထဲက ညချမ်းအချိန်ပြကွက်အချို့ကို မြင်ရတိုင်း အဝေးဆီမှ ကျွန်မတို့မြို့ကလေးကို အောက်မေ့မိတတ်ပါသည်။ ရုပ်ရှင်ထဲမှာ မြူနှင်း ငွေ့များဖြစ်ပြီး ကျွန်မတို့မြို့မှာ ဖုန်ငွေ့များ ဖြစ်နေတတ်ပါသည်။
နွေရာသီတွင် ဖုန်ထူထပ်သလောက် ဆောင်းရာသီမှာ မြူငွေ့နှင့်အတူ အအေးပိုကဲတတ်ပြီး မိုးရာသီ ဆိုလျှင်လည်း မိုးရေချိန် လက်မလေးဆယ်အောက်ဟုသာ စာအုပ်ထဲမှာ သင်ရပေမယ့် ရွာမိလျှင် ခုနှစ်ရက်တစ်ပတ် မိုးမပြတ်ဘဲ ရှိနေတတ်၏။
မြို့လယ်ခေါင် ကားလမ်းမှာ ချောင်းဖြတ်စီးနေသည်ကို ကြုံဖူးကြပါသလား။
မဖြစ်နိုင်စရာ မရှိပါ။ ကျွန်မတို့မြို့ကလေးမှာတော့ ဖြစ်နိုင်ပါသည်။ မိုးရာသီမှာ ဖြစ်ပါသည်။ တစ်ခါတစ်ခါ ချောင်းရေ ပြင်းထန်လွန်းသောကြောင့် ကားလမ်းဘေးက ကွမ်းယာဆိုင်၊ ထမင်းဆိုင်တို့ကအစ အိမ်အချို့ပါ ရေတိုက်စားပြီး ပြိုလဲမျောပါ တတ်ပါသည်။
အခြားသော မြို့များကဲ့သို့ပင် ဤမြို့၏ လက်ဖက်ရည်ဆိုင်များ၌ လူပြည့်ကျပ်လျက်ရှိ၏။ ကဗျာဆရာကလေးများ စကားပြောဖို့ လက်ဖက်ရည်ဆိုင်မှာ တွေ့ကြရသည်။ ကွဲကွာနေသော သူငယ်ချင်းများ လက်ဖက်ရည်ဆိုင်မှာ တွေ့ကြသည်။ ကောလိပ် ကျောင်းသား ကျောင်းသူ အတွဲကလေးများ လက်ဖက်ရည်ဆိုင်မှာ ချိန်းကြသည်။
လူကြီးပိုင်းက ပွဲစားကုန်သည်များ လက်ဖက်ရည်ဆိုင်မှာ ဈေးနှုန်း သတ်မှတ်စကားဆိုကြသည်။ တစ်ချို့ဆိုင်များမှာ အေးအေးဆေးဆေး ထိုင်ဖို့ကောင်းပါသည်။ သို့သော် ဆိုင်ခင်းကျင်းပုံ အနေအထားအရလည်းကောင်း၊ ပတ်ဝန်းကျင် ဆူညံလှုပ်ရှားလွန်းသောကြောင့်လည်းကောင်း၊ တစ်ချက်တစ်ချက် ဝေ့ခနဲ တိုက်ခတ်လိုက်သည့် လေထဲမှ သဲမှုန့်များ၊ ဖုန်မှုန့်များ၊ မန်ကျည်းရွက်ကြွေများ ပန်းကန်ထဲသို့ လာရောက်လွင့်စင် ကျလာတတ်သောကြောင့်လည်းကောင်း၊ ကသုတ်ကယက် လာထိုင်၊ အလျင်အမြန် သောက်ပြီး ချက်ချင်းပြန်ထွက်သွားရသည့် ဆိုင်များလည်းရှိသည်။ ဤဆိုင်များသို့ လာသူများကတော့ ဤဆိုင်၏ လက်ဖက်ရည်အရသာကိုမှ ခုံမင်စွဲလမ်းနေသူမျိုးနှင့် နောက်တစ်မျိုးမှာ သွားရင်း လာရင်း ဆာလောင်သူ၊ အပြေးအလွှား လုပ်ငန်းခွင် ဝင်ရမည့်သူမျိုး ဖြစ်တတ်၏။
မြို့၏ ဝိသေသန လက္ခဏာထဲမှာကိုက သဲများ၊ ဖုန်များ ပါဝင်နေတော့ အစားအသောက်ဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များ၊ လက်သုပ်ဆိုင်များ၊ အကြော်ဆိုင်များသည် ဘယ်လိုပဲ အဝတ်ပါးပါးနှင့်ဖုံးဖုံး၊ မှန်သေတ္တာနှင့်ပဲ ထားထား၊ သဲအနည်းငယ်၊ ဖုန်အနည်းငယ်တော့ ပါသွားတတ်တာပါပဲ။ ရောင်းသူများကလည်း မသိကျိုးကျွံပြု၍ ပြင်ဆင်ပေးပြီး စားသူများကလည်း နေသားကျသည့်အတိုင်း မသိကျိုးကျွံစားသောက်သွားကြတာပါပဲ။
မြို့ကားလမ်းပေါ်မှာ မြင်းစီးသွားသော အလုပ်မျိုးကို တစ်ခါတစ်ရံ လုပ်တတ်ကြသေး၏။ အဆင်ပြေသလို၊ အခြေအနေပေး သလို ပြုမူသွားသော ထိုသူမျိုးကို အထူးအဆန်းသဖွယ် အများကငေးကြည့်ပြီး တစ်စုံတစ်ခု ရေရွတ်တတ်ကြသည်။ မြင်းလှည်း သမားများဆိုလျှင် "ဟာ သိပ်ကောင်းတဲ့ မြင်းကြီးပဲ" ဟု ရေရွတ်လိမ့်မည်။ ကလေးသူငယ်များကတော့ လက်ခုပ်ဩဘာ ပေး၍ "ကောင်းဘွိုင် ကောင်းဘွိုင်"ဟု အော်ဟစ်လိမ့်မည်။ ကြောက်လန့်တတ်သော မိန်းမခပ်ကြီးကြီးဆိုလျှင် "အမလေးတော်၊ ကြံကြံဖန်ဖန် ကားနဲ့များ တိုက်လိုက်မှဖြင့်"ဟု ညည်းညူလိမ့်မည်။ မိန်းကလေး ခပ်ငယ်ငယ်များဆိုလျှင်တော့ လက်ဖဝါးဖြင့် နှုတ်ခမ်းကို မထိတထိ အုပ်ကွယ်လျက် ခပ်တိုးတိုး ရယ်မောလိမ့်မည်။
မည်သို့ဆိုစေ ထိုမြင်းစီးသမားကတော့ အနောက်နိုင်ငံ နွားကျောင်းသား ဇာတ်လိုက်များလိုပဲ နည်းနည်းမျှ မျက်နှာမငုံ့၊ ခပ်တည်တည် ကဆုန်ချ စီးနင်းသွားမှာပဲဖြစ်၏။ တစ်ခါတစ်ခါတော့ ကျွန်မတို့မြို့သည် ဤကဲ့သို့ ရှိတတ်ပါသည်။
(၃)
သိပ်ဝေးလွန်းသောအခါ ပုံသဏ္ဌာန် ထင်ရှားသော ရုပ်ဝတ္ထုတစ်ခုပင်လျှင် အမြင်အာရုံတွင် မှုန်ဝါးသွားတတ်ပါသည်။ ထို့အတူ ကာလများစွာ ခြားသွားသောအခါ ဟိုတုန်းက ကျယ်လောင်ခဲ့သော ရင်ခုန်သံတို့သည် တိုးမှိန်သွားတတ်ပါသည်။ ကျွန်မနှင့် သူ စကားအကြာကြီး ထိုင်ပြောခဲ့သော တစ်ညနေက စကားပြောရင်း ကျွန်မကို ခပ်တည်တည်ကြည့်၍ "ဘာလဲ စကားပြောရတာ စိတ်မပါဘူးလား၊ ပျင်းနေရင်လဲ ကျွန်တော်ပြန်တော့မယ်" ဟု ဗြုန်းခနဲ ပြန်ထွက်သွားသည်ကို မှတ်မိနေသော်လည်း အဲသည်တုန်းက သူနှင့်စကားပြောရတာ တကယ်ပျင်းနေသလား၊ ပျင်းချင်ယောင် ဆောင်တာလားဟု ယခု မမှတ်မိတော့ပါ။ ခဏခဏ ပြန်မက်သော အိပ်မက်များထဲမှာ သူနှင့် ကျွန်မ စကားအကြာကြီး ပြောနေကြသော်လည်း ကျွန်မ ပျင်းချင်ယောင်မဆောင်မိခဲ့ပါ။
ကျွန်မတို့နှစ်ဦး ဆုံမိလျှင် တစ်ဦးကိုတစ်ဦး အဆိပ်လွှမ်းသော မျက်လုံးအစုံဖြင့်သာ ကြည့်တတ်ကြသော်လည်း၊ အိပ်မက်ထဲ မှာတော့ ချိုမြသော အရိပ်အငွေ့များဖြင့် ကြည့်တတ်ကြပါသည်။ ဤအကြောင်းများကြောင့်လည်း အိပ်မက်များကို ကျွန်မ ချစ်တတ်ခြင်းဖြစ်သည်။ အပြင်လောကမှာတော့ ကျွန်မတို့နှစ်ဦးသည် မျက်လုံးချင်းလည်း ဝေးခဲ့ပြီ။ ခြေလှမ်းချင်းလည်း ဝေးခဲ့သည်။ နှလုံးသားချင်းပင် ဝေးလုပြီဟု ကျွန်မ ထင်ပါသည်။
နှစ်စဉ် နှင်းစက်နှင်းမှုန် လွှမ်းသော ဒီဇင်ဘာ နံနက်ခင်းတစ်ခု ရောက်တိုင်း ကျွန်မချစ်သူ၏ ပျော်ရွှင်ဖွယ်ရာ မွေးနေ့မင်္ဂလာ ဖြစ်ပါစေ ဟု ကျွန်မ ဆုတောင်းမြဲဖြစ်ပါသည်။ ဤသို့ကျွန်မ ဆုတောင်းနေချိန်တွင် ကျွန်မချစ်သူ သူ့ကို တစ်စုံတစ်ယောက်က မွေးနေ့လက်ဆောင် အနမ်းတစ်ခု ပေးမနေဘူးဟု မည်သူက သေချာပေါက် ငြင်းဆိုနိုင်မည်လဲ။
အချိန်တွေ အခြေအနေတွေ ဘယ်လောက်ပဲပြောင်းပါစေပေါ့လေ၊ ကျွန်မ၏ မြို့ကလေးသည် အနှစ်နှစ်ဆယ်ခန့် အတူတကွ တစ်မြို့တည်း နေထိုင်ကြီးပြင်းခဲ့သော၊ သာမန်မြို့သူမြို့သားများဖြစ်သော၊ ယခုအခါ မြန်မာနိုင်ငံ၏ မြောက်ဘက်စွန်းနှင့် တောင်ဘက်စွန်းတွင် ဝေးကွာလျက်ရှိသော ကျွန်မတို့ နှစ်ဦးကို သူ့မြေပေါ်မှာ ပြန်လည်စကားဆို ပြုံးရယ်နိုင်ဖို့ မျှော်လင့်နေမှာတော့ အမှန်ပါပဲ။
ကျွန်မတို့နှစ်ယောက်လုံး ချစ်ကြသော ရိုးစင်းသည့် မြို့ကလေးကပေါ့။
(၄)
မြို့၏ အဓိက စီးပွားရေးမှာ ကုန်သည်ပွဲစားများဖြစ်ပြီး အများဆုံး လူတန်းစားမှာ ရေနံမြေလုပ်သားများ ဖြစ်သော်လည်း၊ ရေနံနှင့် ပတ်သက်လာလျှင် ကျွန်မ ဗဟုသုတ နည်းပါးပါသည်။ ကျွန်မ သိသလောက်တော့ ရေနံဆိုသည်မှာ အိမ်ကိုသုတ်ရသည်။ ကြမ်းကို ပြောင်လက်လာအောင် ရေနံဖြင့် တိုက်ရသည်။ အလွန်ရှားပါးသော လောင်စာဆီဖြစ်သည်။ ရေနံဆီဝယ်မရ သောအခါ မီးပြတ်ချိန်များတွင် ရှားပါးသည့် ဖယောင်းတိုင်ကို လေးထောင့်မှန်သေတ္တာ မီးအိမ်ရှည်ကလေးများမှာ ထည့်၍ လေဖြင့် မစားနိုင်အောင် ထွန်းညှိရသည်ဟု မှတ်မိနေသည်။
ရေနံအကြောင်း မသိသော်လည်း ရေနံအလုပ်သမားများကိုတော့ ကျွန်မ သတိတရ ရှိနေတတ်သည်။ ညနေအလုပ်မှ ပြန်ချိန်များ၌ သတ္တုခမောက်များကို မြို့၏ လမ်းမများမှာ တစ်စုတစ်ဝေးတည်း တွေ့ရ၏။
လမ်းအမြင့်မှကြည့်လျှင် ပြောင်လက်သော သတ္တုခမောက်များ တလှုပ်လှုပ်ဖြစ်နေသည်ကိုသာ မြင်ရပြီး တဖြည်းဖြည်း နီးလာမှ မျက်နှာ၊ လည်ပင်း၊ ခန္ဓာကိုယ်တို့ကို မြင်ရသည်။
လုပ်သားဝတ်စုံပြာများသည် သတ္တုရောင်အောက်တွင် ရှေ့တိုးနောက်ငင် ယိမ်းနေသည်ဟု ထင်မြင်ဖွယ်ရာဖြစ်သော်လည်း သွားသူက သွား၍ ပြန်သူက ပြန်နေခြင်းပင် ဖြစ်သည်။ အလုပ်တာဝန်လဲချိန်တိုင်း အပြာရောင်များသည် ဂေဂျာဟု သူတို့ ခေါ်ဝေါ်သော ရေနံတံဆိပ်ပါ အမိုးမဲ့ နံရံမဲ့ ကားရှည်ကြီးများပေါ်တွင် စီတန်း၍ ပါသွားတတ်သည်။
မြို့၏အိပ်မက်များတွင် ကျွန်မချစ်သူနှင့်အတူ သူတို့၏မျက်နှာများ ပါဝင်လာတတ်သော်လည်း ရေရေရာရာ မရှိလှပါ။ ပြောင်လက်သော သတ္တုခမောက်များ တစ်နေရာတည်းသို့ ပြုံ တိုးဝင်နေသည်ကိုသာ မြင်ရပြီး ထိုနေရာသည် ကျင်းကြီး တစ်ခုဟုသာ မှတ်မိတော့သည်။
တစ်ခါတစ်ရံ ကျွန်မနှင့် မိသားစုသည် သခင်ဖိုးလှကြီးခေတ်သို့ ပြန်ရောက်သွားပြီး တဲကုပ်ကုပ်ကလေးထဲမှာ ချမ်းလွန်း သဖြင့် မီးလှုံနေကြစဉ် ကျွန်မ ညီမလေးတွေက မီးဖိုမှ အလင်းရောင်ဖြင့် စာအော်ကျက်နေကြသည်။
ချောင်း ခဏ ခဏ ဆိုးသော ကျွန်မမေမေသည် တစ်ရေးနိုးချိန် ကျွန်မလိုပဲ တစ်ရေးနိုးနေမှာ သေချာပါသည်။ ကျွန်မတစ် ရေးနိုးတိုင်း မေမေ့ချောင်းဆိုးသံ ကျွန်မအနားမှာ မရှိလျှင်လည်း ဟိုအဝေးမှ ပြန်လွင့်လာတတ်မြဲ ဖြစ်၏။
အဝေးဆီမှ မေမေ့ကို တမ်းတမိလျှင် သတ္တုမီးခြစ် ခြစ်သံ တစ်ချက် နှစ်ချက် ဖြစ်ဖြစ် ကြားယောင်လာတတ်၏။
ထို့နောက်တော့ မှောက်လျက်အနေအထား၊ လတ်ထောက်လျက်အနေအထားဖြင့် "မလှရှင်" သနပ်ဖက် ဆေးလိပ်ကို ဖွာရှိုက်နေမည့် ဇရာပိုင်းအရွယ် အမေ၏ ပုံသဏ္ဌာန်ကိုပါ မြင်ယောင်လာတတ်သည်။
"ဆေးလိပ်တွေ သိပ်မသောက်ပါနဲ့ မေမေရယ်" ဟု သားသမီးများက တားမြစ်တိုင်း အပြုံးမပျက် "အေးပါ" ဟု သဘောတူတတ် သောမေမေသည် မိုင်ပေါင်းများစွာ ဝေးလံသော ကျွန်မတို့မြို့ကလေး၌ ကျွန်မအကြောင်းကို စဉ်းစားနေမှာပါ ။မြို့၏တီးတိုးသံကို နားစွင့်ရင်းလေ။
အချို့မြို့များသည် ညညတွင် ငြိမ်သက်စွာ အမှန်တကယ် အိပ်မောကျလျက်ရှိတတ်သော်လည်း ကျွန်မတို့ မြို့ကလေး တွင် တီးတိုးသံတို့ဖြင့် ခပ်သဲ့သဲ့ လှုပ်ရှားလျက် ရှိတတ်ပါသည်။
တစ်ချက်တစ်ချက်တွင် တွင်းတူးစက်၏ စက်သံများ၊ စက်ပစ္စည်းပို့ဆောင်သောယာဉ် နှင့် ညဆိုင်းအလုပ်သမားများ တာဝန်လဲ ရန် ပို့ပေးသော ယာဉ်များ၏မောင်းနှင်သံများ၊ တွင်းတူးစင်ပေါ်မှ အလုပ်သမားတို့၏ အော်ဟစ် စကားပြောသံများ၊ တူးဖော်ပြီးသော တွင်း၏ မောင်းတံ လည်ပတ်နေသံများ၊ သို့မဟုတ်လျှင်လည်း ရက်ကန်းစက်ရုံမှ စက်သံများ၊ နောင်ရိုးစက်ပြင် အလုပ်ရုံမှ စက်သံများ၊ သို့မဟုတ် ကျွန်မတို့မြို့၏ ကိုယ်ပိုင်လျှပ်စစ် ဓာတ်အားပေး မီးစက်ရုံမှ ခုတ်မောင်းသော စက်သံများ၊ သို့မဟုတ် တားမြစ်နယ်မြေ အမျိုးမျိုးမှ အော်ဟစ်ပြေးလွှားသံများ၊ သို့မဟုတ် ဧရာဝတီမြစ်မှ ခုတ်မောင်းသွားသော ရေနံတင် သဘောင်္များ၏ ဥဩသံများ။
ကျွန်မတို့ မြို့သူမြို့သားများအတွက် "ရေနံတွင်းပေါက်ကွဲလို့" ဟူသော သတင်းစကား၊ "ရေနံတူးစင်ပေါ်က လိမ့်ကျလို့"ဟူသော အထိတ်အလန့်အသံများသည် မကြာခဏ ကြားရသော သတင်းစကားများ ဖြစ်သော်လည်း အသက်ဆုံးရှုံးမှုဖြစ်ရတိုင်း ယူကြုံးမရ ချောက်ချားကြသည်။ အခြားထိတ်လန့်စရာ တစ်ခုမှာ မော်တော်ကားများနှင့် ပတ်သက်သည်။
အခြားမြို့များတွင် ယာဉ်အချင်းချင်း တိုက်မှု၊ မတော်တဆ ကားတိုက်မှုတို့က ပိုမိုကောင်း ပိုမိုမည် ဖြစ်သော်လည်း ကျွန်မတို့ မြို့မှာတော့ ယာဉ်မှောက်မှု မှုခင်းက ပိုများနေ၏။
အဆင်း ကားလမ်းဘေးရှိ ချောက်ထဲသို့ ဘရိတ်ပေါက်၍ ရှေ့စိုက် ကျွမ်းထိုး ကျတတ်သလို အတက်ကားလမ်းဘေးရှိ ချောက်ထဲသို့ စက်ရပ်ပြီး နောက်ပြန် ကျွမ်းထိုး ကျတတ်ပါသည်။
သို့မဟုတ်လျှင်လည်း ကားလမ်းအကွေ့တောင်းစောင်းတစ်ခုနှင့် တိုက်မိပြီး ဘေးစောင်းမှောက်ကျတတ်ပါသေးသည်။
ဘယ်လိုပဲ မှောက်မှောက် ချောက်ကမ်းပါးထဲမှ ပြန်ဆယ်ယူရသော ကားမှာ၊ ကားဟုပင် မခေါ်ထိုက်လောက်အောင် ဘီးတစ်ခြား ကိုယ်ထည် သံကိုင်းများ တစ်ခြား၊ ပျဉ်ကျိုးများက တစ်ခြား စုတ်ပြတ်သွားတတ်၏။
နက်စောက်သော ချောက်ကမ်းပါး၏ ဟိုဘက် သည်ဘက်ကို ဆက်ထားသော တံတားနှစ်ခုသည် မြို့တွင်းကားလမ်းမမှာ ပါဝင်နေသည်။ ထိုတံတား၏ အောက်ခြေ ချောင်းစပ်မှာ အိမ်ငယ်ငယ်ကလေးများ ပြည့်နေ၏။ တစ်ခါတုန်းက (လွန်ခဲ့သည့် လေး ငါး နှစ်ခန့်က ဖြစ်ချင် ဖြစ်မည်) ကားလမ်းဘေး ချောက်ထဲက အိမ်ကလေးတစ်အိမ်မှာ မိသားစု ထမင်းဝိုင်းစားနေကြသည်။ ကားတစ်စီးက ချောက်ထဲသို့ မှောက်ကျသည်။ ထူးဆန်းစွာ ရင်နာဖွယ်ကောင်းသော၊ တုန်လှုပ်ဖွယ်ကောင်းသော အဖြစ်အပျက်မှာ အိပ်မက်မက်ဖို့ပင် ခါးသီးလှပါသည်။ အဲသည်တုန်းက မိသားတစ်စုလုံး ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ရ၏။ ယုံတမ်းစကား မဟုတ်ပါ။ သို့သော် ထိုကဲ့သို့ အိမ်ကလေးများ ယခုတိုင် အပူပင် ကင်းမဲ့စွာ နေထိုင်လျက်ရှိသောကြောင့် သံသယ ဝင်စရာရှိ၏။ လစ်လျူရှု နေထိုင်နိုင်စွမ်းသော ကျွန်မတို့ မြို့သားများ၏ အကျင့်ပင်ဖြစ်လိမ့်မည် ။
သူတို့သည် အမှတ်မထင် လစ်လျူရှူတတ်သလို အံ့ဩဖွယ်ရာလည်း စိတ်ရှည်တတ်ကြပါသေးသည်။
အသံမျိုးစုံမြည်လျက် ယိုင်ယိုင်နဲ့နဲ့ မောင်းနှင်လာသော "တွင်းကုန်း-မြို့တွင်း"ပြေး ဘတ်စ်ကားများကို ကျွန်မတို့ စိတ်ရှည် လက်ရှည် စီးကြသည်။ ငါးပိသိပ် ငါးချဉ်သိပ် ကြပ်ညှပ်၍ အသက်ရှူမဝသော "ညောင်လှ-မြို့တွင်း"ပြေး ဘတ်စ်ကား၊ တရွေ့ရွေ့ လှုပ်ရှားမောင်းနှင်နေသည်မှာ စိတ်မရှည်နိုင်စရာ ဖြစ်ပေမယ့် ကျွန်မတို့ အပြုံးမပျက်ကြပါ။ မတ်တတ်စီးသူများ ဆန်အိတ်ပိုင်း၊ ငရုတ်အိတ်ပိုင်းများပေါ်တွင် ထိုင်စီးသူများ၊ စကားတတွတ်တွတ်ဖြင့် အိုဟောင်းသော ကားစက်သံ၊ ကားကိုယ်ထည် သံပြား အချင်းချင်း ရိုက်ခတ်သံတို့ကို လျစ်လျူရှုထားနိုင်ကြသည်။ ဘတ်စ်ကားများသည် ပျင်းရိလေးတွဲ့သော နှံကောင်များလို မှတ်တိုင် မရောက်မီ ခပ်ဝေးဝေးကပင် ဘရိတ်ဖမ်းလျက် တအိအိ လှုပ်ရှားရပ်တန့်ပြီး ပြန်ထွက်သောအခါမှာလည်း ဖြည်းညင်းစွာ စတင် ထွက်ခွာကြ၏။ ကားနောက်မြီးမှာ ခိုတွယ် လိုက်ကြသူများလည်း အကျင့်ရနေသည့်ပမာ အပြုံးမပျက်၊ "ဆွဲ ဆရာရေ . . ."ဟု အော်သံမပျက်၊ လမ်းမှာတွေ့သော အသိမိတ်ဆွေကို လက်လှမ်းပြဖို့ လက်မအားလျှင် "ဟေ့ကောင်"ဟု နာမည်လှမ်းခေါ် နှုတ်ဆက်မပျက်။
( ၅ )
ကျွန်မတို့ မြို့က မိန်းကလေးများ၊ ကျောင်းသူများသည် မြို့၏ ထုံးစံအတိုင်း ရိုးစင်းသော အဝတ်အစားမျိုးသာ ဆင်ယင် တတ်သည်။ စာတမ်းများပါသော စပို့(တ်)ရှတ် ရောင်စုံများကို မြင်ရမည်။ မြို့ကြီးများတွင် သိပ်ခေတ်စားလိုက်သော အင်္ကျီစ ပါးပါးလှပ်လှပ် အိအိများကို ချုပ်ထားသည့် စီမံကိန်းအင်္ကျီဟူသော ပွပွလှုပ်လှုပ်အင်္ကျီများကို မြင်ရမည်။ နံရံကပ် ပိုစတာများ ကိုကြည့်ပြီး မြို့က လက်ခံသော ဝတ်စားဆင်ယင်ပုံ မျက်နှာသွင်ပြင်ကို အကဲခတ်နိုင်သည်ဟုဆိုလျှင် ကျွန်မတို့မြို့သည် ရိုးစင်းစွာ ခေတ်နောက်ကျနေသည်ဟု ဆိုနိုင်၏။ လွန်ခဲ့သော နှစ်အတော်ကြာက ထွက်ခဲ့သော ယိုးဒယားရုပ်ရှင် မင်းသမီးတို့၏ပုံများ ယခုတိုင် ကပ်ထားဆဲ။ ဖီးဘီးကိတ်၏ ပုံတူတစ်ချို့တစ်လေကိုသာ မြင်ရသည်။ ကျွန်မတို့မြို့သည် နာတာရှာကင်းစကီးကိုမသိ၊ အစ္စဘယ်လာ ရိုဆယ်လီနီကိုမသိ။
သာမန် လူငယ်များဖြစ်သော ကျွန်မတို့မြို့က လူငယ်များသည် အများကြိုက် ဆူလွယ်၊ နပ်လွယ် ဘာမှစဉ်းစားနေဖို့မလို သော အက်ရှင်ဇာတ်ကားများကို ကြိုက်ကြ၏။ နိုင်ငံခြားကား ပြတတ်သော "မြစိမ်းရောင်" ရုပ်ရှင်ရုံတွင် တရုတ်သိုင်းကား၊ ဂျပန် ကရာတေးကား၊ အိန္ဒိယကား၊ ဂျိမ်းစ်ဘွန်းကားတွေပြလျှင် လူကြိတ်ကြိတ်တိုးရုံမျှမက အခါတိုင်း ညနှစ်ပွဲသာ ပြသော်လည်း ထိုဇာတ်ကားများကို တစ်နေ့လေးပွဲပြသည်ကိုပင် ရက်အကြာကြီး လူပြည့်ဆဲဖြစ်သည်။"ဂျူလီယာ"လို "တန်းနင်းပွိုင့်"လို ဇာတ်ကားမျိုးဆိုလျှင် တစ်ရက်နှစ်ရက်ပြပြီး ရုံမှ ဆင်းသွားတတ်သည်။
တေးသံသွင်းဆိုင်ရှေ့က ဖြတ်သွားလျှင်တော့ အမြဲလိုလို ကြားဖူးနေကြ သီချင်းများသာ ကြားရမည်။ "လက်သီးဆုပ် မလား xx လက်ဝါးဖြန့်မလား" ဆိုသော သီချင်းမျိုး၊ "ကျွေးမွေးတဲ့ အိမ်ကခွေးလေး xx "ဟူသော သီချင်းမျိုး၊ "ပြန်ပေတော့ မစဉ်းစားနဲ့ ပြန်ပေတော့ xx " ဟူသော သီချင်းမျိုး။ သုံးနှစ်အရွယ် ကျွန်မတူမကလေးပင်လျှင် ကျွန်မကို အရင်တစ်ခေါက် ပြန်တုန်းက ထိုသီချင်းမျိုး ဆိုပြခဲ့သည်။
ဘာကြောင့်များလည်း မသိနိုင်၊ ဤရိုးစင်းသော ဟောင်းနွမ်းသော ငြီးငွေ့ဖွယ်ရာကောင်းသော မြို့ငယ်ငယ်ကလေး တစ်မြို့ ကိုပဲ ကျွန်မ မကြာခဏ အိပ်မက် မက်တတ်ပါသည်။ အိပ်မက်ထဲမှာ တချို့ မျက်နှာများကို ရင်းနှီးသည်ဟုထင်ပြီး မသိ တာမျိုး ရှိသလို မမြင်ဖူးဘူးထင်သော်လည်း ထိုမျက်နှာက တစ်ရင်းတနှီး လာနှုတ်ဆက်မှ ပြန်ပြုံးပြရတာမျိုးလည်း ရှိပါသည်။
မြို့၏ တီးတိုးသံများ၊ အရိပ်များသည် မိုင်များစွာဝေးလံနေသော ကျွန်မကို ဖြည်းညင်းစွာ ဆွဲငင်ခေါ်ယူသွားသောအခါ အိပ်မက် တစ်ခုအဖြစ် ကျွန်မလွမ်းသော မြို့သို့ ရောက်သွား၏။
တစ်ချိန်တွင် . . .
"သီရိမင်္ဂလာ ပရိတ်တော်" စာအုပ်အနီ ကိုင်ထားသော ဖေဖေသည် ဘုရားခန်းမှာ ပုဆစ်တုပ် ထိုင်ရင်း ဘုရားစာရွတ် နေသည်။ မေမေက ပန်းထိုးခွေ စွပ်ထားသော ခေါင်းအုံးဖုံးတွင် အသားဖောက်ပြီး ယက်သော ပန်းပွင့်ငယ်ငယ်ကလေးများ ဖော်နေ ရင်း ညီမလေးများက ကျွန်မထံစာရေးနေကြ၏။
"မမဝင်းရေ နင် ဒီတစ်ခေါက်ပြန်လာရင် နွေတစ်ည စာအုပ်ဝယ်ခဲ့စမ်းပါနော်" တဲ့။
အိပ်မက်ထဲက အဆောက်အအုံးများသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်က အတိုင်းဖြစ်၏။ မြို့လယ်ကောင် သဲချောင်း မြေပြင်တွင် လဟာပြင်နှင့် ညဈေး ခင်းကျင်းထားတတ်သည်။ ထိုညဈေးတွင် ဂါဝန်အနီရဲရဲဝတ်ထားသော လေးငါးနှစ်သမီး ကလေးတစ်ယောက်သည် သူ့အမေကို လက်တွဲလျက် မုန့်ဆိုင်တန်းတလျှောက် မုန့်များကို လက်ညှိုးထိုးပူဆာနေလေ့ရှိသည်။ ဤနေရာတွင် လျှောစီးနေသော ကလေးများ၊ ဆီးဆောပေါ်မှ ကလေးများသည် ကျွန်မတို့မောင်နှမများ ဖြစ်ကြ၏။
တစ်ဖန် မြို့၏ အနောက်တောင်ထောင့်တွင် တည်ထားသော စနေနံ စေတီတော်သည် ယခင်ကအတိုင်း ဖြစ်သည်။ ကျွန်မတို့ ငယ်ငယ်တည်းက အိမ်နှင့်နီးသော စနေနံဘုရားပေါ်သို့ ခဏခဏ၊ တက်သွား၍ တစ်မြို့လုံးအပေါ်ကို ကြည့်ရှုပျော်ရွှင် လေ့ရှိပါသည်။ ရေတက်ချိန်များတွင် ဘုရားအောက်က ကမ်းနားဆိပ်ကမ်း၌ မော်တော်များ၊ လှေများ၊ ကုန်တင် ကုန်ချ အလုပ်သမားများ၊ ခရီးသွားများနှင့် ရုတ်ရုတ်သဲသဲ ရှိနေတတ်သည်။ ငယ်ငယ်တုန်းကတော့ ကိုယ်မသိသည့် မျက်နှာများကို မြင်ရလျှင်လည်း ရင်းနှီးစွာ ပျော်ရွှင်အားရခဲ့တာပါပဲလေ။
အထက်တန်းကျောင်းသူ ဘဝတုန်းက မွှေးပျံ့ခဲ့ဖူးသော ချစ်စရာ တမာပွင့်တို့၏ ရနံ့သည် အိပ်မက်ထဲမှာပင်လျှင် မူးယစ်ဝေဆဲ ဖြစ်၏။ ယခုကဲ့သို့ တိုက်ခန်းဆောင်မဟုတ်သေးဘဲ ထရံဆောင်သာ ဖြစ်ခဲ့သော နဝမတန်းအဆောင်သည် အိပ်မက်ထဲမှာလည်း ထရံဆောင်သာဖြစ်ပြီး စူးရှသော သစ်သားနံ့ဖြင့် လွှမ်းနေသည်။ ထိုစာသင်ခန်းသည် ကျွန်မ မကြာခဏ အောက်မေ့သော နဝမတန်း( ဂျီ )ဖြစ်၏။ ကျွန်မ၏ စာသင်ချိန် ဘဝ သက်တမ်းတစ်လျှောက်လုံး အထက်တန်းကျောင်းက နဝမတန်း( ဂျီ )မှာ၊ ပျော်ရွှင် တက်ကြွဆုံးဖြစ်သည်။ အိပ်မက်ထဲမှာလည်း ကျွန်မတို့ အခန်းကို "ဆိုးသွမ်းလူငယ်ဆောင်"ဟု သမုတ်ကြ၏။ အမှန်ကတော့ ကျွန်မတို့ အတန်းသားများသည် ပျော်ရွှင်တတ်သော အပြစ်များသာရှိပါသည်။ မိမိတို့ဘာသာ ကျောင်းလစ်ခြင်း၊ ပြတင်းပေါက်မှ ခိုး၍ဆင်းခြင်း၊ အနီးရှိ တမာပင်ပေါ်တက်ခြင်း၊ စာသင်ခန်းထဲတွင် မုန့်ခိုးစားခြင်း၊ သင်္ချာအိမ်စာများ တွက်လာခဲ့ဖို့ တစ်တန်းလုံး မေ့လျော့တတ်ခြင်း စသည့်ပျော်ရွှင်တတ်သော အပြစ်များသာ ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး ပညာချင်း၊ ပစ္စည်းဥစ္စာ ၊ မိဘချင်း၊ အဝတ်အစားချင်း ယှဉ်ပြိုင်မနာလိုကြဖို့ အစဉ်သတိမရဘဲ၊ ဆရာများအလစ်တွင် သီချင်းကူးဖို့ မုန့်စားဖို့လောက်သာ အာရုံရှိသော ဖြူစင်သည့်အရွယ်၏ လတ်ဆတ်မှုသည် ယခုတိုင် ကျွန်မအား တမ်းတစေတုန်း ဖြစ်ပါသည်။
ချစ်စရာကောင်းသော နဝမတန်း( ဂျီ )မှ ကျောင်းသား ကျောင်းသူများသည် ကျွန်မတို့မြို့မှာ ရှိချင်မှလည်း ရှိတော့မည်။
ကျွန်မတို့၏ ကုန်းမြင့်များပေါ်တွင် ငွေရောင်သုတ်ထားသော သံလှောင်ကန်ကြီးများသည် အိပ်မက်ထဲမှာပင် အရောင် တောက်ပ၍ လက်နေကြသည်။ ရေနံပိုက်လိုင်းများ ရှုပ်ယှက်ခတ်နေသော တောင်ကုန်းများ၊ မြင့်မားသော ရေနံတူးစင်များသည် ကျွန်မ အိပ်မက်ထဲမှာ အမြဲပါနေကျ ဖြစ်သည်။ မြို့၏ တောင်ဘက်အစွန်းမှ ထီးထီးမားမား တည်ရှိနေသည့် အဆောက်အအုံကြီး တစ်ခုမှာ ကျွန်မစာသင်ဖို့ မမီလိုက်သော ကောလိပ်ကျောင်း တစ်ခုဖြစ်သည်။
အိပ်မက်ထဲတွင် ကျွန်မ မိသားစုကလေးသည်လည်းကောင်း၊ မြို့သူမြို့သားများသည်လည်းကောင်း၊ သာမန်နေ့ရက်များလို မထူးခြားသော နေ့စဉ်ဆောင်ရွက်နေကြ အပြုအမူများအတိုင်းပင် ဖြစ်နေ၏။
ခဏကြာသောအခါ အိပ်မက်သည် ကျွန်မကို တစ်နေရာသို့ပြောင်းရွှေ့ ခေါ်သွားသည်။ ထိုနေရာတွင် ညမွှေးပန်းတို့၏ ရနံ့ ပျံ့လွင့်နေ၏။ ဂီတာကြိုးညှိသံနှင့်အတူ အသံလှိုင်းတစ်ခု ရိုက်ခတ်လာလေသည်။ ဘယ်ကပါလိမ့် . . . ဘယ်က အသံပါလိမ့်။
ကြိုးတစ်ချောင်းချင်း ထိခတ်မြည်သံသည် အဝေးက လာသလို ဝိုးတိုးဝါးတားဖြစ်နေပြီးမှ ပီပြင်လှသော တေးသွားတစ်ခုကို ကြားလိုက်ရတော့သည်။ ဤဂီတသံသည် ယခင် အိပ်မက်များထဲက အသံမျိုးမဟုတ်ဘဲ အခြားတစ်ပုဒ်ဖြစ်သည်။
ဘယ်သူများပါလိမ့်။
လရောင်အရိပ် တစ်ဝက်တပျက်အောက်မှာ ခုံတန်လျား လွှဲဒန်းတစ်ခု ရှိနေသည်။ ဒန်းပေါ်မှာထိုင်ပြီး ဂီတာတီးနေတာ သူပဲ မဟုတ်လားကွယ်။ သူလည်း ကျွန်မလိုပဲ အိပ်မက်ထဲက သူ့မြို့ကို အလည်လာတာ ဖြစ်နိုင်ပါသည်။
မြေနှင့်မထိသော ခြေဖဝါးအစုံဖြင့် သူ့ဆီသို့ လွင့်မြောစွာ နီးကပ်သွား၏။
" မင်းနဲ့ xx လွဲအောင် xx မင်းနဲ့ ခွဲကာ xx အဝေးဆုံး "
" အို. . ."
သူသည် ကျွန်မ၏ နာကျင်စွာ ညည်းညူသံကို ကြားလိုက်သလို သီချင်းတစ်ပိုင်းတစ်စဖြင့် ရပ်ပြီး စိုက်ငေးသွား၏။ မီးရောင်ဖြင့် လရောင်ဖြင့် ဖွာလွင့်နေသော ဆံပင်နွယ်များ အကြားမှ အရိပ်စွန်းထင်းနေသော သူ့မျက်နှာသည် ပြုံးဖို့ ခက်ခဲလှသော မျက်နှာမျိုး၊ အရာရာကို ပေါက်ကွဲပစ်ဖို့ ဝန်မလေးသော မျက်နှာမျိုး ဖြစ်နေသည်။
သည်လို မျက်နှာထားမျိုး ဖြစ်အောင် ကျွန်မကများ ပြောင်းလဲလိုက်လေသလား။
သူ့မျက်နှာမှ နာကျည်းရိပ်ကြောင့် ကျွန်မသည် ထိုနေရာမှ အမှိုက်တစ်စကဲ့သို့ လွင့်စင်ထွက်သွားပြီး အိပ်မက်မှ လန့်နိုးလာ ခဲ့ရပါသည်။
( ၆ )
မည်သို့ဆိုစေ အဝါရောင်အရိပ်အချို့ကို မကြာခဏ မြင်တတ်ပါသည်၊ ညညကျတော့ အိပ်မက်ထဲမှာ၊ နေ့ဘတ်ကျတော့ မြင်လွှာအောက်မှာ။ ဤအရောင်မှာ သူ့စကာဝါပန်းများ၏ အရောင်များလည်း ဖြစ်နိုင်သည်။ ကျွန်မတို့အိမ်မှ နှင်းဆီပန်း အရောင်များလည်း ဖြစ်နိုင်သည်။ ရုပ်ရှင်ရုံနံဘေးက ငုဝါပင်ကြီးမှ အပွင့်များ၏ အရောင်လည်း ဖြစ်နိုင်ပါသည်။
ကျွန်မလွမ်းသော မြို့ကလေးဆီမှ အဝါရောင်အရိပ်များသည် အမျိုးမျိုးသော ရနံ့ပေါင်းစုံထက် မွှေးပျံ့နေ၏ ။
( ၁၉၈၄-၈၅၊ ရေနံချောင်း ကောလိပ် နှစ်လည်မဂ္ဂဇင်း )